ရီဖူရှင်း ရှေ့ကို တက်သွားသည်။ အားလုံး၏အကြည့်က သူ့ထံသို့ ရောက်လာ၏။
ရှောင်မုယွီကား အနည်းငယ် အံ့အားသင့်နေသည်။ ရီဖူရှင်းသည် သူမ၏ဆရာဖြစ်သော်လည်း သူ၏ကျင့်ကြံခြင်းအဆင့်ကား သူမနှင့် အတူတူဖြစ်သည်။ သူသည်လည်း ရန်ဟောင်အဆင့်ကို တက်သည်မှာ မကြာသေးပေ။ သူ့အနေဖြင့် ထိုစိန်ခေါ်မှုကို ငြင်းပယ်၍ ရပေသည်။
အကြောင်းအရင်းတချို့ကြောင့် ရှောင်မုယွီသည် ရီဖူရှင်းထံမှ ကြီးမားသော ယုံကြည်မှုများအား ခံစားမိနေသည်။
ရှောင်ချိန်ရှမ်းက ရှေ့ဆုံးတွင် ထိုင်နေသည်။ သူသည်လည်း ရီဖူရှင်း၏အပြုအမူကို ထိတ်လန့်ရ၏။ သို့သော်လည်း သူက ရပ်တန့်ရန် မကြိုးစားပေ။
ရီဖူရှင်းသည် ဘုံကိုးခုကို တုန်လှုပ်စေသော ပါရမီရှင်ဖြစ်သည်။ သူသည် နတ်ဘုရားအကြွင်းအကျန်နယ်မြေထဲသို့ ဝင်ရောက်သူများထဲတွင် ထိပ်သီးအင်အားစုများ ပျိုးထောင်ခြင်းမခံရသော တစ်ဦးတည်းသောသူဖြစ်သည်။ သူသည် သူ၏မြေးမလေးကို အက်ကြောင်းမဲ့ဝင်ရိုး ဖွဲ့စည်းနိုင်ရန် ကူညီပေးခဲ့သော တစ်ဦးတည်းသောသူဖြစ်သည်။
ရှောင်ချိန်ရှမ်းကိုယ်တိုင်က ရီဖူရှင်း မည်မျှ စွမ်းအားကြီးကြောင်း သိလိုပေသည်။
ရီဖူရှင်းက ရှေ့ကို တက်သွားသည်။ ဘေးတွင် ရပ်နေကြသော သူများအားလုံးက ရီဖူရှင်းအတွက် လမ်းဖယ်ပေးကြသည် “ဒီကသွားပါ အင်ပါယာရီ…”
ထို့နောက် သူတို့အားလုံးက ရီဖူရှင်းနှင့် ရှောင်လန်အတွက် ရင်ပြင်တွင် နေရာပြုလုပ်ပေးကြ၏။
ရှောင်လန်ကား စတုတ္ထအဆင့် ရန်ဟောင်ဖြစ်သည်။ သူသည် ရှောင်မုယွီမတိုင်ခင်က ဆက်ခံသူနေရာအတွက် ရာထားခံရသူဖြစ်သည်။
ရီဖူရှင်းက ရပ်လိုက်ကာ သူ့ရှေ့မှလူကို ကြည့်လိုက်သည်။
စတုတ္ထအဆင့်ရန်ဟောင်တစ်ပါးအနေဖြင့် ရှောင်လန်သည် ပြင်းထန်သော အရှိန်အဝါများ ရှိနေသည်။ သူက ရီဖူရှင်းအား လက်အား နောက်တွင်ချိတ်ကာ အေးဆေးတည်ငြိမ်စွာ ပြောသည် “ရှောင်ကလန်… ရှောင်လန်”
“ရှောင်မုယွီရဲ့ဆရာ ရီဖူရှင်း…” ရီဖူရှင်းက ပြန်ပြောသည်။
“ငါတို့ ဘယ်လို ယှဉ်ပြိုင်မှာလဲ အင်ပါယာရီ…” ရှောင်လန်က မေးသည်။
ရီဖူရှင်းက မည်သို့မှ မပြောပေ။ လေညင်းများ တိုက်ခတ်လာသည်။ ရီဖူရှင်းက ရှေ့ကို လှမ်းလိုက်၏။
ခြေတစ်လှမ်းသည် ရင်ပြင်အား တုန်ခါသွားစေ၏။ ပြင်းထန်သော အရှိန်အဝါများ လွင့်ပျံ့လာ၏။ အဆုံးအစမဲ့သော ရွှေရောင်အလင်းတန်းများသည် ကောင်းကင်မှ ကျဆင်းလာခဲ့သည်။
အလင်းတန်းများ၏အောက်တွင် ရပ်နေသော ရီဖူရှင်းသည် နတ်ဘုရားတစ်ပါးနှင့် အလားသဏ္ဌာန်တူ၏။
ပြင်းထန်သော အရှိန်အဝါသည် ရှောင်လန်ထံသို့ ရိုက်ခတ်လာ၏။ ထိုအရှိန်အဝါသည် သူ၏ဝိညာဉ်ကိုပင် တုန်ခါသွားစေသည်။ ဖိအားကား ပြင်းထန်လွန်း၏။
ဤကား တိုက်ရိုက် ရင်ဆိုင်တိုက်ခိုက်ခြင်းဖြစ်သည်။ သည့်ထက် ရိုးရှင်းစရာ မရှိတော့။
ရှောင်လန်ကလည်း ရှေ့ကို တက်လာသည်။ ထိုအခိုက်တွင် ကောင်းကင်သည် အရောင်ပြောင်းသွားသည်ဟု ထင်ရ၏။ မူလအားဖြင့် နတ်သမီးနန်းတော်၏ကောင်းကင်သည် ကြည်လင်ကာ နေရောင်များ ဝင်းလက်တောက်ပနေသည်။ ယခုကား ချက်ချင်း နက်မှောင်သွား၏။ သေခြင်းရှင်ခြင်း အငွေ့အသက်များသည် ထိုနေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ကာ ရှောင်လန်ကို ဗဟိုပြုထား၏။ ထို့နောက် ယင်နှင့် ယန် စက်ဝန်းအဖြစ် ပြောင်းလဲသွားသည်။
သေခြင်း ရှင်ခြင်း…။
ရီဖူရှင်းသည် ရှောင်လန်၏စိတ်အသိကို ခံစားမိ၏။ ရှောင်ကလန်၏တပည့်သည် ထိုအသိနှစ်မျိုးလုံးကို ကျင့်ကြံဟန်ရသည်။ ထို့ကြောင့်ပင် ရှောင်မုယွီသည် ကြာပန်းကို ရယူရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။
ရှောင်လန်၏မျက်လုံးများလည်း အရောင်ပြောင်းသွားသည်။ သေခြင်းရှင်ခြင်း၏ပုံရိပ်များသည် သူ၏မျက်လုံးအိမ်များထဲ ပေါ်လာ၏။ ထိုမျက်လုံးများက ရီဖူရှင်းကို ဝါးစားမတတ် ကြည့်သည်။
ထိုအကြည့်က သေခြင်းရှင်ခြင်း၏အသိများ ရီဖူရှင်းကို လာရောက် ရစ်ပတ်စေ၏။ ထိုကား စစ်မှန်သော သေခြင်းရှင်ခြင်း၊ ယင်ယန် ပုံစံဖြစ်ကာ ရီဖူရှင်း၏စိတ်နယ်ပယ်ထဲသို့ တိုက်ရိုက် ဝင်ရောက်လာသည်။
“မှော်မျက်လုံး…”
ရီဖူရှင်း၏အမူအရာက မပြောင်းလဲပေ။ သူ၏မျက်လုံးများလည်း အရောင်ပြောင်းသွားသည်။ မျက်လုံးများသည် အဆုံးမဲ့သော အသူရာချောက်နက်များအလား…။ ထိုအခိုက်တွင် ကြောက်မက်ဖွယ်ကောင်းသော တွင်းနက်ကြီးသည် အရာအားလုံးကို စားသုံးဝါးမျို၏။ လေဟာနယ်ပုံရိပ်များသည် အရာအားလုံးကို ဖိနှိပ်၏။
“အက်ကြောင်းမဲ့ဝင်ရိုး…”
ရှောင်လန်ကား သူ၏လက်များကို နောက်တွင် ချိတ်ထားဆဲဖြစ်သည်။ သူသည် ပြိုင်ပွဲတွင် ရှောင်မုယွီကို ရှုံးနိမ့်ခဲ့သော်လည်း ထိုက တိုက်ရိုက် တိုက်ခိုက်ခြင်း မဟုတ်ပေ။ ယခုတွင် သူသည် အက်ကြောင်းမဲ့ဝင်ရိုးနှင့် တိုက်ရိုက် ယှဉ်ပြိုင်တိုက်ခိုက်နေရသည်။
“ဆရာမှာ အက်ကြောင်းမဲ့ဝင်ရိုး ရှိပေမယ့် ကျင့်ကြံဆင့်ကွာဟချက်ကို ဘယ်လို ကျော်လွှားမှာလဲ…” ရှောင်မုယွီက တီးတိုးရေရွက်သည်။
ကြောက်မက်ဖွယ်ကောင်းသော ယင်ယန်စက်ဝန်းသည် မိုးကုတ်စက်ဝန်းထံမှ ထွက်ပေါ်လာဟန်ရသည်။ သေခြင်း၏အလင်းတန်းများသည် ရီဖူရှင်းထံသို့ ရိုက်ခတ်လာ၏။ တချိန်တည်းမှာပင် တူညီသော မြင်ကွင်းသည် သူ၏မျက်လုံးများထဲ၌ ပေါ်လာ၏။ ထိုမြင်ကွင်းက ရီဖူရှင်း၏ဝိညာဉ်ကို တိုက်ခိုက်၏။
ခရက်… ခရက်…
ဓားအသိသည် သေခြင်းတရား၏ရောင်ခြည်တန်းများကို ဖျက်ဆီးသွားသည်။ မိတ်ဆုံစားပွဲနေရာကား သိပ်မဝေးသော နေရာတွင် ရှိသည်။ တိုက်ပွဲက မိတ်ဆုံစားပွဲကို အနည်းငယ်မျှပင် မရိုက်ခတ်ပေ။ နေရာနှစ်ခုသည် ထူးဆန်းစွာပင် သီးခြားရှိနေသည်။
ရီဖူရှင်းက ရုတ်တရက် ရှေ့ကို တစ်လှမ်းတက်လိုက်သည်။ မရေမတွက်နိုင်သော ရောင်ခြည်တန်းများ သူ့အနီးတွင် ဖြစ်ပေါ်လာသည်။ အလင်းတန်းများသည် သေမင်းရောင်ခြည်တန်းများကို ဖိနှိပ်ထား၏။ သူ့အနီးပတ်ဝန်းကျင်သည် ပြင်းထန်စွာ လှုပ်ခတ်နေသော်လည်း ရီဖူရှင်းကား တည်ငြိမ်စွာ ရပ်နေဆဲဖြစ်သည်။
“မင်းရဲ့စိတ်အသိက အရမ်းအားကောင်းတယ်ဆိုပေမဲ့ ကျင့်ကြံဆင့်က နိမ့်လွန်းတယ်။ ဒါက မင်းအတွက် တော်တော်ကို မမျှတတဲ့ ယှဉ်ပြိုင်မှုပဲ” ရှောင်လန်က ပွင့်လန်းစွာ ပြောသည်။
ရှောင်လန်၏စကားကို ကြားလျှင် ရီဖူရှင်းက ပြုံးလိုက်သည်။ သူက နတ်အလင်းများ ရစ်ပတ်လျှက်ပင် ရှေ့ကို တစ်လှမ်းတက်သွားကာ ပြောသည် “ကျုပ်လမ်းစဉ်က ပြီးပြည့်စုံတယ်။ လမ်းစဉ်ရဲ့မျှတမှုဆိုတာကို ဘုံသုံးထောင်မှာ ဘယ်သူက ကျုပ်ကို ပြောရဲသလဲ…”
ရုတ်တရက် ပြိုင်စံရှားအလင်းတန်းများသည် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။ ခြေတစ်လှမ်းက သူ့အား အလင်းတန်းအသွင်သို့ ပြောင်းလဲသွားစေကာ ရှောင်လန်၏ရှေ့သို့ တိုက်ရိုက် ရောက်လာစေသည်။ ထို့နောက် သူက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။
ရှောင်လန်၏ရှေ့တွင် စုစည်းနေသော စွမ်းအားများအားလုံးမှာ ပျက်ပြယ်သွား၏။ လက်ဝါးရိုက်ချက်သည် အရာအားလုံးကို ပျက်စီးစေခဲ့သည်။ ရှောင်လန်က လက်ကို ဆန့်တန်းလိုက်လျှင် သေမင်းလက်ဝါးသည် ရှေ့ကို တိုးဝင်သွား၏။
ဝုန်း…
လက်ဝါးရိုက်ချက်နှစ်ခု ရင်ဆိုင်တွေ့သည်တွင် ပြင်းထန်သော ပေါက်ကွဲမှု တစ်ခု ဖြစ်ပွား၏။ အားလှိုင်းများသည် အရပ်မျက်နှာများစွာသို့ ပျံ့လွင့်သွားခဲ့သည်။ ရှောင်ချိန်ရှမ်းက ရှေ့ကို တက်ကာ အားလုံးများကို ကာကွယ်ပေးထားသည်။
ရှောင်လန်၏ခန္ဓာကိုယ်သည် နောက်ကို ဆက်တိုက်လွင့်သွားခဲ့ကာ နောက်ဆုံးတွင် ဟန်ချက်ကို ထိန်းနိုင်ခဲ့သည်။
ရှောင်လန်က ရီဖူရှင်းကို ကြည့်သည်။ သူကား နတ်ဘုရားတစ်ပါးကဲ့သို့ ရွှေရောင်အလင်းများဖြင့် ဖြာထွက်နေ၏။
ဘုံသုံးထောင်တွင် မည်သူက လမ်းစဉ်၏မျှတမှုကို သူ့အား ပြောရဲသနည်း။
ရှောင်လန်က ရုတ်တရက် ပြုံးလိုက်သည်။ သူက ရီဖူရှင်းကို ကြည့်ကာ ရှောင်မုယွီအား လှမ်းကြည့်လျှက် ပြောသည် “မုယွီ… ဂုဏ်ပြုပါတယ်…”
ထို့နောက် သူက နောက်လှည့်ကာ ထွက်သွားခဲ့သည်။
“ဘုံသုံးထောင်မှာ ဘယ်သူ ပြိုင်ဘက်ကင်းနိုင်မလဲ…” ရှောင်လန်သည် မိုးကုတ်စက်ဝန်းဆီသို့ လှမ်းကြည့်လိုက်သည်။ သူကိုယ်တိုင်က ထိုသို့သောသူမဟုတ်ကြောင်း သိနားလည်၏။
တစ်စုံတစ်ယောက်က ထိုသို့ လုပ်နိုင်မည်လား။
“အခုလို လမ်းညွန်ပြသေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အင်ပါယာရီ…” အဘိုးအိုက ရီဖူရှင်းကို ပြောသည်။ ထို့နောက် သူက မိတ်ဆုံစားပွဲမှာ ရှောင်ချိန်ရှမ်းကို ပြောသည် “ချိန်ရှမ်း… မင်းနဲ့မုယွီအတွက် ဂုဏ်ပြုပါတယ်…”
ထို့နောက် သူက ပြုံးလျှက် ထွက်ခွာသွားသည်။
တခြားလူများလည်း ထွက်ခွာသွားကြသည်။ အရာအားလုံးက မည်သို့မျှ မဖြစ်ပျက်ခဲ့သလို…။
ရီဖူရှင်းကား ရင်ပြင်ထက်တွင် ရပ်နေဆဲဖြစ်သည်။ ရန်ဟောင်အဆင့်သို့ တက်လှမ်းပြီးသူတိုင်းမှာ ရင့်သန်သော ပါရမီဓာတ်ခံများအား ပိုင်ဆိုင်ကြ၏။ သူတို့မှာ အရှုံးကို လက်ခံနိုင်စွမ်း ရှိပေသည်။
ရီဖူရှင်းက နောက်လှည့်ကြည့်လျှင် မိတ်ဆုံစားပွဲမှ လူတိုင်းက သူ့အား ကြည့်နေသည်ကို မြင်၏။
“ဘာဖြစ်လို့လဲ…” ရီဖူရှင်းက ပြုံးသည်။
“လမ်းစဉ်ရဲ့ မျှတမှုဆိုတာကို ဘုံသုံးထောင်မှာ ဘယ်သူက ကျုပ်ကို ပြောရဲသလဲ…” ရှောင်ချိန်ရှမ်းက ရေရွက်လိုက်ည်။ ဘုံသုံးထောင်တွင် များစွာသော စွမ်းအားမြင့် တန်ခိုးရှင်များ ရှိကြသေည်။ သို့တိုင်အောင် ရီဖူရှင်းအား မျှတသော ယှဉ်ပြိုင်မှုများတွင် မည်သူမှ အနိုင်မယူနိုင်။
“ပထမအဆင့်နတ်ဝင်ရိုးနဲ့ စတုတ္ထအဆင့်နတ်ဝင်ရိုးကို အနိုင်ယူနိုင်တာ မင်းတစ်ယောက်ပဲ မြင်ဖူးသေးတယ်” ရှောင်ချိန်ရှမ်းက စိတ်လှုပ်ရှားစွာ ပြောသည်။
“အကြီးအကဲက အရမ်းချီးကျူးလွန်းပါပြီ။ အက်ကြောင်းမဲ့ဝင်ရိုးက ပုံမှန်အားဖြင့် အသာစီးရတဲ့အပိုင်းတွေ ရှိပါတယ်” ရီဖူရှင်းက ပြုံးလျှက်ပြောကာ စားပွဲသို့ ပြန်လာခဲသည်။ ရှောင်မုယွီက ရီဖူရှင်းအား ကြည့်နေသည်။ သူမ၏ဆရာကား ထင်ထားသည်ထက် ထက်မြက်ဟန်ရှိသည်။
သူမသည်လည်း အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင်ဖြစ်သော်လည်း ရီဖူရှင်းကဲ့သို့ မစွမ်းဆောင်နိုင်ပေ။
“ငါ့ကို အရမ်းအားမကျနဲ့… ကောင်းကောင်းလေ့ကျင့်…” ရှောင်မုယွီ သူ့အား ကြည့်နေသည်ကို မြင်လျှင် ရီဖူရှင်းက ပြုံးလျှက်ပြောသည်။
ရှောင်မုယွီက ပြုံးလိုက်ကာ ခွက်ကို မြှောက်လျှက်ပြောသည် “ဆရာ့ကို ဂါရဝပြုပါတယ်။ တပည့်ကို သင်ပေးတဲ့အတွက် ကျေးဇူးပါ”
ရီဖူရှင်းကလည်း ပြုံးကာ ခွက်ကို မြှောက်လိုက်သည်။
မိတ်ဆုံစားပွဲသည် ကောင်းမွန်စွာဖြင့် ပြီးဆုံးသွားခဲ့၏။
ရီဖူရှင်းသည် နတ်သမီးနန်းတော်တွင် တိတ်ဆိတ်စွာ ထိုင်နေသည်။
ရှားရှင်းယွန် သူ့ဘေးနားကို ရောက်လာကာ ထိုင်သည်။
“နင်က နင့်စွမ်းရည်တွေကို တမင်ထုတ်ပြတာက နောက်ပိုင်း ရှောင်ကလန်ရဲ့ အကူအညီကို ယူမလို့လား” သူမက တီးတိုးမေးသည်။
ရီဖူရှင်းက ရှားရှင်းယွန်ကို ကြည့်ကာ ခေါင်းညိတ်သည်။
“ကောင်းကင်အာဏာစက်ဘုံက အစီအစဉ်တွေဟာ လုံလောက်တယ်။ ရှင့်မှာ စိုးရိမ်စရာရှိလား” ရှားရှင်းယွန်က မေးသည်။
ရီဖူရှင်းက ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်သည်။ သူသည် တာလီနန်းတွင်းအကြံပေးကို သတိရသည်။
သူ၏ဆရာကား ရှန်းကလန်၌ ရှိနေဆဲပင်။
သောကျောက်၊ ရှောင်မုယွီနှင့် ကောင်းကင်အာဏာစက်ဘုံမှ လူများသည် ပညာရှိကျမ်းကို လေ့ကျင့်ခဲ့ကြသည်။
မည်သို့မှ မပြောဘဲ ရီဖူရှင်းက လက်ဆန့်တန်းကာ ရှားရှင်းယွန်၏ပုခုံးကို ပုတ်လိုက်ပြီး တီးတိုးပြောသည် “ရှင်းယွန်… ရန်ဟောင်မြန်မြန်ဖြစ်အောင်လုပ်တော့…”
သူက ထရပ်ကာ ထွက်သွားခဲ့သည်။
ရှားရှင်းယွန်က သူ့နောက်ကျောက်အား လှမ်းကြည့်၏။ သူ့ထံမှ အထီးကျန်သော အငွေ့အသက်အား သူမ ခံစားရသည်။
ရှားရှင်းယွန်၏မျက်လုံးများတွင် စိတ်အားငယ်သော အငွေ့အသက်အချို့ ထင်ဟပ်လာ၏။ သည်နှစ်များတွင် သူက သူမအား ကြိုက်နှစ်သက်သည်ဟု သူမ ယုံကြည်ခဲ့သည်။ သို့သော်လည်း သူမ မရှင်းပြတတ်သော အတားအဆီးတစ်ခုကိုလည်း ခံစားရ၏။
***