Switch Mode

အခန်း ( ၅၇၄ )

ငရဲဧကရာဇ်၏ ဆက်ခံသူ

အဖြစ်အပျက်များမှာ မြန်ဆန်လွန်းနေသည်။ ကျိုးရီရှင်းသာမက သူ့ကိုလိုက်ဖမ်းနေသူများမှာ တုံ့ပြန်ချိန်ပင် မရလိုက်ပဲ သူတို့၏ရှေ့မှတောင်ကြီးတစ်ခုလုံး မီးတောင်ကြီးကဲ့သို့ ပေါက်ကွဲသွားတော့သည်။

ထိုတောင်ကြီး ပြိုလဲသွားပြီး ချော်ရည်များပင်ထွက်လာသည်ကို မြင်လိုက်ရသောအခါ သူတို့မှာ ရက်စက်ကြမ်းကြုတ်သည့် သတ္တဝါကြီးတစ်ကောင်နှင့် ရင်ဆိုင်လိုက် ရသည့်အလား ခံစားလိုက်ရတော့သည်။ သူတို့အားလုံးမှာ သနားစဖွယ်အော်ဟစ်ကာ နောက်သို့ပြန်ဆုတ်သွားကြတော့သည်။

ကံကောင်းသည်မှာ မီးတောက်များနှင့် ချော်ရည်ပူများက ခပ်ဝေးဝေးသို့မရောက်လိုက်ပဲ တစ်ခဏအကြာတွင် ပျောက်ကွယ်သွားတော့သည်။ ကျိုးရီရှင်းမှာ မီးစွဲကာ ပြာကျသွားမည်ကို ကြောက်သဖြင့် နောက်သို့ အမြန်ဆုံးပြန်ဆုတ်လိုက်ပါသော်လည်း အနည်းငယ်မျှ လောင်ကျွမ်းကာ မည်းတူးသွားသေးသည်။

လူတိုင်းမှာ တအံ့တသြဖြစ်သွားကြပြီး သူတို့၏နှလုံးသားများမှာ တထိတ်ထိတ်နှင့် ခုန်လာတော့သည်။

ထိုအချိန်တွင် ကျန်ရှိနေသေးသည့် မီးပင်လယ်ကြီးထဲမှ ဒေါသတကြီးအော်ဟစ်သံတစ်သံ ပေါ်ထွက်လာတော့သည်။

” မင်းတို့ကောင်တွေ အတင့်ရဲလှပါလား။ ငါမီးတောက် ဖန်တီးနေတာကို နှောင့်ယှက်ရဲတယ်ပေါ့ ဟုတ်လား ”
ထိုဒေါသတကြီး အော်ဟစ်လိုက်သည့် စကားသံများထွက်လာသောအခါ ကျန်ရှိနေသည့်မီးစများ ပျောက်ကွယ်သွားတော့သည်။ ထို့နောက် ပိုင်ရှောင်ချန်းက တင်းမာသောမျက်နှာထားဖြင့် ရှေ့သို့ လျှောက်လှမ်းလာတော့သည်။

သူ၏ဝတ်ရုံများမှာ စုတ်ပြဲနေသော်လည်း သူ၏ နှလုံးသားထဲရှိ ဒေါသများမှာမူ ဂိတ်ဆုံးသို့ရောက်ရှိနေပြီဖြစ်သည်။ သူသည် သေချာပေါက်အောင်မြင်တော့မည်ဟု ယုံကြည်ထားခဲ့သည်ဖြစ်ပြီး ယခုလိုကျဆုံးခဲ့ရသည့် အကြောင်းအရင်းမှာ အနှောင့်ယှက်ခံလိုက်ရ၍ဖြစ်သည်ဟု တထစ်ချယုံကြည်နေတော့သည်။

သူ၏ နီမြန်းနေသော မျက်လုံးများမှာ လူ့ဘီလူးများနှင့် ဝိညာဥ်ကျင့်ကြံသူများကို တွေ့သွားသောအခါ သူ၏ထည့်စရာအိတ်ကိုပုတ်လိုက်ပြီး ခုနစ်ရောင်ခြယ်မီးတောက်တစ်ခုကို ထုတ်ယူလိုက်သည်။

” အောက်လမ်းဆရာသခင် တစ်ယောက်ပါလား ”
လူ့ဘီလူးများက ထို ခုနစ်ရောင်ခြယ်မီးတောက်ကို မြင်လိုက်သောအခါ အလွန်အမင်းတုန်ရီသွားကြပြီး ကြောက်လန့်လွန်းလှသဖြင့် အသက်ရှူသံများပင်မြန်ဆန်လာတော့သည်။

ဝိညာဥ်ကျင့်ကြံသူနှစ်ယောက်မှာ အခြေခိုင်မာခြင်းစက်ဝန်းအဆင့်တွင် ရောက်နေပြီဖြစ်သော်လည်း ပိုင်ရှောင်ချန်းကို ဖြူဆုတ်နေသည့် မျက်နှာများဖြင့် တအံ့တသြကြည့်နေဆဲပင်။ ခုနစ်ရောင်ခြယ် မီးတောက်မှာ အောက်လမ်းဆရာသခင်များ၏ အဆင့်သတ်မှတ်ချက်ဖြစ်ကြောင်းနှင့် ထိုသို့သော အောက်လမ်းဆရာများမှာ ဝိညာဥ်ကျင့်ကြံသူနောက်လိုက် များစွာကို ပိုင်ဆိုင်ထားသည့် လူများဖြစ်ကြသည်ကို သူတို့ကသိသည်။ ထို့အပြင် ယခုသူတို့လိုက်ဖမ်းနေသည့်လူမှာ ဤ အောက်လမ်းဆရာသခင်၏ နောက်လိုက်ဖြစ်နေမည်ဟုလည်း တွေးလိုက်တော့သည်။

သူတို့သည် အောက်လမ်းဆရာသခင်တစ်ယောက်၏ နောက်လိုက်တစ်ယောက်ကို သတ်ရန်ကြိုးစားခဲ့ရုံသာမက ထိုအောက်လမ်းဆရာကို သူမီးဖန်တီးနေချိန်တွင်လည်း နှောင့်ယှက်မိခဲ့သည်။ ယခုအခါ ထိုဝိညာဥ်ကျင့်ကြံသူနှစ်ယောက်မှာ ချွေးများပြန်နေပြီး ပိုင်ရှောင်ချန်း၏ နီမြန်းနေသောမျက်ဝန်းများကို သတိထားမိလိုက်သဖြင့် သူဒေါသထွက်နေမည်ဖြစ်ကြောင်းကို ရိပ်မိလိုက်တော့သည်။ သူတို့မှာ ချက်ချင်းပင် လက်များကိုယှက်ကာ တရိုတသေဦးညွှတ်လိုက်တော့သည်။

” ဒေါသထိန်းပါဦး အောက်လမ်းဆရာသခင်ကြီး ခင်ဗျာ ”

” အောက်လမ်းဆရာသခင်ကြီး မီးဖော်စပ်နေတယ်ဆိုတာကို ကျွန်တော်တို့ တကယ်မသိလို့ပါ။ ဒေါသမထွက်ပါနဲ့နော်။ ကျွန်တော်တို့ နစ်နာကြေး ထိုက်ထိုက်တန်တန် ပြန်ပေးပါ့မယ်။ ”
ဝိညာဥ်ကျင့်သူများ၏ တုန်ရီနေသောစကားသံများကိုကြားလိုက်ရပြီး ဦးညွှတ်နေသည်ကို မြင်လိုက်ရသောအခါ သူတို့နောက်ရှိ လူ့ဘီလူးများအားလုံးမှာလည်း ဒူးများထောက်လိုက်ကြတော့သည်။

ပိုင်ရှောင်ချန်းက ထိုအချင်းအရာများကို မြင်လိုက်သောအခါ သူ၏ဒေါသမှာ ပြေလျော့စ ပြုလာတော့သည်။ မီးတောက်ဖန်တီးသည့် လုပ်ငန်းစဥ်၏ အရေးကြီးသည့်အချိန်တွင် အနှောင့်အယှက်ခံလိုက်ရခြင်းမှာ သူ၏ဆယ့်တစ်ရောင်ခြယ်မီးတောက် ကျရှုံးခဲ့ရသည့် အဓိကအကြောင်းအရင်း မဟုတ်ပေ။ အကြီးမားဆုံးသော အမှားသည်ကား သူ၏ထိန်းချုပ်မှုစွမ်းရည် နည်းပါးနေသောကြောင့်ဖြစ်သည်။

သူယခင်က ကြုံတွေ့ခဲ့ရသည့် ပြဿနာများအားလုံးကို ဖြေရှင်းနိုင်ခဲ့ပါသော်လည်း ရုတ်တရက် ပေါ်ပေါက်လာသည့် ပြဿနာအသစ်တစ်ခုကြောင့် သူကိုယ်တိုင်ပင် အံ့အားသင့်သွားရသည့် ပေါက်ကွဲမှုကြီးတစ်ခု ပေါ်ထွက်လာခဲ့ရသည်။

” အတွင်းပိုင်း မတည်ငြိမ်မှုတွေ သေချာပေါက်ရှိကို ရှိဦးမှာ။ ဒါပေမဲ့ အရင်ကလည်း မတည်ငြိမ်မှုတွေရှိတာကို ပေါက်ကွဲမှုတစ်ခါမှ မဖြစ်ခဲ့ပါဘူး ”
သူက အတွေးထဲတွင်နစ်မျောကာ တတွတ်တွတ်ရေရွတ်နေပြီး အဖြေရှာနေတော့သည်။ ထိုစဥ် သွေးပျက်နေသည့် ဝိညာဥ်ကျင့်ကြံသူနှစ်ယောက်မှာ တောင်းပန်စကားများ တရစပ် ပြောဆိုနေတော့သည်။ သို့သော် သူတို့မျိုးနွယ်စု ရင်ဆိုင်နေရသည့် ပြဿနာကြီးအကြောင်းကို တွေးမိသွားသောအခါ သူတို့နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

” သခင်ကြီးခင်ဗျာ ”
တစ်ယောက်က ဆိုလိုက်သည်။
” အခု သခင့်ရဲ့ အင်မော်တယ်ဂူလည်း ပျက်စီးသွားပြီဆိုတော့ နားခိုစရာနေရာမရှိတော့ဘူးမလား။ အဲဒါ ကျွန်တော်တို့ မျိုးနွယ်စုဆီမှာ ခဏလိုက်နေပြီး အနားယူပါ့လား ”

ပိုင်ရှောင်ချန်းမှာ ပျက်စီးနေပြီဖြစ်သည့် တောင်ပေါ်ကဂူလေးကို လှမ်းကြည့်ကာ ခေါင်းညိတ်လိုက်သည်။ ယခု သူလိုအပ်နေသည်မှာ ဆယ့်တစ်ရောင်ခြယ်မီးတောက်နှင့် ပတ်သတ်သည့် ပြဿနာကို သုံးသပ်ကာအဖြေရှာနိုင်မည့် တိတ်ဆိတ်ငြိမ်သက်သော နေရာတစ်ခုဖြစ်သည် မဟုတ်ပါလော။

ဝိညာဥ်ကျင့်သူများနှင့် လူ့ဘီလူးများက သူ့ကိုကောင်းမွန်စွာ ဆက်ဆံနေသဖြင့် ပိုင်ရှောင်ချန်းမှာ မြေရိုင်းဒေသထဲရှိ အောက်လမ်းဆရာများ၏ ရာထူးအာဏာများကို နားလည်သွားတော့သည်။ သူယခင်က စိတ်ကူးခဲ့သည့်အရာများထက် များစွာပင် သာလွန်နေသည်။

ဘေးနားတွင်မူ ကျိုးရီရှင်းမှာ ဒေါပွနေတော့သည်။ သူက အောက်လမ်းဆရာသခင်တစ်ယောက်ဖြစ်ကြောင်း ပြောခဲ့သော်လည်း ထိုလူ့ဘီလူးများနှင့် ဝိညာဥ်ကျင့်ကြံသူများက သူ့ကို မယုံကြည်ခဲ့သည် မဟုတ်ပါလော။

ခဏအကြာတွင် ဝိညာဥ်ကျင့်ကြံသူများနှင့် လူ့ဘီလူးများမှာ ပိုင်ရှောင်ချန်းကို သူတို့၏ မျိုးနွယ်စုဆီသို့ ဂရုတစိုက်ခေါ်ဆောင်သွားတော့သည်။ သူတို့၏ မျိုးနွယ်စုမှာ ကြီးကြီးမားမားမဟုတ်ပဲ အဖွဲ့ဝင်တစ်ထောင်ခန့်သာရှိပြီး အနီးတစ်ဝိုက်ရှိ တောင်ကြားတစ်ခုထဲတွင် စခန်းတည်ထားသည်။

ထိုမျိုးနွယ်စုမှာ ရှေးဟောင်းပုံစံဖြင့် ခံတပ်တည်ထားသည်ဖြစ်ပြီး အင်မော်တယ်ဂူများကို တောင်များ၏ ဘေးသားထဲတွင် တူးထားသည်။ ပိုင်ရှောင်ချန်းကို ဂုဏ်ထူးဆောင် ဧည့်သည်တစ်ယောက်အနေဖြင့် ကြိုဆိုကြပြီး ယခင်က ဝိညာဥ်ကျင့်ကြံသူနှစ်ယောက်ထဲမှ တစ်ယောက်ပိုင်သော အင်မော်တယ်ဂူကိုလည်း ပေးအပ်လိုက်သည်။ ပို၍ကောင်းသည်မှာ သူတို့သည် သူ့အား အမုန်းဝိညာဥ်များ မှန်မှန်ဆက်သနေသည်။

နစ်နာကြေးကို အခြားသောနည်းလမ်းများဖြင့်လည်း ပေးနေကြသေးသည်။ မြေရိုင်းဒေသရှိ အောက်လမ်းဆရာများ၏ အရေးပါအရာရောက်မှုကြောင့် ပိုင်ရှောင်ချန်းမှာ နောက်ထပ်တစ်ခေါက် အံ့အားသင့်နေရပြန်တော့သည်။ လူ့ဘီလူးကြီးများနှင့် ဆုံလိုက်တိုင်း သူတို့မှာ ပိုင်ရှောင်ချန်းကို ကြောက်ရွံ့လေးစားမှုများဖြင့်သာ ကြည့်ရှုကြသည်။ သူတို့မှာ ခိုင်းလျှင်ခိုင်းသည့်အတိုင်း လုပ်ရန်ပင် အဆင်သင့်ဖြစ်နေသည်ဟု ပိုင်ရှောင်ချန်းက ယုံကြည်နေတော့သည်။

ဝိညာဥ်ကျင့်ကြံသူနှစ်ယောက်မှာ သူ့ကို ကြောက်ရွံ့ကာ ရိုသေလေးစားပါသော်လည်း တချိန်ထဲမှာပင် သူ့ကို သူတို့အတွက်တစ်ခုခု လုပ်ပေးစေလိုနေသည်။ သို့သော် သူတို့မှာ ပွင့်ပွင့်လင်းလင်း မပြောရဲပဲ ချီတုံချတုံသာ ဖြစ်နေရသည်။

ကျိုးရီရှင်းမှာ ပိုင်ရှောင်ချန်း၏ နောက်လိုက်ဖြစ်မည်ဟု လူတိုင်းက ယူဆခိုက်ကြသဖြင့် သူ့ကိုလည်း တလေးတစားဆက်ဆံကာ နစ်နာကြေးများကို ထိုက်ထိုက်တန်တန် ပြန်ပေးလေသည်။ သို့သော်လည်း ပိုင်ရှောင်ချန်းကို ပေးသလောက်တော့ မများပေ။

မျိုးနွယ်စုထဲတွင် ရောက်နေသည်မှာ လတစ်ဝက်လောက် ကြာပြီးသွားသောအခါ သူ၏ နေ့စဥ်သုံးနေသည့် ဝိညာဥ်ပမာဏကိုကြည့်ကာ ဝိညာဥ်ကျင့်ကြံသူနှစ်ယောက်မှာ ဆက်သသည့်အချိန်တိုင်းတွင် အံတကြိတ်ကြိတ်ဖြစ်နေရတော့သည်။ အဆုံးတွင် ပိုင်ရှောင်ချန်းမှာ စိတ်မကောင်းစပြုလာတော့သည်။

သူတို့ဝိညာဥ်များကို လာဆက်သသည့် နောက်တစ်ကြိမ်တွင် သူက သက်ပြင်းချကာ မေးလိုက်တော့သည်။
“ ကဲပါ။ ပြောပြော။ မင်းတို့ငါ့ဆီက ဘာအကူအညီလိုချင်တာလဲ ”

ထိုအခါ ဝိညာဥ်ကျင့်ကြံသူနှစ်ယောက်မှာ သူတို့၏ စိတ်လှုပ်ရှားမှုများကို မဖုံးကွယ်နိုင်တော့ပေ။ တချိန်လုံး အောင့်အီးထားခဲ့ရသည်ဖြစ်၍ ယခုတွင် ပိုင်ရှောင်ချန်းက စကားစလာသဖြင့် သူတို့မှာ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အမှန်အတိုင်း ဝန်ခံလိုက်ကြတော့သည်။

လွန်ခဲ့သည့်နှစ်လအကြာက ငရဲဧကရာဇ်သည် သူ၏အမွေအနှစ်ကို ဆက်ခံဖို့ရာ လူတစ်ယောက်ကိုရွေးချယ်မည်ဟု ကြေညာချက်ထုတ်ခဲ့သည်။ ဆက်ခံသူတစ်ယောက်အဖြစ် ဝင်အရွေးချယ်ခံရန် လိုအပ်သည့် အရည်အချင်း များစွာရှိပြီး မြေရိုင်းဒေသမှ လူတိုင်းနီးပါးမှာ ထိုအတွက် အရူးအမူးပြင်ဆင်နေကြသည်။ ဘုရင့်မြို့တော်များမှ လူများအပြင် အောက်လမ်းဆရာမျိုးနွယ်စုဝင်များလည်း အပါအဝင်ဖြစ်သည်။

ဆက်ခံသူအဖြစ် ဝင်ရောက်အရွေးချယ်ခံရာတွင် ကျင့်ကြံခြင်းအခြေခံအဆင့်တစ်ခု သတ်မှတ်ထားသည်ဖြစ်သဖြင့် မိမိတို့၏ ကျင့်ကြံခြင်းအခြေခံများကို တိုးတက်အောင်လုပ်ရန် ဝိညာဥ်ဆေးဝါးများကို အမြောက်အမြားလိုအပ်နေကြသည်။ ထို့ကြောင့် သရဲကြီးမြို့တော်လက်အောက်တွင်ရှိသည့် မျိုးနွယ်စုကြီးသုံးခုက အစွမ်းကုန်ပြင်ဆင်ကာ သူတို့၏လက်အောက်ရှိ နယ်မြေအသီးသီးတွင်နေထိုင်သော မျိုးနွယ်စုများကို တင်းကြပ်သောအမိန့်များချမှတ်ကာ ဝိညာဥ်ဆေးဝါးအမြောက်အမြားကို ဆက်သခိုင်းခဲ့သည်။ ပမာဏပြည့်မီအောင် မဆက်သနိုင်သည့် မျိုးနွယ်စုများမှာ ကွက်မျက်ခံရနိုင်ခြေရှိသည်။

လတ်တလော ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်တစ်ခုကြောင့် တောင်နက် မျိုးနွယ်စုမှာ အနည်းငယ် အင်အားချည့်နဲ့နေရသည်ဖြစ်ပြီး ဝိညာဥ်ဆေးဝါးများကို ယာယီမျှ မထုတ်လုပ်နိုင်လောက်အောင် ဖြစ်ခဲ့ရသည်။ ထို့ကြောင့် သူတို့မှာ ဤပြဿနာကို ဖြေရှင်းရန် အဖြေသုံးခုရှာတွေ့ခဲ့သည်။ ၎င်းတို့မှာ မျိုးနွယ်စုထဲမှ ထုတ်လုပ်နိုင်သောအခြား ပစ္စည်းများကို ရောင်းချခြင်း၊ အောက်လမ်းဆရာတစ်ယောက်ထံမှ အကူအညီတောင်းခံခြင်း၊ ဓားပြတိုက်ကာ ဝိညာဥ်ဆေးဝါးများ စုဆောင်းခြင်းတို့ဖြစ်ကြသည်။

သူတို့မှာ လက်ရှိတွင် ထိုနည်းလမ်းသုံးခုစလုံးကို သုံးကာ ကံကြမ္မာဆိုးကြီးမှ ရှောင်တိမ်းနိုင်ရန် ကြိုးပမ်းနေကြသည်။

ပိုင်ရှောင်ချန်းမှာ ထိုရှင်းပြချက်များကို သေသေချာချာ နားမလည်ပေ။ သို့သော်လည်း ကျိုးရီရှင်းမှာ မျက်လုံးပြူးသွားရသည်။ ငရဲဧကရာဇ်က သူ၏နေရာအားဆက်ခံမည့်လူကို ရှာဖွေနေသည်ဆိုသည့် သတင်းကြောင့် သူ၏မျက်ဝန်းများမှာ သူမတူအောင် လင်းလက်လာတော့သည်။

ပိုင်ရှောင်ချန်းကမူ သာမန်အမူအရာဖြင့် သူနားမလည်သည်ဆိုသည့်အချက်ကို မဖော်ပြပဲ အသေးစိတ်အချို့ကိုထပ်မံ မေးမြန်းလိုက်လေသည်။ ကျိုးရီရှင်းမှာ ထိုအချင်းအရာတစ်ခုလုံးကြောင့် စိတ်လှုပ်ရှားလွန်းနေသဖြင့် မည်သည်ကိုမှ သတိပင်မထားမိပဲ ပိုင်ရှောင်ချန်းကို သူသိသမျှ အရာအားလုံးကိုရှင်းပြနေတော့သည်။

ထိုအချိန်မှသာ နန်းမြို့တော်မှ ဗဟို ဧကရာဇ်သာမက မြေရိုင်းဒေသထဲတွင် ငရဲဧကရာဇ်တစ်ပါး ထပ်ရှိသေးကြောင်းကို ပိုင်ရှောင်ချန်း နားလည်သွားတော့သည်။

ငရဲဧကရာဇ်နှင့် ပတ်သတ်သည့် ဒဏ္ဍာရီလာပုံပြင်တစ်ပုဒ်ရှိလေသည်။ ၎င်းပုံပြင်ထဲတွင် ပထမမျိုးဆက်၏ ဗဟို ဧကရာဇ် သေဆုံးသွားပြီးနောက် သူ၏ဝိညာဥ်မှာ ပျောက်ကွယ်မသွားပဲ မြေအောက်မြစ်အသွင် ပြောင်းလဲသွားခဲ့သည်ဟု ဆိုထားသည်။ ထိုဝိညာဥ်မှာ ဤကမ္ဘာကြီး၏ သေခြင်းတရားနှင့်ပတ်သတ်သည်များကို ချုပ်ကိုင်ထားပြီး မြေအောက်မြစ်၏ ဝိညာဥ်အဖြစ်တည်ရှိနေသည်ဟု ဆိုသည်။ ၎င်းမှာ ငရဲဧကရာဇ်၏ မူလအစပင်ဖြစ်သည်။

မျိုးဆက်တိုင်းတွင် ဗဟို ဧကရာဇ်အုပ်ချုပ်ခံ လူအများ၏ ယုံကြည်မှုများကြောင့် ငရဲဧကရာဇ်မှာ တန်ခိုးကြီးထွားလာရသည်။ လတ်တလောနှစ်များတွင်ဆိုလျှင် ဝိညာဥ်ကျင့်ကြံသူများ၏ လွှမ်းမိုးခြင်းကို ခံရသည့် လူ့ဘီလူးများသည်ပင် ငရဲဧကရာဇ်ကို ယုံကြည်လာကြသည်။

အခြေခံအားဖြင့်ဆိုလျှင် ဗဟို ဧကရာဇ်သည် ရုပ်နာမ်ရှိပြီး လူတိုင်းမြင်နိုင်သည့် ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ငရဲဧကရာဇ်မှာ မြေရိုင်းဒေသကို ကိုယ်စားပြု နေသော ပုံရိပ်ကြီးတစ်ခုအသွင် ဖြစ်နေသည်။

ထို့အပြင် ဒဏ္ဍာရီလာပုံပြင်များအရ ငရဲဧကရာဇ်၏ နန်းတော်မှာ မြေအောက်မြစ်၏နက်ရှိုင်းသောတစ်နေရာတွင်ရှိပြီး ထိုနန်းတော်ထဲတွင် ငရဲဧကရာဇ် စံမြန်းနေသည်။ တစ်ခါတရံ သူက သက်ရှိကမ္ဘာဆီသို့ သံတမန်များစေလွှတ်တတ်သည်။ ထိုသံတမန်များကို လက်ရှိအာဏာရ ဧကရာဇ်ဖြစ်သည့် ဗဟိုဧကရာဇ်ပင်လျှင် တလေးတစား ဆက်ဆံရသည်။

လွန်ခဲ့သော နှစ်လက မြေအောက်မြစ်သည် နန်းမြို့တော်အထက်တွင် ပေါ်ပေါက်လာခဲ့ပြီး ဓမ္မအမိန့်တစ်ခုပါသည့် ကျောက်တိုင်တစ်တိုင် ကျဆင်းလာခဲ့သည်။ ထိုအမိန့်အရ နှစ်ခြောက်ဆယ်စက်ဝန်းတစ်ခု အတွင်း နောက်မျိုးဆက်၏ ငရဲဧကရာဇ်ဖြစ်လာမည့် ဆက်ခံသူတစ်ယောက်ကို ရွေးချယ်မည်ဖြစ်သည်။

မြေရိုင်းဒေသတစ်ခုလုံးမှာ အံ့အားသင့်နေရပြီဖြစ်သည်။ ငရဲဧကရာဇ်က ဆက်ခံသူတစ်ယောက်ရွေးချယ်မည်ဆိုသည့် အချက်မှာ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာထဲတွင် ပထမဆုံးအကြိမ်ဖြစ်သည်။

မျိုးနွယ်စုများ၊ မြို့စား များနှင့် နန်းမြို့တော်ရှိ မှူးမတ် များအားလုံး အပါအဝင် ဘုရင့်မြို့တော်ရှိ အင်အားကြီးအဖွဲ့အစည်းများနှင့် အခြား အာဏာရှိအုပ်စုများအားလုံးမှာ အလွန်အမင်း စိတ်နှလုံးလှုပ်ရှားနေကြပြီဖြစ်သည်။ လူတိုင်းမှာ ငရဲဧကရာဇ်၏ဆက်ခံသူကို သူတို့မျိုးနွယ်စုထဲကလူ ဖြစ်စေရန် ဆုတောင်းနေကြတော့သည်။

ဆက်ခံသူတစ်ယောက် အဖြစ်ရွေးချယ်ခံလိုပါက လိုအပ်ချက်နှစ်ခုရှိသည်။ ပထမအချက်မှာ ယင်ယန်ဝိညာဥ်အဆင့်တွင် ရှိရမည်ဖြစ်သည်။ ဒုတိယတစ်ချက်မှာ ပြိုင်ပွဲဝင်တစ်ယောက်အနေနှင့် လိုအပ်သည့်အရည်အချင်းများကို တရားဝင် လေ့လာဆည်းပူးရမည်ဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset