အခန်း ( ၅၇၃ )

ကျွန်တော့်ကို ကယ်ပါဦး၊ တာအိုရောင်းရင်းပိုင်

ပိုင်ရှောင်ချန်းမှာ မီးတောက်များဖန်တီးနေစဥ် ရှစ်ရက်တိတိ ကုန်ဆုံးသွားတော့သည်။

ထိုစဥ် အဝေးတစ်နေရာတွင် ကျိုးရီရှင်းမှာ ဖွာလန်ကျဲနေသည့်ဆံပင်များဖြင့် သွေးများအန်ကာ လေထဲတွင် ပျံဝဲလာသည်။

သူ၏နောက်တွင်မူ လူ့ဘီလူး အကောင်တစ်ရာကျော်က သူ့ကိုလိုက်ဖမ်းနေသည်။

” မင်းတို့ကောင်တွေ တော်တော် တရားလွန်လာပြီ။ ”
ကျိုးရီရှင်းက စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်လိုက်တော့သည်။ ပိုင်ရှောင်ချန်းက သူ့ကို ဝိညာဥ်အကောင်ရေ တစ်သိန်းတိတိ ဖမ်းခိုင်းခဲ့သည်ဖြစ်သော်လည်း သူ၏ ကျင့်ကြံခြင်းအခြေခံမှာ ပိတ်လှောင်ခံထားရသဖြင့် မည်သည့်နည်းနှင့်မျှ သူ မစွမ်းဆောင်နိုင်ပေ။ အမှန်ဆိုလျှင် သူသည် နှောင်းပိုင်းအမြုတေအဆင့်တွင် ရောက်ရှိနေပြီဖြစ်သော်လည်း ဝင်္ကပါထဲတွင်ရရှိခဲ့သော ဒဏ်ရာများမှာ အကောင်းပတိပြန်မဖြစ်သေးသည့်အပြင် သူ၏ကျင့်ကြံခြင်းအခြေခံ၏ ငါးရာခိုင်နှုန်းခန့်ကိုသာ အသုံးပြုနိုင်သည်ဖြစ်ရာ အစောပိုင်းအခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်နှင့်ပင် ဆင်တူနေသည်။

တစ်ကြိမ်ကဆိုလျှင် သူသည် ယခုလိုလွတ်လပ်နေမှုကို အသုံးချကာ ထွက်ပြေးရန်ကြံစည်ခဲ့သေးသည်။ သို့သော် သူသည် ပိုင်ရှောင်ချန်းနှင့် အဝေးကြီးသို့ရောက်သွားပါက သူ၏ ခန္ဓာကိုယ်ထဲမှ အတားအဆီးမန္တန်များမှာ ပေါက်ကွဲသွားမည့် လက္ခဏာများကို တွေ့ခဲ့ရသည်။ ထို့ကြောင့် သူက ထွက်ပြေးမည့်အကြံများကိုပယ်ဖျက်ကာ ပိုင်ရှောင်ချန်းကိုပင် ဆက်လက်ကျိန်ဆဲနေခဲ့ရသည်။

တစ်ကြိမ်ကဆိုလျှင် သူသည် အမဲလိုက်ခံနေရသကဲ့သို့ ခြေရာခံနေရသည်ဟု ခံစားမိလိုက်သည်။ ထို့ကြောင့် နောက်လှည့်၍ ထွက်ပြေးရန်ပြင်လိုက်စဥ်တွင်ပင် လူ့ဘီလူးကြီးများစွာက သူ၏လမ်းအားပိတ်ထားသည်ကို မြင်လိုက်ရသည်။ သူက အချို့တစ်ဝက်ကို တိုက်ခိုက်ကာသတ်ဖြတ်နိုင်ခဲ့ပါသော်လည်း သူတို့၏အရေအတွက်မှာ များလာသဖြင့် အဆုံးတွင် အဝိုင်းခံလိုက်ရသည်။ ထိုအခါမှသာ သူသည် ကြောက်မက်ဖွယ်သားရဲကောင်ကြီးများ၏ အကြမ်းဖက်ခြင်းကိုခံနေရသည့် အားပျော့သော တိရစ္ဆာန်ငယ်တစ်ကောင်ကဲ့သို့ ဖြစ်နေကြောင်း ရိပ်မိသွားသည်။

ထိုသို့ အန္တရာယ်ကြီးမားလှသည့် အခြေအနေကြီးကြောင့် သူက လျှို့ဝှက်မှော်သိုင်းတစ်ခုကို သုံးကာ ထွက်ပြေးလွတ်မြောက်ရန် ကြံစည်ခဲ့ရသည်။ ထိုမှော်သိုင်းမှာ သူ၏သက်စောင့်အားကို အလွန်အမင်းကုန်ခမ်းစေပါသော်လည်း လျင်မြန်သော အမြန်နှုန်းတစ်ခုကို ယာယီမျှ ရရှိလိုက်သည်။ သို့သော်လည်း သူ၏ ထိုလျှို့ဝှက်မှော်သိုင်းကြောင့် လူ့ဘီလူးကြီးများမှာ ပို၍သာ စိတ်ဝင်စားသွားကြပြီး သူ့ကို မရပ်မနားလိုက်ဖမ်းနေတော့သည်။

ကျိုးရီရှင်းမှာ တစ်သက်တာလုံးတွင် စိတ်အပျက်ဆုံးအခြေအနေသို့ ရောက်ရှိနေရပြီဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံသာ ပိတ်ဆို့မခံထားရပါက ထို အခြေခိုင်မာခြင်းအဆင့်သာရှိသော လူ့ဘီလူးများကို သူက ချမ်းသာပေးမည်မဟုတ်ပေ။ သူတို့အားလုံးကို တစ်ချက်လေးတွေးလိုက်ရုံမျှဖြင့် အနိုင်ယူလိုက်မည်သာဖြစ်သည်။

သို့သော် ယခုတွင်မူ သူ၏ ဝိညာဥ်စွမ်းအင်များမှာ ပိတ်ဆို့ခံထားရသဖြင့် သူ၏ မှော်သိုင်းအများစုမှာ အသုံးပြု၍မရနိုင်တော့ပေ။ ဤ ပြဿနာကြီးကြောင့် သူ၏မျက်လုံးထဲမှ မျက်ရည်များပင် ထွက်လာပြီး လူ့ဘီလူးကြီးများသာ သူ့ကိုဖမ်းမိသွားပါက အသက်ဆုံးရှုံးရမည်ဖြစ်ကြောင်းကို သူက ရိပ်မိလေသည်။

” ငါက အောက်လမ်းဆရာသခင် တစ်ယောကွ ”
သူက အော်ဟစ်လိုက်သည်။
” မင်းတို့မလို့ ငါ့ကိုဒီလိုလုပ်ရဲတယ်။ ”
ကျိုးရီရှင်း၏စကားသံများ ထွက်လာချိန်တွင် ဝိညာဥ်ဓားနှစ်ချောင်းမှာ ရုတ်တရက် လေကိုခွင်း၍ သူရှိရာဘက်သို့ ပြေးလာတော့သည်။ ထိုဓားနှစ်ချောင်းမှာ စွမ်းအားကြီးတိုက်ကွက်တစ်ခုဖြစ်သဖြင့် သူ့ကိုရိုက်ခတ်မိသွားသောအခါ သူ၏ပါးစပ်ထဲမှ သွေးများအန်ထွက်လာပြီး ဘေးဘက်သို့ ဒယိမ်းဒယိုင်ဖြစ်သွားတော့သည်။

သူ၏နောက်ဘက်ရှိ လူ့ဘီဘူးအကောင်တစ်ရာကျော်မှာ သူ့ကိုလိုက်ဖမ်းရာတွင် စိတ်နှစ်ထားကြသည်ဖြစ်ပြီး သူတို့ထဲတွင် ဝိညာဥ်ကျင့်ကြံသူနှစ်ယောက်ပင် ပါဝင်သေးသည်။ ထိုနှစ်ယောက်မှာ ကျိုးရီရှင်းကို ရတနာတစ်ပါးအသွင် ကြည့်နေကြသည်။

သို့သော် သူသည် အောက်လမ်းဆရာသခင်တစ်ယောက်ဖြစ်ကြောင်း ဆိုလိုက်သောအခါ သူတို့၏အမူအရာများမှာ တုံ့ဆိုင်းကာတွေဝေသွားကြတော့သည်။ လူ့ဘီလူးများမှာလည်း ထိုနည်းတူပင်။

” အောက်လမ်းဆရာ ဟုတ်လား ”
ဝိညာဥ်ကျင့်ကြံသူတစ်ယောက်က ဆိုလိုက်သည်။
” သူ့ရဲ့ဝိညာဥ်အငွေ့အသက်တွေက အင်မတန် အားပျော့နေတာ။ အဲဒီတော့ သူကအောက်လမ်းဆရာတစ်ယောက်ဆိုရင်တောင် ငါတို့ သူ့ကို ဖမ်းလို့ရသေးတယ်။ ဒါပေမဲ့ သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံကို ဖုံးကွယ်ထားတာဆိုရင် ဘယ်လိုလုပ်မလဲ။ အမြုတေအဆင့်ကို တကယ်ရောက်ပြီး ဒဏ်ရာရထားလို့ဆိုရင်ရော။ အဲဒါဆို သူ့ကို ငါတို့အခုမသတ်ရင် နောက်လာမဲ့အနာဂတ်မှာ ပြဿနာအကြီးကြီးနဲ့ ကြုံရနိုင်တယ်။ ”

အချိန်အတော်အတန်ကြာအောင်တွေဝေသွားပြီးနောက် ဝိညာဥ်ကျင့်သူနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး တစ်ယောက်က အော်ပြောလိုက်သည်။
” မင်းက တကယ်ပဲ အောက်လမ်းဆရာသခင် တစ်ယောက်ဆိုရင် ခုနစ်ရောင်ခြယ်မီးတောက် ဖန်ဆင်းပြစမ်း။ အဲဒါဆို ငါတို့မင်းပြောတာကို ယုံပေးမယ်။ ပြီးတော့ တောင်းပန်ပြီး နစ်နာကြေးအနေနဲ့ လက်ဆောင်အချို့ပါပြန်ပေးမယ်ကွာ ”

ကျိုးရီရှင်းမှာ ယခင်ကထက်ပင် ပို၍ စိတ်ပျက်လက်ပျက် ဖြစ်သွားရပြန်သည်။ သူ၏လက်ဝယ်တွင် ခုနစ်ရောင်ခြယ်မီးတောက်တစ်ခုမှ မရှိသည့်အပြင် သူ၏ကျင့်ကြံခြင်းအခြေခံမှာလည်း ပိတ်ဆို့ခံထားရသည်ဖြစ်ရာ မည်သည့်မီးတောက်ကိုမှ မဖန်တီးနိုင်ချေ။ သူ၏သရုပ်မှန်ကို သက်သေပြရန် အခွင့်အရေးမရှိသဖြင့် ဒေါသတကြီးအော်ဟစ်ကာ လျို့ဝှက်မှော်သိုင်းတစ်ခုကိုသုံးပြီး ထပ်မံထွက်ပြေးသွားတော့သည်။

ကျိုးရီရှင်းက ထိုသို့ ထွက်ပြေးသွားသည်ကိုမြင်လိုက်ရသောအခါ ဝိညာဥ်ကျင့်ကြံသူနှစ်ယောက်မှာ အတော်အတန် စိတ်သက်သာရာ ရသွားကြတော့သည်။.

” အောက်လမ်းဆရာတစ်ယောက်ပုံစံ ဟန်ဆောင်ရဲလောက်အောင် အတင့်ရဲလှပါလား ”

” သိပ်ဝေးဝေးရောက်ဦးမှာ မဟုတ်ဘူး။ ရအောင် အမိဖမ်းကြဟေ့။ ငါတို့သူ့ကိုသတ်လိုက်မယ်ဆိုရင် ငါတို့ တောင်နက် မျိုးနွယ်စု ကြုံတွေ့နေရတဲ့ ပြဿနာတွေ ပြေလည်သွားမှာ။ ပြီးတော့သူက ဒဏ်ရာရထားပြီး အခြေခိုင်မာခြင်းအဆင့်မှာပဲ ရှိသေးတာ။ သူက ငါတို့ တောင်နက်လူမျိုးစုရဲ့ အကြပ်အတည်းတွေကို ကျော်ဖြတ်နိုင်ဖို့ ငရဲဧကရာဇ်ကြီးကချီးမြှင့်လိုက်တဲ့ လက်ဆောင်ပဲဟေ့။ ”

ထိုသို့ဆိုကာ သူတို့က သူ့ကို ဆက်၍လိုက်ဖမ်းကြပြန်သည်။

သူတို့မှာဆက်၍လိုက်ဖမ်းနေသကြသလို ကျိုးရီရှင်းမှာလည်း တတ်နိုင်သမျှ စွမ်းအားအကုန်ထုတ်သုံးကာ ထွက်ပြေးနေသည်။ ခဏအကြာတွင် သူသည် အလွန်အမင်း ဒေါသထွက်ကာ မောပန်းလာသဖြင့် တစ်ကိုယ်လုံး ပေါက်ကွဲလုမတတ် ခံစားနေရတော့သည်။

” ‘ ပိုင် ‘ နာမည် ပါတဲ့ လူတိုင်းကို ငါမုန်းတယ် ”
သူက စိတ်ထဲတွင် ကျိန်ဆဲနေတော့သည်။
” တစ်ကမ္ဘာလုံးမှာရှိတဲ့ နာမည်မှာ ပိုင် ပါတဲ့ လူတွေက ငါ့အတွက်တော့ ကမ္ဘာမကြေပဲဟေ့။ ဆယ့်တစ်ရောင်ခြယ်မီးတောက် ဖန်တီးရတာခက်တယ်လို့ ငါသူ့ကို သဘောရိုးနဲ့ သတိပေးတာခဲ့တယ်လေ။ သူ့ဟာသူ ငါ့စကားနားမထောင်တာထား။ ဒါပေမဲ့ သူ့ဟာသူ မအောင်မြင်တာကို ဘာလို့ အဲဒီလောက်ကြီး ဒေါသထွက်သွားရတာတုံး ”

” သူသာ စိတ်မတိုပဲ ငါ့ကို ဝိညာဥ်တွေအတင်းအကြပ် သွားမရှာခိုင်းဘူးဆိုရင် ဒီလိုတွေဖြစ်လာစရာအကြောင်းကိုမရှိဘူး။ ”

သူ့ကို လိုက်ဖမ်းနေသည့် ရန်သူများမှာ ပို၍များပြားလာသဖြင့် ဒေါကန်နေသည့် ကျိုးရီရှင်းမှာ သူ၏ လျှို့ဝှက်မှော်သိုင်းကိုဆက်တိုက်သုံးကာ တချိန်လုံးသွေးများအန်ရင်း ပိုင်ရှောင်ချန်းရှိရာ ဂူဆီသို့ပြန်သွားနေတော့သည်။

ကျိုးရီရှင်းမှာ သူ၏တစ်ဘဝလုံး ယနေ့ကို မေ့ရတော့မည်မဟုတ်ပေ။ သူ၏ သက်စောင့်အားကို ဆက်တိုက်ထုတ်ယူသုံးစွဲမှသာ သူ၏ လျှို့ဝှက်မှော်သိုင်းကို အသုံးပြုနေနိုင်သည်ဖြစ်ပြီး အသက်ရှင်နေနိုင်သည်မဟုတ်ပါလော။ ယခုတွင်မူ သူ၏ဆံပင်အချို့မှာ အဖြူရောင်သို့ပြောင်းလဲသွားပြီဖြစ်ပြီး သူလွတ်မြောက်အောင်ထွက်ပြေးနိုင်ရန် ပေးဆပ်ခဲ့ရသည့်အရာများမှာ ပေါ်လွင်လာပြီဖြစ်သည်။

အဆုံးတွင် သူသည် ပိုင်ရှောင်ချန်း ရှိရာဖြစ်သော သစ်ပင်များ ပြုန်းတီးနေသည့် တောင်ကြီးကိုလှမ်းမြင်လိုက်တော့သည်။ သူ့ထံသို့ ပြန်လာရသည်ကို ဤမျှပျော်ရွှင်စရာကောင်းလိမ့်မည်ဟု သူလုံးဝမထင်ထားမိပေ။ သူက မျက်ရည်စက်လက်ဖြင့် သူ့ကိုလိုက်ဖမ်းနေသူများကို လှည့်ကြည့်ကာ အော်ဟစ်လိုက်သည်။
” မင်းတို့ကောင်တွေ နာဖို့သာပြင်ထား ”

ဝိညာဥ်ကျင့်ကြံသူ နှစ်ယောက်နှင့် သူတို့ဦးဆောင်လာသည့် လူ့ဘီလူးများမှာ ကျိုးရီရှင်းဦးတည်နေသည့် တောင်ကိုကြည့်မိလိုက်သောအခါ စိတ်ထဲတွင် မရိုးမရွဖြစ်သွားကြသော်လည်း လိုက်ဖမ်းနေသည်ကို မရပ်ပေ။ ဝိညာဥ်ကျင့်ကြံသူများဆိုလျှင် အံကိုပင်ကြိတ်ကာ မန္တန်လက်ကွက်များဖော်လိုက်ပြီး ဝိညာဥ်စွမ်းအားသိုင်းကွက်တစ်ခုကို ပူးပေါင်းကာ ထုတ်လိုက်တော့သည်။.

ချက်ချင်းပင် မီတာတစ်ဒါဇင်ကျော် ရှည်လျားသည့် ဝိညာဥ်ဓားနှစ်ချောင်းပေါ်ထွက်လာသည်။ ၎င်းဓားနှစ်ချောင်းမှာ ပေါ်ထွက်လာပြီးနောက် အတူတကွပေါင်းစည်းသွားသောအခါ မီတာသုံးဆယ်ကျော်ရှည်လျားသော လက်နက်ကြီးတစ်ခုဖြစ်သွားတော့သည်။ တချိန်ထဲမှာပင် လူ့ဘီလူးများကလည်း ဒေါသတကြီးအော်ဟစ်လိုက်သောအခါ ချီစီးကြောင်းများနှင့် သွေးစီးကြောင်းများ သူတို့၏ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာကြပြီး အနက်ရောင်မြူခိုးအသွင်ပြောင်းလဲကာ ဝိညာဥ်ဓားကြီးနှင့်ပေါင်းစည်းသွားသဖြင့် ထိုဓားကြီးမှာပို၍ပင် ကြီးမားလာတော့သည်။ ယခုတွင် ထိုမီတာ တစ်ရာ့ငါးဆယ်ကျော်ရှိသော်ဓားကြီးမှာ ကျိုးရီရှင်းဆီသို့ ဦးတည်လာတော့သည်။

ထိုတိုက်ကွက်ကြောင့် ဝိညာဥ်ကျင့်ကြံသူနှစ်ယောက်မှာ အားအင်များ အလွန်အမင်းကုန်ခမ်းသွားရပြီး လူ့ဘီလူးအယောက်တစ်ရာကျော်မှာလည်း မျက်နှာများဖြူဆုတ်သွားရတော့သည်။ သို့သော်လည်း သူတို့မှာ မျှော်လင့်ချက်များတောက်ပနေသည့် မျက်ဝန်းများဖြင့် ကျိုးရီရှင်းကိုကြည့်နေဆဲပင်။

” မျိုးနွယ်စုဆိုင်ရာ လျှို့ဝှက်မှော်သိုင်းပါလား ”
ကျိုးရီရှင်းက အံ့အားသင့်သွားပြီး အလန့်တကြားအော်ဟစ်လိုက်သည်။ သူ၏ အသိစိတ်များကို စိုးရိမ်မှုများက ဖုံးလွှမ်းသွားပြီး ဝိညာဥ်ဓားကြီး သူ့ကိုမထိစေရန်အတွက် သူ၏လျှို့ဝှက်မှော်သိုင်းကိုထပ်မံ အသုံးပြုလိုက်သောအခါ သွေးရှစ်ပွက်တိတ် အန်ထွက်လာပြန်တော့သည်။

” ကျွန်တော့်ကိုကယ်ပါဦး တာအိုရောင်းရင်း ပိုင်ရေ။ ”
သူက အော်ခေါ်လိုက်သည်။ တချိန်ထဲမှာပင် မီတာတစ်ရာ့ငါးဆယ်ရှည်လျားသော ဝိညာဥ်ဓားကြီးက ကျိုးရီရှင်းနှင့် တောင်ပေါ်သို့ကျဆင်းလာပြီး အရာအားလုံးကို ဖုန်မှုန့်အသွင်ပြောင်းရန် အချိန်အနည်းငယ်မျှသာလိုတော့သည်။

ပိုင်ရှောင်ချန်း၏ ကိုယ်ပွားသုံးခုမှာ ဝိညာဥ်များကို စုစည်းနေဆဲဖြစ်ရာ လူအစစ်မှာ တောင်ထိပ်ရှိဂူထဲတွင် တစ်ယောက်ထဲ ထိုင်နေသည်။ လက်ရှိတွင်မူ သူ၏မျက်နှာပေါ်တွင် ခက်ထန်ကြမ်းကြုတ်သော အမူအရာတစ်ခုကိုမြင်နိုင်သည်။ သူ၏ဆံပင်များမှာလည်း အလွန်အမင်းရှုတ်ပွနေပြီး သူ့မျက်ဝန်းများမှာလည်း ရူးသွပ်နေသည့်အလား နီမြန်းနေသည်။

သူ၏ လက်ဖဝါးထဲတွင် ဆယ်ရောင်ခြယ်မီးတောက်တစ်ခုရှိနေပြီး ထိုထဲသို့ သူက အဆုံးမရှိသော အမုန်းဝိညာဥ်စီးကြောင်းများကို ထည့်သွင်းနေသည်။ သူက အာရုံအပြည့်စူးစိုက်နေသည်ဖြစ်ပြီး မည်သည့်နည်းနှင့်မျှ အာရုံမထွေပြားရန် အထူးဂရုပြုနေသည်။ သူ၏မျက်ဝန်းများမှာ နီမြန်းနေပြီး အချိန်မည်မျှကုန်ဆုံးသွားကြောင်းကိုပင် သူက မသိချေ။ သူသိသည့်တစ်ခုထဲသောအရာမှာ သူ၏ဆက်တိုက်ကျရှုံးမှုများမှာ အလွန်တန်ကြေးကြီးနေပြီဆိုသည့် အချက်ပင်ဖြစ်သည်။ ထိုအရာများကြောင့် ဂူအပြင်ဘက်တွင် ဖြစ်ပျက်နေသည်များကို သူကလုံးဝမသိနိုင်လောက်အောင် ဖြစ်နေရသည်။

” ဒီတစ်ခေါက်တော့ သေချာပေါက်အောင်မြင်ရမယ်။ အောင်မြင်မှကိုရမယ်ဟေ့။ ”
ဆယ်ရောင်ခြယ်မီးတောက်မှာ ဝိညာဥ်များအားလုံးကို ဝါးမျိုကာ မီးတောက်ထဲတွင် ဆယ့်တစ်ခုမြောက်အရောင် ပေါ်ထွက်လာခါနီးတွင် ရုတ်တရက် ထိုမီးတောက်မှာ မတည်မငြိမ်ဖြစ်လာတော့သည်။ ထိုအခါ ပိုင်ရှောင်ချန်းမှာ ကွက်ခနဲ မျက်နှာပျက်သွားပြီး ဘက်လက်ဖြင့် မန္တန်လက်ကွက်တစ်ခုကို အမြန်ဖော်ကာ သူ၏လက်ချောင်းကို မီးတောက်ထဲသို့ ထိုးထည့်လိုက်သည်။

သို့သော် မီးတောက်မှာ ပို၍လျင်မြန်စွာ မှိတ်တုတ်မှိတ်တုတ် ဖြစ်လာပြီး အတွင်းထဲမှ စွမ်းအားကြီးအငွေ့အသက်များ ပေါ်ထွက်လာသဖြင့် ပိုင်ရှောင်ချန်း၏ အမူအရာမှာ ပြောင်းလဲသွားရတော့သည်။

ထိုအချိန်တွင် ကျိုးရီရှင်း၏အော်ဟစ်သံနှင့်အတူ လူ့ဘီလူးအကောင်တစ်ရာကျော်၏ဟိန်းဟောက်သံများမှာ သူ၏နားထဲသို့ ဝင်လာတော့သည်။

ထို့နောက် ဆယ်ရောင်ခြယ်မီးတောက်ကြီး မတည်မငြိမ်ဖြစ်ကာ ပေါက်ကွဲသွားသောအခါ ထွက်ပေါ်လာသော ကျယ်လောင်သည့် ပေါက်ကွဲသံကြီးအောက်သို့ ထိုအသံများအားလုံးမှာ နစ်မြုပ်သွားတော့သည်။

ပိုင်ရှောင်ချန်းသည် သနားစဖွယ်အော်ဟစ်ကာ နောက်ဘက်သို့ ဆုတ်ခွာပြီး ထာဝရထီးကိုထုတ်ကာ သူ့ကိုယ်သူကာကွယ်လိုက်ချိန်တွင် တောင်တစ်တောင်လုံးမှာမူ အပြင်းအထန်တုန်ရီသွားတော့သည်။

တောင်ဆီသို့ ဝိညာဥ်ဓား မရောက်နိုင်ခင်တွင် တောင်ထိပ်ကြီးမှာ ပေါက်ကွဲသွားပြီး ဧရာမမီးတောက်ကြီးများက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။

မီးစွဲနေသည့် ကျောက်စကျောက်နများနှင့် ချော်ရည် ချော်ခဲများပင် လွင့်စင်လာကြပြီး ဝိညာဥ်ဓားကိုဖျက်စီးလိုက်လေရာ ၎င်းမှာ ပျောက်ချင်းမလှပျောက်ဆုံးသွားရတော့သည်။


Comment

Leave a Reply


Options

not work with dark mode
Reset