Switch Mode

အခန်း ( ၅၇၀ )

မီးတောက်ဖန်တီးနည်း

မြေရိုင်းဒေသထဲတွင် မြို့ကြီးငါးမြို့က ငါးပိုင်းခွဲကာ အုပ်ချုပ်နေသည်။

ထို့မြို့ငါးမြို့အနက် လေးမြို့မှာ ဘုရင်များ၏ မြို့တော်များဖြစ်ပြီး ကျန်တစ်မြို့မှာ နန်းမြို့တော်ဖြစ်သည်။ ထိုမြို့များ၏ အမည်များမှာ သောကကင်းဝေးကိုးသွယ် မြို့တော်၊ သရဲကြီး မြို့တော်၊ စစ်အောင် မြို့တော်၊ ဝိညာဥ်ခရီးသွား မြို့တော်နှင့် ဗဟိုဧကရာဇ် မြို့တော်တို့ဖြစ်ကြသည်။

မြေရိုင်းဒေသကို ကောင်းကင်တံတားဒေသ၏ ရှေးရိုးလမ်းစဥ်များအတိုင်း တည်ဆောက်ဖွဲ့စည်းထားသည်။ အားလုံး၏အထက်တွင် လက်ရှိ ဗဟိုဧကရာဇ်ရှိပြီး သူ၏လက်အောင်တွင် ဘုရင်လေးပါးရှိသည်။

ဘုရင်လေးပါးမှာ မြေရှင်ပဒေသရာဇ်စနစ်ရှိ မြို့စားများပမာ ဖြစ်ပြီး အဓိကမြို့ကြီးလေးမြို့ကို အုပ်ချုပ်ကာ ကိုယ်ပိုင်စစ်တပ်များရှိသည်။

နန်း မြို့တော်ထဲတွင် ဘုရင်များထက်အဆင့်နိမ့်သည့် မှူးမတ်များ၊ အမှူထမ်းများ ရှိကြသည်။ မြေရိုင်းဒေသက မြေရှင်ပဒေသရာဇ်စနစ်ကို ကျင့်သုံးသည့် အင်ပါယာတစ်ခုအနေဖြင့် ဖွဲ့စည်းထားသည်။

ပိုင်ရှောင်ချန်းသည် ကျိုးရီရှင်းကို မေးခွန်းများ တစ်ခုပြီးတစ်ခုမေးခဲ့ရာမှ ထိုအကြောင်းအရာများကို သိရှိခဲ့သည်။ သူယခုမှသိရှိရသည့် အကြောင်းအရာအသစ်အချို့ကြောင့် သူက အံ့သြနေရပါသော်လည်း သူယခင်ကသိထားခဲ့သည်များနှင့် ချိန်ဆကြည့်လိုက်သောအခါ အရာအားလုံးမှာ အဓိပ္ပါယ်ရှိနေသည်။ ဝိညာဥ်ကျင့်ကြံသူများနှင့် အောက်လမ်းဆရာများက မြေရိုင်းဒေသ၏ အုပ်ချုပ်သူအစစ်အမှန်များဖြစ်ကြောင်းကို သူသိသည်မှာ ကြာလှနေပြီမဟုတ်ပါလော။

သို့သော် သူ မသိသေးသည်မှာ လွန်ခဲ့သောနှစ်ပေါင်းများစွာက ကောင်းကင်တံတားကျွန်းပေါ်ရှိ ကောင်းကင်ဧကရာဇ်ကြီးသည် ယခုလက်ရှိ ဗဟိုဧကရာဇ်ကို တော်လှန်ကာ နန်းချခဲ့သည်ဆိုသော အချက်ဖြစ်သည်။ ထိုသို့ နန်းချခံခဲ့ရပြီးနောက် အသက်ရှင်ကျန်ရစ်ခဲ့သည့် လက်ကျန်မျိုးဆက်များမှာ မြေရိုင်းဒေသဆီသို့ ထွက်ပြေးကာ ယခုကဲ့သို့ အခြေအနေကို ဆိုက်ရောက်ခဲ့ရသည်။

ပိုင်ရှောင်ချန်းမှာ ယခုလက်ရှိတွင် ဘုရင်ကြီးလေးပါးထဲမှတစ်ပါးဖြစ်သော သရဲကြီး ဘုရင် အုပ်ချုပ်သည့် နယ်မြေထဲတွင် ရောက်နေခြင်းဖြစ်သည်။ သူ၏နောက်ဘက်ရှိ တောအုပ်ကြီးကိုမူ သင်းကွဲဝိညာဥ်များကျက်စားရာ တောအုပ်ဟု ခေါ်တွင်ပြီး သရဲကြီး မြို့တော် အနီးတွင်တည်ရှိသည်။

ထို့အပြင် သရဲကြီး မြို့တော်သည် ကောင်းကင်တံတားဒေသ၏ အနောက်ဘက်ပိုင်းတွင် တည်ရှိသည်ဖြစ်ပြီး ရှင်းကုံကျစ်တာအိုဂိုဏ်းမှာမူ အရှေ့ဘက်ပိုင်းတွင် တည်ရှိသည်ဖြစ်ရာ သူက သူ၏အိမ်နှင့် အလွန်ဝေးကွာနေသည်။

ကောင်းကင်တံတားမြစ်၏ အရှေ့ပိုင်းမြစ်ခွဲဆီသို့ ပြန်လိုပါက သူသည် ကောင်းကင်တံတား ပင်လယ်ကြီးကိုဖြတ်ရမည်ဖြစ်သည်။ ထိုအခြင်းအရာကို ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများပင် မလုပ်နိုင်ပေ။ နတ်အဆင့် ကျင့်ကြံခြင်းအခြေခံရှိသော ကျင့်ကြံသူများသာ ထိုသို့ဖြတ်နိုင်မည်ဖြစ်သည်။

တည်နေရာရာရွှေ့ပြောင်းခြင်း ဝင်ပေါက်များကဲ့သို့သော အခြားနည်းလမ်းများဖြင့်လည်း သွားနိုင်သေးသည်။ ထိုနည်းလမ်းဖြင့် ကောင်းကင်တံတားဒေသ၏ အရှေ့ဘက်အပိုင်းကို ရောက်အောင်သွားရန်မှာ ခက်ခဲလှသည့်အရာမဟုတ်ပေ။ သို့သော် ကျိုးရီရှင်းကို မသိမသာလေး မေးခွန်းတစ်ခုထုတ်ခဲ့ပြီးနောက် မြေရိုင်းဒေသမှလူများသာ ထိုတည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်များကို အသုံးပြုနိုင်သည်ဖြစ်ကြောင်း သူသိလိုက်ရသည်။

ထိုတည်နေရာရွှေ့ပြောင်းခြင်း ဝင်ပေါက်များ၏ အခြေခံစွမ်းအင်မှာ ဝိညာဥ်စွမ်းအင်ဖြစ်ပြီး ၎င်းဝင်ပေါက်များမှာ အခြားထူးဆန်းသော ဂုဏ်သတ္တိများကိုပါ ပိုင်ဆိုင်ထားကြသည်။

သို့သော်လည်း ထိုအကြောင်းများကိုမူ ကျိုးရီရှင်းပင်လျှင် သေသေချာချာ မသိပေ။ ယခု သူပြောပြခဲ့သည့် အချက်အလက်များမှာ သူနားဖြင့်သာကြားခဲ့ရပြီး ကိုယ်တိုင်အတည်မပြုရသေးသည့် အရာများအပေါ် အခြေခံ၍ ပြောဆိုခဲ့ခြင်းဖြစ်သည်။ အဆုံးတွင် ပိုင်ရှောင်ချန်းမှာ တစ်ခဏမျှတိတ်ဆိတ်သွားပြီး ဂူအပြင်ဘက်ရှိ ကောင်းကင်ကြီးကို မော့ကြည့်နေလိုက်တော့သည်။

” အာ ဘာပဲဖြစ်ဖြစ်ကွာ ”
သူက သက်ပြင်းချရင်း တွေးလိုက်သည်။
” ကံတော့စမ်းကြည့်ရမှာပဲ။ ကံကောင်းပြီးတော့ ဒီနေရာကနေ ထွက်သွားရင်လည်း ထွက်သွားနိုင်မှာပေါ့ ”
ထို့နောက် သူက ခေါင်းယမ်းလိုက်ပြီး နောက်စေ့အရိုက်ခံလိုက်ရသဖြင့် သတိလစ်နေသည့် ကျိုးရီရှင်းကိုပြန်ကြည့်လိုက်သည်။

ကျိုးရီရှင်းက သူ့ကိုသတ်ရန် သုံးကြိမ်တိတိကြိုးပမ်းခဲ့သည် ဖြစ်သော်လည်း သူ့ကို ယခုအတိုင်းသတ်လိုက်ရန်မှာ မှန်ကန်သောလုပ်ရပ်မဟုတ်ဟု ပိုင်ရှောင်ချန်းကယူဆထားသည်။ မဟာတံတိုင်းတွင်ဆိုလျှင်မူ ဤအခြေအနေသို့ ရောက်ချင်မှရောက်မည်ဖြစ်သော်လည်း ယခုလို သူ မရင်းနှီးသည့်နေရာသို့ ရောက်နေသောအခါတွင်မူ ကျိုးရီရှင်းအား ခရီးသွားဖော်တစ်ယောက်အဖြစ် ခေါ်ခဲ့ခြင်းမှာ ပို၍ကောင်းသော ရွေးချယ်မှုတစ်ခုဖြစ်ပေသည်။

ထို့အပြင် ကျိးရီရှင်းမှာ သူ၏ ကံကောင်းစေသောကြယ်ကလေးဟု ပိုင်ရှောင်ချန်းက ယုံကြည်နေသည်။ သူသာ ရှေ့ကနေလမ်းပြပေးပါက မြေရိုင်းဒေသကြီးမှာ အလွန်ဘေးအန္တရာယ်ကြီးနိုင်တော့မည် မဟုတ်ပေ။

ထိုသို့သော အတွေးများကြောင့် ပိုင်ရှောင်ချန်းမှာ သူ့ကိုပို၍ပင် မသတ်လိုတော့ပေ။ အနည်းငယ်ထပ်မံ တွေးတောလိုက်ပြီးနောက် သူက မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး ကျိုးရီရှင်းအပေါ်တွင် အချုပ်အနှောင်မန္တန် ရာဂဏန်းအနည်းငယ် မန်းမှုတ်လိုက်တော့သည်။ ထို့ကြောင့် ကျိုးရီရှင်း၏ အသက်မှာ သူ၏လက်ထဲရောက်သွားပြီဖြစ်ပြီး တစ်ချက်လောက်တွေးလိုက်ရုံဖြင့် သူ၏အသက်ကိုနှုတ်ယူနိုင်ပေသည်။

” သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံကို ဖျက်စီးပစ်ဖို့ကျတော့ အဆင်မပြေလောက်ဘူး။ လမ်းမှာ အန္တရာယ်တစ်ခုခုနဲ့ကြုံတုံး သူအသတ်ခံလိုက်ရရင် ဘယ်လိုလုပ်လဲ။ အဲဒီလိုတော့ မဖြစ်ဘူး။ ”
အနည်းငယ်ထပ်မံတွေးတောလိုက်ပြီးနောက် သူက ကျိုးရီရှင်း၏ ကျင့်ကြံခြင်းအခြေခံကို ဆယ်ရာခိုင်နှုန်းတိတိ ပြန်ဖွင့်ပေးလိုက်သည်။ သို့သော် သူက မလုံမလဲဖြစ်နေသေးသဖြင့် ထိုပမာဏ၏ တစ်ဝက်ထိသာ ပြန်ဖွင့်ပေးလိုက်တော့သည်။

” သူ့ ကျင့်ကြံခြင်းအခြေခံရဲ့ ငါးရာခိုင်နှုန်းလောက်နဲ့ဆိုရင် သူက အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်သာသာပဲ ရှိတော့မှာ။ အဲဒါဆို သူလည်း နည်းနည်းပါးပါး လွတ်လပ်သွားမယ်။ ထွက်ပြေးလို့လည်း ရမှာမဟုတ်ဘူး။ ”
ကံကောင်းစေသော ကြယ်လေးအပေါ် သူ၏ဆက်ဆံနေပုံကိုတွေးကာ သူ့ကိုယ်သူ ပြန်လည်အားရကျေနပ်နေတော့သည်။ ထို့နောက် သူက ကျိုးရီရှင်းကို လျစ်လျူရှုလိုက်ပြီး တင်ပျဥ်ခွေထိုင်ကာ ကျိုးရီရှင်း သူ့ကိုရှင်းပြထားသည့် မီးတောက်ဖော်စပ်နည်းများထဲမှ တစ်ခုကို စမ်းသပ်ကြည့်ရန် ပြင်လိုက်သည်။

မမျှော်လင့်ထားသည့် ဘေးအန္တရာယ်များ ဖြစ်မလာနိုင်စေရန် သူ၏ ကိုယ်ပွားသုံးခုကိုထုတ်ကာ တစ်ခုကို ဂူအဝသို့ပို့ထားပြီး ကျန်နှစ်ခုကို သူ၏တစ်ဖက်တစ်ချက်စီတွင် ဓမ္မအစောင့်အရှောက်များအဖြစ် စောင့်ခိုင်းထားလိုက်သည်။

လက်ဖျောက်တစ်ချက်တီးချိန်အတွင်း သုံးရက်ဆိုသောအချိန်မှာ ကုန်ဆုံးသွားသည်။ ကျိုးရီရှင်း သတိပြန်ရလာသည်မှာ ကြာပြီဖြစ်ပြီး သူက မလှုပ်မယှက်လဲလျောင်းနေသည်သာဖြစ်သည်။ သူ့ကျင့်ကြံခြင်းအခြေခံကို ကိုးဆယ့်ငါးရာခိုင်နှုန်းတိတိ ပိတ်ဆို့ထားသည်ကို သူကအာရုံခံမိသော်လည်း သူ စိတ်သက်သာရာရသွားသည်သာဖြစ်သည်။ သူ့ကိုဖမ်းထားသည့်လူမှာ သူ့ကိုမသတ်ပဲ ကျင့်ကြံခြင်းအခြေခံကိုသာ ပိတ်ဆို့ခဲ့သည် မဟုတ်ပါလော။ လတ်တလောအချိန်တွင်မူ သူဘေးကင်းနေပြီဖြစ်သည်။

သို့သော်လည်း ဝင်္ကပါထဲသို့သွားခဲ့ချိန်မှစ၍ သူဆက်တိုက် ကံဆိုးခဲ့ရသည်ကို ပြန်တွေးမိလိုက်သောအခါ သူ၏စိတ်နှလုံးထဲတွင် ပူဆွေးသောကများဖုံးလွှမ်းလာသဖြင့် သူက မလှုပ်မယှက်လဲလျောင်းကာ ဂူမျက်နှာကျက်ကိုသာ စိုက်ကြည့်နေတော့သည်။

ကျိုးရီရှင်းမှာ မိန်းမောတွေဝေနေစဥ် ပိုင်ရှောင်ချန်းက မီးတောက်ဖော်စပ်နည်းများကို စိတ်နှစ်ကာ လေ့လာနေတော့သည်။ သူပို၍ လေ့လာမိသည်နှင့်အမျှ အံ့အားသင့်လာပြီး တီးတိုးရေရွတ်နေတော့သည်။

” ရောင်စုံခြယ်မီးတောက်တွေ ဖန်တီးတယ်ဆိုတာ ဒီလိုပါလား။ ကိုယ်လိုချင်တဲ့ မီးအမျိုးအစားကိုလိုက်ပြီး ပါဝင်ပစ္စည်း အဖြစ်လိုအပ်တဲ့ ဝိညာဥ်အမျိုးအစားတွေလည်း ကွဲပြားသွားတာပဲ။ ပါဝင်ပစ္စည်းတွေနဲ့ ပတ်သတ်တဲ့ စည်းမျဥ်းတွေက တော်တော်ကို ကြပ်တယ်။ ”

” နှစ်ရောင်ခြယ်မီးတောက်ကို ဖန်တီးဖို့ဆိုရင် တစ်ရောင်ခြယ်မီးတောက်ကို အရင်စလုပ်ဖို့လိုတယ်။ နှစ်ရောင်ခြယ်မီးတောက်ရပြီးရင် ဝိညာဥ်တွေထပ်ထည့်ပြီးတော့ သုံးရောင်ခြယ်မီးတောက်ကို ဖန်တီးလို့ရမယ် ”
သူ ပို၍လေ့လာမိသည်နှင့်အမျှ သူ၏မျက်ဝန်းများမှာ စိတ်ဝင်စားမှု အရိပ်အယောင်များဖြင့် ပိုမိုတောက်ပလာေတာ့သည်။ မီးတောက်ဖန်တီးခြင်းနှင့် ဆေးဖော်စပ်ခြင်းတို့အကြားတွင် ခြားနားချက်များစွာရှိပါသော်လည်း အချို့အချက်များမှာ ဆင်တူနေသဖြင့် သူက အခြေခံများကို လွယ်လွယ်ကူကူ နားလည်သွားတော့သည်။

” စိတ်ဝင်စားစရာပဲ ”
သူက စုတ်သပ်ရင်းတွေးလိုက်သည်။ ဆေးဖော်စပ်ခြင်းမှာ သူအကျွမ်းအကျင်ဆုံးအရာများထဲမှ တစ်ခုဖြစ်သဖြင့် မီးတောက်ဖန်တီးခြင်းတွင်လည်း ကျွမ်းကျင်လာနိုင်မည့်အတွေးကြီးမှာ အလွန်စွဲမက်ဖွယ်ကောင်းနေတော့သည်။

လက်ရှိတွင် သူသည် နှစ်ရောင်ခြယ်မီးတောက်ကို မေ့လိုက်ပြီး တစ်ရောင်ခြယ်မီးတောက်အပေါ်တွင်သာ အာရုံစိုက်လိုက်သည်။ သူကိုယ်တိုင် မီးတောက်ဖန်တီး၍ ရ၊ မရ ဆန်းစစ်ကြည့်ရန်အတွက် စမ်းသပ်မှုအချို့ ပြုလုပ်ရန် ပြင်လိုက်သည်။

ဖော်စပ်နည်းကို သေချာလေ့လာပြီးနောက် သူ၏ ရေကိုယ်ပွားအား သူ၏ထည့်စရာအိတ်ကိုပေးလိုက်ပြီး အမုန်းဝိညာဥ်အချို့ကို သွား၍စုဆောင်းစေလိုက်သည်။

ကျိုးရီရှင်းမှာ ထိုဖြစ်ရပ်များအားလုံးကို အရောင်လက်နေသည့် မျက်ဝန်းများဖြင့် ကြည့်နေတော့သည်။ သူသည် ပိုင်ရှောင်ချန်း၏ ကိုယ်ပွားများကြောင့် အံ့အားသင့်နေရပြီး ထိုကိုယ်ပွားများက သူ၏ အတားအဆီး မန္တန်များအား မြက်ခြောက်များနှုတ်သကဲ့သို့ အလွယ်တကူဖျက်စီးသွားခဲ့သည့် ပုံရိပ်များကို အတွေးထဲမှ ထုတ်၍မရနိုင်လောက်အောင် ဖြစ်နေတော့သည်။

” ဒီ ပိုင်ဆိုတဲ့ကောင်က ဘယ်လိုနတ်ဘုရားစွမ်းရည်တွေကိုများ ကျင့်ကြံထားတာတုံး။ ငါအရင်တုံးက ကိုယ်ပွားတွေ မမြင်ဖူးတာလည်းမဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်ပွားအများစုက ပုံရိပ်ယောင်သာသာပဲရှိပြီး အများအားဖြင့် လူအစစ်ပိုင်ဆိုင်တဲ့ ကျင့်ကြံခြင်းအခြေခံရဲ့ ဆယ်ရာခိုင်နှုန်းလောက်ကိုပဲ ပိုင်ဆိုင်ကြတာ။ အဲဒါတောင် တော်တော်တမူထူးခြားတဲ့ ကိုယ်ပွားတွေမှရတာ။ ဒါပေမဲ့ ဒီကောင့်ကိုယ်ပွားတွေက လူအစစ်နီးပါးလောက်ကို စွမ်းအားကြီးနေတာ။ လုံးဝ….ဖြစ်နိုင်စရာအကြောင်းမရှိဘူး ”

ကျိုးရီရှင်းမှာ ထိုအကြောင်းကို အနည်းငယ်မျှတွေးတောနေရင်း အပြင်ဘက်တွင် မှောင်စပြုလာတော့သည်။ ထို့နောက် လူရိပ်တစ်ခုမှာ ဂူထဲသို့ဖျတ်ခနဲ ဝင်လာသဖြင့် သူက ထိတ်လန့်သွားတော့သည်။ သို့သော် ထိုလူရိပ်မှာ စောစောက ထွက်ခွာသွားခဲ့သည့် ကိုယ်ပွားဖြစ်နေသည်။

ထိုကိုယ်ပွားမှာ ပိုင်ရှောင်ချန်း အစစ်ထံသို့ လမ်းလျှောက်သွားပြီး ထည့်စရာအိတ်ကို ကမ်းပေးလိုက်ကာ သူ၏ဘေးတွင် တင်ပျဥ်ခွေထိုင်ချလိုက်ပြီး တရားဆက်ထိုင်နေတော့သည်။

ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ ပွင့်သွားပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါ သူ၏ထည့်စရာအိတ်ထဲမှ အမုန်းဝိညာဥ်ရှစ်ကောင် ထွက်ပေါ်လာသည်။ ထိုဝိညာဥ်များမှာ မှုန်ဝါးဝါးရှိသော မြူခိုးလုံးများဖြစ်ကြပြီး လူ့ဘီလူးများနှင့် သားရဲပုံစံများဖမ်းကာ ပိုင်ရှောင်ချန်းကို မာန်ဖီနေတော့သည်။

၎င်းတို့ကို အကြမ်းဖျင်းလေ့လာလိုက်ပြီးနောက် ပိုင်ရှောင်ချန်း၏မျက်နှာမှာ အလွန် တည်ကြည်သွားပြီး ဆေးဖော်စပ်ခဲ့သည့်အချိန်များက ပုံစံအတိုင်း ဖြစ်သွားတော့သည်။ သူက လက်ကိုဆန့်ထုတ်ကာ ဝိညာဥ်ရှစ်ကောင်လုံးကို ဖမ်းယူလိုက်ပြီး သူ၏လက်ဝါးထဲတွင် ချေမွလိုက်တော့သည်။

ချက်ချင်းပင် သဘာဝတရားကြီး၏ ဥပဒေသများမှာ အလုပ်လုပ်နေသကဲ့သို့ ဖြစ်သွားတော့သည်။ သူ၏လက်ချောင်းများကြားထဲမှ မီးရောင်အလင်းတန်းစီးကြောင်းများ စိမ့်ထွက်လာသဖြင့် သူကအံ့သြသွားရသော်လည်း ၎င်းတို့မှာ လျင်မြန်စွာပျောက်ကွယ်သွားတော့သည်။ တစ်ခဏအကြာတွင် သူ၏လက်ကို ဖွင့်ကြည့်လိုက်သောအခါ အထဲတွင် မည်သည်မှ မရှိတော့ပေ။

ဘေးနားတွင်မူ ကျိုးရီရှင်း၏နှုတ်ခမ်းများမှာ လှောင်ပြုံးပြုံးနေသည့်အလား ကွေးညွှတ်သွားတော့သည်။

” သူက ကျိုးမျိုးနွယ်စုရဲ့ မီးတောက်ဖန်တီးခြင်းအတတ်ကို သုံးနေတာပဲ….ဟွန်း။ ငါတို့မျိုးနွယ်စုရဲ့ နည်းလမ်းတွေနဲ့ပတ်သက်ပြီး သောကကင်းဝေးကိုးသွယ် ဘုရင်ကိုယ်တိုင် ချီးကျူးထားတာကွ။ အဲဒီနည်းလမ်းက အကောင်းဆုံးလို့ မပြောနိုင်ပေမဲ့ အံ့သြဖို့ကောင်းတဲ့ အဆင့်မှာရှိတုံးပဲ။ လူအများစုက အဲဒီနည်းလမ်းကို ကျွမ်းကျွမ်းကျင်ကျင် သုံးဖို့ဆိုရင် ဆယ်စုနှစ်အနည်းငယ်လောက် လေ့ကျင့်ရတယ်။ တစ်ခါတလေဆိုရင် နှစ်ခြောက်ဆယ်စက်ဝန်းတစ်ခုလောက်အထိကို ကြာတယ်။ မျိုးနွယ်စု အကြီးအကဲက ငါ့အရည်အချင်းကို ရှားပါးအဆင့်ဆိုပြီးသတ်မှတ်ထားတာတောင် သုံးလတိတိအချိန်ယူခဲ့ရပြီး အကြိမ်ထောင်ပေါင်းများစွာ လေ့ကျင့်ပြီးမှ အောင်မြင်ခဲ့တာ။ ဒီကောင်က တခြားနည်းလမ်းတွေကို သုံးနေကျဖြစ်ပေမဲ့ ကျိုးမျိုးနွယ်စုရဲ့ နည်းလမ်းကိုတော့ မကျွမ်းကျင်သေးတာ အသေအချာပဲ။ ကိုယ့်အဆင့်ကိုယ် မသိပါလား ”

ပိုင်ရှောင်ချန်းမှာ သူ၏လက်ဝါးကို တွေးဆကာ ငုံ့ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်တော့သည်။ အချက်အလက်များကို အနည်းငယ်ထပ်မံ သုံးသပ်လိုက်ပြီးနောက် သူက ဝိညာဥ်ရှစ်ကောင် ထပ်၍ ထုတ်ကာ သူ၏လက်ပေါ်သို့တင်၍ နောက်တစ်ခေါက်ထပ်ကြိုးစားရန် ပြင်လိုက်သည်။

ထိုအခါ အရင်တစ်ခေါက်ကအတိုင်း ထပ်ဖြစ်သွားပြီး မီးရောင်အလင်းတန်းစီးကြောင်းများမှာ သူ၏လက်ထဲမှ လွတ်ထွက်သွားပြန်သည်။ သို့သော် ဤအချိန်တွင် ၎င်းတို့မှာ ပျောက်ကွယ်မသွားပေ။ ပို၍ လင်းလက်တောက်ပလာပြီး တစ်ရောင်ခြယ်မီးတောက်တစ်ခုအသွင်ပြောင်းလဲသွားကာ သူ၏လက်ဖဝါးပေါ်တွင် လောင်ကျွမ်းနေတော့သည်။

ကျိုးရီရှင်းမှာ မျက်လုံးများ ပြူးသွားရပြီး ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။ မီးတောက်ဖန်တီးနည်းများမှာ အမျိုးမျိုး အဖုံဖုံရှိသည်ကို သူ သိထားပြီးဖြစ်သည်။ နည်းတစ်မျိုးနှင့်ကျွမ်းကျင်အသားကျနေသည့် အောက်လမ်းဆရာတစ်ယောက်မှာ အခြားနည်းလမ်းကို ကျွမ်းကျင်နိုင်ရန်မှာ အလွန်ခဲယဥ်းသော အရာတစ်ခုဖြစ်ပြီး ချိန်ညှိမှုများကို အချိန်အတော်အတန်ကြာအောင် ပြုလုပ်ရသေးသည်။

သို့သော် ဤအောက်လမ်းဆရာပိုင်ဆိုသည့် လူသည်ကား အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်အတွင်း ဒုတိယအကြိမ်မြောက် ကြိုးစားမှုတွင် အောင်မြင်သွားခဲ့သည်။

ကျိုးရီရှင်းမှာ အံ့အားသင့်လွန်းနေသဖြင့် အသက်ရှူသံများပင် မြန်လာတော့သည်။

” စစချင်းမလို့ ကံကောင်းသွားတာပါကွာ။ ဒီကောင် ကံထနေလို့ပါ ”
သူက ထိုစကားများဖြင့် မိမိကိုယ်ကို နှစ်သိမ့်နေသော်လည်း ပိုင်ရှောင်ချန်း ဖန်တီးခဲ့သည့် တစ်ရောင်ခြယ်မီးတောက်ကိုကြည့်ရင်း တံတွေးများပင် မျိုချနေမိတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset