နောက်ရက်အနည်းငယ်တွင် ကောင်းကင်နတ်တံခါးမှ ထွက်သွားကြသော ကျင့်ကြံသူများ ပြန်ရောက်လာခဲ့ကြ၏။
ဦးဆုံး ရောက်လာသူများမှာ ရန်ဟောင်များဖြစ်ကြပေသည်။ သူတို့အနေဖြင့် ဘုံတစ်ခုနှင့်တစ်ခု ပိုမိုမြန်ဆန်စွာ သွားလာနိုင်ပေသည်။
သူတို့အထဲတွင် ဗဟိုအင်ပါယာဘုံတွင် ကျင့်ကြံသူအချို့လည်း ပါဝင်၏။
သတင်းများ တဖြေးဖြေးပျံ့သွားလျှင် ကောင်းကင်နတ်တံခါးမှ တန်ခိုးရှင်များသည် ဗဟိုအင်ပါယာဘုံသို့ စတင်၍ ထွက်ခွာလာကြတော့သည်။
ကော့တေးကို တည်ထောင်ပြီးသည်နှင့် ပထမဆုံးသော တပည့်များမှာ ကောင်းကင်နတ်တံခါးမှ တပည့်များဖြစ်ကြပေလိမ့်မည်။
ရီဖူရှင်းက မိစ္ဆာဘုံမှ တန်ခိုးရှင်များကိုလည်း ငြင်းပယ်လိမ့်မည် မဟုတ်ပေ။ မည်သို့ဆိုစေ သူတို့ထဲမှ အချို့မှာ ဧကရာဇ်ရီချင်နှင့် နီးကပ်ကြပေသည်။
တစ်နေ့ နန်ထျန်းနတ်ပြည်ထောင်မှ ထျန်ရှင်းကျောင်းတော်သို့ ဧည့်သည်တစ်ယောက် ရောက်လာ၏။ သူမကား မင်းသမီး နန်လော့ရှန်းဖြစ်ပေသည်။ သူမသည်လည်း ထျန်ရှင်းကျောင်းတော်၌ လာရောက်လေ့ကျင့်မည့်အကြောင်းကို ပြောကြားခဲ့သည် မဟုတ်ပါလား။
သူမသည် ကျောင်းတော်သို့ တိုက်ရိုက်မဝင်ရောက်ဘဲ ရီဖူရှင်းထံသို့ ဦးဆုံး လာရောက်တွေ့ဆုံ၏။
သို့သော်လည်း သူမလာရောက်ခြင်းမှာ ရီဖူရှင်းကို အထူးတွေ့လိုခြင်းကြောင့်တော့မဟုတ်၊ အကြွေးလာတောင်းခြင်းသာဖြစ်သည်။
သူမသည် ရီဖူရှင်းထံ၌ ဝိညာဉ်လက်နက်ငါးခု ရရန် အကြွေးရှိပေသည်။ ထိုပမာဏကား နန်ထျန်းပြည်ထောင်အတွက်ပင် များပြားသော အရေအတွက်ဖြစ်သည်။
“မင်းသမီးကို နှုတ်ဆက်ပါတယ်…” ရီဖူရှင်းက ပြုံးလျှက် နှုတ်ဆက်သည်။
“ထုံးတမ်းစဉ်လာတွေ မလိုဘူး” နန်လော့ရှန်းက ပြောသည်။ သူမ၏အသံကား နွေးထွေးကာ တည်ငြိမ်၏။
“အထဲကို ကြွပါ…” ရီဖူရှင်းက ပြောသည်။ သူမ ရောက်လာသည့်အကြောင်းအရင်းကို သူသိနားလည်ရာ အထူးတလေ မမေးတော့ပေ။
နန်လော့ရှန်းကလည်း ခေါင်းညိတ်ကာ စံအိမ်ထဲကို ဝင်၏။
သူမ စံအိမ်ထဲကို ရောက်သောအခါ လောဟာနယ်ခန်မဆောင်ကား ဖွင့်လှစ်ထားပြီးဖြစ်သည်။
“ဝိညာဉ်လက်နက်တွေ အကုန်လုံး အထဲမှာ ရှိတယ်။ အထဲကို ဝင်ပြီး ရွေးပါ” ရီဖူရှင်းက ပြောသည်။ နန်လော့ရှန်းက အတွင်းကို ဝင်လိုက်လျှင် ရာကျော်သော ဝိညာဉ်လက်နက်များကို မြင်၏။ ရီဖူရှင်းသည် နတ်ဘုရားအကြွင်းအကျန်နယ်မြေ၌ အကျိုးကျေးဇူး အများဆုံး ရရှိခဲ့သူဖြစ်သည်ဟု သူမက တွေးလိုက်သည်။
ဤကား ရတနာသိုက်ကြီးပင်။
သည်မတိုင်ခင် ရောက်လာသော ရှောင်မုယွီသာ သည်မြင်ကွင်းကို မြင်လျှင် ရီဖူရှင်းအား သတ်ဖြတ်လိုစိတ်များ သေချာပေါက် ဖြစ်လာပေမည်။
ရီဖူရှင်းက နန်လော့ရှန်းသည် ရွေးချယ်စရာ သိပ်ရှိမည်မဟုတ်ဟု သူမအား ပြောခဲ့သည်။
သို့သော်လည်း နန်လော့ရှန်းရောက်လာသောအခါ ရီဖူရှင်းက ဝှက်ထားသော ရတနာများအားလုံးကို ထုတ်ဖော်ပြသခဲ့၏။
မှန်သည်၊ သူက အစွမ်းအထက်ဆုံး လက်နက်အချို့ကိုတော့ ဝှက်ထားခဲ့ပေသည်။
နန်လော့ရှန်းသည် အင်ပါယာနန်၏တစ်ဦးတည်းသော သမီးဖြစ်ကာ သူမ၏စကားများက အလွန်အရေးပါအရာရောက်ပေသည်။ ထို့အပြင် ရီဖူရှင်းက အင်ပါယာနန်အား ကိုယ်တိုင် တိုက်ရိုက်အကူအညီတောင်းခဲ့ခြင်းဖြစ်သည်။ အကယ်၍ သူကသာ သူမအား လိမ်ညာခဲ့ကြောင်း အင်ပါယာနန်သိသွားပါက မည်သို့ တွေးမည်နည်း။
နန်လော့ရှန်းသည် လေဟာနယ်ခန်းမကို ကြည့်ကာ ဝိညာဉ်လက်နက်သုံးခုကို ရွေးချယ်လိုက်သည်။
“မင်းသမီးနန်… ကျုပ်က အင်ပါယာကို လက်နက်ငါးခုပေးဖို့ ပြောခဲ့တယ်” ရီဖူရှင်းက ပြောသည်။
“အဖေက ရှင့်အတွက် စကားတစ်ခွန်းပဲ ပြောခဲ့တာ။ ဒါက ဘာမှ မဟုတ်ဘူး” နန်လော့ရှန်းက ပြောသည်။
အင်ပါယာနန်အတွက် ထိုမျှ စကားတစ်ခွန်းတည်းက အမှန်ပင် သိပ်အားစိုက်ခဲ့ခြင်း မဟုတ်ပေ။
“အင်ပါယာနန်ကို ကျေးဇူးတင်ကြောင်း ပြောပေးပါ…” ရီဖူရှင်းက သက်ပြင်းချကာ ပြောသည်။
“ကျွန်မ ဝိညာဉ်လက်နက်တွေကို ယူပြီးသွားပြီ။ ဒါကြောင့် သွားတော့မယ်…” နန်လော့ရှန်းက ပြောသည်။
“ကောင်းပြီ။ ကျုပ် လိုက်ပို့ပါ့မယ်” ရီဖူရှင်းက ခေါင်းညိတ်သည်။
နန်လော့ရှန်းက အနည်းငယ် အံ့အားသင့်သွားသည်။ သူမသည် မရေမတွက်နိုင်သောသူများကို တွေ့ဆုံခဲ့ဖူးပြီး အများစုမှာ သူမနှင့် ပိုမိုနီးကပ်လိုသော သဘောဖြင့် အရေးပေးကာ စကားပြောလိုကြပေသည်။ သို့သော်လည်း ရီဖူရှင်းကား ထိုသို့သော သဘောဆန္ဒများ အနည်းငယ်မျှပင် ရှိဟန်မတူ။
“မလိုအပ်ပါဘူး… အရှင်ရီ…” သူမက ပြောသည်။ သူမက စံအိမ်မှ ထွက်လာပြီးနောက်တွင် ရုတ်တရက် နောက်လှည့်ကာ မေးသည် “ရှင်က အက်ကြောင်းမဲ့နတ်ဝင်ရိုး ဘယ်နှစ်ခု ဖွဲ့စည်းပြီးပြီလဲ…”
နန်လော့ရှန်း၏စကားကို ကြားလျှင် ရီဖူရှင်းသည် အံ့အားသင့်သွားပြီးမှ ပြုံးလိုက်သည်။ ကြည့်ရသည်မှာ သူမသည်လည်း ထိုကိစ္စအား စိတ်ဝင်စား၏။
“မင်းသမီးက မကြာခင် သိမှာပါ” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။ နန်လော့ရှန်းက ထပ်မမေးတော့ “ကောင်းပြီ”။ သူမက နောက်လှည့်ကာ ထွက်သွားတော့သည်။
သူမထွက်သွားပြီးနောက်တွင် ရီဖူရှင်းသည် အပြင်ကို လှမ်းကြည့်နေ၏။ ရှားရှင်းယွန်က မျက်မှောင်ကြုတ်ကာ မေးသည် “နင် ဘာကို တွေးနေတာလဲ”
“ကျုပ်က ဘာကို စဉ်းစားရမှာလဲ” ရီဖူရှင်းက သူမအား ပြုံးလျှက်မေးသည်။
“နန်ထျန်းပြည်ထောင်ရဲ့ တစ်ဦးတည်းသော မင်းသမီးဟာ ရုပ်ရည်နဲ့ပါရမီမှာ ပြိုင်စံရှားတယ်။ ဘာကို တွေးမလဲ” သူမက ပြောသည်။
“ကျုပ် အင်ပါယာရှားဘုံကို ရောက်တော့ မင်းသမီးဟာလည်း ပါရမီနဲ့ရုပ်ရည်မှာ ပြိုင်စံရှားတယ်။ ကျုပ် ဘာတွေးခဲ့လို့လဲ” ရီဖူရှင်းက ပြောသည်။
သူက သူမကို စနောက်နေသည်လား။
သူ၏စကားကို ကြားလျှင် သူမသည် ခဏတာ အေးခဲသွား၏။ သူမက သူ့အား ကြည့်ကာ ပြောသည် “နင်တစ်ယောက်ပဲ ဒီလိုဖြေတယ်”
ရှားရှင်းယွန်၏အကြည့်ကို ခံစားမိကာ ရီဖရှင်း မှင်တက်သွားသည်။
တစ်ခုခုတော့ လွဲနေလေပြီ။
“ဒီနေ့ ရာသီဥတုကောင်းတာပဲ။ ကျင့်ကြံဖို့အတွက် အချိန်ကောင်းပဲ” ရီဖူရှင်းက ကောင်းကင်ကို ကြည့်ကာ ပြောသည်။ သူက နောက်လှည့်ကာ အတွင်းသို့ ဝင်၏။ ရှားရှင်းယွန်က ပြုံးသည်။
“ရီဖူရှင်း…” ထိုအခိုက်တွင် လူအချို့ စံအိမ်ထံသို့ ပြေးလာကြ၏။ သူတို့အထဲမှ တစ်ယောက်ကား ထျန်ရှင်းကျောင်းတော်တွင် လေ့ကျင့်နေသော ခွန်ရွှမ်ဖြစ်သည်။
ရီဖူရှင်းကား မူလက ကျင့်ကြံရန် ကြံစည်နေသော်လည်း ယခု တစ်စုံတစ်ခု ဖြစ်နေကြောင်း သိကာ မေးလိုက်သည် “ဘာဖြစ်တာလဲ”
“ရာရာနဲ့ ထျန်ရှင်းကျောင်းတော်က လူတွေ ပြဿနာတက်နေတယ်။ ရန်ဟောင်တွေတောင်မှ ဝင်ပါနေတယ်” သူမက ပြောသည်။
“သွားရအောင်…” ရီဖူရှင်းက မြန်ဆန်စွာ လှမ်းထွက်လိုက်သည်။
ရီဖူရှင်းနောက်မှ လူအများအပြားသည် လေထဲကို တက်ကာ ခုခံခြင်းအစီအရင်ပုံစံနေရာယူလျှက် သူ့နောက်မှ လိုက်ပါသွားကြသည်။
“ဘာဖြစ်တာလဲ” ရီဖူရှင်းက မြန်ဆန်စွာ ပျံသန်းနေရင်း မေးသည်။
“ရာရာက ထျန်ရှင်းကျောင်းတော်က လူတစ်ယောက်နဲ့ လက်ရည်စမ်းဖြစ်ပြီးတော့ တစ်ဘက်လူကို ဒဏ်ရာရစေခဲ့တယ်။ ဒါကြောင့် ထျန်ရှင်းကျောင်းတော်က ရန်ဟောင်တွေ ဝင်ပါခဲ့ပြီးတော့ ပြဿနာကြီးသွားတယ်။ ငါထင်တာတော့ ထျန်ရှင်းကျောင်းတော်က ဒါကို တမင်လုပ်တာပဲ။ သူမမှာ နတ်ဘုရားအကြွင်းအကျန်နယ်မြေက ဝိညာဉ်လက်နက်တွေ ရှိတယ်ဆိုတာ သူတို့သိပြီးဖြစ်ရမယ်” ခွန်ရွှမ်က ရှင်းပြသည်။
ရီဖူရှင်းက ဘာမှ ထပ်မမေးတော့ပေ။ သူ့နောက်မှ ကျန့်ချန်ကျီနှင့် ဟွားကျန့်ရှန်တို့ လိုက်ပါလာကြသည်။ သူ့အနေဖြင့် အထူးတလေ မေးနေစရာမလိုပေ။
ဘုံကိုးခုမှ လူများအားလုံးသည် သူက ထျန်ရှင်းကျောင်းတော်သို့ ဝင်ရန် ဝိဉာည်လက်လက်နက်များ ပေးကာ သဘောတူညီချက်ယူခဲ့ကြောင်း ခန့်မှန်းမိကြပေသည်။ ယခု ထိုအင်အားစုများအားလုံး သည်နေရာသို့ ရောက်နေကြ၏။ သူတို့က သူ့အား တစ်စုံတစ်ခု ကြံစည်မည်ကို မစိုးရိမ်ပေ။
သို့ဆိုလျှင် ထျန်ရှင်းကျောင်းတော်၏ဂုဏ်သတင်းမှာ အလွန်ဆိုးဝါးသွားပေလိမ့်မည်။
သည်ကိစ္စက ထျန်ရှင်းကျောင်းတော်အကြီးအကဲများ၏သဘောမဟုတ်ကြောင်း သူခန့်မှန်းမိသည်။ မည်သို့ဆိုစေ သည်နေရာကား လူမျိုးစုံရှိသော နေရာဖြစ်ပေသည်။
တစ်ချိန်တည်းမှာပင် ကျောင်းတော်မှ လူအများအပြားသည် ထိုအဖြစ်အပျက်ကို ကြားသိကြဟန်ရဟာ အပြေးရောက်လာနေကြ၏။ သူတို့အားလုံးသည် ရီဖူရှင်းဦးတည်နေရာအရပ်သို့ သွားနေကြ၏။
***