အခန်း ( ၅၆၆ )

အောက်လမ်းပညာရပ်နှင့် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းက တူညီသည်

” အောက်လမ်းပညာရပ်နဲ့ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းတို့က အခြေခံအားဖြင့် တူညီတဲ့အရာတွေပဲ ”
ပိုင်ရှောင်ချန်းက အရိုးပေလွှာပေါ်ရှိ အချက်အလက်များကိုဖတ်ကာ ရေရွတ်လိုက်သည်။ သူဖတ်နေသည့် စာများအရဆိုလျှင် မြေရိုင်းဒေသထဲရှိ အရောင်မျိုးစုံရှိသော မီးတောက်များကို အောက်လမ်းဆရာများက ဖန်တီးပေးရာ ပိုင်ရှောင်ချန်း၏နှလုံးသားမှာ စိတ်လှုပ်ရှားမှုများဖြင့် တဒိန်းဒိန်းခုန်နေတော့သည်။

မျိုးဆက်ပေါင်းများစွာ လေ့လာစမ်းသပ်ခဲ့ပြီးနောက် တစ်ရောင်ခြယ်မှ ဆယ့်လေးရောင်ခြယ်မီးတောက်အထိ ဖော်စပ်နည်းများ ပေါ်ထွက်လာခဲ့၏။ ထိုမီးတောက်တစ်မျိုးချင်းစီတွင်လည်း ဖန်တီးနိုင်သည့်နည်းလမ်း အမျိုးအမျိုးရှိနေသည်။

ထိုဖော်စပ်နည်းများမှာ မြေရိုင်းဒေသထဲတွင် ရှားပါးပစ္စည်းများ မဟုတ်ပေ။ အောက်လမ်းဆရာတိုင်းမှာ ဖော်စပ်နည်းအကုန်လုံးကို မတတ်မြောက်ကြပါသော်လည်း အထက်တန်း အောက်လမ်းဆရာမျိုးနွယ်စုများမှာမူ ထိုဖော်စပ်နည်းများကို လက်ဝယ်ပိုင်ဆိုင်ထားကြသည်။

သို့သော် ဆယ့်ငါးရောင်ခြယ်မီးတောက်၏ ဖော်စပ်နည်းကို အလွန်အမင်း လျှို့ဝှက်ထားသဖြင့် အလယ်အလတ်အဆင့် အောက်လမ်းဆရာမျိုးနွယ်စုများပင်လျှင် မရယူနိုင်ပေ။ မျိုးနွယ်စုအကြီးများနှင့် တန်ခိုးအာဏာကြီးမားသည့် လူများသာ ထိုဖော်စပ်နည်းကို ပိုင်ဆိုင်ထားသည်။

ဆယ့်ခြောက်ရောင်ခြယ်မီးတောက်၏ ဖော်စပ်နည်းမှာမူ ထိပ်တန်းအဆင့်အထိ လျှို့ဝှက်ထားသည်။

မည်သို့ပင်ဆိုစေကာမူ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းနှင့် ပတ်သတ်လျှင် ထိုအချက်များကြောင့် မြေရိုင်းဒေသသည် ကောင်းကင်တံတားဒေသထက် များစွာပို၍ အဆင့်မြင့်နေရသည်။

အရိုးပေလွှာထဲရှိ အချက်အလက်အရ အဆင့်တစ်ခုရှိသော မီးတောက်တစ်ခုကို ပိုင်ဆိုင်တိုင်း စိတ်စွမ်းအင်အဆင့်မြှင့်တင်ရာတွင် အမြဲတမ်းအောင်မြင်နိုင်မည်ဟု ပုံသေသတ်မှတ်၍မရကြောင်း အတိအလင်းဖော်ပြထားသည်။ မီးတောက်ထဲတွင် အရောင်ပိုများလာသည်နှင့်အမျှ ကျရှုံးနိုင်ခြေ ပိုများလာသည်။ ထိုအချက်မှာ မြေရိုင်းဒေသနှင့် ကောင်းကင်တံတားဒေသတို့ နှစ်ခုစလုံးအတွက် အတူတူပင်ဖြစ်သည်။ နောက်ထပ်တူသည့်အချက်မှာ အဆင့်မြှင့်တင်ခြင်း ကျရှုံးသွားပါက ပစ္စည်းများ ပျက်စီးသွားရခြင်းပင်ဖြစ်သည်။ ပိုင်ရှောင်ချန်း၏ အမြင်တွင် ထိုအချက်ကြောင့် နှစ်ဖက်စလုံးမှာ သာတူညီမျှ ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။

သို့သော်လည်း အောက်လမ်းဆရာများက သူတို့ကိုယ်တိုင် မီးတောက်များကို ဖန်တီးနိုင်သည်ဆိုသည့်အချက်ကြောင့် ပိုင်ရှောင်ချန်းမှာ အလွန်အမင်း အံ့အားသင့်နေတော့သည်။

” ငါသာ ရောင်စုံမီးတောက်တွေ ဖန်တီးနိုင်တဲ့ ဖော်စပ်နည်းတွေကို လေ့လာနိုင်လို့ကတော့ကွာ ” ပိုင်ရှောင်ချန်းသည် သူ၏ လိပ်ပုံစံဒယ်အိုးလေးက သူ၏ အကြီးမားဆုံး အားသာချက်ဖြစ်ကြောင်းကို သိသည်။ လူတစ်ယောက်သည် ဆယ့်လေးရောင်ခြယ် မီးတောက်ကိုဖန်တီးနိုင်သော်လည်း စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းကို အဆင့်ဆယ့်လေးအထိ အောင်မြင်စွာလုပ်နိုင်မည်ဟု တတ်အပ်မပြောနိုင်ချေ။ သို့သော် ပိုင်ရှောင်ချနအတွက်မူ ထိုအချက်မှာ ပြောင်းပြန်ပင်။

ထို့ကြောင့်လည်း သူက အလွန်အမင်း တုန်လှုပ်နေရခြင်းဖြစ်သည်။

အရိုးပေလွှာတွင် ဝိညာဥ်စွမ်းအင်ဟုခေါ်သော အကြောင်းအရာတစ်ခုပါဝင်သည်။ ၎င်းမှာ ဝိညာဥ်ဆေးများကို ဆိုလိုခြင်းသာဖြစ်သည်။ ဝိညာဥ်ဆေးများမှာ ဝိညာဥ်ကျောက်တုံးများနှင့် ဆင်တူပြီး ဝိညာဥ်ကျင့်ကြံသူများမှာ ၎င်းတို့ကို ကျင့်ကြံခြင်းအတွက်သာမက ငွေကြေးအဖြစ်ပါ သုံးစွဲကြသည်။

ဝိညာဥ်ဆေးများ ပြုလုပ်ရန်မှာ အခက်ကြီးမဟုတ်လှပေ။ ကနဦး လုပ်ငန်းစဥ်မှာ ရောင်စုံမီးတောက်များ ဖန်တီးရသည်နှင့်တစ်ပုံစံထဲဖြစ်ပြီး အဆုံးတွင် ဝိညာဥ်ဆေးများ ပေါ်ထွက်လာသည်။

ဆယ်ရောင်ခြယ်မီးတောက်နှင့် ၎င်း၏အောက်အဆင့်ရှိ မီးတောက်များနှင့် ပြုလုပ်ထားသော ဝိညာဥ်ဆေးများကို အဆင့်နိမ့် ဝိညာဥ်ဆေးများဟု ခေါ်သည်။ ထို့အပြင် သုံးရသည့် မီးတောက်အရေအတွက်အပေါ်မူတည်၍လည်း သတ်မှတ်သေးသည်။ ဥပမာအားဖြင့် တစ်ရောင်ခြယ်မီးတောက်ဖြင့် ပြုလုပ်ထားသည့် ဝိညာဥ်ဆေးကို အဆင့်တစ် အဆင့်နိမ့် ဝိညာဥ်ဆေးဟုခေါ်သည်။ ဆယ်ရောင်ခြယ်မီးတောက်ဖြင့်သာ ပြုလုပ်ထားပါက အဆင့်တစ်ဆယ် အဆင့်နိမ့်ဝိညာဥ်ဆေးဖြစ်သည်။

ဆယ့်တစ်ရောင်ခြယ်မီးတောက်မှ စ၍ဖန်တီးထားသော ဝိညာဥ်ဆေးများကို အလယ်အလတ်အဆင့်ဟုသတ်မှတ်ပြီး ပို၍စျေးကြီးပေသည်။ ထို့အပြင် အလယ်အလတ်အဆင့် ဝိညာဥ်ဆေးဝါးများကို မြေအောက်လမ်းဆရာများသာ ဖော်စပ်နိုင်သည်။

ထိပ်တန်းအဆင့် ဝိညာဥ်ဆေးများမှာမူ အလွန်ရှားပါးပြီး ဆယ့်ငါးရောင်နှင့် အထက်ရှိသော မီးတောက်များကိုသုံး၍သာ ဖန်တီးနိုင်သည်။ ၎င်းတို့ကို ဝိညာဥ်စွမ်းအင်ဟု သမုတ်ကြသည်။

အဆင့်မြင့် ဝိညာဥ်ဆေးတစ်မျိုးရှိသေးသည်။ သို့သော် ၎င်းမှာ ဒဏ္ဍာရီလာ နှစ်ဆယ့်တစ်ရောင်ခြယ်မီးတောက်ဖြင့်သာ ဖန်တီးနိုင်သည့် အရာဖြစ်သည်။

ဝိညာဥ်ဆေးများနှင့် ဝိညာဥ်စွမ်းအင်များကြောင့် မြေရိုင်းဒေသထဲတွင် အောက်လမ်းဆရာများ နာမည်ကြီးလာရခြင်းဖြစ်သည်။

အခြားလူများအတွက် သူတို့ထမ်းဆောင်ပေးသည့် တာဝန်များထဲတွင် ကျင့်ကြံခြင်းတွင်သုံးနိုင်ရန် ဝိညာဥ်ဆေးများကို ဖန်တီးပေးခြင်း၊ အောက်လမ်းအတတ်များကိုသုံးကာ မှော်ပစ္စည်းများပေါ်တွင် စိတ်စွမ်းအင် အမှတ်အသားများ သတ်မှတ်၍ စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားသော ပစ္စည်းများအသွင်သို့ ပြောင်းလဲပေးခြင်းတို့ ပါဝင်သည်။

သူတို့၏ စွမ်းရည်များထဲတွင် အခြားသူများ မလုပ်နိုင်သည့် အရာတစ်ခုလည်းရှိသေးသည်။ ၎င်းမှာ အောက်လမ်းအတတ်များဖြင့် ဝိညာဥ်ကျွန်များကို ဖန်တီးခြင်းဖြစ်သည်။ အမုန်းဝိညာဥ် အမြောက်အမြားကို ကျွန်များအသွင်ပြောင်းလဲကာ သူတို့၏ လှုပ်ရှားမှုနှင့် လုပ်ရပ်များကို ထိန်းချုပ်ကာ ရန်သူများကို သတ်ဖြတ်နိုင်သည့် စွမ်းအားကြီးလက်နက်များအဖြစ် အသုံးပြုနိုင်သည်။ ထို့အပြင် သူတို့၏ ဝိညာဥ်ကျွန်များကို ဝိညာဥ်ဆေးများနှင့် ရောင်စုံမီးတောက်များဖန်တီးရန် လိုအပ်သည့် အခြေခံပစ္စည်းအဖြစ်လည်း အသုံးပြုနိုင်သေးသည်။

အရိုးပေလွှာထဲရှိ အချက်အလက်အားလုံးကိုဖတ်ရှုပြီးနောက် အောက်လမ်းဆရာများမှာ နေရာကဏ္ဍတိုင်းတွင် အင်အားကြီးမားကြောင်းကို ပိုင်ရှောင်ချန်းက သိသွားတော့သည်။

” အောက်လမ်းဆရာတွေက အကုန်လုံးနီးပါးကို လုပ်လို့ရနေတာပဲ။ ”
နတ်မီးလျှံစမ်းသပ်ပွဲထဲတွင် သူ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းများ လုပ်ခဲ့စဥ်က ဖြစ်ပျက်ခဲ့သည့်အရာအားလုံးကို သူကပြန်တွေးမိနေတော့သည်။ ထို့နောက် အောက်လမ်းဆရာများ၏ သြဇာအာဏာကြီးသော စွမ်းအားများအကြောင်းကို ထပ်တွေးလိုက်တော့သည်။ သူ၏ အမြင်တွင် အောက်လမ်းဆရာများမှာ မြေရိုင်းဒေသတွင် မှူးမတ်မျိုးနွယ်ကဲ့သို့ ဖြစ်နေရုံသာမက ဤဒေသ၏တိုက်ရိုက်ဆင်းသက်လာသော မျိုးဆက်များနှင့် ပို၍တူနေတော့သည်။

” ငါ အောက်လမ်းဆရာတစ်ယောက် ဖြစ်အောင်လုပ်မှ ရမယ် ”
စိတ်အားထက်သန်မှုများ တောက်လောငနေသည့် မျက်ဝန်းများဖြင့် သူက အရိုးပေလွှာကို လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ အချက်အလက်များကို နောက်ထပ်တစ်ခေါက် ပြန်လေ့လာလိုက်သည်။ ထို့နောက် သူက ပိုင်ဟောက်၏ ထည့်စရာအိတ်ထဲတွင် ဆက်၍ရှာဖွေလိုက်ပြန်သည်။ သို့သော်လည်း ရောင်စုံမီးတောက်များ၏ ဖော်စပ်နည်းများပါသော အရိုးပေလွှာများ မရှိပေ။

” ငါ့အထင် ပိုင်ဟောက်ရဲ့ ကျင့်ကြံခြင်းအခြေက နိမ့်နေသေးလို့ အဲဒီလိုမျိုး ဖော်စပ်နည်းတွေကို မပိုင်ဆိုင်နိုင်တာ ထင်တယ်။ ဒါမှမဟုတ် မျိုးနွယ်စုထဲမှာ သူ့အဆင့်က နိမ့်နေလို့များလား ”
အုတ်ဂူမြေပုံကို လှမ်းကြည့်ကာ သူက ထိုအုတ်ဂူအထက်ရှိ သစ်ပင်ပေါ်တွင် စာလုံးများကို ရေးထိုးလိုက်တော့သည်။

” ဤနေရာသည် ပိုင်ဟောက် ခေါင်းချရာ နေရာဖြစ်သည် ”

ထို့နောက်သူက လက်ယှက်ကာ အုတ်ဂူမြေပုံကို ဦးညွှတ်လိုက်သည်။ ထို့နောက် သူက နောက်သို့လှည့်ကာ လှစ်ခနဲ လှုပ်ရှားလိုက်တော့သည်။ အောက်လမ်းဆရာများနှင့် ပတ်သတ်သည့်အရာများကို သိရှိခဲ့ရ၍ သူက စိတ်နှလုံးလှုပ်ရှားနေပါသော်လည်း ယခုအချိန်တွင် အရေးကြီးဆုံးသောအရာမှာ မည်မျှပင် ဝေးကွာနေမှန်းမသိသည့် မဟာတံတိုင်းဆီသို့ ပြန်ရောက်အောင်သွားရန်ဖြစ်ကြောင်းကို သိသည်။

” ကြည့်ရတာ ငါ့ရဲ့ အသွင်ပြောင်းတဲ့ နည်းလမ်းကိုပဲ ထပ်သုံးရဦးမယ် ထင်တယ် ”
ထိုသို့ဆိုလိုက်ပြီး သူက မျက်နှာဖုံးကိုသုံးကာ ပိုင်ဟောက်၏ ပုံပန်းသွင်ပြင်အတိုင်း ပြောင်းလဲလိုက်တော့သည်။

” ပိုင်ဟောက်ရဲ့ သရုပ်မှန်ကို ယာယီလောက်အသုံးပြုရမယ် ”
ထို့နောက် သူက အရှိန်တင်လိုက်တော့သည်။

” ဒီမျက်နှာဖုံးက နည်းနည်းတော့ ထူးဆန်းတာတွေရှိသေးတယ်ကွ ”
သူက မျက်မှောင်ကြုတ်ကာ တွေးလိုက်သည်။ ဤမျက်နှာဖုံးမှာ မြေရိုင်းဒေသမှ လာသည်ဖြစ်ရာ ထိုမျက်နှာဖုံးကို အသုံးချ၍ သူ့ကိုခြေရာခံနိုင်မည့် အင်အားကြီးအုပ်စုများ ရှိနေနိုင်သည် မဟုတ်ပါလော။

” အရင်တုံးက သူတို့ ဒီမျက်နှာဖုံးကိုသုံးပြီး ငါ့ကိုခြေရာခံနိုင်တယ်ဆိုတာက အဲဒီမျက်နှာဖုံးပေါ်မှာ ငါသတိမထားမိခဲ့တဲ့ အမှတ်အသားတံဆိပ်တစ်ခု ရှိနေလို့ ”
ထိုစွမ်းအားကြီး အဖွဲ့အစည်းမှာ ပိုင်ရှောင်ချန်းကို ရန်လိုသည့် အမူအရာများ မပြသော်လည်း သူတို့ထိုသို့ ဂရုမစိုက်သည်ကို ပိုင်ရှောင်ချန်းက သူ၏အသက်နှင့် လောင်းကြေးမထပ်ရဲပေ။

တစ်ခဏအကြာတွင် သူက သစ်ရွက်ကို စိတ်စွမ်းအင်အဆင့်ဆယ့်တစ်အထိ မြှင့်တင်ခဲ့စဥ် နတ်မီးလျှံစမ်းသပ်ပွဲထဲတွင် ဖြစ်ပေါ်ခဲ့သည့် ပြောင်းလဲမှုများကို ပြန်တွေးမိသွားသောအခါ သူ၏ မျက်လုံးများမှာ အရောင်လက်သွားတော့သည်။ ၎င်းသစ်ရွက်၏ ပုံပန်းသွင်ပြင်သာ ပြောင်းလဲသွားခဲ့သည်သာမက သူ၏ကိုယ်ပိုင် အမှတ်အသားတံဆိပ်မှာလည်း ပျောက်ကွယ်သွားခဲ့သဖြင့် နောက်တစ်ခေါက်ထပ်၍ ပြန်လည်ချိတ်ဆက်ခဲ့ရသည်။

” အဲဒီနည်းလမ်း မဆိုးဘူး ”
သူက ဆုံးဖြတ်လိုက်ပြီးနောက် ရှေ့သို့ဆက်ပြေးကာ အရိုးပေလွှာထဲရှိ မြေပုံကိုသုံး၍ သစ်တော၏အစွန်းကို ရောက်အောင်သွားနေတော့သည်။

သူထွက်ခွာသွားပြီး မကြာမီတွင် လျှို့ဝှက်ဆန်းကြယ်သော မီးခိုးရောင် မြူခိုးများက အုတ်ဂူမြေပုံရှိရာ ပတ်ပတ်လည်တွင် ဖုံးလွှမ်းသွားတော့သည်။

ထို့နောက် သစ်ရွက်ခြောက်များပေါ်တွင် လူတစ်ယောက်လမ်းလျှောက်လာနေသည့် အသံများကို ကြားလိုက်ရသည်။

ခဏအကြာတွင် လူရိပ်တစ်ခုပေါ်လာပြီး မြူခိုးထဲမှ ဖြည်းညင်းစွာလျှောက်လှမ်းလာကာ ပိုင်ဟောက်၏ အုတ်ဂူရှေ့တွင် မတ်တတ်ရပ်လိုက်တော့သည်။

ထိုသူမှာ မီးခိုးရောင်ဝတ်ရုံရှည်ကြီးကိုဝတ်ဆင်ထားသည့် အသက်မပါသော မျက်နှာနှင့် အဘိုးအိုကြီးတစ်ယောက်ဖြစ်သည်။ ပိုင်ရှောင်ချန်းသာ ထိုနေရာတွင် ရှိနေခဲ့ပါက သူသည် ထိုအဘိုးကြီးကို ချက်ချင်းမှတ်မိမည်သာ ဖြစ်သည်။ သူသည်ကား…. သင်္ချိုင်းစောင့်ကြီးပင် ဖြစ်သည်။

ထိုအဘိုးကြီးက အုတ်ဂူမြေပုံကို တစ်ခဏမျှကြည့်လိုက်ပြီးနောက် ပိုင်ရှောင်ချန်း ထွက်ခွာသွားသည့်ဘက်ကို ကြည့်လိုက်လေသည်။ ထို့နောက် အချိန်အနည်းငယ်ကြာသောအခါ ထိုအဘိုးကြီးမှာ နောက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။

ပိုင်ရှောင်ချန်းမှာမူ သစ်တောထဲတွင်ဖြတ်ပြေးကာ အစွန်းနားသို့ရောက်လာချိန်တွင် ခပ်လှမ်းလှမ်းတစ်နေရာရှိ တောင်တစ်လုံးပေါ်တွင်ရှိသော ဂူတစ်လုံးထဲမှ ကျိုးရီရှင်းတစ်ယောက် လမ်းလျှောက်ထွက်လာတော့သည်။

သူသည် ယခင်ကထက် ပို၍ကျန်းမာသည့်ပုံစံ ပေါ်ပြီး သူ၏မျက်လုံးများမှာ စူးရှတောက်ပနေသည်။ သူသည် အကောင်းပတိအခြေအနေသို့ ပြန်မရောက်သေးပါသော်လည်း အတော်အတန် နေပြန်ကောင်းလာပြီဖြစ်သည်။ သို့သော် ဝင်္ကပါထဲတွင် သူခံစားခဲ့ရသည့် ဆုံးရှုံးမှုများကို ပြန်တွေးမိလိုက်တိုင်း သူ၏စိတ်နှလုံးထဲတွင် စိတ်ဓာတ်ကျမှုများ ဖုံးလွှမ်းလာပြီး မကျေမချမ်းဖြင့်သာ အံကြိတ်နိုင်တော့သည်။

” အဲဒါ ပိုင်ရှောင်ချန်းရဲ့ အပြစ်တွေချည်းပဲ။ သူသေသွားလို့ကတော့ ကမ္ဘာကြီး ပိုကောင်းတဲ့နေရာတစ်ခု ဖြစ်သွားမှာ အသေအချာပဲ ”
သူက ထိုသို့ကြုံးဝါး၍ အေးစက်စက်နှာမှုတ်လိုက်ပြီး ဘေးဘီဝဲယာသို့ကြည့်လိုက်ကာ ထိုနေရာတစ်ဝိုက်တွင် တည်ဆောက်ထားသည့် မနန္တန်အစီအရင်များကို အားပြန်ဖြည့်လိုက်သည်။

နှစ်လတိတိ ကုန်ဆုံးသွားပြီဖြစ်သော်လည်း သူ ဝင်္ကပါထဲတွင် ရရှိခဲ့သည့် ဒဏ်ရာအားလုံးမှာ အကောင်းအတိုင်း ပြန်မဖြစ်သေးပေ။ သို့သော် ဤနေရာသို့ တည်နေရာရွှေ့ပြောင်းခြင်းခံလိုက်ရပြီးနောက် သူသည် မျက်စိလည်လမ်းမှားလာသည့် အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူအနည်းငယ်ကို ကံကောင်းထောက်မစွာဖြင့် တွေ့ခဲ့ရသည်။

သူတို့ကိုသတ်ပြီးနောက် သူသည် လျှို့ဝှက်မှော်သိုင်းစ်ခုကိုသုံးကာ ထိုသူတို့၏ အသွေးအသားများနှင့် ကျင့်ကြံခြင်းအခြေများကို စုပ်ယူခဲ့သဖြင့် သူ၏ဒဏ်ရာများမှာ အနည်းငယ် ပြန်လည်ကောင်းမွန်လာခဲ့သည်။ သို့သော် သူသည် အောက်လမ်းဆရာတစ်ယောက် ဖြစ်သည့်အတွက် ဤနေရာသည် သူ၏မျိုးနွယ်စုနှင့် အလွန်ဝေးကွာသည့်နေရာတွင် ရှိနေကြောင်းနှင့် ဤနေရာနှင့် သူ မရင်းနှီးသည်ကို သိသည်။ သူဆိုလျှင်ပင် ဤနေရာတွင် ကြီးမားသော ဒုက္ခများနှင့် ကြုံတွေ့နိုင်သည်။

သူ ထိုနေရာတွင်နေခဲ့သည့် နှစ်လဆိုသောအချိန်အတွင်း မန္တန်အစီအရင်များကို အသုံးချကာ ဝိညာဥ်ကျင့်ကြံသူ အနည်းငယ်ကို ထပ်၍ထောင်ဖမ်းကာ သူ၏ အားအင်ပြန်လည်ပြည့်ဖြိုးလာစေရန် ကြံစည်ခဲ့သည်။

” ငါထင်တာသာ မမှားဘူးဆိုရင် ဒီနေရာက သင်းကွဲဝိညာဥ်တွေရဲ့ သစ်တောပဲ။ အဲဒါဆိုရင်တော့ အိမ်နဲ့ အဝေးကြီးကို ငါ ရောက်နေတာပဲ ”
ကျိုးရီရှင်းမှာ မျက်မှောင်ကြုတ်ကာ ဘေးဘီဝဲယာသို့ကြည့်လိုက်ပြီး သက်ပြင်းချလိုက်ပြန်သည်။

” အဲဒါဆိုရင် ငါက မြေရိုင်းဒေသရဲ့ ဘုရင်ကြီးလေးပါးထဲက တစ်ပါးဖြစ်တဲ့၊ နတ်တစ်ပိုင်းအဆင့် ကျင့်ကြံခြင်းအခြေခံရှိတဲ့၊ သူ့ရဲ့လက်အောက်မှာ နတ်အဆင့်ကျင့်ကြံသူငါးယောက်ရှိတဲ့ သရဲကြီးဘုရင် ရဲ့ပိုင်နက်ထဲမှာ ရောက်နေတာပဲ။ ငါအိမ်ပြန်ချင်တယ်ဆိုရင် သရဲကြီးမြို့ ကိုတော့ ဖြတ်ကိုဖြတ်ရမှာပဲ။ အဲဒီမြို့မှာ တည်နေရာရွှေ့ပြောင်းခြင်း ဝင်ပေါက်တစ်ခု ရှိတယ် ”
အနည်းငယ်ထပ်မံတွေးတောလိုက်ပြီးနောက် သူက မန္တန်အစီအရင်များကို အားဖြည့်နေသည့်အလုပ်ကို လက်စသတ်လိုက်တော့သည်။

” ဒီ သင်းကွဲဝိညာဥ်တွေရဲ့တောအုပ်ထဲက ထွက်ပြီးတာနဲ့ ဝိညာဥ် အများကြီး တွေ့ရမှာမဟုတ်ဘူး။ မသွားခင်လေး နောက်ထပ်နည်းနည်း ထပ်ဖမ်းပြီး ငါ့ရဲ့ကျင့်ကြံခြင်းအခြေကို အားပြန်ဖြည့်ပြီးမှ သရဲကြီးမြို့ ဆီကိုသွားရမယ်။ ”
ထိုသို့ဆုံးဖြတ်လိုက်ပြီးနောက် ဂူထဲသို့ပြန်ဝင်ရန် ပြင်လိုက်ချိန်တွင် ခပ်လှမ်းလှမ်းရှိတောအုပ်ထဲတွင် ပြေးလွှားနေသည့် လူရိပ်တစ်ခုကို သတိထားမိလိုက်သဖြင့် သူ၏အမူအရာမှာ ပြောင်းလဲသွားတော့သည်။


Comment

  1. Thet Paing Soe Oo says:

    It’s very good.👍

Leave a Reply


Options

not work with dark mode
Reset