လင်းကလန်တန်ခိုးရှင်၏အမူအရာက ပြောင်းလဲသွား၏။ သူတို့က ဝတ်စုံဖြူလူငယ်ထံသို့ ဖိအားများထုတ်လွှတ်လိုက်ကြ၏။
လင်းမူက လူငယ်ကို ကြည့်သည်။ ဝတ်စုံဖြူလူငယ်၏မျက်လုံးများသည် အလွန်အမင်း မိစ္ဆာဆန်နေသည်။
သူတို့ကား ထျန်ရှင်းကျောင်းတော်အပြင်တွင်ဖြစ်၏။ အမှန်တကယ်အားဖြင့် သည်နေရာမှာလည်း ထျန်ရှင်းကျောင်းတော် အပြင်စည်းတပည့်များ၏လေ့ကျင့်ရေးကွင်းဟုပင် သတ်မှတ်နိုင်သည်။ များစွာသော တပည့်များ သည်နေရာတွင် လေ့ကျင့်ကြ၏။ ထို့ကြောင့် သူတို့သည် ထျန်ရှင်းကျောင်းတော်၏တပည့်များကိုသာ သည်နေရာ၌ တွေ့ကြုံရနိုင်ပေသည်။ ထို့ကြောင့် သူတို့က လူငယ်အား ဘေးဖယ်ပေးရန် လေးလေးစားစား ပြောဆိုခြင်းဖြစ်သည်။
သို့သော်လည်း တစ်ဘက်လူက တိုက်ရိုက်တိုက်ခိုက်မည်ဟု သူတို့ မထင်ထား။
ထိုသူသည် မျှ နောက်ခံအင်အားကြီးသည်ဖြစ်စေ၊ ထိုသို့သော အပြုအမူကား အလွန်ရိုင်းစိုင်းရဲတင်း၏။ မည်သို့ဆိုစေ လင်းကလန်ကား တုန်းရှင်းပြည်နယ်တွင် သြဇာအာဏာအတန်အသင့်ရှိပေသည်။
ဘုန်း…
လင်းမူသည် ရှေ့ကို တစ်လှမ်းတက်ကာ သူ၏နတ်ဝင်ရိုးဖြင့် ဖိအားပေးလိုက်၏။ သူ၏ရန်ဟောင်အရှိန်အဝါသည် တစ်ဘက်မှ အဖြူရောင်လူငယ်ကို သွားရောက်ရစ်ပတ်သည်။ လူငယ်သည် အင်အားကြီးမိသားစုနောက်ခံရှိလျှင်ပင် သူ၏အပြုအမူအတွက် လင်းမူက သင်ခန်းစွာ ပေးရန် ဆုံးဖြတ်လိုက်၏။
တတိယအတန်းအစားနတ်ဝင်ရိုး၏စွမ်းအားသည် ချက်ချင်း ပေါက်ကွဲထွက်လာ၏။ သူသည် သူ၏ကိုယ်ရောင်ကိုယ်ဝါကို ချုပ်တီးထားသော်လည်း အနည်းနှင့်အများတော့ ရိုက်ခတ်မှုများ ရှိပေသည်။ ထို့ကြောင့်ပင် အနီးအနားမှ လူများသည် အဖြစ်အပျက်ကို သတိထားမိကြ၏။
ဝတ်စုံဖြူလူငယ်က တစ်ဘက်လူကို ကြည့်လိုက်သည်။ ထို့နောက် သူက နောက်ဆုတ်ရန် ဆန္ဒရှိဟန်မတူဘဲ ရှေ့ကို ဆက်တက်လာခဲ့၏။
ဝုန်း…
ပြင်းထန်သော အင်အားတစ်ခု ရှေ့ကို တက်လာ၏။ မိစ္ဆာဆန်သော မျက်လုံးများသည် လင်းမူထံသို့ ကျဆင်းလာ၏။ လင်းမူ၏မျက်လုံးများသည် ထိုမိစ္ဆာမျက်လုံးများထဲသို့ ကျဆင်းသွားဟန်ရသည်။ ထိုမိစ္ဆာမျက်လုံးအစုံအတွင်း၌ သူသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်တစ်ခုအား မြင်၏။ ထောင်ပေါင်းများစွာသော မိစ္ဆာသားရဲများ၊ ရွှေအတောင်ပံဧရာမငှက်များ၊ ဖီးနစ်များ၊ နတ်လူဝံများ၊ သန့်စင်သွေးနဂါးများနှင့် ခွန်ပန်များ စသည့် ဧရာမသားရဲများသည် သူ့ထံသို့ လှိုင်းလုံးကြီးပမာ ချီတက်လာကြပေသည်။ ထိုသားရဲမိစ္ဆာများသည် သူ၏မျက်လုံးများမှသည် သူ၏စိတ်နယ်ပယ်ထဲသို့ တိုးဝင်လာကြချေသည်။
မိစ္ဆာမျက်လုံးအစံ၏နက်ရှိုင်းသော နေရာများတွင် ကြီးမြတ်သော နတ်မိစ္ဆာတစ်ပါး ရှိနေသည်။
ဝုန်း…
ပြင်းထန်သော ပေါက်ကွဲမှုများ ဖြစ်ပေါ်လာ၏။ သူ့အနီးမှ မဟာလမ်းစဉ်၏စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာသည်။ သူ၏စိတ်အသိသည် တိုက်ခိုက်ခံရသလို သူ၏ခန္ဓာကိုယ်နှင့် နတ်ဝင်ရိုးမှာလည်း ကြီးမားသော ဖိအားများကို ခံစားလိုက်ရသည်။
ဝတ်စုံဖြူလူငယ်၏နောက်တွင် နတ်ဘုရားအစီအရင်တစ်ခုအား ခံစားမိ၏။ ထိုအစီအရင်ထဲတွင် ထောင်ပေါင်းများစွာသော မိစ္ဆာများနှင့် ကောင်းကင်ဖီဆန်ခြင်းနတ်ဆိုးများအား ရှိနေ၏။
သူ၏နတ်ဝင်ရိုးသည် မဟာလမ်းစဉ်၏တိုက်ခိုက်မှုဒဏ်ကို ခံစားရသည်။ သူသည် အစိတ်စိတ်အမွှာမွှာကွဲကြေသွားတော့မလို ခံစားနေရ၏။
လင်းကလန်မှ စွမ်းအားမြင့် တန်ခိုးရှင်များအားလုံး တုန်လှုပ်ခြောက်ခြားသွားကြသည်။ သူတို့အားလုံး မြေပြင်ပေါ်တွင် ပြားပြားဝပ်သွားတော့မတတ် ခံစားကြရ၏။ သူတို့တွင် ရန်ဟောင်နှစ်ပါး ရှိသော်လည်း ဖိအားသည် လွန်ဆန်ရင် မည်သို့မှ မတတ်နိုင်ပေ။
ဆူညံသံတစ်ခုနှင့်အတူ ညည်းသံတစ်ခုကို ကြားလိုက်ကြရ၏။ လင်းမူသည် နောက်ကို အဆက်မပြတ် ဆုတ်လိုက်၏။ တစ်ဘက်မှ အဖြူရောင်လူငယ်ကို ကြည့်ကာ သူ၏မျက်နှာသည် သွေးဆုတ်ဖြူရော်သွားသည်။
နတ်ဘုရားဝင်ရိုးဖိနှိပ်ခြင်း…။
အက်ကြောင်းမဲ့အဆင့်…။
ဝုန်း…
နတ်ဆိုးအငွေ့အသက်တစ်ခု သူတို့အား ဖြတ်ရိုက်သွားသည်။ အဝေးမှ သူတို့ထံသို့ ချဉ်းကပ်လာသူများအားလုံးမှာ တုန်လှုပ်စွာဖြင့် နောက်ဆုတ်သွားကြ၏။ ထိုအခါမှသာလျှင် ဝတ်စုံဖြူလူငယ်က သူတို့အရှိန်အဝါကို ထိန်းချုပ်လိုက်သည်။ သူသည် ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေသော်လည်း တစ်ဘက်လူအား အေးစက်စွာ ကြည့်နေ၏။
လင်းမူသည် ထိုနေရာတွင် မိန်းမောစွာ ရပ်နေ၏။ သူ့ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်နေသည်။ သူကား ပထမအတန်းအစားနတ်ဝင်ရိုး၏အရှိန်အဝါကြောင့် တုန်လှုပ်ကာ နောက်ဆုတ်သွားရ၏။
ထိုအချိန်တွင်မှ သူ့ရှေ့မှ ဝတ်စုံဖြူလူငယ်သည် မည်မျှ ထူးခြားသာလွန်သူဖြစ်ကြောင်း သိလိုက်ရသည်။
သူက စိတ်တွင်းမှ အော်ဟစ်မိလိုက်သည်… “အက်ကြောင်းမဲ့ နတ်ဝင်ရိုးတွေ ဘယ်လိုလုပ် အများကြီးဖြစ်နေတာလဲ…”
ဗဟိုအင်ပါယာဘုံတွင်ပင် အလွန်ရှားပါးသော အက်ကြောင်းမဲ့နတ်ဝင်ရိုးပိုင်ရှင်တစ်ဦး သည်နေရာသို့ မည်သို့ ရောက်လာရသနည်း။ ထို့အပြင် လူငယ်သည် နတ်ဘုရားအကြွင်းအကျန်နယ်မြေမှ ထွက်လာသူများနှင့် မတူကွဲပြားသည်။ ထိုနေရာမှ ထွက်လာသောသူများကို လူတိုင်း သိကြပေသည်။ သို့သော်လည်း သူ့ရှေ့မှ လူငယ်ကိုတော့ လင်းမူ မသိ၊မကြားဖူးပေ။
လူအများအပြား သူ့အနီးကို ရောက်လာကြ၏။ သူတို့အားလုံး၏မျက်လုံးများသည် ဝတ်စုံဖြူလူငယ်ထံသို့ ရောက်နေကြသည်။ သူတို့အားလုံးသည် လင်းမူကဲ့သို့ တွေးတောနေကြ၏။
ပြီးပြည့်စုံသော နတ်ဝင်ရိုးသည် မည်သည့်အချိန်က ပေါများလာသနည်း။
ပထမအတန်းအစားနတ်ဝင်ရိုးပိုင်ရှင်တစ်ဦးသည် ရုတ်တရက် ပေါ်လာခဲ့၏။ သူ၏နတ်ဝင်ရိုးသည် အက်ကြောင်းမဲ့ဖြစ်ကာ တတိယအတန်းအစားနတ်ဝင်ရိုးကို တိုက်ရိုက်ဖိနှိပ်ခဲ့သည်။
“မင်း ဘယ်သူလဲ…” လင်းမူ၏အသံသည် လေးလံနေ၏။
ဝတ်စုံဖြူလူငယ်ကား သူတို့ကို မကြည့်တော့။ သူသည် ခေါင်းမော့ကာ လင်းကလန်မှ လူများ၏နောက်မှ လျှောက်လာသူများထံသို့ ကြည့်လိုက်၏။
လင်းမူက တစ်စုံတစ်ခုကို သတိပြုမိသွားကာ နောက်လှည့်လိုက်သည်။ သူက ရီဖူရှင်းတို့အဖွဲ့ရောက်လာသည်ကို မြင်သည်။
ရီဖူရှင်း၏ကြည်လင်သော မျက်လုံးများသည် အပြုံးရိပ်များ သန်းနေ၏။ သူတို့အချင်းချင်း ရင်းနှီးကြသည်မှာ ထင်ရှား၏။
တစ်ဘက်လူက သူ၏လမ်းကို ပိတ်ကာ ရန်လိုသည်ကို လင်းမူ နားလည်လိုက်သည်။ သူတို့က ရီဖူရှင်းအား ဝေဖန်ပြောဆိုခဲ့ကြသည် မဟုတ်ပါလား။
ရီဖူရှင်းဘေးတွင် ကျန်းချန်ကျီနှင့် ဟွားကျန့်ရှန်တို့ကလည်း ဝတ်စုံဖြူလူငယ်ကို အပြုံးနှင့် ကြည့်ကြသည်။
သူတို့ နှစ်ပေါင်းများစွာ ကြိုးစားလာသော အကြံအစည်မှာ ကျရှုံးသွားသော်လည်း အဆုံးသတ်သွားသည်တော့ မဟုတ်ပေ။ မိစ္ဆာဘုံ၏မူလလောကဓာတ်အား တစ်စုံတစ်ယောက်ကို လွှဲပြောင်းပေးထားကာ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်တစ်ဦးအား ဖန်တီးမည်ဖြစ်သည်။
ယခု ရောက်လာသူကား မိစ္ဆာဘုံ၏မူလတောင်တန်းမှ မူလလောကဓာတ်အား လွှဲပြောင်းလက်ခံရယူခဲ့သူ ဂူတုံးလျှိုဖြစ်၏။
“အစ်ကို၃…” ရီဖူရှင်းက ပြုံးလျှက် ခေါ်လိုက်သည်။ သူတို့အချင်းချင်း မတွေ့ရသည်မှာ အတော်ကြာပြီဖြစ်သည်။ သူ၏အစ်ကို၃ကား လမ်းစဉ်သက်သေပြကာ ရန်ဟောင်အဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။
သူ၏အစ်ကို၃သည်လည်း အက်ကြောင်းမဲ့ဝင်ရိုးအား ဖွဲ့စည်းခဲ့၏။ ထိုအဖြစ်က ထူးဆန်းသည်တော့ မဟုတ်ပေ။ သူသည် ဂူထျန်းရှင်း၏အမွေကိုဆက်ခံခဲ့ကာ မူလတောင်၏မူလလောကဓာတ်အားလည်း လက်ခံရရှိခဲ့၏။ အမှန်တကယ်အားဖြင့် သူ့တွင် မိစ္ဆာဘုရင်၏စိတ်အသိလည်း ရှိ၏။ ၄င်းကို မဟာအင်ပါယာ၏အမွေဟုပင် ဆိုနိုင်ပေသည်။
လင်းကလန်မှ စွမ်းအားမြင့် တန်ခိုးရှင်များအားလုံး စိတ်ငြီးညူသွားကြသည်။
အစ်ကို၃…။
ဂျူနီယာနှင့် စီနီယာတို့နှစ်ဦးလုံး အက်ကြောင်းမဲ့ဝင်ရိုးအား ဖွဲ့စည်းခဲ့ကြသည်။
ထို့အပြင် သည်လူကား သူ၏ဝင်ရိုးကို နတ်ဘုရားအကြွင်းအကျန်နယ်မြေထဲ၌ ဖွဲ့စည်းခဲ့ခြင်း မဟုတ်ပေ။
ဂူတုံးလျှို ရှေ့ကို လှမ်းသွားလိုက်သည်။ သူက လင်းကလန်မှ လူများကို ဖြတ်သွားကာ သူတို့၏တည်ရှိမှုကို လျစ်လျူရှုထားခဲ့သည်။
“နတ်ဘုရားအကြွင်းအကျန်နယ်မြေက သတင်းတွေကို ကြားပြီးတော့ ပြေးလာခဲ့တာ…” ဂူတုံးလျှိုက ပြောသည် “ကလန်ခေါင်းဆောင်တွေလည်း ရောက်နေတာပဲ…”
“အင်း…” ကျန်းချန်ကျီက ပြုံးကာ ခေါင်းညိတ်သည် “အခုလက်ရှိမင်းကို မြင်ရရင် မင်းအဘိုး စိတ်ကြေနပ်မှာပဲ”
ဂူထျန်းရှင်း အစီအစဉ်ချထားခဲ့သည်များအားလုံးမှာ ဂူတုံးလျှိုအတွက် ဖြစ်ပေသည်။
ယခု ဂူတုံးလျှိုသည် အက်ကြောင်းမဲ့ဝင်ရိုးအား ဖွဲ့စည်းခဲ့ပြီဖြစ်သည်။ တခြားသော အမွေအနှစ်များနှင့်ဆိုပါက သူသည် အနာဂတ်တွင် ဂူထျန်းရှင်းကိုပင် ကျော်ဖြတ်သွားနိုင်ပေသည်။
“နတ်ဘုရားဂိတ်ရဲ့အနာဂတ်က လူငယ်တွေကိုပဲ အားကိုးရတော့မှာပဲ…” ဟွားကျန့်ရှန်က ပြုံးလျှက်ပြောသည်။ ရီဖူရှင်းနှင့် ဂူတုံးလျှိုတို့နှစ်ဦးလုံး အက်ကြောင်းမဲ့ဝင်ရိုးအား ဖွဲ့စည်းခဲ့ကြ၏။
“နတ်ဘုရားဂိတ်…” ရီဖူရှင်း၏ဘေးမှ အကြီးအကဲနှစ်ဦးမှာ ကောင်းကင်အာဏာစက်ဘုံ ကောင်းကင်နတ်တံခါးမှ ဖြစ်ကြောင်း ယခုမှ လင်းမူ ရိပ်မိလိုက်သည်။
မိစ္ဆာဆန်သော လူငယ်သည် ကောင်းကင်အာဏာစက်ဘုံတွင် ကြီးမားစွာ လှုပ်ခတ်စေနိုင်ခဲ့သောသူဖြစ်ကြောင်း သိလိုက်၏။ သူကား မူလလောကဓာတ်ကို ဆက်ခံခဲ့သူ၊ ဂူထျန်းရှင်း၏မြေး ဖြစ်ပေသည်။
“အစ်ကို၃… စံအိမ်ဆီကို အရင်သွားရအောင်” ရီဖူရှင်းက ပြောသည်။ ယခု အစ်ကို၃ ရောက်လာခဲ့ပြီဖြစ်သည်။ သူ၏တခြားသော စီနီယာအစ်ကိုများသည် သတင်းများကို ကြားလျှင် မကြာခင် ရောက်လာပေလိမ့်မည်။
သူတို့အားလုံး နောက်လှည့်ထွက်လာကြသည်။ သူတို့က လင်းကလန်မှ လူများအား အလေးမထားပေ။ လင်းကလန်မှ လူများသည် မျက်နှာများ ပျက်နေကြ၏။ လင်းမူက စိတ်လှုပ်ရှားစွာဖြင့် ပြောသည် “သွားရအောင်…”
လင်းယွင်ချီ၏စိတ်များ လှုပ်ရှားနေ၏။ သူမသည် ဆရာလာရှာသော်လည်း သူမ၏မိသားစုသည် သင်ခန်းစာပေးခံလိုက်ရ၏။ ထို့အပြင် အက်ကြောင်းမဲ့ဝင်ရိုးကြောင့် သူမ၏အကြီးအကဲ ဖိနှိပ်ခံရသည်ကို တွေ့မြင်ခဲ့ရ၏။
ရီဖူရှင်းတို့အဖွဲ့သည် စံအိမ်သို့ ပြန်ရောက်လာကြ၏။ ဂူတုံးလျှိုက လင်းကလန်နှင့် ဖြစ်သော ကိစ္စအား ပြန်မပြောပြသလို ရီဖူရှင်းကလည်း မမေးပေ။ အစ်ကို၃သည် သူ၏အပြုအမူနှင့်ပတ်သက်၍ အကြောင်းပြချက်ရှိရပေမည်။
သူတို့ဘေးမှ ဝမ်ရန်ပင်းသည်ကား စိတ်လှုပ်ရှားနေ၏။ သူသည် ရီဖူရှင်းနှင့် ဂူတုံးလျှိုတို့နှင့် မယှဉ်ပြိုင်လိုတော့ပေ။ ထိုအစား ကျင့်ကြံခြင်းတွင် ပိုမိုကြိုးစားရင် မိမိကိုယ်ကိုသာ တွန်းအားပေးလိုတော့သည်။
“ကျုပ် ဒီကို လာတဲ့လမ်းမှာ လင်းကလန်ကလူတွေ ပြောတာကို ကြားခဲ့တယ်။ လင်းကလန်က သူတို့မျိုးဆက်ကို ထျန်ရှင်းကျောင်းတော်က ကျန်ချင်းကျူလက်အောက်မှာ လေ့ကျင့်စေချင်တယ်။ သူတို့က ဒီကို လာပြီး ဆရာလာရှာတာ တခြားအကြံအစည်တစ်ခုခုရှိလို့ပဲ ဖြစ်ရမယ်” ဝမ်ရင်ပင်းက တွေးတွေးဆဆပြောသည်။
“အင်း…”
ရီဖူရှင်းက ခေါင်းညိတ်သည်။ လူအများက ကျန်ချင်းကျူလက်အောက်တွင် လေ့ကျင့်လိုသည်မှာ မထူးဆန်းပေ။ သူကား သည်ဒေသတွင် နာမည်ကျော်ကြား၏။ သို့သော်လည်း သူတို့က ရီဖူရှင်းထံသို့ ဆရာလာတင်သည်မှာ တခြားသော အကြံအစည် ရှိရပေမည်။
ရီဖူရှင်းသည် အစ်ကို၃နှင့် စကားပြောလိုပေသည်။ သူတို့ မတွေ့ရသည်မှာ ကြာပြီဖြစ်၏။
သို့သော်လည်း သူတို့ထံသို့ အင်အားလှိုင်းများ ရုတ်တရက် ရိုက်ခတ်လာသည်။ များစွာသော စွမ်းအားမြင့်တန်ခိုးရှင်များ သူတို့ထံသို့ ပျံသန်းလာကြသည်။
“အကြီးအကဲတွေကို ကြိုဆိုပါတယ်…” များစွာသော တန်ခိုးရှင်များ ရောက်လာကြ၏။ သူတို့ကား ကောင်းကင်အာဏာစက်ပြည်ထောင်မှ နတ်နဂါးကလန်၊ ကောင်းကင်မိစ္ဆာဂိုဏ်းနှင့် နတ်ဆင်ဂိုဏ်းတို့၏တန်ခိုးရှင်များဖြစ်ကြ၏။
“ဂူထျန်းရှင်းအကြံက တကယ်အောင်မြင်လာတာပဲ…” မိစ္ဆာဘုရင်တစ်ပါးက ပြောသည်။ ယနေ့ ဂူတုံးလျှိုကို မြင်သောအခါမှ ဂူထျန်းရှင်း၏အကြံအစည် အမှန်တကယ်ဖြစ်လာကြောင်း သူဝန်ခံရသည်။
သူက ရီဖူရှင်းအား ကြည့်သည်။ ကောင်းကင်အာဏာစက်ပြည်ထောင်သည် နောက်ပိုင်းတွင် ကောင်းကင်နတ်တံခါး၏လက်အောက်ကို ရောက်လာရန် ရှိသည်။
မိစ္ဆာဘုံသည်ကား ယခင်အတိုင်း ရှိနေပေလိမ့်မည်။
“အကြီးအကဲတို့ ရောက်လာတာနဲ့အတော်ပဲ။ လုံချန်၊ ရှင်းမင်း၊ကျွမ်နဲ့ တခြားလူတွေကို ကူရှာပေးကြပါ။ ကျွန်တော့မှာ အကြီးအကဲတို့နဲ့ ဆွေးနွေးစရာရှိတယ်” ရီဖူရှင်းက ပြောသည်။
သူသည် ကောင်းကင်အာဏာစက်ဘုံနှင့် မိစ္ဆာဘုံမှ အင်အားစုများနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိပေသည်။ ယခု သူတို့ထဲမှ မည်သူတို့က သူနှင့်အတူ တိုက်ပွဲမြေပြင်ထဲသို့ ဝင်လိုသည်ကို သူသိလိုပေသည်။
***