ပိုင်ရှောင်ချန်းမှာ တောအုပ်ထဲတွင်ရပ်ကာ ထည့်စရာအိတ်ကို ကိုင်ရင်း လူငယ်လေး၏ ရုပ်အလောင်းကိုငုံ့ကြည့်နေသည်။ မည်သည့်အကြောင်းကြောင့်မှန်းမသိ သူဤနေရာသို့ တည်နေရာရွှေ့ပြောင်းခံခဲ့ရသည်နှင့် ဤရုပ်အလောင်းက သူ့ကိုနှစ်လတိတိ အဖော်ပြုပေးခဲ့ခြင်းမှာ ရေစက်အရဟု သူကတွေးနေတော့သည်။ သူက သက်ပြင်းသာချလိုက်တော့သည်။
” ငါ့ညီရေ၊ မင်းကို သေသေချာချာမြှုပ်နှံခွင့်ပေးကွာ ”
ပိုင်ရှောင်ချန်းမှာ တဖြည်းဖြည်းနှင့် အားအင်ပြန်လည်ပြည့်ဖြိုးလာသည်ကို ခံစားမိနေပြီဖြစ်သည်။ သို့သော်လည်း သူ၏ စိတ်စွမ်းအင်မှာ ခမ်းခြောက်လွန်းနေသဖြင့် သူ၏ထည့်စရာအိတ်ကိုပင် မဖွင့်နိုင်သေးပေ။
ထို့ကြောင့် သူက ထာဝရထီးကိုသုံး၍ ကျဥ်းတစ်ကျဥ်းတူးလိုက်ပြီး ထိုကျဥ်းထဲသို့ လူငယ်လေး၏ ရုပ်အလောင်းကို ထည့်လိုက်တော့သည်။
ထိုအုတ်ဂူကို ပြန်လည်မြေဖို့ပြီးသွားပြီးနောက် သူကဆိုလိုက်သည်။
” မပူပါနဲ့။ နောက်ရက်အနည်းငယ်နေရင် မင်းရဲ့ ထည့်စရာအိတ်ကိုဖွင့်ဖို့ လိုတဲ့စိတ်စွမ်းအင် ငါ့မှာရှိပြီ။ အဲဒီအခါ အထဲက ပစ္စည်းတွေကိုမြင်ရရင် မင်းရဲ့နာမည်ကိုပါ ငါသိရင်သိမှာ။ အဲဒီတော့မှ မင်းရဲ့အုတ်ဂူမှာ အမှတ်အသားသေချာ တပ်ပေးမယ်။ ”
ထို့နောက် သူက လွန်ခဲ့သော နှစ်လလုံးလုံး သူရှိနေခဲ့သည့်သစ်ပင်ဆီသို့ ပြန်သွားကာ တင်ပျဥ်ခွေထိုင်ချလိုက်ပြီး အသက်ရှူလေ့ကျင့်ခန်း အနည်းငယ်လုပ်လိုက်တော့သည်။
သို့သော်လည်း မြေရိုင်းဒေသ၏ ဤနေရာတွင် စိတ်စွမ်းအင် လုံးဝမရှိ၍ သူသည် သူ့ခန္ဓာကိုယ်၏ အားပြန်ဖြည့်ပေးနိုင်သည့်စွမ်းအားများနှင့် သူ၏အသွေးအသားများထဲတွင် နှစ်ပေါင်းများစွာသိုလှောင်ထားခဲ့သည့် အနည်းငယ်မျှသာရှိသော လက်ကျန်စိတ်စွမ်းအင်များ အပေါ်တွင်သာ မှီခိုနေရတော့သည်။
ရက်အနည်းငယ်ကုန်ဆုံးသွားသည်။ ညနေစောင်းအချိန်ရောက်နေပြီဖြစ်သော်လည်း တောအုပ်ကြီးကို ဖုံးလွှမ်းထားသည့် အမှောင်ထုကြီးကြောင့် ညဥ့်နက်သန်းခေါင်ယံအချိန်အလားပင် ထင်နေရသည်။ ပိုင်ရှောင်ချန်းမှာ တရားထိုင်နေရင်း မျက်လုံးများကို ဖြေးညင်းစွာဖွင့်လိုက်သောအခါ အလင်းတစ်စ တစ်ခဏမျှ ဖျတ်ခနဲလတ်သွားသည်ကို မြင်လိုက်ရသည်။
” စိတ်စွမ်းအင် နည်းနည်းတော့ ပြန်ရပြီဟေ့။ ”
သူ၏ နှလုံးသားမှာ စိတ်လှုပ်ရှားမှုများစွာဖြင့် တဒိန်းဒိန်းခုန်နေတော့သည်။ သူသည် စိတ်စွမ်းအင်လုံးဝမရှိသည့် ထူးဆန်းသောနယ်မြေကြီးထဲတွင် ရောက်နေခဲ့သည်ဖြစ်၍ အလွန်ခံစားရခက်နေသည် မဟုတ်ပါလော။ အနည်းငယ်မြန်နေသော အသက်ရှူသံများဖြင့် သူက သူ၏ထည့်စရာအိတ်ကို ပုတ်လိုက်သောအခါ အလင်းတန်းတစ်ခု လင်းလက်သွားပြီး ပုလင်းတစ်လုံး ထွက်လာတော့သည်။
၎င်းမှာ ဝိညာဥ်အရက်ပုလင်းတစ်လုံးဖြစ်သည်။
သူက စိတ်လှုပ်ရှားစွာဖြင့် ထိုဝိညာဥ်အရက်ကို မော့ချလိုက်သောအခါ ၎င်းတို့မှာ နွေးထွေးသော အပူစီးကြောင်းများအဖြစ် သူ၏ ချီလမ်းကြောင်းများထဲတွင် သာယာနာပျော်ဖွယ်ကောင်းလောက်အောင် စီးဆင်းနေတော့သည်။ သူ့ခန္ဓာကိုယ်က မိုးရေစက်များ ကျဆင်းလာသည့် ခြောက်ကပ်ကာ ပက်ကြားအက်နေခဲ့သော မြေပြင်ကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး သူ့တစ်ကိုယ်လုံး ရွစိရွစိ ဖြစ်လာတော့သည်။
” ဒီခံစားချက်ကို လိုနေတာကွ ”
သူက မျက်ရည်စက်လက်ဖြင့် ရေရွတ်လိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းရှူလိုက်ကာ သူ၏ ကျင့်ကြံခြင်းအခြေခံကို လည်ပတ်စေလိုက်ပြီး ဝိညာဥ်အရက်မှရသည့် စိတ်စွမ်းအင်အနည်းငယ်ကိုမျှ အလဟဿ မဖြစ်စေလိုက်ချေ။
နာရီအနည်းငယ်ကြာသောအခါ ပိုင်ရှောင်ချန်းမှာ အရူးတစ်ယောက်အလား ရယ်မောနေပြီဖြစ်ပြီး သူ၏ စုစုပေါင်းစိတ်စွမ်းအင်ပမာဏ၏ ငါးရာခိုင်နှုန်းမျှရှိသော စိတ်စွမ်းအင်များကို စုဆောင်းနိုင်လိုက်သဖြင့် မျက်ဝန်းများမှာ အရောင်တလက်လက် တောက်နေတော့သည်။ ထိုပမာဏမှာ သေးငယ်ပါသော်လည်း သူ၏ထည့်စရာအိတ်ကို အကြိမ်ပေါင်းများစွာဖွင့်ရန် လုံလောက်ပေသည်။
ထို့ကြောင့် သူက အိတ်ကိုထပ်ဖွင့်လိုက်ပြီး ဝိညာဥ်အရက်ပုလင်း တစ်ဒါဇင်လောက်ထုတ်ကာ အကုန်လုံးကိုမော့ချလိုက်ပြီး တိတ်ဆိတ်ငြိမ်သက်စွာထိုင်၍ အသက်ရှူလေ့ကျင့်ခန်းအချို့ လုပ်လိုက်ပြန်သည်။နောက်ထပ်သုံးရက်တိတိ စိတ်စွမ်းအင်များက သူ၏ကိုယ်အတွင်းသို့ စိမ့်ဝင်နေကြသဖြင့် သူ၏ခန္ဓာကိုယ်ထဲတွင် ထစ်ချုန်းသံများဖြင့် ဆူညံနေတော့သည်။
သုံးရက်မြောက်နေ့၏ နေ့လယ်ခင်းအချိန်တွင် ပိုက်ရှောင်ချန်း၏ မျက်လုံးများပွင့်လာပြီး မျက်ရည်များ စီးကျလာတော့သည်။
” နောက်ဆုံးတော့ အားအင်အပြည့် ပြန်ဖြစ်သွားခဲ့ပြီ။ အမယ်လေး၊ တော်တော်ကို ခက်ခဲတာပဲ။ အပြင်အားရော ကျင့်ကြံခြင်းအခြေခံရော ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီကွ။ အဖွားကြီးဟုန်ချိန်၊ ကိုယ်တော်ပိုင် လက်တုံ့ပြန်တာခံရဖို့ စောင့်နေပေတော့ ”
သူက ကျယ်လောင်စွာရယ်မောကာ မတ်တတ်ထရပ်လိုက်ပြီး သူ၏စိတ်စွမ်းအင်အဆင့်ကို ဆန်းစစ်လိုက်သည်။ ယခင်ကထက် အနည်းငယ်ပို၍ သန်မာလာကြောင်း သိလိုက်ရ၍ သူက ကျေနပ်သွားတော့သည်။
သူတိုက်ခိုက်ခဲ့ရသည့် အန္တရာယ်အလွန်များသော တိုက်ပွဲကြီးကြောင့် သူ၏ အမြုတေအဆင့်မဟာစက်ဝန်းရှိ ကျင့်ကြံခြင်းအခြေခံနှင့် အပြင်ခန္ဓာကိုယ်စွမ်းအားတို့မှာ တိုးတက်သွားသည်။
အပြင်ခန္ဓာကိုယ်ပိုင်းဆိုလျှင် နောက်ထပ် အဟန့်အတားကြိုးတစ်ချောင်းကို ဖြတ်တောက်နိုင်တော့မည့်အလား ခံစားနေရပြီဖြစ်သည်။
သခင်မလေးဟုန်ချိန်နှင့် ရင်ဆိုင်ခဲ့ရသည့် တိုက်ပွဲတွင် သူသေမလိုဖြစ်သွားခဲ့သည်ဆိုသည့် အချက်ကြီးကိုတွေးမိလိုက်တိုင်း သူ သက်ပြင်းသာချနိုင်တော့သည်။
သူက အသက်ပြင်းပြင်းရှူလိုက်ပြီး ဘေးဘီဝဲယာကို အနည်းငယ်လှည့်ပတ်ကြည့်ရှုလိုက်သောအခါ သူ၏စိတ်လှုပ်ရှားနေမှုများမှာ နည်းပါးသွားရပြီး စိုးရိမ်စိတ်များပင် အနည်းငယ်ပေါ်ထွက်လာတော့သည်။
” မြေရိုင်းဒေသရဲ့ ဘယ်နေရာကိုရောက်နေမှန်းတောင် ငါမသိဘူး။ ဘယ်နေရာဖြစ်ဖြစ် ဒီနေရာမှာဆို အန္တရာယ်များလွန်းတယ်။ မဟာတံတိုင်းဆီကို ငါပြန်သွားမှရမယ်။ ”
ထို့နောက် သူသည် ပိုင်ရှောင်ချန်းဖြစ်နေသည်ဆိုသည့်အချက်ကို ဝိညာဥ်ကျင့်ကြံသူများနှင့် လူ့ဘီလူးများသိသွားပါက သူ့ကို အရှင်လတ်လတ် အရေခွံဆုတ်မည်ကိုလည်း သူကသိလိုက်သည်။
ထိုအခြင်းအရာကိုတွေးကြည့်မိလိုက်ရုံနှင့် သူ့ အသားများ တဆတ်ဆတ်တုန်ရီလာရတော့သည်။ အဆုံးတွင် သူမြှုပ်နှံပေးခဲ့သည့် အုတ်ဂူကိုကြည့်ရင်း နောက်ဆုံးတွင် ထိုလူငယ်လေး၏ ထည့်စရာအိတ်ကို ဖွင့်ကြည့်ရန် ဆုံးဖြတ်လိုက်တော့သည်။
ထိုအထဲတွင် ပစ္စည်းအမျိုးမျိုးပါဝင်နေပြီး ပိုင်ရှောင်ချန်းမျက်စိကျစရာ အများကြီး မရှိပေ။ ဤအိတ်သည် အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ ထည့်စရာအိတ်တစ်အိတ်သာ မဟုတ်ပါလော။
သို့သော် ပိုင်ရှောင်ချန်း စိတ်ဝင်စားသွားသည်မှာ အရိုးများနှင့်ရေးမှတ်ထားသည့် ပေလွှာများဖြစ်သည်။ ကျောက်စိမ်းပေလွှာများကဲ့သို့ပင် ၎င်းတို့မှာလည်း အချက်အလက်များကို မှတ်သားထားနိုင်သည်။ ထည့်စရာအိတ်ကို အပေါ်ယံမျှ ရှာဖွေမွှေနှောက်လိုက်ပြီးနောက် ပိုင်ရှောင်ချန်း စိတ်ဝင်စားသည့် ပစ္စည်းသုံးခုထွက်လာတော့သည်။
ပထမဆုံး အရိုးပေလွှာတွင် ထိုအနီးတစ်ဝိုက်နေရာ၏ မြေပုံပါရှိသည်။ ထိုမြေပုံကို တစ်ခဏမျှလေ့လာလိုက်သော်လည်း ပိုင်ရှောင်ချန်းမှာ သူမည်သည့်နေရာသို့ ရောက်နေကြောင်းကို မသိသေးပေ။ ဤမြေပုံပေါ်တွင် မဟာတံတိုင်းနှင့် အနည်းငယ်မျှကွာဝေးသည်ဟု ဖော်ပြထားချက်များ လုံးဝမပါပေ။
” သိပ်တော့ အထောက်အကူမဖြစ်ဘူး ”
သူက စိုးရိမ်တကြီးတွေးတောလိုက်သည်။ ထို့နောက် ဒုတိယအရိုးပေလွှာကို ဖတ်ကြည့်လိုက်သောအခါ သူ၏မျက်ဝန်းများ အရောင်လက်သွားပြီး အုတ်ဂူမြေပုံကို လှမ်းကြည့်လိုက်သည်။
” မင်းနာမည်က ပိုင်ဟောက် တဲ့လား ”
သူက ရေရွတ်လိုက်သည်။ ဒုတိယအရိုးပေလွှာတွင်မူ သေဆုံးသွားသော လူငယ်လေး၏ အသေးစိတ်အချက်အလက်များ ပါဝင်ပြီး သူသေခါနီးဆဲဆဲတွင် ရေးခဲ့သည့် စာလုံးအချို့လည်း ပါဝင်သည်။
သူ၏နာမည်မှာ ပိုင်ဟောက်ဖြစ်ပြီး ဤဒေသတစ်ဝိုက်ရှိ အထက်တန်းမျိုးနွယ်စုဖြစ်သော အောက်လမ်းဆရာမျိုးနွယ်စုတစ်စုမှ မျိုးမစစ်သား တစ်ယောက် ဖြစ်သည်။ သူသည် ထိုမျိုးနွယ်စုထဲတွင် လူချစ်လူခင်ရှိပုံမရပဲ ရန်မစသင့်သောလူများ၏ အမျက်တော်ရှခံရသဖြင့် ထိုသူများက သူ့ကို လုပ်ကြံခဲ့ခြင်းဖြစ်သည်။ ထိုအကြောင်းအရင်းကြောင့် သူအသက်ပျောက်သွားရခြင်း ဖြစ်သည်။
ပိုင်ရှောင်ချန်းသိသလောက်ဆိုလျှင် ထို အထက်တန်း အောက်လမ်းဆရာမျိုးနွယ်စုမှာ အလွန်အမင်း နာမည်ကျော်ကြားနေသည့် မျိုးနွယ်စုတစ်ခုတော့ မဟုတ်ပေ။
” အထက်တန်း အောက်လမ်းဆရာမျိုးနွယ်စု ဆိုပါလား ”
အနည်းငယ်တွေးတောလိုက်ပြီးနောက် သူက တတိယမြောက်အရိုးပေလွှာကို စစ်ဆေးကြည့်လိုက်သောအခါ စိတ်ဝင်စားဖွယ်ကောင်းသော အချက်အလက်များကို တွေ့ရှိလိုက်ရတော့သည်။ ၎င်းပေလွှာထဲတွင် သူ မဟာတံတိုင်းတွင် ရှိခဲ့စဥ်က အလွန်အမင်း သိချင်ခဲ့သည့် အောက်လမ်းဆရာများအကြောင်းကို အသေးစိတ်ရှင်းပြထားသည်။
ထိုပေလွှာမှာ အောက်လမ်းပညာရပ်၏ ပထမဆုံးလိုအပ်သော အခြေခံပညာရပ်များအကြောင်း ပြောပြထားခြင်း ဖြစ်သည်။
ပထမဆုံး ဝါကျအနည်းငယ်နှင့်ပင် ပိုင်ရှောင်ချန်းမှာ အလွန်အမင်းတုန်လှုပ်သွားရတော့သည်။
” အောက်လမ်းပညာဆိုတာ ရောနှောပေါင်းစပ်ခြင်း ပညာရပ်ဖြစ်သည်။ အောက်လမ်းဆရာတွေက စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း၊ ဆေးဖော်စပ်ခြင်း၊ လက်နက်ပစ္စည်းပြုလုပ်ခြင်းတို့ရဲ့ အခြေခံတွေကို အောက်လမ်းပညာရပ်မှာ အသုံးပြုကြသည် ”
မြေရိုင်းသားများအသုံးပြုသည့် စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားသော ရတနာပစ္စည်းများမှာ ထူးဆန်းနေသည်ကို ပိုင်ရှောင်ချန်း သတိထားမိခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထိုထူးဆန်းနေရသည့် အကြောင်းအရင်းကို သူကိုယ်တိုင်လည်း ခန့်မှန်းခဲ့သေးသည်ဖြစ်သည်။ ယခုတွင်မူ ဤအရိုးပေလွှာပေါ်ရှိ အချက်အလက်များမှာ သူ၏ ထင်မြင်ယူဆချက်များကို အတည်ပြုနေပြီဖြစ်သည်။ ကျန်ရှိနေသေးသော အချက်အလက်များကို ဆက်၍ဖတ်ပြီးသောအခါ ပိုင်ရှောင်ချန်းမှာ ဆွံ့အနေရတော့သည်။
ထိုအခါ သူ၏အမြင်ထဲတွင် မြေရိုင်းဒေသမှာ အရင်ကကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သည့် နေရာကြီးတစ်ခု မဟုတ်တော့ပေ။ သဲလွန်စအမျိုးမျိုးကို စုပေါင်းမိလိုက်သောအခါ ပုံရိပ်ကြီးတစ်ခု ရှင်းရှင်းလင်းလင်းပေါ်လာပြီဖြစ်သည်။
မြေရိုင်းဒေသထဲတွင် အဆင့်အနိမ့်ဆုံးများမှာ လူ့ဘီလူးမျိုးနွယ်စုများဖြစ်သည်။ လူ့ဘီလူးကြီးများမှာ လူနေမှုအဆင့်အတန်း အဆင့်အနိမ့်ဆုံးဖြစ်ပြီး ကျေးကျွန်များအဖြစ်သာ ဆက်ဆံခံရသည်။ သူတို့မှာ ဝိညာဥ်ကျင့်ကြံသူများကို ကိုးကွယ်ကြသည်ဖြစ်ပြီး ထိုသူများကို ကာကွယ်စောင့်ရှောက်သူများအဖြစ် ရှုမြင်ကြသည်။
ဝိညာဥ်ကျင့်ကြံသူများမှာ လူ့ဘီလူးများထက် ရာထူးကြီးမားပြီး သာမန်ကျင့်ကြံသူများနှင့် မထူးခြားပေ။ တစ်ခုထဲသောကွာခြားချက်မှာ သူတို့သည် ကျင့်ကြံခြင်းကို လေ့လာရန် ကောင်းကင်တံတားမြစ်၏ စိတ်စွမ်းအင်များကို မသုံးနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့မှာ အောက်လမ်းဆရာများ ပေးစွမ်းနိုင်သည့် ဝိညာဥ်စွမ်းအင်များကိုသာ အားထားရသည်။
ဤ မြေရိုင်းဒေသထဲတွင် လူရိုင်းများမှာ ဝိညာဥ်ကျင့်ကြံသူများထက် အဆပေါင်းများစွာ ပို၍များသည်။ သို့သော်လည်း ဝိညာဥ်ကျင့်ကြံသူ အရေအတွက်အမြောက်အမြား ရှိနေ၏။ သူတို့တွင် သက်ဆိုင်ရာ မျိုးနွယ်စုများနှင့် အင်အားကြီးအဖွဲ့အစည်းများရှိကြပြီး သင်းကွဲကျင့်ကြံသူများကဲ့သို့သော လူများလည်းရှိသေးသည်။
အောက်လမ်းဆရာများကမူ မြေရိုင်းဒေသ၏ မှူးမတ်မျိူးနွယ်များနှင့်တူသည်။ မည်သည့် အောက်လမ်းဆရာဖြစ်စေ ရာထူးကြီးမားသည်။ သူတို့သည် ဝိညာဥ်ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းလေ့ကျင့်ရာတွင် လိုအပ်သော ဝိညာဥ်စွမ်းအင်များကို ထုတ်ပေးနိုင်ရုံသာမက မှော်ပစ္စည်းများကိုထုတ်လုပ်နိုင်ပြီး ထိုပစ္စည်းများကိုပါ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်ပေးနိုင်၏။
ထို့ကြောင့် အောက်လမ်းဆရာများမှာ မြေရိုင်းဒေသအတွက် အလွန်အရေးပါ အရာရောက်ကြသည်။
အောက်လမ်းဆရာများ၏ အဆင့်အတန်းကို မီးတောက်များကို အခြေခံကာ သတ်မှတ်ထားသည်။ မြေရိုင်းဒေသမှ အောက်လမ်းဆရာများမှာ ကောင်းကင်တံတားဒေသမှ စိတ်စွမ်းအင်အဆင့်မြှင်တင်သူများနှင့် အချို့နေရာများတွင် ဆင်တူသည်ဟု ထင်ရပါသော်လည်း ကွဲပြားချက်များစွာရှိနေသည်ဖြစ်သည်။
ကောင်းကင်တံတားဒေသတွင် စိတ်စွမ်းအင်အဆင့်မြှင့်တင်သူများမှာ ရောင်စုံခြယ်မီးတောက်များကို ရရှိရန် လောင်စာများကို ရှာဖွေရသည်။ သို့သော် အောက်လမ်းဆရာများမှာ လောင်စာလုံးဝမလိုပေ။ ကြီးမားသော ကျရှုံးနိုင်ခြေများနှင့် ရင်ဆိုင်ရသည်မှာ အတူတူဖြစ်သော်လည်း သူတို့က လောင်စာများအပေါ် မှီခိုနေစရာမလိုပေ။ အစထဲက သူတို့က မီးတောက်များနှင့် အဆင့်မြှင့်တင်ကြသည်။
ထိုမီးတောက်များမှာ သဘာဝအတိုင်း ဖြစ်ပေါ်လာကြသည်တော့ မဟုတ်ပေ။ အောက်လမ်းဆရာများမှာ ဝိညာဥ်အမျိုးမျိုးနှင့် ထူးခြားသောနည်းလမ်းများကိုသုံးကာ ထိုမီးတောက်များကို ဖန်တီးကြ၏။
တစ်ရောင်ခြယ် မီးတောက်ကို ဖန်တီးနိုင်သူကို ကနဦး အောက်လမ်းဆရာအဖြစ် သတ်မှတ်သည်ဖြစ်သည်။ လေးရောင်ခြယ်မီးတောက်အထိ ဖန်တီးနိုင်လျှင် နယ်လှည့် အောက်လမ်းဆရာအဆင့်သို့ ရောက်သွားပြီဖြစ်သည်။ ခုနစ်ရောင်ခြယ်မီးတောက်အထိဆိုလျှင် အောက်လမ်းဆရာသခင် ဟုခေါ်သည်။
မြေရိုင်းဒေသရှိ အောက်လမ်းဆရာ အများစုမှာ ထိုအဆင့်သုံးဆင့်ထဲမှ ဖြစ်ကြသည်။
ဆယ်ရောင်ခြယ်မီးတောက်မှာ အောက်လမ်းဆရာသခင်များ၏ ထိပ်ဆုံးအဆင့်ဖြစ်ပြီး ထိုအဆင့်ထိရောက်နိုင်သည့် အောက်လမ်းဆရာ အများကြီး မရှိပေ။ ထိုအဆင့်ကိုကျော်လွန်သွားပါက အောက်လမ်းဆရာများမှာ အပြောင်းအလဲများစွာကြုံရပြီး မြေအောက်လမ်းဆရာ၊ ကောင်းကင်အောက်လမ်းဆရာ၊ လောကဓာတ်အောက်လမ်းဆရာ၊ အာကာသ အောက်လမ်းဆရာ အစရှိသဖြင့် အဆင့်သတ်မှတ်ကြသည်။
ဆယ့်တစ်ရောင်ခြယ်မီးတောက်ကို ဖန်တီးနိုင်ပါက မြေ အောက်လမ်းဆရာဖြစ်သွားမည်ဖြစ်သည်။ မြေရိုင်းဒေသထဲတွင် ထိုသို့သောအောက်လမ်းဆရာမှာ ရောက်လေရာနေရာတိုင်းတွင် ဩဇာတိက္ကမကြီးမားသည်။
ထိုအဆင့်၏အထက်တွင် ကောင်းကင် အောက်လမ်းဆရာဖြစ်ပြီး သူတို့မှာ ပို၍ပင်နည်းသည်။ အောက်လမ်းဆရာမျိုးနွယ်စုတွင် ကောင်းကင် အောက်လမ်းဆရာများမှာ ရာထူး ဆင်တူသည်။ အကြီးဆုံးဖြစ်ပြီး ထိပ်တန့်အကြီးအကဲများ သို့မဟုတ် လျှို့ဝှက်ရတနာများနှင့် ကောင်းကင် အောက်လမ်းဆရာများ၏ အရည်အချင်းမှာ ဆယ့်ငါးရောင်ခြယ်မီးတောက်များကို ဖန်တီးနိုင်ခြင်းဖြစ်သည်။
လောကဓာတ် အောက်လမ်းဆရာများမှာ ဒဏ္ဍာရီလာများဖြစ်ကြပြီး မြေရိုင်းဒေသတစ်ခုလုံးတွင် သုံးယောက်သာရှိသည်။ ထိုအဆင့်ထိရောက်လိုပါက ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ကို ဖန်တီးရမည်ဖြစ်သည်။
အဆင့်အမြင့်ဆုံးသည်ကား အာကာသ အောက်လမ်းဆရာဖြစ်သည်။ ရှေးယခင်ထဲမှ ယခုအထိ ထိုသို့သောအောက်လမ်းဆရာ တစ်ဦးတစ်ယောက်မှ မပေါ်ပေါက်ခဲ့ဘူးပေ။ ၎င်းအဆင့်မှာ ယူဆချက်အရသာ ရှိနေခြင်းဖြစ်သည်။ အာကာသအောက်လမ်းဆရာတစ်ယောက် ဖြစ်ရန်ဆိုလျှင် နှစ်ဆယ့်တစ်ရောင်ခြယ် မီးတောက်ကို ဖန်တီးရမည် မဟုတ်ပါလော။