ကျန်းချန်ကျီနှင့် ဟွားကျန့်ရှန်တို့ ရောက်လာခြင်းက ရီဖူရှင်း၏အဖွဲ့ကို ပိုမို သန်မာစေသည်။
သူတို့နှစ်ဦးကား အဆင့်မြင့်ရန်ဟောင်များဖြစ်ကြသည်။ ကျန်းချန်ကျီကား နဝမအတန်းအစားဝင်ရိုးကို ပိုင်ဆိုင်ပြီး ဟွားကျန့်ရှန်သည် အဌမအတန်းအစားဝင်ရိုး၏အမြင့်ဆုံး၌ ရှိသည်။ သူတို့သည် ဂူထျန်းရှင်းနှင့် တခြားသော နတ်ဘုရားဂိတ်မှ နတ်မိစ္ဆာ၁၂ပါးတို့ကိုပါ ထပ်ပေါင်းထည့်ပါက ကောင်းကင်နတ်တံခါးအား ကောင်းကင်အာဏာစက်ပြည်ထောင်၏အထွန်းတောက်ဆုံး အချိန်အခါမှ အင်အားနှင့် ကောင်းကောင်း ယှဉ်ပြိုင်နိုင်ပေသည်။
သူတို့သည် နောက်ပိုင်းတွင် ကြီးမားသော ဘေးအန္တရာယ်နှင့် ကြုံတွေ့ခဲ့ပြီးနောက် ကောင်းကင်နတ်တံခါးသည် သိုသိပ်စွာ နေခဲ့ရ၏။ တခြားသော အင်အားစုများသည် သူတို့အား ကြီးမားသော ဖိအားများ ဖြစ်စေသည်။
သို့သော်လည်း သူတို့နှစ်ဦးသည် ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်နေဆဲပင်။ ယခု ရီဖူရှင်းက သူတို့အား ဝိညာဉ်လက်နက်များ လက်ဆောင်ပေးခဲ့ရာ ပိုမို၍ပင် သန်မာလာခဲ့ပြီဖြစ်သည်။ သူတို့သည် အတော်ဆုံးသော ပုဂ္ဂိုလ်များနှင့်သာ မကြုံခဲ့ရပါက ရီဖူရှင်း၏အနားတွင်နေခြင်းက ပြဿနာမရှိပေ။ သူတို့သည် ကောင်းကင်အာဏာစက်ပြည်ထောင်အရှင်ကိုယ်တိုင် ရောက်လာခဲ့လျှင်ပင် အထိုက်အလျောက် အကာအကွယ်ပေးနိုင်ပေမည်။
ရီဖူရှင်းသည် နောက်ပိုင်းနေ့ရက်များတွင် ကျင့်ကြံခြင်းများ၌သာ အာရုံဝင်စားနေခဲ့သည်။ စံအိမ်၏အစီအရင်ကား အမြဲတမ်းအားဖြင့် သက်ဝင်နေခဲ့၏။ အစီအရင်ကား မဟာလမ်းစဉ်၏အသိကို ဆွဲငင်ရန် အသုံးပြုသော လမ်းစဉ်အစီအရင်ဖြစ်သည်။ ထိုနည်းက စံအိမ်အား မဟာလမ်းစဉ်၏စွမ်းအားများ စုဝေးစေသည်။
တဖြေးဖြေးဖြင့် ထျန်ရှင်းကျောင်းတော်အပြင်မှ လူများသည် ထူးဆန်းဖြစ်စဉ်များအား အသားကျလာခဲ့ကြ၏။ ရီဖူရှင်း လုပ်သမျှအား သူတို့ အံ့အားသင့်ခြင်း မရှိကြတော့ပေ။
တစ်နေ့ ထျန်ရှင်းကျောင်းတော်၏အပြင်ဘက်နေရာတစ်ခုတွင် လူငယ်တစ်ယောက်သည် လမ်းပေါ်၌ လမ်းလျှောက်နေ၏။ လူငယ်ကား နောက်ကျောတွင် ဓားတစ်လက် လွယ်ပိုးထား၏။ သူ့ထံမှ ထူးခြားသော အငွေ့အသက်နှင့် ထက်ရှသော ခံစားချက်များကို ပေးသည်။ သူ၏ကျင့်ကြံခြင်းမှာလည်း ပြန်လည်မွေးဖွားခြင်းအဆင့်ဖြစ်၏။
လူငယ်နှင့် မနီးမဝေးတွင်လည်း ရန်ဟောင်တစ်ပါးပါဝင်သော လူတစ်စု သွားနေသည်။
သူတို့အုပ်စုသည်ကား ထျန်ရှင်းကျောင်းတော်အပြင်ဘက်မှ မြို့များတွင် သြဇာအတန်အသင့်ရှိသော မိသားစုတစ်ခုမှ ဖြစ်၏။ သူတို့သည် အင်အားကြီးကလန်များကဲ့သို့ အားမကောင်းသော်လည်း သူတို့တွင် အဆင့်မြင့်ရန်ဟောင်အချို့ရှိ၏။
တုန်းရှန်းပြည်နယ်တွင် များစွာသော အင်အားကြီးကလန်များရှိသည်။ သို့သော်လည်း ဗဟိုအင်ပါယာဘုံတွင် အနည်းငယ်မျှသော အင်အားကြီးကလန်များသာ ရှိပေသည်။
“ယွင်ချီ… မင်းဟာ ဆရာကို နှုတ်ဆက်တဲ့အခါ စိတ်ရင်းနဲ့ဖြစ်ဖို့လိုတယ်” အကြီးအကဲတစ်ဦးက ဘေးမှ မိန်းကလေးကို ပြောသည်။ မိန်းကလေးကား အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူမသည် ရိုးရှင်းဟန်ပေါ်သော်လည်း သေသပ်၏။ သူမသည် လှပချောမောကာ သွယ်လျှသော ခန္ဓာကိုယ်အား ပိုင်ဆိုင်သည်။ သူမထံမှ အေးစက်သော အငွေ့အသက်များ ရ၏။
တုန်းရှင်းပြည်မှ လင်းကလန်သည် သြဇာအာဏာရှိသော အင်အားစုတစ်ခုဖြစ်သည်။ လင်းယွင်ချီသည် ကုန်းစွန်းမိသားစု၏သမီးဖြစ်၏။ သူမသည် ကျင့်ကြံခြင်း၌ မြင့်မားသော ပါရမီရှိပြီး အလွန်လှပချောမောသည်။ သူမသည် ထျန်ရှင်းကျောင်းတော်အပြင်စည်းသို့ ဝင်ရောက်နိုင်ခဲ့ပြီး ထိုနေရာတွင် တစ်နှစ်တိတိ လေ့ကျင့်ပြီးဖြစ်သည်။ ယနေ့တွင် သူမသည် ရှန့်ထိုပထမအဆင့်သို့ ဝင်ရောက်ခဲ့၏။
လင်းယွင်ချီက အဝေးမှ ကောင်းကင်လှေကားထစ်များအား လှမ်းကြည့်သည်။ သူမ၏အကြည့်တွင် ဆုံးဖြတ်ချက်ခိုင်မာမှုများ ရှိနေ၏။
“ဒါက ကျွန်မရဲ့ အိပ်မက်ပဲ” လင်းယွင်ချီက ပြောသည်။
“ထျန်ရှင်းကျောင်းတော်ရဲ့ လက်ရှိမျိုးဆက်ထဲမှာ အတော်ဆုံးဖြစ်တဲ့ ကျန်ချင်းကျူဟာ ရန်ဟောင်အဆင့်ကို ရောက်သွားပြီ။ အနာဂတ်မှာ သူဟာ ထျန်ရှင်းကျောင်းတော်ရဲ့ အုပ်ချုပ်ရေးမှူးတောင် ဖြစ်နိုင်တယ်။ မင်းက သူ့လက်အောင်မှာ လေ့ကျင့်တာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်မယ်။ ဒါပေမဲ့ သူ့အဆင့်အတန်းနဲ့ဆိုရင် မင်းကို လက်ခံဖို့တော့ သိပ်မလွယ်လောက်ဘူး။ သူက ကျင့်ကြံဖို့ကိုပဲ အာရုံစိုက်နိုင်တယ်။ သူက ငယ်သေးတာကိုး။ ဒီလိုကိစ္စတွေမှာ သူက အချိန်ဖြုန်းစရာမရှိဘူး” အကြီးအကဲက ပြောသည်။
လင်းယွင်ချီသည် ပုံမှန်အားဖြင့် ကျန်ချင်းကျူကို သိပေသည်။ အမှန်တကယ်အားဖြင့် ကျန်ချင်းကျူသည် လူငယ်မျိုးဆက်များထဲတွင် ထိပ်သီးစာရင်းဝင်ဖြစ်သည်။ ယခု သူသည် ရန်ဟောင်အဆင့်ကို ရောက်သွားပြီဖြစ်ရာ ပုဂ္ဂိုလ်ထူးတစ်ဦးဖြစ်ရန် သေချာနေပေပြီ။
“ကျွန်မက သူ့ကို ဆရာအဖြစ် မရခဲ့ရင်တောင် ကောင်းကင်လှေကားကို ကိုယ်တိုင်တက်ပြီးတော့ ထျန်ရှင်းကျောင်းတော်မှာ လေ့ကျင့်နိုင်တယ်” လင်းယွင်ချီက ပြောသည်။ သူမ၏အကြည့်တွင် ဆုံးဖြတ်ချက်ပြတ်သားဟန်များ၊ မောက်မာသော အငွေ့အသက်များ ရှိနေ၏။
“ငါတို့ မင်းကို ယုံပါတယ်” အကြီးအကဲက ပြောသည် “ဒီတစ်ခေါက် နတ်ဘုရားအကြွင်းအကျန်နယ်မြေမှာ ထျန်းရှင်းကျောင်းတော်ထဲက ကျန်ချင်းကျူတစ်ယောက်ဘဲ လမ်းစဉ်သက်သေပြပြီးတော့ အက်ကြောင်းမဲ့နတ်ဝင်ရိုးကို ဖွဲ့စည်းနိုင်ခဲ့တယ်။ တခြားလူတွေအတွက်တော့ ခက်ခဲလိမ့်မယ်။ ဒါပေမဲ့ ဒီတစ်ခေါက် ထျန်ရှင်းကျောင်းတော်မှာ လူအချို့ လေ့ကျင့်နေကြတယ်။ ရီဖူရှင်းက သူတို့ထဲက တစ်ယောက်ပဲ။ သူဟာ နတ်ဘုရားအကြွင်းအကျန်နယ်မြေထဲက ထွက်လာပြီးနောက်ပိုင်း ထူးခြားဆန်းပြားတဲ့ ပါရမီကို ထုတ်ပြခဲ့တယ်။ သူဟာ ရွှေရောင်နတ်ပြည်ထောင်က အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင် ကိုက်ကျိုထျန်းကို သတ်ဖြတ်ခဲ့တယ်။ သူဟာ ဒီအတိုင်းသာ ဆက်ပြီး ကျင့်ကြံသွားမယ်ဆိုရင် အနာဂတ်မှာ ထိပ်သီးပုဂ္ဂိုလ်တစ်ဦး သေချာပေါက် ဖြစ်လာမှာပဲ။ တကယ်လို့ မင်းသာ သူ့လက်အောက်
မှာ လေ့ကျင့်ခွင့်ရမယ်ဆိုရင် သေချာပေါက် အကျိုးကျေးဇူးများမှာပဲ”
“ဘာလို့ သူ့ကို ရွေးတာလဲ” လင်းယွင်ချီက မေးသည်။
“မင်းက အက်ကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်းနိုင်ခဲ့တဲ့ တခြားလူတွေကိုလည်း ရှာနိုင်သေးတယ်။ ရှန်ကလန်က ရှန်ဟောက်နဲ့ နန်ထျန်းပြည်ထောင်က မင်းသမီး နန်လော့ရှန်တို့ကို မမေ့နဲ့။ တခြားဘုံတွေက သူရိန်နေမင်းနန်းတော်နဲ့ ယိုယွဲ့နတ်နန်းတော်က ဆက်ခံသူတွေဟာလည်း သူတို့နဲ့ အဆင့်အတန်းတူတယ်။ သူတို့က တပည့်လက်ခံဖို့တော့ ဖြစ်နိုင်ချေနည်းတယ်။ ရီဖူရှင်းဟာ နတ်ဘုရားအကြွင်းအကျန်နယ်မြေက ထွက်လာတာနဲ့ အဖွဲ့အစည်းအတော်များများ တိုက်ခိုက်တာကို ခံရတယ်။အဲဒါက သူ့ရဲ့ နောက်ခံက အားနည်းလို့ပဲ။ ကောလာဟလအရ သူဟာ ထျန်းဟယ်အကြီးအကဲကို ဆရာအဖြစ် တင်မြှောက်ခဲ့ပြီးတော့ ထျန်ရှင်းကျောင်းတော်ကို သူ့လုံခြုံရေးအတွက် ခိုလှုံခဲ့ရတယ်။ ကျုပ်တို့ကသာ စိတ်ရင်းနဲ့ ပြောဆိုခဲ့ရင် ရီဖူရှင်းက မင်းကို တပည့်အဖြစ် လက်ခံဖို့ အဖြစ်နိုင်ဆုံးပဲ”
အကြီးအကဲက တီးတိုးပြောသည်။ မည်သို့ဆိုစေ ရီဖူရှင်းသည် မိတ်ဆွေများ လိုအပ်နေသည်မဟုတ်ပါလား။
သူတို့သည် ထိပ်သီးအင်အားစုများကဲ့သို့ အင်အားမကောင်းသော်လည်း တုန်းရှင်းပြည်တွင် အတန်အသင့် အာဏာသက်ရောက်ပေသည်။ သူတို့အမြင်တွင် ရီဖူရှင်းက တပည့်လက်ခံဖွယ်ရှိနေ၏။
အကယ်၍ လင်းယွင်ချီသာ ရီဖူရှင်း၏တပည့်ဖြစ်လာပါက သူမသည် နတ်ဘုရားအကြွင်းအကျန်နယ်မြေနှင့်ပတ်သက်၍ ပိုမိုနားလည်နိုင်မည်ဖြစ်သလို အရည်အသွေးမြင့်ဝိညာဉ်လက်နက်ကိုလည်း ပိုင်ဆိုင်နိုင်ဖွယ် ရှိ၏။ လင်းကလန်အတွက် ကြီးမားသော အထောက်အကူ ဖြစ်နိုင်ပေသည်။
“ကဲ.. ဒါကို ဆက်မပြောနဲ့တော့။ မင်းက အနာဂတ်မှာ ထျန်ရှင်းကျောင်းတော်ကို ဝင်ခွင့်ရတဲ့အခါ ကျန်ချန်းကျူနဲ့အတူ လေ့ကျင့်ခွင့်ရဖို့ကိုပဲ ကြိုးစား” အကြီးအကဲက လင်းယွင်ချီကို ပြောသည်။ သူတို့သည် မကြာခင် ဦးတည်ရာနေရာသို့ ရောက်တော့မည်ဖြစ်သည်။
သိပ်မဝေးသော နေရာမှ လူငယ်သည် သူတို့အုပ်စုနှင့် ဦးတည်ရာတစ်ခုတည်းကို သွားနေသည်။ သူသည် တစ်ဘက်လူတို့ ပြောသော စကားများကို သဲ့သဲ့မျှ ကြားရ၏။
တစ်ဘက်လူများကား သူတို့ ပြောဆိုသော စကားများကို ထိန်းချုပ်ခြင်း မရှိကြရာ သူ့အတွက် ရှင်းလင်းစွာ ကြားသိရပေသည်။
မကြာမှီ သူတို့အုပ်စုသည် စံအိမ်အပြင်ဘက်ကို ရောက်လာ၏။ သူတို့ပထမဆုံး တွေ့ရသောသူကား သိမ်းငှက်နက်ဖြစ်သည်။ သိမ်းငှက်နက်က ခေါင်းမော့ရင်ကော့ကာ သူတို့အုပ်စုအား မေးသည် “ခင်ဗျားတို့ ဘာကိစ္စလဲ”
သိမ်းငှက်နက်ကား ယခု အရေးပါအရာရောက်သောသူ ဖြစ်နေလေပြီ။ သူသည် သာမန်ရန်ဟောင်တစ်ပါးအား အလေးမထားပေ။
“တုန်းရှင်းပြည်က လင်းကလန်… အင်ပါယာရီကို လာနှုတ်ဆက်ပါတယ်” အုပ်စုထဲမှ အကြီးအကဲက လက်နှစ်ဘက်ကို ဆုပ်ကာ သင့်တင့်သော အမူအရာဖြင့် ပြောသည်။
“ကျုပ်က ခင်ဗျားတို့အတွက် မေးပေးပါ့မယ်” သိမ်းငှက်နက်က ရီဖူရှင်းထံကို သတင်းစကား ပါးလိုက်သည်။ ရီဖူရှင်းကလည်း အထဲကို ဝင်လာရန် ခွင့်ပြုခိုင်းလိုက်၏။
သိမ်းငှက်နက်က အထဲကို ဖိတ်ခေါ်လိုက်လျှင် အကြီးအကဲက ပြုံးလျှက် လူစုကို ခေါင်းဆောင်ကာ အထဲကို ဝင်သွား၏။ အကြီးအကဲတွင် ပုံမှန်အမူအရာရှိသော်လည်း လင်းယွင်ချီသည်ကား သိမ်းငှက်နက်ကို လှမ်းကြည့်သည်။ သိမ်းငှက်နက်ကား အလွန်မောက်မာဟန်ရ၏။ သူ၏အဆင့်မှာ ရှန့်ထိုမျှသာ ဖြစ်သော်လည်း ရန်ဟောင်တစ်ပါးကိုပင် လေးစားဟန်မရှိပေ။
စံအိမ်တွင် ရီဖူရှင်းသည် သူတို့အုပ်စုအား ကြိုဆို၏။ သူက တုန်းရှင်းပြည်၏လင်းကလန်ကို မသိသော်လည်း လာရောက်လည်ပတ်သူများကို ကောင်းစွန် ဧည့်ခံရန် လိုပေသည်။
“တုန်းရှင်းပြည်၊လင်းကလန်က လင်းမူ… အင်ပါယာရီကို နှုတ်ဆက်ပါတယ်” အကြီးအကဲက လက်နှစ်ဘက်ကို ဆုပ်ကာ ပြောသည်။ သူ၏အကြည့်က ရီဖူရှင်း၏နောက်တွင် ရှိနေသော လူနှစ်ယောက်ထံသို့ ရောက်သွားပြီး အကြီးအကျယ် ထိတ်လန့်သွား၏။ ထိုလူနှစ်ဦး၏အဆင့်ကို သူ ခံစားမိသည်။
“အကြီးအကဲက အရမ်းယဉ်ကျေးတာပဲ” ရီဖူရှင်းက ပြန်ပြောသည် “ခင်ဗျားတို့ လာလည်တာက…”
“အင်ပါယာရီဟာ နတ်ဘုရားအကြွင်းအကျန်နယ်မြေမှာ အရမ်းထင်ပေါ်လာခဲ့ပြီးတော့ အက်ကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်းနိုင်ခဲ့တယ်။ လင်းကလန်က လူငယ်တွေ အများကြီးဟာ အင်ပါယာရီကို လေးစားအားကျကြတယ်။ ယွင်ချီဟာ ကျုပ်တို့ကလန်က ဂျူနီယာတစ်ယောက်ပါ။ သူမက အပြင်ဘက်ကလူတွေ အင်ပါယာရီအကြောင်းကို ပြောဆိုတာ ကြားသိရပြီးတော့ ခင်ဗျားရဲ့လက်အောက်မှာ လေ့ကျင့်ချင်နေတယ်”
“ဆရာတင်မြှောက်တာလား…” ရီဖူရှင်း အံ့အားသင့်သွားသည်။ သူ့အား လူတစ်ယောက်မှ ဆရာလာတင်ခြင်းကို သူမထင်မှတ်ထားပေ။
သို့သော်လည်း သူသည် လမ်းစဉ်ကို သက်သေပြပြီးနောက်တွင် မူလကနှင့် ကွဲပြားခြားနားသွားပြီဖြစ်ကြောင်းသိနားလည်ပေသည်။
ရန်ဟောင်တန်ခိုးရှင်တစ်ပါးသည် ဂိုဏ်းတစ်ခုကို တည်ထောင်နိုင်ရန်အထိ သန်မာပေသည်။
ရန်ဟောင်များသည် ဘုံများကိုပင် အုပ်စိုးနိုင်စွမ်း ရှိကြ၏။
ထို့ကြောင့် ဆရာလာတင်ခြင်းမှာ သာမန်ကိစ္စသာဖြစ်သည်။
“ကျွန်မက လင်းယွင်ချီပါ။ အင်ပါယာရီကို အရိုအသေပေးပါတယ်” လင်းယွင်ချီက ရှေ့ကို တစ်လှမ်းတက်ကာ ရီဖူရှင်းအား လေးစားမှုကို ပြသသည့်အနေဖြင့် အနည်းငယ် ဦးညွတ်သည်။
ရီဖူရှင်းက လင်းယွင်ချီအား ကြည့်သည်။ သူမအား အလွန်ချောမောလှပပြီး ရှန့်ထိုအဆင့်သို့ ငယ်ငယ်ရွယ်ရွယ်ဖြင့် ရောက်သည်။ သူမ၏ပါရမီနှင့် စိတ်ပိုင်းဆိုင်ရာက ထူးခြား၏။ သို့သော်လည်း သူ့တွင် တပည့်လက်ခံမည့် စိတ်ဆန္ဒမရှိပေ။
“အကြီးအကဲ… ကျုပ်က ထျန်ရှင်းကျောင်းတော်ကို လာတာ ကျင့်ကြံခြင်းကို အာရုံစိုက်ချင်လို့ပါ။ တပည့်လက်ခံဖို့ ဆန္ဒမရှိပါဘူး” ရီဖူရှင်းက လင်းမူကို ပြောသည်။
“ကျုပ် နားလည်ပါတယ် အင်ပါယာရီ… ခင်ဗျားက အခုမှ လမ်းစဉ်သက်သေပြခဲ့ပြီးတာဖြစ်ပြီးတော့ ကျင့်ကြံခြင်းမှာပဲ အာရုံစိုက်ချင်တယ်။ ဒါပေမဲ့ ခင်ဗျားက ယွင်ချီကို အားတဲ့အချိန်တွေမှာပဲ တစ်ခါတစ်လေ ညွန်ကြားပြသပေးဖို့လိုပါတယ်။ ပြီးတော့ လင်းကလန်ဟာ ဒီဒေသမှာ အတော်အသန့် အင်အားရှိပါတယ်။ အပြင်မှာ ကျင့်ကြံတဲ့အခါ မကောင်းတဲ့ကိစ္စတစ်ခုခုဖြစ်ရင် ကျုပ်တို့ လင်းကလန်က ကူညီလို့ ရပါတယ်” လင်းမူက ဆက်ပြောသည်။
လင်းယွင်ချီက သူ့အား ဆရာလာတင်ခြင်းမှာ လင်းကလန်သည် သူ၏အလားအလာနှင့် နတ်ဘုရားအကြွင်းအကျန်နယ်မြေမှ အတွေ့အကြုံများကို တန်ဖိုးထား၍ ဖြစ်ကြောင်း သိသည်။ တခြားသော အကြောင်းပြချက်မှာ သူရရှိခဲ့သော ဝိညာဉ်လက်နက်များကြောင့် ဖြစ်ရပေမည်။
“ကျုပ်ကို အပြစ်မတင်ပါနဲ့ အကြီးအကဲခင်ဗျား။ ကျွန်တော်က အရမ်းအလုပ်များတဲ့အတွက် တပည့်လက်မခံလိုပါဘူး” ရီဖူရှင်းက ပြုံးလျှက် ဆက်ပြောသည်။ ကျန်းချန်ကျီနှင့် ဟွားကျင့်ချန်တို့ သူ့ဘေးတွင် ရှိနေရာ သာမန်ပြဿနာများကို အေးအေးဆေးဆေး ကိုင်တွယ်ဖြေရှင်းနိုင်ပေသည်။ သူ့အနေဖြင့် တခြားသော အင်အားစုများကို မှီခိုရန် မလိုပေ။
ထို့အပြင် သူသည် တစ်ဘက်လူ၏အကူအညီကို ယူပါက တချိန်တွင် ပြန်လည်၍ ကျေးဇူးပြုရပေဦးမည်။
ထိုအခိုက်တွင် လူငယ်တစ်ဦးသည် လင်းကလန်မှ လူများ၏နောက်ကို ရောက်လာခဲ့၏။ သူသည် ထိုနေရာတွင်ပင် ငြိမ်သက်စွာ ရပ်ကာ စကားဝိုင်းကို မနှောင့်ယှက်ပေ။
သို့သော်လည်း ရီဖူရှင်း၊ ကျန်းချန်ကျီနှင့် တခြားလူများက သူ့ကို သတိထားမိကြ၏။ သူတို့အားလုံးက ဝမ်းသာသွားကြသည်။
“ခဏစောင့်ပေးပါဦး… ကျုပ်မိတ်ဆွေတစ်ယောက် ရောက်လာလို့ပါ” ရီဖူရှင်းက အားနာဟန်ဖြင့် ပြောသည်။ ထို့နောက် သူက လူငယ်ထံသို့ လှမ်းသွားကာ ပြုံးလျှက်ပြောသည် “မတွေ့တာကြာပြီ…”
“မတွေ့တာကြာပြီ…” လူငယ်ကလည်း ခေါင်းညိတ်ကာ ရှေ့ကို တက်လာသည်။ သူက ကျန့်ချန်ကျီနှင့် ဟွားကျန့်ရှန်တို့အား ဦးညွတ်ကာ နှုတ်ဆက်သည် “ကျွန်တော် ဝမ်ရန်ပင်း ခေါင်းဆောင်နှစ်ယောက်ကို နှုတ်ဆက်ပါတယ်”
လူငယ်ကား ဝမ်ကလန်မှ ဝမ်ရန်ပင်းဖြစ်သည်။ သူကား ဂူတုံးလျှိုကို စိန်ခေါ်ကာ နတ်ဘုရားဂိတ်သို့ ပြန်ဝင်လိုခဲ့သူဖြစ်၏။
သူသည် အပြင်းထန်ဆုံး တိုက်ခိုက်ခဲ့သော်လည်း နောက်ဆုံးတွင် ရှုံးနိမ့်ခဲ့ရသည်။ သို့တိုင်အောင် သူ၏ထူးခြားသာလွန်သော သတ္တိနှင့် စိတ်ဓာတ်ပြင်းထန်မှုတို့မှာ လေးစားဖွယ်ကောင်းပေသည်။
“ထုံးတမ်းစဉ်လာတွေ ဘေးထားလိုက်ပါ…” ကျန့်ချန်ကျီက ရှေ့ကို တက်လာကာ ပြောသည် “မင်းကို အခုတွေ့ရတော့ ငါစိတ်အေးရပြီ”
ဝမ်ကလန်ခေါင်းဆောင်သည် တိုက်ပွဲ၌ ဆုံးပါးသွားခဲ့၏။ ဝမ်ရန်ပင်းကား ဝမ်ကလန်၏အနာဂတ်ခေါင်းဆောင်ဖြစ်သည်။ ကျန့်ချန်ကျီသည် ဝမ်ရန်ပင်း တစ်စုံတစ်ခု ထိခိုက်ရန် မလိုလားပေ။
“ကျွန်တော်က တိုက်တိုက်ဆိုင်ဆိုင် ဗဟိုအင်ပါယာဘုံမှာ ရောက်နေခဲ့တယ်။ နတ်ဘုရားအကြွင်းအကျန်နယ်မြေက ကိစ္စတွေကို ကြားပြီး ရောက်လာခဲ့တာပါ” ဝမ်ရန်ပင်းက ပြောသည်။
“အင်း…” ကျန့်ချန်ကျီက ပြုံးလျှက် ခေါင်းညိတ်သည်။
“ကျုပ်တို့ ထပ်ပြီး မနှောင့်ယှက်တော့ပါဘူး အင်ပါယာရီ။ ကျုပ်တို့ကို ခွင့်ပြုပါဦး” လင်းမူကား သူ၏အခြေအနေကို သဘောပေါက်သွားပြီဖြစ်၏။ ရီဖူရှင်းက လင်းမူကို ကြည့်ကာ အားနာစွာဖြင့် ထပ်ပြောသည် “ကျုပ် စိတ်မကောင်းပါဘူး အကြီးအကဲ…”
လင်းကလန်မှ လူများ နောက်လှည့်ထွက်ခွာသွားကြသည်။ သူတို့သည် စံအိမ်ထဲမှ ဆွံ့အစွာဖြင့် ထွက်လာခဲ့ကြ၏။
“ဒီရီဖူရှင်းက တော်တော်လေး မောက်မာတယ်” လင်းကလန်မှ စွမ်းအားမြင့်တန်ခိုးရှင်သည် သဘောမကျစွာ ရေရွက်၏။ ရီဖူရှင်းကား သူတို့ကို မျက်နှာသာပင် မပေးခဲ့။ သူကား တုန်းရှင်းပြည်မှ အင်အားကြီးကလန်တစ်ခုကို အလေးပင် မထားခဲ့။
လင်းယွင်ချီသည်လည်း စိတ်မသက်မသာ ခံစားရသည်။ သူမအနေဖြင့် ဆရာတင်ခြင်းမှာ သည်တစ်ကြိမ် ပထမဆုံးဖြစ်သော်လည်း အငြင်းခံလိုက်ရ၏။ ရီဖူရှင်းကား သူမကို သေသေချာချာပင် မကြည့်ခဲ့။
“သူက အက်ကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်းခဲ့ပြီးတော့ ပါရမီမြင့်တယ်။ သူဟာ ဘုံကိုးခုမှာ ရှေ့ဆုံးက ပြေးနေတဲ့ ပါရမီရှင်တစ်ယောက်ပဲ။ သူ့လိုလူက မောက်မာမှာပဲ” လင်းမူက ပြောသည်။ သူကား အနည်းငယ် စိတ်ပျက်နေ၏။ ရီဖူရှင်းက ယှဉ်ကျေးပျူငှာသော်လည်း သူထံမှ ထွက်ပေါ်နေသော မောက်မာမှု အငွေ့အသက်များအား ခံစားရ၏။ ရီဖူရှင်းက သူတို့အား အလေးမထားပေ။
“သူက ထျန်ရှင်းကျောင်းတော်ကို လာခိုလှုံနေတဲ့သူ။ အပြင်ထွက်ရင် အချိန်မရွေး အသတ်ခံရနိုင်တယ်။ သူ့မှာ မောက်မာဖို့ အချိန်ရှိသေးတာလား” လင်းကလန်ဂျူနီယာတစ်ဦးက လှောင်ပြောင်လိုဟန်ဖြင့် ပြောသည်။
သူက ထိုသို့ ပြောလိုက်စဉ်မှာပင် မျက်နှာချင်းဆိုင်အရပ်မှ အဖြူရောင်ဝတ် လူငယ်တစ်ဦး လျှောက်လာသည်ကို မြင်ရသည်။
သူတို့ရှေ့မှ လူငယ်က လမ်းလျှောက်နေရာမှ ရပ်လိုက်၏။
လင်းယွင်ချီကလည်း ချောမောခန့်ညားကာ ထူးခြားဟန်ရသော လူငယ်ကို သတိပြုမိ၏။
“ခင်ဗျား လမ်းပိတ်ထားတယ်…” လင်းကလန်ဂျူနီယာက မျက်မှောင်ကျုံ့ကာ အေးစက်စွာ ပြောသည်။ သူက စိတ်မပျော်မရွှင်ဖြစ်နေသော်လည်း သူရောက်နေသောနေရာအား သိပေသည်။ သူက ဒေါသကို ချုပ်တီးကာ အေးစက်စွာဖြင့်သာ ပြောနိုင်သည်။
သို့သော်လည်း သူ့ရှေ့မှ လူငယ်ကား သူတို့ရှေ့တွင် ရပ်နေဆဲပင်။ သူကလည်း လင်းကလန်လူငယ်အား အေးစက်စွာ ပြန်ကြည့်သည်။
လင်းကလန်မှ လူများအားလုံး မျက်မှောင်ကြုတ်သွားကြသည်။ လင်းမူက ပြောသည် “မင်း…”
အဖြူရောင်လူငယ်၏အပြုအမူကား အလွန်အမင်း ရိုင်းစိုင်း၏။ သို့သော်လည်း သူတို့သည် ထျန်ရှင်းကျောင်းတော်အပြင်ဘက်တွင် အရမ်းကာရော မလုပ်ရဲပေ။
ဝတ်စုံဖြူလူငယ်က လင်းကလန်လူငယ်အား တစ်ချက်ကြည့်သည်။ သူ၏မျက်လုံးများက အလွန်ထူးဆန်း၏။ အကြည့်တစ်ချက်က လင်းကလန်လူငယ်အား နာကျင်စွာ အော်ဟစ်စေသည်။ သူသည် ပြင်းထန်သော တိုက်ခိုက်မှုကို ကြုံတွေ့လိုက်ရသဖြင့် မျက်လုံးအား လက်နှစ်ဘက်ဖြင့် ကာလိုက်ရ၏။
***