Switch Mode

အခန်း ( ၅၆၄ )

ရေစက်

မြေရိုင်းဒေသက ကြီးမားကျယ်ပြန့်လေရာ လူအနည်းစုမျှသာ မည်မျှကျယ်ဝန်းကြောင်း သိကြသည်။ မြေရိုင်းဒေသနှင့် ပတ်သက်ပြီး အနည်းငယ် တီးမိခေါက်မိသော ကျင့်ကြံသူအများစုမှာမူ ခန့်မှန်းရုံသာ တတ်နိုင်၏။

ကမ္ဘာကြီးက လုံးဝန်းနေလျှင် ကောင်းကင်တံတားပင်လယ်က အလယ်ဗဟိုတွင် ရှိမည်ဖြစ်ပြီး ၄င်းထံမှ အရပ်မျက်နှာမျိုးစုံသို့ ခွဲဖြာစီးဆင်းနေသော ဧရာမမြစ်ကြီးလေးစင်းလည်း ရှိမည်ဖြစ်သည်။ မြစ်လက်တက်များ၊ ချောင်းများနှင့် မြစ်ဝကျွန်းပေါ်ဒေသများက မြစ်ကြီးလေးစင်းမှ ခွဲဖြာထွက်နေသော သစ်ကိုင်းသစ်ခက်များပမာ ဖြစ်သည်။

ကောင်းကင်တံတားမြစ်တည်ရှိသော နယ်မြေများသည် ကောင်းကင်တံတားဒေသများဖြစ်၏။ အကြမ်းအားဖြင့် မြစ်နှင့်ေဝးကွာသော ဒေသများမှာ ကမ္ဘာ၏ တစ်ဝက်ခန့်ပင် နေရာယူသိမ်းပိုက်ထားလေသည်။ ထိုသို့သော အရပ်ဒေသများကို မြေရိုင်းဒေသများ ဟူ၍ ခေါ်ကြပေသည်။

လူအများကြားတွင် ပြောစမှတ်တွင်နေသော ဆိုးရိုးတစ်ခုရှိလေသည်။ ၎င်းမှာ “ မဟာတံတိုင်းအလွန်က မြေရိုင်းဒေသ “ ဟူ၍ ဖြစ်ပေသည်။

အဓိကမြစ်ကြီးလေးစင်းကြားရှိ နယ်မြေများတွင် အတွင်းရှိကောင်းကင်တံတားဒေသများကို ပိတ်လှောင်၍ မြေရိုင်းဒေသများဝင်ရောက်မလာစေရန် ဂိတ်တံခါးကြီးများအလား ဆောင်ရွက်ပေးသည့် မဟာတံတိုင်း၏ အဓိကအပိုင်းလေးခုရှိလေသည်။

လူတစ်ယောက်က အမြင့်တစ်ခုမှ ငုံကြည့်လိုက်ပါက မဟာတံတိုင်း၏အပိုင်းလေးခုသည် ကြီးမားသော စက်ဝိုင်းကြီးအလား ဖြစ်နေပေမည်။

ပို၍ အတိအကျဆိုရလျှင် စက်ဝိုင်းနှစ်ခုဖြစ်သည်။ အတွင်းစက်ဝိုင်းသည် ကောင်းကင်တံတားဒေသဖြစ်၍ အပြင်စက်ဝိုင်းသည် မြေရိုင်းဒေသများဖြစ်သည်။ ယထာဘူတကျကျပြောရလျှင် အကယ်၍ လူတစ်ယောက်က လိုအပ်သော အတိုင်းအတာတစ်ခုထိ လမ်းလျှောက်သွားလျှင် စက်ဝိုင်းကြီးထဲဝင်ကာ မြေရိုင်းဒေသများအထဲ ရောက်သွားနိုင်သည်ဟူ၍။ ထိုနည်းအားဖြင့် လှေတစ်စင်းပေါ်တွင် ခြေတစ်လှမ်းပင်မချပဲ မည်သည့်အဓိကမြစ်ကြီးများကို မဆို ရောက်သွားနိုင်သည်။

***

မြေရိုင်းဒေသရှိ နက်ရှိုင်းသော တောအုပ်ကြီးထဲတွင် စိမ်းစိုနေသော သစ်ပင်ကြီးများက နေရောင်ခြည်ထွင်းဖောက်မဝင်ရောက်နိုင်လုနီးပါး တစ်ပင်နှင့်တစ်ပင် နွယ်ယှက်ကာ ပေါက်ရောက်နေသည်။

ထိုတောနက်ကြီးများသည် မြေရိုင်းဒေသအတွင်းရှိ နေရာများစွာတွင် တည်ရှိ၏။ ထိုနေရာများတွင် ကောင်းကင်တံတားပင်လယ်၏ စိတ်စွမ်းအင်များ ကင်းမဲ့နေသော်လည်း သူတို့က အသက်ဓာတ် ရှိနေသေးသည်။ အမှန်တွင် အပင်များဖြစ်စေ၊ ဒေသခံလူရိုင်းများဖြစ်စေ အားလုံးသည် စိတ်စွမ်းအင်များနှင့် ကင်းဝေးနေကာ ရုန်းကန်ရခြင်းကြောင့် ထွားကြိုင်းသန်မာကာ ကျန်းမာကြံ့ခိုင်လေသည်။

ဤတောအုပ်ကြီးထဲရှိ အပင်ကြီးတစ်ပင်၏ အောက်ဖက်ရှိ မြေပြင်ပေါ်၌ ပြန့်ကြဲနေသော အရိုးများရှိပြီး အရိုးအများစုအပေါ်တွင် ကိုက်ရာများရှိသည်။ ဟိုတစ်စ သည်တစ်စ ပြန့်ကျဲနေသော ဝေဟင်သတ္တဝါများ၏ အတောင်ပံများလည်းရှိ၏။ အရိုးများအားလုံး၏ အလယ်တွင် လူသားတစ်ယောက်က သစ်ပင်ကို မှီနေလေသည်။ သူ၏ ဆံပင်တို့က ဖွာလန်ကြဲ၍ ရှုပ်ထွေးနေပြီး သေးငယ်သော သတ္တဝါတစ်ကောင်၏ အရိုးကို ကိုက်ဝါးနေလေသည်။ သူ ကိုက်ဝါးနေသော တကျွတ်ကျွတ်အသံမှာ အလွန်ကြောက်မက်ကောင်းပြီး တစ်တောလုံး၌ ပဲ့တင်ထပ်နေတော့သည်။ ကြည့်ရသရွေ့ သူက အလွန်တရာဆာလောင်နေသောကြောင့် သူစားနေသည်က အရိုးဖြစ်စေ၊ အသားဖြစ်စေ အရေးမကြီးတော့ပေ။

ထိုလူ၏ပတ်ပတ်လည်ရှိ အရိုးများကို ထည့်တွက်ပါက ထိုအစားအစာများကို အတော်လေး စားထားဟန်ရလေသည်။ ထိုသည်မှာ အမှန်တကယ် ထိတ်လန့်ချောက်ချားစဖွယ် မြင်ကွင်းတစ်ခုပင်။

မလှမ်းမကမ်းရှိ နောက်ထပ်သစ်ပင်ကြီးအောက်တွင် အလောင်းတစ်လောင်း။ သိသာထင်ရှားစွာပင် ထိုအလောင်းက ရက်သတ္တပတ်ပေါင်းများစွာ ထိုနေရာတွင် ပုပ်သိုးဆွေးမြည့်နေခဲ့ပေသည်။

၄င်းမှာ အလွန်ခြောက်ကပ်နေသောကြောင့် မျက်နှာသွင်ပြင်ကို ပုံဖော်ရန်ပင် ခက်ခဲလှသော်လည်း အဝတ်အစားများအရ ထိုလူက ကျင့်ကြံသူတစ်ယောက်ဖြစ်ခဲ့လေသည်။ အလောင်း၏ဘေးတွင် ထည့်စရာအိတ်တစ်လုံးလည်း ရှိ၏။

အစိမ်းလိုက်ကိုက်စားနေသော သက်ရှိလူမှာ ပိုင်ရှောင်ချန်းကလွဲ၍ တခြားလူမဟုတ်ပေ။

ပိုင်ရှောင်ချန်းသည် လွန်ခဲ့သောနှစ်လခန့်က မုန်တိုင်းထန်သောညတစ်ညတွင် ဤနေရာသို့ တည်နေရာရွှေ့ပြောင်းခံလိုက်ရလေသည်။ ထိုစဥ်က သူမည်မျှဆိုးရွားစွာ ထိခိုက်ရခဲ့လဲ ဆိုလျှင် သစ်ပင်၏ အခြေကို ရောက်ရန်အတွက် တွားသွားရန်ပင် ရုန်းကန်အားထုတ်ခဲ့ရသည်။ သူ၏ နောက်ဆုံးလက်ကျန် စိတ်စွမ်းအင်ကို သုံးရင်း ပျက်စီးနေသော ထာဝရထီးနက်ကို ဆွဲထုတ်ကာ သူ့ဘေးရှိ မြေပြင်တွင် စိုက်လိုက်ပြီး ၄င်းထုတ်လွှတ်နေသော ဖိအားနှင့် သူ့ကိုယ်သူကာကွယ်ခဲ့ရသည်။ စိတ်စွမ်းအင်များ လုံးဝကုန်စင်သွားသောကြောင့် သူက ထိုနေရာတွင် မလှုပ်မယှက်သာ လဲနေခဲ့ရသည်။

နောက်ဆုံးတွင် အနီးနားရှိ သစ်ပင်အောက်ခြေရှိ မြေပေါ်တွင် လဲနေသော လူငယ်လေးတစ်ယောက်ကို ပိုင်ရှောင်ချန်းသတိထားမိခဲ့၏။ ထိုအခိုက်အတန့်တွင် လူငယ်က မသေသေးပေ။ သူက ပိုင်ရှောင်ချန်းကို မယုံကြည်နိုင်ဖွယ် စိုက်ကြည့်နေခဲ့ပြီး ထိုလူငယ်၏ခေါင်းက မြေပေါ်ကျ၍ သေသွားသည့်အချိန်အထိ သူတို့တစ်ယောက်မှ စကားမပြောခဲ့ကြချေ။

လူငယ်သေသွားသည်ကို မြင်လိုက်ရသောကြောင့် ပိုင်ရှောင်ချန်းမှာ ထိတ်လန့်သွားခဲ့သော်လည်း ထိုအခိုက်အတန့်တွင် သူက လှုပ်ရှားရန်ပင် အားနည်းနေလွန်းခဲ့သည်။ ထိုဖြစ်ရပ်၏ ခံစားချက်များနှင့် သူ၏ပင်ပန်းနွမ်းနယ်မှုတို့ ပေါင်းစုံသွားသောအခါ သတိလစ်မေ့မြောသွားခဲ့လေသည်။

သူက တစ်ပတ်လုံးနီးပါး နိုးမလာခဲ့ပေ။ ကံဆိုးစွာပင် ထိုအချိန်က သူသည် လှုပ်ရှားရန်ပင် အလွန်အားနည်းနေခဲ့သည်။ သူ၏ ဒဏ်ရာများမှာလည်း အမှန်တကယ်ပင် ပြင်းထန်ပြီး စိတ်စွမ်းအင်နှင့်တူသည့်အရာအားလုံး ကင်းမဲ့နေခဲ့ရာ သေမင်းနှုတ်ခမ်းဝမှာ ကူးလာခေါက်ပြန် လျှောက်နေခဲ့ရသည်။ သူ ပြန်လည်သက်သာရန် အချိန်လိုအပ်ခဲ့၏။ သူ့မှာ အိတ်ကိုဖွင့်ရန်ပင် စိတ်စွမ်းအင်များ လုံလောက်စွာ မရှိခဲ့ေပ။

သူသတိရလာသောအချိန်တွင် တောရိုင်းတိရစ္ဆာန် အမျိုးအမျိုး၏ အလောင်းကောင်များက သူ့ကို ဝန်းရံနေခဲ့ပြီး သူသတိမလစ်ခင်က မည်သို့ဖြစ်ပျက်ခဲ့လဲဆိုသည်ကို မမှတ်မိတော့ပေ။ ထိုတိရစ္တာန်များက ထာဝရထီးအနားကို ကပ်လာခဲ့ကြပြီး ၄င်းထံမှ ထုတ်လွှတ်နေသော ဖိအား၏ သတ်ဖြတ်ခြင်း ခံလိုက်ရခြင်းဖြစ်သည်မှာ ထင်ရှားသည်။

ထိုမျှသာမက ထီး၏ စွမ်းအားသည် အနီးနားသစ်ပင်ရှိ လူငယ်၏ အလောင်းကိုလည်း ကာကွယ်ပေးထားခဲ့လေသည်။

“အိတ်ထဲက တခြားဟာကို ထုတ်မိမယ့်အစား ထာဝရထီးကို ထုတ်လိုက်မိတာ ကံကောင်းတာပဲ။ မဟုတ်လို့ကတော့ ၊ နိုးလာတာနဲ့ အစားခံနေရတာမြင်လိုက်ရမှာ”
သူ့ရင်ထဲတွင် ဒေါသမီးများ တောက်လောင်နေပြီး ခါးသီးစွာ သက်ပြင်းချလိုက်လေသည်။

” ငါ့လို ခမ်းနားကြီးကျယ်တဲ့ စစ်ဦးစီးမှူးတစ်ယောက်က ဒီအဆင့်ထိ ကျသွားတာ တွေးကြည့်မိလိုက်တိုင်း၊ အဖွားကြီး ဟုန်ချိန်ရေ တစ်နေ့တော့ တွေ့ကြသေးတာပေါ့ကွာ။ ကိုယ်တော်ပိုင်က ဘယ်လောက် အံ့သြစရာကောင်းလဲ မင်းကို ပြမယ်။ ချိန်ဟဲ့ထျန်၊ အခုကစပြီး ခင်ဗျားနဲ့ကျုပ်က တစ်သက်မကြေတဲ့ ရန်သူတွေပဲ”

” အီးး ဒီတစ်ခါတော့ တော်တော် အထိနာတာပဲကွာ ” ပိုင်ရှောင်ချန်းမှာ ငိုချင်နေပြီး တချိန်တည်းမှာပင် သူ၏ ဒေါသများ ဆူပွက်လာနေလေသည်။ သို့သော် သူသည် ခေါင်းပင် မလှည့်နိုင်၍ ဘေးဘီဝဲယာကို လေ့လာဆန်းစစ်ရန် သူ့မျက်လုံးကိုသာ ရွေ့လျားနိုင်လေသည်။

နောက်ဆုံး၌ သူ၏ လက်ရှိအခြေအနေကို လက်ခံလိုက်ရပြီး စိတ်စွမ်းအင်တစ်စက်မှ မရှိသောကြောင့် ရှင်းလင်းစွာပင် ကောင်းကင်တံတားမြစ်နှင့် မနီးကြောင်း သဘောပေါက်လိုက်လေသည်။ သိသာထင်ရှားစွာ သူသည် မြေရိုင်းဒေသထဲသို့ တည်နေရာရွှေ့ပြောင်း ခံခဲ့ရလေသည်။

အချိန်အနည်းငယ်ကြာသော် သူက သက်ပြင်းချလိုက်၏။ အလွန်အမင်း ပျင်းရိလာသောကြောင့် သစ်ပင်အောက်တွင် လှဲလျောင်းနေသော အလောင်းကို မျက်လုံးရွှေ့၍ လှမ်းကြည့်လိုက်သည်။

အစောပိုင်းက လူငယ်ကို မည်သည့်အရာက သေသွားစေကြောင်း မဆုံးဖြတ်နိုင်ခဲ့ပေ။ သို့သော် ယခုတွင် သူ၏ အရေပြားက မည်းနက်နေလေရာ အဆိပ်မှော်သိုင်းဖြင့် တိုက်ခိုက်ခံလိုက်ရပြီး သူ၏နှလုံးနှင့် သွေးကြောများ လောင်ကျွမ်းကာ နောက်ဆုံးတွင် သေဆုံးသွားခဲ့ကြောင်း ကောက်ချက်ချလိုက်လေသည်။

ရုတ်တရက် ပိုင်ရှောင်ချန်းကို မောဟိုက်နွမ်းနယ်မှုလှိုင်းတစ်ခု ဖြတ်သန်းစီးဆင်းသွားပြီး နောက်တစ်ကြိမ် သတိလစ်သွားပြန်သည်။ နောက်တစ်ပတ်ကျော် ကုန်ဆုံးသွားပြီးနောက် သူနိုးလာလေသည်။ ဤတစ်ကြိမ်တွင် သူ့ခေါင်းကို အနည်းငယ် လှုပ်၍ရလာလေသည်။ ထို့ပြင် လုံးဝထုံကျဥ်နေသည်ဟု သူ မခံစားရတော့ပေ။ အမှန်တွင် သူ့တစ်ကိုယ်လုံးကို အပ်ဖြင့်ထိုးနေသည့်အလား တဆစ်ဆစ်နာကျင်နေလေသည်။ ၄င်းမှာ မခံနိုင်သောခံစားချက်ကြီးတစ်ခုဖြစ်သည့်တိုင် သူက သက်ပြင်းသာ ချနိုင်လေသည်။

” အင်း အနည်းဆုံးတော့ နာကျင်တာကို ခံစားရသေးတာပဲ။ ဒါက ငါတဖြည်းဖြည်း သက်သာလာနေတာလို့ ဖော်ပြနေတာပဲ ”
ယခုအခါ ထိုပတ်ဝန်းကျင်တွင် ပို၍များပြားသော တိရစ္ဆာန်အသေများ ပုံနေပြီး သူသည် အလွန်ဆာလောင်နေ၍ ခေါင်းပင်မူးးနေချေသည်။ ကံဆိုးစွာပင် သူက ခေါင်းလှုပ်ရုံလေးအပြင် မည်သို့မျှ မတတ်နိူင်ပေ။ တံတွေးမြိုချရင်း ကြောင်တောင်တောင်ဖြစ်လျက် လှဲနေပြီးနောက် အလောင်းကိုကြည့်ကာ ထပ်မံဆန်းစစ်လိုက်ပြန်သည်။

” သူက အစောပိုင်းအခြေခိုင်မာခြင်းအဆင့်ကို ရောက်နေတဲ့ပုံပဲ။ ဝင်္ကပါကနေ ဒီကို တည်နေရာရွှေ့ပြောင်းခံရပုံနဲ့လည်း မတူဘူး။ ဒေသခံဝိညာဥ်ကျင့်ကြံသူနဲ့ ပိုတူတယ်။ တစ်ယောက်ယောက် ဒါမှမဟုတ် တစ်ခုခုဆီက ပျံပြေးလာပုံပဲ”
ပိုင်ရှောင်ချန်းမှာ ထိုအကြောင်းကို သိပ်မစိုးရိမ်ပေ။ သူက တစ်နေရာတည်းတွင် လဝက်နီးပါး ဘယ်သူမှ ဖြတ်မသွားပဲ လှဲနေခဲ့သည်မဟုတ်ပါလော။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားစဥ် ပိုင်ရှောင်ချန်းသည် အလောင်းကြီး တဖြေးဖြေး ပုပ်သိုး ဆွေးမြည့်လာသည်ကို စောင့်ကြည့်ရင်း သဲလွန်စများ ပို၍ရလာတော့သည်။

“သင်းကွဲကျင့်ကြံသူတစ်ယောက် မဟုတ်တန်ဘူး။ ဒေသခံကျင့်ကြံသူမျိုးနွယ်စုတစ်ခုက ဖြစ်ရမယ်”

” သူ မသေခင်တုန်းက ငါမှတ်မိပါသေးတယ်။ မျက်တွင်းတွေ ချောင်ကျနေပြီး စိတ်ပျက်အားငယ်နေပုံပဲ။ သူ့ဘဝမှာ ဘယ်တော့မှ မဖြည့်ဆည်းနိုင်ခဲ့တဲ့ မျှော်လင့်ချက်တွေ ရှိရမယ်”

” တော်တော်လေးငယ်သေးပုံပဲ။ ယောက်ျားပီသချောမောပြီး ကြည့်ကောင်းတယ်။ငါ့လောက်တော့ မချောသေးတာ တစ်ခုပဲ ပြောစရာရှိတယ်”

သူ့ကိုယ်သူ ထိုသို့သောစကားမျိုး မကြာခဏပြောနေလေသည်။ သူက တဖြည်းဖြည်းသက်သာလာနေစဥ် အလောင်းကို လေ့လာနေရုံနေမှတစ်ပါး သူ့မှာ လုပ်စရာမရှိသည်မဟုတ်ပါလော။

သူပင်ပန်းလာလျှင် အိပ်လိုက်ပေမည်။ နောက်ဆုံး၌ နှစ်လကြာသော် နောက်တစ်ခါလှုပ်ရှားလာနိုင်သည်ကို တွေ့လိုက်ရသဖြင့် အလွန် စိတ်လှုပ်ရှားသွားတော့သည်။ သူပထမဆုံးလှုပ်သည့်အရာမှာ ထာဝရထီးကြောင့် သေသွားခဲ့သော တိရစ္ဆာန်တစ်ကောင်ထံ တွားသွားလိုက်ခြင်းဖြစ်သည်။

သူ တစ်လုပ်တည်းနှင့် တစ်ကောင်လုံးစားပစ်လိက်လေသည်။

သူစားလာမိသည်နှင့်အမျှ နွေးထွေးမှုကို ခံစားလာရပြီး စွမ်းအင်များများရလာတော့သည်။ နောက်ဆုံး၌ မြင်သမျှအရာအားလုံကို ကိုက်စားပြီးနောက် သူ၏လည်ဂုတ်ကို ပွတ်လိုက်ကာ နောက်တစ်ကြိမ် အသက်ရှင်လာသည်ကို ခံစားလိုက်ရလေသည်။

” ငါပြန်လာပြီဟေ့”
သူကစိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်လေသည်။ မကောင်းသောဖြစ်ရပ်များအားလုံးကို တွန်းလှန်၍ ပြန်လည်ရှင်သန်လာရသည်မှာ အလွန်အံသြစရာကောင်းသော ခံစားချက်ဖြစ်ချေသည်။ ဝင်္ကပါထဲတွင် ဖြစ်ပျက်ခဲ့သော အရာအားလုံးအား ပြန်စဥ်းစားလိုက်ချိန်တွင် ငရဲတံခါးကိုဖြတ်၍ လျှောက်နေခဲ့သည့်အလား အမှန်တကယ်ခံစားလိုက်ရလေသည်။

” ဒီနှစ်လအတွင်း ငါ့ကို အဖော်ပြုပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ငါ့ညီရေ။ ” သူက နူးညံ့စွာပြောလိုက်ရင်း
” ငါတို့ဒီမှာ ဆုံတွေ့ဖို ရေစက်ပါပုံပဲ။ အခွင့်သာရရင် မင်းကို ပြန်ဆပ်ဖို့ အကောင်းဆုံးကြိိုးစားပါ့မယ်”
ဟုဆိုကာ အလောင်းဘေးရှိ အိတ်ကို လှမ်းကောက်လိုက်လေသည်။

ထိုအချိန်တွင် တောနက်ကြီးနှင့် ခပ်ဝေးဝေးရှိ လွင်တီးခေါင်သော တောင်တစ်လုံးပေါ်တွင် လူတစ်ယောက်သည် ဂူတစ်လုံးထဲ၌ တင်ပျဥ်ခွေထိုင်နေ၏။

သူ့ရှေ့တွင် အလောင်း ခုနစ်လောင်း၊ ရှစ်လောင်း လဲလျောင်းနေပြီး အားလုံးမှာ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများဖြစ်ကြသည်။ သူတို့မှာ အသွေးအသားများ စုပ်ယူခံထားရ၍ အရိုးပေါ်အရေတင်ဖြစ်နေကြလေသည်။

နောက်ဆုံးတွင် တင်ပျဥ်ခွေထိုင်နေသော လူ၏ မျက်လုံးများပွင့်လာသော်လည်း တောက်ပစွာ လင်းလက်နေရမည့်အစား အလွန်ကြီးမားသော ဒဏ်ရာများရခဲ့သည့်အလား အသက်မဲ့နေလေသည်။ အလောင်းများကို လျစ်လျူရှုရင်း သူကနဖူးကိုပွတ်ကာ အံကြိတ်လိုက်လေသည်။

“ပိုင်ရှောင်ချန်း၊ မင်းသေရင်တောင်မှ တစ်ရက်ကျရင် ငါ့ကို အရှက်ကွဲအောင်လုပ်ခဲ့တာတွေအတွက် မင်းပြန်ပေးဆပ်ရမယ်။ ငါ့ရဲ့ မိတ်ဆွေတွေ၊ မိသားစုတွေအတွက် မင်းကို အဆတစ်ထောင် ပြန်လက်စားချေမယ်”

သူကား ကျိုးရီရှင်းက လွဲ၍ တခြားလူမဟုတ်ပေ။

Comment

Leave a Reply

Options

not work with dark mode
Reset