Switch Mode

အခန်း ( ၅၆၃ )

အစအနရှာမရအောင် ပျောက်ဆုံးသွားခြင်း

ပုံမှန်ဆိုလျှင် သခင်မလေးဟုန်ချိန်သည် ဖွံ့ထွားသော တင်သား၊ အဆီအပိုမရှိ၍ ကျစ်လျစ်သော ဝမ်းသားပြင်၊ နှင်းပွင့်ပမာ ဆွတ်ဆွတ်ဖြူနေသော အသားအရေ၊ ရွှန်းစိုဝင်းလဲ့နေသော မျက်ဝန်းလေးတစ်စုံနှင့် လွန်စွာ လှပချောမောသူလေးဖြစ်သည်။ သို့သော် ယခုအခါ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး ညစ်ပတ်ပေဆုတ်ကာ ဖုန်အလိမ်းလိမ်းဖြစ်နေပြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရထားခြင်းကြောင့် တဆတ်ဆတ် တုန်ယင်နေ၏။ ပိုင်ရှောင်ချန်းကိုသတ်ရခက်လိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

ကျိန်စာကို အာခံ၍ တိုက်ခိုက်ခဲ့သော အကျိုးဆက်ကြောင့် သူမ၏ခန္ဓာကိုယ်တစ်ခုလုံး အနီရောင်အရှိုးရာများ ပြည့်နေလေပြီ။ သူမကဲ့သို့ မိန်းမလှကလေးအတွက် ထိုကိစ္စမှာ ပေးဆပ်မှုကြီးတစ်ခုပင်။

နောက်ဆုံးတွင် ကျိန်စာ၏ သက်ရောက်မှုများကို ဖယ်ရှားနိုင်ရန် ယုံကြည်ချက်ရှိသော်လည်း သူမ ခံစားနေရသော နာကျင်မှုများကြောင့် ဒေါသထွက်လွန်း၍ ရူးသွပ်လုမတတ် ဖြစ်နေလေသည်။ ဤအခိုက်အတန့်တွင် သူမသည် ပိုင်ရှောင်ချန်းနှင့် တစ်မိုးအောက်ထဲတွင် မနေနိုင်တော့အောင် ဖြစ်နေသည်။ သူတို့ကို တည်နေရာရွှေ့ပြောင်းခြင်း၏ စူးရှသောအလင်းများဖြင့် ဝန်းရံထားဆဲဖြစ်သော်လည်း ယခုထက်ထိ ပိုင်ရှောင်ချန်း မသေနိုင်သောကြောင့် သူမ၏မျက်လုံးများမှာ စိတ္တဇဝေဒနာရှင်သဖွယ် စူးရှတောက်ပနေပြီး သူ့ထံသို့ ခြေလှမ်းလိုက်လေသည်။

သူတည်နေရာ မရွှေ့ပြောင်းသွားမီ သူမ သတ်ရလိမ့်မည်။

သူအသက်ရှင်နေပါက သူမ စိတ်အေးလက်အေး ဘယ်တော့မှ နေနိုင်မည်မဟုတ်ပေ။ အရင်က သူ့ကို ဝိညာဥ်စုစည်းဆေးလုံးများ၊ ပေါက်ကွဲတတ်သော ဆေးပေါင်းဖိုများနှင့် မြေရိုင်းဒေသကို အရှက်တကွဲအကျိုးနည်းစေမှုများကြောင့် သူမ သဘောမကျခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မဟာတံတိုင်းရှိ ဝိညာဥ်လှိုင်းနှင့် သန့်ရှင်းသော ဝိညာဥ်၏ လုပ်ရပ်များကြောင့် သူမ၏ နှစ်ပေါင်းများစွာကြာ တိုက်ပွဲအောင်နိုင်မှုများကို ဆုတ်ယုတ်သွားစေခဲ့ရာ သူမ၏နှလုံးသားထဲတွင် ပိုင်ရှောင်ချန်းအပေါ် အမုန်းတရားများ ပို၍ကြီးထွားလာခဲ့သည်။

သို့သော် သူမ၏ကျင့်ကြံခြင်းအခြေခံ အဆင့်ကို စဥ်းစားကြည့်လျှင် ပိုင်ရှောင်ချန်းသည် သူမ၏ ခြေဖဝါးအောက်ရှိ ပိုးကောင်မျှသာဖြစ်ရာ သူမအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုထက် မပိုခဲ့ပေ။ နောက်ဆုံးတွင် သူက အသတ်ခံရမည်သာဖြစ်ရာ စစ်ပွဲတွင် သူ၏အားထုတ်မှုများသည်လည်း ကြာရှည်ခံလိမ့်မည် မဟုတ်ပေ။

သို့သော် ယခုအခါတွင် အရာအားလုံး ပြောင်းလဲသွားခဲ့လေပြီ။

ဤဂူကြီးအတွင်းရှိသည့်လူက ယင်ယန်ဝိညာဥ်အဆင့်ဖြစ်လျှင်တောင် သူမနှင့် တိုက်ခိုက်ရာတွင် မည်သို့မျှ အသက်ရှင်လျက် လွတ်မြောက်နိုင်မည်မဟုတ်ပေ။

သို့သော် ပိုင်ရှောင်ချန်းက လွတ်မြောက်သွားခဲ့လေပြီ။

သူက လွတ်မြောက်သွားခဲ့သည်သာမက သူမကို ထိခိုက်ဒဏ်ရာရသွားစေခဲ့သည်။ ထို့အပြင် သူက နတ်ဝိညာဥ်သုံးကောင်ရှိကြောင်း ထုတ်ဖော်ပြသသွားခဲ့ေလရာ သူမကို လုံးဝ နေမထိ မထိုင်သာဖြစ်သွားစေသည်။

“သူ့မှာ လျှို့ဝှက်ချက်ကြီးကြီးမားမား ရှိတဲ့ပုံပဲ။ သူသာ အောင်မြင်သွားပြီး လုံလောက်တဲ့အချိန်သာ ရခဲ့ရင် အင်မတန်ကြောက်စရာကောင်းတဲ့လူတစ်ယောက် ဖြစ်သွားလိမ့်မယ်။ ဒီနေ့ကိစ္စတွေက ဘာမှမဟုတ်တော့ဘူး။ သူက ဒုက္ခတွေ တစ်ခုပြီးတစ်ခု ပေးလာလိမ့်မယ် ”

” တစ်မိုးအောက်မှာ သူ့လိုလူနဲ့ ငါ လုံးဝမနေနိုင်ဘူး။ အခုမှတော့ ငါဘာလို့ သူ့ကို လွှတ်ပေးရမှာလဲ ”
သူမက အံတင်းတင်းကြိတ်၍ တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအားကြောင့် တဖြည်းဖြည်း ပျောက်ကွယ်စပြုနေသည်ကို လျစ်လျူရှုကာ ပိုင်ရှောင်ချန်းဆီသို့ သွားလိုက်လေသည်။

ထို့နောက် သူမက လက်လှမ်းလိုက်သည်။ ယခုအချိန်က သူ၏ ဘဝကို တစ်ခါတည်း အဆုံးသတ်ပစ်ကာ လုံးဝသုတ်သင်ပစ်တော့မည် အခိုက်အတန့်ဖြစ်သည်။ ထိုမှသာလျှင် သူမ စိတ်အေးလက်အေး နေနိုင်ပေမည်။ ဤအဆင့်တွင် သူ့ကိုသတ်ရန် မည်မျှခက်ခဲကြောင်း တွေးကြည့်လျှင် သူသာ ပိုမိုအစွမ်းထက်လာပါက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလာလိမ့်မည် မဟုတ်ပါလော။

ထိုအခိုက်အတန့်မှာ ပိုင်ရှောင်ချန်းအတွက် သေရေးရှင်ရေး အခြေအနေတစ်ခုဖြစ်သည်။ သူ၏ ခန္ဓာကိုယ် မှာ တစ်စထက်တစ်စပျောက်ကွယ်လာနေပြီး တည်နေရာရွှေ့ပြောင်းနေဆဲ ဖြစ်သည့်တိုင် သခင်မလေးဟုန်ချိန်၏ အမြန်နှုန်းနှင့်ဆိုလျှင် သူ မပျောက်ကွယ်မီ သူ့ကို တိုက်ခိုက်နိုင်လိမ့်မည် ဖြစ်သည်။ ထို့နောက် သူတည်နေရာရွှေ့ပြောင်းသွားခဲ့လျှင်လည်း အချည်းနှီးပင်။ အလောင်းကောင်ကြီးအဖြစ်နှင့်သာ ရွှေ့ပြောင်းသွားလိမ့်မည်သာဖြစ်သည်။

ထိုစဥ် ပိုင်ရှောင်ချန်း၏ ပင်ပန်းနွမ်းနယ်နေသော မျက်လုံးများသည် ရုတ်ချည်း တောက်ပလင်းလက်လာပြီး သူ့ခန္ဓာကိုယ်တွင် ကျန်ရှိနေသေးသည့် နောက်ဆုံးလက်ကျန် သက်စောင့်အားအနည်းငယ်ကို ဆင့်ခေါ်လိုက်လေသည်။

သူ၏ခန္ဓာကိုယ်မှာ လုံးဝ မလှုပ်ရှားနိုင်တော့ဘဲ သူ၏ ကျင့်ကြံခြင်းအခြေခံမှာလည်း ကုန်ခမ်းနေလေပြီ။ သူ၏ အပြင်အားခန္ဓာကိုယ်ရှိ ဒဏ်ရာများမှာလည်း ပြင်းထန်၏။ သို့သော်လည်း သူ မသေချင်သေးပေ။ သူအသက်ရှင်ချင်သည်။ သူ့ဘဝတွင် မလုပ်ရသေးသော၊ မဖြည့်ဆည်းရသေးသော တာဝန်များရှိသေးသည်။ သူ ထာဝရအသက်ရှင်ရန် လိုသည်။

” ငါ ထာဝရရှင်သန်ရမယ်။ သေလို့မဖြစ်ဘူး”
သူသည် စိတ်ထဲတွင် မာန်သွင်းကြုံးဝါးလိုက်ရင်း သူ၏ မျက်လုံးနှစ်လုံးကို ပိတ်လိုက်ပြီး နဖူးပေါ်ရှိ ကောင်းကင်တံတားဓမ္မမျက်လုံးဖြစ်သည့် တတိယမျက်လုံးကို ဖွင့်လိုက်လေသည်။

သူတစ်ယောက်တည်းသာ ထိုသို့လုပ်ခြင်းမဟုတ်ပေ။ သူ့ကိုယ်ထဲရှိ ကိုယ်ပွားသုံးခုသည်လည်း သူတို့၏ ကောင်းကင်တံတား ဓမ္မမျက်လုံးများအား ကိုယ်စီဖွင့်လိုက်သည်။ ကောင်းကင်တံတားဓမ္မမျက်လုံးလေးလုံး၏ စွမ်းအားများ အတူတကွပေါင်းစည်းသွားပြီး သခင်မလေးဟုန်ချိန်ထံပစ်လွှတ်လိုက်လေသည်။

ဝုန်းးးး

ချက်ချင်းပင် ထိန်းချုပ်စွမ်းအားများပေါ်ထွက်လာ၏။ ၄င်းကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးနာကျင်နေသည့်တိုင်အောင် သူက လျစ်လျူရှုပြီး သခင်မလေးဟုန်ချိန်အပေါ်တွင်သာ အပြည့်အဝအာရုံစိုက်လိုက်လေသည်။

ထစ်ခြုန်းမြည်ဟည်းသံများ ထွက်ပေါ်လာသောကြောင့် သူမမှာ ဇဝေဇဝါဖြစ်ကာ ရပ်လိုက်လေသည်။ တခဏကြာသော် သူမပြန်လည်သတိဝင်သွားသော်လည်း အနှီအခိုက်အတန့်က ပိုင်ရှောင်ချန်းလိုအပ်သော အချိန်လေးပင် ဖြစ်ပေသည်။

ပိုင်ရှောင်ချန်း၏ ကောင်းကင်တံတားဓမ္မမျက်လုံးမှ သွေးများစီးကျလာကာ တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအားများ ထွက်ပေါ်လာတော့သည်။ သူ၏ ထာဝရထီးကို လှစ်ခနဲ လှမ်းဆွဲလိုက်ပြီးနောက် ပျောက်ကွယ်သွားလေပြီ။

သခင်မလေးဟုန်ချိန် ထုတ်ဖော်လိုက်သည့် မှော်သိုင်းမှာ ပိုင်ရှောင်ချန်းရှိနေခဲ့ေသာ မည်သည့်အရာမျှ ရှိမနေတော့သည့် နေရာသို့သာ ထိမှန်သွားတော့သည်။

” ပိုင်ရှောင်ချန်း ”
သူမ၏မျက်လုံးများတွင် မုန်းတီးစက်ဆုပ်ခြင်းများ စူးရှ တောက်ပနေပြီး စူးစူးဝါးဝါးအော်ဟစ်လိုက်လေသည်။ ထို့နောက် တခဏကြာသော် သူမသည်လည်း ပျောက်ကွယ်သွားလေ၏။

တချိန်တည်းမှာပင် ဝင်္ကပါ၏ ကျန်ရှိနေသာနေရာများတွင်လည်း တည်နေရာရွှေ့ပြောင်းခြင်းအလင်းများ ဖြန့်ကျက်လာရာ နတ်ဆရာ၊ ကျောက်လုံ၊ စုန့်ချွဲနှင့် အစရှိသဖြင့်.. လူတိုင်းပျောက်ကွယ်သွားတော့သည်။

မဟာတံတိုင်းကျင့်ကြံသူများ၊ ဝိညာဥ်ကျင့်ကြံသူများနှင့် လူ့ဘီလူးကြီးများ အားလုံး ပျောက်ကွယ်သွားကြပြီးနောက် ဝင်္ကပါကြီးပျက်စီးသွားကာ ကျွံကျနေသော ချိုင့်ခွက်ကြီးအပြင် တခြား မည်သည့်အရာမှ မကျန်ခဲ့တော့ပေ။

ထိုကြီးမားလှသော နေရာကြီးအတွင်း အနက်ရောင်အလင်းတန်းကိုးခုရှိခဲ့ဖူးသောနေရာတွင် အဖြူရောင်အလင်းတန်းတစ်ခုက ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီးနောက် အရပ်မျက်နှာတစ်ခွင်သို့ လှိုင်းဂယက်များ ပျံ့နှံ့လာတော့သည်။

ပိုင်လင်းနှင့် မဟာတံတိုင်းတပ်ဖွဲ့ နည်းတူ မြေရိုင်းဒေသမှ လူအပေါင်းလည်း ဖြစ်ပျက်နေသည်ကို မြင်တွေ့လိုက်ကြ၍ အံ့သြတုန်လှုပ်သွားကြလေသည်။ ထို့အပြင် သူတို့အားလုံးမှာ ဝင်္ကပါထဲ ဖြစ်ပျက်နေသည်တို့အား အလွန်တရာသိချင်နေကြ၏။

တစ်လကြာသော် တည်နေရာရွှေ့ပြောင်းခြင်းမန္တန်အစီအရင် အသက်ဝင်သွားပြီး အတွင်းရှိလူတိုင်းမှာ မြေရိုင်းဒေသ၏ နေရာမျိုးစုံသို့ တည်နေရာရွှေ့ပြောင်းခံလိုက်ရကြောင်း သူတို့သိလိုက်ရလေသည်။

လူတချို့က ဝင်္ကပါနှင့် အလွန်နီးသော နေရာများသို့ ရောက်သွားကြပြီး အချို့မှာမူ ကျောက်စိမ်းပေလွှာများအသုံးမဝင်သည့် ဝေးလံသော မြေရိုင်းဒေသများသို့ ရောက်သွားကြလေသည်။

တဖြည်းဖြည်းနှင့် မဟာတံတိုင်းကျင့်ကြံသူများ မဟာတံတိုင်းသို့ ပြန်လာနိုင်ကြစဥ် နတ်မီးလျှံစမ်းသပ်ပွဲနှင့်ပတ်သက်သော သတင်းများ ပျံ့နှံ့လာတော့သည်။ ပိုင်ရှောင်ချန်း၏ဇာတ်လမ်းများအား ထပ်မံပြောလာကြရာ သတင်းများသည် မဟာတံတိုင်းနှင့် မြေရိုင်းဒေသများအတွင်း ဂယက်ရိုက်နေလေသည်။

သူက နတ်မီးလျှံစမ်းသပ်ပွဲတွင် ပထမနေရာ ယူသွားခဲ့သည်။

သူက ဂူထဲသို့ ပထမဆုံးဝင်ရောက်ခဲ့သူဖြစ်သည်။

ထို့နောက် သခင်မလေးဟုန်ချိန်သည်လည်း ဂူကြီးထဲဝင်ရောက်သွားပြီး နှစ်ယောက်လုံး ပြင်းထန်သော တိုက်ပွဲကို တိုက်ခိုက်ခဲ့ကြသည်။ ဂူကြီး ပြိုကျသွားပြီးနောက်တွင် ကြည့်ရသ၍ ပိုင်ရှောင်ချန်းက အသက်ရှင်လျက် လွတ်မြောက်သွားကြောင်း ဖော်ပြနေလေသည်။

သို့သော် တည်နေရာရွှေ့ပြောင်းခြင်းစတင်လာပြီး သူ အသက်ရှင်သလား၊ မရှင်သလား မည်သူမှ မသိကြပေ။

ဒုတိယလကုန်ဆုံးသွားပြီးနောက် သခင်မလေးဟုန်ချိန်က ပိုင်ရှောင်ချန်း၏ခေါင်းအတွက် ဆုကြေးကို တစ်ခါမှ မကြားဖူးသောအဆင့်အထိ တိုးမြှင့်လိုက်သည်။ နတ်သားရဲဝိညာဥ်ငါးခုနှင့် နတ်ဝိညာဥ်တစ်ခု။

မြေရိုင်းဒေသနှင့် မဟာတံတိုင်းတပ်ဖွဲ့များမှာ အလွန်တရာ တုန်လှုပ်သွားကြတော့သည်။ မဟာတံတိုင်း၏ သေမိန့်ကျစာရင်းတွင်ပင် ဤမျှ အလွန်တရာ မြင့်မားသော ဆုကြေးမရှိပေ။

ယခုအခါ ပိုင်ရှောင်ချန်းက မြေရိုင်းဒေသ ေသမိန့်ကျစာရင်းတွင် ပထမဖြစ်သည်။ ဤနည်းအားဖြင့် ပိုင်ရှောင်ချန်း မသေသေးကြောင်း မဟာတံတိုင်းတပ်ဖွဲ့များ သဘောပေါက်သွားကြလေသည်။

လက်ရှိအချိန်တွင် ပိုင်လင်းသည် စိတ်ပူပန်နေသော မျက်နှာနှင့် အရက်ပုလင်းကိုကိုင်လျက် မဟာတံတိုင်းပေါ်တွင် ထိုင်နေ၏။ သူက စိုးရိမ်ပူပန်စွာ သက်ပြင်းချလိုက်ရင်း တီးတိုးရေရွတ်လိုက်လေသည်။
” ရှောင်ချန်းရေ၊ မင်းမသေသေးသရွေ့ ငါပျော်ပါတယ်။ ဒီတစ်ခါတော့ ငါ မင်းကို တကယ် စိတ်ပျက်စေခဲ့မိပြီကွာ။ ဘယ်ဆီကို မင်း ရောက်နေတာလဲ “

Comment

Leave a Reply

Options

not work with dark mode
Reset