ရီဖူရှင်း၏ နေရာမှ လှုပ်ရှားမှုက လူအများ၏ အာရုံစိုက်မှုကို တစ်ဖန် ဆွဲဆောင်နိုင်ခဲ့သည်။ ဤသည်မှာလည်း ရီဖူရှင်းက ထျန်းရှန်ကျောင်းတော်အတွင်း မဟုတ်ဘဲ အပြင်၌ ကျင့်ကြံရန် ရွေးချယ်ခဲ့ရသည့် အကြောင်းရင်း ဖြစ်သည်။
သူက ထျန်းရှန်ကျောင်းတော်အတွင်း ကျင့်ကြံလျှင် ထင်ရှားသော ပုဂ္ဂိုလ်များ၏ အာရုံစိုက်မှုကို ဆွဲဆောင်မိသွားမည်အား စိုးရိမ်နေခဲ့သည်။ သူက အပြင်ဘက်၌ ပုန်းကွယ်နေလျှင်ပင် မနည်းလှသောလူများ၏ အာရုံစိုက်မှုကို ဖမ်းစားနေနိုင်ဦးမည် ဖြစ်သည်။
ဤတစ်ကြိမ်၌ သူ၏ ကျင့်ကြံခြင်းက ရက်ပေါင်း အတော်ကြာမြင့်ခဲ့သည်။ လီဟန်ဓားသမားနှင့် ရာရာက ချိပ်ပိတ်ထားသည့် နယ်မြေ အပြင်ဘက်၌ ရှိနေကြသည်။ လီဟန်ဓားသမားသည် ကျောင်းဆောင်အတွင်းမှ လှုပ်ရှားမှုများကို မြင်သည့်အခါ တစ်ခုခုကို ခန့်မှန်းလိုက်မိသည်။ သူသည် မကြာသေးခင်က ရီဖူရှင်းနှင့် စကားပြောဆိုခဲ့သည်ကို တွေးလိုက်မိသည်။ ဖြစ်နိုင်တာက….
သူ၏ နှလုံးသားက တုန်ယင်လာသည်။ အကယ်၍ သူ ခန့်မှန်းသည့်အရာ ဖြစ်နေခဲ့လျှင် မည်သို့ ဖြစ်မည်နည်း။
“Void, မင်း မကြာခင်မှာ လမ်းစဥ် ဖော်ဆောင်နိုင်တော့မှာ ဟုတ်တယ်မလား။” လီဟန်ဓားသမားက သူ့ဘေးမှ ရာရာကို မေးလိုက်သည်။ ရီဖူရှင်းက သူမကို အရှင်ဒွန်ဟောင်၏ နတ်လက်နက်ပစ္စည်း ပေးခဲ့သည်။ သူမက နတ်ဘုရားအမွေအနှစ် နယ်မြေ၏ မိုးမခပင်အောက်၌ ကျင့်ကြံခဲ့ပြီးနောက် သူမ၏ လမ်းစဥ်ကို ဖော်ဆောင်နိုင်ဖို့ရာ နီးကပ်သင့်ပြီ ဖြစ်၏။ သူမက အချိန်တချို့ ကျင့်ကြံပြီးနောက် ထွက်ခွာလာသည်ဖြစ်ရာ
လမ်းစဥ်ဖော်ဆောင်ရန် သိပ်ပြီး ဝေးကွာတော့မည် မဟုတ်ပေ။
“အင်း” ရာရာက ခေါင်းညိတ်လိုက်သည်။
လီဟန်ဓားသမားက ပြုံးလိုက်၏။ သူက ရာရာ ပြီးပြည့်စုံသည့် နတ်ဝင်ရိုးကို ဖွဲ့စည်းနိုင်လိမ့်တော့မည်ဟု သေချာပေသည်။ ရီဖူရှင်းက သူမကို အရှင်ဒွန်ဟောင်၏ ပစ္စည်းကိုပင် ပေးထားခဲ့သည်။ သူက ရာရာ ပြီးပြည့်စုံသည့် နတ်ဝင်ရိုးကို ဖွဲ့စည်းနိုင်ရန် ကျိန်းသေ လုပ်ဆောင်ပေးပေလိမ့်မည်။ သူ၏ ခန့်မှန်းမှုက မှန်ကန်လျှင် သောကျောက် တွေ့ကြုံနေရသည်က အမှတ်မထင်သာ ဖြစ်မည်။ ရီဖူရှင်းက သူ့ကို သုံးကာ မှန်းဆချက်ကို အတည်ပြုရန် ကြိုးပမ်းနေသည်။
“ဘာပြုံးတာလဲ။” ရာရာက လီဟန်ဓားသမားကို မေးလိုက်သည်။
“ဘာမှမဟုတ်ပါဘူး။” လီဟန်ဓားသမားက ခေါင်းခါလိုက်သည်။ သူသည် သူနှင့် Sword Saint of the Void တို့ အင်ပါယာရှားနောက် လိုက်ခဲ့သည့် နှစ်များကို ပြန်သတိရမိသည်။ သူတို့နှစ်ယောက်သည် အင်ပါယာရှားဘုံ၏ အစွမ်းထက်ဆုံး ဓားသမားများ ဖြစ်ကြသည်။
ယခု သူတို့သည် ရီဖူရှင်း၏ ဘေး၌ ကျင့်ကြံကာ ပြီးပြည့်စုံသည့် နတ်ဝင်ရိုးကို ဖွဲ့စည်းနိုင်ခဲ့ကြသည်။
ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက စိတ်ဝင်စားဖွယ်ကောင်းလေသည်။
ထိုအခိုက်တွင် ရီဖူရှင်းက ချိပ်ပိတ်ထားသည့် သီးခြားနယ်မြေအတွင်း တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။ သောကျောက်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် အရှိန်အဝါတို့ ထုတ်လွှတ်နေသည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ ခပ်ရေးရေး မြင်နိုင်သော စစ်နတ်ဘုရားရောင်ဝါက ပြင်းထန်စွာ ထွက်ပေါ်လာသည်။ ၎င်းမှ တိုက်ပွဲအငွေ့အသက်တို့ကို ကြောက်မက်ဖွယ် ထုတ်လွှတ်နေပြီး နေရာတစ်ခုလုံးကို လွှမ်းခြုံထားသည်။ မဟာလမ်းစဥ် လေဟာနယ်စွမ်းအားများက ကြောက်မက်ဖွယ် တိုက်ပွဲအရှိန်အဝါကို ဖုံးလွှမ်းထားသည်။
ဝုန်း… မဟာလမ်းစဥ် စွမ်းအားများက တုန်ခါနေသည်။ သောကျောက်က သူ၏ မျက်လုံးများကို ဖွင့်ကာ လက်သီးကို မြှောက်လိုက်သည်။ ထို့နောက် သူက လက်သီးကို ကျစ်အောင်ဆုပ်ကာ ရုတ်တရက် အလွန် ပြင်းထန်သည့် စွမ်းအားတို့ ပြည့်လာခဲ့သည်။ သူ၏ အရှိန်အဝါတစ်ခုလုံးက ပြောင်းလဲသွားခဲ့သည်။ သူက ထရပ်လိုက်သည့်အခါ စစ်နတ်ဘုရားက ပြန်လည်မွေးဖွားလာသည်ဟု ခံစားလိုက်ရသည်။
“ငါ အောင်မြင်ပြီ။” သောကျောက်၏ အသံက စိတ်လှုပ်ရှားမှု အပြည့်ပင် ဖြစ်သည်။ သူက နတ်ဘုရားအမွေအနှစ် နယ်မြေအတွင်း သူ၏ လမ်းစဥ်ကို ဖော်ဆောင်ရန် အခွင့်အရေး လွဲချော်ခဲ့သည်။ သို့သော် သူက အပြင်လောက၌ အောင်မြင်ခဲ့၏။
“မင်း အောင်မြင်ပြီ။” ရီဖူရှင်းက ပြောလိုက်သည်။ သူ၏ မှန်းဆချက်အတွက် အတည်ပြုချက် ရရှိခဲ့ပြီဖြစ်လေသည်။
သို့ဆိုလျှင် သူ၏ လမ်းစဥ်က ပြိုင်ဘက်ကင်းပြီး အခြားသူများ ပြီးပြည့်စုံသည့် နတ်ဝင်ရိုးကို ဖွဲ့စည်းရာ၌ ထောက်ကူပေးနိုင်ပေသည်။
ထိုနည်းလမ်းဖြင့် သူ့အနီးမှ လူတိုင်း အခွင့်အရေး ရလာပေလိမ့်မည်။
ရီဖူရှင်းသည် ထိုအဓိပ္ပါယ်က မည်သို့ ဖြစ်သည်ကို သေချာစွာ သိရှိပေသည်။
“အင်း” သောကျောက်က အင်အားအပြည့်နှင့် ခေါင်းညိတ်လိုက်သည်။ သူက ပေါ့ပျက်ပျက်နေတတ်လျှင်ပင် ကျင့်ကြံရာ၌ အလွန် လေးနက်ပေသည်။ ထို့ပြင် သူက တာဝန်ကိုလည်း ထမ်းပိုးထားရသေးသည်။ သူက သောမျိုးနွယ်စု၏ အနာဂတ် ဆက်ခံသူ ဖြစ်သည်။ သူက အခြားအင်အားစုများ၏ ဆက်ခံသူများထက် နောက်ကောက်ကျသွားခဲ့ပါလျှင် အနာဂတ်၌ သောမျိုးနွယ်စုက သေချာပေါက် အားနည်းသွားလိမ့်မည် ဖြစ်သည်။
သူက ဤအဆင့်သို့ ခြေလှမ်းနိုင်ခဲ့သည့်အခါ သူ၏ ခံစားချက်ကို ခန့်မှန်းရန်မှာ မခက်ခဲလှပေ။
ဤလူက အရှင်ဒွန်ဟောင်၏ အမွေအနှစ်အား ရရှိခဲ့ခြင်းကို ဖုံးကွယ်ထားသည်ဟု သောကျောက်က တွေးလိုက်သည်။
သောကျောက်သည် တလက်လက်တောက်နေသည့် မျက်လုံးများဖြင့် ရီဖူရှင်းကို ကြည့်လိုက်သည်။
“အစ်ကိုကြီး….”
ရီဖူရှင်းက သောကျောက်၏ တောက်ပနေသော မျက်လုံးများကို ကြည့်ပြီး လုံးဝ စိတ်ရှုပ်သွားခဲ့သည်။ ‘ဘယ်သူက မင်းအစ်ကိုကြီးလဲ’ ဟု သူက တွေးလိုက်သည်။ ‘ငါတို့ အရင်က ညီအစ်ကိုတွေလို့ ပြောပေမယ့် အခုကျ ငါက သူ့အစ်ကိုကြီး ဖြစ်သွားရတယ်လား။’
“ကျွန်တော့လို စစ်နတ်ဘုရား မျိုးဆက်အတွက် နတ်ဘုရားအမွေအနှစ် နယ်မြေမှာ ရရှိခဲ့တဲ့ အကောင်းဆုံး အရာက အစ်ကိုကြီးကို သိခွင့်ရခဲ့တာပါပဲဗျာ။” သောကျောက်က စိတ်အားထက်သန်စွာ ပြောလိုက်သည်။
သေစမ်း… ရီဖူရှင်းက တွေးလိုက်သည်။ သူသည် ခန္ဓာကိုယ်တစ်ခုလုံးမှ ကြက်သီးမွေးညင်းများ ထောင်ထလာသည်ကို ခံစားလိုက်ရ၏။
“ဒါပေမယ့် ငါ အရင်က ပြောခဲ့သလိုပဲ။ မင်းက ပညာရှိကျမ်းကို ကျင့်ကြံခဲ့ပြီးပြီ။ နောက်ပိုင်း မင်း အဲဒါကို သုံးသုံးမသုံးသုံး မင်းက ထျန်းဟယ်ကျောင်းတော်က တပည့်တစ်ပိုင်းလို့ ဆုံးဖြတ်လို့ရတယ်။” ရီဖူရှင်းက ပြောလိုက်သည်။
“ဆရာ့တပည့်က အရိုအသေပြုပါတယ် ဆရာ” သောကျောက်က ဦးညွှတ် အရိုအသေပြုလိုက်သည်။
ရီဖူရှင်း၏ အမူအရာက မည်းမှောင်သွားလေတော့၏။ ‘ဒီကောင် တော်တော် အရေထူတာပဲ’ ဟုပင် သူ တွေးလိုက်မိတော့သည်။
“ငါ အဲဒီလောက် မအိုသေးဘူး။” ရီဖူရှင်းက သောကျောက်ကို စိုက်ကြည့်လိုက်၏။ ‘ဒီကောင် ငါ့ထက်တော့ မငယ်သင့်ဘူး’ ဟု သူက တွေးလိုက်သည်။
“ဘာလို့ အစ်ကိုကြီးကို စီနီယာလို့ ခေါ်မရတာလဲ။” သောကျောက်က ဆက်ပြောလိုက်သည်။ သူက သူတို့၏ ဆက်နွယ်မှုကို ‘ညီအစ်ကို’ မဟုတ်လျှင် ‘စီနီယာဂျူနီယာ’ ပတ်သတ်မှုအဖြစ် သတ်မှတ်ထားရပေမည်။ ထိုနည်းလမ်းကသာလျှင် သူ့တွင် အမည်တပ်စရာ အဆင့်အတန်းတစ်ခု ရှိသွားပြီး အနာဂတ်၌ အကျိုးအမြတ်ရနိုင်ပေလိမ့်မည်။
“မင်းမှာ ဆရာတစ်ယောက်ယောက် ရှိနေလား။” ရီဖူရှင်းက မေးလိုက်သည်။
“မရှိဘူး။ မိသားစုထဲမှာပဲ ကျင့်ကြံတာ။” သောကျောက်က ပြန်ဖြေလိုက်၏။
“ကောင်းပြီ။ ဒါဆို မင်းကို ငါ့ဆရာရဲ့ အမည်အောက်မှာ တပည့်အဖြစ် လက်ခံထားလိုက်မယ်။ မင်းက ငါ့ ဂျူနီယာ ဖြစ်လာလိမ့်မယ်။ အဲဒါဆို ဘယ်လိုလဲ။” ရီဖူရှင်းက ပြောလိုက်သည်။
“ဂါရဝပြုပါတယ် စီနီယာ။” သောကျောက်က လက်နှစ်ဖက်ကို ဆုပ်ကာ ချက်ချင်းပင် လိုက်လျောညီထွေ ပြုမူလိုက်သည်။
“အာ..” ရီဖူရှင်း ပြောစရာ စကားပင် မရှိတော့ချေ။
ဆရာက လတ်တလောတွင် ရှန်းကလန်၌ အဖမ်းခံထားရသည်။ ‘ဆရာ့အတွက် တပည့်ကို ငါ အရင်လက်ခံပေးလိုက်မယ်’ ဟု ရီဖူရှင်းက တွေးလိုက်၏။
သောမျိုးနွယ်စု၏ ဆက်ခံသူက အတော်လေး အဆင်ပြေပေသည်။
“မင်း နောက်ပိုင်း အပြင်ကို ရောက်တဲ့အခါ မင်းရဲ့ ကျင့်ကြံဆင့်ကို ထုတ်မပြမိစေနဲ့ဦး။ ဒီနေရာက တိတ်တိတ်လေး ထွက်သွား။ ဘယ်သူ့ကိုမှ အာရုံစိုက်မလာစေနဲ့။ ဒီနေ့ ဒီနေရာမှာ ဘာမှ မဖြစ်ခဲ့သလို နေရမယ်သိလား။” ရီဖူရှင်းက ညွှန်ကြားလိုက်သည်။
“နားလည်ပါပြီ။” သောကျောက်က ရီဖူရှင်းကို ကြည့်လိုက်၏။
သူသည် ရီဖူရှင်းက အရှင်ဒွန်ဟောင်၏ အကြီးမားဆုံး အမွေအနှစ်ကို ရရှိခဲ့ကြောင်း သိရှိပေသည်။ သူက ထိုအကြောင်းကို မည်သည့်အခါမှ ထုတ်ဖော်မပြောသင့်ပေ။
ရီဖူရှင်းက ကောင်းကင်ကို ကြည့်လိုက်သည်။ လေဟာနယ်က ချက်ချင်း ယိုယွင်းပျက်စီးသွား၏။ ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ပြိုင်ဘက်ကင်း စွမ်းအားများ ထိုးထွက်လာခဲ့သည်။ ဤသည်မှာ သောကျောက်ကို ထူးဆန်းသော အမူအရာဖြစ်ပေါ်လာစေသည်။ “ဒါကရော နတ်ဝင်ရိုးပဲလား။”
“သွားတော့” ရီဖူရှင်းက သောကျောက်ကို ပြောလိုက်သည်။
“ကောင်းပါပြီ” သောကျောက်က ဆက်လက်၍ အထွန့်မတက်တော့ဘဲ ချက်ချင်း ထွက်ခွာသွားလေသည်။
“ဓားသမား၊ ရာရာ” ရီဖူရှင်းက ခေါ်လိုက်သည်။ သူတို့နှစ်ယောက်က လျှောက်လာခဲ့၏။
“ဘယ်လို ဖြစ်သွားလဲ။” လီဟန်ဓားသမားက မေးလိုက်သည်။
“အောင်မြင်တယ်။” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ လီဟန်ဓားသမားက ပင့်သက်ရှိုက်လိုက်ပြီး နောက်ဆုံး၌ ပြုံးရိပ်ထင်လာလေသည်။
သူ့ရှေ့မှ လူငယ်လေးသည် သူ့ကို အချိန်သာ ပေးခဲ့လျှင် ထိပ်သီးပုဂ္ဂိုလ်အဖြစ် ပြောင်းလဲနိုင်ပေသည်။ သူက မဟာလမ်းစဥ် ဘုံသုံးထောင်အတွင်း အကြီးကျယ်ဆုံး အင်အားစုတစ်ခု တည်ထောင်နိုင်ပေလိမ့်မည်။
“မင်း ကလန်တစ်ခု တည်ထောင်ချင်လား။” လီဟန်ဓားသမားက မေးလိုက်သည်။
ရီဖူရှင်းက ခေါင်းခါလိုက်၏။ သူက ကော့တေး၏ တပည့်ဖြစ်ကာ ချင်ရွှမ်ကန်း၏ တပည့်လည်း ဖြစ်သည်။ သူ့အတွက် ကလန်တည်ထောင်ရန် မလိုအပ်ပေ။
“ရာရာ မင်းကို ကျင့်စဥ်တစ်ခု သင်ပေးလိုက်မယ်။ မင်း ရန်ဟောင်အဆင့်ကို တက်တော့မယ်ဆိုရင် ငါ့ကို လာရှာပါ။” ရီဖူရှင်းက ပြောလိုက်သည်။
ရာရာ့တွင် နတ်လက်နက်ပစ္စည်းတစ်ခု ရှိနေလျှင်ပင် သူမ၏ ပြီးပြည့်စုံသည့် နတ်ဝင်ရိုး ဖွဲ့စည်းနိုင်ဖို့ရာ သူ့အကူအညီယူပါက ပို၍ အခွင့်အရေး များလာပေသည်။
“အင်း” ရာရာက ခေါင်းညိတ်လိုက်၏။
“သခင်” ရီဖူရှင်း၏ ခေါင်းထဲ၌ အသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက သိမ်းငှက်လေး ဖြစ်ပေသည်။
“ဘာကိစ္စလဲ။” ရီဖူရှင်းက မေးလိုက်သည်။
“ကလန်ခေါင်းဆောင်နှစ်ယောက် ရောက်နေတယ်။” သိမ်းငှက်လေးက ပြန်ဖြေလိုက်၏။ ရီဖူရှင်းက အေးခဲသွားပြီးနောက် သူ၏ နတ်ဝိညာဥ်နှင့် ကျောင်းဆောင်အပြင်ကို စစ်ဆေးလိုက်သည်။ ခဏချင်းအတွင်း သူ့မျက်လုံးများထဲ၌ ပျော်ရွှင်သည့် အရိပ်အယောင်တို့ ပေါ်ပေါက်လာသည်။
“သွားကြစို့”
ရီဖူရှင်း၏ ပုံရိပ်က တောက်ပလာပြီး သူက ကျောင်းဆောင်အပြင်ဘက်သို့ ရောက်ရှိလာ၏။ သူ့ရှေ့တွင် ဖုန်သဲပေရေနေသည့် သူနှစ်ဦးရှိသည်။ သူတို့သည် အရှိန်အဝါများကို ဖုံးကွယ်ထားပြီး အလွန်ပင် သာမန်ဆန်စွာ ပြုမူနေသည်။ သူတို့ကို မှတ်မိနိုင်စရာပင် မရှိပေ။ သူက လီဟန်ဓားသမားနှင့် စကားပြောနေရင်း သူတို့ကို သတိမပြုမိသည်မှာ အံ့သြစရာမရှိပေ။
“စီနီယာတို့” ရီဖူရှင်းက သူတို့ကို တွေ့သည့်အခါ အပြုံးတို့ ဖြစ်ပေါ်လာပြီး ခေါ်လိုက်သည်။ သူက ထိုနှစ်ယောက်ကို ဤနေရာမှာ တွေ့ရသည့်အတွက် ပျော်ရွှင်နေခဲ့သည်။
ထိုသူတို့မှာ ကောင်းကင်နတ်တံခါးဂိုဏ်း ကျန်းကလန်မှ ကျန်းချန်ကျီနှင့် ဟွားကလန်မှ ဟွားကျန့်ရှန်တို့ ဖြစ်လေသည်။
သူတို့နှစ်ယောက်ကလည်း ပြုံးဘိုက်ကြသည်။
“မင်းက ရန်ဟောင်အဆင့်တောင် ရောက်သွားပြီပဲ။”
“ဟုတ်ပါတယ်။” ရီဖူရှင်းက ပြုံး၍ ခေါင်းညိတ်လိုက်သည်။ “သွားကြမယ်။ အထဲမှာ ပြောကြရအောင်။”
သူက ပြောရင်းနှင့် လမ်းပြလိုက်ပြီး ကျောင်းဆောင်အတွင်း ဝင်လာခဲ့ကြသည်။
“စီနီယာတို့နှစ်ယောက် တလျှောက်လုံး ကောင်းကင်အာဏာစက်ဘုံမှာ ရှိနေခဲ့တာလား။” ရီဖူရှင်းက မေးလိုက်သည်။
“ဟုတ်တယ်။” ကျန်းချန်ကျီက ခေါင်းညိတ်လိုက်၏။ “သူတို့က ကောင်းကင်နတ်တံခါးဂိုဏ်းကို ပြိုလဲစေမှတော့ ငါတို့က ဘာလို့ သူတို့ကို စိတ်သက်သက်သာသာနဲ့ နေစေရမှာလဲ။ မကြာသေးခင်က နတ်ဘုရားအမွေအနှစ်နယ်မြေဖွင့်တဲ့အခါမှာ ငါတို့ ခရမ်းရင့်ကောင်းကင်နန်းတော်ကိုတောင် သွားခဲ့ကြသေးတယ်။ အဲဒီနောက်မှာ ငါတို့ ကောင်းကင်အာဏာစက်ဘုံမှာ လုပ်နေတာတွေကို ခဏရပ်ထားဖို့ ဆုံးဖြတ်လိုက်တယ်။ ပြီးတော့ မင်းအကြောင်းကိုလည်း ကြားလို့ ဒီကိုလာခဲ့တာပဲ။ ငါတို့ တွေးတာက ကောင်းကင်နတ်တံခါးကလူတွေ အထက်ကိုးဘုံမှာ တကွဲတပြား ဖြစ်နေပေမယ့် သူတို့ မင်းနာမည်ကို ကြားတဲ့အခါ ဗဟိုအင်ပါယာဘုံကို လာရောက်ကြပြီး မင်းနဲ့ ပြန်ဆုံတွေ့ဖို့ အခွင့်အရေးကောင်း ဖြစ်မယ်လို့ ထင်ခဲ့တယ်။”
“ကျွန်တော်လည်း အဲဒီလို တွေးပါတယ်။” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ကလန်ခေါင်းဆောင်နှစ်ယောက်ကပင် ထိုသို့ တွေးသည်ဖြစ်ရာ အခြားသူများသည်လည်း သူ၏ အမည်ကို ကြားသည့်အခါ ထိုသို့ တွေးကြပေလိမ့်မည်။
“ပြီးတော့ တစ်ခု ရှိသေးတယ်။” ကျန်းချန်ကျီ၏ အမူအရာက လေးနက်သွားသည်။ “မင်း ခရမ်းရွှေကြွက်ကလန်နဲ့ ပူးပေါင်းထားတာလား။”
ယခင်တိုက်ပွဲ၌ ဝမ်ကလန်မှ ခေါင်းဆောင်သည် ခရမ်းရွှေကြွက်အင်ပါယာနှင့် ကောင်းကင်အာဏာစက်ပြည်ထောင် ဘုရင်တို့ ချောင်းမြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည်။ ဤရန်ကြွေးကို ငြိမ်းချမ်းစွာ ဖြေရှင်းရန်မှာ မဖြစ်နိုင်ပေ။ မဟုတ်လျှင် သူတို့က ကောင်းကင်နတ်တံခါးဂိုဏ်း အခက်အခဲကျနေစဥ်၌ လက်တွဲတိုက်ခိုက်ခဲ့သည့် ဝမ်ကလန်ကို ဆွဲချသလို ဖြစ်သွားပေလိမ့်မည်။
“စိတ်မပူပါနဲ့။ ကျွန်တော်က အဲဒီလောက် မျက်နှာပြောင်မတိုက်ပါဘူး။” ရီဖူရှင်းက ပြောလိုက်သည်။ “ကျွန်တော်က သူတို့ကို အသုံးချနေရုံလေးပါ။”
သူတို့နှစ်ယောက်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။ သူတို့သည် အတိတ်က ဖြစ်ရပ်များစွာမှ ရီဖူရှင်း၏ စရိုက်ကို သေချာသိရှိထားသော်လည်း ကောလာဟလများက ဆိုးဝါးလှသည်။ အကြောင်းက ကောင်းကင်အာဏာစက် ပြည်ထောင်သည် ခရမ်းရွှေကြွက်ကလန်နှင့် စစ်ပွဲဖြစ်ပွားနေခြင်းကြောင့် ဖြစ်လေသည်။ သူတို့သည် ရီဖူရှင်းက ခရမ်းရွှေကြွက်တို့ကို ကိုယ်ကျိုးအတွက် အသုံးချနေသည်ဟု ကြားရသည့်အခါ စိတ်သက်သာရာ ရသွားခဲ့သည်။
“ကျေးဇူးပြုပြီး လိုက်ခဲ့ကြပါ။” ရီဖူရှင်းက ပြောလိုက်သည်။ သူတို့က ကျင့်ကြံသည့်နေရာသို့ ရောက်လာခဲ့ကြ၏။ ရီဖူရှင်းသည် လေဟာနယ်ခန်းမကို ဆင့်ခေါ်လိုက်ကာ တစ်ချိန်တည်း၌ သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။ ဝိညာဥ်လက်နက်ပေါင်းများစွာ ပါသည့် လေဟာနယ်ခန်းမက ချက်ချင်းထွက်ပေါ်လာသည်။
“ဒီကဟာတွေ အကုန်လုံးက ကျွန်တော် နတ်ဘုရားအမွေအနှစ် နယ်မြေမှာ ရခဲ့တာ။ စီနီယာတို့ ကြိုက်တဲ့ လက်နက်ယူလို့ရတယ်။ အဲဒါတွေက နောက်ပိုင်း တိုက်ပွဲတွေမှာ အသုံးဝင်လာလိမ့်မယ်။” ရီဖူရှင်းက ပြောလိုက်သည်။ အားလုံးသော နတ်လက်နက်များသည် ရှေးခတ်မှ အစွမ်းထက်သည့် နတ်လက်နက်များ ဖြစ်လေသည်။ မဟာအင်ပါယာက အကောင်းတကာ့ အကောင်းဆုံးများ စုဆောင်းထားခြင်း ဖြစ်သည်။
ကလန်ခေါင်းဆောင်နှစ်ယောက်၏ စွမ်းရည်က ကောင်းကင်အာဏာစက်ပြည်ထောင် ဘုရင်နှင့် ယှဥ်လျှင် အနည်းငယ် အားနည်းသည်။ သို့သော် သူတို့ဘက်၌ နတ်လက်နက်များ အကူအညီရှိနေလျှင် တိုက်ခိုက်နိုင်ရန် အခွင့်အရေး ရှိလာပေမည်။
ကောင်းကင်နတ်တံခါးဂိုဏ်းက ကောင်းကင်အာဏာစက်ဘုံတွင် ပြန်လည်ရပ်တည်နိုင်ရန်အတွက် တိုက်ပွဲက မလွဲမသွေ ဖြစ်လာမည် ဖြစ်သည်။
သူတို့က ထိုတိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်။
“ကောင်းပြီ။” သူတို့နှစ်ယောက်က မငြင်းခဲ့ကြပေ။ သူတို့သည် လက်နက်မျိုးစုံကို အာရုံခံကြည့်ခဲ့ပြီး သူတို့နှင့် သင့်တော်သည့် လက်နက်ကို ရွေးချယ်ခဲ့သည်။
“စီနီယာ ဒီလောက် ဝိညာဥ်လက်နက် အများကြီးက ကျွန်တော့အတွက်လည်း အသုံးမလိုပါဘူး။ တိုက်ခိုက်ရေးရော ခုခံရေးအတွက်ရော ဝိညာဥ်လက်နက်တွေ ယူလိုက်ပါ။ ပြီးတော့ သိပ်မကြာခင် ကျွန်တော်တို့ ကောင်းကင်အာဏာစက်ဘုံကို ပြန်ပြီး တိုက်နိုင်လိမ့်မယ်။” ရီဖူရှင်းက ပြောလိုက်သည်။ သူတို့နှစ်ယောက်က ရီဖူရှင်းကို လှည့်ကြည့်လိုက်ကြ၏။
“နတ်ဘုရားအမွေအနှစ် နယ်မြေမှာ ကောင်းကင်အာဏာစက်ဘုံက တခြားအင်အားစုတွေနဲ့ ပူးပေါင်းခဲ့တယ်။ ကျွန်တော်တို့ အတော်လေး အဆင်ပြေကြပါတယ်။ ကျွန်တော်တို့ ဆက်ဆံရေးကို ပိုပြီးခိုင်မာစေဖို့ နည်းလမ်းရှာလိုက််။ ဒီတိုက်ပွဲက သိပ်မကြာတော့ပါဘူး။” ရီဖူရှင်းက ဆက်ပြောလိုက်သည်။ ရီဖူရှင်းက သူတို့အား ဝိညာဥ်လက်နက်များလည်း ပေးထားသေးကာ မဟာမိတ်လည်း ဖြစ်ခဲ့ကြသည်။ ရီဖူရှင်းသည် ယခု သူက ကောင်းကင်အာဏာစက်ဘုံမှ အင်အားစုများကို အထိုက်အလျောက် လွှမ်းမိုးနေနိုင်ပြီဟု ယုံကြည်သည်။
ယခု သူက ပြီးပြည့်စုံသည့် နတ်ဝင်ရိုးကိုလည်း ဖွဲ့စည်းထားနိုင်သည့်အတွက် သူက ကောင်းကင်အာဏာစက်ဘုံမှ အင်အားစုများကို သူ၏ အဖွဲ့ထဲသို့ ဆွဲသွင်းနိုင်ရန် အခွင့်အရေးရှိပေသည်။
ဤသည်မှာ သူ နောက်ထပ် ပြီးမြောက်ခဲ့သော အရာဖြစ်သည်။
ကျန်းချန်ကျီနှင့် ဟွားကျန့်ရှန်က အချင်းချင်း ကြည့်လိုက်ကြပြီး ဝိညာဥ်လက်နက်ကို အသီးသီး ရွေးချယ်လိုက်သည်။
“တစ်ခုက တိုက်ခိုက်ဖို့၊ တစ်ခုက ခုခံဖို့။ ဒါက လုံလောက်ပြီ။” ကျန်းချန်ကျီက ပြောလိုက်သည်။ “ရီဖူရှင်း ငါတို့ မင်းနားမှာ နေပေးမယ်။ မင်းက ဗဟိုအင်ပါယာဘုံနဲ့ နတ်ဘုရားအမွေအနှစ် နယ်မြေထဲမှာ အင်အားစုတွေ အများကြီးနဲ့ ကတောက်ကဆ ဖြစ်ခဲ့တယ်။ အဲဒါကြောင့် မင်းဘက်တော်သားတွေ လိုအပ်တယ်။
“အဲဒီလိုဆိုရင်တော့ ကျေးဇူးတင်ပါတယ် စီနီယာတို့။” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သူ အခု လုံခြုံနေသေးသည်မှာ ကျင့်ကြံရန် ထျန်းရှန်ကျောင်းတော်ကို ရွေးချယ်ခဲ့သည့်အတွက် ဖြစ်သည်။
ကလန်ခေါင်းဆောင်နှစ်ယောက်က သူ့ဘေး၌ ကာကွယ်ပေးနေပါလျှင် ထိပ်သီးအင်အားစုများမှ လူများဖြစ်နေလျှင်ပင် သူ့ကို တိုက်ခိုက်လာသည့် မည်သူ့မဆို ရင်ဆိုင်နိုင်သင့်ပေသည်။
***