Switch Mode

အပိုင်း(၁၆၆၂):

အတည်ပြုခြင်း

ရီဖူရှင်း၏ မျက်လုံးများက လေးလေးနက်နက် သုံးသပ်ကြည့်နေပုံပေါ်သည်။

သူက နတ်ဘုရားနန်းတော် ဘိုးဘေးနယ်မြေ၊ နတ်ဘုရားအမွေအနှစ် နယ်မြေတို့နှင့် ပတ်သတ်သည့် တစ်ခုခုကို တွေးမိလိုက်၏။ သူက နတ်ဘုရားနန်းတော် ဘိုးဘေးနယ်မြေသို့ ဝင်ရောက်စဥ်က သူနှင့် စကားပြောဆိုခဲ့သော ထူးခြားဆန်းကြယ်သည့် တန်ခိုးရှင်ကို ပြန်စဥ်းစားလိုက်သည်။ နတ်ဘုရားနန်းတော်တွင် ဘိုးဘေးနယ်မြေ ရှိနေပြီး ထိုနေရာသည် အက်ကြောင်းမဲ့ နတ်ဝင်ရိုးကို ဖန်တီးရန် ဖြစ်နိုင်ချေရှိသည့် နေရာထဲမှ တစ်ခု ဖြစ်သည်။ ဆိုလိုသည်မှာ အခြားသော အင်အားစုများမှ နေရာများဖြစ်စေ၊ နတ်လက်နက်ပစ္စည်းများဖြစ်စေ ၎င်းတို့သည် နတ်ဘုရားနန်းတော် ဘိုးဘေးနယ်မြေနှင့် တူညီသည့် အလုပ်လုပ်ပုံရှိပေလိမ့်မည်။

အနည်းဆုံး ဗဟိုအင်ပါယာဘုံ၏ ထိပ်သီးအင်အားစုမှ ထိုသို့သော နေရာများ ပစ္စည်းများက အနည်းငယ် ဖြစ်နိုင်ချေ မြင့်မားပေသည်။

သို့သော် ထိုသို့သော နေရာများနှင့် ပစ္စည်းများမှ ထိပ်တန်းလျှို့ဝှက်ချက်အနေနှင့် တည်ရှိကာ အင်အားစုများက စောင့်ကြပ်နေကြပေလိမ့်မည်။

ရီဖူရှင်းက အခြားအဖြစ်အပျက်တစ်ခုကိုလည်း ပြန်စဥ်းစားကြည့်လိုက်သည်။ ယခင်က ရီဖူရှင်း ဖေးရွှီ၏ ခန္ဓာကိုယ်ထဲတွင် မြင်ခဲ့ရသည့် နတ်လက်နက်ပစ္စည်းအတွက် ရှန်းကလန်က ဆရာ့အား လိုက်ဖမ်းစဥ်က ဖြစ်သည်။ သူသည် သူ၏ သက်စောင့်ဝိညာဥ် ကမ္ဘာ့သစ်ပင်က ထိုနတ်လက်နက်ပစ္စည်းကို ဖိနှိပ်၍ ဖေးရွှီကို ကုသပေးနိုင်ခဲ့သည်ဟု အမြဲတွေးခဲ့သည်။ ထို့ပြင် သူသည် ထိုအချိန်က တူညီသည့် အရှိန်အဝါကိုလည်း ခံစားမိခဲ့သည်။

ယခု သူ တွေးနေသည့် အကြောင်းအရ ထိုအရာက ဖြစ်နိုင်သည်မှာ….

ဖေးရွှီသည် ထိုနတ်လက်နက်ပစ္စည်းကို ဆက်ခံခဲ့ရသည့်အတွက် သူမက အက်ကြောင်းမဲ့ နတ်ဝင်ရိုးကို ဖန်တီးနိုင်ရန် ဖြစ်နိုင်ချေမြင့်မားလှသည်။ ဆရာဘိုးဘိုး၏ အပြောအရ နတ်လက်နက်ပစ္စည်းသည် ရှန်းကလန်၏ ဆက်ခံသူများက လက်ခံရရှိခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် ယခင် ဆက်ခံသူ ဆရာကတော်က ဖေးရွှီကို လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

ဆရာဘိုးဘိုး၏ ဇနီးသည်လည်း အက်ကြောင်းမဲ့ နတ်ဝင်ရိုးပိုင်ရှင် ဖြစ်နိုင်သည်။

ရီဖူရှင်းက ထိုသို့ တွေးမိသည့်အခါ သူ၏ နှလုံးသားက တုန်ယင်သွားသည်။ သူ၏ ယခုချက်က တစ်ခုခု ရုပ်လုံးပေါ်လာသည်။ ကမ္ဘာ့သစ်ပင်သည် နတ်လက်နက်ပစ္စည်းနှင့် တူညီအောင် အလွန် အစွမ်းထက်လှသည့် သက်စောင့်ဝိညာဥ်တစ်ခု ဖြစ်သည်။

သို့ဆိုလျှင် ကမ္ဘာ့သစ်ပင်သည် နတ်ဘုရားနန်းတော် ဘိုးဘေးနန်းတော်၊ နတ်ဘုရားအမွေအနှစ် နယ်မြေတို့နှင့် တူညီသော လုပ်ဆောင်ချက်မျိုး ရှိနေသည်လား။

“ငါ့ရဲ့ လမ်းစဥ်က ပြိုင်ဘက်ကင်းတယ်။” ရီဖူရှင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူသည်လည်း သူ၏ သက်စောင့်ဝိညာဥ် ကမ္ဘာ့သစ်ပင်က ပြိုင်ဘက်ကင်းသည်ကို ခံစားမိပေသည်။ အရှင်ဒွန်ဟောင်၏ စွမ်းအားများ ပါဝင်နေသည့် နတ်လက်နက်ပစ္စည်းများသည် ထိုသို့သော သက်ရောက်မှု ရှိမည် ထင်ရပေသည်။ သူသည် သူ၏ သက်စောင့်ဝိညာဥ်ကို သီးခြားလေဟာနယ်အဖြစ် ပြောင်းလဲလိုက်ကာ အခြားတန်ခိုးရှင်များကို သူ၏ သက်စောင့်ဝိညာဥ်အတွင်းမှ စွမ်းအားကို သန့်စင်စေနိုင်သည်။

အခြားတန်ခိုးရှင်များက ရီဖူရှင်း၏ သက်စောင့်ဝိညာဥ်အတွင်းမှ စွမ်းအားကို သန့်စင်လျှင် သူတို့သည် နတ်ဘုရားအမွေအနှစ် နယ်မြေအတွင်း ကျင့်ကြံရသလို တူညီသည့် အတွေ့အကြုံရလာနိုင်မည်လား။ သူတို့သည်ရော အက်ကြောင်းမဲ့ နတ်ဝင်ရိုးကို ဖန်တီးနိုင်သည့် အခွင့်အရေး ရလာလိမ့်မည်လား။

မဟာလမ်းစဥ် ဘုံသုံးထောင်မှာပင် အက်ကြောင်းမဲ့ နတ်ဝင်ရိုးကို ဖွဲ့စည်းနိုင်သူက ရှားပါးလှသည်။ ရွေးချယ်ခံရသည့် ထိပ်သီးအင်အားစုများသာလျှင် ရှားပါးအမွေအနှစ် အရင်းအမြစ်များကို ထိန်းချုပ်ထားနိုင်သည်။ ထိုမှလွဲ၍ အခြားသူများသည် နတ်ဘုရားအမွေအနှစ် နယ်မြေအတွင်းမှာသာ သူတို့၏ အခွင့်အရေးကို ရှာဖွေနိုင်သည်။

အက်ကြောင်းမဲ့ နတ်ဝင်ရိုးကို ဖွဲ့စည်းနိုင်သည့် မည်သူမဆို ထိပ်သီးအင်အားစုများ၏ အဓိကလူများ ဖြစ်လာပေလိမ့်မည်။ သူတို့သည် အခြား ချို့ယွင်းချက်ရှိနေသည့် တန်ခိုးရှင်များကို ကျိန်းသေ ဖိနှိပ်နိုင်ပေသည်။ ဤသည်မှာ သူတို့၏ အားသာချက်ပင် ဖြစ်သည်။ ထို့ပြင် အက်ကြောင်းမဲ့ နတ်ဝင်ရိုး ပိုင်ရှင်များသည် အနာဂတ်၌ မဟာလမ်းစဥ် ဘုံသုံးထောင်၏ အထွတ်အထိပ်တွင် ရပ်တည်ရန် အခွင့်အရေး မြင့်မားလာနိုင်သည်။

ဤသို့သော အခြေအနေအောက်တွင် ရီဖူရှင်းက အဖွဲ့ထဲမှ တန်ခိုးရှင်များကို အက်ကြောင်းမဲ့ နတ်ဝင်ရိုးအား ဖွဲ့စည်းစေနိုင်ခဲ့လျှင် အနာဂတ်အတွက် မည်သည့်အဓိပ္ပါယ် ဖြစ်လာနိုင်သနည်း။

ဆိုလိုသည်မှာ ယခုမှစ နောက်ဆယ်နှစ်အတွင်း သူက မဟာလမ်းစဥ် ဘုံသုံးထောင်အတွင်း အားအကောင်းဆုံး တပ်ဖွဲ့ကို တည်ဆောက်နိုင်ပေမည်။

တစ်ခုခုက ပျောက်ဆုံးနေသေး၏။ ရီဖူရှင်းက ရုတ်တရက် တစ်ခုခုကို တွေးမိလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ယခင်က ဟွမ်ကျုံးသာလျှင် နတ်ဘုရားနန်းတော် ဘိုးဘေးနယ်မြေသို့ ဝင်ရောက်နိုင်ခဲ့သည်။ သူက လူတိုင်း၏ မျှော်လင့်ချက်နှင့် နေထိုင်ခဲ့ကာ အက်ကြောင်းမဲ့ နတ်ဝင်ရိုးကို ဖွဲ့စည်းနိုင်ခဲ့သည်။ နတ်ဘုရားနန်းတော်သည် ဟွမ်ကျုံးကဲ့သို့ ပါရမီရှင်များကို ပိုမိုမွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ချက်ရှိသော်လည်း ဘိုးဘေးနန်းတော်၏ အကူအညီနှင့်ပင် အက်ကြောင်းမဲ့ နတ်ဝင်ရိုးကို ဖွဲ့စည်းနိုင်ရန် အခွင့်အရေးက နည်းပါးလှသည်။ ထို့ကြောင့် တန်ခိုးရှင်များသည် အက်ကြောင်းမဲ့ နတ်ဝင်ရိုးကို ဖွဲ့စည်းရန် မစဥ်စားခင် သူတို့က ဘိုးဘေးနယ်မြေသို့ ဝင်ရောက်ဖို့ရာ အရည်အချင်းပြည့်မီရန် လိုအပ်သည်။

ထိုသည်မှာ သူတို့ နတ်ဘုရားအမွေအနှစ် နယ်မြေသို့ ရောက်သည့်အခြေအနေနှင့် အတူတူပင် ဖြစ်သည်။ အနည်းငယ်သာလျှင် အောင်မြင်နိုင်သည်။ ဝရိန်ခုနစ်ပါး ကလန်မှ ဝရိန်ခုနစ်ပါးသည်ပင်လျှင် ကျရှုံးခဲ့သည်။ နတ်တစ္ဆေကလန်မှ လျန့်ကျိုယိုးလည်း ကျရှုံးခဲ့သည်။ သူတို့နှစ်ယောက်လုံးသည် အက်ကြောင်းမဲ့ နတ်ဝင်ရိုးအစား ရတနာ အဆင့် နတ်ဝင်ရိုးကိုသာ ဖွဲ့စည်းနိုင်ခဲ့သည်။

ရှန်းကလန်နှင့် ထျန်းရှန်ကျောင်းတော်ကဲ့သို့ ထိပ်သီးအင်အားစုများမှာ ထိုကဲ့သို့ အမျိုးအစား လျှို့ဝှက်နယ်မြေ၊ နတ်လက်နက်ပစ္စည်းများ ပိုင်ဆိုင်ထားနိုင်ပေသည်။ သို့သော် ရီဖူရှင်းသည် ထိုအင်အားစုများတွင် အက်ကြောင်းမဲ့ နတ်ဝင်ရိုးကို ဖွဲ့စည်းထားနိုင်သော တန်ခိုးရှင် အများအပြားရှိသည်ဟု မကြားမိပေ။

ဆိုလိုသည်မှာ အမွေအနှစ်နယ်မြေကဲ့သို့သော လျှို့ဝှက်နယ်မြေရှိနေလျှင်ပင် တစ်စုံတစ်ယောက် အဆင့်တက်၍ အက်ကြောင်းမဲ့ နတ်ဝင်ရိုးကို ဖွဲ့စည်းချင်သည့်အခါ သူတို့၏ ပါရမီအရည်အချင်းကို ထည့်သွင်းစဥ်းစားရန်လည်း လိုအပ်သေးသည်။ ထိုသည်မှာ လွယ်ကူခြင်းမရှိပေ။

ရီဖူရှင်းသည် နတ်ဘုရားနန်းတော် ဘိုးဘေးနယ်မြေမှ လမ်းစဥ်အမျိုးအစားသည် နတ်ဘုရားအမွေအနှစ် နယ်မြေနှင့် နှိုင်းယှဥ်လျှင် အနည်းငယ် နိမ့်ကျသည်ဟု ခန့်မှန်းမိသည်။ နတ်ဘုရားအမွေအနှစ် နယ်မြေက လျှို့ဝှက်နယ်မြေများတွင် ​အမြင့်ဆုံးအဆင့် ဖြစ်နိုင်သည်။ တစ်စုံတစ်ယောက်က ထိုနေရာသို့ ဝင်ရောက်သည့်အခါ အက်ကြောင်းမဲ့ နတ်ဝင်ရိုးကို ဖွဲ့စည်းရန် အခွင့်အရေး အလွန် မြင့်မားပေလိမ့်မည်။ ထို့ကြောင့် နတ်ဘုရားအမွေအနှစ် နယ်မြေ ဖွင့်လှစ်ခြင်းက အထက်ကိုးဘုံရှိ အားလုံးသော ထိပ်သီးတန်ခိုးရှင်များကို စုစည်းလာစေသည်။ ထူးချွန်သည့် တန်ခိုးရှင်များ အားလုံးက နတ်ဘုရားအမွေအနှစ် နယ်မြေသို့ ဝင်ရောက်ချင်ခဲ့ကြသည်။

သို့ဆိုလျှင် သူက ကမ္ဘာ့သစ်ပင်အား နတ်လက်နက်ပစ္စည်းတစ်ခု ကဲ့သို့ အသုံးချကြည့်ပါက မည်သည့်ရလဒ် ထွက်ပေါ်လာနိုင်မည်နည်း။

ရီဖူရှင်းက လီဟန်ဓားသမားကို ကြည့်လိုက်သည်။

“လီဟန်ဓားသမား၊ ခင်ဗျား အက်ကြောင်းမဲ့ နတ်ဝင်ရိုးကို ဖွဲ့စည်းနိုင်ခဲ့တာ မူလဟာကို ဖျက်ဆီးပစ်လိုက်ပြီးမှ ပြန်တည်ဆောက်ပြီး ဓားစွမ်းရည်ကို ​ပြန်ဖွဲ့စည်းခဲ့တာကြောင့်လား။” ရီဖူရှင်းက မေးလိုက်သည်။

“အင်း” လီဟန်ဓားသမားက ခေါင်းကို ညိတ်ကာ ပြောလိုက်သည်။ “ငါသာ အဲဒီလို မလုပ်ခဲ့ရင် အက်ကြောင်းမဲ့ နတ်ဝင်ရိုးကို ဖွဲ့စည်းနိုင်ခဲ့မှာ မဟုတ်ဘူး။”

ထိုသည်က အရေးပါလှသည်ဟု ရီဖူရှင်းက တွေးလိုက်သည်။ တန်ခိုးရှင်တစ်ဦးက ကျင့်ကြံသည့်အခါ သူတို့ ရှန့်ထိုအဆင့် အထွတ်အထိပ်ကို ရောက်ပြီးနောက် မဟာလမ်းစဥ်စွမ်းအားကို နားလည်သဘောပေါက်နေပြီး ဖြစ်သည်။ သူတို့သည် သူတို့၏ လမ်းစဥ်ကို သဘောပေါက်နားလည်ပြီး လမ်းစဥ်၏ အထွတ်အထိပ်သို့ ရောက်သည့်အခါ ရန်ဟောင်ဖြစ်လာနိုင်သည်။ သူတို့သည် အတွေးတစ်ချက်နှင့် လမ်းစဥ်ဖြစ်လာနိုင်ကာ သူတို့၏ ခန္ဓာလမ်းစဥ်ကို ဖွဲ့စည်း၍ လမ်းစဥ်ဝိညာဥ်ကို တည်ဆောက်ပေလိမ့်မည်။ သူတို့သည် လမင်းနှင့် ကြယ်များကဲ့သို့ တောက်ပနေလိမ့်မည် ဖြစ်ကာ ကျေနပ်ပျော်ရွှင်စွာ အသက်ရှည်ရှည် ရှင်သန်ရပေလိမ့်မည်။

ထိုအဓိပ္ပါယ်မှာ အက်ကြောင်းမဲ့ နတ်ဝင်ရိုးကို ဖွဲ့စည်းခဲ့သူတို့က သူတို့၏ မဟာလမ်းစဥ်ကို တစ်ဖန် ထပ်၍ သန့်စင်ရန် လိုပေလိမ့်မည်။

“ဘာတွေ စဥ်းစားနေတာလဲ။” လီဟန်ဓားသမားက ရီဖူရှင်းကို မေးလိုက်သည်။ ရီဖူရှင်းက တစ်ခုခုကို ဆင်ခြင်သုံးသပ်နေပုံရ၏။

“တစ်ခုခု တွေးနေတာပါ။ ဒါပေမယ့် ကျွန်တော် အဲဒါကို အတည်ပြုဖို့ လိုနေတုန်းပဲ။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ သူက အရှိန်အဝါကို ပြန်ရုတ်သိမ်းလိုက်၏။ လေဟာနယ်ခန်းမက ပျောက်ကွယ်သွားပြီးနောက် အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားသည်။

“ကျွန်တော် တောက်ကျန်းတောင်ကို သွားလိုက်ဦးမယ်။” ရီဖူရှင်း က ပြောလိုက်သည်။

“ကောင်းပြီ။ သွားစရာရှိတာ သွားပါ။” လီဟန်ဓားသမားက ခေါင်းညိတ်လိုက်သည်။

ရီဖူရှင်းက ထရပ်လိုက်ပြီး ကျောင်းဆောင်မှ ထွက်ခွာသွားသည်။ သူက တောက်ကျန်းတောင်ကို ဦးတည်လိုက်၏။ ထျန်းရှန်ကျောင်းတော်မှ လူအများသည် သူ၏ နတ်ဝင်ရိုး ဖွဲ့စည်းနေစဥ်အတွင်း ဖြစ်ပွားခဲ့သော နတ်အာရုံအကြောင်း ကြားထားပြီး ဖြစ်သည်။ သူတို့က ရီဖူရှင်းကို ပို၍ စိတ်ဝင်တစား ရှိလာကြသည်။

ဤရီဖူရှင်းက တောက်ကျန်းတောက်သို့ တစ်ဖန်ရောက်လာပြန်ပြီ ဖြစ်၏။ သူ၏ ကျင့်ကြံခြင်းခရီးတွင် မည်သည့် အရည်အချင်းမျိုး ဖြစ်နေပါစေ အနည်းဆုံး သူက အလွန် ကြိုးစားပေသည်။

ရီဖူရှင်းက တောက်ကျန်းတောင်၌ ရက်အနည်းငယ် ကုန်ဆုံးခဲ့သည်။ သို့သော် ဤတစ်ကြိမ်သည် ယခင်အ​ခေါက်များနှင့် ကွာခြားပေသည်။ သူသည်  လေဟာနယ်နှင့် ပတ်သတ်သည့် ကျင့်ကြံရေးပညာရပ်၊ ဝင်္ကပါပညာရပ် စာအုပ်များကို ရှာဖွေနေသည်။

ထျန်းရှန်ကျောင်းတော်မှ ကျောင်းတော်သားများ၏ အပြောအရ သူတို့သည် ရီဖူရှင်းက ရက်အနည်းငယ်အတွင် အကြိမ်များစွာ ငေးမောတွေဝေနေခဲ့သည် ဟူ၍ ဖြစ်သည်။ သူက မျက်လုံးကို မှိတ်ကာ ထောင့်မှာထိုင်၍ အိပ်မောကျနေသကဲ့သို့ ရှိနေတတ်သည်။ သို့သော် သိသာစွာပင် သူက အိပ်မောကျနေခြင်း မဟုတ်ပေ။ သူတို့သည် ရီဖူရှင်းက တစ်ခုခုအပေါ် စျာန်ဝင်စား၍ ကျင့်ကြံနေခြင်းဖြစ်ကြောင်း သိကြပေသည်။

နောက်ရက်အနည်းငယ်ကြာပြီးနောက် ရီဖူရှင်းသည် တောင်ကျန်းတောင်မှ ထွက်ခွာခဲ့သည်။ အချို့က သူ မည်သည့်အရာ လုပ်နေခဲ့သည်ကို စူးစမ်းချင်နေသည်။

အချိန်အချို့ကြာပြီးနောက် လူအချို့က ပြောကြသည်မှာ ရီဖူရှင်း၏ ကျောင်းဆောင်၌ မဟာဝင်္ကပါတစ်ခု ထွက်ပေါ်လာခဲ့သည်ဟု ဆိုကြသည်။ ထိုမဟာဝင်္ကပါသည် အားလုံးသော မဟာလမ်းစဥ်များကို သန့်စင်နိုင်သည်ဟု ပြောကြ၏။ ဤကဲ့သို့သော ဝင်္ကပါမျိုးမှာ ထျန်းရှန်ကျောင်းတော်၌ သာမန်ပင်ဖြစ်သည်။ လူအများသည် မဟာလမ်းစဥ်စွမ်းအားကို နားလည်ရန် ထိုသို့သော နည်းလမ်းကို အသုံးပြုကြသည်။

ထို့ကြောင့် ၎င်းမှာ ထူးခြားခြင်း မရှိပေ။

အချိန်တစ်ခု ကြာပြီးသည်အထိ ရီဖူရှင်းသည် သူ၏ ကျောင်းဆောင်အတွင်း၌ ကျင့်ကြံနေခဲ့ဆဲ ဖြစ်သည်။ သူက အတော်လေး ထူးခြားဆန်းကြယ်စွာ ပြုမူနေသော်လည်း မည်သူပမှ သူ၏ ကျင့်ကြံခြင်းကို မနှောက်ယှက်ကြပေ။ ရီဖူရှင်းက ထျန်းရှန်ကျောင်းတော်သို့ လာရသည်မှာ အကြောင်းရင်း ရှိသည်။ သူက အမှန်တကယ် သီးခြားခွဲထွက်ကာ အချိန်တစ်ခုကြာသည်ထိ ကျင့်ကြံနိုင်ပေသည်။

တစ်ရက်တွင် သောကျောက်က ကျောင်းဆောင်သို့ ပြန်လာပြီး ရီဖူရှင်းနှင့် တွေ့ဆုံခဲ့သည်။

“ဘာကိစ္စလဲ။” ရီဖူရှင်းက သောကျောက်ကို မြင်သည့်အခါ မေးလိုက်သည်။

“ငါ အဆင့်တက်ဖို့ နီးကပ်လာပြီလို့ ခံစားနေရတယ်။ ကျန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က ထျန်းရှန်ကျောင်းတော်က လူတွေနဲ့ ပညာဖလှယ်ခဲ့တယ်။ ဒါပေမယ့် သူတို့ထဲ လူအနည်းငယ်ကပဲ ငါနဲ့ လက်ရည်ညီတယ်။ နည်းနည်းတောင် စိတ်ပျက်သွားရတယ်။” သောကျောက်က ညည်းညူလိုက်သည်။

“…”

ဇဝေဇဝါနှင် ရီဖူရှင်းက သူ့ကို စိုက်ကြည့်နေ၏။

“ဒီလိုဆို မင်းက ငါနဲ့ တိုက်ခိုက်ကြည့်ချင်နေတာလား။” ရီဖူရှင်းက သောကျောက်ကို ကြည့်ကာ မေးလိုက်သည်။

“သွားစမ်းပါကွာ” သောကျောက်၏ အမူအရာက ဖြူဖျော့သွားလေသည်။ ဤအကောင်က ရန်ဟောင်ပင် ဖြစ်နေခဲ့လေပြီ။ သူက ရီဖူရှင်းကို ဆန့်ကျင်တိုက်ခိုက်ရမည်တဲ့လား။

ထိုသည်မှာ သူ့ကို လာထိုးပါရန် တစ်ယောက်ယောက်ကို ဖိတ်ခေါ်နေသည်နှင့် တူနေသည် မဟုတ်ပါလား။

“ငါ ပြောချင်တာက ငါ ရန်ဟောင်အဆင့်တက်ဖို့ နီးလာပြီ။ အဲဒါကြောင့် မင်းမှာ ငါ့ကို ငှားပေးလို့ရမယ့် နတ်ဘုရားအမွေအနှစ် နယ်မြေက နတ်လက်နက်တစ်ခုခုများ မရှိဘူးလား။ ငါ လမ်းစဥ်ဖော်ဆောင်ပြီး အက်ကြောင်းမဲ့ နတ်ဝင်ရိုးကို ဖွဲ့စည်းနိုင်ဖို့ အဲဒါကို အသုံးပြုချင်လို့ပါ။” သောကျောက်က ရီဖူရှင်းကို ရှင်းပြလိုက်သည်။

ရီဖူရှင်းသည် နောက်ဆုံး၌ သောကျောက်၏ ရယ်ရွယ်ချက်ကို နားလည်သွားသည်။

“တိုက်ပွဲနတ်ဘုရားရဲ့ ဆက်ခံသူမျိုးဆက်အနေနဲ့ အက်ကြောင်းမဲ့ နတ်ဝင်ရိုးကို ဖွဲ့စည်းဖို့ နတ်လက်နက်ပစ္စည်းအကူအညီ လိုသေးတာလား။” ရီဖူရှင်းက မေးလိုက်သည်။

“ငါ…” သောကျောက်က ရီဖူရှင်းကို စိုက်ကြည့်လိုက်သည်။ သူက ရီဖူရှင်းကို ချေပရန် စကားလုံးရှာမတွေ့ခဲ့ပေ။

သွေးသောက်ညီအစ်ကိုဟူသည့် ဂုဏ်ပုဒ်ကြီးက မည်သို့ ဖြစ်သွားသနည်း။

“ငါ မင်းကို ကျင့်စဥ်တစ်ခု သင်ပေးလိုက်မယ်။ မင်း အဲဒါကို နည်းနည်း တိုးတက်အောင် ကျင့်ကြံပြီးရင် ငါ့ကို ထပ်လာရှာလှည့်။” ရီဖူရှင်းက ပြောလိုက်သည်။

“အဲဒါကို မင်း နတ်ဘုရားအမွေအနှစ် နယ်မြေကနေ ရခဲ့တာလား။” သောကျောက်၏ မျက်လုံးများ ညတောက်ပသွားသည်။

“မဟုတ်ဘူး။ အဲဒါ ထျန်းဟယ်ဘုံက ကျင့်စဥ်ပဲ။ အဲဒါက မင်း လမ်းစဥ်ဖော်ဆောင်ရာမှာ အကူအညီပေးနိုင်တယ်။ မင်း ကျွမ်းကျင်သွားတဲ့အခါ မင်းကို ထျန်းဟယ်မဟာအကြီးအကဲရဲ့ တပည့်တစ်ပိုင်းလို့ သတ်မှတ်လိုက်လို့ ရတယ်။” ရီဖူရှင်းက ရှင်းပြလိုက်သည်။

“အဲဒီဟာက ဘယ်လို အကျိုးကျေးဇူးရှိလဲ။” သောကျောက်က မေးလိုက်သည်။ ထျန်းဟယ်ဘုံ၏ ကျင့်စဥ်လား။ သူ၏ သောမျိုးနွယ်စု ကျင့်စဥ်ထက် ပိုကောင်းသည်လား။

“မင်း သင်ချင်လား မသင်ချင်ဘူးလား။” ရီဖူရှင်းက သူ့ကို မေးခွန်း ပြန်ထုတ်လိုက်သည်။

သောကျောက်က ရီဖူရှင်းကို သံသယဖြင့် ကြည့်လိုက်သည်။ “ငါ ကျွမ်းကျင်သွားရင် မင်းဆီက ဆုလေးများ ရနိုင်မလား။”

ရီဖူရှင်းက မျက်လုံးများကို မှိတ်ကာ သောကျောက်ကို လျစ်လျူရှုလိုက်သည်။

“ငါ ကျင့်ကြံမယ်။” သောကျောက်က ပြောလိုက်၏။ “အခုကစပြီး ငါက ထျန်းဟယ်ကျောင်းတော်ရဲ့ တပည့်တစ်ယောက် ဖြစ်လာလိမ့်မယ်။ မင်းဆရာက ငါ့ဆရာပဲ။ ငါတို့က သွေးသောက်ညီအစ်ကိုတွေပဲ။”

“သင့်တော်သလို ထိုင်လိုက်ပါ။” ရီဖူရှင်းက အမိန့်ပေးလိုက်သည်။ ထို့နောက် သူက သောကျောက်ကို ပညာရှိကျမ်းအား သင်ကြားပေးလိုက်လေသည်။

“သွားပြီး မင်းဘာသာ ကျင့်ကြံတော့။” သူ၏ သင်ကြားပေးခြင်း ပြီးဆုံးသွားပြီးနောက် ရီဖူရှင်းက ပြောလိုက်သည်။ သောကျောက်က သူ့ကို ကြည့်လိုက်ပြီးနောက် ထွက်ခွာသွားလေသည်။

ရီဖူရှင်းက သူ၏ မျက်လုံးများကို မှိတ်ကာ ဆက်လက်ကျင့်ကြံနေသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ကမ္ဘာ့သစ်ပင်က အော်မြည်လှုပ်ယမ်းနေသည်။ သူ၏ အနီးတွင် ကြောက်မက်ဖွယ် မြင်ကွင်းပေါ်ပေါက်လာကာ ကောင်းကင်နှင့် မြေကြီးသည် မဟာလမ်းစဥ် လေဟာနယ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ လေဟာနယ်အတွင်း ကြယ်များနှင့် ဝန်းရံနေကာ နေမင်းနှင့် လမင်းတို့က တပြိုင်တည်း တောက်ပနေသည်။

သောကျောက်က အောင်မြင်လိမ့်မည်ဟု ရီဖူရှင်း ဆုတောင်း၍ မျှော်လင့်ထားသည်။

ရက်အနည်းငယ် ကြာပြီးနောက် သောကျောက်က ရီဖူရှင်းကို လာရှာခဲ့၏။

“အောင်မြင်သွားပြီလား” ရီဖူရှင်းက မေးလိုက်သည်။

“အင်း။ ငါ နည်းနည်း တိုးတက်မှုရှိလာတယ်။” သောကျောက်က ခေါင်းညိတ်လိုက်သည်။

“ကောင်းတယ်။” ရီဖူရှင်းက အသိအမှတ်ပြုစွာ ခေါင်းညိတ်လိုက်သည်။ သူ၏ စွမ်းအားအနည်းငယ် ထည့်သွင်းလိုက်သည်နှင့် ဝင်္ကပါ၏ အလင်းများက တောက်ပလာပြီး နေရာတစ်ခုလုံးကို နတ်အလင်းများက လွှမ်းခြုံသွားကာ အားကောင်းသည့် မဟာဝ​င်္ကပါ ပေါ်ပေါက်လာသည်။ မဟာလမ်းစဥ် စွမ်းအားများက မဟာဝင်္ကပါအတွင်း တစ်ဟုန်ထိုး ပြေးဝင်လာကြသည်။

“အခု ဘာလုပ်နေတာလဲ။” သောကျောက်က သူ၏ ခေါင်းကို မော့ကာ စွမ်းအားများ အတက်အကျဖြစ်နေခြင်းအား ကြည့်လိုက်သည်။

“အခုလာမယ့် ကျင့်ကြံမှုအတွက် မင်းက ပညာရှိကျမ်းကို အသက်သွင်းပြီး မဟာလမ်းစဥ် မီးပြင်းဖို ဖွဲ့စည်းဖို့လိုတယ်။” ရီဖူရှင်းက ရှင်းပြလိုက်သည်။ “မင်းက မဟာလမ်းစဥ် အားလုံးကို သန့်စင်ဖို့လိုတာကြောင့် ကိုယ်တိုင် လုပ်ဆောင်နိုင်တယ်။ ပြီးတော့ မင်းရဲ့ အရင်ကကျင့်ကြံထားတာတွေကို ဖျက်ဆီးပြီး နောက်ထပ် မဟာလမ်းစဥ် ခန္ဓာကို ပြန်တည်ဆောက်ဖို့တောင် လိုအပ်တယ်။ မင်း အဲဒီဖြစ်စဥ်တွေကို ဖြတ်ကျော်နိုင်ဖို့ ငါ ကူညီပေးမယ်။”

သောကျောက်က အလွန် သံသယဖြစ်နေခဲ့သည်။ သူက ရီဖူရှင်းကို ကြည့်လိုက်ပြီး ထိုမျက်လုံးများမှ လေးနက်မှုတို့ကို မြင်တွေ့လိုက်ရသည်။ သောကျောက်သည် ရီဖူရှင်းက သူ့ကို နောက်ပြောင်နေခြင်း မဟုတ်ကြောင်း သိရှိပေသည်။

ရီဖူရှင်းက အမှန်တကယ် နတ်ဘုရားအမွေအနှစ် နယ်မြေမှ တစ်ခုခု ရရှိခဲ့သည်လား။

“ကောင်းပြီလေ။ မင်းပြောတဲ့အတိုင်း လိုက်လုပ်မယ်။” သောကျောက်က လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး အာရုံစိုက်လိုက်တော့၏။

“စလိုက်ရအောင်” ရီဖူရှင်းက သူတို့အနီး၌ အဆုံးမဲ့ စွမ်းအားများ ဝန်းရံလာသည့်အခါ ထိုစကားလုံးများကို ပြောလိုက်သည်။ သိပ်မကြာခင်မှာပင် သောကျောက်သည် ထိုနေရာမှ ပြောင်းလဲသွားခြင်းကို ခံစားမိလိုက်၏။ ကောင်းကင်တွင် နေနှင့် လတို့ ထွက်ပေါ်လာပြီး ကြယ်များက ဝန်းရံနေသည်။ သောကျောက်က သီးခြားလေဟာနယ်ဖြင့် လွှမ်းခြုံထားခြင်း ခံရလေသည်။ ကောင်းကင်တွင် ချန်၊ ခွင်း၊ လီ၊ ခန် ဟူသည့် စာလုံးများက လှည့်ပတ်နေသည်။ သူက မည်သည့် သစ်ပင်ကိုမှ မမြင်ရသော်လည်း သစ်ရွက်များ လှုပ်ခတ်နေသံကို ခပ်ရေးရေး ကြားနေရသည်။

ဤနေရာသည် အခြား သီးသန့်နယ် တစ်ခုသို့ ရောက်ရှိနေသလိုပင် ဖြစ်၏။

သောကျောက်က သူ၏ မျက်လုံးများကို မှိတ်ကာ သူ၏ ကျင့်စဥ်ကို အသက်သွင်းလိုက်သည်။ သူက ပညာရှိကျမ်း၏ စွမ်းအားကို ထုတ်လွှတ်ကာ ဤနေရာအတွင်းမှ လမ်းစဥ်စွမ်းအားတို့ကို သန့်စင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ဤနေရာ၏ အပြင်ဘက်လောကတွင် အနီးအနားရှိ အဆုံးမဲ့ စွမ်းအားများက လေဟာနယ်အတွင်းသို့ တိုးဝင်လာနေပြီး လေဟာနယ်စွမ်းအားတို့ ဖြစ်လာခဲ့သည်။

“ရီဖူရှင်း အခု ဘာလုပ်နေတာလဲ။”

ကျောင်းဆောင်အနီးမှ လူများသည် ကောင်းကင်ထက်မှ ပြင်းထန်သည့် စွမ်းအားတို့ ကျဆင်းလာသည်ကို ခံစားမိသည့်အခါ ထူးခြားသည့်အမူအရာတို့ ဖြစ်ပေါ်လာသည်။ ရီဖူရှင်းက နောက်ထပ် အခြေအနေကြီးတစ်ရပ်ကို ဖန်တီးလိမ့်ဦးမည်လား။

“ကြည့်ရတာ အဲဒါက လမ်းစဥ်အားလုံးကို သန့်စင်နိုင်တဲ့ မဟာဝင်္ကပါကို သူ အသက်သွင်းလိုက်တာ ဖြစ်ရမယ်။”

“အဲဒီလေဟာနယ်အထဲမှာ ဘာဖြစ်နေတာလဲ။” တစ်ယောက်သည် ထိုမဟာလမ်းစဥ် စွမ်းအားများက ချိပ်ပိတ်ထားသည့် လေဟာနယ်အတွင်း တိုးဝင်သွားနေသည်ကို သတိပြုမိလိုက်သည်။ အလွန်အစွမ်းထက်သည့် မဟာလမ်းစဥ် အရှိန်အဝါက ထိုအတွင်းသို့ စီးဝင်သွားနေခဲ့ပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset