အခန်း ( ၅၆၂ )

အရာအားလုံးကို ပိုင်းဖြတ်ပစ်မည့် သားရဲလက်သည်းချွန်များ

” နင့်မှာ နတ်အဆင့်ဝိညာဥ် ဘယ်လောက်ရှိရှိ ငါဂရုမစိုက်ဘူး ”
သခင်မလေးဟုန်ချိန်က မြည်တမ်းလိုက်သည်။
” နင့်မှာ ကောင်းကင်တာအို ယင်ယန် ဝိညာဥ်အဆင့်ကျင့်ကြံခြင်းအခြေခံ ရှိနေရင်တောင် ငါဂရုမစိုက်ဘူး။ ဒီနေ့က နင်သေရမယ့်နေ့ပဲ ”

သခင်မလေးဟုန်ချိန်၏ မျက်နှာမှာ ဒေါသများဖြင့် ရှုံ့မဲ့နေပြီး သူမ၏အငွေ့အသက်များပင်လျှင် ဒဏ်ရာအနာတရ ဖြစ်နေသည့်ပုံစံ ပေါ်နေတော့သည်။ သူမက ထိုသို့အော်ဟစ်လိုက်သောအခါ သူမ၏ဓမ္မရုပ်တုကြီးမှာ ပို၍ကြီးမားလာပြီး နေလုံးကြီးတစ်လုံးအသွင်ပြောင်းကာ ပိုင်ရှောင်ချန်းထံသို့ ပြေးလာနေတော့သည်။

ပိုင်ရှောင်ချန်းအစစ်မှာ ကိုယ်ပွားသုံးခုနှင့် ပူးပေါင်းကာ သခင်မလေးဟုန်ချိန်၏ နတ်အဆင့်လက်ဝိုင်းရိုက်ချက်တစ်ခုကို တွန်းလှန်နေတော့သည်။ အကယ်၍ ကိုယ်ပွားတစ်ခုလောက်သာ လျော့နည်းနေပါက သူတို့အားလုံးမှာ ဇီဝိန်ချုပ်ကာ အသက်ပျောက်သွားရမည်သာဖြစ်သည်။

သေခြင်းတရားနှင့် မလွဲမသေ ကြုံတွေ့ရမည့်ပုံပေါ်နေသေးသော်လည်း အနိမ့်ဆုံး ထိုစိတ်ပျက်စရာ ရလဒ်ကြီးထွက်မလာစေရန် ယခင်ကထက် ပို၍ကြာအောင် သူတို့ အချိန်ဆွဲနိုင်သွားပြီဖြစ်သည်။

ကံကောင်းသည်မှာ ထိုအချိန်တွင် သင်္ချိုင်းဂူကြီးမှာ အဆုံးတိုင်ပြိုကျသွားပြီး တည်နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်မှာ ထိုသင်္ချိုင်းဂူ ထဲတွင် ပေါ်လာတော့သည်။

ထို တည်နေရာရွှေ့ပြောင်းခြင်း၏ အလင်းတန်းများမှာ လှိုဏ်ခေါင်းများထဲတွင်ဖြစ်စေ၊ နတ်မီးလျှံစမ်းသပ်ပွဲဒေသ၏ ပတ်ပတ်လည်နေရာများတွင်ဖြစ်စေ၊ သင်္ချိုင်းဂူထဲတွင်ပင်ဖြစ်စေ ရှိသမျှလူတိုင်း၏ဘေးတွင် ရစ်ပတ်သွားတော့သည်။

အသက်ရှင်နေသေးသည့်လူတိုင်းမှာ ထို တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအင်ကြီး၏ စုပ်ယူခြင်းကို ခံလိုက်ကြရတော့သည်။

နတ်မီးလျှံစမ်းသပ်ပွဲဒေသထဲတွင် ချိန်ဟဲ့ထျန်းနှင့် အခြား ရှိသမျှလူအားလုံးမှာ သူတို့ကိုဝန်းရံထားသည့် ဟင်းလင်းပြင်ကြီး၏ အကာအရံများကို ချိုးဖျက်သွားနိုင်တော့သည်။ သို့သော် ထိုဟင်းလင်းပြင်ကြီး၏နောက်တွင် နောက်ထပ်ဟင်းလင်းပြင်ကြီးတစ်ခုကို ထပ်တွေ့လိုက်ရသဖြင့် သူတို့မှာ အံ့အားသင့်သွားကြတော့သည်။

သို့သော် စိတ်ပျက်မှုများမှာ ကြာကြာမခံလိုက်ပဲ တည်နေရာရွှေ့ပြောင်းခြင်းအစွမ်း၏အလင်းတန်းများက သူတို့၏ဘေးနားတွင် စုဝေးလာသောအခါ ရှိသမျှလူအားလုံးမှာ စိတ်သက်သာရာရသွားသည့်အလား သက်ပြင်းချလိုက်တော့သည်။

” နောက်ဆုံးတော့ ဒီထဲကနေငါတို့ထွက်လို့ရပြီပဲ ”

” အေးကွ။ ဒါပေမဲ့ ဒီမန္တန်အစီအရင်ကြီးက ကြီးလွန်းနေတော့ ဘယ်နေရာကိုရောက်သွားမလဲဆိုတာ ဘယ်သူသိနိုင်မလဲ ”

” ဟဲဟဲ။ ကောင်းကင်တံတား နယ်မြေထဲကို ပြန်မရောက်သွားနိုင်ဘူးလို့ မင်းမထင်ဘူးလား ”

ထိုစကားသံများမှာ ဝင်္ကပါထဲတွင် ပြည့်နှက်နေကြတော့သည်။ တည်နေရာရွှေ့ပြောင်းခြင်း စတင်နေပြီဖြစ်၍ လူတိုင်းမှာ ပို၍စိတ်အေးလာကြတော့သည်။

တည်နေရာရွှေ့ပြောင်းခြင်းအလင်းရောင်မှာ ပိုင်ရှောင်ချန်းနှင့် သခင်မလေးဟုန်ချိန်တို့၏ ဘေးပတ်ပတ်လည်တွင်လည်း ရောက်နေသည်ဖြစ်ရာ ပိုင်ရှောင်ချန်း၏အမူအရာမှာ ဝင်းလက်သွားပြီး သခင်မလေးဟုန်ချိန်၏ မျက်လုံးများကမူ ဒေါသမီးများ တောက်လောင်လာတော့သည်။

သူမ အစွမ်းကုန် ထုတ်မသုံးမီ ပိုင်ရှောင်ချန်းသာ လွတ်မြောက်သွားပါက ထိုကိစ္စကြောင့် သူမ၏တစ်သက်တာလုံး အရှက်ရနေရမည်ဖြစ်သည်။ ထိုအချက်ကြောင့် သူမ၏ ဒေါသမီးများမှာ ပို၍ပြင်းထန်စွာ တောက်လောင်လာတော့သည်။

” နင် ဘယ်ကိုမှ မသွားရဘူး ပိုင်ရှောင်ချန်း”
သူမက အော်ပြောလိုက်သည်။ ထို့နောက် သူမ၏ ဓမ္မရုပ်တုကြီးမှာ ပို၍လျင်မြန်လာပြီး ပိုင်ရှောင်ချန်းနှင့် သူ၏ပတ်ပတ်လည်ရှိအရာအားလုံးကို ပြာပုံဘဝသို့ ပြောင်းလဲတော့မည့်အလား သူ့နားသို့ ကပ်သွားသောအခါ တဂျုံးဂျုံးမြည်သံများ ပေါ်ထွက်လာတော့သည်။

ထို တည်နေရာရွှေ့ပြောင်းခြင်း အလင်းတန်းများပေါ်ထွက်လာသည့်အချိန်တွင် ပိုင်ရှောင်ချန်းက သူတောင့်ခံခဲ့သည်မှာ လုံလောက်သွားပြီဖြစ်ကြောင်း တွေးလိုက်ပြီး အသက်ရှင်သန်နိုင်မည့် မျှော်လင့်ချက်များ ပြန်လည်နိုးထလာတော့သည်။ သို့သော် ထိုဓမ္မရုပ်တုကြီးက ရုတ်တရက် သူ့ဆီသို့ လျင်မြန်စွာပြေးလာနေသည်ကို မြင်လိုက်ရသောအခါ သူ၏မျှော်လင့်ချက်များမှာ လေထဲတွင်ရောက်နေသည့် ဖယောင်းတိုင်မီးကဲ့သို့ အချိန်မရွေးငြိမ်းသက်သွားနိုင်သည်ကို သူက သိလိုက်တော့သည်။

” ဒီနေရာမှာ ဘယ်လိုနည်းနဲ့မှ ငါမသေနိုင်ဘူးကွာ ”
သူအပါအဝင် သူ့ ကိုယ်ပွားသုံးခု၏ မျက်ဝန်းများမှာ ကြက်သွေးရောင်ကဲ့သို့ နီမြန်းနေပြီဖြစ်သည်။ ပိုင်ရှောင်ချန်းအစစ်က ခေါင်းကိုနောက်ပစ်၍ အော်ဟစ်လိုက်ပြီး သူ၏ ကျင့်ကြံခြင်းအခြေခံနှင့် စိတ်စွမ်းအင်တို့၏ ဘေးကင်းမှုကို လုံးဝ ထည့်မတွက်တော့ပေ။ ဤအချိန်တွင် ထိုအရာများမှာ သူ့အတွက် အရေမပါတော့သည့်အလား ဖြစ်သွားတော့သည်။ အကယ်၍သာ ဤအခြေအနေကို မကျော်ဖြတ်နိုင်ပါက သူ လုံးဝ သေဆုံးရတော့မည် မဟုတ်ပါလော။

” အသက်ဝင်တောင် ဂါထာတော် ” ပိုင်ရှောင်ချန်းအစစ်က အော်ဟစ်လိုက်လေသည်။ အလွန်အမင်း ထိခိုက်ဒဏ်ရာ ရထားပါသော်လည်း သူ၏ပတ်ပတ်လည်တွင် ထစ်ချုန်းသံများ ဝန်းရံသွားပြီး သူက မီတာသုံးဆယ်ခန့်မြင့်သော ဘီလူးကြီးတစ်ကောင်အသွင် ပြောင်းလဲသွားတော့သည်။ တချိန်ထဲမှာပင် သူ၏ ကိုယ်ပွားသုံးခုမှာလည်း သူ့အတိုင်း ရေရွတ်လိုက်ကြတော့သည်။

” အသက်ဝင်တောင် ဂါထာတော် ”
” အသက်ဝင်တောင် ဂါထာတော် ”
” အသက်ဝင်တောင် ဂါထာတော် ”

သူ၏ ကိုယ်ပွားသုံးခုစလုံးမှာ မီတာသုံးဆယ်ခန့်မြင့်သော ကျောက်ဘီလူးကြီးများအသွင် ပြောင်းလဲသွားကြသည်။ ထို့နောက် ထိုကျောက်ဘီလူးကြီးလေးကောင်မှာ သူတို့ထံသို့ ဝင်လာသည့်တိုက်ကွက်ကြီးကို ခုခံရန်ပြင်လိုက်ချိန်တွင် ကိုယ်ပွားများက ပိုင်ရှောင်ချန်းအစစ်နှင့်အတူ အော်ဟစ်လိုက်ပြန်သည်။

” ရွှယ်ကျဲ၊ ကော်တု ”

ကျောက်ဘီလူးကြီးလေးကောင်မှာ မန္တန်လက်ကွက်များဖော်လိုက်ပြီး သင်္ချိုင်းဂူကြီး၏ကြမ်းပြင်ပေါ်သို့ လက်များကိုရိုက်ချလိုက်သောအခါ ထိုနေရာတစ်ခုလုံးမှာ ရေအိုင်များအဖြစ် ပြောင်းလဲသွားတော့သည်။

ထိုရေအိုင်များ၏ အစွန်းများမှာ သင်္ချိုင်းဂူကြီး၏ အစွန်းများကိုကျော်ကာ ဟင်းလင်းပြင်ထဲသို့တိုင် ရောက်နေသည်။ ဤ ရွှယ်ကျဲကော်တုမှာ တစ်ခုထဲမဟုတ်ပဲ လေးခုဖြစ်နေသည့်အလားပင်။

ထိုရွှယ်ကျဲကော်တု လေးခုက ကြီးမားလာပြီး ပေါင်းစည်းသွားကြသောအခါ ပုံမှန်ထက်လေးဆပိုကြီးသော ရေအိုင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

ယခင်ကအကြိမ်များနှင့် လုံးဝမတူညီပေ။ ချက်ချင်းပင် ထိုရွှယ်ကျဲကော်တုထဲမှ ကမ္ဘာဦး ဟိန်းဟောက်သံကြီးတစ်သံ ပေါ်ထွက်လာသည်။

ထိုအသံကိုကြားလိုက်ရုံနှင့်ပင် သခင်မလေးဟုန်ချိန်မှာ မျက်နှာပျက်သွားတော့သည်။ ထို့အပြင် ထိုအသံကြီးမှာ ကျယ်လောင်လွန်းလှသဖြင့် နတ်မီးလျှံစမ်းသပ်ပွဲနှင့် ဝင်္ကပါကြီး၏ အပြင်ဘက်အထိပါ ရောက်သွားတော့သည်။

” အို၊ ငါ့ရဲ့သက်စောင့်ဝိညာဥ် ထွက်ခဲ့လော့ ”
ပိုင်ရှောင်ချန်းက အော်ဟစ်လိုက်ပြီး ခေါင်းကိုနောက်ပစ်ကာ အရူးတပိုင်းအလား တဟားဟား ရယ်မောနေတော့သည်။ သူ၏အသံမှာ အနည်းငယ် အက်ကွဲနေပြီး အသားများမှာလည်း တဆတ်ဆတ်တုန်ရီနေသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံနှင့် သက်စောင့်အား အမြောက်အမြားကုန်ခမ်းနေပြီဖြစ်ပြီး သူ၏ကိုယ်ပွားသုံးခုမှာလည်း ထိုနည်းတူပင်။ သို့သော်လည်း ထိုအချိန်တွင် ရေအိုင်ကြီးထဲမှ ယခင်ကဆူးချွန်များနှင့် မတူသော အရာများထွက်ပေါ်လာတော့သည်။

တွန့်လိမ်ကောက်ကွေးနေသည့် တောင်ငါးလုံးပေါ်ထွက်လာသည်။ သို့သော် သေချာကြည့်လိုက်ပါက ၎င်းတို့မှာ တောင်များမဟုတ်သည်ကို တွေ့နိုင်ပေသည်။

၎င်းတို့မှာ ဧရာမသားရဲကြီးတစ်ကောင်၏ စူးရှချွန်ထက်နေသော လက်သည်းများနှင့် လက်ကြီးတစ်ဖက်ဖြစ်သည်။ ထိုလက်သည်းများမှာ မဟူရာညပမာ မည်းေမှာင်နေသည်။

ထိုလက်သည်းငါးချောင်း ဆန့်ထွက်လာသောအခါ ရေအိုင်ထဲတွင် တစ်စုံတစ်ရာကို ထပ်မြင်လိုက်ရပြန်သည်။ ၎င်းမှာ သစ်တောကြီးတစ်ခုနှင့်တူသော နက်မှောင်နေသည့် အမွေးများဖြစ်ပြီး ထိုအမွေးများအောက်တွင် အစိမ်းရောင် အရေပြားကြီးတစ်ခုကို မြင်နိုင်သည်။

သို့သော် စူးရှချွန်ထက်သောလက်သည်းများနှင့် လက်ကြီး၏ ကြီးမားလှသော အရွယ်အစားကြောင့် ပုံမှန်ထက် လေးဆပို၍ကြီးမားသော ရွှယ်ကျဲကော်တုပင်လျှင် ၎င်းကို မဆံ့နိုင်လောက်အောင် ဖြစ်နေရသည်။ လက်သည်းများသာ အပြင်သို့ထွက်လာနိုင်ပြီး ၎င်းတို့မှာ ပိုင်ရှောင်ချန်းထံသို့ လာနေသည့် လက်ဝါးရိုက်ချက်ကြီးနှင့် ဓမ္မရုပ်တုကြီးဆီသို့ ဦးတည်သွားတော့သည်။

ထိုမြင်ကွင်းကို ပုံဖော်နိုင်သည့်လူသာရှိနေပါက အလွန်အမင်း အံ့သြဖွယ်ကောင်းသည့် ပုံတစ်ခုပေါ်ထွက်လာမည်ဖြစ်သည်။ လက်သည်းငါးချောင်းက ဓမ္မရုပ်တုကြီးနှင့် လက်ဝါးရိုက်ချက်တို့ကို ေတွ့ဆုံသွားသောအခါ လက်ဝါးရိုက်ချက်မှာ အရင်ဆုံးတုန်ရီသွားပြီး အပိုင်းပိုင်း ကြေမွသွားတော့သည်။ နေလုံးကြီးနှင့်တူသည့် ဓမ္မရုပ်တုကြီးမှာမူ တောက်ပသောအလင်းတန်းများထွက်ပေါ်လာပြီး အားပြင်းသော တုန်ခါမှုလှိုင်းကြီးတစ်ခုကို အရပ်မျက်နှာအနှံ့သို့ ထုတ်လွှတ်လိုက်တော့သည်။

သင်္ချိုင်းဂူကြီး၏ ကျန်ရှိနေသော အရာများမှာ အပိုင်းပိုင်းပြတ်သွားကြပြီး အပြင်ဘက်ရှိ ဟင်းလင်းပြင်ကြီးထဲသို့ လွင့်စင်သွားကြတော့သည်။

ထို ဖြစ်ရပ် များကို သတိထားကြည့်ရှုနေခဲ့သည့် ချိန်ဟဲ့ထျန်နှင့် အဝေးတစ်နေရာရှိ အခြားသူများက ထိုလွင့်စင်လာသော အရာများကို မြင်လိုက်ရသောအခါ အလွန်အမင်း တုန်လှုပ်သွားကြတော့သည်။

ထိုတုန်ခါမှုလှိုင်းကြီးကြောင့် ပိုင်ရှောင်ချန်းမှာ နောက်သို့လွင့်စင်သွားပြီး သူ၏ကျောက်ဘီလူးပုံစံကြီးမှာ ပြိုလဲသွားကာ သူ၏ခန္ဓာကိုယ်ပေါ်ထွက်လာတော့သည်။

သူနှင့် သူ့ကိုယ်ပွားသုံးခု၏ ပါးစပ်များထဲမှ သွေးများပန်းထွက်လာပြီး ကိုယ်ပွားသုံးခုမှာ အလင်းမှုန်များအသွင်ပြောင်းကာ ပိုင်ရှောင်ချန်းအစစ်ဆီသို့ ပြန်သွားကြတော့သည်။ သူ၏ ကိုယ်ပွားသုံးခုစလုံးမှာ အလွန်အမင်းဒဏ်ရာရနေပြီဖြစ်ကြောင်းကို ပိုင်ရှောင်ချန်းကသိသည်။ သူ့ရေကိုယ်ပွား၏ တစ်ဝက်တိတိမှာ ပျက်စီးနေပြီဖြစ်ပြီး မီးကိုယ်ပွား၏ ရင်ဘတ်မှာအတွင်းသို့ချိုင့်ဝင်ကာ အဆိုးဆုံးဖြစ်သော သစ်သားကိုယ်ပွားမှာ ခေါင်းတစ်လုံးသာ ကျန်ရှိတော့သည်။

ပိုင်ရှောင်ချန်းအစစ်မှာ တိုက်ရိုက်ထိခိုက်မှုမရှိသော်လည်း အပြင်းအထန်ဒဏ်ရာရနေပြီဖြစ်သည်။ သူ၏အရိုးအများစုမှာ ကျိုးကြေနေပြီဖြစ်ပြီး သူ၏အသွေးအသား အများစုမှာ ပျက်စီးနေပြီဖြစ်သည်။ သူ၏ ဦးခေါင်ခွံပင်လျှင် အက်နေပြီဖြစ်ပြီး အစိတ်စိတ်အမြွှာအမြွှာကွဲခါနီးနေပြီဖြစ်သည်။

ရွှယ်ကျဲကော်တုကိုမသုံးမီ အသက်ဝင်တောင် ဂါထာတော်ကို သုံးခဲ့ခြင်းကြောင့်သာ ကံကောင်းသွားရသည်။ ထိုသို့သာမဟုတ်ပါက သူသည် ဒဏ်ရာရရုံတင်မကပဲ အသက်ပါပျောက်သွားမည်ဖြစ်သည်။

သူနှင့် သူ့ကိုယ်ပွားများအားလုံးမှာ ဖုန်မှုန့်ဘဝသို့ ပြောင်းလဲသွားရမည်သာဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ ခါးသက်သက်ပြုံးဖို့ရန် အင်အားပင်မရှိတော့ချေ။ သူ၏ အမြင်အာရုံများမှာ ဝေဝါးနေပြီး တစ်ကိုယ်လုံး လှုပ်ရှား၍မရတော့ပေ။ သူ့သက်စောင့်အား မီးတောက်မှာလည်း ငြိမ်းသက်လုနီးပါးဖြစ်နေပြီဖြစ်သည်။ အချိန်များစွာ အနားယူလိုက်ပါက သူ၏အပြင်ခန္ဓာကိုယ်စွမ်းအားကြောင့် သူပြန်ကောင်းလာမည်မှာ ဧကန်ပင်။ သို့သော် ယခုတွင်မူ သူသည် ရှိသမျှလှည့်ကွက်အားလုံးသုံးပြီးပြီဖြစ်ပြီး မည်သည်ကိုမှဆက်မလုပ်နိုင်တော့ချေ။

ခပ်လှမ်းလှမ်းတွင်မူ ချိန်ဟဲ့ထျန်နှင့် အခြားလူများမှာ ပါးစပ်အဟောင်းသားဖြစ်နေကြတော့သည်။ ဇောင်ထျန်ကျောက်နှင့် ချိန်ယွဲ့ရှန်တို့မှာ အလွန်အမင်းစိုးရိမ်နေကြပြီး ချိန်ဟဲ့ထျန်၏ မျက်ဝန်းအိမ်များမှာ အလွန်သေးငယ်လွန်းလှသဖြင့် အစက်အပျောက်တစ်ခုကဲ့သို့ ဖြစ်နေတော့သည်။ ကျိုးရီရှင်းကမူ စိတ်လှုပ်ရှားနေတော့သည်။

” မင်းတော့ ဝဋ်လည်ပြီ ပိုင်ရှောင်ချန်းရေ ” ကျိုးရီရှင်းနှင့် အခြားလူများမှာ ပိုင်ရှောင်ချန်း၏ ကိုယ်ပွားများကို မမြင်ခဲ့လိုက်ရဘဲ ဖြစ်ပျက်သွားခဲ့သည်များကို မည်သူမျှ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရချေ။

ထိုအချိန်တွင် ကျယ်လောင်သော ထစ်ချုန်းသံကြီးတစ်သံက ထိုတစ်နေရာလုံးကို ဖုံးလွှမ်းသွားတော့သည်။ တည်နေရာရွှေ့ပြောင်းခြင်း၏ အလင်းတန်းများမှာ မျက်စိကျိန်းမတတ် လင်းလက်လာပြီး ကျိုးရီရှင်းမှာ ကျယ်လောင်စွာ မရယ်မောနိုင်ခင်မှာပင် ပျောက်ကွယ်သွားတော့သည်။ အခြားလူများအားလုံးလည်း ပျောက်ကွယ်သွားေလ၏။

ပိုင်ရှောင်ချန်းမှာလည်း တည်နေရာရွှေ့ပြောင်းခြင်း စွမ်းအားများ၏ ဆုပ်ကိုင်ခြင်းကိုခံလိုက်ရပြီး ပျောက်ကွယ်စပြုနေတော့သည်။

” ပိုင်ရှောင်ချန်းးးး ”
သခင်မလေးဟုန်ချိန်က အော်ဟစ်လိုက်သည်။ သူမ၏ဆံပင်ရှည်များမှာ လေထဲတွင် တဖျပ်ဖျပ်လွင့်နေပြီး ရှေ့သို့ခြေတစ်လှမ်း လှမ်း လာတော့သည်။


Comment

Leave a Reply


Options

not work with dark mode
Reset