သုံးရက်ကြာပြီးနောက် နတ်အာရုံက ပျောက်ကွယ်သွားခဲ့သည်။ ကျောင်းဆောင်သည်လည်း တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားခဲ့၏။
ကောင်းကင်မှ တိမ်တိုက်များလည်း ကင်းစင်သွားခဲ့ပြီး မည်သည့်အရာမှ မဖြစ်ပျက်သကဲ့သို့ပင် ဖြစ်သည်။
သို့သော် ကျောင်းတော်အနီးဝန်းကျင်၌ လူအများ စုရုံးရောက်ရှိနေသည်။ တန်ခိုးရှင်များသည် အဆောက်အဦးထိပ်များတွင် ရပ်နေကြပြီး သူတို့က ရီဖူရှင်း ရှိနေရာသို့ ပြူးကျယ်လှသည့် မျက်လုံးအစုံဖြင့် ကြည့်နေကြသည်။
သူတို့သည် ကျောင်းဆောင်အနီးတွင် စုရုံးနေကြကာ စူးစမ်းနေကြသည်။
အဝေးမှ ထျန်းရှန်ကျောင်းတော်မှ တန်ခိုးရှင်များသည်လည်း ကောင်းကင်လှေကားတွင် ရပ်နေကြသည်။ သူတို့အားလုံးသည် ကျောင်းတော်၏ အဝေးမှ ကြည့်နေကြသည်။ သူတို့အကြားတွင် ရန်ဟောင်များပင် ပါဝင်သည်။
“တစ်ယောက်ယောက်က သူတို့ရဲ့ လမ်းစဥ်ကို ဖော်ဆောင်ပြီး ရန်ဟောင်အဆင့်ကို တက်လှမ်းတာဆိုရင် သုံးရက်ဆိုတာက အချိန်တိုလို့ သတ်မှတ်နိုင်တယ်။ ဒါပေမယ့် တစ်စုံတစ်ယောက်က နတ်ဝင်ရိုးကို ဖွဲ့စည်းဖို့ သုံးရက်ကြာ နတ်အာရုံကို ဖြစ်ပေါ်စေခဲ့တာမျိုးကို ကြုံဖူးတာတော့ ဒါပထမဆုံးပဲ။” တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။ အားလုံးသော ဘုံများမှ ရန်ဟောင်အဆင့် တန်ခိုးရှင်များ ရှိမနေလျှင်ပင် ထျန်းရှန်ကျောင်းတော်က သာမန်နေရာမဟုတ်ပေ။ တန်ခိုးရှင်များသည် နှစ်တိုင်းတွင် အဆင့်တက်သည့် မြင်ကွင်းများကို ကြုံတွေ့ခဲ့ဖူးပြီးသား ဖြစ်သည်။
တပည့်အများစု ထျန်းရှန်ကျောင်းတော်၏ အကြီးအကဲတစ်ယောက်ကို ကြည့်လိုက်ကြသည်။ အကြီးအကဲက တခဏမျှ စဥ်းစားချင့်ချိန်နေပြီးမှ ပြောလိုက်သည်။ “ကျုပ် သတင်းရတာတော့ ရီဖူရှင်း တောက်ကျန်းတောင်ထွတ်မှာ ရှိနေတုန်း လမ်းစဥ်စာအုပ်ပေါင်း အများကြီး ဖတ်ရှုခဲ့တယ်တဲ့။ ကြည့်ရတာ သူက မဟာလမ်းစဥ် နတ်ဝင်ရိုးကို ဖန်တီးတဲ့နေရာမှာ သူသင်ယူခဲ့တဲ့ ပညာရပ်တွေကို အသုံးချခဲ့တဲ့ပုံပဲ။ ကျုပ် ခန့်မှန်းရသလောက်တော့ ရိုးရိုးနတ်ဝင်ရိုးကို ဖွဲ့စည်းတာ မဟုတ်နိုင်ဘူး။ သူက နတ်ဝင်ရိုးအတွင်းကို ကျင့်ကြံရေးနည်းလမ်းတချို့ ပေါင်းစပ်ထားတာ ဖြစ်ရမယ်။ သူ့ရဲ့ စက်ဝန်းမှာ အရမ်းကြောက်မက်ဖွယ် ဖျက်ဆီးခြင်းစွမ်းအားတွေ ပါဝင်နေလိမ့်မယ်။ ဒီဖြစ်စဥ်က သုံးရက်တော့ အနည်းဆုံး ကြာနိုင်တယ်။”
“သူက မဟာလမ်းစဥ် နတ်ဝင်ရိုး ဖွဲ့စည်းခြင်းနဲ့ ပေါင်းစပ်ခြင်းဖြစ်စဥ်တစ်ခုလုံးကို လုပ်ဆေင်နေခဲ့တယ်။ အဲဒါကြောင့် နတ်အာရုံကို ဆက်တိုက်ဖြစ်ပေါ်နေစေခဲ့တာပဲ။” အကြီးအကဲက ရှင်းပြလိုက်သည်။
လူတိုင်းသည်က သတိပြုမိကာ ခေါင်းညိတ်လိုက်ကြသည်။ ဤရှင်းပြချက်က နည်းလမ်းတကျ ဖြစ်သော်လည်း ထိုအခြေအနေမျိုးက အလွန် ဖြစ်ခဲ့လှပေသည်။ ဤလူက အမှန်တကယ်ပင် ဤသို့သော နည်းလမ်းမျိုးကို ကျင့်ကြံနေခဲ့သည်။ သူက နတ်ဝင်ရိုးဖွဲ့စည်းနေစဥ်တွင် လမ်းစဥ်ကို နားလည်သဘောပေါက်ပြီး နတ်အာရုံကို အဆက်မပြတ် ဖြစ်ပေါ်စေခဲ့သည်။
“သူက ဒီတစ်ကြိမ် ဘယ်အဆင့် နတ်ဝင်ရိုးကို ဖွဲ့စည်းနိုင်မလဲ သိချင်မိတယ်။” တစ်ယောက်က ခပ်တိုးတိုး ပြောလိုက်သည်။ “အက်ကြောင်းမဲ့ နတ်ဝင်ရိုးဖြစ်နိုင်လား။”
“ဘယ်လိုအဆင့် နတ်ဝင်ရိုးပဲ ဖြစ်ဖြစ် ကိစ္စမရှိဘူး။ ဒီတစ်ခေါက် နတ်ဘုရားအမွေအနှစ် နယ်မြေ ဖွင့်တော့ ဒီမျိုးဆက်ထဲမှာ အကျော်အမော် ပုဂ္ဂိုလ်တွေ တော်တော်များများ မွေးဖွားလာနိုင်ခဲ့တယ်။ မင်းတို့အားလုံးလည်း ကြိုးကြိုးစားစား ကျင့်ကြံသင်ယူဖို့ လိုအပ်တယ်။” အကြီးအကဲက သတိပေးလိုက်သည်။ ထို့နောက် သူက လှည့်ထွက်ကာ ထျန်းရှန်ကျောင်းတော်ဆီ လျှောက်သွားတော့၏။
“နားလည်ပါပြီ။” တပည့်များက သူတို့၏ ခေါင်းကို ညွှတ်ကာ ပြောလိုက်ကြသည်။ သူတို့သည် ဖိအားကို ခံစားရသော်လည်း တစ်ချိန်တည်းမှာပင် စိတ်ဓာတ်တက်ကြွလာခဲ့သည်။
ကျောင်းဆောင်အတွင်းမှ ရီဖူရှင်းက ကျင့်ကြံနေခြင်းကို ရပ်တန့်လိုက်သည်။ ယခုတွင် သူ့အနီး၌ အလွန် အစွမ်းထက်သည့် စွမ်းအားများ လွှမ်းခြုံနေသည်။ သူ၏ မျက်လုံးများသည် နတ်အလင်းတို့ ပါဝင်နေသော ရွှေရောင်သို့ ပြောင်းလဲသွားသည်ဟု ထင်မှတ်ရသည်။ ရွှေရောင်မျက်လုံးတစ်စုံသည် ရွှေရောင်တွင်းနက်ကြီးကဲ့သို့ ဖြစ်နေသလို ထင်မှတ်ရပြီး ကြည့်မိသူတို့ကို လွှမ်းမိုးသွားနိုင်သည်။
ရွှေရောင်မျက်လုံးများက တဖြည်းဖြည်း ပိတ်သွားခဲ့သည်။ ရီဖူရှင်းက သူ၏ မျက်လုံးများကို ဖွင့်လိုက်သည့်အခါ သူ၏ နက်ရှိုင်း၍ မည်းနက်သော မျက်လုံးများ ပြန်ဖြစ်သွားခဲ့ပြီး မည်သည်မှ မဖြစ်ပျက်ခဲ့သကဲ့သို့ ထင်မှတ်ရသည်။
‘ငါ အောင်မြင်သွားပြီ’ ဟု ရီဖူရှင်းက စိတ်ထဲမှ ကြွေးကြော်လိုက်သည်။
“ရီဖူရှင်း” ခေါ်သံတစ်ခု ထွက်ပေါ်လာသည်။
ရီဖူရှင်းက လမ်းလျှောက်ထွက်လာပြီး သူသည် ကောင်းကင်ကို ဖြတ်သန်းလာနေသည့် လူတစ်စုကို မြင်လိုက်ရသည်။ သူတို့က သူ၏ အဆောင်ထဲ၌ ဆင်းသက်လိုက်ကြသည်။ အဖွဲ့ကို ဦးဆောင်လာသူမှာ အခြားသူမဟုတ်ဘဲ ရှောင်းကလန်မှ ခေါင်းဆောင်၏ သမီး ရှောင်းမုယွီ ဖြစ်လေသည်။
“နတ်မိမယ်ရှောင်း” ရီဖူရှင်းက သူမကို အပြုံးနှင့် ခေါ်လိုက်သည်။
“နင် ငါ့ကို ကတိပေးထားတဲ့ ဝိညာဥ်လက်နက်တွေ ဘယ်မှာလဲ။” ရှောင်းမုယွီက တွေဝေခြင်းမရှိ မေးလိုက်သည်။ သူမက ရှောင်းကလန်ကို ပြန်ရောက်ပြီးနောက် ထျန်းရှန်ကျောင်းတော်ကို လာခဲ့သည်။ သူမသည် ဤလူက နတ်အာရုံကို ဖန်တီးနေခြင်းနှင့် ပက်ပင်းကြုံရလိမ့်မည်ဟု ထင်မထားမိခဲ့ပေ။
“နတ်မိမယ်ရှောင်းက ဘယ်လို ဝိညာဥ်လက်နက်မျိုး လိုချင်ပါသလဲ။” ရီဖူရှင်းက မေးလိုက်သည်။
“နင့်မှာ ရှိတာ ပြလေ။ ငါ့ဘာသာ ရွေးမယ်။” ရှောင်းမုယွီက ရီဖူရှင်းကို သတိရှိရှိ စိုက်ကြည့်လိုက်သည်။ ဤလူက အလွန် ကောက်ကျစ်သည်။ သူမအတွက် ဝိညာဥ်လက်နက်များကို သူ့အား ရွေးချယ်ခိုင်းခဲ့ပါလျှင် သူက သူမကို ပေးရန် သာမန်လက်နက်များကို ပေးလိုက်နိုင်သည် မဟုတ်ပါလား။
“နတ်မိမယ်ရှောင်း၊ ခင်ဗျားက ကျွန်တော့ကို မယုံဘူးလား။” ရီဖူရှင်းက မေးလိုက်သည်။
“မယုံဘူး။” ရှောင်းမုယွီက ပြတ်သားစွာ ပြန်ဖြေလိုက်သည်။ သူမက ထိုချောမောသည့် မျက်နှာကြောင့် လှည့်စားခံလိမ့်မည် မဟုတ်ပေ။
“ကောင်းပြီလေ။” ရီဖူရှင်းက ခါးသက်စွာ ပြုံး၍ ပြောလိုက်သည်။ “နတ်မိမယ်ရှောင်း၊ ကျွန်တော်နဲ့ လိုက်လာခဲ့ပါ။”
သူက ထိုသို့ပြောလိုက်ပြီးနောက် ဦးဆောင်သွားခဲ့သည်။ ရှောင်းမုယွီက သူ့နောက်မှ တစ်ယောက်တည်း လိုက်ပါသွားခဲ့၏။ သူတို့နှစ်ယောက်သည် ကျောင်းဆောင်အတွင်းမှ ကျင့်ကြံရေးနေရာသို့ ရောက်လာခဲ့ကြသည်။ ရီဖူရှင်း၏ စွမ်းအားများက ထွက်ပေါ်လာပြီး ရွှေရောင်လေဟာနယ်ခန်းမတစ်ခုက ချက်ချင်းထွက်ပေါ်လာကာ သူတို့နှစ်ယောက်ကို ဖုံးလွှမ်းသွားခဲ့၏။
“နတ်မိမယ်၊ ကျေးဇူးပြုပြီး ရွေးပါ။” ရီဖူရှင်းက ဖိတ်ခေါ်လိုက်သည်။
“ဒါက နင့်မှာ ရှိသမျှ အကုန်ပဲလား။” ရှောင်းမုယွီက သံသယဖြစ်စွာ မေးလိုက်သည်။ သူက ဝိညာဥ်လက်နက်အပြည့် ခန်းမတစ်ခုကို ရခဲ့ခြင်း မဟုတ်သည်လား။ ဤနေရာ၌ လက်နက် အခုနှစ်ဆယ်သာ ကျန်ရစ်ပေသည်။
“နတ်မိမယ်ရှောင်း၊ ဒီဝိညာဥ်လက်နက်တွေက ခင်ဗျားအတွက်ပဲ မဟုတ်ပါဘူး။ ဒီအတောအတွင်း ကျုပ် အများကြီး ပေးပစ်ခဲ့ပြီးပြီ။ ကျုပ်က ရန်ဟောင်တစ်ပါးဖြစ်ပြီး ဖြောင့်မတ်တဲ့လူပါ။ နတ်မိမယ်ကို လှည့်ဖျားပါ့မလား။” ရီဖူရှင်းက သဘောထားကြီးစွာ ပြောလိုက်သည်။
ရီဖူရှင်းကဲ့သို့ ဖြောင့်မတ်သူက ရာချီသည့် ဝိညာဥ်လက်နက်များကို သူမထံမှ ဖွက်ထားခဲ့ရုံသာ ဖြစ်သည်။
ရှောင်းမုယွီက နောင်တရနေခဲ့သည်။ သူမက စောစောစီးစီး လာရောက် ရွေးချယ်သင့်နေသည်။ ရီဖူရှင်းက အင်အားစုများစွာကို အကူအညီတောင်းခဲ့ပြီး အထူးသဖြင့် ထျန်းရှန်ကျောင်းတော်ကို ဖြစ်သည်။ သူက ထျန်းရှန်ကျောင်းတော်သို့ ဝိညာဥ်လက်နက် အများဆုံး ခွဲဝေပေးခဲ့ခြင်း ဖြစ်နိုင်သည်။ သိသာစွာပင် အခြားအင်အားစုများကလည်း လက်နက်များစွာ ယူသွားနိုင်ပေသည်။
ရီဖူရှင်းက ဝိညာဥ်လက်နက် မည်မျှများများ ထုတ်ပေးခဲ့သည်ကိုတော့ မည်သူ့ကိုမှ လိုက်စစ်ဆေးရန် မဖြစ်ပေ။
“မင်းသမီးနန်လော့ရှန်းလည်း ဒီကိုရောက်တာနဲ့ သူမအတွက် ဝိညာဥ်လက်နက်ကို ရွေးချယ်လိမ့်မယ်။ သူမထက် အရင်ရွေးချယ်ရတာကိုက နတ်မိမယ်ရှောင်းမှာ ရွေးစရာအခွင့်အရေး ရှိနေသေးတာပါပဲ။ တကယ်လို့ ခင်ဗျားသာ နန်လော့ရှန်းနောက်မှ ရွေးမယ်ဆိုရင် ရွေးစရာတောင် ရှိမှာ မဟုတ်ဘူး။” ရီဖူရှင်းက ရှောင်းမုယွီ၏ ခံစားချက်ကို ကောင်းမွန်လာစေရန် နှစ်သိမ့်နေသည်။ သူက ထိုသို့ လမ်းထွင်လိုက်သည့်အခါ သူမက နန်လော့ရှန်းထက် ပို၍ အကျိုးအမြတ်ရသွားသည်ဟု ထင်မှတ်ရပေသည်။
ရှောင်းမုယွီ၏ အကြည့်များက ရီဖူရှင်းကို အကဲခတ်နေသည်။ မည်သည့်အတွက်ကြောင့် ဤမျက်နှာက လှည့်စားနေသည်ဟု ထင်မှတ်ရသနည်း။
ရီဖူရှင်းက ရှောင်းမုယွီကို အရိုးခံ မျက်နှာနှင့် ကြည့်လိုက်သည်။
“သခင်လေးရီက ဒီအားနည်းတဲ့ မိန်းမသားလေးကို အရှက်မရှိ လှည့်စားမှာ မဟုတ်ဘူးလို့ ယုံလိုက်ပါ့မယ်။ တကယ်လို့ ကျွန်မကို လှည့်စားမယ်ဆိုရင် တိရစ္ဆာန်ထက် ဆိုးဝါးတဲ့သူ ဖြစ်သွားမှာမလား။” ရှောင်းမုယွီက ပြောလိုက်သည်။
ရီဖူရှင်း၏ နှလုံးသားက ထိတ်လန့်သွားရသည်။ ဤအမျိုးသမီးက အမှန်တကယ်ကို သူ့ခွန်းတုန့်ပြန်ရန် စကားမရှိအောင် လုပ်နိုင်ပေသည်။
“ခင်ဗျား မှန်ပါတယ်။” ရီဖူရှင်းက ပြုံး၍ သဘောတူလိုက်သည်။
“ဒါဆို ရွေးလိုက်တော့မယ်။” ရှောင်းမုယွီက သံသယရှိနေဆဲ ဖြစ်သော်လည်း ထပ်မပြောတော့ပေ။ သူမသည် ရီဖူရှင်း ရည်ရွယ်ချက်ရှိရှိ ဖွက်ထားသည်ကို ထုတ်ပေးစေရန် ဖိအားမပေးနိုင်ပေ။ သူမက ဝိညာဥ်လက်နက်များကိုသာ လေးနက်စွာ ကြည့်လိုက်သည်။
ယခုက သူမ၏ လမ်းစဥ်ကို ဖော်ဆောင်ရန်အတွက် အရေးကြီးနေသော အချိန်အခါ ဖြစ်သည်။ လူအများသည် နတ်ဘုရားအမွေအနှစ် နယ်မြေအတွင်း ပြီးပြည့်စုံသည့် နတ်ဝင်ရိုးများကို ဖွဲ့စည်းနိုင်ခဲ့ကြသည်။ ဤသည်မှာ သူမအား ကြီးမားစွာ သက်ရောက်စေသည်။ သေချာပေါက်ပင် သူမက လမ်းစဥ်ကို ဖော်ဆောင်သည့်အခါ အစွမ်းထက်သည့် နတ်ဝင်ရိုးအား ဖွဲ့စည်းနိုင်ရန် မျှော်လင့်ပေသည်။
“ငါ ဒီသုံးခု ယူမယ်” ရှောင်းမုယွီက ဝိညာဥ်လက်နက် သုံးခုကို ညွှန်ပြလိုက်သည်။
“ကောင်းပါပြီ။” ရီဖူရှင်းက ခေါင်းညိတ်ကာ ဝိညာဥ်လက်နက် သုံးခုကို ရှောင်းမုယွီထံ လွှဲပေးခဲ့သည်။
“ကျေးဇူးအများကြီးတင်ပါတယ် သခင်လေးရီ။” ရှောင်းမုယွီက ဝိညာဥ်လက်နက်များကို ယူပြီးနောက် နှုတ်ဆက်စကားဆိုလိုက်သည်။ “ဒါဆို အခု သွားပါတော့မယ်။”
“နတ်မိမယ်ရှောင်း အေးချမ်းတဲ့ ခရီးလေး ဖြစ်ပါစေ” ရီဖူရှင်းက သူမကို လိုက်မပို့ခဲ့ပေ။
ရှောင်းမုယွီသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ပြန်လှည့်ကြည့်၍ ရီဖူရှင်းကို မေးလိုက်သည်။ “ပြောရရင် သခင်လေးရီ ခုနက ဖွဲ့စည်းခဲ့တဲ့ နတ်ဝင်ရိုးက ဘယ်အဆင့်များလဲ။”
“ဒီတိုင်း သာမန်နတ်ဝင်ရိုးလေးပါပဲ။ ပြောဖို့တောင် မထိုက်တန်ပါဘူး။” ရီဖူရှင်းက နှိမ့်ချစွာ ပြန်ဖြေလိုက်သည်။
“အက်ကြောင်းမဲ့ မဟုတ်ဘူးလား။” ရှောင်းမုယွီက ဇဝေဇဝါ ကြည့်လိုက်သည်။ သူမက အသေးစိတ် စစ်မေးနေခဲ့၏။ “ဘယ်လိုလုပ် သာမန်ဖြစ်မှာလဲ။”
“ကျွန်တော့ရဲ့ အရင်က နတ်ဝင်ရိုးထက် နည်းနည်းလေး ပိုအားကောင်းသွားရုံလောက်ပါပဲ။ နတ်ဝင်ရိုးနှစ်ခုကြားမှာ နည်းနည်းလောက် ကွာခြားသွားရုံပဲ ရှိတာမို့လို့ ထူးထူးခြားခြား မရှိပါဘူး။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။
ရှောင်းမုယွီ၏ မျက်နှာက ရှုံ့မဲ့သွားတော့သည်။
“သွားပြီ။” ရှောင်းမုယွီက လှည့်ထွက်သွားလေတော့၏။ မျှော်လင့်ထားသည့်အတိုင်း သူ၏ နတ်စက်ဝန်းက အလွန် ‘သာမန်’ ဖြစ်နေသည်။
ရှောင်းမုယွီက ဤလူညစ်ကောင် သူမကို မပြဘဲ ဖွက်ထားသည့် ဝိညာဥ်လက်နက်များ ရှိနေသည်ကို သေချာသွားလေသည်။
ရီဖူရှင်းက အရှက်မရှိသည့် အောက်တန်းစားကောင်ပင် ဖြစ်တော့၏။
“နောက်ဆုံးတော့ စိတ်အေးအေးထားလို့ရပြီ။” ရီဖူရှင်းက ရှောင်းမုယွီထွက်သွားသည်ကို ကြည့်ရင်း စိတ်သက်သာရာရစွာ ရေရွတ်လိုက်သည်။ သူမက အမှန်တကယ်ကို သူ့အား အောက်တန်းစားဟု ရေရွတ်သွားသည်လား။
ရှောင်းမုယွီ ထွက်ခွာသွားပြီးနောက် ရီဖူရှင်းသည် လေဟာနယ်ခန်းမအတွင်း ချက်ချင်း ထိုင်ချလိုက်သည်။ လေဟာနယ်ခန်းမက ဆက်လက်ကျယ်ပြန့်လာ၏။ မရေတွက်နိုင်သည့် မျဥ်းများက အချင်းချင်း ဖြတ်သန်း ဆက်သွယ်လာသည်။ ၎င်းတို့သည် လေဟာနယ်တံခါးများ ဖြစ်ပေါ်လာစေပြီး ဤနေရာကို ချက်ချင်း ချိပ်ပိတ်ပစ်လိုက်သည်။ ထိုသည်မှာ အခြားသူများ၏ မြင်ကွင်းကို ပိတ်ဆို့လိုက်ရုံသာမက သူတို့၏ နတ်ဝိညာဥ်သည်လည်း ဤအထဲသို့ မကျူးကျော်နိုင်ကြပေ။ လေဟာနယ်သည် အပြင်လောကနှင့် အပြည့်အဝ အဆက်အသွယ် ဖြတ်ထားခဲ့ပေသည်။
ရီဖူရှင်းက သူ့လက်ကို ဝှေ့ယမ်းလိုက်လျှင် အားလုံးသော ဝိညာဥ်လက်နက်များက ချက်ချင်း ဘေးသို့ ရွေ့လျားသွားကြသည်။ ကြီးမားသည့် ကွက်လပ်ကြီးတစ်ခုက လေဟာနယ်ခန်းမအလယ်တွင် ပေါ်ပေါက်လာသည်။ ရီဖူရှင်းသည် တင်ပျဥ်ခွေကာ ထိုင်ချလိုက်သည်။
သူ၏ စွမ်းအား ထွက်ပေါ်လာသည့်အခါ နတ်သစ်ပင်က လေဟာနယ်ခန်းမအလယ်တွင် ချက်ချင်း ပေါ်ပေါက်လာ၏။ ၎င်းသည် ရောင်စဥ်များတောက်ပနေကာ ထိုနေရာတစ်ခွင်ကို ဖုံးလွှမ်းထားပြီး အရာအားလုံးကို မျက်စိကျိန်းလောက်အောင် လင်းလက်သွားစေသည်။
ကြောက်မက်ဖွယ် စွမ်းအားက ကမ္ဘာ့သစ်ပင်မှ ထွက်ပေါ်လာခဲ့သည်။ စွမ်းအားက အလွန် အစွမ်းထက်ပေသည်။ ရီဖူရှင်းသည် ဤနေရာ၌ ရှိသော ပြိုင်ဘက်ကင်း စွမ်းအားများကို အာရုံခံနေသည်။ ကြည့်ရသည်မှာ ကောင်းကင်နှင့် မြေကြီးမှ အခြားစွမ်းအားများ အားလုံးနှင့် ကွဲပြားနေပုံရသည်။
သူက လမ်းစဥ်ဖော်ဆောင်သည့်အခါ မဟာလမ်းစဥ် နတ်ဝင်ရိုးအတွင်း လောကမဟာလမ်းစဥ်ကို ထည့်သွင်းပေါင်းစပ်ခဲ့သည်။ သူက လမ်းစဥ်ဖော်ဆောင်ပြီးနောက် ကမ္ဘာ့သစ်ပင်သည်လည်း ပြောင်းလဲမှုအချို့ ဖြစ်ပေါ်ခဲ့သည်။ ၎င်းက ရီဖူရှင်းကို အမှန်တကယ်၌ သူက နတ်ဝင်ရိုးကို ဖွဲ့စည်းရန် မလိုအပ်ဟု ခံစားမိစေသည်။ ဤသစ်ပင်က သူဖွဲ့စည်းထားသည့် နတ်ဝင်ရိုးထက်ပို၍ အစွမ်းထက်နေပေသည်။
အော်မြည်သံများကိုလည်း ဆူညံစွာ ကြားနေရ၏။ ကမ္ဘာ့သစ်ပင်က ပြောင်းလဲမှုတို့ ဖြစ်ပေါ်နေသည်။ ချက်ချင်းပင် ရှေးဟောင်းမီးလျှံသစ်ပင်ကြီး ဖြစ်လာခဲ့သည်။ အရွက်တစ်ခုချင်းစီသည် မီးလျှံတို့ဖြင့် လောင်ကျွမ်းနေခဲ့သည်။
သို့သော် နောက်တခဏ၌ ၎င်းတို့က ရေခဲကဲ့သို့ အေးစက်လာပြီး အရွက်တစ်ခုချင်းစီက ကြောက်မက်ဖွယ် အေးခဲကာ ရေခဲတို့နှင့် ဖုံးလွှမ်းလာခဲ့သည်။
ထို့နောက် အရွက်တစ်ရွက်ချင်းစီက အလွန် ထက်မြိသည့် ဓားစွမ်းအားတို့ ပါဝင်နေ၍ အလွန် ထက်ရှလာသည်။ ရီဖူရှင်းက သူ၏ လက်ကို ဆန့်ထုတ်လိုက်လျှင် သူ၏ လက်ဝါးပေါ်သို့ သစ်ရွက်တစ်ရွက် ကျဆင်းလာသည်။ သူ၏ လက်ကို လှုပ်ရှားလိုက်ပြီး သစ်ရွက်များက ကြွေကျလာခဲ့သည်။ တောက်ပသည့် အလင်းတန်းတစ်ခုက ချက်ချင်း လင်းလက်လာသည်။
ကမ္ဘာ့သစ်ပင်သည် လောက၏ လမ်းစဥ်များကို သန့်စင်နိုင်ကာ ၎င်း၏ ကိုယ်ပိုင်လမ်းစဥ်နှင့် ပေါင်းစည်းနိုင်သည်။
ယခင်က ရီဖူရှင်း နတ်ဘုရားနန်းတော် ဘိုးဘေးနယ်မြေသို့ သွားခဲ့သည့်အခါ သူ၏ လမ်းစဥ်က အက်ကြောင်းမဲ့သည်ဟု ယုံကြည်ချက်ရှိပြီး ဖြစ်သည်။
ယခုတွင် ထိုအဖြစ်အပျက်က ပို၍ အားကောင်းလာသည်။
သူက ထိုအကြောင်းကို ယခု တွေးမိသည့်အခါ သူ၏ လမ်းစဥ်က မည်သည့်အတွက်ကြောင့် အက်ကြောင်းမဲ့သာ ဖြစ်ရသနည်း။
မတူညီသည့် လမ်းစဥ်များအကြားမှ မတူညီမှုက မည်သည်နည်း။
အက်ကြောင်းမဲ့ နတ်ဝင်ရိုးများနှင့် သာမန်နတ်ဝင်ရိုးများကြားမှ ကွာခြားမှုက မည်သည်နည်း။
နတ်ဘုရားနန်းတော် ဘိုးဘေးနယ်မြေနှင့် နတ်ဘုရားအမွေအနှစ် နယ်မြေကဲ့သို့ ထူးခြားသည့် လျှို့ဝှက်နယ်မြေအချို့တွင် မည်သည့်အတွက် အက်ကြောင်းမဲ့ နတ်ဝင်ရိုးကို ဖွဲ့စည်းနိုင်ရသည့် အခွင့်အရေး ရှိနေရသနည်း။
ဤမေးခွန်းကို ခေတ္တမျှ တွေးတောနေခဲ့ပြီးနောက် ရီဖူရှင်းက ထရပ်လိုက်ပြီး လေဟာနယ်ခန်းမအတွင်းမှ တံခါးတစ်ချပ် ပွင့်ဟလာခဲ့သည်။ သူက ချက်ချင်း လမ်းလျှောက်ထွက်လိုက်၏။ မကြာသေးခင်၌ ရီဖူရှင်းနှင့် လီဟန်ဓားသမားတို့ လေဟာနယ်ခန်းမသို့ ဝင်ရောက်လာခဲ့သည်။ လေဟာနယ်တံခါးက တစ်ဖန် ပြန်ပိတ်သွားခဲ့၏။
“လီဟန်ဓားသမား၊ ကျွန်တော် အရင်က ပြောပြဖူးတဲ့ကိစ္စအပေါ် ဘယ်လိုထင်လဲ။” ရီဖူရှင်းကညမေးလိုက်သည်။
“မင်း ဆိုလိုတာက ကောင်းကင်လမ်းစဥ်က ချို့ယွင်းချက် ရှိနေတဲ့ အကြောင်းရယ် အခုလက်ရှိ မဟာလမ်းစဥ် ဘုံသုံးထောင်က တန်ခိုးရှင်တွေက အက်ကြောင်းမဲ့လမ်းစဥ်ကို ဖွဲ့စည်းဖို့ မဖြစ်နိုင်တာရယ်နဲ့ ပတ်သတ်နေတဲ့ အကြောင်းလား။” လီဟန်ဓားသမားက ခန့်မှန်းလိုက်သည်။ “ကြည့်ရတာ အချို့ လျှို့ဝှက်နယ်မြေထဲမှာပဲ ဖြစ်နိုင်တယ် ထင်ရတယ်။”
“ကျွန်တော်လည်း အတူတူပဲ တွေးတယ်။ လီဟန်ဓားသမား၊ ကျွန်တော်နဲ့အတူ မတူညီတဲ့လမ်းစဥ်ကို စမ်းသပ်ကြည့်ချင်လား။” ရီဖူရှင်းက မေးလိုက်သည်။
“ရတာပေါ့။” လီဟန်ဓားသမားက ခေါင်းညိတ်လိုက်သည်။
ဝုန်း…
အစွမ်းထက်အရှိန်အဝါများ ထွက်ပေါ်လာပြီး မရေတွက်နိုင်သည့် ကု့ချင်းကြိုးများက သူတို့အနီးတွင် ပေါ်ပေါက်လာသည်။ ရီဖူရှင်း၏ နတ်ဝင်ရိုးက ပေါက်ကွဲထွက်လာပြီး ကု့ချင်းကြိုးများက နေရာအနှံ့ ထွက်ပေါ်လာကြသည်။ တစ်ချိန်တည်းမှာပင် ဓားစွမ်းအားများက လီဟန်ဓားသမား၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး ထိုစွမ်းအားများကို ခုခံလိုက်သည်။
“ဘာကို သတိပြုမိလဲ။” ရီဖူရှင်းက မေးလိုက်သည်။
“ကျုပ်တို့ရဲ့ လမ်းစဥ်က တူနေတယ်။” လီဟန်ဓားသမားက ပြန်ဖြေလိုက်သည်။ သူတို့နှစ်ယောက်လုံးသည် ပြီးပြည့်စုံသည့် နတ်ဝင်ရိုးများ ရှိနေသည်။
သူ့စကားဆုံးသွားသည်နှင့် ပို၍တောက်ပသော နတ်အလင်းတို့ လင်းလက်သည်။ လေဟာနယ်အတွင်း နတ်အာရုံတို့ ပေါ်ပေါက်လာသည်။ ဤအဆုံးမဲ့ လေဟာနယ်အတွင်း စွမ်းအားများ လွှမ်းခြုံလာသည်။ ရီဖူရှင်း၏ နတ်ဝင်ရိုးစွမ်းအားများက ပို၍ အားကောင်းလာသည်။
လီဟန်ဓားသမားသည် သူ့ကို အနည်းငယ် ဖိနှိပ်လာသည်အား ခံစားလိုက်ရသည်။
“အခုရော ဘယ်လိုလဲ။” ရီဖူရှင်းက ထပ်မေးလိုက်သည်။
“မင်းရဲ့ လမ်းစဥ်က ပြိုင်ဘက်ကင်းပုံစံရှိတယ်။ ငါ့ကို ဖိနှိပ်ထားသလို နည်းနည်းခံစားရတယ်။” လီဟန်ဓားသမားက ထိတ်လန့်သွားသည်။ ရီဖူရှင်း၏ နတ်ဝင်ရိုးက ပြီးပြည့်စုံသည့်အဆင့်ထက် မြင့်မားနေခဲ့သည်လား။
ရီဖူရှင်းက မည်သည့်စကားမှ မဆိုခဲ့ပေ။ လေဟာနယ်ခန်းမအတွင်း ရုတ်တရက် မရေတွက်နိုင်သည့် နွယ်များ ဖြစ်ပေါ်လာသည်။ နွယ်များက ဖြန့်ကျက်ကာ နေရာတစ်ခုလုံးကို ပြည့်နှက်လာပြီး လီဟန်ဓားသမားကို လွှမ်းခြုံလိုက်သည်။ သစ်ရွက်များက အော်မြည်နေပြီး ထက်ရှသည့် ဓားများကဲ့သို့ ဖြစ်သွားခဲ့သည်။
လီဟန်ဓားသမား၏ နှလုံးသားက တုန်ယင်သွားခဲ့၏။ သူက စီးဆင်းနေသည့် ဓားစွမ်းအားများက သူ၏ ကိုယ်ပိုင်ဓားစွမ်းအားတို့ကို လုံးဝ ဖိနှိပ်ထားကြောင်း ခံစားမိလိုက်ပေသည်။
“မင်းရဲ့ လမ်းစဥ်က ပြိုင်ဘက်ကင်းတာပဲ။” လီဟန်ဓားသမားက ပြောလိုက်သည်။
ရီဖူရှင်းက သူ၏ မျက်လုံးများကို မှေးကျဥ်းကာ ပြောလိုက်သည်။ “လီဟန်ဓားသမား စွမ်းအားကို စုပ်ယူဖို့ ကြိုးစားကြည့်ပါ။”
“ကောင်းပြီ။” လီဟန်ဓားသမားက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက သစ်ရွက်များမှ ထွက်ပေါ်နေသည့် စွမ်းအားတို့ကို စုပ်ယူပြီး သူ့ခန္ဓာကိုယ်အတွင်း ပေါင်းစပ်လိုက်သည်။
“မင်းရဲ့ ဓားစွမ်းအားကလည်း ငါ့လိုပဲ။ ဒါပေမယ့် အကြောင်းရင်းတချို့ကြောင့် ကွဲပြားမှု ရှိနေတယ်။ မင်းရဲ့ စွမ်းအားက ပိုပြီး စစ်မှန်နေပုံရတယ်။ ဘယ်လိုရှင်းပြရမလဲ မသိဘူး။” လီဟန်ဓားသမားက တုန်လှုပ်စွာ ပြောလိုက်၏။ “ဒီခံစားချက်က ငါ ဓားမြို့တော်မှာ ဓားစွမ်းအားတွေ လက်ခံရစဥ်ကနဲ့တူတယ်။ ဒါပေမယ့် ကွဲပြားနေတဲ့ တချို့အရာတွေတော့ ရှိတယ်။”
“အင်း”
ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ အတွေးတစ်ချက်နှင့်ပင် အရာအားလုံး အစအနမကျန် ပျောက်ကွယ်သွားတော့သည်။
သို့သော် သူသည် အလွန် မလွယ်ကူစွာ ခံစားနေရ၏။
နတ်ဘုရားနန်းတော်၏ ဘိုးဘေးနယ်မြေတွင် ကျောက်စာတိုင်ရှိနေသည်။ နတ်ဘုရားအမွေအနှစ် နယ်မြေသည်လည်း အလွန် ထူးခြားဆန်းကြယ်သည့် နေရာဖြစ်သည်။
ထိုအချိန်၌ သူသည် ရုတ်တရက် အလွန် ရဲတင်းသည့်အတွေးကို တွေးမိလိုက်တော့သည်။
***