အခန်း ( ၅၆၁ )

နတ်ဝိညာဥ်

ပထမဆုံး မီးဝိညာဥ်မြား ပေါက်ကွဲသွားသောအခါ အရပ်မျက်နှာအနှံ့သို့ ပြင်းထန်သော တုန်ခါမှုလှိုင်းများ လွင့်စင်သွားကြသည်။ အနီရောင် လှံအရှည်ကြီးမှာ တစ်ခဏမျှ နှေးကွေးသွားသော်လည်း မြားကို ဖျက်စီးပြီးသောအခါ ပိုင်ရှောင်ချန်းဆီသို့ ဆက်လက်တိုးဝင်လာ၏။

မျက်စိတစ်မှိတ်အတွင်း ၎င်းလှံကြီးက သူ့ကို ထိမှန်သွားရာ ထွက်ပေါ်လာေသာ အုန်းခနဲမြည်သံကြီးကြောင့် သင်္ချိုင်းဂူတစ်ခုလုံး တုန်ခါသွားရတော့သည်။ နံရံများမှာ အက်ကွဲကုန်ကြပြီး ကြမ်းပြင်ကြီးမှာလည်း အစိတ်စိတ်အမြွှာမြွှာ ကွဲသွားကာ ပိုင်ရှောင်ချန်း၏ မီတာသုံးဆယ်ခန့်မြင့်သော ကျောက်ဘီလူးကြီးမှာ ပြိုလဲသွားပြီး သူ၏ ပုံစံအစစ်အမှန်ပေါ်ထွက်လာတော့သည်။

သူသည် လိပ်ပုံစံဒယ်အိုးလေးကို သူ၏ရှေ့တွင် ကိုင်ထားသည်ဖြစ်ပြီး ပါးစပ်ထဲမှ သွေးများအန်ကာ နောက်သို့ ပြင်းထန်စွာ လွင့်စင်သွားတော့သည်။ သူ မသေသေးသော်လည်း သူ့အတွင်းကလီစာများမှာ ကြေမွနေပြီဖြစ်ပြီး အရိုးများလည်း ကျိုးကျေနေပြီဖြစ်သည်။ အရေပြားများနှင့် ကြွက်သားများမှာလည်း ဆုတ်ပြဲနေပြီး သေမင်းခံတွင်းဝသို့ ရောက်လုနီးနီးဖြစ်နေပြီဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ စိတ်ပျက်မှုများဖုံးလွှမ်းနေသည့် မျက်ဝန်းတစ်စုံဖြင့် ခါးသီးစွာ ရယ်မောလိုက်တော့သည်။ စောစောက သူ၏ လိပ်ပုံစံဒယ်အိုးသာ မရှိခဲ့ပါက သူသေချာပေါက် အသက်ပျောက်သွားမည်ကို ကောင်းကောင်းသိပေသည်။ သူသည် နတ်အဆင့်ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်နေရသည် မဟုတ်ပါလော….

သူစောစောက ပါးစပ်ထဲသို့ထည့်လိုက်သည့် နောက်ဆုံး နတ် ဆေးလုံး၏ အားအင်ပြန်လည်ဖြည့်တင်းပေးနိုင်သည့် အနွေးဓာတ်မှာလည်း ပျောက်ဆုံးလုနီးပါး ဖြစ်နေပြီဖြစ်သည်။ သူ၏ထည့်စရာအိတ်ထဲတွင် နောက်ထပ်တစ်လုံးသာ ကျန်တော့သော ဆေးလုံးကို ထုတ်ကာ ပါးစပ်ထဲသို့ထည့်လိုက်တော့သည်။

ဤအချိန်တွင်မူ သူ အကြံကုန်နေပြီဖြစ်သည်။ ဒဏ်ရာ ထပ်မံရပါက ပြန်လည်ကောင်းမွန်လာနိုင်တော့မည် မဟုတ်ပေ။ ထို့အပြင် သခင်မလေးဟုန်ချိန်၏ ဆက်တိုက် တိုက်ခိုက်နေမှုများကို ရင်ဆိုင်နေရလေရာ ယခုသူ့ဆီတွင် အသက်ရှင်ခွင့် လုံးဝမရှိတော့ကြောင်း ယူဆလိုက်တော့သည်။

သူသည် ခေါင်းထဲတွင်ပေါ်လာသမျှ အကြံအားလုံးကို အသုံးပြုပြီးဖြစ်ပါသော်လည်း နတ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ အစွမ်းနှင့်ယှဥ်လိုက်သောအခါ ထိုအကြံများမှာ လုံးဝမယှဥ်နိုင်ပေ။ ထို့အပြင် ဤသခင်မလေးဟုန်ချိန်မှာ သူအသက်ထွက်သည်ကို အလွန်မြင်ချင်နေသည်။

နတ်ဝိညာဥ်ကြောင့်ဖြစ်စေ၊ ထိုဝိညာဥ်များကို အသုံးချနိုင်သည့်နည်းလမ်းများကို သူသိထားသောကြောင့် ဖြစ်စေ၊ သာမန်မြေရိုင်းသားများ၏ သူ့ကိုမုန်းတီးမှုကြောင့်ဖြစ်စေ၊ သူမထံတွင် သူ့ကိုသတ်ရန် အကြောင်းပြချက်များစွာ ရှိနေသည်။

ဤသင်္ချိုင်းဂူထဲတွင် တည်နေရာ ရွှေ့ပြောင်းခြင်းအစွမ်းမှာ မြင့်တက်နေဆဲဖြစ်သော်လည်း ပိုင်ရှောင်ချန်း၏ တွက်ချက်မှုအရ ဤတိုက်ပွဲသာ ယခုပုံစံအတိုင်းဆက်ဖြစ်နေပါက ထိုတည်နေရာရွှေ့ပြောင်းခြင်းအစွမ်း ပြီးဆုံးချိန် ရောက်သည်အထိ သူတောင့်ခံနိုင်မည်မဟုတ်ကြောင်းကို သိလိုက်သည်။

” သူ မသေ သေးတာ ငါ လုံးဝ မယုံနိုင်ဘူး။ ”
သခင်မလေးဟုန်ချိန်က တွေးလိုက်သည်။ ဤတိုက်ပွဲ၏ အခြေအနေကြောင့် သူမက ရူးသွပ်စပြုနေပြီဖြစ်သည်။ သူမသည် နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ရွှေအမြုတေ မဟာစက်ဝန်းတွင်ရှိသော လူတစ်ယောက်ကို သူမက လျော့ပေါ့၍တိုက်ခိုက်ခြင်းကြောင့် အသေမသတ်နိုင်သည့် အကြောင်းအရင်း အနည်းငယ်ရှိနိုင်ပါသော်လည်း သူက သူမ၏တိုက်ကွက်များကို ဆက်တိုက်တောင့်ခံနိုင်ခဲ့သည်ဆိုသော သတင်းများသာ ပျံ့နှံ့သွားပါက သူမသည် လူအများကြားတွင် ဟားစရာဖြစ်သွားလိမ့်မည်။

သူဆွဲထုတ်လိုက်သည့် ဒယ်အိုးလေးက သူမ၏ အနီရောင်လှံကိုရပ်တန့်စေနိုင်လိုက်သည့်အချက်ကြောင့် သခင်မလေးဟုန်ချိန်၏ မျက်ဝန်းများမှာ အရောင်တလက်လက် ဖြစ်သွားရတော့သည်။ သို့သော် သူမက တွေဝေမနေဘဲ ပိုင်ရှောင်ချန်းဆိသို့ ဆက်လက် ဦးတည်လိုက်ပြီး ကျင့်ကြံခြင်းအခြေခံ စွမ်းအားများကိုထုတ်ကာ သူမ၏နောက်ဘက်တွင် ဓမ္မရုပ်တုတစ်ခုကို ဆင့်ခေါ်လိုက်တော့သည်။

ထိုရုပ်တုကြီးမှာ သခင်မလေးဟုန်ချိန်၏ အသွင်အပြင်များပါရှိသော ဦးခေါင်းတစ်လုံးဖြစ်သည်။ နတ်အဆင့်ကျင့်ကြံသူများမှာ သူတို့၏ ဓမ္မရုပ်တုများ မပါသည့်တိုင် သူတို့၏ အဆင့်အောက်တွင်ရှိသောလူများထက် များစွာပို၍ စွမ်းအားကြီးမားသည်။ ဓမ္မရုပ်တုတစ်ခုကို ဆင့်ခေါ်ရသည်မှာ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို အလွန်တရာကုန်ခမ်းစေပြီး အခြားနတ်အဆင့်ကျင့်ကြံသူများနှင့် တိုက်ခိုက်မှသာလျှင် ထုတ်သုံးလေ့ရှိကြသည်။ သို့သော် ယခုတွင်မူ သခင်မလေးဟုန်ချိန်မှာ ပိုင်ရှောင်ချန်းကို သတ်လိုစိတ်များကြီးထွားနေသဖြင့် ဤနည်းလမ်းကို နှမြောတွန့်တိုမနေပဲ သုံးလိုက်တော့သည်။

ပိုင်ရှောင်ချန်းက ထိုဓမ္မရုပ်တုကို မြင်လိုက်ရသောအခါ သူ၏မျက်လုံးများမှာ ပို၍ပင်နီမြန်းသွားပြီး သူ့နှုတ်ခမ်းထောင့်စွန်းတွင် မထီမဲ့မြင် အပြုံးတစ်စ ပေါ်လာတော့သည်။

” ကြည့်ရတာ ရွေးစရာမကျန်တော့ဘူးနဲ့တူတယ် ”

” ဒီသေမင်းထောင်ချောက်ထဲကနေ လွတ်မြောက်နိုင်မဲ့ တည်နေရာ ရွှေ့ပြောင်းခြင်းမစခင်အထိ အချိန်ဆွဲဖို့ ငါ့မှာ ရွေးချယ်စရာ တစ်ခုပဲ ရှိတော့တယ်။ ”

” နောက်ဆုတ်လို့မရတော့မဲ့အတူတူ အဲဒီလမ်းကို ငါလျှောက်ရတော့မှာပဲ။ ငါ့ရဲ့ သနားစရာအသက်လေးကို ကာကွယ်ဖို့ဆိုရင် အဲဒီအတိုင်းလုပ်မှကိုရမှာ။ ကဲ စွန့်စားဖို့ အချိန်ရောက်ပြီဟေ့ ”

ထိုအကြံကြီးက သူ၏အတွေးထဲတွင် လွင့်မျောနေချိန်တွင် ပိုင်ရှောင်ချန်း၏ မျက်ဝန်းထဲရှိ ရူးသွပ်မှုများမှာ ပို၍ ကြီးထွားလာတော့သည်။ ဤအချိန်တွင်မူ သူ့ထံတွင် အခြားရွေးချယ်စရာ မရှိတော့ပေ။

သခင်မလေးဟုန်ချိန်၏မျက်လုံးများမှာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး အနီးသို့ရောက်လာသောအခါ ပိုင်ရှောင်ချန်းက အော်ဟစ်၍ သူ၏ ထည့်စရာအိတ်ကို ပုတ်လိုက်ကာ ဖြူပြာရောင် ကျောက်စိမ်းလက်ပတ်ကို ထုတ်ယူလိုက်တော့သည်။

ချက်ချင်းပင် ထိုလက်ပတ်ထဲရှိ နတ်ဝိညာဥ်မှာ မျက်စိကျိန်းစရာ ကောင်းလောက်အောင် လင်းလက်သွားတော့သည်။

ထိုလက်ပတ် အပြင်သို့ရောက်လာသောအခါ သခင်မလေးဟုန်ချိန်က သူလုပ်ရန်တွေးနေသည့်အရာကို ရိပ်မိသွားသဖြင့် အော်ဟစ်လိုက်တော့သည်။
” အတင့်ရဲလှပါလား၊ ပိုင်ရှောင်ချန်း ”

တချိန်ထဲမှာပင် သူမက အရှိန်တင်လိုက်ပြီး ညာလက်ဖြင့် လက်ဝါးရိုက်ချက်တစ်ချက်ကို ထုတ်လွှတ်ရန်ပြင်လိုက်သည်။ ထိုအခါ သင်္ချိုင်းဂူတစ်ခုလုံးရှိ စွမ်းအင်များအားလုံးမှာ သူမ၏လက်ဝါးထဲသို့ စုဝင်သွားပြီး ပိုင်ရှောင်ချန်းကို ချေမှုန်းရန် ပြင်လိုက်တော့သည်။

သူမ၏နောက်ဘက်ရှိ ဓမ္မရုပ်တုကြီး၏မျက်ဝန်းများမှာလည်း အန္တရာယ်ပြုလိုသည့် အမူအရာဖြင့် သူ့ကိုစိုက်ကြည့်ကာ သူ့ထံသို့ပြေးလာတော့သည်။

” မိန်းမပျက် ဟုန်ချိန်။ မင်းက ငါ့ကို ဒီလိုမလုပ်လုပ်အောင် ကျဥ်းထဲကြပ်ထဲကို တွန်းပို့နေခဲ့တာလေ ”
သူက ဒေါသတကြီး အော်ပြောလိုက်သည်။ သူမက အနီးသို့ရောက်လာသောအခါ သူကတွေဝေမနေတော့ပဲ ထိုကျောက်စိမ်းလက်ပတ်ကို ချေမွလိုက်တော့သည်။

အထဲမှ နတ်ဝိညာဥ်ပျံထွက်လာသောအခါ ပိုင်ရှောင်ချန်း၏ မျက်ဝန်းများထဲတွင် စိတ်ပျက်နေသည့် အရိပ်အယောင်များပေါ်လာပြီး သူက လက်နှစ်ဖက်ကိုသုံးကာ မန္တန်လက်ကွက်တစ်ခုကို ဖော်လိုက်တော့သည်။

” နတ်ဝိညာဥ် ပေါင်းစည်းခြင်း ”

ထို နတ်ဝိညာဥ်မှာ ချက်ချင်းပင် သူ့ထံသို့ ပျံဝဲလာပြီး သူ၏ရင်ဘတ်ထဲသို့ ဝင်ရောက်ပေါင်းစည်းသွားတော့သည်။ သို့သော်လည်း ထိုအချိန်တွင် သခင်မလေးဟုန်ချိန်၏ လက်ဝါးချက်က ရောက်ရှိလာပြီး သူ၏ပတ်ပတ်လည်ရှိလေထုကို ဖြိုခွင်းကာ အရာအားလုံးမှာ အပိုင်းပိုင်းကွဲအက်သွားပြီး ပိုင်ရှောင်ချန်းမှာ ဆံပင်ရှည်များခါယမ်းကာ ပါးစပ်ထဲမှသွေးများ ပန်းထွက်လျက် နောက်သို့ တွန်းထုတ်ခံလိုက်ရတော့သည်။ သူ၏ရင်ဘတ်ကြီးမှာ အတွင်းသို့ချိုင့်ဝင်သွားပြီး ဆုတ်ပြဲနေသော အရေခွံအောက်ရှိ အသားစိုင်များနှင့် သွေးများပေါ်ထွက်လာတော့သည်။

တချိန်ထဲမှာပင် ပိုင်ရှောင်ချန်း၏ ခန္ဓာကိုယ်အတွင်းမှ ကြောက်မက်ဖွယ် အငွေ့အသက်များထွက်ပေါ်လာပြီး သူနှင့်ပုံစံတူ ပုံရိပ်ကြီးတစ်ခုပေါ်ထွက်ကာ သူ၏ရှေ့တည့်တည့်တွင် ဝင်ရပ်လိုက်တော့သည်။

ထိုပုံရိပ်ကြီးမှာ ဒုတိယပိုင်ရှောင်ချန်းတစ်ယောက် ရုတ်တရတ် ပေါ်ထွက်လာသည့်အလား သူနှင့်တစ်ပုံစံထဲဖြစ်နေသည်။

” နတ်ဝိညာဥ် ကိုယ်ပွားပါလား… ” သခင်မလေးဟုန်ချိန်က အထိတ်တလန့် အော်ဟစ်လိုက်ပြီး သူမ၏မျက်ဝန်းထဲရှိ သတ်ဖြတ်လိုက်သော အရိပ်အယောင်များ ပို၍အားကောင်းလာတော့သည်။

၎င်းပုံရိပ်မှာ ပိုင်ရှောင်ချန်း၏ နတ်ဝိညာဥ်ကိုယ်ပွားဖြစ်ပြီး ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံနှင့် တစ်ပုံစံထဲတူသော ကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်ထားသည်။ ထိုပုံရိပ်ကြီး၏ ပထမဆုံးလုပ်ရပ်သည်ကား သူ၏ လူအစစ်ကို ဆုပ်ကိုင်၍ အကာအကွယ်ပေးကာ သခင်မလေးဟုန်ချိန်နှင့်ေဝးရာသို့ ထွက်ပြေးသွားခြင်းဖြစ်သည်။

ထိုကိုယ်ပွားမှာလည်း သွေးများထွက်ကာ ဒဏ်ရာရနေသော်ငြား အံကိုကြိတ်ကာ တတ်နိုင်သမျှ လျင်မြန်စွာဆုတ်ခွာသွားတော့သည်။

တချိန်ထဲမှာပင် ပိုင်ရှောင်ချန်းအစစ်က နောက်ထပ် မည်သို့ဆက်လုပ်ရမည်ကို တွေဝေမနေပေ။ သေရေးရှင်ရေးကိစ္စဖြစ်နေပြီ ဖြစ်ပြီး သခင်မလေးဟုန်ချိန်၏ ဒေါသမီးများမှာ မိုးထိုးနေပြီဖြစ်ရာ သူက နောက်ထပ်ထပ်၍ သူ၏ထည့်စရာအိတ်ကို ပုတ်လိုက်သည်။

” ဟူး ထားတော့ကွာ။ နတ်ဝိညာဥ်တွေကို စုပ်ယူလိုက်ပြီဆိုမှတော့ တစ်ခုထဲစုပ်ယူတာနဲ့ နှစ်ခုစုပ်ယူတာ ဘာကွာလို့လဲ။ ကောင်းပြီ ဟုန်ချိန်ရေ၊ မင်းက ကိုယ်တော်ပိုင်ကို လာစမ်းမှတော့ ကိုယ်တော်ပိုင်ကလည်း စိန်ခေါ်ရင် တိမ်ပေါ်ထိ လိုက်မယ့်ကောင်ပါကွ ”
သူက အံကိုကြိတ်ကာ တုလင်ဖေးသူ့ကိုပေးခဲ့သည့် နတ်ဝိညာဥ်ကိုထုတ်၍ ဖော်ပြထားသည့်နည်းလမ်းအတိုင်းသုံးကာ သူ၏ရင်ဘတ်ထဲသို့ရိုက်နှက်လိုက်တော့သည်။

” နင်၊ မဖြစ်နိုင်ဘူး ”
သခင်မလေးဟုန်ချိန်၏မျက်လုံးများပြူးနေပြီး ဂယောက်ခြောက်ခြားဖြစ်နေတော့သည်။ ပိုင်ရှောင်ချန်းတွင် နောက်ထပ် နတ်ဝိညာဥ်တစ်ခု ထပ်ရှိနေသည်ကို သူမက မယုံကြည်နိုင်လောက်အောင်ဖြစ်နေတော့သည်။

” သောက်ကျိုးနည်း ”
သူမက မာန်ဖီနေတော့သည်။ ပိုင်ရှောင်ချန်းအစစ်နှင့် သူ၏ကိုယ်ပွားကိုပါ ဖျက်စီးနိုင်လောက်သည့် စွမ်းအားမျိုးကို သူမကထုတ်ခဲ့ပါသော်လည်း ထိုအချိန်တွင် ဒုတိယမြောက်ကိုယ်ပွားက အပြင်သို့ထွက်ပေါ်လာတော့သည်။ လူအစစ်နှင့် ရေကိုယ်ပွားမှာ အစိတ်စိတ်အမြွှာမြွှာ ဆုတ်ဖြဲခံရတော့မည့်အချိန်၊ သူတို့၏သက်စောင့်အားမီးတောက်များမှာ ငြိမ်းသက်တော့မည့်အလား တဖျတ်ဖျတ်ဖြစ်နေချိန်တွင် ဒုတိယမြောက် ကိုယ်ပွားကပေါ်လာတော့သည်။

၎င်းမှာ ပိုင်ရှောင်ချန်း၏ မီးကိုယ်ပွားဖြစ်သည်။

ထိုမီးကိုယ်ပွားမှာ ရေကိုယ်ပွား၏ရှေ့တည့်တည့်တွင်ရပ်လိုက်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံနှင့် တိုက်ပွဲစွမ်းရည်တို့မှ စွမ်းအင်အားလုံးကို ထုတ်ယူကာ အော်ဟစ်လိုက်ပြီး သခင်မလေးဟုန်ချိန်နှင့် တိုက်ခိုက်ရန် ပြင်လိုက်သည်။

တစ်ခဏအကြာတွင် ထိုမီးကိုယ်ပွား၏ ပါးစပ်ထဲမှ သွေးများပန်းထွက်လာပြီး ရိုက်နှက်ခံထားရသည့်အလား တစ်ကိုယ်လုံးတွင်လည်း သွေးများစိုရွှဲနေတော့သည်။ သူ၏ အရိုးများကိုပင် မြင်နေရပြီး အရိုးအများစုမှာ ကျိုးကျေနေပြီဖြစ်သည်။

သို့သော် ပိုင်ရှောင်ချန်းအစစ်မှာ အသက်ရှင်နေဆဲပင်။

” နင့်မှာ ကိုယ်ပွားနှစ်ခုရှိတော့ရော ဘာထူးတုံး။ နင်သေမှာက သေမှာပဲ ”
သခင်မလေးဟုန်ချိန်က စော်ကားခံနေရသည့်အလား ခံစားနေရတော့သည်။ ဤတိုက်ပွဲတစ်ခုလုံးမှာ သူမအတွက် နာမည်ပျက်စရာတစ်ခုဖြစ်နေပြီး သူမသုံးခဲ့သည့်တိုက်ကွက်များကို သူမကိုယ်သူမပင် နောင်တရနေတော့သည်။ ပိုင်ရှောင်ချန်းထံတွင် နတ်ဝိညာဥ်နှစ်ခုရှိကြောင်းကိုသာ သူမ သိခဲ့ပါက သူမ၏စွမ်းအင်အကုန်သုံးကာ သူ့ကိုချေမှုန်းနိုင်ရန်အတွက် အလင်းတန်းများအထိခံကာ ဒဏ်ရာအရခံခဲ့မည်ဖြစ်သည်။

သူမထပ်၍ အံ့သြသွားရသည်မှာကား နောက်ထပ်ဆက်ဖြစ်သည့် ကိစ္စရပ်ကြီးကြောင့်ဖြစ်သည်။ ထိုကိုယ်ပွားနှစ်ခုက စွမ်းအင်အကုန်သုံးကာ သူမကိုတိုက်ခိုက်နေကြစဥ်တွင် ပိုင်ရှောင်ချန်းအစစ်က ကျောက်စိမ်းရောင် သစ်ကြားသီးပုံစံရှိသည့် နောက်ထပ် နတ်ဝိညာဥ်တစ်ခုကို ထုတ်ယူလိုက်ပြီး ချေမွကာ သူ၏ရင်ဘတ်ထဲသို့ ထည့်လိုက်တော့သည်။

ထိုနတ်ဝိညာဥ်နှင့် ပူးပေါင်းသွားသောအခါ တတိယမြောက်ကိုယ်ပွားတစ်ခု ထွက်လာပြန်သည်။ ၎င်းမှာ သစ်သားကိုယ်ပွားဖြစ်သည်။

ထိုကိုယ်ပွားသုံးခုမှာ ပိုင်ရှောင်ချန်းအစစ်၏ ဘေးတွင်ရပ်ကာ သခင်မလေးဟုန်ချိန်ထံမှ ကာကွယ်ပေးရန် မဆုတ်မနစ် ရဲရဲဝံ့ဝံ့တိုက်ခိုက်နေတော့သည်။

သခင်မလေးဟုန်ချိန်မှာ သူမ၏ရှေ့ရှိ အဓိပ္ပါယ်မရှိလှသော မြင်ကွင်းကြီးကြောင့် သတိမေ့လုမတတ်ဖြစ်နေတော့သည်။ သူမ၏ အမြင်တွင် ပိုင်ရှောင်ချန်းမှာ ငကြောင်တစ်ကောင်ကဲ့သို့ ဖြစ်နေပြီဖြစ်သည်။ သူ့လိုလူမျိုးထံတွင် နတ်ဝိညာဥ်များစွာ ရှိနေလိမ့်မည်ဟု သူမ၏ စိတ်ကူးထဲတွင်ပင် မတွေးထားမိချေ။

” မ မဖြစ်နိုင်ဘူး။ နင်၊ နင့်ဆီမှာ နတ်ဝိညာဥ် ဘယ်နှစ်ခုတောင် ရှိနေရတာလဲ”
သခင်မလေးဟုန်ချိန်၏နှလုံးသားမှာ တဆစ်ဆစ်နာကျဥ်နေပြီဖြစ်ပြီး ရိုးတွင်းချဥ်ဆီထဲကပင် နောင်တများရနေတော့သည်။


Comment

Leave a Reply


Options

not work with dark mode
Reset