Switch Mode

အပိုင်း(၁၆၆၀):

ကြောက်စရာအမြင်

လဝက်ခန့်ကြာပြီးနောက် အခြားဘုံများမှ တန်ခိုးရှင်တို့က ထျန်းရှန်ကျောင်းတော်သို့ တဖြည်းဖြည်း ရောက်ရှိလာကြသည်။ သူတို့ကိုယ်တိုင် ကျင့်ကြံခြင်းအပြင် သူတို့သည် ထျန်းရှန်ကျောင်းတော်သို့ ရံဖန်ရံခါ သွားရောက်ကာ သူတို့၏ လမ်းစဥ်အကြောင်း အခြားရန်ဟောင်များနှင့် ဆွေးနွေးခြင်းလည်း ပြုလုပ်ကြသည်။

ရီဖူရှင်းက အလွန် ငြိမ်းချမ်းနေခဲ့သည်။ နေ့တိုင်း ကျင့်ကြံခြင်းအပြင် သူ၏ အချိန်အများစုကို ထျန်းရှန်ကျောင်းတော်သို့ ဝင်ထွက်သွားလာရင်း ကုန်ဆုံးစေခဲ့သည်။

ထျန်းရှန်ကျောင်းတော် တောက်ကျန်းတော်ထွတ်တွင် တိမ်စိုင်မြူနှင်းများ ဖုံးလွှမ်းနေသည်။ ထိုနေရာတွင် အမြင့်မှ တဝုန်းဝုန်း စီးဆင်းနေသည့် ရေတံခွန် ရှိလေသည်။ ၎င်းသည် နဂါးငွေ့တန်းကဲ့သို့ မိုးကုပ်စက်ဝိုင်းကို ဆန့်ကျင်နေသည်။

ရေတံခွန်အထက်တွင် အထပ်သုံးဆယ့်သုံးထပ်ရှိ စံအိမ်တစ်ခု ရှိသည်။ တစ်ခါတစ်ရံ၌ စံအိမ်အပြင်ဘက်၌ လူများ ဝင်ထွက်သွားလာနေကြသည်။ ရံဖန်ရံခါ၌ သူတို့သည် မတူညီသည့်နေရာများမှ ကောင်းကင်ကို ဖြတ်သန်း၍ လာကာ စံအိမ်ဆီသို့ ဆင်းသက်လာသည့် လူများကို မြင်နိုင်ပေသည်။ ထိုနေရာသည် အမှန်တကယ်ပင် နတ်ဘုံတစ်ခုဟု တွေးထင်ရတော့သည်။

တောက်ကျန်းတောင်ထွတ်သည် ထျန်းရှန်ကျောင်းတော်၏ မှတ်တမ်းများထားရာ အဆောင်ဖြစ်သည်။ ဤနေရာသို့ မရေတွက်နိုင်သည့် တန်ခိုးရှင်များက စာလိပ်များအတွက် လာရောက်ကြသည်။ ထိုနေရာရှိ ပညာရပ်များမှာ အရိုးရှင်းဆုံးမှ

အခက်ခဲဆုံးထိ အနိမ့်ဆုံးမှ အမြင့်ဆုံးထိ ဖြစ်ပေသည်။

ထျန်းရှန်ကျောင်းတော်၏ တောက်ကျန်းတောင်ထွတ်သည် မဟာလမ်းစဥ် ဘုံသုံးထောင်၏ အမြင့်မြတ်ဆုံး ကျမ်းစာဆောင်ဟု သတ်မှတ်နိုင်သည်။ ၎င်းတွင် လောကထဲရှိ မှတ်တမ်းမှတ်ရာ စာပေလိပ် အများဆုံး ရှိနေသည်။

သုံးဆယ့်သုံးထပ်တွင် အောက်ဘက် နှစ်ဆယ့်နှစ်ထပ်က အပြင်လောကသို့ ယူဆောင်ကျင့်ကြံရန် ခွင့်ပြုထားသည်။ ၎င်းတို့ကို အပြင်လောကသို့ ဖြန့်ဝေနိုင်သည်။ ဆိုလိုသည်မှာ ထျန်းရှန်ကျောင်းတော်မှ တပည့်များ သူတို့၏ ကျင့်ကြံခြင်း ပြီးဆုံးသွားသည့်နောက် သူတို့က ထိုပညာရပ်များကို အပြင်လောက၌ ပြန်၍ သင်ကြားပေးနိုင်သည်။ ထို့ကြောင့် တုန်းရှန်းပြည်နယ်၌ လူအများ၏ လမ်းစဥ်စွမ်းအားများက တောက်ကျန်းတောင်ထိပ်မှ စတင်လာသည်။ ထို့ကြောင့် တောက်ကျန်းတောင်ထိပ်၏ တည်ရှိမှုက မည်မျှ မည်မျှ အရေးပါသည်ကို ခန့်မှန်းနိုင်ပေသည်။

ထျန်းရှန်ကျောင်းတော်၏ ထိပ်သီးပုဂ္ဂိုလ်အချို့သည်လည်း ဖန်တီးခဲ့သည့် လမ်းစဥ်စွမ်းအား ပညာရပ်တို့ကို တောက်ကျန်းတောင်ထွတ်တွင် ထိန်းသိမ်းခဲ့ကြသည်။

“ငါ ကြားတာတော့ အစ်ကိုကျန်က နတ်ဘုရားအမွေအနှစ် နယ်မြေကနေ ရရှိလာတဲ့ စာပေတွေကို တောက်ကျန်းစံအိမ်မှာ ထည့်ထားလိုက်ပြီဆို။ အဲဒီ စာပေတွေက အရှင်ဒွန်ဟောင်ကိုယ်တိုင် စုဆောင်းထားတာတွေထဲက တစ်စိတ်တစ်ပိုင်းတဲ့။” တစ်ယောက်က ပြောလိုက်သည်။ ထိုအချိန်၌ လူငယ်တစ်စုသည် စံအိမ်အပြင်ဘက်မှ အဆောက်အအုံထဲသို့ ဝင်ရောက်သွားခဲ့သည်။ ဤလူစုတွင် အလွန် ထူးခြားဆန်းကြယ်သည် ဘအရှိန်အဝါ ရှိသည်။ သူတို့အားလုံးသည် ထျန်းရှန်ကျောင်းတော်မှ တပည့်များ ဖြစ်ကြသည်။

“အင်း။ အဲဒီစာလိပ်တွေကို အမျိုးအစားအလိုက် မတူညီတဲ့ အဆင့်တွေအလိုက် စီထားတယ်။ တချို့ စာလိပ်တွေကိုတော့ သုံးဆယ့်သုံးထပ်မှာ ထိန်းသိမ်းထားတယ်။” နောက်တစ်ယောက်က အပြုံးနှင့် ပြောလိုက်သည်။ “အစ်ကိုကျန်က လမ်းစဥ်ဖော်ဆောင်ပြီး အက်ကြောင်းမဲ့ နတ်ဝင်ရိုးကို ဖန်တီးနိုင်တာ မအံ့သြတော့ပါဘူး။ သူ့ရဲ့ သဘောထားကြီးမှုကတောင် စံယူလောက်စရာပဲ။” လူစုသည် တည်ငြိမ်စွာဖြင့် ကျန်ချင်းကျူ အကြောင်းပြောရင်း လျှောက်လာကြသည်။

“ဒီတစ်ခေါက် နတ်ဘုရားအမွေအနှစ် နယ်မြေဖွင့်တော့  ပါရမီရှင်တွေ တော်တော်များများ အဲဒီကို သွားခဲ့တယ်လို့ ကြားတယ်။ အခု ဘုံအမျိုးမျိုးက ပါရမီရှင်တွေက ထျန်းရှန်ကျောင်းတော်မှာလည်း ကျင့်ကြံနေကြတယ်။ ဒါပေမယ့် ငါ့ အမြင်အရ သူတို့က ဒီမှာ ကျင့်ကြံရင်တောင် အစ်ကိုကျန်က ငါတို့ မျိုးဆက်ကြားမှာ အကျော်ကြားဆုံးလူပဲ။ နန်ထျန်းနတ်ပြည်ထောင်က မင်းသမီးနဲ့ ရှန်းကလန်က ရှန်းဟောက်တို့လောက်ပဲ အစ်ကိုကျန်ကို ယှဥ်နိုင်စွမ်းရှိလိမ့်မယ်။”

ဤသုံးယောက်သည် ဗဟိုအင်ပါယာဘုံရှိ ထိပ်သီးအင်အားစုမှ အဖွဲ့ဝင်များ ဖြစ်ကြသည်။

“တခြားဘုံတွေက လူတွေကိုလည်း လျှော့တွက်လို့တော့ မရဘူး။ ကောလာဟလတွေအရဆိုရင် သူတို့ကြားမှာ အက်ကြောင်းမဲ့ နတ်ဝင်ရိုးကို ဖွဲ့စည်းနိုင်တာ ဆယ်ယောက်ရှိတယ်။ နတ်ဘုရားအမွေအနှစ် နယ်မြေက ထွက်လာပြီးတဲ့အချိန်မှာ ထျန်းဟယ်မဟာအကြီးအကဲရဲ့ တပည့် ရီဖူရှင်းကလည်း အရမ်းအစွမ်းထက်တဲ့ စွမ်းရည်ကို ပြသခဲ့တယ်တဲ့။” ဘေးဘက်မှ နောက်တစ်ယောက်က​ ပြောလိုက်သည်။

“ငါတို့က သူတို့ကို လျှော့တွက်တာ မဟုတ်ဘူး။ အက်ကြောင်းမဲ့ နတ်ဝင်ရိုးကို ဖန်တီးနိုင်ခဲ့တဲ့ သူတို့က ဒီမျိုးဆက်ကြားမှာ တကယ့်ကို ကျော်ကြားတဲ့ သူတွေ ဖြစ်တယ်။ ငါတို့က လမ်းစဥ်တောင် မဖော်ဆောင်ရသေးဘူး။ သူတို့ကို အထင်သေးဖို့ ဘယ်လို အရည်အချင်း မီမှာတဲ့လဲ။ ငါတို့က သူတို့ကို အစ်ကိုကျန်နဲ့ ယှဥ်ပြီး ဆွေးနွေးကြည့်နေရုံလေးပါ။ ငါကတော့ အစ်ကိုကျန်က ဒီလောကထဲမှာ အထူးချွန်ဆုံးဆိုတာကို ယုံကြည်နေဆဲပဲ။” နောက်တစ်ယောက်က အပြုံးနှင့် ပြောလိုက်သည်။

သူတို့က ခေါင်းညိတ်လိုက်ပြီး တောက်ကျန်းစံအိမ်အတွင်းသို့ လမ်းလျှောက်သွားခဲ့ကြသည်။

တောက်ကျန်းစံအိမ်၏ အထပ်သုံးဆယ်မြောက်သည် ထျန်းရှန်ကျောင်းတော်မှ တပည့်များသာလျှင် သွားရောက်နိုင်သည်။ သို့သော် ယခုတွင် ဤနေရာ၌ ရီဖူရှင်းလည်း ရှိနေခဲ့သည်။

ရီဖူရှင်းသည် ထျန်ရှန်းကျောင်းတော်သို့ ဝင်ရောက်ကျင့်ကြံရန် ဝိညာဥ်လက်နက်ဆယ်ခုကို သုံးစွဲခဲ့ရသည်။ သူသည် သူနှင့် သူ၏ သူငယ်ချင်းများ ထျန်းရှန်ကျောင်းတော်၏ ပုံမှန်တပည့်များကဲ့သို့ သိုင်းကျမ်းစာပေများကို လေ့လာသင်ယူခွင့်ရရန် ညှိနှိုင်းခဲ့သည်။ ထို့ကြောင့် သူသာလျှင် မဟုတ်ဘဲ လီဟန်ဓားသမား၊ ရာရာနှင့် အခြားသူများလည်း တောက်ကျန်းစံအိမ်တွင် ရှိနေကြသည်။

လီဟန်ဓားသမားက အက်ကြောင်းမဲ့ နတ်ဝင်ရိုးကို ဖွဲ့စည်းနိုင်ခဲ့သော်လည်း သူ့တွင် ၎င်းနှင့် ကိုက်ညီမည့် လမ်းစဥ်စွမ်းအား လစ်လပ်နေသေးသည်။ ဤနေရာသည် လီဟန်ဓားသမား အချို့အရာများ ရှာဖွေရန် အထူးသင့်တော်ပေသည်။

ဝင်လာခဲ့ပြီးနောက် ရီဖူရှင်းသည်လည်း ဤတောက်ကျန်စံအိမ်တွင် ကျင့်ကြံခြင်းအတွက် ပေါကြွယ်သော အရင်းအမြစ်များ ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။ ဝိညာဥ်လက်နက် ဆယ်ခု၏ တန်ဖိုးမှာ အလဟဿ အရှုံးမပေါ်ခဲ့ပေ။ ယင်းက တစ်စုံတစ်ယောက်၏ လိုအပ်ချက်ပေါ် မူတည်သည်။ ရီဖူရှင်းအတွက် သူ့တွင် ဝိညာဥ်လက်နက်များစွာ ရှိနေသည်။ ထို့ကြောင့် ၎င်းတို့ကို သုံး၍ အသုံးဝင်မည့်အရာနှင့် လဲလှယ်ခြင်းမှာ အရှုံးဟု မဆုံးဖြတ်နိုင်ပေ။

ယခု ရီဖူရှင်းသည် သူ့လက်ထဲတွင် အနက်ရောင်စာအုပ်တစ်အုပ်ကို ကိုင်ကာ ဖွင့်ထားခဲ့သည်။ ၎င်း၏ အပေါ်မှ စာလုံးများမှာ ‘သေမင်းမျက်လုံး’ ဟူ၍ ရေးထွင်းထားသည်။

သေမင်းမျက်လုံး။ ရီဖူရှင်း၏ နှလုံးသားက တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။ ၎င်းက အတော် လွှမ်းမိုးနိုင်သည့် အမည်ဖြစ်သည်။ သူက စာအုပ်ကို ဖွင့်လိုက်သည်။ စာအုပ်အနက်သည် သူ့ကို တန်ပြန် စိုက်ကြည့်နေသကဲ့သို့ သူနှင့် ဆက်သွယ်မှုတစ်ခု ဖြစ်ပေါ်လာနေသည်ဟု ထင်မှတ်ရပေသည်။ ရီဖူရှင်း၏ နတ်ဝိညာဥ်က စာအုပ်အတွင်း ဝင်ရောက်သွားခဲ့သည်။ ထို့နောက်တွင် သူသည် လောကကြီးတစ်ခုလုံး ပြောင်းလဲသွားသည်ဟု ခံစားလိုက်ရပြီး သူက အဆုံးမဲ့ အမှောင်ထုအတွင်း ကျရောက်သွားခဲ့သည်။ ကြောက်မက်ဖွယ် သေဆုံးခြင်းစွမ်းအားတို့က သူ၏ ကိုယ်ပိုင် စွမ်းအားကို လွှမ်းမိုးကာ သူ့စိတ်အတွင်း ကျူးကျော်လာသည်။ အမှုမဲ့အမှတ်မဲ့နှင့် သူ၏ ခန္ဓာကိုယ်မှ သေဆုံးခြင်းစွမ်းအား အရှိန်အဝါတို့ ထွက်ပေါ်လာ၏။

သူ၏ သေမင်း၏ ပုံရိပ်ကို ထွင်းဖောက် မြင်နေရသကဲ့သို့ ဖြစ်သည်။

တခဏကြာပြီးနောက် ရီဖူရှင်း၏ နတ်ဝိညာဥ်သည် စာအုပ်မှ ထွက်ပေါ်လာသည်။ သူ့လက်ထဲမှ စာအုပ်နက်က သာမန်အတိုင်းပင် ဖြစ်ကာ ထူးထူးခြားခြား မည်သည့်အရာမှ ထွက်ပေါ်လာခြင်း မရှိသကဲ့သို့ ဖြစ်၏။ သို့သော် သူ့စိတ်အတွင်း၌ အချက်အလက်အသစ်များ ရှိနေခဲ့သည်။ အဆင့်မြင့်ဆုံး ကျင့်စဥ်ပညာရပ်များသည် ကျင့်ကြံသူက သူတို့၏ ကိုယ်ပိုင်နတ်ဝိညာဥ်နှင့် ပညာရပ်ကို လွှဲပြောင်းဆက်ခံ၍ ထွင်းဖောက်မှတ်သားရသည်။ ဤလမ်းစဥ်စွမ်းအားများကို စာလုံးများ ရေးသားထားခြင်းမှ ဆက်ခံခြင်း မပြုနိုင်ပေ။

ထိုသည်က အလွန် အစွမ်းထက်လှသည်ဟု ရီဖူရှင်းက တွေးလိုက်မိသည်။ သူသည် ဤ သေမင်းမျက်လုံးကို ကျင့်ကြံနိုင်သည်။ သို့သော် ၎င်း၏ အစွမ်းထက်မှုက မလုံလောက်သေးပေ။

အမှန်တွင် သူ၏ လက်ရှိကျင့်စဥ်နှင့် အလွန် အစွမ်းထက်သည့် လမ်းစဥ်စွမ်းအားများသာလျှင် သူ့အသုံးအနည်းငယ် အရေးကြီးနိုင်သည်။

သူက လမ်းစဥ်စွမ်းအားများကို ရှာဖွေသော်လည်း တိုက်ခိုက်မှုတစ်ခုတည်းကိုသာ ကျွမ်းကျင်ရန် ရည်ရွယ်ချက်မရှိပေ။

အဆုံးအစမဲ့ဖွင့်ဟခြင်း…။ ရီဖူရှင်းသည် သူ၏ ဘေးမှ စာအုပ်ကို ဆက်လှန်လိုက်ပြီး အကြောင်းအရာကို နားလည်ရန် ကြိုးစားလိုက်သည်။ တစ်ယောက်ယောက်က သူ့ကို အာရုံစိုက်လာပါလျှင် သူတို့သည် ရီဖူရှင်းက စိတ်ဝိညာဉ်နှင့်မှော်မျက်လုံးတို့ဖြင့် ပတ်သတ်သည့် စာအုပ်ကို အာရုံစိုက်နေကြောင်း တွေ့နိုင်ပေသည်။

ရီဖူရှင်းသည် နေရာမှ ထွက်ခွာမလာခင် အခြားသော စာအုပ်များစွာကို လှန်လှော ​ကြည့်ရှုခဲ့ပေသည်။

ရီဖူရှင်း ထျန်းရှန်ကျောင်းတော်မှ ထွက်ခွာလာပြီးနောက် သူက ကျောင်းတော်အပြင်မှ နေရာကို ပြန်လာခဲ့သည်။ ရီဖူရှင်းက ကျင့်ကြံခြင်းခန်းမသို့ ရောက်ရှိလာခဲ့၏။

ရီဖူရှင်းသည် ကျင့်ကြံခြင်းခန်းမအတွင်း တင်ပျဥ်ခွေ ထိုင်နေခဲ့သည်။ သူ၏ သက်စောင့်ဟော်နန်းအတွင်း ပြင်းထန်သည့် မုန်တိုင်းတစ်ခု ဖြစ်ပေါ်နေသည်။ မုန်တိုင်းအတွင်း၌ မျက်လုံးတစ်စုံ ရှိနေခဲ့၏။

ထိုသည်မှာ သက်စောင့်ဝိညာဥ် ဖြစ်သည့် မုန်တိုင်းမျက်လုံး ဖြစ်သည်။ ၎င်းသည် ရီဖူရှင်း မူလက ပိုင်ဆိုင်သည့် သက်စောင့်ဝိညာဥ် မဟုတ်ပေ။ သူ့ကို အင်ပါယာရီချင်က ပေးခဲ့ခြင်း ဖြစ်သည်။

ထိုအခိုက်တွင် မုန်တိုင်းမျက်လုံးများက အလွန် ကြောက်မက်ဖွယ် ကောင်းနေသည်။ မုန်တိုင်းသည် အနီးဝန်းကျင်ရှိ စွမ်းအားများကို အဆက်မပြတ် အရူးအမူး ဝါးမျိုနေပြီး တွင်းနက်ကြီးတစ်ခုသဖွယ် ဖြစ်လာစေသည်။ ၎င်းတွင် ပြင်းထန် လွှမ်းမိုးနိုင်သည့် မဟာလမ်းစဥ် စွမ်းအားများ ပါဝင်နေသည်။ ထို့ပြင် ထိုအရာက ကြီးသထက် ကြီးမားလာကာ ထိုနေရာတစ်ခုလုံးကို ဝါးမျိုချင်နေပုံရလေသည်။

ဤကဲ့သို့သော အခြေအနေမျိုးသည် ယခင်က ဖြစ်ပွားခဲ့ဖူးခြင်း မရှိပေ။ ဤသက်စောင့်ဝိညာဥ်ကို သားရဲများအား ထိန်းချုပ်ရန် အသုံးပြုခြင်းမှ လွဲ၍ ရီဖူရှင်းက ၎င်းကို အသုံးပြုခဲပေသည်။ ၎င်းက သူ၏ ခွန်အားကို သန်မာလာစေနိုင်သော်လည်း ထိုအရာက သူကျင့်ကြံနေသည့် လမ်းစဥ်မျိုး မဟုတ်ပေ။ သူ့ကို ပေး၍ လက်ခံထားခဲ့သော်လည်း ၎င်းက သူနှင့် အပြည့်အဝ ကိုက်ညီခြင်း မရှိပေ။

နောက်တစ်ခုမှာ ရီဖူရှင်း၏ ပင်မဝိညာဥ် ကမ္ဘာ့သစ်ပင်က ပြောင်းလဲမှု အောက်တွင် ရောက်ရှိနေသည်။

ကမ္ဘာ့သစ်ပင်က လတ်တလော တည်ငြိမ်ခြင်းမရှိပေ။ ၎င်းမှ ကြောက်မက်ဖွယ် စွမ်းအားများ အဆက်မပြတ် ထွက်ပေါ်နေသည်။

ရီဖူရှင်းသည် ဤပုံမှန်မဟုတ်သည့် အခြေအနေမှာ သူ ကောင်းကင်နန်းတော်မှ ဆက်ခံခဲ့သည့် ပညာရပ်ဖြစ်စေ သူ ရန်ဟောင်အဆင့်သို့ တက်ရောက်ခဲ့ခြင်း ဖြစ်စေ သက်ဆိုင်နေသည်လား မသေချာပေ။ သို့သော် ထိုအကြောင်းရင်းနှစ်ခုလုံးက သာမန်မဟုတ်သည့် ဖြစ်စဥ်၏ ဖြစ်ရပ်တွင် ပတ်သတ်နေခြင်း ဖြစ်နိုင်သည်။

ဝုန်း…

မုန်တိုင်းမျက်လုံး သက်စောင့်ဝိညာဥ်က ဖြစ်ပေါ်လာသည်။ ရုတ်တရက် သူ၏ မျက်လုံးများမှ ပြင်းထန်ပြီး ပြိုင်ဘက်ကင်း နတ်အလင်းတန်း နှစ်ခု ထိုးထွက်လာခဲ့သည်။ အလင်းတွင် အလွန် လွှမ်းမိုးနိုင်စွမ်းရှိသည့် ဝိညာဥ်စွမ်းအားတို့ ပါဝင်နေပြီး ၎င်း၏ ဆွဲအားက တွင်းနက်ကြီးတစ်ခုသဖွယ် အားကောင်းလှသည်။

ချက်ချင်းပင် အနီးမှ စွမ်းအားများအားလုံးက ဆွဲယူခံလိုက်ရကာ ရီဖူရှင်းထံ တစ်ဟုန်ထိုး တိုးဝင်လာသည်။ ကြောက်မက်ဖွယ် မဟာလမ်းစဥ် မုန်တိုင်းသည် ရီဖူရှင်းကို ဗဟိုပြုကာ ထွက်ပေါ်လာသည်။

သူ၏ မျက်လုံးများက နေရာအနှံ့တွင် ရှိနေသည်ဟု ထင်မှတ်ရသည်။ သူက ဤနေရာ၌ ထိုင်နေလျှင်ပင် လောကရှိ အရာအားလုံးကို ရှင်းလင်းစွာ မြင်ရပေသည်။ သူသည် ထျန်းရှန်ကျောင်းတော် အပြင်ဘက်တွင် မရေတွက်နိုင်သည့် လူများ ကျင့်ကြံနေသည်အား မြင်တွေ့ရသည်။

သူ၏ ခန္ဓာကိုယ်အတွင်း အခြားသော အစွမ်းထက်စွမ်းအားတို့က သူ့မျက်လုံးများဆီ ပြေးဝင်သွားသည်။

ပြင်းထန်သည့် တုန်ခါသံအား ကြားလာရသည်။ ရီဖူရှင်း၏ မျက်လုံးများက မဟာလမ်းစဥ်စွမ်းအားတို့ဖြင့် တောက်လောင်နေသည်။ သူက ရန်ဟောင်တစ်ပါး ဖြစ်မလာခင်၌ မဟာလမ်းစဥ်ခန္ဒာကိုယ်ကို ကျင့်ကြံခဲ့သည်။ ယခု သူက စွမ်းအားကို အသုံးပြု၍ သူ၏ မျက်လုံးများကို သန့်စင်နေသည်။

ရက်အနည်းငယ် ကုန်လွန်ပြီးနောက် သူသည် တောက်ကျန်းတောင်ထွတ်၌ သက်ဆိုင်သည့် စာအုပ်ကို ရှာဖွေရန် ရောက်လာခဲ့သည်။ အချို့သော စာအုပ်များက ကျင့်ကြံသူတို့ ရေးသားထားခဲ့သော ကျင့်ကြံခြင်းမှတ်တမ်းများဖြစ်ကာ အချို့က တရားထိုင်ရန် နည်းလမ်းများ ဖြစ်သည်။ သူ၏ ပြင်ဆင်မှုများ အားလုံးက ဤအခိုက်အတန့်အတွက် ဖြစ်သည်။

ရီဖူရှင်း၏ နေရာအပြင်ဘက်သည် ထျန်းရှန်ကျောင်းတော်မှ တပည့်များ ကျင့်ကြံရာနေရာဖြစ်သည်။ အခြားဘုံမှ လူများလည်း ထိုနေရာ၌ ကျင့်ကြံနေကြသည်။

ယခု လူအများက သူကျင့်ကြံနေရာ ကျောင်းဆောင်သို့ ကြည့်နေကြသည်။ ကောင်းကင်မှ ကြောက်မက်ဖွယ် လေဆင်နှာမောင်း ဖြစ်ပေါ်လာသည်။ ၎င်းက မဟာလမ်းစဥ် မုန်တိုင်းဖြစ်သည်။

ဤမဟာလမ်းစဥ်မုန်တိုင်းက ကျောင်းဆောင်အထက် ကောင်းကင်တစ်ခွင်လုံးကို ဖုံးလွှမ်းထားလုနီးပါးပင် ဖြစ်၏။ ၎င်းသည် အောက်ဘက်သို့ ပြင်းထန်စွာ ကျဆင်းလာသည်။ ခြောက်ခြားဖွယ် တုန်ခါသံကိုလည်း ကြားနေရ၏။ ထိုမျှ ကြောက်မက်ဖွယ် မြင်ကွင်းကို အခြားသူများ သတိမထားမိရန် မဖြစ်နိုင်ပေ။လူအချို့သည် နောက်တစ်ဆင့်တက်ခြင်း ဖြစ်ပွားနေသည်ဟု ထင်ကြသည်။ တန်ခိုးရှင်များက ကောင်းကင်သို့ ပျံတက်ကာ ထိုမြင်ကွင်းဖြစ်ပွားရာသို့ ကြည့်လိုက်ကြသည်။

“ငါ ကြားတာတော့ အဲဒီနေရာမှာ ထျန်းဟယ်မဟာအကြီးအကဲရဲ့ တပည့် ရီဖူရှင်းတို့အဖွဲ့ ကျင့်ကြံနေတာတဲ့။ သူ့ သူငယ်ချင်းတွေထဲက တစ်ယောက် အဆင့်တက်တာများလား။”

“အဲဒါက တော်တော်လေး ပွက်လောရိုက်စေတာပဲ။” တစ်ယောက်က ရေရွတ်လိုက်သည်။

ဤနေရာရှိ တန်ခိုးရှင်များသည် အခြားသူများ ရန်ဟောင်ဖြစ်လာခြင်းကို မျက်မြင်တွေ့ဖူးကြသည်။ တန်ခိုးရှင်၏ ခန္ဓာကိုယ်အတွင်း မဟာလမ်းစဥ်စွမ်းအားများ ဝင်ရောက်နေစဥ် နတ်အာရုံက နေရာယူလာလိမ့်မည်ဖြစ်ပြီး မဟာလမ်းစဥ် နတ်ဝင်ရိုးကို ဖွဲ့စည်းနိုင်ပေသည်။ တစ်စုံတစ်ယောက်က ရန်ဟောင်ဖြစ်လာပြီး အောင်မြင်သွားသည့်အခါ သူတို့သည် လနှင့် ကြယ်များကဲ့သို့ တောက်ပလာပေလိမ့်မည်။ သူတို့သည် ကောင်းကင်နှင့် မြေကြီး၏ ကောင်းချီးကို ရရှိပေလိမ့်မည်။

“ကြည့်ရတာ ဒီအာရုံကို ဖြစ်ပေါ်စေတာ ရီဖူရှင်းကိုယ်တိုင်နဲ့ တူတယ်။” တစ်ယောက်က မှတ်ချက်ပြုလိုက်သည်။

“ရီဖူရှင်းလား။ သူက လမ်းစဥ်ဖော်ဆောင်ပြီး ရန်ဟောင်အဆင့်ကို ချိုးဖျက်ဝင်ရောက်ပြီးပြီး မဟုတ်ဘူးလား။” အခြားလူတစ်ယောက်က ပဟေဠိဖြစ်စွာ မေးလိုက်သည်။

“သူက ဒုတိယနတ်ဝင်ရိုးကို ဖွဲ့စည်းတာ ဖြစ်နိုင်တယ်။” မှတ်ချက်ပြုသည့် တစ်ယောက်က ထပ်ပြောလိုက်သည်။ ထိုစကားကို ကြားသည့်အခါ လူအများ၏ မျက်လုံးများက ကျဥ်းမြောင်းသွားသည်။ ကောလာဟလများအရ ရီဖူရှင်းက ပြီးပြည့်စုံသည်နတ်ဝင်ရိုးကို ဖွဲ့စည်းခဲ့နိုင်သည်ဟု ဖြစ်သည်။ သူ၏ ဒုတိယနတ်ဝင်ရိုး မည်သို့ ဖြစ်နိုင်ပါမည်နည်း။

ယခင်က သူသည် နတ်ဘုရားအမွေအနှစ် နယ်မြေ၌ အဆင့်တက်ခဲ့ပြီး ကံကြမ္မာကောင်းရရှိခြင်းကြောင့် ပြီးပြည့်စုံသည့် နတ်ဝင်ရိုးကို ဖွဲ့စည်းနိုင်ခဲ့သည်။ သူက ယခု ဒုတိယမြောက်နတ်ဝင်ရိုးကို ဖွဲ့စည်းခဲ့ပါလျှင် ပြီးပြည့်စုံသည့် စက်ဝန်းဖြစ်ပါလိမ့်ဦးမည်လား။

စောင့်ကြည့်နေသူများက ထူးချွန်ထက်မြက်သော သူများသည် နတ်ဝင်ရိုးတစ်ခုတည်းသာ ဖွဲ့စည်း၍ ကျေနပ်မည် မဟုတ်သည်ကို သိရှိကြပေသည်။ သို့သော် ပြီးပြည့်စုံသည့် နတ်ဝင်ရိုးနှစ်ခု ဖွဲ့စည်းနိုင်ခြင်းမှာ အလွန် ရှားပါးလှသည့် ဖြစ်စဥ်ဖြစ်သည်။ သူတို့က ထိုသို့ပြုလုပ်ခြင်းက အောင်မြင်သည်ဟူသည့်အကြောင်း ယခင်က မကြားဖူးခဲ့ပေ။

နတ်အာရုံက အချိန်ကြာရှည်စွာ ဖြစ်တည်နေကာ ဆက်လက်၍ ဖြစ်ပွားနေဆဲ ဖြစ်သည်။ ဤသည်မှာ လူအုပ်ကြီးကို ထူးဆန်းသည့် အမူအရာများ ဖြစ်ပေါ်လာစေသည်။

ကြောက်မက်ဖွယ် မုန်တိုင်းကကောင်းကင်တွင် ပို၍ ပြင်းထန်လာသည်။ ရီဖူရှင်းက နတ်ဝင်ရိုးဖွဲ့စည်းရန် အချိန်မည်မျှ ယူနေခဲ့သနည်း။

သူ ဖွဲ့စည်းနေသည့် မဟာလမ်းစဥ် နတ်ဝင်ရိုးက အမှန်တကယ် ပြီးပြည့်စုံသည့် နတ်ဝင်ရိုး ​ဖြစ်နိုင်ပါသလား။

ပို၍ များပြားသော တန်ခိုးရှင်များက ဤနေရာအနီး စုဝေးလာကြသည်။ အဝေးမှ လူများပင် တစ်ဟုန်ထိုး ပြေးလာနေကြ၏။ သူတို့သည် အဝေးမှပင် ပုံမှန်မဟုတ်သည့် မြင်ကွင်းကို မြင်နိုင်ကြသည်။

“ဘယ်လောက်ကြာသွားပြီလဲ။” တစ်ယောက်က မေးလိုက်သည်။

“နှစ်နာရီလောက် ရှိပြီ။ နတ်အာရုံက ပျောက်ကွယ်မယ့် လက္ခဏာမပြသေးဘူး။”

လူအုပ်ကြီးက မသိရှိသည်မှာ ရီဖူရှင်းသည် နတ်ဝင်ရိုးကို ဖွဲ့စည်းနေခြင်းသာ မဟုတ်ဘဲ သူ၏ လမ်းစဥ်စွမ်းအားကို နတ်ဝင်ရိုးအတွင်း ပေါင်းစပ်ရန် ကြိုးစားနေခြင်းကိုပင် ဖြစ်သည်။ ထိုသည်မှာ သူ့ကို အင်ပါယာရီချင် ပေးခဲ့သည့် သက်စောင့်ဝိညာဥ် ဖြစ်သော်လည်း သူက ၎င်းကို နတ်ဝင်ရိုးအတွင်း ထည့်ကာ သန့်စင်ရန် ရည်ရွယ်နေသည်။

သူက ထိုသို့ လုပ်ဆောင်ခဲ့ပြီးနောက် သူသည် ယခုချိန်မှစကာ ကိုယ်ပိုင်စွမ်းအားအဖြစ်သို့ သန့်စင်နိုင်တော့ပေမည်။

ရီဖူရှင်း၏ စိတ်ထဲတွင် ပုံရိပ်များစွာ ပြေးလွှားနေသည်။ ထျန်းရှန်ကျောင်းတော် တောက်ကျန်တောင်ထွတ်၌ သူမြင်တွေ့ခဲ့ရသည့် လမ်းစဥ်စွမ်းအားများ၊ သူယခင်က ကျင့်ကြံသည့်အခါ အသုံးပြုသည့် နည်းစနစ်များ၊ မီးဝိညာဥ်လုံးကို သန့်စင်ခဲ့စဥ်အခါက မြင်ကွင်းက တစ်ခုချင်း တစ်ခုချင်းက သူ၏ စိတ်အတွင်း ပုံရိပ်များအဖြစ် ပြေးလွှားနေသည်။

သူ၏ ခန္ဓာကိုယ်သည် ထူးခြားဆန်းကြယ်သည့် အခြေအနေသို့ ဝင်ရောက်သွားသည်။ သူသည် ကိုယ့်ကိုယ်ကိုယ် မေ့လျော့သွားခဲ့သည်။ သူသည် သူ့ကြောင့် ဖြစ်ပွားခဲ့သည့် ကြောက်မက်ဖွယ် မြင်ကွင်းကို ဖုံးကွယ်ရန် ရည်ရွယ်ချက်လည်း မရှိပေ။ ဤသည်မှာ သူက မည်သည့်အတွက် ထျန်းရှန်ကျောင်းတော်အတွင်း၌ ကျင့်ကြံရန် မရွေးချယ်ရသလဲဟူသည့် အကြောင်းရင်း ဖြစ်သည်။ သူက အခြေအနေကို အုတ်အော်သောင်းနင်း ဖြစ်အောင် လုပ်ဆောင်မိပြီး ထျန်းရှန်ကျောင်းမှ ထိပ်သီးများ သူ့ကို စူးစမ်းလာမည်အား စိုးရိမ်ပေသည်။

ရီဖူရှင်းက အပြင်၌ ကျင့်ကြံနေခြင်းသာ ဖြစ်သော်လည်း ထျန်းရှန်ကျောင်းတော်မှ အချို့လူများ၏ အာရုံကို ဖမ်းစားမိနေဆဲဖြစ်သည်။

သူ၏ ကျင့်ကြံမှုက တစ်နေကုန်ကြာမြင့်ခဲ့သည်။ ထျန်းရှန်ကျောင်းတော်မှ ပိုမိုများပြားလှသည့် တန်ခိုးရှင်များက တံခါးပေါက်မှ ထွက်လာကြပြီး ကောင်းကင်လှေကား၌ ရပ်နေကြသည်။ သူတို့အားလုံးက ရီဖူရှင်းကျင့်ကြံနေသည့် နေရာဆီသို့ စိုက်ကြည့်နေကြ၏။

ထျန်းရှန်ကျောင်းတော်အတွင်းမှ လူများသည်လည်း ရီဖူရှင်းရှိနေရာဆီ လှမ်းကြည့်နေကြသည်။ စောင့်ဆိုင်းနေရာမှ သူတို့သည် တဖြည်းဖြည်း စိတ်မရှည်ပင် ဖြစ်လာကြသည်။

ရီဖူရှင်းက မည်သို့သော မဟာလမ်းစဥ် နတ်ဝင်ရိုးကို ဖန်တီးနေသနည်း။

***

Comment

Leave a Reply

Options

not work with dark mode
Reset