အခန်း (၁၈၇) ကျုပ်က မရှိမှုအာကာသအဆင့်ကျင့်ကြံသူမဟုတ်ဘူး
မော့ယန်၏လက်မှ သွေးများ တစ်စက်စက်ကျနေပြီး မြေပြင်ထက်တွင်ပင် ရေကန်ငယ်တစ်ခုပမာ အိုင်ထွန်းလျှက် ရှိသည်။
တပေါက်ပေါက်နှင့် သွေးစက်များ ကျဆင်းနေသံက တိတ်ဆိတ်သည့်ပတ်ဝန်းကျင်တွင် အတော်လေး ကျယ်လောင်သည်ဟု ထင်မှတ်ရသည်။
မော့ယန် အနောက်ဘက်အတော်ဝေးဝေးသို့ ဆုတ်ခွာသွားသည်။ သူက ကြေမွနေသည့်လက်ကို အခြားလက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ရင်း မျက်နှာအပျက်ကြီးပျက်လျှက် ရှိ၏။
နာကျင်လွန်း၍ ပထမဆုံးအော်ဟစ်လိုက်ပြီးနောက် ထပ်မံ၍ပင် အသံမထွက်နိုင်တော့ပေ။
အတန်ကြာမှ သူက နာကျင်မှုကို ထိန်းချုပ်ရင်း တည်ငြိမ်အောင် ကြိုးစားလိုက်သည်။
အမှန်တော့ မူလဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်အတွက် လက်တစ်ဖက်ဆုံးရှုံးလိုက်ရသည့် အခြေအနေကို လက်ခံရန်မှာ သိပ်ပြီးမခက်ခဲလှပေ။
သူ လက်ခံရန်ခက်ခဲနေသည်က ကျန်းလန် အဘယ့်ကြောင့် ထိုမျှ စွမ်းအားကြီးမားရပါသနည်းဆိုသည့်အချက် ဖြစ်သည်။
ဘယ်လိုပဲကြည့်ကြည့် ကျန်းလန်က မူလဝိညာဉ် ၊ ကနဦးအဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သည်။ သို့ဆိုလျှင် သူ့လက်ကို ချက်ချင်းချိုးပစ်ရလောက်အောင် မည်သည့်နေရာက ခွန်အားများ ရရှိပါသနည်း။
နာကျင်သည့်ဝေဒနာကို ပြင်းထန်စွာ ခံစားနေရသည့်တိုင် တည်ငြိမ်အောင်ကြိုးစားပြီး မော့ယန်က မေးခွန်းထုတ်လိုက်သည်။
“ဂိုဏ်းတူညီလေးကိုကြည့်ရတာ အခုလိုအလုပ်မျိုး မကြာခဏလုပ်လေ့ရှိနေသလိုပဲနော်…”
သူ တဖြည်းဖြည်းတည်ငြိမ်လာပြီဖြစ်ပြီး ကျန်းလန်ကို ကြိုးစားပြုံးပြလိုက်သည်။
ပတ်ဝန်းကျင်တွင် တောက်ပလာသည့်အစီအရင်များကို ကျန်းလန်က တစ်ချက် အကဲခတ်ကြည့်လိုက်သည်။
“ဂိုဏ်းတူအစ်ကို… နောက်ထပ်လက်တစ်ဖက်ရော နာနေသေးလား…”
သူ့အသံက တည်ငြိမ်နေသည့်တိုင် အေးစက်လျှက် ရှိ၏။
ကျန်းလန်၏စကားကိုကြားသည့်အခါ မော့ယန်၏မျက်နှာထက်မှ အပြုံးက အေးခဲသွားသည်။
သတိလက်လွတ်ဖြင့်ပင် ကျန်ရှိနေသည့် လက်တစ်ဖက်ကို နောက်သို့ ဝှက်ထားလိုက်သည်။ ထိုအခါ အစီအရင်မှ ထွက်ပေါ်နေသည့် အလင်းရောင်များလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ယခု ကျန်းလန်က သူ့ကို အသာစီးရနေပြီ ဖြစ်သည်။
သူ ရရှိထားသည့် အားသာချက်များအားလုံး ဆုံးရှုံးသွားပြီ ဖြစ်၏။ သူ ကျန်းလန်ကို မရှုမလှ ရှုံးနိမ့်ခဲ့ပြီ ဖြစ်သည်။
ကျန်းလန်က သူမျှော်လင့်ထားသည်နှင့် ကွာခြားနေသည်။ ထို့အတူ အခြားသူများပြောကြသည့် ကောလာဟလများနှင့်လည်း တူညီခြင်း မရှိပေ။
ကျန်းလန်က အနည်းငယ် ရက်စက်လွန်းသည်ဟု သူ ခံစားရသည်။
“ဂိုဏ်းတူညီလေး… မင်း ဘာမေးချင်တာလဲ…”
မော့ယန်က ခေါင်းငုံ့ရင်း ခပ်တိုးတိုးလေသံဖြင့် ပြောလိုက်၏။
တစ်ချိန်တည်းမှာပင် သူက လွတ်လမ်းရှာထွက်ပြေးရန် စဉ်းစားနေမိသည်။
တစ်ဖက်လူက ထွက်ပြေးရန် ကြံစည်နေကြောင်း ကျန်းလန် ရိပ်မိလိုက်သည်။ သို့သော် သူက သတိပေးစကားပြောရန်တော့ ပါးစပ်မဟသေးပေ။
သူက မော့ယန်ဆီမှ ငရဲတံခါးပြဿနာကို မေးမြန်းရပေဦးမည်။
ကျန်းလန်က…
“မင်းတို့လူတွေ ငရဲတံခါးကို ဘာလုပ်မလို့လဲ…”
မော့ယနျက ကနြျးလနျကိုေ မာ့ကွညျ့လိုကျပွီး…
“ကျုပ်က ပြောပြရင် ဂိုဏ်းတူညီလေးက ကျုပ်တို့နဲ့ ပူးပေါင်းမှာလား ၊ ဒါမှမဟုတ် ကျုပ်ကို လွှတ်ပေးမှာလား…”
ကျန်းလန်က ခံစားချက်ကင်းမဲ့သည့် မျက်ဝန်းများဖြင့် မော့ယန်ကို ကြည့်လိုက်သည်။
ထိုသူ အချိန်မရွေး လောကမှပျောက်ကွယ်သွားအောင် သူ ပြုလုပ်နိုင်စွမ်းရှိသည်။
ကျန်းလန်ထံမှ ကြီးမားပြင်းထန်သည့် တန်ခိုးစွမ်းအားတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်နှင့် မော့ယန် ထိတ်ထိတ်ပြာပြာဖြစ်သွားသည်။
သူက ချက်ချင်းပင် ကျန်းလန်မေးသည့်မေးခွန်းကို ဖြေလိုက်သည်။
“အဲဒါ နတ်မိစ္ဆာတွေပါ… သူတို့က ခွန်လွန်တောင်ကို ပစ်မှတ်ထားနေကြတာ…”
ကျန်းလန်က…
“ဘာကြောင့်လဲ…”
မော့ယန်က…
“ဂိုဏ်းတူညီလေး… ကျုပ်က သေးငယ်တဲ့ မူလဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ပါ… ၊ အသေးစိတ်ကို ဘယ်လိုလုပ် သိနိုင်မှာလဲ…”
ထို့နောက် မော့ာယန်က ကျန်းလန်ကို ခပ်တိုးတိုးလေသံဖြင့် အသနားခံလိုက်သည်။
“ကျုပ်က အမိန့်အတိုင်း လိုက်လုပ်ရတဲ့သူပါ… ကျေးဇူးပြုပြီး ကျုပ်ကို လွှတ်ပေးပါဗျာ…”
ကျန်းလန် တစ်ခဏမျှ တိတ်ဆိတ်နေ၏။
မော့ယန်တောင်းပန်သည်ကို လက်ခံရမည်လားဟု စဉ်းစားနေသယောင် ထင်မှတ်ရသည်။
သို့ပေသိ မကြာခင် ကျန်းလန်အသံက မြည်ဟည်းထွက်ပေါ်လာသည်။
“မင်းတို့နဲ့ ပူးပေါင်းချင်တယ်ဆိုရင်… ကျုပ် ဘယ်သူနဲ့ ဆက်သွယ်ရမလဲ…”
အသနားခံနေသည့် မော့ယန်မှာ ကျန်းလန် ရုတ်တရက်ပြောလိုက်သည့် စကားကြောင့် အံ့သြမှင်တက်သွားရသည်။
“ဆက်သွယ်ရမှာက…”
သူက ပြောရန်ဟန်ပြင်ပြီးမှ ရပ်တန့်လိုက်ပြီး စကားကို ပြန်ပြင်ပြောလိုက်သည်။
“ဒါက ဂိုဏ်းတူညီလေးရဲ့ အခြေအနေပေါ် မူတည်ပါတယ်… ၊ ဥပမာ… ဂိုဏ်းတူညီလေးရဲ့ ကျင့်ကြံခြင်းအဆင့် ဘယ်လောက်ရှိလဲ ဆိုတာမျိုးပေါ့…”
ကျန်းလန်က…
“မရှိမှုအာကာသအဆင့် အောင်မြင်ပြီးပြီ…”
ထိုစကားကြောင့် မော့ယန်မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားသည်။
ကျန်းလန် လိမ်ပြောနေသည်ဟု သူထင်မှတ်လိုက်၏။
သူက ကျန်းလန်အကြောင်းများအားလုံးကို စုံစမ်းပြီးပြီ ဖြစ်သည်။ ကျန်းလန် ခွန်လွန်တောင်သို့ ရောက်သည်မှာ နှစ်ပေါင်း (၂၀၀) ခန့်သာ ရှိသေးသည်။
အတိအကျဆိုရလျှင် နှစ်ပေါင်း (၂၁၀) ဟုဆိုရမည်။
သို့ဆိုလျှင် ကျန်းလန်က မည်သို့သောပါရမီရှင်မျိုးပါလဲ။
အတော်ဆုံးပါရမီရှင်များပင်လျှင် ထိုသို့လျှင်မြန်သည့်နှုန်းဖြင့် မကျင့်ကြံနိုင်ပေ။ ကျန်းလန်က မည်သို့ ကျင့်ကြံနိုင်ပါမည်နည်း။
မော့ယန်က…
“ကျုပ်က ပြောပြရင် မင်းက ကျုပ်ကို လွှတ်ပေးမှာလား…”
ကျန်းလန်က တည်ငြိမ်စွာဖြင့်…
“မင်းကို လွတ်မြောက်ဖို့ တစ်ကြိမ် အခွင့်အရေးပေးမယ်…”
“ဒီနေရာက လွတ်မြောက်ဖို့လား…”
“အမှန်ပဲ…”
ကျန်းလန်၏ သဘောတူညီမှုကို ကြားသည်နှင့် မော့ယန် အံတစ်ချက် ကြိတ်လိုက်သည်။
“တကယ်တော့.. ဘယ်သူ့ကို ရှာရမလဲဆိုတာ ကျုပ်လည်း တကယ်မသိဘူး… ၊ ကျုပ်သိတာက သူတို့က ငရဲတံခါးကို တိုက်ခိုက်ချင်နေကြတယ်ဆိုတာပဲ… ၊ ငရဲတံခါးကို အဝေးကနေတိုက်ခိုက်နိုင်တဲ့ မှော်ဝင်ပစ္စည်းတစ်ခုကို သူတို့ရထားတယ်…”
မော့ယန်က ခဏနားပြီးမှ ဆက်ပြောသည်။
“မရဏလောကရဲ့တန်ခိုးစွမ်းအားရှင်တွေ ထွက်လာတဲ့အချိန်ကျရင် ခွန်လွန်တောင် သေချာပေါက် ပြဿနာတက်မှာပဲ… ၊ အဲဒီအခါကျ ခွန်လွန်တောင်ကို ရန်ငြိုးထားတဲ့သူတွေ စုပေါင်းပြီး တိုက်ခိုက်ဖို့ ကြံစည်ကြလိမ့်မယ်… ၊ ကျုပ်သိတာ ဒါအကုန်ပဲ…”
ကျန်းလန် တိတ်ဆိတ်ငြိမ်သက်နေ၏။
ဖြစ်ပျက်နေသည့်အကြောင်းအရာများကို အကြမ်းဖျင်းသိရှိလိုက်သည့်တိုင် မည်သို့ကိုင်တွယ်ရမှန်း ကျန်းလန် မသိသေးပေ။ အန္တရယ်ကို တားဆီးချင်သည့်တိုင် တိကျသည့်ရန်သူကို ရှာဖွေနိုင်ခြင်း မရှိသေးပေ။
နတ်မိစ္ဆာများက နဂါးမျိုးနွယ်များနှင့် တိုက်ခိုက်နေရင်းကပင် ခွန်လွန်တောင်ကို ပြဿနာလာရှာကြခြင်း ဖြစ်၏။
နတ်မိစ္ဆာများက ဘာလုပ်ဖို့ ကြိုးစားနေကြတာလဲ။
တစ်ခုခုမှားယွင်းနေသည်ဟု ကျန်းလန် ခံစားရသည်။
ကျန်းလန်က စကားပြန်မပြောသည့်အတွက် အတွေးလွန်နေခြင်းဖြစ်ကြောင်း မော့ယန် ရိပ်မိလိုက်သည်။ ထိုအခွင့်ကောင်းကို အမိအရယူကာ သူ အပြင်သို့ ထွက်ပြေးသွား၏။
မော့ယန် အပြင်သို့ ထွက်ပြေးသွားသည်နှင့် မြေကွက်လပ်ထဲမှ အစီအရင်က ချက်ချင်းအသက်ဝင်လာပြီး ကျန်းလန်ကို ပိတ်ဆို့ထားလိုက်သည်။
အစီအရင်ထဲတွင် ပိတ်မိနေသည့် ကျန်းလန်ကိုကြည့်ပြီး မော့ယန်က ပြုံးလိုက်ရင်း…
“ဂိုဏ်းတူညီလေး… ၊ ဒီနေ့ မင်းကို သင်ခန်းစာတစ်ခု သင်ပေးလိုက်မယ်… ၊ တကယ်တော့ ရန်သူဆိုတာ ရန်သူပဲကွ… ၊ ရန်သူကို သနားတာက အဆိပ်ပဲ… ၊ ဒီနေ့ မင်း ကျုပ်ကို မသတ်တာက အကြီးမားဆုံးအမှားကြီးအဖြစ် မင်းဘဝကို ကျရှုံးစေလိမ့်မယ်… ၊ မင်းက မရှိမှုအာကာသအဆင့် ကျင့်ကြံသူဆိုရင်တောင်မှ မင်း ကျုပ်ကို ဖမ်းဆီးနိုင်မှာ မဟုတ်တော့ဘူး… ၊ ပြီးတော့ မင်းက မရှိမှုအာကာသအဆင့် အောင်မြင်ထားတဲ့ ကျင့်ကြံသူလည်း ဟုတ်မယ် မထင်ပါဘူးကွာ…”
ပြောပြီးသည်နှင့် မော့ယန်က လျှင်မြန်စွာ ထွက်ပြေးသွားသည်။
ကျန်းလန်က တကယ်တမ်း မရှိမှုအာကာသအဆင့် အောင်မြင်ထားသည်ဆိုလျှင် သူ့အနေဖြင့် လွတ်အောင်ပြေးရန် အချိန်များစွာရမည် မဟုတ်ပေ။
သူ ပြောလိုက်သည့်စကားက ကျန်းန်ကို ဒေါသထွက်သွားစေမည် ဖြစ်၏။ သူတည်ဆောက်ထားသည့် အစီအရင်က ဒေါသထွက်လေ ရုန်းထွက်ရန် ပိုမိုခက်ခဲလေ ဖြစ်သည်။
ထို့ကြောင့် ကျန်းလန်ဒေါသကို စွပေးလိုက်ခြင်းက သူ့အတွက် လွတ်မြောက်ရန် အခွင့်အလမ်း ပိုများမည် ဖြစ်သည်။
သို့သော် အချိန်ခဏမှာပင် အက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။ အစီအရင်တစ်ခုလုံး အက်ကွဲပျက်စီးသွားသည့် အသံဖြစ်၏။
မော့ယန်က သတိလက်လွတ်ဖြင့် နောက်သို့ လှည့်ကြည့်ရန် ဟန်ပြင်လိုက်စဉ် သူ၏လည်ပင်းကို လက်တစ်ဖက်က လာရောက်ဆုပ်ကိုင်လိုက်သည်ကို ခံစားလိုက်ရသည်။
တစ်ချိန်တည်းပင် စကားသံတစ်သံလည်း ထွက်ပေါ်လာ၏။
“အမှန်ပဲ… တကယ်တော့ ကျုပ်က မရှိမှုအာကာသအဆင့် ကျင့်ကြံသူ မဟုတ်ဘူး…”
ဟုတ်ပေ၏။
သူ့ရှေ့တွင် သူ့လည်ပင်းကို ဆုပ်ကိုင်ထားသူမှာ ကျန်းလန်ပင် ဖြစ်သည်။
မော့ယန်က ကျန်းလန်ကို ကြောက်ရွံ့စွာဖြင့် ကြည့်လိုက်ရင်း…
“မင်း…”
တစ်ဖက်လူက မရှိမှုအာကာသအဆင့် အောင်မြင်ထားသူ မဟုတ်လျှင် သူပြုလုပ်ထားသည့် အစီအရင်ကို မည်သို့ ချိုးဖျက်နိုင်ပါမည်နည်း။
မရှိမှုအာကာသ ၊ အလယ်ဆင့် ကျင့်ကြံသူတစ်ယောက်ပင် ထိုသို့ စွမ်းဆောင်နိုင်မည် မဟုတ်ပေ။
အဖြစ်အပျက်များက လျှင်မြန်လွန်းလှပြီး မော့ယန် တုံ့ပြန်ချိန်ပင် မရလိုက်ပေ။
အစီအရင်က တစ်ခုခု မှားယွင်းနေခဲ့လို့လား။ မော့ယန် သူ့ကိုယ်သူပင် သံသယဝင်လာမိသည်။
သို့သော် မကြာမီ မယုံကြည်နိုင်ဖွယ်ရာ စကားတစ်ခွန်းကို ကြားလိုက်ရ၏။
“ဘာလို့လဲဆိုတော့ ကျုပ်က အင်မော်တယ်တစ်ပါး ဖြစ်နေလို့ပဲ…”
“အင်မော်တယ်… ဟုတ်လား… ၊ နှစ်ပေါင်း (၂၀၀)နဲ့ မင်းက အင်မော်တယ် ဖြစ်လာတယ် ဟုတ်လား… ၊ မင်း… မင်းက မကောင်းဆိုးဝါးတစ်ကောင်လား…”
ထိုခဏမှာပင် လက်သီးချက်တစ်ချက်က မော့ယန်၏ ခန္ဓာကိုယ်ထက်သို့ ကျရောက်လာသည်။
“ဘန်း…”
မော့ယန်၏ခန္ဓာကိုယ်က သွေးမှုံများအဖြစ် ပြောင်းလဲသွားသည်။
သူက လက်သီးချက်ကို ခုခံကာကွယ်ရန် အမြင့်မားဆုံးတန်ခိုးစွမ်းအားကို ထုတ်ဖော်အသုံးပြုလိုက်သော်လည်း အရာမထင်ခဲ့ပေ။
တစ်ဖက်လူက တကယ်ပဲ အင်မော်တယ်တစ်ပါး ဖြစ်လေ၏။
သူ့ထက်ပင် အားနည်းဟန်ရှိသည့် ကျင့်ကြံသူတစ်ယောက်က အဘယ့်ကြောင့် အင်မော်တယ်ဖြစ်နေရပါသနည်း။ သူ နားမလည်နိုင်ခဲ့ပေ။
နှစ်ပေါင်း (၂၀၀) အတွင်း အင်မော်တယ်ဖြစ်လာသည်တဲ့လား။ ရှေးခေတ်အချိန်ကတည်းကပင် လူသားများထဲတွင် ဤသို့သောအောင်မြင်မှုမျိုး တစ်ယောက်မှ ရရှိခဲ့ခြင်း မရှိပေ။
မော့ယန်သေဆုံးသွားပြီဖြစ်သည်။
ကျန်းလန်က မော့ယန်ကို အရေးမစိုက်ပေ။ သူက ငရဲတံခါးအတွက်သာ စိတ်ပူနေမိသည်။
နတ်မိစ္ဆာများက ငရဲတံခါးကို တိုက်ခိုက်မည်ဆိုလျှင် နောက်တစ်ကြိမ် ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်လာချိန်တွင် တိုက်ခိုက်ပေလိမ့်မည်။
ထိုသို့ဆိုလျှင် ကျန်းလန်အတွက် နှစ်အနည်းငယ် အချိန်ရသေးသည်။
“လွန်ခဲ့တဲ့ နှစ် (၁၀၀) လောက်ကလည်း သူတို့ လှုပ်ရှားဖို့ ကြံစည်ခဲ့ကြသေးတယ်… ၊ သူတို့ ကျရှုံးသွားတာလား… ဒါမှမဟုတ် စိတ်ပြောင်းသွားကြတာလား မသိနိုင်ဘူး…”
အရင်တစ်ခေါက် သူနှင့် ရင်ဆိုင်ခဲ့ရသည့် နတ်မိစ္ဆာများ ဘာဖြစ်သွားသည်လဲ ကျန်းလန် မသိရှိပေ။
မည်သို့ပင်ဖြစ်စေ သူ နဝမတောင်ထွတ်တွင် အစီအရင်များ ပြုလုပ်ထားခြင်းမှာ မှားယွင်းခြင်းမရှိသည်မှာ သေချာသည်။
ထို့ပြင် ငရဲတံခါးမှ မရဏအခိုးအငွေ့များ ပေါက်ကွဲထွက်မလာခင် အစစ်အမှန်အင်တော်တယ်အဆင့်သို့ တက်ရောက်နိုင်ရန် ကြိုးစားရမည် ဖြစ်၏။
အနည်းဆုံးတော့ လူသားအင်မော်တယ်အဆင့် အောင်မြင်အောင် ကြိုးစားရမည် ဖြစ်သည်။
ကျန်းလန် စိတ်ထဲတွင် အစီအစဉ်တစ်ခုရေးဆွဲရင်း သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ထုတ်ဖော်ကာ ဧရာမသစ်ပင်ကြီးတည်ရှိရာ မြူခိုးဝင်္ကပါဗဟိုချက်သို့ ထွက်ခွာလာခဲ့သည်။ ထိုနေရာတွင် စနစ်မှတ်ပုံတင်ရမည် မဟုတ်ပါလား။
စနစ်မှတ်ပုံတင်ပြီးနောက် သူ့မူလနေရာသို့ အလျှင်အမြန် ပြန်ရမည် ဖြစ်သည်။
လုန်ယွိ၏ အစီအရင်ပညာနားလည်မှုဖြင့်ဆိုလျှင် သူရှိနေခဲ့သည့် မူလနေရာသို့ သူ့ထက်အရင် သူမ ရောက်လာနိုင်မည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ကျန်းလန်အနေဖြင့် အချိန်ဆွဲ၍ မဖြစ်ပေ။
မမျှော်လင့်သည့် အဖြစ်အပျက်များအတွက်လည်း အချိန်ကိုတွက်ချက်ချန်လှပ်ထားရသေးသည် မဟုတ်ပါလား။
အကောင်းဆုံးအခြေအနေမှာတော့ လုန်ယွိ သူရှိရာနေရာသို့ရောက်ရှိလာရန် လမ်းတစ်ဝက်အလိုတွင် သူက လူမှန်နေရာမှန် ပြန်ရောက်နေခြင်းပင် ဖြစ်သည်။
………………
ကျန်းရှီတို့ (၃)ယောက်မှာတော့ နုန်းမြေများထဲတွင် ပိတ်မိနေကြသည်။
ထိုနုန်းမြေများက သာမန်နုန်းမြေများ မဟုတ်ပေ။ လူတစ်ယောက်၏ ကျင့်ကြံခြင်းစွမ်းအားများကို ဖိနှိပ်ထားနိုင်သည့် နုန်းမြေများ ဖြစ်သည်။
သူတို့ (၃)ယောက်အတွက် အလွန်အရေးပါလှသည့် မှော်ဝင်ရတနာပစ္စည်းများကိုလည်း တစ်ယောက်တစ်ခုစီ ရရှိပြီး ဖြစ်သည်။ သို့သော် ထိုမှော်ဝင်ပစ္စည်များ ရယူပြီးသည်နှင့် နုန်းမြေများထဲတွင် စတင်ပိတ်မိနေကြခြင်း ဖြစ်၏။
ကျင်းယွီက…
“တစ်ခုခုလုပ်ဖို့ စဉ်းစားကြစမ်းပါ…”
သူ့ခန္ဓာကိုယ်ထက်တွင် ဒဏ်ရာအနည်းငယ် ရရှိထားသည်။ ဤနေရာတွင် မှော်ဝင်ပစ္စည်းများ ရှာဖွေရင်း ရရှိထားသည့် ဒဏ်ရာများ ဖြစ်၏။
ကျိုးစူးက…
“ကျုပ် စဉ်းစားနေတယ်…”
ကျန်းရှီက…
“ငါလည်း စဉ်းစားနေတာပဲ… ၊ ဒါပေမဲ့ မလှုပ်နဲ့ … သဲနုန်းတွေက လှုပ်လေ မြုပ်လေပဲ…”
အချိန်ကြာမြင့်စွာ စဉ်းစားနေခဲ့ကြသော်လည်း သူတို့ မည်သို့မှ မတတ်နိုင်ခဲ့ကြပေ။
တစ်ယောက်ယောက်က အပြင်ဘက်မှ သူတို့ကို လာဆွဲမထုတ်ပေးမချင်း သူတို့အတွက် လွတ်လမ်း မရှိပေ။
ကျန်းရှီက…
“ဂိုဏ်းတူအစ်ကိုကြီး ငါတို့ကိုလာကယ်မယ်လို့ ထင်လား…”
ထိုအမေးစကားကို ကြားသည့်အခါ ကျိုးစူးနှင့် ကျင်းယွီတို့၏ စိတ်ထဲတွင် ခါးသက်စွာ ခံစားလိုက်ကြရသည်။
ယခုတစ်ကြိမ်တော့ သူတို့အားလံး သေချာပေါက် အသက်ပျောက်ရတော့မည်ဟု ခံစားနေကြရလေတော့၏။