ရီဖူရှင်းသည် သူ့ထံသို့လာနေသော အင်အားစုများအားလုံးကို ကြည့်လိုက်သည်။ သူတို့အားလုံးသည် သူ့အပေါ်တွင် အချို့သော အာဃာတများ ရှိနေကြပြီး သူ့နှင့် ပတ်သတ်၍ အလွန် မကျေမနပ် ဖြစ်ကြသည်။
သူတို့သည် သူ့ကို လွတ်မြောက်သွားနိုင်မည့် အခွင့်အရေး ပေးလိမ့်မည် မဟုတ်ပေ။
“မင်းတို့အားလုံးက အတော်လေး အကျိုးအကြောင်း မဆီလျော်တာပဲ။” အသံတစ်ခု ထွက်ပေါ်လာသည်။ ရီဖူရှင်းက လှည့်ကြည့်လိုက်လျှင် တန်ခိုးရှင်တစ်ဦး ရှေ့ထွက်လာသည်ကို မြင်သည်။ သူက လူအုပ်ကို ကြည့်ကာ ပြောလိုက်၏။ “သာမန်လူတွေက လမ်းစဥ်ရှာဖွေဖို့ပဲ ကျင့်ကြံကြပေမယ့် ကျုပ်တို့ ထိပ်သီး အင်အားစုတွေက နတ်ဘုရားအမွေအနှစ် နယ်မြေအတွင်းမှာ မျှမျှတတ ယှဥ်ပြိုင်နိုင်မယ့် အခွင့်အရေး ရကြတယ်။ မင်းတို့ထဲက အများစုက အဲဒီကနေ အကျိုးအမြတ်ကြီးတွေ ရခဲ့ကြတယ်။ မင်းတို့အားလုံးက ထိပ်သီးအင်အားစုတွေရဲ့ ခေါင်းဆောင်တွေပဲ။ အခုမှ ရန်ဟောင်အဆင့် ရောက်ကာစ တန်ခိုးရှင်လေးကို ဒီလို အနိုင်ကျင့်နေတာ အရှက်မရှိရာရောက်တယ်လို့ မတွေးမိကြဘူးလား။”
ရီဖူရှင်းက စကားပြောလာသည့်လူကို ကြည့်လိုက်သည်။ ထိုသူမှာ ရှန့်ရှောင်းနတ်နန်းတော်မှ ဖြစ်လေသည်။
ရီဖူရှင်းသည် တစ်ချိန်က နတ်ဘုရားနန်းတော်၏ ဘိုးဘေးနယ်မြေကို ဝင်ရောက်ဖူးခဲ့ပြီး ထိုဖြစ်ရပ် ရီဖူရှင်းကို နတ်ဘုရားနန်းတော်မှ လူများနှင့် ဆက်နွယ်မှုရှိသည်ဟု ဆိုနိုင်ပေသည်။ သို့သော် သူသည် နတ်ဘုရားနန်းတော်မှ တစ်စုံတစ်ယောက်က သူ့ကိုယ်စား ပြောပေးခြင်းအတွက် စိတ်လှုပ်ရှားသွားရပေသည်။
“ကျင့်ကြံခြင်းလောကရဲ့ ခေါင်းပုံဖြတ်တတ်တဲ့ အကျင့်က ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး။” ကောင်းကင်နတ်ဆိုးနန်းတော်မှ ထိပ်သီးတန်ခိုးရှင်တစ်ဦးက ပြောလိုက်သည်။ ထိုသည်မှာ နတ်ဆိုးနှင့် လူသားလောက နှစ်ဦးလုံး၌ အတူတူပင် ဖြစ်သည်။ နတ်ဆိုးလောကက တည့်တိုးဆန်ပြီး လူသားများက အနည်းငယ်ပို၍ ယဥ်ကျေးပေသည်။
ဥပမာအနေနှင့် ကောင်းကင်မျှော်စင် ကျောင်းတော်မှ ဒုကျောင်းအုပ်က သူ့ကို တူလေး ဟု ခေါ်ပြီး ရတနာများကို အလဲအထပ်ပြုပေးရန် ပြောခဲ့သည်။ အမှန်တွင် သူက ကိုယ်တိုင်အတွက် လုယူရန် ကြိုးစားနေခြင်း ဖြစ်သည်။
“ခင်ဗျားတို့ အားလုံးက သူ့ကို အနိုင်ကျင့်နေကြတာပဲ။” နတ်နဂါးကလန်မှ တန်ခိုးရှင်တစ်ဦးက ပြောလိုက်၏။ နတ်ဆင်ကလန်မှ တန်ခိုးရှင် အချို့လည်း ရှေ့တက်လာကြပေသည်။ ချက်ချင်းပင် ရီဖူရှင်း၏ နောက်တွင် အချို့သော လူများ ရပ်လာကြသည်။ သူတို့သည် ယခင်က ရွှေရောင်နတ်ပြည်ထောင်နှင့် မပူးပေါင်းခဲ့ကြပေ။ ရီဖူရှင်းနှင့် ကောင်းကင်အာဏာစက် ပြည်ထောင်ကြားမှ ရန်ငြိုးကို ဘေးချိတ်ထားနိုင်သော်လည်း ယခုတွင် တစ်ဖက်ရန်သူများက အရေးသာနေဆဲ ဖြစ်သည်။ သူတို့က ရပ်တည်နိုင်စွမ်းရှိကြမည် မဟုတ်ပေ။
ကောင်းကင်အာဏာစက်ဘုံမှ အင်အားစုများက ရတနာများကို ရရှိပြီး ရီဖူရှင်းနှင့် တိုက်ရိုက်ပတ်သတ်မှုများ ရှိကြသည့်အတွက် သူတို့သည် ဤသို့အခြေအနေမျိုးတွင် ဘေးထွက်ထိုင်ကာ ကြည့်မနေနိုင်ပေ။
သို့သော် အခြားသော အင်အားစုများသည် ကောင်းကင်အာဏာစက်ဘုံမှ တန်ခိုးရှင်များကို အေးစက်စွာ ကြည့်လိုက်ကြ၏။ သူတို့က များပြားသော်လည်း လုံလောက်ခြင်း မရှိပေ။ ထိုအချိန်တွင် နတ်လက်နက်များကို လိုချင်နေသည့် အင်အားစုများက အလွန် အားကောင်းလှသည်။
ထို့ပြင် ထိုအင်အားစုများသည် ဗဟိုအင်ပါယာဘုံကဲ့သို့ အလွန် အစွမ်းထက်သည့်ဘုံများမှ ဖြစ်သည်။ ရှန်းကလန်သည်လည်း သားကောင်ကို စောင့်ကြည့်နေသကဲ့သို့ ကျားချောင်းချောင်းနေပေသည်။ သူတို့သည် ရီဖူရှင်းအပေါ်တွင် ကောင်းမွန်သည့် ခံစားချက်မရှိပေ။ သူသည် ထျန်းဟယ်မဟာအကြီးအကဲ၏ တပည့်ပင် ဖြစ်၏။
သိုင်းနတ်ဘုရားကလန်၊ ရတနာသွန်းဖြိုးဘုရားကျောင်း နှင့် ကောင်းကင်မျှော်စင် ကျောင်းတော်ကဲ့သို့ အခြေခိုင်သည့် အလွန်အစွမ်းထက်သော အင်အားစုများလည်း ရှိနေသေးသည်။
ရီဖူရှင်းသည် သူ ဤနေရာက ထွက်သွားချင်ပါလျှင် အင်အားစုပေါင်းများစွာ သူ့အတွက် စကားပြောပေးကြရန် လိုအပ်လိမ့်မည်ကို သိရှိပေသည်။
“အကြီးအကဲ” ရီဖူရှင်းက အဝေးမှ လူတစ်ယောက်ကို ခေါ်လိုက်သည်။ သူ့အနီးတွင် ကျန်ချင်းကျူကဲ့သို့ လူစွမ်းကောင်းများစွာ ဝန်းရံနေပေသည်။
သူတို့သည် ထျန်းရှန်ကျောင်းတော်မှ လာကြခြင်း ဖြစ်သည်။
“ဟင်” ထျန်းရှန်ကျောင်းတော်မှ တန်ခိုးရှင်က မျက်ခုံးတို့အား တွန့်လိုက်ပြီး သူ့မျက်နှာထက်၌ အံ့အားသင့်သည့် အကြည့်တို့ ဖြစ်ပေါ်လာသည်။ သူက စိတ်ချင်းဆက်သွယ်ကာ ပြန်ဖြေလိုက်သည်။ “ကျုပ်ကို ပြောချင်တာ တစ်ခုခုများ ရှိလို့လား။”
“ကျွန်တော် ကြားမိတာ မဟာလမ်းစဥ် ဘုံသုံးထောင်မှာ ထျန်းရှန်ကျောင်းတော်က ကျင့်ကြံခြင်းအတွက် မြင့်မြတ်နယ်မြေတစ်ခုပါတဲ့။ ဒီကိစ္စတွေအားလုံး ပြီးသွားရင် ကျွန်တော်နဲ့ ကျွန်တော့ သူငယ်ချင်းတွေက အဲဒီကို အချိန်တစ်ခုထိ လာရောက်ပြီး လမ်းစဥ်ရှာဖွေချင်ပါတယ်။ အဲဒါ ဖြစ်နိုင်ပါမလား။” ရီဖူရှင်းက မေးလိုက်သည်။
ထျန်းရှန်ကျောင်းတော်က အမှန်ပင် ကျင့်ကြံခြင်းတွင် ကျော်ကြားလှသည့် မြင့်မြတ်နယ်မြေ ဖြစ်လေသည်။ ထိုနေရာတွင် အလွန် အစွမ်းထက်သည့် ကျင့်စဥ်များနှင့် တန်ခိုးရှင်များစွာ ရှိသည်။ သူက အချိန်ရှိသောအခါ ယူချင်း၊ ရှားရှင်းယွန်၊ ရာရာနှင့် အခြားသူများကို ခေါ်ဆောင်ကာ ထိုနေရာ၌ အချိန်တချို့ကြာအောင် တံခါးပိတ်ကျင့်ကြံချင်ပေသည်။
ထျန်းရှန်ကျောင်းတော်မှ အကြီးအကဲသည် ထိုစကားကို ကြားသည့်အခါ အံ့အားသင့်သွားခဲ့သည်။ ဤအရာအားလုံး ပြီးဆုံးသွားလျှင်လား။
ယခု မေးသင့်သည်မှာ ရီဖူရှင်းက မည်သို့ ထွက်ပြေးလွတ်မြောက်နိုင်လိမ့်မည်နည်းဟူသော မေးခွန်း ဖြစ်သင့်သည် မဟုတ်ပါလား။ သူက သူ့ကို ကူညီပေးပါရန် အကူအညီ တောင်းခံနေသည်လား။
ရီဖူရှင်း၏ ပါရမီအရ သူသည် ပြီးပြည့်စုံသည့် နတ်ဝင်ရိုးကို ဖန်တီးနိုင်ခဲ့ပြီး ထျန်းရှန်ကျောင်းတော်ကို ဝင်ရောက်နိုင်လိမ့်မည်မှာ မေးခွန်းထုတ်နေရန်ပင် မလိုပေ။ ရီဖူရှင်း၏ မိတ်ဆွေများမှာလည်း အစွမ်းထက်ပေလိမ့်မည်။
“ကျွန်တော်က ကျန်ချင်းကျူအပါအဝင် ထျန်းရှန်ကျောင်းတော်က တခြားလူတွေနဲ့ ကောင်းကင်ရောင်စဥ်အတွင်းမှာ ရှိနေခဲ့ကြဖူးတယ်။ ပြီးတော့ ကျွန်တော်တို့အားလုံးက ကောင်းကင်က အခွင့်အရေးတွေ ရရှိခဲ့တယ်။ အဲဒါကြောင့် တိုးတက်အောင် ကျင့်ကြံဖို့ အချိန်တချို့ လိုချင်တာပါ။ ပြီးတော့လည်း ကျွန်တော်က နတ်ဘုရားအမွေအနှစ် နယ်မြေကနေ ဝိညာဥ်လက်နက် တချို့ ရခဲ့သေးတယ်။ တကယ်လို့ ကျွန်တော်နဲ့ သူငယ်ချင်းတွေကို ထျန်းရှန်ကျောင်းတော် ဝင်ရောက်ပြီး ကျင့်ကြံနိုင်ဖို့ ခွင့်ပြုပေးခဲ့ရင် အဲဒီဝိညာဥ်လက်နက်တွေကို နှမြောတွန့်တိုနေမှာ မဟုတ်ပါဘူး။ ဝင်ကြေးအဖြစ်နဲ့ ဝိညာဥ်လက်နက် ဆယ်ခုကို အကြီးအကဲ စိတ်ကြိုက်အမျိုးအစား ရွေးချယ်ခွင့် ပြုနိုင်ပါတယ်။ ပြီးတော့ ကျွန်တော်နဲ့ သူငယ်ချင်းတွေက ပုံမှန်တပည့် ရွေးသလို စမ်းသပ်ချက်တွေကို ဖြတ်ကျော်မှာပါ။”
ဝိညာဥ်လက်နက်ဆယ်ခုသည် ကနဦးရင်းနှီးမြှုပ်နှံမှု အခြေအနေပေါ်တွင် မူတည်သည်။ ပထမအခြေအနေအရ သူတို့က လက်ရှိအခြေအနေမှ လွတ်မြောက်ရမည်ဖြစ်ကာ ဒုတိယအခြေအနေမှာ ရီဖူရှင်းက သူ၏ သူငယ်ချင်းများကို ခေါ်ဆောင်ကာ ထျန်းရှန်ကျောင်းတော်သို့ ဝင်ရောက်နိုင်ရမည် ဖြစ်သည်။
အခြားတစ်ခုမှာ သူတို့က ထျန်းရှန်ကျောင်းတော်၌ မည်မျှကြာအောင် ကျင့်ကြံမည်နည်းဟူ၍ ဖြစ်သည်။ ထိုအချိန်ကာလတစ်ခုလုံးအတွက် သူတို့သည် ကျောင်းတော်တွင် အန္တရာယ်များ ရင်ဆိုင်ရနိုင်သည်။ ထို့ကြောင့် သူတို့က ရင်းနှီးမြှုပ်နှံထားရန် လိုပေသည်။
ယခုလက်ရှိ သူ့တွင် အလျှံပယ် ရှိနေသည့်အရာမှာ ဝိညာဥ်လက်နက်များ ဖြစ်သည်။ သူက မည်သည့်အရာကိုမှ မပေးပစ်ချင်လျှင် အခြားသူများက သူ့ဆီမှ အတင်းအကြပ်ယူဆောင် သွားကြမည် ဖြစ်၏။ ထို့ကြောင့် သူက ဝိညာဥ်လက်နက်များကို ပေးမလား အသက်အဆုံးရှုံးခံမလား ဟူ၍သာ ရှိသည်။ သူက သူ့အသက်ကို ကယ်တင်ရန် မည်သည့်အတွက် ဝိညာဥ်လက်နက် အချို့ကို မစွန့်လွှတ်နိုင်ရမည်နည်း။
“ဆယ်ခုလား” ထျန်းရှန်ကျောင်းတော်မှ အကြီးအကဲ၏ မျက်နှာထက်တွင် အံ့အားသင့်သည့် အကြည့်တို့ ဖြစ်ပေါ်လာသည်။ သူသည် ရီဖူရှင်းက ထွက်ပြေးလွတ်မြောက်ရန် ထိုမျှ စတေးလိုက်သည်ကို နားလည်ပေသည်။
“လမ်းရောက်ရင် အကြီးအကဲကပထမဆုံးတစ်ခု ရွေးချယ်နိုင်ပါတယ်။” ရီဖူရှင်းက ပြောလိုက်သည်။
“သိပ်ကောင်းတယ်။” အကြီးအကဲက ပြန်ဖြေလိုက်သည်။ “ဒါပေမယ့် မင်းရဲ့ ဝိညာဥ်လက်နက်တွေကို လိုချင်တဲ့ အင်အားစုက အများကြီးရှိတယ်။ ကျုပ်က သဘောတူလိုက်ရင်တောင် တခြားလူတွေက ကျုပ်တို့ကို ကျိန်းသေ ထွက်သွားခွင့်ပြုမှာမဟုတ်ဘူး။”
“ကျွန်တော် နားလည်ပါတယ်။ ကတိပေးရင်သာ လုံလောက်ပါပြီ အကြီးအကဲ။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ သူတို့၏ အတွေးများကို လျင်မြန်စွာ ဖလှယ်ခဲ့သည်ဖြစ်ရာ အရာအားလုံးက လျင်မြန်စွာ ဖြစ်ပျက်သွားသည်။
သို့ဆိုလျှင်ပင် လူအများသည် ရီဖူရှင်းက နေရာ၌ တွေဝေမိန်းမောစွာ ရပ်နေသည်ကို မြင်သည့်အခါ အလန့်တကြား ကြည့်လိုက်ကြသည်။ သူက ချီတုံချတုံနှင့် ဆုံးဖြတ်ရခက်နေပုံရသည်။
“ကျွန်တော်… အရှင်မင်းကြီးရဲ့ နာမည်ကို မကြာခဏ ကြားဖူးပါတယ်။” ရီဖူရှင်းက အင်ပါယာနန်ကို စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။ သူသည် ယနေ့ စုဝေးလာသမျှတွင် အင်ပါယာနန်က အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း ခန့်မှန်းမိသည်။
နန်ထျန်းနတ်ပြည်ထောင်မှ ဤအစွမ်းထက်ပုဂ္ဂိုလ်ကြီးက နန်လော့ရှန်းကို ကိုယ်တိုင်ကိုယ်ကျ လာကြိုခဲ့ပေသည်။ ဗဟိုအင်ပါယာဘုံရှိ အခြားသော အင်အားစုများမှ ထိုသို့သော အစွမ်းထက်ပုဂ္ဂိုလ်မျိုး မလာခဲ့ကြပေ။
ထို့ကြောင့် အင်ပါယာနန်သည်နတ်ဘုရားအမွေအနှစ် နယ်မြေမှ ဤနေရာတွင် ရီဖူရှင်း ဂရုပြုမိသော အရေးကြီးဆုံး ပုဂ္ဂိုလ်ဖြစ်လေသည်။
ထို့ပြင် သူက ရီဖူရှင်း၏ မည်သည့်ရတနာကိုမှ လုယူရန် မကြိုးစားခဲ့ပေ။ သူက ဘေးမှသာ စောင့်ကြည့်နေခဲ့သည်။
အင်ပါယာနန်က စိတ်ချင်းဆက်သွယ်၍ ပြောသော စကားကို လက်ခံရရှိသောအခါ သူ့ကို ကြည့်လိုက်သည်။
“မင်း ပြောစရာရှိတယ်ဆိုရင် ပြောလိုက်ပါ။” သူသည် ရီဖူရှင်းက အကူအညီ တောင်းခံလိုသည်ကို သိရှိပေသည်။
“ကောင်းပါပြီ။” ရီဖူရှင်းက စကားကို စိတ်ထဲမှ ပို့ဆောင်လိုက်သည်။ “အခုနက ကျွန်တော် ထျန်းရှန်ကျောင်းတော် အကြီးအကဲနဲ့ ဆွေးနွေးခဲ့တယ်။ ဒီကိစ္စပြီးဆုံးသွားတာနဲ့ ကျွန်တော်က အဲဒီမှာ အချိန်တစ်ခုထိ သွားရောက် သင်ယူမှာပါ။ ကျွန်တော်က ဗဟိုအင်ပါယာဘုံက လူတွေကို အတော်လေး နှစ်သက်ပြီး ကျေးဇူးတင်ပါတယ်။ မင်းသမီးနန်လော့ရှန်းက နတ်ဘုရားအမွေအနှစ် နယ်မြေအတွင်းမှာ အထင်ကြီး လေးစားလောက်အောင် စွမ်းရည်ထုတ်ဖော် ပြသခဲ့တယ်။ ကျွန်တော့မှာ အခွင့်အရေးရှိရင် သူမကို အကြံဉာဏ်တချို့ပေးချင်ပါတယ်။ ပြီးတော့ ကျွန်တော့မှာ နတ်ဘုရားအမွေအနှစ် နယ်မြေကနေ ဝိညာဥ်လက်နက်ချို့လည်း ရရှိခဲ့တာကြောင့် သူမအတွက် ငါးခု ပေးဖို့ ဆန္ဒရှိပါတယ်။”
အင်ပါယာနန်က အလွန် အစွမ်းထက်သည့် ပုဂ္ဂိုလ်ဖြစ်သည့်အတွက် သူက ဝိညာဥ်လက်နက်ကို လိုအပ်မည် မဟုတ်ပေ။ သို့သော် နန်လော့ရှန်းက အားနည်းနေသေးသည်ဖြစ်ရာ ဝိညာဥ်လက်နက်များက သူမအတွက် အလွန် အဖိုးတန်ပေသည်။
ထို့ပြင် အင်ပါယာနန်က သူ၏ သမီးကို အလွန် ချစ်ခင်သည်။ ထပ်ပေါင်း၍ ပြောရလျှင် ထျန်းရှန်ကျောင်းတော်က ဆုံးဖြတ်ချက် ချပြီးခဲ့ပြီဖြစ်ရာ ယခုသည် အင်ပါယာနန်က ဆုံးဖြတ်ချက်ချရမည့် အခွင့်အရေး ဖြစ်သည်။
အင်ပါယာနန်သည် ရီဖူရှင်းကို လေးနက်စွာ ကြည့်လိုက်၏။ ဤလူသည် သူ၏ ရတနာများကို လုယူမခံလိုသော်လည်း သူသည် ဤသို့သော အခြေအနေမျိုးတွင် စတေးမှုအချို့ လုပ်ဆောင်ရမည်ကို သိရှိပေသည်။ ထို့ကြောင့် သူက ထျန်းရှန်ကျောင်းတော်နှင့် နန်ထျန်းနတ်ပြည်ထောင်တို့ကို ရတနာများနှင့် ကတိပေးခဲ့ကာ အကူအညီတောင်းခံခြင်း ဖြစ်သည်။
“ကောင်းပြီလေ။ ထျန်းရှန်ကျောင်းတော်က ကူညီဖို့ ဆန္ဒရှိတယ်ဆိုရင် ကျုပ်ကလည်း မင်း ဒီအခြေအနေက ဖောက်ထွက်နိုင်ဖို့ ကူညီပါ့မယ်။” အင်ပါယာနန်က ပြန်ဖြေလိုက်သည်။ သူက ထျန်းရှန်ကျောင်းတော် နောက်မှ ကတိပေးခဲ့သည်ဖြစ်ရာ ရီဖူရှင်းက သူတို့ကို လှည့်စားခြင်းရှိမရှိ ကြည့်ရန် အခွင့်အရေး ရှိသေးပေသည်။
ရီဖူရှင်းက ရိုးသားခြင်းမရှိလျှင် သူကလည်း ကူညီလိမ့်မည် မဟုတ်ပေ။
“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ယခု အင်အားစုကြီးနှစ်ခုက ကူညီရန် သဘောတူလိုက်ပြီဖြစ်ရာ ကိစ္စများက အခြေအနေ ပိုကောင်းလာပေသည်။
“တူလေးရီ၊ ဘာလို့ အဖြေပြန်မပေးသေးတာလဲ။” ကောင်းကင်မျှော်စင် ကျောင်းတော်မှ ဒုကျောင်းအုပ်က ပြောလိုက်သည်။ ဤကဲ့သို့ အခြေအနေမျိုးတွင် မည်သို့မှ နှောင့်နှေးနေရန် အကြောင်းမရှိပေ။
ရီဖူရှင်းသည် ကောင်းကင်မျှော်စင် မှ ဒုကျောင်းအုပ်ကို ကြည့်လိုက်သည်။ ဗဟိုအင်ပါယာဘုံမှ ယွမ်ယန်ကလန်၊ နန်ထျန်းနတ်ပြည်ထောင်နှင့် ထျန်းရှန်ကျောင်းတော်စသည့် အင်အားစုကြီးသုံးခုသည် သူ့ဘက်သို့ ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။ သူတို့၏ လက်ရှိ အခြေအနေက ခိုင်မာနေပြီ ဖြစ်၏။
“နတ်မိမယ်ရှောင်း” သူက စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။ ဤတစ်ကြိမ်၌ သူ၏ ပစ်မှတ်မှာ ရှောင်းကလန်မှ ရှောင်းမုယွီ ဖြစ်သည်။
ထိုအသံကို ကြားလိုက်ရသည့်အခါ သူမ၏ မျက်နှာထက်တွင် အံ့အားသင့်သည့် အကြည့်တို့ ဖြစ်ပေါ်လာသည်။ သူမက ရီဖူရှင်းကို အေးစက်စွာ ကြည့်ရင်း စိတ်ထဲမှ ပြန်ပြောလိုက်သည်။ “နင် ဘာလုပ်နေတာလဲ။”
ထိုသူသည် ယခင်က အနည်းငယ်မျှပင် ယဥ်ကျေးခြင်းမရှိပေ။ သူသည် သူမ၏ နတ်ကြာပန်းကို လုယူကာ ရှားရှင်းယွန်ထံ ပေးခဲ့သည်။ ယခု သူက သူမကို ချိုသာစွာ စကားပြောနေသည်။ သူက ရှောင်းမိသားစု သားမက်ဖြစ်လာရန် ကတိပြုလိုနေသည်လား။
“ကျွန်တော်က ခင်ဗျားကို အတော်လေး ဆန့်ကျင်ခဲ့မိတယ်။ အဲဒါကြောင့် ပြင်ဆင်ဖို့ အခွင့်အရေးပေးရင် ကျွန်တော် ခင်ဗျားကို ဝိညာဥ်လက်နက်သုံးခု ပေးပါ့မယ်။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ ရှောင်းမုယွီ၏ မျက်နှာက ခက်ထန်သွားလေသည်။
သူက ထိုအရာကို လုံလောက်ပြီ ထင်နေသည်လား။
သူက သူတို့ကို ဆွဲသွင်း၍ သူ့အား ကူညီစေရန် ကြိုးစားနေသည်လား။
“ငါတို့ နင့်ကို ဒီအခြေအနေက လွတ်အောင် ကူညီနိုင်စွမ်းရှိမှာ မဟုတ်ဘူး။” ရှောင်းမုယွီက ပြောလိုက်သည်။
“နတ်မိမယ် စိတ်မပူပါနဲ့။ ကျွန်တော့ကို ကူညီဖို့ ထျန်းရှန်ကျောင်းတော်၊ အင်ပါယာနန်တို့နဲ့ ဆွေးနွေးပြီးပါပြီ။ ခင်ဗျားက သူတို့နောက်မှာ ရပ်ပေးရုံနဲ့ ဒါက လုံလောက်ပါပြီ။ ကျွန်တော်က ဝိညာဥ်လက်နက် သုံးခုနဲ့ ကျေးဇူးဆပ်ပါ့မယ်။” ရီဖူရှင်းက ပြောလိုက်သည်။
ရှောင်းမုယွီက ရီဖူရှင်းကို ကြည့်လိုက်သည်။ သူက အမှန်တကယ်ပင် ထျန်းရှန်ကျောင်းတော်၊ အင်ပါယာနန်တို့နှင့် ဆွေးနွေးပြီးခဲ့ပြီလား။
သူက ရှောင်းကလန်ကို သူ့နောက်၌ ရပ်စေနိုင်ခဲ့လျှင် သူက ဤအခြေအနေမှ အမှန်တကယ် လွတ်မြောက်နိုင်မည် ဖြစ်သည်။
သို့သော် သူက မည်သည့်အတွက် သူမကို ရွေးချယ်ရသနည်း။
ရီဖူရှင်းအတွက် သူမကို ရွေးချယ်ရခြင်းက ရိုးရှင်းသည်။ သူတို့အကြားတွင် မကောင်းသည့် ရေစက်ရှိခဲ့ပြီး သူမက သူ့ကို သဘောမကျသော်လည်း ရှောင်းကလန်က တိုက်ရိုက်ပါဝင်ပတ်သတ်ခြင်း မရှိပေ။ ထိုအခြေအနေတွင် သူက သူမကို ဝိညာဥ်လက်နက် သုံးခုပေးရန် ကမ်းလှမ်းခဲ့ခြင်းက သူတို့ကို အနည်းငယ်ပို၍ အစွမ်းထက်လာစေနိုင်သည်။ အဆုံးမှာတော့ ရှောင်းကလန်၊ သိုင်းနတ်ဘုရားကလန်၊ ကောင်းကင်မျှော်စင် ကျောင်းတော်၊ ရတနာသွန်းဖြိုးကျောင်းတော်နှင့် ရှန်းကလန်တို့က ဗဟိုအင်ပါယာဘုံမှ လာခဲ့ကြသူများ ဖြစ်လေသည်။
ရှောင်းမုယွီက တခဏ တွေးတောလိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။ “ကြိုးစားကြည့်မယ်”
သိသာစွာပင် သူမက တိုက်ရိုက်မဆုံးဖြတ်နိုင်သည်ဖြစ်ရာ သူမ၏ အကြီးအကဲကို မေးမြန်းခဲ့ပေသည်။
“ကောင်းတယ်။ ကျေးဇူးတင်ပါတယ် နတ်မိမယ်။” ရီဖူရှင်းက ပြောလိုက်သည်။ ရှောင်းမုယွီက သူ့ကို ကြည့်လိုက်၏။ ယခုတွင် သူက အလွန် ချိုသာစွာ ပြောဆိုနေသည်။
သိသာစွာပင် သူက သူမကို မြှူဆွယ်ရန် ကြိုးစားခြင်းနှင့် အခြားကိစ္စများကို ပြောဆိုရန် မကြိုးစားခဲ့ပေ။
ရီဖူရှင်းနှင့် ရှောင်းမုယွီ စကားပြောဆိုပြီးနောက် သူက တောင်တန်းဘုံမှ ကွေကျန်းဘက်သို့ လှည့်ကာ စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။ “ဆရာတော်၊ ကျွန်တော်တို့ နှစ်ယောက်မှာ ဆက်သွယ်မှုရှိတယ်။ ကျွန်တော့မှာ ဝိညာဥ်လက်နက်တွေ ရှိတယ်။ အဲဒီထဲက နှစ်ခုကို ဆရာတော့ကို ပေးဖို့ ဆန္ဒရှိပါတယ်။”
“ဘယ်လို” ကွေကျန်းက ထိုစကားကြောင့် ကြက်သေသေသွားခဲ့သည်။ သူက ရီဖူရှင်းကို ရွှေရောင်မျက်လုံးများနှင့် ကြည့်လိုက်၏။
“ထျန်ရှင်းကျောင်းတော်က မင်းကို ကူညီစေချင်တာလား။” သူက မေးလိုက်သည်။
“ဆရာတော် ဆန္ဒရှိရင်ပါ။ အရင်က ကျွန်တော် ဆရာတော့ကို နတ်သစ်ပင်အောက်မှာ တွေ့ခဲ့ရပြီး အဲဒါက ရေစက်လို့ ခံစားမိခဲ့တယ်။ ကျွန်တော့မှ ဝိညာဥ်လက်နက်ကောင်းတွေ ရှိတယ်။ ကျွန်တော် ဒီက ထွက်သွားနိုင်ရင် ခြွင်းချက်မရှိ အဲဒီထဲက နှစ်ခု စိတ်ကြိုက်ရွေးခွင့် ပေးပါ့မယ်။” ရီဖူရှင်းက ပြောလိုက်သည်။
ထျန်ရှင်းကျောင်းတော် သည် တောင်တန်းဘုံ၏ အကြီးဆုံး ကျောင်းတော်ဖြစ်ကာ ရှန်ရှင်းကလန်ကို ဖျက်ဆီးနိုင်စွမ်း ရှိသည်။
“ကောင်းပြီလေ” ကွေကျန်းက လက်နှစ်ဖက်ကို ယှက်ကာ ရီဖူရှင်းကို ဦးညွှတ်လိုက်သည်။
“နတ်မိမယ် ချန်ရှီး၊ နတ်ဘုရားအမွေအနှစ် နယ်မြေအတွင်းမှာ နတ်မိမယ်ရဲ့ ခမ်းနားတဲ့ စွမ်းရည်တွေကြောင့် လူတိုင်း ထိတ်လန့်အံ့အားသင့်ကြရတယ်။ လောကထဲက အမျိုးသမီးတွေအားလုံးလည်း နတ်မိမယ်ကို မနာလိုဖြစ်ကြရတယ်။ ဒီနေ့ ပြီးသွားရင် ကျွန်တော်က နတ်မိမယ်ကို ဝိညာဥ်လက်နက်နှစ်ခု ပေးဖို့ ဆန္ဒရှိပါတယ်။” ရီဖူရှင်းက ယိုယွဲ့နတ်နန်းတော်မှ ချန်ရှီးကို စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။
ယိုယွဲ့နတ်နန်းတော်သည် နှင်းနတ်ပြည်ထောင်မှ ယဲ့မန်တို့၏ သဏ္ဌာန်မဲ့ဘုံတွင် အစွမ်းထက်ဆုံးအင်အားစု ဖြစ်သည်။
ချန်ရှီးက ရီဖူရှင်းကို ကြည့်လိုက်သည်။ သူမက လူတိုင်းကို ထိတ်လန့်အံ့အားသင့်စေခဲ့ပြီး လူတိုင်းက သူမအား မနာလိုကြသည်လား။
“နတ်မိမယ် အများကြီး စဥ်းစားစရာမလိုပါဘူး။ ကျွန်တော့ကို အဖြေပြန်ပေးဖို့ မလိုပေမယ့် ဒီကနေ အသက်ရှင်လျက် ထွက်သွားနိုင်ရင်တော့ ကျွန်တော့ကတိကို တည်ဖြစ်အောင် တည်မှာပါ။” ရီဖူရှင်းက ဆက်ပြောလိုက်သည်။
ချန်ရှီးထံမှ တောက်ပသည့် အလင်းတို့ လင်းလက်လာသည်။ သူမက ကောင်းကင်ဘုံကိုးဆင့်မှ နတ်ဘုရားမတစ်ပါးသဖွယ် ထိုနေရာ၌ ရပ်နေခဲ့သည်။ သူမ၏ မျက်လုံးများအတွင်း အံ့အားသင့်သည့် အကြည့်တို့ ဖြစ်ပေါ်လာသည်။
ဤလူက သူမအပေါ်၌ ရည်ရွယ်ချက်တစ်ခုခု ရှိနေသည်လား။
***