ဤတိုက်ပွဲသည် အထက်ကိုးဘုံမှ တန်ခိုးရှင်များအားလုံး ရီဖူရှင်းကို အမှတ်ရနေစေရန် လုပ်ဆောင်နိုင်ပေလိမ့်မည်။
ယခင်က ရှန်းကလန်သည် ထျန်းဟယ်မဟာအကြီးအကဲ၏ ဆက်ခံသူကို ဂရုမစိုက်ကြသော်လည်း ယခု ကြည့်ရသည်မှာ သူတို့က လျှော့တွက်မိခဲ့ပုံရလေသည်။
“ဒီဟာက သခင်လေးရီ လေဟာနယ်ခန်းမက ရတနာတွေကို ရယူနိုင်ပြီး မဟာအင်ပါယာရဲ့ ဂိတ်တံခါးကို ပထမဆုံး ဖွင့်ခဲ့တဲ့လူ ဖြစ်တယ်ဆိုတာ သေချာပေါက် သက်သေပြပြီး ဖြစ်သွားခဲ့ပြီ။ သူက ကောင်းကင်နန်းတော်အောက်မှာ ဉာဏ်အလင်းပွင့်သွားခဲ့ပြီး ရန်ဟောင်အဆင့် ရောက်ရှိခဲ့တယ်။ မဟာလမ်းစဥ် နတ်လက်နက်တွေကို လက်ခံရရပြီး ရှေးဟောင်းအင်ပါယာရဲ့ အမွေအနှစ်တွေကို ဆက်ခံရတဲ့ ပါရမီရှင်က သူမတူအောင် ခမ်းနားထည်ဝါတာပါလား။” ထိုသူက ပြောရင်း သက်ပြင်းချလိုက်သည်။ သူက ရီဖူရှင်းကို အကြီးအကျယ် လေးစားနေပုံရလေသည်။
“အခု ကြည့်ရတာ ရှန်းကလန်က လူတွေ ခန့်မှန်းတာ မှန်တဲ့ပုံပဲ။ သခင်လေးရီရဲ့ ပါရမီက အထက်ကိုးဘုံမှာ ပြိုင်ဘက်ကင်းတယ်ဆိုပေမယ့် သူက ကောင်းကင်နန်းတော်အောက်ကို ရောက်တဲ့အထိ ရန်ဟောင်အဆင့်ကို မချိုးဖျက်နိုင်သေးဘူးလေ။ အခု ကျုပ် အာရုံရနေတယ်။ သခင်လေးရီက တကယ်ပဲ မဟာအင်ပါယာရဲ့ အမွေအနှစ် တစ်ခုခုကိုရရှိလိုက်တာကြောင့် သူ့ရဲ့ လမ်းစဥ်ကိုဖော်ဆောင်ပြီး ရန်ဟောင်ဖြစ်လာတာ ဖြစ်လိမ့်မယ်။” ထိုသူက စိတ်လှုပ်ရှားစွာနှင့် ဆက်လက်ပြောဆိုနေသည်။ “သူက ထျန်းဟယ်ဘုံက လာခဲ့ပေမယ့် ကောင်းကင်နန်းတော်အောက်မှာ ပါရမီရှင် အားလုံးကို ရှုံးနိမ့်စေခဲ့ပြီး သွေးပင်လယ်နဲ့ ဓားတောင်ပေါ် ရပ်နိုင်ခဲ့တယ်။ မဟာအင်ပါယာက သူ့ရဲ့ ဆင့်ခေါ်မှုကြောင့် နိုးထလာပြီး စွမ်းအားတွေကို ဆက်ခံစေခဲ့တယ်။ ကောင်းကင်ရဲ့ ဆန္ဒနဲ့ အားလုံးသော နတ်ဘုရားတွေက ကောင်းချီးပေးခဲ့တယ်ဆိုတဲ့ စကား။ သခင်လေးရီပြောတာကို ကျုပ် ယုံကြည်တယ်။ သူက တကယ်ပဲ နတ်ဘုရားအမွေအနှစ် နယ်မြေအတွင်းမှာ နတ်ဘုရားတွေ အားလုံးကို တွေ့ခဲ့တာ ဖြစ်ရမယ်။”
ဤသူသည် ရီဖူရှင်းအပေါ် အဆုံးမဲ့ ကြည်ညိုလေးစားခြင်းတို့ ယိုဖိတ်နေပုံရသည်။ သူ၏ ချီးမွမ်းနေမှုက အဆုံးမရှိတော့ပေ။ ထိုသူမှာ ဘုန်းကြီးတစ်ပါးဖြစ်သည့်အတွက် ရှန်ရှင်းကလန်မှ လူများပင် သူ၏ တည်ငြိမ်မှု၊ လေးနက်မှု နှင့် ကြည်လင်သည့် အမူအရာတို့ကြောင့် အရူးလုပ်ခံရမလိုပင် ဖြစ်၏။
ရှန်ရှင်းကလန်မှ ဘုန်းကြီး၏ အမည်မှာ မိစ္ဆာခုနစ်ပါး ဟူ၍ ဖြစ်သည်။ သူသည် ကလန်တွင် သီးခြားနေတတ်သည့် အဖွဲ့ဝင်တစ်ဦး ဖြစ်ကာ အမှန်တကယ်ပင် ကောက်ကျစ်လှသည်။
သူက ထိုသို့ ပြောလိုက်သည်နှင့် လူတိုင်းက သူ့ကို ကြည့်လိုက်ကြသည်။ ယခင်က လူတိုင်း တွေးထားခဲ့သည်မှာ ရီဖူရှင်းက သူတို့ကို လိမ်နေသည်ဟူ၍ ဖြစ်ကာ ယခု သူက ပြီးပြည့်စုံသည့်နတ်ဝင်ရိုးကို ဖွဲ့စည်းထားနိုင်သည့်အပြင် နှိုင်းယှဥ်၍မရသော ပါရမီအရည်အချင်းကို ထပ်ပေါင်းပါက မိစ္ဆာခုနစ်ပါး ကဲ့သို့သော သူမျိုးကိုပင် ဖမ်းစားနိုင်သည့်အတွက် ပို၍ ယုံကြည်ချင်ဖွယ် ဖြစ်လာပေသည်။
အင်အားစုအမျိုးမျိုးမှ အကြီးအကဲများကလည်း သူ့ကို ကြည့်နေခဲ့ကြသည်။ ရှန်းကလန်မှ တန်ခိုးရှင်တစ်ဦးက တိုက်ရိုက်မေးလိုက်၏။ “သူက ဘာကိုဆိုလိုတာလဲ။”
နတ်ဘုရားအမွေအနှစ် နယ်မြေသို့ သွားခဲ့ကြသည့် အားလုံးသော အင်အားစုများသည်လည်း မေးခွန်းထုတ်ခဲ့ကြသည်။ ယခု သူတို့တွင် အဖြေရရှိလာခဲ့ကြပြီး အတွေးထဲ နစ်နေခဲ့ကြ၏။
နတ်ဘုရားအမွေအနှစ် နယ်မြေကို နတ်ဘုရားတို့၏ သုသာန်မြေဟု ခေါ်ကြသည်။ ထိုနေရာ၌ သူက အမှန်တကယ်ပင် တစ်ခုခုကို ဆက်ခံခဲ့ခြင်း ဖြစ်နိုင်သည်လား။
ရီဖူရှင်း၏ လူများသည် မိစ္ဆာခုနစ်ပါး ၏ စကားများကြောင့် ဒေါသထွက်သွားကြသည်။ အထူးသဖြင့် ယူချင်း ဖြစ်ကာ သူ၏ မျက်လုံးများမှ ကြောက်မက်ဖွယ် ပြင်းထန်သည့် သတ်ဖြတ်ခြင်းစွမ်းအင်တို့ ထွက်ပေါ်လာသည်။
ရီဖူရှင်းက မစဥ်းစားဘဲ ပေါ့ပါးစွာ ပြောခဲ့သည့်အချိန်၌ မည်သူကမှ သူ့ကို မယုံကြည်ခဲ့ကြပေ။ သို့သော် ယခုက ကွာခြားသွားပြီ ဖြစ်၏။ တစ်စုံတစ်ယောက်က ထိုအကြောင်းအရာကို ထုတ်ပြောလာသည့်အခါ အဆိုးဘက်သို့ ဦးတည်သွားစေပေလိမ့်မည်။
ဤ ကောက်ကျစ်သော ဘုန်းကြီး၏ စကားလုံးများက လူများစွာ သေကြေပျက်စီးနိုင်စေသည်။
အင်အားစုကြီးများသည် လှုပ်ရှားရန် အသင့် ဖြစ်နေပြီး အရာအားလုံးကို စောင့်ကြည့်နေကြသည်။ သူတို့က အချိန်မရွေး ဆုံးဖြတ်ချက်ချနိုင်သည်။ ထိုဘုန်းကြီး၏ စကားများက သူတို့၏ ဆုံးဖြတ်ချက်များကို ပို၍ ခိုင်မာလာစေနိုင်ပေသည်။
ရီဖူရှင်းသည်လည်း ထိုစကားများကို ကြားသည့်အခါ သူ၏ မျက်လုံးများက အေးစက်သွားသည်။ သူက မိစ္ဆာခုနစ်ပါး ကို ကြည့်လိုက်သည်။
သူထံမှ စွမ်းအားလှိုင်းများ ထွက်ပေါ်လာသည်ကို ရှင်းလင်းစွာ ခံစားမိနိုင်သည်။ ထိပ်သီးအင်အားစုများမှ တန်ခိုးရှင်များသည် ပုံမှန်အားဖြင့် စဥ်းလဲကြပြီး သူ့ကဲ့သို့ ဂျူနီယာလေးကို မည်သို့ ဂရုစိုက်ပါလိမ့်မည်နည်း။ သူသည် ရန်ဟောင်တစ်ပါးဖြစ်ကာ ပြိုင်ဘက်ကင်း ပါရမီရှိသော်လည်း ထိပ်သီးအင်အားစုများမှ လူများနှင့် သူ့ကြားတွင် ကွာခြားမှုက ကြီးမားလေသည်။
“ခင်ဗျားက အဲဒီစကားကို ယုံကြည်တယ်ဆိုရင် ခင်ဗျားနဲ့ ရှန်ရှောင်းကလန်က လူတွေ ဘာလို့ ဘာမှ မလုပ်တာလဲ။” ရီဖူရှင်းက မိစ္ဆာခုနစ်ပါး ကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
“သခင်လေးရီနဲ့ ကျုပ်တို့ ကြားမှာ ရန်ငြိုးမှ မရှိတာ။ ဘာလို့ လုပ်ရမှာလဲ။” မိစ္ဆာခုနစ်ပါး ၏ အသံက အရိုးခံအတိုင်း ထွက်ပေါ်လာသည်။ သူ့ကို မသိသည့်သူများက သူ့ကို ယုံကြည်မိသွားကြပေလိမ့်မည်။ “ဒါပေမယ့် သခင်လေးရီက လူတစ်ယောက်ထက်ပိုပြီး အသုံးပြုနိုင်တဲ့ ရတနာသိုက်ကြီးတစ်ခုလုံးကို ရခဲ့တာပဲ။ အခု ထိပ်သီးအင်အားစုတွေ အားလုံး ဒီမှာရောက်နေတယ်ဆိုတော့ ဘာလို့ ခွဲဝေမပေးရတာလဲ။ အဲဒီလိုဆိုရင် ထိပ်သီးအင်အားစုတွေရဲ့ စွမ်းအားက အတော်ကို တိုးပွားလာနိုင်ကြလိမ့်မယ်။ ပျော်စရာမကောင်းပေဘူးလား။ သခင်လေးရီ ရခဲ့တဲ့ နတ်လက်နက်အတွက်တော့ အထက်ကိုးဘုံက လူတွေကို ကြည့်ရှုစေပြီး သူတို့ကို အတွေ့အကြုံရလာအောင် မျှဝေပေးသင့်ပါတယ်။ သခင်လေးရီ အဲဒီကိစ္စကို ဘယ်လိုများ ထင်လဲ။”
မိစ္ဆာခုနစ်ပါး က အလွန် သဘောထားကြီးဟန်ဖြင့် အခြားသူများကိုယ်စား ပြောလိုက်သည်။ သူက အလွန် သမာသမတ်ကျသလို ထင်မှတ်ရသော်လည်း အမှန်တကယ်တွင် အလွန် ကောက်ကျစ်လှပေသည်။ သူသည် အထက်ကိုးဘုံမှ အင်အားစုများအားလုံး ရှေ့တွင် ရီဖူရှင်း ရရှိခဲ့သည့် ရတနာများကို ခွဲဝေပေးရန်နှင့် နတ်လက်နက်ကို ထုတ်ယူလာရန် ပြောနေသည်။ သူ၏ ရည်ရွယ်ချက်မှာ နတ်လက်နက်များကို ဓားပြတိုက် ခွဲဝေယူရန်သာ ဖြစ်လေသည်။
ထို့ပြင် အခြေအနေက အမှန်တကယ် ဤသို့ ဖြစ်လာခဲ့လျှင် ပစ္စည်းများကို ခွဲဝေယူရုံမျှ ရိုးရှင်းလိမ့်မည် မဟုတ်ပေ။ မိစ္ဆာခုနစ်ပါး ၏ ကောက်ကျစ်စဥ်းလဲမှုကြောင့် ရီဖူရှင်းက သေချာပေါက် သေရပေလိမ့်မည်။
ဘုန်းကြီး ထိုသို့ ပြောလိုက်ပြီးနောက် ရီဖူရှင်းသည် ထိပ်သီးအင်အားစုမှ လူများ သူ့ကို ကြည့်နေသည့် အကြည့်များက ပိုမိုပြင်းထန်လာသည်ကို ခံစားမိပေသည်။ ကြည့်ရသည်မှာ သူတို့သည် လှုပ်ရှားရန် အသင့်ဖြစ်နေပြီး အချိန်မရွေး တိုက်ခိုက်တော့မည် ဖြစ်သည်။
ထိုအချိန်တွင် ရီဖူရှင်းသည် တိုက်ပွဲမြေပြင်၌သာ ရှိနေသေးသည်။ ရွှေရောင်နတ်ပြည်ထောင်မှ ရန်ဟောင်တစ်ပါးသည် ကိုက်ကျိုထျန်း သေသွားသည်ကို မြင်သည့်အခါ သူ့ထံမှ တိုက်ခိုက်ရေးစွမ်းအားများ ပေါက်ကွဲထွက်လာပြီး လေထုကို တုန်ခါသွားစေသည်။ သို့သော် သောကျောက်၏ ဒုတိယဦးလေးသည်လည်း ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားနှင့် စစ်နတ်ဘုရားအဆင့်တွင် ရှိနေသည်။ သူသည် အာရုံပြောင်းနိုင်သည့် အခွင့်အရေး အနည်းငယ်မျှပင် ပေးလိမ့်မည် မဟုတ်ပေ။
ကောင်းကင်ထက်တွင် အရှင်ထိုက်ရွှမ်နှင့် ရွှေရောင်နတ်ပြည်ထောင်မှ ပြည်ထောင်ဘုရင် ကြားမှ တိုက်ပွဲသည် အောက်ဘက်ဆီသို့ပင် ဖိအားလှိုင်းများ သက်ရောက်စေကာ လေထုက တုန်ခါနေခဲ့သည်။ ပြည်ထောင်ဘုရင်သည်လည်း သူ၏ သား သေဆုံးသွားသည်ကို ခံစားမိပေသည်။
ရီဖူရှင်းက တိုက်ပွဲအနီးအနားကို ဝေ့ဝဲကြည့်လိုက်သည်။ ထိုက်ရွှမ်တောင်မှ ရန်ဟောင်များနှင့် သောမျိုးနွယ်စုမှ တိုက်ပွဲတွင် ပါဝင်ပေးနေသည့်အတွက် သူ အလွန် ကျေးဇူးတင်မိပေသည်။
“မင်းက တကယ်ပဲ နတ်လက်နက်ကို ရရှိခဲ့ပြီး မဟာအင်ပါယာရဲ့ အမွေအနှစ်ကို ဆက်ခံခဲ့တာလား တူလေး။” အသံတစ်ခု ထွက်ပေါ်လာသည်။ ထိပ်သီးအင်အားစုတစ်ခု တန်ခိုးရှင်များထဲမှ တစ်ယောက်က သူ့ကို ကြည့်နေကာ တူလေး ဟု ခေါ်လိုက်သည်။ မိစ္ဆာခုနစ်ပါးရီဖူရှင်းသည် ထိုသူကို နတ်ဘုရားအမွေအနှစ် နယ်မြေသို့ မဝင်ရောက်ခင်၌ မြင်ဖူးခဲ့သည်။ ထျန်းဟယ်မဟာအကြီးအကဲသည် သူ့ကို ဗဟိုအင်ပါယာဘုံသို့ ခေါ်ဆောင်လာခဲ့ပြီးနောက် နတ်ဘုရားအမွေအနှစ် နယ်မြေသို့ ဝင်ခွင့်ရရန် သွားရောက် တောင်းဆိုခဲ့သူများထဲမှ တစ်ဦး ဖြစ်သည်။
ထိုသူမှာ ကောင်းကင်မျှော်စင် ကျောင်းတော်မှ ဒုကျောင်းအုပ်ပင် ဖြစ်၏။ သူက ထျန်းဟယ်မဟာအကြီးအကဲကြောင့်နှင့် ပြဿနာတွင်း မကျရောက်လို၍ သူ့ကို ကူညီရန် ငြင်းဆန်ခဲ့သည်။
ကောင်းကင်မျှော်စင် ကျောင်းတော်မှ တပည့်များသည် နတ်ဘုရားအမွေအနှစ် နယ်မြေသို့ ဝင်ရောက်ခဲ့ကြသော်လည်း သူတို့က သတိပြုခံရလောက်အောင် ထင်ရှားခြင်းမရှိပေ။ သူတို့တွင် အထူးချွန်ဆုံး ကျောင်းသားများပင် ရှိမနေခဲ့ပေ။ ဤနေရာတွင် အင်အားစုကြီးများစွာ ရှိနေပြီး အများစုမှာ အလွန်အကျုး အားကောင်းလှခြင်း မရှိပေ။
သို့သော် ဤလူက သူ့ကို တူလေးဟု ခေါ်လိုက်ခြင်းမှာ သူသည် မာယာဆင်ကာ ရီဖူရှင်း၏ ရင်းနှီးမှုကို ရယူချင်နေသည်ဟု ခံစားမိစေသည်။
ထို့ပြင် သူသည် လျှို့ဝှက်ရည်ရွယ်ချက်ရှိသော မေးခွန်းကို မေးခဲ့သည်။ သူနှင့် ထျန်းဟယ်မဟာအကြီးအကဲသည် တစ်ချိန်က မိတ်ဆွေများ ဖြစ်သည်ဟူသော အချက်ကို အသုံးချချင်နေသည်။
“ဒါပေါ့။” ရီဖူရှင်းက ပြောလိုက်သည်။ “ပြီးတော့ ကောင်းကင်နန်းတော်အောက်မှာ ကျုပ်တစ်ယောက်တည်း မဟာအင်ပါယာရဲ့ စွမ်းအားတွေကို ခံစားမိခဲ့တာ မဟုတ်ဘူး။ တခြားတန်ခိုးရှင်တွေ အားလုံးကလည်း ကိုယ်ပိုင်အမွေအနှစ်တွေ ဆက်ခံရရှိခဲ့ကြတယ်။ ပြီးတော့ ကောင်းကင်နန်းတော်က နတ်လက်နက်တွေကို ရရှိခဲ့တာ လူဆယ်ယောက်ရှိတယ်။”
ကောင်းကင်မျှော်စင် ကျောင်းတော်မှ ဒုကျောင်းအုပ်က ခေါင်းညိတ်လိုက်သည်။ “အရင်က နတ်ဘုရားအမွေအနှစ် နယ်မြေကို အများအပြား သွားရောက်ဖူးပေမယ့် ဘယ်သူကမှ ဒီလောက် ကံမကောင်းခဲ့ကြဘူး။ မင်းကတော့ ရတနာသိုက်ကို ရရှိနိုင်တဲ့ အခွင့်အရေးတောင် ရခဲ့တာဆိုတော့ အံ့သြစရာပဲ။ မင်းရတနာတွေကို ထုတ်ပြီး ငါတို့ကို ပြပါလား။ ငါတို့ ကြိုက်တာ ရှိခဲ့ရင် ငါတို့ရဲ့ ကိုယ်ပိုင်ရတနာနဲ့ လဲလှယ်ပေးနိုင်ပါတယ်။”
ကောင်းကင်မျှော်စင် ကျောင်းတော်၏ ဒုကျောင်းအုပ်က သူ၏ ကျင့်ကြံဆင့်တွင် ထိပ်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်ကာ အလွန်လည်း အစွမ်းထက်လှသည်။ သူသည် တိုးတက်ရန် အခွင့်အရေးတစ်ခု လိုအပ်နေသော်လည်း နတ်ဘုရားအမွေအနှစ် နယ်မြေအတွင်းသို့ သွားရောက်ခွင့် မရှိခဲ့ပေ။ ထို့ကြောင့် သူက ရီဖူရှင်း၏ အကြောင်းကို ကြားသည့်အခါ ထိပ်တန်းအဆင့် နတ်လက်နက်အချို့ကို ရယူလိုနေသည်။ သူက ထိုအရာများထဲမှ ထူးခြားသည့် ပစ္စည်းတစ်ခုခုကို ရရှိခဲ့ပါလျှင် သူက နောက်ထပ် ခြေတစ်လှမ်း တိုးတက်နိုင်မည့် အခွင့်အရေး ရလာပေလိမ့်မည်။
ထို့ကြောင့် သူက ထိုသို့ လုပ်ရန် ပြောနေခြင်း ဖြစ်သည်။
“လဲလှယ်မယ်တဲ့လား။” ရီဖူရှင်းက ကောင်းကင်မျှော်စင် ကျောင်းတော်၏ ဒုကျောင်းအုပ်ကို ကြည့်လိုက်သည်။ ထိုသူက သူ့ကို အရူးဟုများ ထင်နေခဲ့သလား။
“ရီဖူရှင်း မင်း သိုင်းနတ်ဘုရားကလန်က ရန်ဟောင်တစ်ပါးဖြစ်တဲ့ ဝူမုန့်ကို သတ်ခဲ့တယ်။ ငါတို့ကြားက ဒီကိစ္စကို ဘယ်လို ဖြေရှင်းကြမလဲ။” ဝူကျန်းက ပြောလိုက်သည်။ သူက အခြေအနေကို အခွင့်အရေးအပြည့် ယူခဲ့သည်။
ရီဖူရှင်းသည် ယခုတွင် အန္တရာယ်များသည့် အနေအထားတွင် ရှိနေသည်။ ရွှေရောင်နတ်ပြည်ထောင်နှင့် ကောင်းကင်အာဏာစက်ပြည်ထောင် နှစ်ခုလုံးက သူ့ကို သတ်ချင်နေသည်။ သူက အလွန် အရည်အချင်း ရှိသော်လည်း မလူးသာမလွန့်သာ အခြေအနေ၌ ဖြစ်နေခဲ့၏။ အနည်းငယ် သတိမမူလိုက်မိလျှင်ပင် သေကြေပျက်စီးရလိမ့်မည် ဖြစ်သည်။
ဤအခြေအနေ၌ သူက အသက်ထက်ပိုကာ ရတနာများကို တန်ဖိုးထားနေပါမည်လား။
“မြူခိုးအကျိုင်းထောင်ကလန်က ရန်ဟောင်တစ်ပါးကိုလည်း ဆုံးရှုံးခဲ့ရတယ်။” မြူခိုးအကျိုင်းထောင် ကလန်မှ တန်ခိုးရှင်တစ်ဦးက ပြောလိုက်သည်။
“ရတနာသွန်းဖြိုးဘုရားကျောင်း ကလည်း ရုပ်တုတွေထဲက တစ်ခုရဲ့ အမွေအနှစ်ကို ရသင့်တယ်လို့ ထင်တယ်။” ရတနာသွန်းဖြိုးဘုရားကျောင်း မှ တန်ခိုးရှင်တစ်ဦးက ပြောလိုက်သည်။
သူတို့အားလုံးသည် ရီဖူရှင်းနှင့် စာရင်းရှင်းရန် ပြင်ဆင်နေကြသည်။
အမှန်တွင် ရီဖူရှင်းသည် နတ်ဘုရားအမွေအနှစ်နယ်မြေအတွင်း ထောက်ထားညှာတာမှုကို ပြသခဲ့ပြီး ဖြစ်ကာ ပြတ်ပြတ်သားသား လုပ်ဆောင်ခဲ့ခြင်း မရှိပေ။ လေဟာနယ်ခန်းမမှ ရတနာများကို ရယူပြီးနောက် သူက ဤအခြေအနေမျိုးကို ကြောက်ရွံ့သည့်အတွက် လူတိုင်းကို သွားခွင့်ပြုခဲ့သည်။
သို့သော် အခြားသူများက ထိုအချင်းအရာကို သဘောကျပုံမပေါ်ပေ။
“ခင်ဗျားတို့အားလုံးက ထိပ်သီးအင်အားစုတွေ ဖြစ်ပေမယ့် နတ်ဘုရားအမွေအနှစ် နယ်မြေအတွင်းက ပဋိပက္ခတွေအတွက် ဂျူနီယာလေးတစ်ယောက်နဲ့ စာရင်းရှင်းချင်နေကြတယ်။ ခင်ဗျားတို့ တော်တော်အရှက်မဲ့တယ်လို့ မထင်ကြဘူးလား။” ယွမ်ယန်ကလန်မှ တန်ခိုးရှင်တစ်ဦးက ပြောလိုက်သည်။ သူတို့သည် ဝိညာဥ်လက်နက် ငါးခု ရရှိခဲ့ပြီး ယွမ်ဟုန်က ရီဖူရှင်းနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိသည်ဖြစ်ရာ တစ်ဖက်လူ၏ စိတ်ကောင်းစေတနာကို ခက်ခဲအောင်လုပ်၍ ပြန်မပေးဆပ်သင့်ပေ။
“မင်းနဲ့ မင်းတို့ ကလန်က အစွမ်းထက်တဲ့ ဝိညာဥ်လက်နက်တွေ ရခဲ့တာကိုး။ ဘယ်ဂရုစိုက်ပါ့မလဲ။” သိုင်းနတ်ဘုရားကလန်မှ တန်ခိုးရှင်တစ်ဦးက သရော်လိုက်သည်။
တိုက်ပွဲက တည်ငြိမ်သွားခြင်း မရှိသေးပေ။ စွမ်းအား လှိုင်းများက မြင့်တက်နေဆဲ ဖြစ်ကာ အဘက်ဘက်၌ ရန်သူများသာ ရှိနေခဲ့သည်။
ယခုတွင် ရီဖူရှင်းက ဆိုးဝါးလှသည့် အခြေအနေအတွင်း ရောက်ရှိနေခဲ့သည်။
“နတ်ဘုရားအမွေအနှစ် နယ်မြေအတွင်းက ပဋိပက္ခတွေက အဲဒီမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေကြောင့်ပဲ။ ဘာလို့ မင်းက နတ်လက်နက်ရရှိခဲ့တဲ့ တခြားလူတွေကို သွားမရှာတာလဲ။” ယွမ်ယန်ကလန်မှ တန်ခိုးရှင်က မေးလိုက်သည်။
“အဲဒီတော့ ရရှိခဲ့တဲ့ ဝိညာဥ်လက်နက်တွေကို အထက်ကိုးဘုံက တခြားအင်အားစုတွေနဲ့ ဝေမျှဖို့ မပြင်ဆင်ထားဘူးလား။ ဒါပေါ့လေ။ မင်းမှာ ဒီပစ္စည်းတွေ ရှိတယ်ဆိုကတည်းက မင်းရဲ့ စွမ်းအားတွေက အတော် တိုးပွားလာမှာပဲ။ အဲဒီကြောင့် မင်းက သူ့အတွက် ခုခံကာကွယ်ပေးနေတာလည်း အကြံကောင်းတစ်ခုပဲပေါ့။” သိုင်းနတ်ဘုရားကလန်မှ တန်ခိုးရှင်က အေးစက်စွာ ပြုံးရင်း ပြောလိုက်သည်။
“ခင်ဗျားတို့အားလုံးက ဝိညာဥ်လက်နက်တွေ လိုချင်နေကြတာလား။” ရီဖူရှင်းက အားလုံးကို မေးလိုက်သည်။
“ငါတို့က အလဲအထပ်ပေးမှာပါ။ အလကားယူမှာ မဟုတ်ပါဘူး။”
ကောင်းကင်မျှော်စင် ကျောင်းတော်မှ ဒုကျောင်းအုပ်က ပြောလိုက်သည်။ သူက ရီဖူရှင်းကို အနည်းငယ် မျက်နှာသာပေးရန် ကြိုးစားပြောလိုက်သည်။
ရီဖူရှင်းသည် သူ့ကို စူးစိုက်ကြည့်ကာ အနီးသို့ ချဥ်းကပ်လာသူများကို စောင့်ကြည့်နေခဲ့သည်။
သူသည် ထိုသူများက လွယ်ကူစွာ လက်လွှတ်ပေးလိမ့်မည် မဟုတ်သည်ကို သိရှိပေသည်။ သူက ကောင်းကင်အာဏာစက်ပြည်ထောင်နှင့် ရွှေရောင်နတ်ပြည်ထောင်တို့၏ တိုက်ခိုက်မှုကို ကာကွယ်နိုင်သော်လည်း ထွက်ပြေးလွတ်မြောက်ရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။
မှော်လက်နက်များက လူအများ၏ နှလုံးသားကို လှုပ်ရှားစေပြီး လေဟာနယ်ခန်းမအတွင်းမှ ရတနာများသည် အထက်ကိုးဘုံမှ မည်သည့် အင်အားစုများတွင် ရှိသည်ထက် ပိုမိုများပြားလှသည်။ ဤသည်မှာ မည်မျှ အဖိုးထိုက်တန်သည်ကို ပြသနေ၏။ ၎င်းသည် ထိပ်သီးအင်အားစုတစ်ခု၏ အခြေအနေကိုသာမက ထိပ်သီးအင်အားစု အများအပြား၏ အခြေအနေကိုပင် ပြောင်းလဲသွားစေနိုင်ပေသည်။
ဤသည်မှာ ဘုံများ၏ ထိပ်သီးပုဂ္ဂိုလ်များကို လောဘတကြီး အတွေးများ ဝင်လာစေရန် လုပ်ဆောင်နေသည်။ အဆုံးမှာတော့ လောကအတွင်းမှ တန်ခိုးရှင်များအားလုံးသည် သူတို့၏ စွမ်းအား တိုးလာစေရန် တိုက်ခိုက်နေကြခြင်း ဖြစ်ပေသည်။
***