နတ်ဓားများက ကောင်းကင်ကို ထိုးဖောက်လာသည်။ ကိုက်ကျိုထျန်းက တစ်ဖန် လက်ဝါးရိုက်ချက်ကို ထုတ်ဖော်ကာ သူတို့အား တားဆီးလိုက်သည်။ “မဟာလမ်းစဥ် ပြီးပြည့်စုံခြင်းနတ်ဝင်ရိုး” ကိုက်ကျိုထျန်း၏ နှလုံးသားက တုန်ယင်သွားသည်။ ၎င်းက သူတို့၏ အဆင့်ကွာခြားမှုကို လျစ်လျူရှုနိုင်လိမ့်မည်လား။
ယင်းက အက်ကြောင်းမဲ့ နတ်ဝင်ရိုးဖြစ်ပြီး သူသည်က ရတနာ အဆင့်သာ ရှိလေသည်။ သို့ပေမယ့် မည်သည့်အတွက် ထိုမျှ ကြီးမားသော ကွာဟချက် ရှိနေရသနည်း။
ရီဖူရှင်းသည်လည်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ အမှန်တွင် သူက ရန်ဟောင်အဆင့်သို့ ရောက်ရုံမျှသာ ရှိသေးပေသည်။ သူက အက်ကြောင်းမဲ့ နတ်ဝင်ရိုးကို ဖွဲ့စည်းနိုင်ခဲ့သော်လည်း သူ၏ တိုက်ပွဲစွမ်းရည်က မည်မျှအားကောင်းကြောင်းနှင့် သူတို့နှစ်ယောက်အကြား ကွာခြားချက်မည်မျှ ကြီးမားကြောင်း မသိရှိပေ။ ယခု တိုက်ပွဲသည် သူ ရန်ဟောင်ဖြစ်လာပြီးနောက် ပထမဆုံး တိုက်ပွဲဖြစ်လေသည်။
ကြည့်ရသည်မှာ သူက တွေးထားသည်ထက်ပင် ပို၍ အစွမ်းထက်နေပုံရသည်။
ကိုက်ကျိုထျန်းသည် သာမန်လူမဟုတ်ပေ။ သူက ရွှေရောင်နတ်ပြည်ထောင်မှ ရတနာ အဆင့် နတ်ဝင်ရိုးနှင့် ထူးချွန်သည့် အရည်အချင်းရှိသူ တစ်ဦး ဖြစ်လေသည်။ သို့သော် ဤတိုက်ပွဲအတွင်း ရီဖူရှင်းသည် ထိုသူ၏ နတ်ဝင်ရိုးဖိအားကို ခံစားခဲ့ရခြင်း မရှိပေ။
ထိုသို့တွေးမိပြီး သူက လှံကို ပြန်ဆွဲယူလိုက်သည်။ ကြည့်ရသည်မှာ သူက အလွန်အကျွံတွေးနေမိခဲ့ပုံပင်။ သူက ကိုက်ကျိုထျန်းကို တိုက်ခိုက်ရန် မလိုအပ်ခဲ့ပေ။
သူ၏ ခန္ဓာကိုယ်သည် တောက်ပသည့် နတ်အလင်းတို့နှင့် လွှမ်းခြုံထားပြီး သူ့ပေါ်သို့ မဟာလမ်းစဥ်စွမ်းအားများ ကျဆင်းနေခဲ့သည်။ လေထဲမှ ဆံပင်အဖြူရောင်နှင့် ရန်ဟောင်တစ်ပါးအား မဟာလမ်းစဥ် အလင်းများနှင့် လွှမ်းခြုံထားသည်ကို မြင်ရသည်မှာ နတ်ဘုရားတစ်ပါးသဖွယ်ပင် ဖြစ်တော့၏။ လူတိုင်းသည် ထို မြင်ကွင်းကို တွေဝေစွာ ကြည့်နေခဲ့ကြသည်။ သူက ရန်ဟောင်အဆင့် တက်လှမ်းပြီးစ အခြေအနေ ဟုတ်ပါရဲ့လား။
ရန်ဟောင် အလယ်အဆင့်များပင် ထိုမျှထိ မခမ်းနားမထည်ဝါနိုင်ကြပေ။
အင်အားစုကြီးများ၏ အဓိကလူအချို့ပင် သူက မည်သည့်အတွက်ကြောင့် ထိုသို့ အစွမ်းထက်ရသည်ကို နားမလည်နိုင်ကြပေ။ သူတို့နှစ်ဦးကြားမှ ကွာခြားချက်က သိသိသာသာ ကြီးမားလှသည်။ ရန်ဟောင်အဆင့်များကြားမှ ကွာခြားချက်သည် ကောင်းကင်နှင့် မြေကြီးကြားမှ အကွာအဝေးကဲ့သို့ ခွန်အားအရာအရ ကြီးမားသည့် ကွာခြားချက်ရှိနေသည်ဟု အကြီးအကဲက ပြောထားခဲ့ခြင်း ရှိပါရဲ့လား။
သို့ဆိုလျှင် သူတို့ရှေ့၌ မည်သည်တို့ ဖြစ်ပျက်နေခဲ့သနည်း။
ရီဖူရှင်းသည် ကျင့်ကြံခြင်းအပေါ်ထားသော သူတို့၏ အမြင်များကို ဖျက်ဆီးပစ်လိုက်သည်ဟု ထင်မှတ်ရသည်။
ဓားများ၏ တုန်ခါနေသော အသံက ထွက်ပေါ်လာပြီး တေးသွားနှင့် ပေါင်းစပ်သွားသည်။ သူသည် မဟာလမ်းစဥ်ကို ကြိုးများအဖြစ် အသုံးပြုပြီး ကြိုးတစ်ခုချင်းစီသည် ဓားသွားများဖြင့် ပြုလုပ်ထားသကဲ့သို့ ထင်မှတ်ရသည်။ တေးသွားသည် နတ်ဘုရားတို့ပူဆွေးခြင်းပင် ဖြစ်၏။ ထို့ပြင် ဓားစွမ်းအားသည် လျှပ်တပြက်နတ်ဓား ဖြစ်လေသည်။
ရီဖူရှင်းသည် လက်ကို ဆန့်ထုတ်လိုက်ပြီး မဟာလမ်းစဥ် ကြိုးများကို တီးခတ်လိုက်သည်။ တခဏအတွင်း မဟာလမ်းစဥ်က နောက်ပြန် စီးဆင်းသွားသည်။ အဆုံးမဲ့ ဓားအလင်းများက လေထုကို ဖြတ်သန်းထိုးဖောက်ကာ ၎င်း၏ လမ်းကြောင်းအတွင်း အရာအားလုံးကို ထိုးဖောက်ဖျက်ဆီးလိုက်သည်။ မရေတွက်နိုင်သည့် ဓားများ၏ အသံက ညံစီစွာ ထွက်ပေါ်နေပြီး ကောင်းကင်ကို ဖြတ်သန်းသွားခဲ့သည်။
ဘုန်း…
ကိုက်ကျိုထျန်းသည် သူ့ကို မဟာလမ်းစဥ်၏ မရေတွက်နိုင်သော ကြိုးများဖြင့် ဝန်းရံထားသည်ဟု ခံစားနေရသည်။ မရေတွက်နိုင်သော ဓားစွမ်းအားများက သူ့ထံသို့ ရိုက်ခတ်လာသည်နှင့် သူက လက်နှစ်ဖက်ဖြင့် ချိပ်စည်းသဏ္ဌာန် ဖော်လိုက်သည်။ နတ်တေးသွားက သူ့ကို ရစ်ပတ်ထားပြီး ၎င်းသည် သူနတ်ဘုရားပူဆွေးမှုမှ သက်ပြင်းချသံကဲ့သို့ ဖြစ်လေသည်။ သူ၏ ခန္ဓာကိုယ်သည် ရွှေရောင်အလင်းတို့ဖြင့် တောက်ပလာပြီး ရွှေရောင်နတ်ဘုရားအဖြစ် ပြောင်းလဲသွားသည်။ သူ၏ ခမ်းနားသော နတ်အရှိန်အဝါက သူ့အနီးရှိ အရာအားလုံးကို ဖိနှိပ်နေပြီး လူတိုင်းကို မွန်းကြပ်လာစေသည်။ ဓားများက သူ့ဆီသို့ ရောက်ရှိလာပြီး သူ့အနီးရှိ ရွှေရောင်ရုပ်တုများ၏ တားဆီးထားခြင်းကို ခံလိုက်ရသည်။
တစ်ချိန်တည်းမှာပင် သူသည် လက်ကို မြှောက်ကာ ရီဖူရှင်းထံ ရိုက်ခတ်လိုက်သည်။ ထိုအချိန်၌ မရေတွက်နိုင်သည့် ရွှေရောင်နတ်ဘုရားများက သူ့ထံ ပြေးဝင်သွားပြီး ကောင်းကင်၌ ကြီးမားသည့် ရွှေရောင်နတ်ဘုရားတစ်ပါး ပေါ်ပေါက်လာသည်။ ဤရိုက်ချက်သည် ကိုက်ကျိုထျန်း နှင့် နတ်ဘုရားတစ်ပါး၏ ဒေါသများ ပါဝင်နေသည်ဟု ထင်မှတ်ရသည်။ ၎င်းက လေထုကို ဖြတ်သန်းသွားခဲ့သည်။
တေးသွားအောက်တွင် မဟာလမ်းစဥ်၏ မရေတွက်နိုင်သော ကြိုးများက အဆုံးမဲ့ ဓားစွမ်းအားတို့နှင့် တသားတည်း ဖြစ်နေသည်။ ရီဖူရှင်း၏ နတ်ဝင်ရိုး စွမ်းအားများက ပေါက်ကွဲထွက်လာသည်။ ထိုအခိုက်တွင် သူက ကောင်းကင်နှင့် မြေကြီးတို့၏ ရောင်စဥ်တို့နှင့် တောက်ပနေပြီး သူက လောကမဟာလမ်းစဥ်ကို အပြည့်အဝ ထုတ်ဖော်အသုံးချနေသည်။
ထောင်ချီသည့် အလင်းတန်းများက ရေတံခွန်ကဲ့သို့ ကျဆင်းလာခဲ့သည်။ ထိုအချိန်တွင် ရီဖူရှင်းသည် ကောင်းကင်ကိုးဆင့်မှ နတ်ဘုရားတစ်ပါးလို မသေမျိုးတစ်ဦးကဲ့သို့ ထင်မှတ်ရသည်။ သူ၏ ငွေရောင်ဆံပင်များက လေထဲတွင် ကခုန်နေကြသည်။ သူ၏ အသွင်အပြင်သည် အမြဲလိုလို ခန့်ညားနေသော်လည်း ယခုတွင် ပြိုင်ဘက်ကင်း သူရဲကောင်းတစ်ဦးကဲ့သို့ ဖြစ်လေသည်။ ယခု သူသည် ရန်ဟောင်ဖြစ်လာပြီး ရန်ဟောင်အဆင့် အရှိန်အဝါတို့ ရှိနေသည်။ သု့ထံမှ ပေါက်ကွဲထွက်လာသော အလင်းသည် ကျင့်ကြံဆင့် သိပ်မမြင့်သည့် အမျိုးသမီးအနည်းငယ်အား မိန်းမောတွေဝေသွားစေသည်။
ရှားရှင်းယွန်သည်လည်း လေထဲမှ ထိုပုံရိပ်ကို နှုတ်ဆိတ်ကာ ကြည့်နေခဲ့သည်။ သူမ၏ မျက်လုံးထဲ၌ သူတစ်ယောက်သာလျှင် တည်ရှိနေတော့သလိုပင် ဖြစ်သည်။
သူမ၏ ဘေးမှ အင်ပါယာရှားသည် စိတ်ထဲမှ တုန်လှုပ်သွားပေသည်။ သူက သူ့သမီးကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။ သူ၏ အဖိုးတန်လှသော သမီးလေးက ရီဖူရှင်းအပေါ် ကြွေဆင်းနေခဲ့သည်။ ထိုခံစားချက်က အတော်လေး နက်ရှိုင်းနေခဲ့ပြီး ဖြစ်လေသည်။
သို့သော် ထိုလူငယ်က အတော်လေး ကြည့်ကောင်းလှသည်။ သူ၏ ချောမောမှုက ခုနစ်ဆယ်ရှစ်ဆယ် ရာခိုင်နှုန်းခန့် ရှိလေသည်။
နတ်အလင်းက ကောင်းကင်၌ ထွန်းလင်းလာကာ ရီဖူရှင်းက ညွှန်လိုက်သည်။ ထိုအခိုက်အတန့်တွင် နတ်ဓားတစ်လက်က ကျဆင်းလာသလို ထင်မှတ်ရပြီး ကောင်းကင်ကို ဖြတ်သန်းခုတ်ပိုင်းလာသည်။
ထိုဓားတစ်လက်မှ အလင်းသည် မိုင်သုံးထောင်ကျော်ထိ ပျံနှံ့သွားပေသည်။
လူအများသည် ထိုသည်မှာ ဓားတစ်လက်ဖြစ်ကြောင်းပင် မပြောနိုင်တော့ချေ။ သူတို့သည် အဆုံးမဲ့ဓားစွမ်းအားများက ဖြတ်သန်းထိုးဖောက်သွားသည့် အလင်းတန်း တစ်ခုကိုသာ မြင်ကြရသည်။
အလင်းတန်းသည် ရွှေရောင်နတ်ဘုရားထံ ကျဆင်းသွားပြီး ပိုမိုများပြားသည့် အလင်းတန်းတို့ ပေါက်ကွဲထွက်လာစေသည်။ ရွှေရောင်နတ်ဘုရားသည် ထိုးဖောက်ခံလိုက်ရကာ ၎င်းတွင် အပေါက်တစ်ပေါက် ဖြစ်ပေါ်လာပြီး ဖျက်ဆီးခံလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ဓားအလင်းများက ကိုက်ကျိုထျန်းထံသို့ ကျဆင်းလာသည်။
ကိုက်ကျိုထျန်းသည် ဟစ်ကြွေးကာ သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။ ဓားက သူ့ထံရောက်ရှိလာသည့်အခါ ကျယ်လောင်ဝည့် အသံနှင့်အတူ သူ့ နတ်ဝင်ရိုးတွင် အက်ကြောင်းများ ဖြစ်ပေါ်လာကာ လျင်မြန်စွာ အားနည်းသွားခဲ့သည်။
“ကိုက်ရှီကို သွားရှာတော့” ရီဖူရှင်းက မဟာလမ်းစဥ် ကြိုးများထံ လက်ကို ဝှေ့ယမ်းလိုက်သည်။ ဓားပုံရိပ်များက ကောင်းကင်တစ်ခွင်ကို လွှမ်းခြုံဝါးမျိုသွားသည်။ ဓားများက ဓားမုန်တိုင်းအသွင်သို့ ပြောင်းလဲသွားသည်။ ကိုက်ကျိုထျန်း၏ ခန္ဓာကိုယ်က မည်သည်မှ မကျန်တော့သည်အထိ တစတစ ပျက်စီးသွားခဲ့လေသည်။
ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်က အပြီးတိုင် ပျောက်ကွယ်သွားခဲ့သည်။ သူရှိနေခဲ့သည့်နေရာတွင် ဓားစွမ်းအားများသာလျှင် ကျန်ရစ်ခဲ့တော့၏။
ရွှေရောင်နတ်ပြည်ထောင်၏ နောက်ထပ် ရန်ဟောင်တစ်ပါး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
သူသည် ရီဖူရှင်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပေသည်။
သူက မည်သည့် ထောက်ထားညှာတာမှုမှ မပြုခဲ့ပေ။ ဤတစ်ကြိမ်၌ သူက ထိုသူကို ကိုယ်တိုင်သတ်ဖြတ်ခဲ့သည်။ ကိုက်ကျိုထျန်းသည် ရီဖူရှင်းကို သတ်ဖြတ်ချင်ခဲ့သော်လည်း ယခု သူက သေဆုံးခဲ့သည်။ ထိုသည်က သတ်ဖြတ်ခြင်း မဟုတ်ဘဲ အသတ်ခံရခြင်းသာ ဖြစ်လေသည်။
တစ်ယောက်ကို သတ်ခြင်းနှင့် နှစ်ယောက်ကို သတ်ဖြတ်ခြင်းကြားတွင် ကွာခြားမှု မရှိပေ။
ရွှေရောင်နတ်ပြည်ထောင်၏ စွမ်းအားအရ သူတို့က သူ့ကို ကျိန်းသေ ခွင့်လွှတ်လိမ့်မည် မဟုတ်ပေ။ သူတို့က သူ့ကို သတ်ဖြတ်ချင်နေကြသည်။ ဤအခြေအနေအောက်တွင် သူသည် သူတို့ထက် အားနည်းလိမ့်မည် မဟုတ်ပေ။
ရွှေရောင်နတ်ပြည်ထောင်သည် ဖုံးကွယ်ထားသော လျှို့ဝှက်အင်အားများနှင့် မရေတွက်နိုင်သည့် တန်ခိုးရှင်များစွာ ရှိသည်။ သို့သော် ပျက်စီးခြင်းမြို့တော်သို့ သူတို့အားလုံး လာရောက်ခြင်း မရှိပေ။ ရန်ဟောင်အနည်းငယ်သာလျှင် လာရောက်ခဲ့ပေသည်။
“သူက သူ့ကို သတ်လိုက်တယ်…” လူတိုင်း၏ နှလုံးသားများက တုန်ယင်နေသည်။ ရန်ဟောင်အဆင့်သို့ ရောက်ရုံသာ ရှိသေးသည့် ရီဖူရှင်းက တတိယအဆင့် နတ်ဝင်ရိုးပိုင်ရှင် ကိုက်ကျိုထျန်းကို သတ်ဖြတ်ခဲ့သည်။ ပြိုင်ပွဲဟူ၍ပင် ဆိုမရလောက်အောင် သူ၏ နတ်ဝင်ရိုးကို ထုတ်ဖော်လိုက်သည်နှင့် တစ်ဖက်လူက သေကြေပျက်စီးရလေသည်။
သူတို့အကြား၌ ကွာခြားချက်က မည်မျှ ကြီးမားနေခဲ့သနည်း။
ထိပ်သီးအင်အားစုများမှ ပုဂ္ဂိုလ်ကြီးများက အတွင်းကြိတ်ကာ သက်ပြင်းချလိုက်ကြသည်။ နတ်ဘုရားအမွေအနှစ် နယ်မြေအတွင်းသို့ သွားရောက်ရာ ဤခရီးတွင် ပြီးပြည့်စုံသည့် နတ်ဝင်ရိုးကို ဖန်တီးနိုင်ခဲ့သူမှာ ဆယ်ယောက်ပင် မရှိချေ။
ဤဆယ်ယောက်တွင် ထျန်းရှန်ကျောင်းတော်မှ ကျန်ချင်းကျူ၊ ရှန်းကလန်မှ ရှန်းဟောက်နှင့် အင်ပါယာနန်၏ သမီးတော် နန်လော့ရှန်းတို့ ပါဝင်သည်။
သို့သော် ယခုတွင် သူတို့အားလုံးက ရီဖူရှင်းတစ်ယောက်ကိုသာလျှင် မှတ်မိနေကြတော့သည်။
ရီဖူရှင်း ရန်ဟောင်အဆင့်သို့ တက်ရောက်ပြီးနောက် ပထမဆုံး တိုက်ပွဲသည် သူ၏ အမည်ကို အထက်ကိုးဘုံ၌ ကျော်ကြားသွားစေရန် လုံလောက်နေသည်။
“ငါ အိုနေပြီပဲ…” အင်ပါယာရှားက တီးတိုး ရေရွတ်လိုက်သော်လည်း သူ၏ အပြုံးက တောက်ပနေသည်။ အင်ပါယာရှားဘုံ၏ အုပ်ချုပ်သူတစ်ယောက်အနေနှင့် သူသည် အိုမင်းကာ ချည့်နဲ့နေပြီဟု ရုတ်တရက် ခံစားလိုက်ရသည်။ သူသည် ရီဖူရှင်းကို အားနည်းသည့် ငယ်ရွယ်သော ဘဝမှစကာ ယခု ရီဖူရှင်းဖြစ်လာသည်ထိ စောင့်ကြည့်ခဲ့သည်။
ဤတိုက်ပွဲတွင် သူက ကိုက်ကျိုထျန်းကို အပြတ်ဖြတ်ကာ အနိုင်ရခဲ့ပြီး ထိုသည်မှာ အင်ပါယာရှားက သူနှင့် ပြိုင်ဘက်မဟုတ်တော့ဟု ဆိုလိုနေသည်။
သူက မည်သို့ သက်ပြင်းမချဘဲနေနိုင်ပါမည်နည်း။
“သက်ပြင်းချစရာမလိုပါဘူး။ မဟာလမ်းစဥ် ဘုံသုံးထောင်မှာ သူ့လို အနည်းငယ် ရှိပါသေးတယ်။” ဥဒေါင်းအင်ပါယာက ပြောလိုက်သည်။ အင်ပါယာရှားက ခေါင်းညိတ်လိုက်၏။ သူက ၎င်းကို နားလည်ထားသော်လည်း ရီဖူရှင်း၏ လျှို့ဝှက်ထားသည့် မိသားစုနောက်ခံကို တွေးမိသည့်အခါ စိတ်သက်သာရာ ရသွားခဲ့သည်။
သူသည် အင်ပါယာရှားဘုံ၌ ပြဿနာရှာနိုင်လွန်းသည့် ရီဖူရှင်းကိုသာ အသားကျနေခဲ့ရာ ရီဖူရှင်း၏ ဖြစ်နိုင်ချေရှိသော မူလဇစ်မြစ်ကို မေ့နေခဲ့ပုံရသည်။
“ရှင်းယွန်… သမီး သူနဲ့ ဆက်ဆံရေး ဘယ်လောက်တိုးတက်နေပြီလဲ။” အင်ပါယာရှားက မေးလိုက်သည်။
ရှားရှင်းယွန်က သူမ အဖေကို ကြည့်လိုက်၏။ “ဘာကြီးလဲ။”
ဆက်ဆံရေးက မည်သို့ တိုးတက်ရမည်နည်း။
“ဒီလိုမေးလို့ အဖေ့ကို အပြစ်မမြင်နဲ့။ အချိန်က လူကို မစောင့်ဘူး။” အင်ပါယာရှားက မကြည်မလင် ခံစားလိုက်ရသည်။ သူက ထိုလူငယ်လေးသည် အင်အားစုကြီးမှ လာသည်ကို သိရှိပေသည်။ အခြေအနေကို ယခုသာ မကိုင်တွယ်ပါက နောက်ပိုင်း၌ သူက သူ့ကို ယှဥ်နိုင်တော့မည်မဟုတ်ပေ။
“အဖေ ထင်နေသလို မဟုတ်ဘူး။” ရှားရှင်းယွန်က ရှက်ရွံ့စွာ ပြောလိုက်သည်။
“မဟုတ်ဘူးလား။ ဒါဆို မင်း အဆင့်တက်ဖို့ အခွင့်အရေး ဘယ်ကရလာတာလဲ။” အင်ပါယာရှားက မေးလိုက်သည်။ “ဘာတွေဖြစ်နေလဲဆိုတာ အဖေ မမြင်ဘူး မထင်နဲ့။”
သူက ရှားရှင်းယွန်ကိုယ်တိုင် ထိုအခွင့်အရေးကို ရယူလာနိုင်မည်ဟု မယုံကြည်ပေ။
သံသယဝင်စရာမလိုအောင် ရီဖူရှင်းက သူမကို ကူညီပေးခြင်းသာ ဖြစ်ရပေမည်။
ဤကလေးက အလွန်စာနာစိတ်ရှိသလို လူများကို မည်သို့ နာကျင်အောင်လုပ်ရမည်ကိုလည်း သိရှိပေသည်။
“အဖေ အတွေးလွန်နေပြီ။” ရှားရှင်းယွန်က သူမ၏ အဖေကို အနေရခက်စွာကြည့်လိုက်ပြီးနောက် ခေါင်းကို ငုံ့လိုက်သည်။
“အိုး.. သမီးလေး.. မင်းက သိပ်အေးစက်စက်နိုင်တာပဲ။ တစ်ခါတစ်လေကျတော့ သမီးဘက်က ဦးဆောင်ဖို့လည်း လိုတယ်လေ။” သူက မကျေမနပ် ရေရွတ်လိုက်သည်။ သူက အလွန် အလျင်လိုနေခြင်းမှာ အံ့သြစရာမရှိပေ။ ယခုတွင် ရီဖူရှင်းနောက်၌ ထျန်းဟယ်မဟာအကြီးအကဲနှင့် အရှင်ထိုက်ရွှမ်တို့ ရှိနေသည်။ ထို့ပြင် အထက်ကိုးဘုံ၌ အချောအလှမိန်းကလေးများစွာလည်း ရှိနေသည်။ ဗြဟ္မာ့သန့်စင်ကောင်းကင်မှ အမျိုးသမီးကလည်း ရှိနေသေးကာ အလွန် လှပသည့် နတ်မိမယ်များလည်း ရှိနေ၏။ သူတို့အားလုံးက ခြိမ်းခြောက်မှုပင် ဖြစ်သည်။
ထပ်ပေါင်းဆိုရလျှင် နန်ထျန်းနတ်ပြည်ထောင်မှ နန်လော့ရှန်းနှင့် ယိုယွဲ့နတ်နန်းတော်မှ ချန်ရှီးတို့သည်လည်း နတ်ဘုရားမများသဖွယ် ရင်သပ်ရှုမောလောက်အောင် လှပ၍ ထည်ဝါနေသည်က ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်နေသေးသည်။
“ခွန်ရွှမ်.. ဒီကို လာဦး။ မင်းအဖေက မင်းကို ပြောစရာနည်းနည်းရှိတယ်။” ဥဒေါင်းအင်ပါယာက သူ့သမီးကို ပြောလိုက်သည်။
အင်ပါယာရှားက ကျောက်ရုပ်ကဲ့သို့ ဖြစ်သွားခဲ့သည်။ သူက ဥဒေါင်းအင်ပါယာကို ကြည့်လိုက်ပြီး သူ့မျက်နှာက မည်းမှောင်သွားခဲ့၏။
“မင်းမှာ အကြံကောင်းဉာဏ်ကောင်း ထွက်လာမှာမဟုတ်ဘူး ဥဒေါင်းအိုကြီး။” သူက သတိပေးလိုက်သည်။
“ဒါက မျှတတဲ့ ပြိုင်ပွဲပဲလေ။” ဥဒေါင်းအင်ပါယာက အထင်အမြင်သေးစွာ ပြောလိုက်သည်။
“…..” အင်ပါယာရှားက သူ့ကို ဆူပူကြိမ်းမောင်းလိုက်၏။ “ဥဒေါင်းအိုကြီး၊ လူနဲ့ နတ်ဆိုးက မတူတဲ့ လမ်းကြောင်းမှာရှိတယ်။ မင်း အဲဒီလောက် အရှက်မမဲ့သင့်ဘူး။
“မင်း ဘယ်လို သိမှာလဲ။ ဒီလိုလမ်းကမှ သူတို့ကြားက ခံစားချက်တွေ ပိုဖြစ်ပေါ်လာနိုင်တာပဲ။”
“ငါတို့ ရန်သူ ဖြစ်သွားလိမ့်မယ်နော်။”
“မင်းကို ကြောက်ရမှာလား။”
ယခု အချိန်မတိုင်မီက သူတို့နှစ်ဦးသည် အတူတူ သောက်စား ပျော်ပါးခဲ့ကြသည်။ ယခု သူတို့က စကားပြောရင်း အချင်းချင်း ရန်လိုလာနေကြ၏။
သူတို့ဘေးမှ ရှားရှင်းယွန်နှင့် ခွန်ရွှမ်သည် တိတ်ဆိတ်စွာ အံ့သြထိတ်လန့်သွားခဲ့သည်။ သူတို့က အချင်းချင်း ကြည့်လိုက်ပြီးနောက် အကြည့်လွှဲလိုက်ကြသည်။ သူတို့၏ မျက်လုံးများထဲ၌ သတ်ဖြတ်လိုသည့် အငွေ့အသက်များ အနည်းငယ် ဖြစ်တည်နေခဲ့သည်။
အင်ပါယာရှားနှင့် ဥဒေါင်းအင်ပါယာသာလျှင် မဟုတ်ဘဲ ကောင်းကင်အာဏာစက်ဘုံမှ နတ်ဆိုးအင်ပါယာများသည်လည်း တူညီသည့် အကြံဉာဏ်များ ရှိကြသည်။
သူသည် ပြီးပြည့်စုံသည် နတ်ဝင်ရိုးကို ဖွဲ့စည်းနိုင်ခဲ့ကာ ကောင်းကင်အာဏာစက်ဘုံတွင် အကျော်ကြားဆုံး ဖြစ်သည်။ ယခုတွင် ရီဖူရှင်းသည် လူသားဖြစ်စေ နတ်ဆိုးဖြစ်စေ သူ့မျိုးဆက်မှ မည်သူ့ကိုမဆို အပြတ်အသတ် အနိုင်ယူနိုင်စွမ်းရှိသည်။
ရုတ်တရက် ကောင်းကင်အာဏာစက်ဘုံမှ မှော်ဝိဇ္ဇာ ပြောခဲ့သော ဘုံကို ပြောင်းလဲမည့် ပုဂ္ဂိုလ်ကြီးဟူသည်ကို လူတိုင်း တွေးမိလိုက်ကြသည်။ ပထမဆုံး သူတို့က ထိုအဖြစ်ကို ဂူထျန်းရှင်း၊ ဂူတုံးလျှိုတို့နှင့် ပတ်သတ်လိမ့်မည်ဟု တွေးမိခဲ့ခြင်းက မှားယွင်းခန့်မှန်းမိခြင်း ဖြစ်သည်။
နေဦး။
မှော်ဝိဇ္ဇာတဲ့လား။
မှော်ဝိဇ္ဇာက ရီဖူရှင်း အကြောင်း သိခဲ့သည်လား။
“မှော်ဝိဇ္ဇာ မသေခင်က နောက်ဆုံးတွေ့ခဲ့တာ ရီဖူရှင်းကို ဟုတ်တယ်မလား။” နတ်ဆိုးဘုံမှ တစ်ယောက်က သူ၏ အကြီးအကဲကို မေးလိုက်သည်။
“အဲဒီလိုထင်တယ်။ မဟုတ်လည်း အနည်းဆုံး အသံတော့ ကြားခဲ့ရမှာပေါ့။” တစ်ယောက်က ပြန်ဖြေလိုက်သည်။
“သူက ရီဖူရှင်းကို မြင်ခဲ့တယ်။ ရီဖူရှင်းက သူ မသေခင် နောက်ဆုံး တွေ့ခဲ့တဲ့သူပဲ။” နတ်ဆိုးအင်ပါယာတစ်ပါးက ပြောလိုက်သည်။ သို့သော် ထိုအချိန်၌ မည်သူကမှ ထိုသည်ကို အရေးမစိုက်ခဲ့ကြပေ။ ၎င်းကို မတော်တဆတိုက်ဆိုင်မှုဟုသာ ထင်ခဲ့ကြသည်။
သို့သော် ယခု ကြည့်ရသည်မှာ မတော်တဆ တိုက်ဆိုင်ခြင်း ဖြစ်ပုံမရပေ။
သူက ကောင်းကင်အာဏာစက်ဘုံ လူငယ်မျိုးဆက်များတွင် အကျော်ကြားဆုံး ဖြစ်သည်။ သူက ပြီးပြည့်စုံသည့် နတ်ဝင်ရိုးကို ဖန်တီးထားနိုင်ပြီး အလွန် ရဲရင့်ထက်မြက်သည်။ သူသည် မဟာလမ်းစဥ် ဘုံသုံးထောင်၏ ထိပ်သီးများထဲမှ တစ်ယောက်ပင် ဖြစ်နိုင်သည်။ မှော်ဝိဇ္ဇာကသာ သူ့ကို တွေ့ခဲ့လျှင် သူက မည်မျှ ထူးချွန်ထက်မြက်သည်ကို သေချာပေါက် ပြောနိုင်စွမ်း ရှိပေလိမ့်မည်။
သို့ဆိုလျှင် ထိုစဥ်က မှော်ဝိဇ္ဇာ မြင်တွေ့ခဲ့သည်မှာ…
သူတို့အားလုံးသည် ဖြစ်နိုင်ချေကို သတိပြုမိသွားသည့်အခါ သူတို့ မျက်လုံးများက မသိမသာ ကျဥ်းမြောင်းသွားကြသည်။
မှော်ဝိဇ္ဇာက ရီဖူရှင်းကြောင့် သေဆုံးသွားခဲ့သည်လား။
သို့သော် ရီဖူရှင်းက အလွန် အရည်အချင်း ရှိနေလျှင်ပင် မှော်ဝိဇ္ဇာက မည်သည့်အတွက် သေဆုံးရန် ရွေးချယ်ခဲ့ရသနည်း။
ထိုအဖြစ်၌ အလွန် ကြီးမားသော လျှို့ဝှက်ချက် ရှိနေပေလိမ့်ဦးမည်။
“တချို့ လျှို့ဝှက်ချက်တွေက ထိန်းသိမ်းထားဖို့ လိုတယ်။ ကျုပ်တို့ နောက်တစ်ခါ အစပြန်မဖော်သင့်ဘူး။” နတ်ဆိုးအင်ပါယာက အမိန့်ပေးလိုက်သည်။
ကြည့်ရသည်မှာ သူတို့က အချို့သော လျှို့ဝှက်ချက်များအတွင်း ဆွဲသွင်းခံခဲ့ရပုံပေါ်သည်။
မှော်ဝိဇ္ဇာက သေဆုံးရန် ရွေးချယ်ခဲ့ခြင်းမှာ ထိုလျှို့ဝှက်ချက်ကို ထိန်းသိမ်းဖို့ရာ ဖြစ်နိုင်သလား။
ထိုသို့ တွေးလိုက်မိသည်နှင့် သူတို့သည် ရီဖူရှင်းကို လေးနက်စွာ ကြည့်လိုက်ကြသည်။ သူတို့ ခန့်မှန်းသည်ကသာ မှန်ကန်ပါလျှင် ရီဖူရှင်းသည် အနာဂတ်တွင် ကောင်းကင်အာဏာစက်ဘုံ တစ်ခုလုံးကို ပြောင်းလဲနိုင်မည့်သူ ဖြစ်လာပေလိမ့်မည်။ သူက အနာဂတ်အုပ်ချုပ်သူပင် ဖြစ်လာနိုင်သည်။
နတ်ဆိုးဘုံမှ အင်အားစုများသည် သူနှင့် ကောင်းမွန်သော ဆက်ဆံရေးများ ရှိကြသည်။ သူတို့သည် သူ ယူဆောင်လာမည့် ပြောင်းလဲမှုမှ အကျိုးအမြတ်များပင် ရရှိနိုင်ပေလိမ့်မည်။
***