အခန်း ( ၅၅၅ )

အထွတ်အထိပ်

နှစ်ဆယ့်တစ်ဆ။

အခန်းထဲတွင် ထစ်ခြုန်းမြည်ဟည်းသံများ တဝုန်းဝုန်း တဒိုင်းဒိုင်း ထွက်ပေါ်လာရာ နံရံများမှာ အက်ကွဲလာသည်အထိ တုန်ခါလာတော့သည်။ သို့သော် ကျောက်ခုံသုံးလုံးကား တုပ်တုပ်မှ မလှုပ်ပေ။ ပိုင်ရှောင်ချန်းမှာ သစ်ကိုင်းတစ်ကိုင်းအား ရပ်နေနိုင်ရန် လှမ်းဆွဲလိုက်ရ၏။ ထို့သို့ လုပ်လိုက်ချိန်တွင် သစ်ရွက်မျက်နှာပြင်ပေါ်ရှိ ရွှေရောင်အမှတ်အသားများ အတူတကွ ပေါင်းစည်းလာလေသည်။

ပိုင်ရှောင်ချန်းမှာ ရင်ခုန်သံမြန်လာပြီး စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း နှစ်ဆယ့်တစ်ဆတွင် မည်သည့်အပြောင်းအလဲများဖြစ်မည်ကို မျက်တောင်ပင်မခတ်ဘဲ စောင့်ကြည့်နေလေသည်။

ထိုသည်မှာ အပြင်လောကတွင် သူဘယ်တော့မှ မြင်နိုင်မည်မဟုတ်သည့် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း၏ စွမ်းအားကို ဖျတ်ခနဲကြည့်ရန် အခွင့်အရေးတစ်ခုဖြစ်သည် မဟုတ်ပါလော။

လောလောဆယ်တွင် ထစ်ခြုန်းမြည်ဟည်းသံများသည် သစ်ပင်ပတ်ဝန်းကျင်ကိုသာ သက်ရောက်သည်မဟုတ်။ အပြင်ဘက်ရှိ ဧရာမကျောက်တိုင်ကြီးမှာလည်း တုန်ခါနေလေသည်။

ရွှေရောင်အမှတ်အသားဆယ်ခုက ခရမ်းရောင်ပြောင်းသွားသောကြောင့် ပိုင်ရှောင်ချန်း မျက်လုံးပြူးနေချိန် ထိုဖြစ်ရပ်မှာ အသက်ရှူချိန်ဒါဇင်အနည်းငယ်မျှကြာလိုက်သည်။

နောက်ဆုံး၌ ခရမ်းရောင် အမှတ်အသားတစ်ခု ဖြစ်သွားလေပြီ။

ခရမ်းရောင်အမှတ်အသား ဖြစ်သွားသောအခါ သစ်ပင်သည် ထပ်မံကြီးမလာတော့ပေ။ ထိုအစား မျက်စိကျိန်းမတတ် ခရမ်းရောင်အလင်းများ တောက်ပလာပြီး သက်ရှိအရာတစ်ခုသို့ ပြောင်းလဲနေသည့်အလား ၄င်းမျက်နှာပြင်ပေါ်တွင် မျက်နှာတစ်ခု ရုတ်တရက်ဖြစ်ပေါ်လာလေသည်။

ထိုမျက်နှာနှင့်ပတ်သက်၍ ရှေးဆန်နေသော်လည်း ၄င်း မျက်လုံးဖွင့်လိုက်ချိန်တွင် ထိုမျက်လုံးများက မွေးကင်းစကလေးတစ်ယောက်၏ မျက်လုံးများကဲ့သို့ တောက်ပနေပြီး ဘေးဘီဝဲယာကို စူးစမ်းစွာ ကြည့်နေလေသည်။

သစ်ပင်၏ နတ်အဆင့်အရှိန်အဝါများပျောက်ကွယ်သွားပြီး ပိုမိုကြောက်လန့်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက အစားထိုးဝင်ရောက်လာ၏။ ဖိအားသည် သစ်ပင်အထဲတွင် အများစုရှိနေသော်လည်း ပိုင်ရှောင်ချန်းက ၄င်းကို အာရုံခံ၍ ရသေးပြီး ၄င်းကိုသာ ထုတ်လွှတ်လိုက်ပါက စိတ်ကူးနှင့်မှန်းဆ၍ မရသည့် အရာများကို ပြုလုပ်နိုင်ကြောင်း ပြောနိုင်လေသည်။

ပိုင်ရှောင်ချန်းမှာ ပေါက်ကွဲထွက်တော့မတတ် ခေါင်းကြိမ်းနေလေပြီ။ သူ့ခေါင်းတစ်ခုလုံးချာချာလည်မူးနောက်နေပြီး သစ်ပင်ပေါ်တွင် သူ၏ တံဆိပ်နှိပ်အမှတ်အသား ရှိနေသေးသည်လား သိချင်စိတ်ပြင်းပြစွာ စစ်ဆေးကြည့််လိုက်သည်။

နှစ်ဆယ့်တစ်ဆ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းကြောင့် မပြောင်းလဲသွားပဲ အမှတ်အသား ပုံမပျက်ရှိနေသေးကြောင်း တွေ့မှသာလျှင် သူက စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်တော့သည်။

” ဆယ်ကြိမ်မြောက် အဆင့်မြှင့်တင်ခြင်းပြီးတော့ သစ်ရွက်က သစ်ပင်ဖြစ်လာတယ်။ နှစ်ဆယ်ကြိမ်မြောက်ပြီးတော့ သစ်ပင်က ဝိညာဥ်ဖြစ်လာတယ်။ သစ်ပင်ဝိညာဥ်လား။ အပင်ဝိညာဥ်လား ”

တံတွေးကိုမနဲ မြိုချလိုက်ပြီး သူ့နဖူးမှ ချွေးများကို သုတ်ကာ သစ်ပင်နှင့် မျက်လုံးထဲတွင် အသိဝင်ဟန်မတူသေးသော အကြည့်တစ်ခုရှိသေးသည့် မျက်နှာကို ကြည့်လိုက်သည်။ အံတင်းတင်းကြိတ်ရင်း သူက ပြောသည်။
” ဘာဖြစ်ဖြစ် ငါ့အမှတ်အသား ရှိသေးတာပဲ။ နှစ်ဆယ့်တစ်ဆက လုံးဝ ကောင်းကင်ဘုံကိုတောင် စိန်ခေါ်နိုင်ရင် အကြိမ်သုံးဆယ်မြောက် အဆင့်မြှင့်တင်ခြင်းနောက်ပိုင်း ဘယ်လိုဖြစ်မလဲ သိချင်လိုက်တာ။ ”
ပိုင်ရှောင်ချန်းက ထိုအကြောင်းကိစ္စများအားလုံးကို စဥ်းစားနေရင်း အကြိမ်သုံးဆယ် အဆင့်မြှင့်တင်ခြင်းနှင့်ပတ်သက်သော သူ၏ မျှော်လင့်ချက်များမှာ ယခင်ထက်ပို၍ တက်ကြွလာတော့သည်။

ကျောက်ခုံနှင့် မီးတောက်အသစ်ကို လှမ်းကြည့်လိုက်ပြီး သူ၏ မျက်လုံးများသည် နောက်ထပ် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းများပြုလုပ်ရန် ရူးသွပ်မှုများဖြင့် တောက်ပလာတော့သည်။

နှစ်ဆယ့်နှစ်၊

နှစ်ဆယ်နောက်ပိုင်း စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းတိုင်းကြောင့် ကောင်းကင်တုန်ခါ၍ မြေပြင်တို့အက်ကွဲသွားစေနိုင်သည့် ထစ်ခြုန်းသံများနှင့် နေရာတစ်ခုလုံးသည် ရှေ့နောက် ဘယ်ညာ လှုပ်ယမ်းနေတော့သည်။ လွန်ခဲ့သော အချိန်အတော်ကြာကတည်းက အခန်းက ပျက်စီးနေခဲ့ပြီး သစ်ပင်မှာမူ ပြင်းထန်စွာ တုန်ခါနေတော့သည်။ တချိန်တည်းမှာပင် ၄င်းမျက်လုံးထဲရှိ အလင်းသည် ပို၍ လေးနက်လာပြီး အသိဉာဏ်ဖွံဖြိုးလာသော လက္ခဏာများပင် ပြလာလေသည်။

၄င်းသည် ကုန်လွန်သွားသည့်အချိန်တိုင်း ထူးဆန်းစွာ အသက်ကြီးလာနေသည့်အလားပင်။

အပြင်ဘက်တွင် ကျောက်တိုင်ကြီးသည် ပိုင်ရှောင်ချန်းပြုလုပ်နေသည့် စိတ်စွမ်းအင် အဆင့်မြှင့်တင်ခြင်းများအား မခံနိုင်သည့်အလား တုန်ခါလာတော့သည်။

ပိုင်ရှောင်ချန်း၏ စက်လုံးမှာမူ သခင်မလေး ဟုန်ချိန်ထက်ပင် ပို၍ တောက်ပလင်းလက်နေပြီး ဟင်းလင်းပြင်တစ်ခုလုံးတွင် တစ်ခုတည်းရှိသော အရာအလားပင် ဖြစ်နေတော့သည်။

ဤအချိန်တွင် ကျိုးရီရှင်းမှာ အထူးသဖြင့် အချိန်မည်မျှ ကုန်ဆုံးသွားပြီလဲ တွက်ချက်ပြီးနောက်တွင် လုံးဝစိတ်ပျက်လက်မှိုင်ကျနေတော့သည်။

” ဒီကောင် ပိုင်ရှောင်ချန်းက လုံးဝလူမဟုတ်ဘူး။ နောက်တစ်ခါ သူနဲ့ ဘယ်တော့မှ မတွေ့ရပါစေနဲ့လို့ ဆုတောင်းပါတယ်ဗျာ”
ဖြစ်ပျက်နေသော အရာများသည် ကျိုးရီရှင်းအတွက် ထိုးနှက်ချက်ကြီးဖြစ်ရာ သူ လုံးဝ စိတ်ပျက်အားငယ်နေတော့သည်။

ပိုင်ရှောင်ချန်း၏ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းက ကျောက်တိုင်ကို အလွန်ပြင်းပြင်းထန်ထန် တုန်လှုပ်သွားစေလေရာ ဝိုင်းနေကြသော စက်လုံးများထဲရှိ ပြိုင်ပွဲဝင်များစွာမှာ သူတို့၏ စမ်းသပ်ပွဲများ နှောင့်ယှက်ခံရကြောင်း သိလိုက်ရလေသည်။ ကြည့်ရသ၍ ကျောက်တိုင်၌ နတ်မီးလျှံစမ်းသပ်ပွဲအားလုံးကို ထိန်းပေးရန် စွမ်းအားမရှိပုံရသောကြောင့် မကြာမီ လူအများ ပြန်လည် သတိရလာကြတော့သည်။

ပထမတွင် ပြန်လည်သက်သာလာသော လူများမှာ ဘေးပတ်လည်ကို ကြောင်တောင်တောင် ကြည့်လိုက်သော်လည်း များမကြာမီ ဆူဆူညံညံအော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။

” ဘာတွေဖြစ်နေတာတုံး ”

“ဟေး ဒီအပြင်မှာ ဘာလုပ်နေတာတုံး။ ငါ့ရဲ့ နတ်မီးလျှံ စမ်းသပ်ပွဲ မပြီးသေးဘူးလေ”

“ဘုရားဘုရား။ ကျောက်တိုင်ကြီး ဘယ်လောက်တောင် လှုပ်နေလဲ ကြည့်ပါဦး။ ဘာတွေ ဖြစ်နေတာလဲ။ ပြီးတော့ ဘယ်သူ့စက်လုံးက အင်မတန် တောက်ပနေရတာလဲ။”

“ပိုင်ရှောင်ချန်း”

ကျောက်တိုင်မှာ တုန်လှုပ်နေဆဲဖြစ်သော်လည်း မပြိုကျသေးပေ။ တစတစ ပို၍ များပြားသော ပြိုင်ပွဲဝင်များမှာ ပယ်ချခံနေရသော်လည်း ပိုင်ရှောင်ချန်းမှာ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းအပေါ် ရူးသွပ်နေခြင်းအား ရပ်တန့်မည့် အရိပ်အယောင် မရှိပေ။

နှစ်ဆယ့် သုံး၊

ခရမ်းရောင်အမှတ်အသား သုံးခုပေါ်လာသောအခါ ကျောက်တိုင်သည် ပို၍ပင်တုန်ခါလာကာ ပြိုင်ပွဲဝင်များစွာကို ပယ်ချရန်မှတစ်ပါးအခြား ရွေးချယ်စရာမရှိတော့ပေ။ သို့သော် တခဏကြာသော် ဤမျှနှင့် မလုံလောက်သေး။ မကြာမီ သခင်မလေးဟုန်ချိန်နှင့် ပိုင်ရှောင်ချန်းက လွဲ၍ လူတိုင်း နှောင့်ယှက်ခံလိုက်ရလေသည်။

သူတို့၏ နတ်မီးလျှံစမ်းသပ်ပွဲများတွင် အခြားသူများ မည်သို့ ဖြစ်နေပါစေ အရေးမကြီးပေ။ အားလုံး ပယ်ချခံရလေသည်။ ယခုတွင် လူပေါင်းတစ်ထောင်ကျော် နိုးလာပြီး ဆူဆူညံညံအသံများသည် ယခင်ထက်ပို၍ ကျယ်လောင်လာတော့သည်။

အမှန်တော့ အခြားပြိုင်ပွဲဝင်များအားလုံး နှောင့်ယှက်ခံလိုက်ရကာ သူတို့၏ စက်လုံးများမှာ မည်းမှောင်သွားကြပြီး နောက်ဆုံး၌ မျက်စိကျိန်းမတတ် အလင်းဖြင့် တောက်ပနေသည့် နှစ်လုံးသာ ကျန်ခဲ့တော့သည်။ တစ်လုံးက ပိုင်ရှောင်ချန်းဖြစ်ပြီး နောက်တစ်လုံးက သခင်မလေး ဟုန်ချိန်ဖြစ်လေသည်။

ပိုင်ရှောင်ချန်း၏ စက်လုံးမှာ အလင်းများ အလွန်တရာဖြာထွက်နေကာ သခင်မလေးဟုန်ချိန်၏ စက်လုံးမှာ မဆိုစလောက်မှိန်လေသည်။ သို့သော် သူမ၏ စက်လုံးသည် အာရုံစိုက်ခံရလောက်သည်အထိတော့ တောက်ပနေသေးလေသည်။

” အဲဒါ ပိုင်ရှောင်ချန်းပဲ”

“ဘုရားရေ။ မိစ္ဆာပိုင် ဘယ်လို စမ်းသပ်ပွဲမျိုးကိုသွားတာပါလိမ့်။ နတ်အဆင့်ကျင့်ကြံသူ တစ်ယောက်တောင် သူ့ကို မယှဥ်နိုင်ပါလား”

ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏ ဆံပင်များမှာ လုံးဝရှုပ်ပွနေပြီး သူက စိတ်လှုပ်တရှားအော်ဟစ်နေ၏။

” နှစ်ဆယ့်လေး”

လေးခုမြောက် ခရမ်းရောင်အမှတ်အသားနှင့် သစ်ပင်၏ မျက်လုံးများတွင် ပို၍ အသိဉာဏ်ရှိလာသော အလင်းများ တောက်လာပြီး ပိုင်ရှောင်ချန်းကိုပင် ငုံ့ကြည့်လိုက်လေသည်။

ထိုအချိန်တွင် အပြင်ဘက်ရှိ ကျောက်တိုင်ပေါ်၌ အက်ကြောင်းတစ်ခုပေါ်လာလေရာ စောင့်ကြည့်နေကြသူများအကြားတွင် ပို၍ ပွက်လောရိုက်သွားတော့သည်။

သို့သော်လည်း ဤမျှနှင့်မပြီးသေး ။ ပိုင်ရှောင်ချန်းက အရူးပမာ အော်လိုက်လေသည်။
” နှစ်ဆယ့်ငါး”

သူသည် မီး၏ အရောင်ကိုပင် မကြည့်နိုင်တော့ပဲ ဒယ်အိုးထဲသာ ပစ်ထည့်လိုက်သော်လည်း ၄င်း အထဲရောက်သွားသည်နှင့် ခရမ်းရောင်အလင်းများ ဖြာထွက်လာပြီး သစ်ပင်ပေါ်တွင် ငါးခုမြောက် ခရမ်းရောင် အမှတ်အသားပေါ်လာတော့သည်။

ထိုအချိန်တွင် သစ်ပင်ကြီးက ရှေးဟောင်းေခတ်ဦး အငွေ့အသက်များ ပါဝင်နေသော သက်ပြင်းတစ်ချက်ချလိုက်လေသည်။ ပဲ့တင်ထပ်သွားသော သက်ပြင်းချသံကြီးသည် အဆက်မပြတ် တိုးပွားလာနေသော အခြားသက်ရှိအရာ မြောက်မြားစွာ၏ တည်ရှိမှုဖြင့် ပြည့်နေပုံရလေသည်။ တချိန်တည်းမှာပင် သစ်ပင်သည် ပိုင်ရှောင်ချန်းလုံးဝလက်ခံနိုင်ဖွယ်မရှိသော လမ်းကြောင်းသို့ ဆင့်ကဲဆင့်ကဲ ပြောင်းလဲနေလေသည်။

ကံဆိုးစွာပင် ၄င်းသည် ပြီးမြောက်ရန် တစ်ခုခု ပျောက်ဆုံးနေသေးပြီး ၄င်းပျောက်ဆုံးနေသော အရာမှာ ပိုမိုများပြားသော စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းပင် ဖြစ်ပေသည်။

” ကမ္ဘာတစ်ခု…။ အကြိမ်သုံးဆယ်မြောက် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းပြီးရင် ဒီသစ်ပင်က သူ့ကိုယ်ပိုင်ကမ္ဘာဖြစ်လာမယ်လို့ မပြောနဲ့နော် ” ပိုင်ရှောင်ချန်းမှာ တစ်ခါမှ မကြံဖူးသော ဉာဏ်အလင်းပွင့်သွားခြင်းကြောင့် ခေါင်းတစ်ခုလုံး ချာချာလည်အောင် မူးနောက်သွားပြီး သူ့ခန္ဓာကိုယ်မှာ တုန်ရီသွားတော့သည်။ သို့သော် သူက ကျောက်ခုံပေါ်မှ နောက်ထပ်မီးအသစ်ကို ယူရန် လှမ်းလိုက်သေးသည်။ ဝမ်းနည်းဖွယ်ပင် ကျောက်ခုံသည် နှစ်ဆယ့်ခြောက်ရောင်ခြယ် မီးတောက်ကို မထုတ်နိုင်တော့၍ ထိုအစား ပြိုကျကာ ဖုန်သာဖြစ်သွားတော့သည်။

ထို့ပြင် အခြားကျောက်ခုံနှစ်လုံးနှင့် သစ်ပင်မှာလည်း ကြေမွပျက်စီးသွားတော့သည်။

ပိုင်ရှောင်ချန်းမှာ ခေါင်းတည့်တည့်သို့ မိုးကြိုးပေါင်းများစွာ ပစ်ချခံလိုက်ရသည့်အလား ခံစားလိုက်ရတော့သည်။ ဤ နတ်မီးလျှံစမ်းသပ်ပွဲသည် သူ့အတွက် မယုံနိုင်လောက်အောင် အကျိုးအမြတ်များပြီး တစ်ခါမှ မကြုံဖူးသော ကံကောင်းခြင်းဖြစ်လေသည်။

သူ၏ကိုယ်ပိုင် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း စွမ်းရည်များ တိုးတက်သွားသည်သာမက ကောင်းကင်တံတားနယ်မြေတစ်လွှားရှိ အခြားသူများထက် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းအကြောင်း ကောင်းစွာ သိသွားခဲ့လေသည်။ သူကဲ့သို့ အသိဉာဏ်ကြွယ်ဝသူကို ရှာရန်ထက် ချီလင်ဦးချို သို့မဟုတ် ဖီးနစ်ငှက်မွှေးရှာသည်ကမှ ပိုလွယ်လိမ့်ဦးမည်။

အားလုံးအထဲ သူ့ကို ပို၍ တုန်လှုပ်သွားစေသောအရာမှာ ယခု သူ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းကို လုံးဝနားလည်သွားခဲ့ခြင်းကြောင့်ပင်။ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းသည် အသုံးမဝင်သောအရာတစ်ခုကို အံ့သြဖွယ်ကောင်းသော အရာတစ်ခုဖြစ်သွားစေသည်။ အထူးသဖြင့် ၄င်းသည် တစ်လောကလုံးရှိ ကံကောင်းခြင်းတရား၏ အကြီးမားဆုံးရင်းမြစ်ကြီးပင် ဖြစ်လေသည်။

ပိုင်ရှောင်ချန်း၏နှလုံးမှာ တဒိန်းဒိန်းခုန်နေပြီး သူ့စိတ်ထဲတွင် ဆေးဖော်ရာတွင် ဖြစ်ပေါ်လာခဲ့သော စိတ်ဆန္ဒအတိုင်း စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းအပေါ် အာရုံစိုက်လိုသော နက်နဲသည့်ဆန္ဒများ ရုတ်တရက်ဖြစ်လာတော့သည်။ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းသည် သူ့ကို ထာဝရ အသက်ရှင်နိုင်စေသည်။

” ထာဝရအသက်ရှည်တယ်တဲ့လား။ မင်းကို ကမ္ဘာတစ်ခုအဖြစ်တောင် ပြောင်းပေးနိုင်တယ် ”
သူပြောနိုင်သည်မှာ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း လမ်းကြောင်းသည် သူ၏ပန်းတိုင်အတွက် ပို၍ မှန်ကန်သော လမ်းကြောင်းဖြစ်နိုင်ပြီး ထိုသို့သိရှိလာရခြင်းမှာ လိပ်ဒယ်အိုးကြောင့်ပင်ဖြစ်သည်။

“ငါ့ လိပ်ဒယ်အိုးက ဘယ်နေရာက လာတာပါလိမ့်” လိပ်ဒယ်အိုး၏ မယုံကြည်နိုင်ဖွယ် စိတ်စွမ်းအင် အဆင့်မြှင့်တင်ခြင်းစွမ်းအားကြောင့် ပိုင်ရှောင်ချန်းမှာ ၄င်း၏ အစပြုရာကို သိချင်လာတော့သည်။

ထိုအရာများအားလုံးကြောင့် သူသည် တုန်လှုပ်နေချိန် ကောင်းကင်ဘုံထက်သာလွန်သည့် နေရာမှလာပုံရသော အသံကြီးတစ်ခု ပဲ့တင်ထပ်လာတော့သည်။

” သင် ပထမ နေရာရသွားပါပြီ”
တစ်ဆက်တည်းမှာပင် သိပ်သည်းလာသော အမှောင်ထုသည် နတ်မီးလျှံစမ်းသပ်ပွဲအပေါ် လွှမ်းမိုးလာသည်။ ပိုင်ရှောင်ချန်းက မည်သို့မျှ မတုံ့ပြန်နိုင်လိုက်ခင် လေပွေတစ်ခု၏ စုပ်ယူခြင်းခံေနရကြောင်း သိလိုက်ရတော့သည်။


Comment

Leave a Reply


Options

not work with dark mode
Reset