အပိုင်း(၁၆၅၂):

ပူးပေါင်းပါဝင်ကြခြင်း

နတ်ဘုရားအကြွင်းအကျန်နယ်မြေမှ ရတနာခန်းမ…။ ထိုအရာက ဘာကို ဆိုလိုသနည်း။

ထိပ်သီးပုဂ္ဂိုလ်များ၏စိတ်နှလုံးများပင် လှုပ်ယမ်းသွားရသည်။

ရီဖူရှင်းက သူ၏စကားကိုကြားလျှင် သူ့မျက်လုံးများမှ သတ်ဖြတ်လိုသော အငွေ့အသက်များ ဖြစ်ပေါ်လာခဲ့ကာ ရှန်ရှင်းကလန်မှ ဘုန်းကြီးအား ကြည့်လိုက်သည်။ အဆုံးသတ်၌ သူသည် ရှန်ရှင်းကလန်နှင့် မပူးပေါင်းခဲ့ပေ။ ရှန်ရှင်းကလန်ကသာ ကောင်းကင်အာဏာစက်ပြည်ထောင်နှင့် ပူးပေါင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ရှန်ရှင်းကလန်သည် အရှုံးနှင့် ကြုံရပြီးနောက် ထွက်ခွာသွားခဲ့ရ၏။ သူတို့က ထိုကိစ္စနှင့်ပတ်သက်၍ မကြေမလေ ဖြစ်ခဲ့ရပေမည်။

ယခု ထိုဘုန်းကြီး၏စကားလမ်းကြောင်းခင်းခြင်းသည် သူ၏မကောင်းသော ရည်ရွယ်ချက်အား ထင်းထင်းကြီး ပေါ်လွင်စေ၏။

“နတ်ဘုရားအကြွင်းအကျန်နယ်မြေမှာ ရတနာတွေ အများကြီးပဲ။ လူအများအပြားက အဲဒါတွေကို ရခဲ့ကြတယ်။ ကျုပ်က ရတနာခန်းမတစ်ခုကို ရရှိခဲ့ပေမယ့် အများစုကို လူတွေဆီ ခွဲဝေပေးခဲ့ပြီးပြီ။ အရေအတွက် အနည်းငယ်ကိုပဲ ကျုပ် ယူထားခဲ့တယ်” ရီဖူရှင်းက အေးစက်စွာ ပြန်ပြောသည် “ခေါင်းတုံး… ခင်ဗျားက ကျုပ်ကို နတ်ဘုရားအကြွင်းအကျန်နယ်မြေမှာ အလစ်တိုက်ခိုက်ခဲ့ပြီးတော့ မအောင်မြင်ခဲ့ဘူး။ ဒါတောင်မှ ထပ်ပြီး ကောင်ကျစ်ယုတ်မာနေတုန်းပဲ”

ရီဖူရှင်းက ရန်ဟောင်အရှိန်အဝါအား ထုတ်လွှတ်ကာ ဘုန်းကြီးအား ဖိအားပေးလိုက်သည်။ ရှန်ရှင်းကလန်မှ တန်ခိုးရှင်များ မျက်မှောင်ကြုတ်သွားကြ၏။ ရန်ဟောင်တစ်ပါးက အားလုံး၏ရှေ့ကို တက်လာကာ လက်အုပ်မိုးလျှက် ပြောသည် “ကျုပ်တို့ ရှန်ရှင်းကလန်တပည့်က အမှန်တရားကို ပြောခဲ့တာပဲရှိတယ်။ ဒကာတော်ရီက သူ့စကားတွေကို ဘာလို့ ဒီလောက် ဒေါသထွက်နေရတာလဲ”

“ဘုန်းတော်ကြီးတွေရဲ့စကားက မမှားဘူး။ သူက ရတနာခန်းမတစ်ခုလုံးကို ရခဲ့ပြီးတော့ တခြားလူတွေကို ခွဲပေးခဲ့တယ်ဆိုပေမဲ့ အများစုကို သူပဲ သိမ်းထားတာ။ သူက ထိပ်တန်းလက်နက်တွေ အကုန်လုံးကို ယူထားတယ်” ရှန်ရှင်းကလန်ဘုန်းကြီး၏စကားကို နောက်တစ်ယောက်က သက်သေထူသည်။ ပြောလိုက်သူကား ကောင်းကင်ဓားခန်းမမှ တပည့်တစ်ဦးဖြစ်သည်။ နတ်ဘုရားအကြွင်းအကျန်နယ်မြေ၌ ရီဖူရှင်းကြောင့် ကောင်းကင်ဓားခန်းမမှ လူများ အများအပြား သေဆုံးခဲ့ရပေသည်။ သူတို့ထဲမှ လူအချို့သာ အသက်ရှင်ကျန်ခဲ့၏။

“အမှန်ပဲ… ကျုပ်တို့ကိုယ်တိုင် မြင်ခဲ့တာ” ကြယ်တာရာကျောင်းတော်မှ တန်ခိုးရှင်တစ်ဦးကလည်း ပြောသည်။

လေထဲတွင် ရပ်နေသော ရှန်ဟောက်သည် ရီဖူရှင်းရှိရာသို့ စူးရှသော မျက်လုံးများဖြင့် ကြည့်၏။ သူသည် အမှန်ပင် ရတနာခန်းမတစ်ခုအား ရရှိခဲ့သည်လား။

“သူက ထျန်းဟယ်အကြီးအကဲရဲ့ ဆက်ခံသူလား” ရှန်ကလန်မှ အကြီးအကဲတစ်ဦးက မေးသည်။

“အင်း…” ရှန်ဟောက်က ခေါင်းညိတ်သည်။

“သူ့စွမ်းရည်က ဘယ်လိုလဲ” ရှန်ကလန်အကြီးအကဲက မေးသည်။

“အရမ်းအားကောင်းတယ်။ သူဟာ နတ်ဘုရားလက်နက်ကို ပိုင်ဆိုင်ခဲ့တဲ့ လူအနည်းငယ်ထဲက တစ်ယောက်ပဲ။ သူ့နတ်ဝင်ရိုးကလည်း အက်ကြောင်းမဲ့ဝင်ရိုးဖြစ်မယ်” ရှန်ဟောက်က ဆိုသည်။ သူ့စကားက တခြားလူများကို ထူးဆန်းသော အမူအရာများဖြစ်ပေါ်စေကာ သူတို့သည် ထျန်းဟယ်အကြီးအကဲအား လှမ်းကြည့်ကြ၏။

ယခင်က ထျန်းဟယ်အကြီးအကဲသည် ရှန်ကလန်၌ လေ့ကျင့်ခဲ့ဖူး၏။ သူတို့သည် သူ့အား အတော် ရင်းနှီးကျွမ်းဝင်စွာ သိနားလည်ကြသည်။ နှစ်များစွာ အကြာ၌ သူသည် ဤမျှ မြင့်မားသော ပါရမီရှင်တစ်ဦးအား ဆက်ခံသူအဖြစ် ရွေးချယ်ခဲ့မည်ဟု မထင်ထားခဲ့ကြပေ။ ထျန်းဟယ်အကြီးအကဲက သူ့အား နတ်ဘုရားအကြွင်းအကျန်နယ်မြေသို့ ပို့ဆောင်စေခဲ့သည်မှာ မထူးဆန်းတော့။

“မင်းတို့ကောင်တွေ နတ်ဘုရားအကြွင်းအကျန်နယ်မြေမှာ ရတနာတွေကို လုယက်ဖို့ မစွမ်းဆောင်နိုင်တော့ အခု မင်းတို့အကြီးအကဲတွေနဲ့ ထပ်ကြိုးစားမလို့လား။ မင်းတို့တွေက တကယ်ရှက်စရာကောင်းတယ်” သောကျောက်က အေးစက်စွာ ပြောသည်။

“သောကျောက်… မင်းကိုယ်တိုင်က နိမ့်ကျတဲ့သူတစ်ယောက်ပဲ။ မင်းဟာ ရီဖူရှင်းနောက်လိုက်ပြီးတော့ အကျိုးအမြတ် အများကြီး ရခဲ့မှာပဲ။ မင်းက အဲဒါကို ဂုဏ်နေတာလား” ကြယ်တာရာကျောင်းတော်မှ တန်ခိုးရှင်တစ်ဦးက မာမာထန်ထန် ပြန်ပြောသည်။

“ထွက်လာစမ်း…” သောကျောက်ကား စိတ်မထိန်းနိုင်တော့။ သူက ရှေ့ကို တစ်လှမ်းတက်ကာ တစ်ဘက်လူအား လက်ညိုးထိုးလျှက် အော်ဟစ်လိုက်၏။ ကြယ်တာရာကျောင်းတော်မှ ထိုတန်ခိုးရှင်များ မျက်နှာပျက်သွားကြသည်။ စီနီယာများလည်း မျက်မှောင်ကြုတ်သွားကြ၏။

“နောက်မှာပဲ နေပြီးတော့ မီးရှို့မနေကြနဲ့။ ထွက်လာပြီးတော့ ရီဖူရှင်းလက်ထဲက ရတနာတွေကို လာလုကြည့်ကြ” သောကျောက်က အော်ဟစ်လိုက်သည် “နတ်ဘုအရားအကြွင်းအကျန်နယ်မြေထဲမှာ လူအများကြီး ရတနာတွေကို ရခဲ့ကြတယ်။ မင်းတို့အားလုံးက ပစ်မှတ်ကို ဘယ်လိုရွေးရမယ်ဆိုတာ သိသားပဲ။ မင်းတို့က နတ်ဘုရားအကြွင်းအကျန်နယ်မြေထဲမှာ ရတနာတွေကို ရယူဖို့ အရည်အချင်း မရှိခဲ့ဘူး။ အခု မင်းတို့က အခွင့်အရေးရတော့မှ မြှောက်ထိုးပင့်ကော်လုပ်ပြီးတော့ မင်းတို့ စီနီယာတွေကိုယ်တိုင် ဝင်ပါအောင် လုပ်နေကြတယ်။ ရီဖူရှင်းဆီက မင်းတို့ကိုယ်တိုင် တက်လုရဲရင် ငါက မင်းတို့ကို သခင်ကြီးလို့ အော်ခေါ်လိုက်ဦးမယ်။ မင်းတို့ မရဲဘူးဆိုရင်လည်း ပါးစိတ်ပိတ်ပြီးတော့သာ နောက်မှာ ဆက်ပုန်းနေကြ။ ရှက်စရာအကောင်တွေ”

သောကျောက်၏မိုးခြိမ်းသံတမျှ အော်ဟစ်သံက အားလုံး၏နားစည်ကို တုန်ခါသွားစေသည်။ ကြယ်တာရာကျောင်းတော်မှ လူများ၏အမူအရာများမှာလည်း ပျက်ယွင်းသွားကြသည်။

လက်ရှိတွင် ရွှေရောင်နတ်ပြည်ထောင်နှင့် ကောင်းကင်အာဏာစက်ပြည်ထောင်တို့သည် ရီဖူရှင်းနှင့် ရန်ငြိုးရန်စများ ရှိနေသည်။ ထို့ကြောင့် သူတို့သည် နောက်မှနေ၍ မီးစာများ ထိုးပေးနေကြ၏။ သူတို့သည် ရီဖူရှင်းအား ပိုမိုခက်ခဲအောင် လုပ်နေကြသည်မှာ ထင်ရှား၏။

အင်အားစုအများအပြားသာ ပါဝင်လာပါက အခြေအနေမှာ ပိုမိုဆိုးဝါးလာနိုင်ပေသည်။

ဝုန်း…

ထိုအခိုက်တွင် ပြိုင်ဘက်ကင်းအရှိန်အဝါတစ်ခုသည် အဝေးမှ ရိုက်ခတ်လာခဲ့ရာ လူတိုင်းက ကောင်းကင်ထက်ကို မော့ကြည့်ကြ၏။ ချက်ချင်းပင် ထိုအရှိန်အဝါသည် ပျက်စီးခြင်းမြို့၏ကောင်းကင်ထက်ကို ဖိအားပေးလာခဲ့သည်။

ထိပ်သီးပုဂ္ဂိုလ်များက ကောင်းကင်ထက်ကို ကြည့်လိုက်ကြသည်။ အဝေးမှ စူးရှသော ရွှေရောင်အလင်းများသည် မျက်စိများကျိန်းစပ်မတတ် ထွန်းလင်းလာခဲ့၏။

လေထုကို ခွင်းကာ အလင်းတန်းတစ်ခုသည် မြန်ဆန်စွာ ပျံသန်းလာခဲ့ဟန်ရ၏။ သူမရောက်လာမှီတွင်ပင် ဖိအားကား ကြိုတင်ရောက်နှင့်၏။

အင်ပါယာနန်က အဝေးကောင်းကင်ကို လှမ်းကြည့်သည်။ ရွှေရောင်နတ်ပြည်ထောင်၏အရှင်သခင်ကိုယ်တိုင် ရောက်လာမည်ဟု သူမထင်ထားခဲ့။

ဤသည်ကို ကြည့်ခြင်းဖြင့် ရွှေရောင်နတ်ပြည်ထောင်အရှင်သခင်သည် ကိုက်ရှီအား မည်မျှ မျော်လင့်ထားသည်ကို ခန့်မှန်းနိုင်၏။ ကိုက်ရှီသေဆုံးခြင်းက သူ့အား ကိုယ်တိုင် ရောက်လာစေသည်။

“အရှင်ထိုက်ရွှမ်ဟာ အဆင့်တက်သွားတယ်လို့ ကျုပ်ကြားတယ်။ ခင်ဗျားရဲ့စွမ်းရည်ကို ကျုပ်စမ်းကြည့်ပါရစေ” အဝေးမှ လွှမ်းမိုးနိုင်စွမ်းသော အသံတစ်သံ ပျံ့လွင့်လာခဲ့၏။

အရှင်ထိုက်ရွှမ်သည် ကောင်းကင်ထက်ကို လှမ်းကြည့်လိုက်သည်။ မဟာလမ်းစဉ်စွမ်းအားများ သူ့ထံမှ ဖြာထွက်လာခဲ့ကာ သူက ရှေ့ကို လှမ်းလိုက်၏။ ချက်ချင်းပင် သူ့ပုံရိပ်သည် လေထဲပျေက်ကွယ်သွားသည်။

ရုတ်တရက်အားဖြင့် သူသည် မိုင်ပေါင်းများစွာ ဖြတ်သန်းခရီးသွားခဲ့ဟန်ရ၏။ အဝေးကောင်းကင်မှ မဟာလမ်းစဉ်သည် မာန်သွင်းကြွေးကျော်၏။ လေထုသည် တုန်ခါကာ သူတို့နှစ်ဦးတိုက်ခိုက်သံအချို့အား သဲ့သဲ့ကြားကြရသည်။ သူတို့၏တိုက်ခိုက်မှုကို မမြင်ရသော်လည်း မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို လူတိုင်း ခံစားမိကြသည်။

လူအများအပြား၏အမူအရာများမှာ ထူးဆန်းနေကြသည်။ ထိပ်သီးပုဂ္ဂိုလ်များ၏တိုက်ခိုက်မှုကို တွေ့ကြုံရမည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။

ပုံရိပ်များ လေထဲကို ပျံသန်းသွားကြသည်။ သူတို့၏စိတ်အသိများ အဝေးကို ပျံ့လွင့်သွားခဲ့ကာ တိုက်ပွဲကို လှမ်းကြည့်ကြ၏။

အင်ပါယာနန်ကဲ့သို့သော ပုဂ္ဂိုလ်များပင် တိုက်ပွဲကို စိတ်ဝင်စား၏။ ဤသို့ အဆင့်မြင့်ထိပ်သီးများ၏တိုက်ပွဲများမှာ အလွန်ရှားပါး၏။ နှစ်ပေါင်းများစွာကြာလျှင်ပင် တစ်ကြိမ်တစ်ခါ မြင်ရန် မလွယ်ကူပေ။

အင်ပါယာနန်က သူ၏သမီးကို ကိုယ်တိုင် လာရောက်ကြိုဆိုခြင်းမှာ အကြောင်းပြချက်ရှိ၏။ နတ်ဘုရားအကြွင်းအကျန်နယ်မြေတံခါးပိတ်တိုင်း တစ်စုံတစ်ခုတော့ ဖြစ်လေ့ရှိပေသည်။ သူကား သူ့သမီးကို လွန်စွာ ချစ်ခင်မြတ်နိုးရာ တစ်စုံတစ်ခုဖြစ်ရန် မလိုလားပေ။ ထို့ကြောင့် သူကိုယ်တိုင်ရောက်လာကာ သူ့သမီးအား တစ်စုံတစ်ခုဖြစ်ခြင်းမှာ ကာကွယ်ခြင်းဖြစ်သည်။

ရီဖူရှင်းက ကောင်းကင်ထက်ကို လှမ်းကြည့်သည်။ သူတို့နှစ်ဦးသည် အဝေး၌ တိုက်ခိုက်နေကြဟန်ရသည်။ မည်မျှဝေးသည်ကို သူမသိသော်လည်း သူ၏စိတ်အသိဖြင့်ပင် လက်လှမ်းမမှီနိုင်ပေ။ မြင်နိုင်ရန်ကား ပိုမဖြစ်နိုင်။

သူတို့က တိုက်ခိုက်သံများနှင့် တီးလုံးသံအချို့ကိုသာ ကြားရသည်။ အရှင်ထိုက်ရွှမ်သည် နတ်ဘုရားပူဆွေးခြင်းသံစဉ်ကို တတ်ကျွမ်း၏။ သူက ရွှေရောင်နတ်ပြည်ထောင်အရှင်အား ယှဉ်နိုင်မလား ရီဖူရှင်း မသိပေ။

ကောင်းကင်အာဏာစက်ပြည်ထောင်အရှင်၏အေးစက်သော အကြည့်က ရီဖူရှင်းထံသို့ ရောက်လာသည်။ ယခု အရှင်ထိုက်ရွှမ်မရှိတော့ရာ မည်သူက ရီဖူရှင်းအား ကာကွယ်ပေးနိုင်တော့မည်နည်း။

“သူ့ကို ဖမ်းကြစမ်း…” ကောင်းကင်အာဏာစက်ပြည်ထောင်အရှင်က ချက်ချင်း အမိန့်ပေးသည်။

ဤတွင် ပြင်းထန်သော အရှိန်အဝါများ ချက်ချင်း ဖြစ်ပေါ်လာ၏။

ထိုစဉ် လက်ဝါးပုံရိပ်တစ်ခုသည် ကောင်းကင်အာဏာစက်ပြည်ထောင်အရှင်ထံသို့ တိုးဝင်လာ၏။ တိုက်ခိုက်လိုက်သူကား ထျန်းဟယ်အရှင်ဖြစ်သည်။

ဝုန်း…

ပြင်းထန်သော အားလှိုင်းတစ်ခုသည် ထိုနေရာအား ရိုက်ခတ်လာ၏။ ချက်ချင်းပင် မဟာလမ်းစဉ်မုန်တိုင်းသည် ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းလာသည်။ ပျက်စီးခြင်းမြို့တော်သည် ထိုမျှ ဖိအားပြင်းသော တိုက်ပွဲအား ခံနိုင်ရည် မရှိပေ။

များစွာသော ထိပ်သီးပုဂ္ဂိုလ်များသည် သူတို့၏ဂျူနီယာများအား စွမ်းအားများဖြင့် ကာကွယ်ပေးကြ၏။ ကောင်းကင်အာဏာစက်ပြည်ထောင်အရှင်နှင့် ထျန်းဟယ်အကြီးအကဲတို့ စတင်တိုက်ခိုက်နေကြပြီဖြစ်သည်။

သူတို့နှစ်ဦးလုံးမှာ အဆင့်တူ၏။ နှစ်ဦးလုံးသည် နဝမအဆင့်ဝင်ရိုးပိုင်ရှင် အဆင့်မြင့်ရန်ဟောင်များဖြစ်ကြသည်။

များစွာသော ကျင့်ကြံသူများ ထိတ်လန့်နေကြသည်။ ပြည်ထောင်အရှင်နှင့် ထျန်းဟယ်အကြီးအကဲတို့ တိုက်ရိုက်တိုက်ခိုက်ကြမည်ဟု သူတို့ မထင်ထားခဲ့ကြ။

“ဦးလေး၂… ရီဖူရှင်းက ကျွန်တော့ သွေးသောက်မိတ်ဆွေပဲ။ ကျွန်တော်တို့ ဘေးထွက်နေလို့ မရဘူး” သောကျောက်က သူ၏ဦးလေး၂ကို ကြည့်ကာ ပြောသည်။ သောကျောက်၏ဦးလေး၂က အံ့အားသင့်သွားသည်။ သည်ကဲ့သို့သော တိုက်ပွဲသည် အင်အားစုများစွာ ပါဝင်ပတ်သက်၏။ သောကျောက်ကား ပေါ့ပေါ့ပါးပါးနေတတ်သော်လည်း ရည်မှန်းချက်ကြီးမားသူဖြစ်သည်။

မည်သို့ဆိုစေ သောကျောက်ကား သောမျိုးနွယ်စု၏ဆက်ခံသူဖြစ်၏။ လူငယ်မျိုးဆက်များအကြားတွင် သတ္တမအဆင့်တိုက်ခိုက်ရေးနတ်ဘုရားစွမ်းအားကို ထုတ်ဖော်နိုင်သော တစ်ဦးတည်းသောသူလည်းဖြစ်၏။ သူ၏ဉာဏ်ရည်ဉာဏ်သွေးမှာ မေးခွန်းထုတ်ရန် မလိုပေ။

သူသာ တိုက်ပွဲထဲ ဝင်ပါလျှင် သောမျိုးနွယ်စုသည် ရီဖူရှင်း၏ရန်သူများအားလုံးနှင့် ရန်ဘက်များဖြစ်သွားပေလိမ့်မည်။

“သောကျောက်… မင်းသေချာလား” ဦးလေး၂က သောကျောက်အား စိတ်ဖြင့် အသေအချာမေးသည်။

“သေချာတယ်” သောကျောက်ကလည်း လေးနက်စွာ ပြန်ခေါင်းညိတ်၏။

“ကောင်းပြီ…” သောကျောက်၏ဦးလေး၂က ဘာမှ မပြောတော့။ သောကျောက်ကား ရန်ဟောင်အဆင့်သို့ တက်လှမ်းခါနီးဖြစ်သည်။ သူသည် သောမျိုးနွယ်စု၏ဆက်ခံသူဖြစ်ရာ အနှေးနှင့်အမြန် သောမျိုးနွယ်စုအား ဦးဆောင်ရပေတော့မည်။ သောကျောက်က ဆုံးဖြတ်ပြီးမှတော့ သူက သဘောတူရန် ဆုံးဖြတ်လိုက်၏။

ဘန်း…

သူက သဘောတူလိုက်ပြီးသည်နှင့် သူ့ထံမှ တိုက်ခိုက်ရေးနတ်ဘုရားစွမ်းအားများ ပေါက်ကွဲထွက်လာသည်။ အလင်းများ ဖြာထွက်လျှက်ပင် သူသည် ကောင်းကင်ထက်သို့ ပျံတက်သွားပြီး ရွှေရောင်နတ်ပြည်ထောင်၏ဗိုလ်ချုပ်ရှိရာသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

ဘန်း…

ပေါက်ကွဲသံများ အဆက်မပြတ် ကြားရ၏။ လက်သီးသည် ကောင်းကင်ကို ဖြတ်သန်းသွားသည်။ ရွှေရောင်စစ်နတ်ဘုရား၏လက်တံသည် မီတာထောင်ပေါင်းများစွာ ရှည်လျားသွား၏။ လက်သီးက တစ်ဘက်လူ၏လှံနှင့် ရင်ဆိုင်မိကာ ထိုလှံကို ထိုးခွင်းလျှက်ပင် ကောင်းကင်ထက်သို့ ဆက်တက်သွားသည်။

သောမျိုးနွယ်စုသည် တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာလေပြီ။

“ကျေးဇူးပဲ…” ရီဖူရှင်းက သောကျောက်ကို ပြောသည်။

“ငါတို့က ကံကောင်းခြင်းကို မျှဝေမှတော့ အခက်အခဲကိုလည်း အတူရင်ဆိုင်တာပေါ့” သောကျောက်က ရီဖူရှင်းကို ကြည့်ကာ ပြောသည် “ငါက တိုက်ခိုက်ရေးနတ်ဘုရားရဲ့ ဂုဏ်ယူရတဲ့မျိုးဆက်ပဲ။ ငါက မင်းထင်တဲ့လူမျိုးမဟုတ်ဘူး”

“မင်းက သစ္စာရှိတယ်” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။

ကောင်းကင်ထက်တွင် တိုက်ပွဲကြီးတစ်ခု ချက်ချင်းဖြစ်လာသည်။ များစွာသော စွမ်းအားများ အဆက်မပြတ် ပေါက်ကွဲ၏။ အင်အားစုများမှ တန်ခိုးရှင်များသည် ဝင်မပါရသေးသော်လည်း သူတို့အားလုံး ပါဝင်ရန် ရည်ရွယ်ထားပြီဖြစ်သည်။

ဥပမာအားဖြင့် ရီဖူရှင်းနှင့် ရန်ငြိုးရှိသော မြူနှင်းပြည်ထောင်၊ ကြယ်တာရာဘုံ၊ ကောင်းကင်ဓားခန်းမ၊ ခရမ်းရင့်နန်းတော်၊ မြူခိုးအကျိုင်းထောင်ကလန်နှင့် တိုက်ခိုက်ရေးနတ်ဘုရားကလန်တို့သည် တစ်နေရာတည်းကို စိုက်ကြည့်နေကြ၏။ ဝူကျန်း၏အကြည့်က အလွန်စူးရှနေသည်။

ရီဖူရှင်းကြောင့်သာ မဟုတ်ပါက အာကာသခန်းမဆောင်သည် သူ၏အပိုင်ဖြစ်ပေလိမ့်မည်။ သူတို့၏ရန်ဟောင်ဖြစ်သော ဝူမင်သည် ရီဖူရှင်း၏လက်ထဲတွင် သေဆုံးခဲ့ရ၏။

သူတို့အပြင် တခြားသော အင်အားစုများဖြစ်ကြသော ရှန်ရှင်းကလန်၊ ထျန်ရှင်းကျောင်းတော်၊ တစေနတ်ဘုရားကလန်၊ ရှီလင်နတ်မြို့နှင့် ကြမ္မာလောကတို့သည်လည်း တိုက်ပွဲကို စိုက်ကြည့်နေကြသည်။

သူတို့အားလုံး တိုက်ပွဲမှ ဘေးဖယ်နေကြသေး၏။ သူတို့အားလုံးသည် အခြေအနေကို အကဲခတ်နေကြသည်။

မှန်သည်… ရီဖူရှင်းနှင့် ကောင်းမွန်သော ဆက်ဆံရေးအား ပိုင်ဆိုင်သော အင်အားစုများလည်း ရှိသည်။ နတ်ဆင်ကလန်နှင့် ကောင်းကင်အာဏာစက်ဘုံမှ မဟာမိတ်များသည် ရီဖူရှင်းနှင့် မူလကတည်းက နီးကပ်သော ဆက်ဆံရေးရှိ၏။

ထို့အပြင် နဂါးနတ်ဘုရားကလန်နှင့် ကောင်းကင်မိစ္ဆာအစည်းအရုံးတို့သည်လည်း သူတို့၏ဂျူနီယာများနှင့် ဆက်သွယ်ပြောဆိုနေကြသည်။

နတ်ဘုရားအပျက်အစီးနယ်မြေမှ အဖြစ်အပျက်များကို ကြားသိရပြီးနောက်တွင် သူတို့အားလုံး စိတ်လှုပ်ရှားသွားကြသည်။ သို့ဆိုလျှင် ကောင်းကင်အာဏာစက်ဘုံမှ လူငယ်မျိုးဆက်များအကြားတွင် အစွမ်းအထက်ဆုံးမှာ သံသယဖြစ်စရာမလိုအောင် ရီဖူရှင်း ဖြစ်ပေသည်။

တခြားသော အင်အားစုအချို့သည်လည်း ရီဖူရှင်းကို သဘောကျကြ၏။ ဥပမာ ယွင်ရန်ကလန်နှင့် ဝရိန်ခုနစ်ပါးကလန်တို့ဖြစ်ကြသည်။

ရီဖူရှင်း၏အကြည့်က စစ်မြေပြင်သို့ ရောက်သွားသည်။ သူ၏ခန္ဓာကိုယ်သည် လေထဲသို့ တဖြေးဖြေးမြောက်တက်လာခဲ့ကာ သူ့လက်ထဲတွင် လှံတစ်လက်ပေါ်လာ၏။ လှံထံမှ စူးရှသော အရှိန်အဝါများ ထွက်ပေါ်လာသည်။

ထိုအဖြစ်က လူအများအပြားကို သတိထားမိစေသည်။ ရီဖူရှင်းသည် တိုက်ပွဲကို ကိုယ်တိုင်ပါဝင်ရန် ဟန်ပြင်နေ၏။ သူကား ပြဿနာများ၏အလယ်တွင်ဖြစ်သည်။ သူသာ လှုပ်ရှားခဲ့ပါက အလွန်အန္တရာယ်ရှိ၏။

သို့သော်လည်း ရီဖူရှင်းကား စိတ်မပူ။ သူသည် လမ်းစဉ်သက်သေပြပြီးဖြစ်ကာ ရန်ဟောင်ဖြစ်နေလေပြီ။ သူသည် မိမိကိုယ်ကို ကာကွယ်နိုင်သည်ဟု ယုံကြည်ချက်ရှိ၏။ မှန်သည်၊ သူသည် တိုက်ပွဲ၌ ပါဝင်ရန် အစွမ်းရှိပေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset