Switch Mode

အခန်း ( ၅၅၃ )

စိတ်စွမ်းအင် အဆင့်မြှင့်တင်ခြင်း

တောက်ပနေသော စက်လုံးများအတွင်းရှိ မည်သူမဆို ကျောက်တိုင်ပေါ်ရှိစာများရှိရာဘက်သို့ ကြည့်လိုက်ရုံနှင့် သူတို့ခေါင်းထဲတွင် စကားလုံးများ ပေါ်ပေါက်လာမည်ဖြစ်သည်။ နတ်မီးလျှံစမ်းသပ်ပွဲ၏ ရှင်းလင်းဖော်ပြချက်များသည် ရိုးရှင်းဟန်တူသော်လည်း ကျောက်တိုင်ပေါ်တွင် ရေးထိုးထားသည့် မည်သည့်စမ်းသပ်ပွဲတွင်မဆို ပထမရသူသည် အားလုံးအထဲတွင် ပထမဖြစ်မည် ဖြစ်သည်။

မည်သည့် နတ်မီးလျှံစမ်းသပ်ပွဲဖြစ်စေ သို့မဟုတ် ကျင့်ကြံသူက မည်သည့်အချိန်တွင် စသည်ဖြစ်ပါစေ အရေးမကြီးပေ။ သူတို့ ပထမနေရာရသရွေ့ နတ်ဝိညာဥ်တည်ရှိရာ ဝင်္ကပါ၏ တတိယမြောက် အဆင့်သို့ တည်နေရာရွှေ့ပြောင်းခံရမည်ဖြစ်သည်။

သို့သော် ရှင်းလင်းဖော်ပြချက်မှာ အခြားသူများ ထိုတတိယအဆင့်သို့ ရောက်နိုင်၊ မရောက်နိုင် သေချာမရှင်းလင်းပေ။ ဖော်ပြထားသော စည်းကမ်းချက်များအရ ပထမနေရာရသူသာ နတ်ဝိညာဥ်ကို လျင်မြန်စွာ မရနိုင်ခဲ့လျှင် နတ်မီးလျှံစမ်းသပ်ပွဲ၏ ဒုတိယနှင့် တတိယနေရာအနိုင်ရသူများသည်လည်း တတိယအဆင့်သို့တည်နေရာရွှေ့ပြောင်းခံရမည်ဖြစ်ရာ နတ်ဝိညာဥ်ကို ရရန် အခွင့်အရေးရှိလေသည်။

နတ်မီးလျှံစမ်းသပ်ပွဲတွင် လူတစ်ယောက် မည်မျှအဆင့်ထိ ရောက်နေသည်ကို ရှင်းပြထားသော အချက်တစ်ချက်လည်းရှိ၏။ ထိုလူ၏ စက်လုံးက ပို၍ တောက်ပလာမည်ဖြစ်သည်။ ထိုအခြင်းအရာကိုကြည့်၍ ပိုင်ရှောင်ချန်းပြောနိုင်သည်က သခင်မလေး ဟုန်ချိန်သည် အခြားလူတိုင်းထက် ပို၍ သာလွန်နေလိမ့်မည်။ ထိုနည်းတူ သူမက ပထမနေရာရပြီး နတ်ဝိညာဥ်ရပေလိမ့်မည်။

ထိုအကြောင်းနှင့် ပတ်သက်၍ ပိုင်ရှောင်ချန်းမှာ အတန်ငယ် စိတ်ပျက်သွား၏။ သူက နောက်ထပ် နတ်ဝိညာဥ်တစ်ကောင်ရရန် လုံးဝအနိုင်မရနိုင်သည် မဟုတ်ပါလော။ သို့သော်လည်း သူသာ အန္တရာယ်နှင့် ရင်မဆိုင်ရဘဲ စွမ်းဆောင်နိုင်လျှင် ကောင်းမွန်လိမ့်မည်။

ယခုအချိန်တွင် မျှော်လင့်ချက် အများကြီး ရှိဟန်မတူပေ။ သူက လူပေါင်းထောင်ချီနောက်မှသာ ရောက်လာခဲ့လေသည်။ သူက သက်ပြင်းချရင်း အမျိုးမျိုးသော နတ်မီးလျှံစမ်းသပ်ပွဲများအကြောင်း အချက်အလက်များကို မြင်ရန် ကျောက်တိုင်ကို အနီးကပ်ကြည့်လိုက်သည်။

ပထမဆုံးသည် အတိုက်အခိုက်စွမ်းရည်နှင့်ပတ်သက်သော စမ်းသပ်ပွဲဖြစ်သည်။

“ဘယ်တော့မှ ဒီတစ်ခုကို မလုပ်ဘူး”
သူက ခေါင်းခါရင်း ရေရွတ်လိုက်၏။
” တိုက်ပွဲတွေ၊ သတ်တာဖြတ်တာတွေက ငါ့နဲ့ လုံးဝမအပ်စပ်ဘူး ”
ဒုတိယမြောက်နတ်မီးလျှံစမ်းသပ်ပွဲက သူ့မျက်လုံးများကို ဝင်းလက်သွားစေတော့သည်။ ၄င်းမှာ ဆေးဖော်စပ်ခြင်း စမ်းသပ်ပွဲပင်။

” ဆေးဖော်စပ်ခြင်းတဲ့လား ဟမ်.. ငါတော်တော်ကျွမ်းတဲ့ဟာပဲ ”
သူသည် စိတ်ဓာတ်တက်ကြွသွားရင်း စာရင်း၏အောက်ခြေကို ဆက်သွားလိုက်သည်။

” နတ်ဘုရားစွမ်းရည် စမ်းသပ်ပွဲ။ လက်နက်ထုလုပ်ခြင်းစမ်းသပ်ပွဲ။ နတ်ဘုရားဝိညာဥ် စမ်းသပ်ပွဲ။ တစ်ခုမှ အလုပ်ဖြစ်မှာမဟုတ်ဘူး။ ငါတော့ ဘယ်နည်းနဲ့မှ အဖွားကြီးဟုန်ချိန်ကို နတ်ဘုရားစွမ်းရည်မှာ ယှဥ်နိုင်မှာမဟုတ်ဘူး။ ငါလက်နက်လဲ မထုနိုင်ဘူး။ ပြီးတော့ အခုထက်ထိ နတ်ဘုရားဝိညာဥ်တောင် မဖြစ်ပေါ်သေးဘူး။ ဘာပဲဖြစ်ဖြစ် ဆေးဖော်တာက ငါ့အတွက် အသင့်တော်ဆုံးပဲ ”
အထူးသဖြင့် ၄င်းစမ်းသပ်ပွဲက သူ့အတွက် မည်မျှ ပျင်းရိငြီးငွေ့ဖွယ်ကောင်းလိမ့်မည်နည်းဆိုသည်ကို စဥ်းစားကြည့်မိကာ ထိုအကြံကို သူ စိတ်ဝင်စားလာတော့သည်။ ထိုနည်းအားဖြင့် ကျန်သော စမ်းသပ်ပွဲများကို သူ ဆက်ကြည့်လိုက်လေသည်။

” အဆုံးစွန်စည်းလုံးမှု စမ်းသပ်ပွဲ။ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းစမ်းသပ်ပွဲ။ သတ္တိစမ်းသပ်ပွဲ။ ”
ပိုင်ရှောင်ချန်းမှာ အဆုံးစွန်စည်းလုံးမှု စမ်းသပ်ပွဲက မည်သည့်အကြောင်းဆိုသည်ကို စဥ်းစားမရလေရာ ဖယ်ထုတ်လိုက်လေသည်။ သတ္တိစမ်းသပ်ပွဲအတွက်မူ သူ့မှာ ခန့်မှန်းချက်များရှိလေသည်။

” အင်း အပြင်အားခန္ဓာကိုယ်စမ်းသပ်ပွဲမျိုးဖြစ်ပုံပဲ။ သေချာပေါက် ငါ့အတွက်မဟုတ်ဘူး။ အန္တရာယ်များလွန်းတယ်”
သူက မတူညီသော နတ်မီးလျှံစမ်းသပ်ပွဲအမျိုးအစား တစ်ရာအနည်းဆုံးရှိသည့် ကျောက်တိုင်ကို ဆက်ကြည့်လိုက်လေသည်။ အများစုမှာ သူကြားပင် မကြားဖူးသည့်အရာများဖြစ်လေရာ နောက်ဆုံးတွင် သူသည် ဆေးဖော်စပ်ခြင်းနှင့် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း စမ်းသပ်ပွဲများအပေါ် ပြန်အာရုံရောက်သွားတော့သည်။ သို့သော်လည်း သူက တွေဝေနေဆဲပင်။

“အချိန်ကို ကန့်သတ်ထားတာ အင်မတန် ဆိုးတာပဲ။ မဟုတ်ရင် ငါဆေးဖော်စပ်တာကို ရွေးလို့ရတယ်။ ဒါပေမယ့် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ကျပြန်တော့…”
ဤသည်မှာ တစ်ပတ်ရိုက်ရန် အကောင်းဆုံးအခွင့်အရေးဖြစ်ကြောင်း သဘောပေါက်လိုက်သောကြောင့် ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ ကောက်ကျစ်သောအလင်းများဖြင့် တောက်ပလာပြီး အတန်ငယ် ကျဥ်းမြောင်းလာတော့သည်။

” ငါ့လိပ်ဒယ်အိုးကို သုံးနိုင်ရင်တော့ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းစမ်းသပ်ပွဲက ငါ့အတွက် ဘာမှခက်မှာမဟုတ်ဘူး။ သခင်မလေး ဟုန်ချိန်ဆီကနေ ပထမနေရာကို လုဖို့ အခွင့်အရေးတောင် ရချင်ရနေမှာ ”
ထိုအကြောင်းတွေလိုက်မိသည်နှင့်အမျှ သူ ပို၍ စိတ်လှုပ်ရှားလာတော့သည်။

” ဟုတ်တယ် ရနိုင်မှာ။ ဆေးဖော်စပ်တာက လှည့်စားလို့မှမရပဲ။ ဒီတော့ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းအပေါ်မှာပဲ လောင်းကြေးထပ်လိုက်မယ်ကွာ။ ငါနိုင်ရင် နတ်ဝိညာဥ်ရမယ်။ မနိုင်ရင် ဘာမှမထိခိုက်တော့ဘူးပေါ့”
ထိုသို့ဖြင့် သူ ဆုံးဖြတ်ချက်ချလိုက်လေတော့သည်။ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းအပေါ်တွင် အာရုံစိုက်လိုက်ရင်း ကျောက်တိုင်ပေါ်က ဖော်ပြချက်များအတိုင်း သူ့စိတ်ကို စကားလုံးများထဲ နစ်မြုပ်လိုက်လေသည်။

သူ့စိတ်ထဲတွင် ထစ်ခြုန်းသံများ မြည်ဟည်းသွားပြီး သူ့ပတ်ပတ်လည်ရှိ အရာအားလုံးမှာ လည်ပတ်လာတော့သည်။ ရုတ်တရက် သူ၏ဝိညာဥ်သည် သူ့ခန္ဓာကိုယ်မှ ထွက်ခွာနေပြီး ကျောက်တိုင်ထံ ပျံသန်းသွားကြောင်း သတိပြုမိလိုက်လေသည်။

အံ့သြတုန်လှုပ်သွားပြီး လှည့်ကြည့်လိုက်ရာ စက်လုံးထဲတွင် တင်ပျဥ်ခွေလျက် တရားထိုင်နေသော သူ့ကိုယ်သူ တွေ့လိုက်ရလေသည်။ သူ၏ဝိညာဥ်က ခန္ဓာကိုယ်ထဲတွင် မရှိတော့သောကြောင့် သူမျက်နှာပေါ်ရှိ မျက်နှာဖုံးက အလုပ်မလုပ်တော့ရာ သူ့ရင်ဘတ်ပေါ်သို့ ပြုတ်ကျလာလေသည်။

ပိုင်ရှောင်ချန်းမှာ ထိုမထင်မှတ်ထားသော အလှည့်အပြောင်းဖြစ်ရပ်များကြောင့် ထိတ်လန့်သွားသော်လည်း အခြေအနေကို ပြောင်းလဲရန် သူ ဘာမှမလုပ်နိုင်ပေ။ တခဏကြာသော် သူ၏ဝိညာဥ်က ကျောက်တိုင်ကို ရိုက်ခတ်သွားတော့သည်။

သူ့စိတ်ထဲတွင် သူ၏ဝိညာဥ်ကို အပိုင်းပိုင်းစုတ်ဖြဲရန် ကြိုးစားနေကြရင်း အဆက်မပြတ်စူးစူးဝါးဝါး အော်ဟစ်နေကြသော သရဲပေါင်းများစွာ၏ အသံကြီးများအလား ထစ်ခြုန်းသံများ မြည်ဟည်းလာလေသည်။

ကံကောင်းထောက်မစွာ ၄င်းမှာ သိပ်မကြာလိုက်ပေ။ အသက်ရှူချိန်အနည်းငယ်ကုန်ပြီးနောက် အသံများ ပျောက်ကွယ်သွားကာ သူ၏ မှုန်ဝါးနေသော အမြင်အာရုံမှာ ထင်ရှားပြတ်သားလာပြီး သီးသန့်အခန်းတစ်ခုထဲရောက်နေကြောင်း သိလိုက်ရလေသည်။

နံရံများသည် မည်းမှောင်နေပြီး မခံနိုင်လောက်အောင် အန္တရာယ်များပုံပေါ်လေသည်။ အခန်းသည် အကြမ်းအားဖြင့် ခါးအမြင့်ရှိ ကျောက်ခုံကြီးသုံးခုံက လွဲ၍ လုံးဝ ရှင်းလင်းနေ၏။ အလယ်ခုံ၏ ထိပ်တွင် ညှိုးနွမ်းခြောက်သွေ့နေသည့် အဝါရောင်သစ်ရွက်လေးတစ်ခုရှိပြီး သဘာဝဆန်သည်။ အမှန်တကယ်လည်း ထိုအတိုင်းပင်ဖြစ်သည်။ သစ်ရွက်မှာ အလွန်ရိုးရှင်းလေရာ ၄င်းထက် သာမန်ဟုယူဆိုနိုင်သော အရာမရှိနိုင်တော့ပေ။

ဘယ်ဘက်ကျောက်ခုံပေါ်တွင် လွင့်ေမျာနေသည်မှာ မီးညွန့်တစ်ခုတည်းရှိသော အနီရောင်မီးတောက်တစ်ခုဖြစ်သည်။ ထိုမီးတောက်မှာ သိပ်မပူဘဲ လူသားကမ္ဘာမှ သာမန်မီးတောက်ထက် အနည်းငယ်ပိုသည် ဆိုရုံလေးပင်။ သို့သော် ၄င်းက သာမန်မီးတောက်မဟုတ်ကြောင်း ပိုင်ရှောင်ချန်းပြောနိုင်လေသည်။ ၄င်းသည် ကျင့်ကြံခြင်းကမ္ဘာတွင် တွေ့ရခဲသော တစ်ရောင်ခြယ်မီးတောက်ဖြစ်လေသည်။

ညာဖက် ကျောက်ခုံပေါ်တွင် ကျောက်တုံးကျောက်ခဲများ၊ အသီးအရွက်များ နှင့် ပိုင်ရှောင်ချန်း မသိသည့် အခြားသော ကြုံရာကျပန်း ပစ္စည်းများဖြစ်သည်။

သို့သော် သူတို့နှင့် ပတ်သက်၍ ရင်းနှီးနေပုံရပြီး တခဏကြာသော် ဖက်တီးကြီးကျန်း စိတ်စွမ်းအင်အဆင့်မြှင့်တင်ချိန်က သူမြင်ခဲ့ဖူးသော အရာတချို့ဖြစ်ကြောင်း သိလိုက်လေသည်။

ကျောက်ခုံသုံးခုအပြင် အခန်းထဲတွင် တခြားဘာမှမရှိပေ။ သိသာထင်ရှားစွာပင် ဤအခန်းကို စိတ်စွမ်းအင်အဆင့်မြှင့်တင်ရန်အတွက်သာ ပြုလုပ်ထားပြီး လက်ရှိအလုပ်မှာ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း တစ်ဆပြုလုပ်ရန်ဖြစ်လေသည်။

ပိုင်ရှောင်ချန်းက လှည့်ပတ်ကြည့်လိုက်ပြီး တစ်ရောင်ခြယ်မီးတောက်ကို လေ့လာရန် အချိန်အနည်းငယ်ယူလိုက်သည်။ ထို့နောက် အပြင်ဘက်တွင် သူ့မျက်နှာပေါ်မှ မျက်နှာဖုံးမည်သို့ ကွာကျသွားခဲ့ပုံကို ပြန်တွေးမိလိုက်ပြီး စိုးရိမ်သောကရောက်လာတော့သည်။ နောက်ဆုံးတွင် သူက အံတင်းတင်းကြိတ်ပြီး ပြောလိုက်သည်။
” ငါအဆင်ပြေမှာပါ။ စက်လုံးတွေက တကယ်ကိုခံနိုင်တာပဲ။ မဟုတ်ရင် ပထမဆုံးပေါ်လာတဲ့လူ အသတ်ခံလိုက်ရမှာပေါ့။ နောက်ကိစ္စ နောက်မှ ရှင်းတော့မယ်ကွာ။ ငါ့လိပ်ဒယ်အိုးလေးကို ဆင့်ခေါ်လို့များရမလား ကြည့်ဦးမှ ”
ဤနေရာတွင် သူ့အိတ်သော်လည်းကောင်း၊ သူပိုင်ဆိုင်သော အခြားအရာများသော်လည်းကောင်း တစ်ခုမှ မရှိပေ။ ထို့ကြောင့် အသက်ပြင်းပြင်းရှူ၍ လိပ်ဒယ်အိုးကို ဆင့်ခေါ်ရန် သူလုပ်နေကျအတိုင်း လက်ချောင်းကို ဝှေ့ယမ်းလိုက်လေသည်။

ချက်ချင်းပင် အနက်ရောင်အလင်းများ ထွက်ပေါ်လာကာ လိပ်ဒယ်အိုးပုံသဏ္ဍာန်ပေါ်လာတော့သည်။

ပိုင်ရှောင်ချန်းမှာ အံသြသွားသော်လည်း ချက်ချင်းပင် ဂုဏ်ယူစွာ တဟားဟားရယ်လိုက်တော့သည်။

” ငါနဲ့အတူ ပါလာတာပဲ။ ဟားဟားဟား။ ငါ့နဲ့ တကယ်ကြီးပါလာတာကို ယုံတောင်မယုံနိုင်ဘူး။ ”
သူ့ မျက်လုံးများ တလက်လက်တောက်ပနေပြီး ပထမနေရာရ၍ နတ်ဝိညာဥ်သာရခဲ့လျှင် မည်သည်နှင့် တူလိမ့်မည်ကို ပုံဖော်ကြည့်လိုက်သည်။

” ငါ့ လိပ်ဒယ်အိုးနဲ့သာဆိုရင် ဘယ်သူကများငါနဲ့ယှဥ်နိုင်ဦးမလဲ”

” ဟမ်း ။ ပိုင်ရှောင်ချန်းကသာ ပထမလိုချင်တယ်လို့သာ ဆိုလိုက်။ ဘယ်သူကများ ပိုင်ရှောင်ချန်းရဲ့လမ်းမှာ ပိတ်နေဝံ့မှာတုံး ”
သူသည် ယုံကြည်ချက်အပြည့်နှင့် သူ၏အင်္ကျီလက်စကို ခါရမ်းလိုက်ရင်း ဂုဏ်ယူစွာ မေးကို မော့လိုက်လေသည်။ သို့သော် အချိန်သည် အဓိကဖြစ်ကြောင်း သိသဖြင့် သူ၏စိတ်လှုပ်ရှားမှုများကို အလျင်အမြန် ဖိနှိပ်လိုက်ပြီး တစ်ရောင်ခြယ်မီးတောက်ကို သွားယူလိုက်သည်။ ထို့နောက် သူက စိတ်လှုပ်ရှားစွာ လိပ်ဒယ်အိုးထဲ ပစ်ထည့်လိုက်လေသည်။

တုံပြန်သည့်အနေနှင့် လိပ်ဒယ်အိုးသည် တုန်ခါသွားပြီး မီးတောက်များဖြင့် ဖုံးလွှမ်းသွားကာ ၄င်းမျက်နှာပြင်ပေါ်ရှိ အမှတ်အသားများက လင်းလက်စွာ တောက်ပလာတော့သည်။

ခါတိုင်းထက်ပို၍ ယုံကြည်ချက်ရှိစွာ ပိုင်ရှောင်ချန်းက ခပ်တိုးတိုးရယ်လိုက်ပြီးနောက် သစ်ရွက်ခြောက်ကို ဂရုတစိုက်ကောက်လိုက်၏။ သာမန်ပစ္စည်းတစ်ခုသာဖြစ်ကြောင်း ကြည့်၍ အတည်ပြုပြီးနောက် သူက ရေရွတ်လိုက်လေသည်။
” ဒီလို သစ်ရွက်တစ်ရွက်ကို စိတ်စွမ်းအင်အဆင့်မြှင့်တင်ရတာက ဘယ်လောက်တောင် ဖြုန်းတီးပစ်ရာကျလိုက်သလဲ ”
သို့သော်လည်း ဤနေရာတွင် သူမည်သည့် ပစ္စည်းကိုပင် အဆင့်မြှင့်တင်ပါစေ သူ့နှင့်အတူ ယူသွား၍ မရကြောင်း သေချာသည်ဟု ခံစားလိုက်ရလေရာ မည်သည့်လောင်စာကို သူ သုံးသည်ဖြစ်ပါစေ အရေးမကြီးတော့ပေ။ ထို့ကြောင့် သူက လိပ်ဒယ်အိုးထဲသို့ သစ်ရွက်ကို ပစ်ထည့်လိုက်တော့သည်။

ချက်ချင်းပင် လိပ်ဒယ်အိုး၏ အမှတ်အသားများမှ အလင်းများတောက်ပသွားကာ သစ်ရွက်ပေါ်သို့ ပေါင်းစည်းသွားလေသည်။ တခဏကြာသော် မျက်စိကျိန်းမတတ် အလင်းများ ပျောက်ကွယ်သွားပြီး သစ်ရွက်၏ မျက်နှာပြင်ပေါ်တွင် ငွေအမှတ်အသားတစ်ခုကို မြင်နိုင်လေသည်။

ပိုင်ရှောင်ချန်းက ဖျတ်ခနဲ ကောက်ယူပြီး ကြည့်လိုက်လေသည်။ ငွေအမှတ်အသားကလွဲ၍ ပုံမှန်မဟုတ်သော အရာတစ်ခုကိုမှ သူရှာမတွေ့ပေ။

” အမှိုက်ပဲ ”
သူက ခေါင်းခါရင်း တွေးလိုက်သည်။ ဘယ်ဘက် ကျောက်ခုံကို လှမ်းကြည့်လိုက်သောအခါ နောက်ထပ် မီးတောက်တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ဤတစ်ခုမှာ အရောင်နှစ်ရောင်ဖြင့်ဖြစ်သည်။ အမှန်ပင် နှစ်ရောင်ခြယ်မီးတောက် လွဲ၍ တခြားမဟုတ်ပေ။

” ဒါက အရေးမကြီးပါဘူး။ နတ်မီးလျှံစမ်းသပ်ပွဲလေးပဲလေ။ ဘာပဲဖြစ်ဖြစ်ကွာ ဒီဟာတွေအားလုံးကို ငါမှမပိုင်တာ။ ဘာမှဖြစ်မှာလဲ မဟုတ်ဘူး”
ထို့နောက် သူက ပုံမှန်အတိုင်း နှစ်ရောင်ခြယ်မီးတောက်ကို ယူပြီး နောက်ထပ် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ပြုလုပ်လိုက်သည်။

မကြာမီ သစ်ရွက်တွင် ငွေအမှတ်အသားနှစ်ခု ရှိသွားလေပြီ။ ထို့နောက် သုံးခုမြောက်၊ လေးခုမြောက် အစရှိသဖြင့် စုစုပေါင်းရှစ်ခု ရှိသွားလေသည်။ ဤအချိန်တွင် ပိုင်ရှောင်ချန်းသည် အခြေအနေတစ်ရပ်လုံးအား အမှန်တကယ် စိတ်ပျက်နေတော့သည်။

” စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ရှစ်ဆ ”
သူက လက်ဝါးပေါ်ရှိ သစ်ရွက်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။ ၄င်းမှာ ညှိုးနွမ်း ခြောက်သွေ့နေဆဲဖြစ်သော်လည်း ယခင်ထက် ပို၍ အသုံးခံလာပြီး မာလာလေသည်။ အတန်ငယ် တောက်ပလာပြီး သာမန်သစ်ရွက်ထက် များစွာ ပိုကြောင်း သိသာလာလေသည်။ ၄င်းသည် ရတနာပစ္စည်းတစ်ခုအလား ထင်မှတ်ရ၏။

ဤအချိန်တွင် သစ်ရွက်က အဖိုးတန် ရတနာတစ်ပါးဖြစ်လာခဲ့ကြောင်း စဥ်းစားရင်း သူ့စိတ်ထဲတွင် နောက်အကြံပေါ်လာတော့သည်။ ၄င်းကို သူကိုယ်တိုင် တံဆိပ်ခတ်လိုက်ပါက သခင်အဖြစ်မှတ်မိနိုင်ကောင်းမှတ်မိနိုင်လိမ့်မည်ဖြစ်ကာ သူထွက်ခွာချိန်တွင် အတူယူသွားနိုင်လိမ့်မည်။

အကောင်းဆုံးကို မျှော်လင့်ရင်း သူက မန္တန်လက်ကွက်ဖော်ပြီး လက်ညှိုးထိုးကာ သူ၏ကိုယ်ပိုင်အမှတ်အသားကို သစ်ရွက်ထံပို့လွှတ်လိုက်ရာ တုံပြန့်သည့်အနေနှင့် တောက်ပသွား၏။

အောင်မြင်သွားလေပြီ။

ကျေနပ်သွားသော ပိုင်ရှောင်ချန်းသည် ကိုးရောင်ခြယ်မီးတောက်ကို ယူ၍ နောက်ထပ် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းပြုလုပ်လိုက်သည်။

ကိုးခု ဆယ်ခု။

မကြာမီ သစ်ရွက်၏ မျက်နှာပြင်ပေါ်တွင် အံ့သြဖွယ် ငွေအမှတ်အသားဆယ်ခုပေါ်လာတော့သည်။ ၄င်းမှာ ညှိုးလျော်နေဆဲဖြစ်သော်လည်း ၄င်း၏ အခြေခံသဘာဝမှာ ပြောင်းလဲသွားပြီး ယခုတွင် လင်းလက်တောက်ပနေလေသည်။ ၄င်းကို ကြည့်လိုက်သည့် မည်သူမဆို ကျောက်စိမ်း သို့မဟုတ် အခြားအဖိုးတန်ရတနာများ အဖြစ် ထင်သွားကြလိမ့်မည်။

” အဆင့်မြှင့်တင်ခြင်း ဆယ်ဆ…”
ပိုင်ရှောင်ချန်းက ရေရွတ်လိုက်၏။ ကျောက်ခုံကို လှမ်းကြည့်လိုက်ရာ ဆယ့်တစ်ရောင်ခြယ်မီးတောက် ပုံစံက အလွန်စွဲမက်စရာကောင်းပြီး သူ့အမြင်အာရုံကို ဖမ်းစားထားလေသည်။

ပို၍ တိတိကျကျဆိုရလျှင် ဆယ့်တစ်ရောင်ခြယ်မီးတောက်မှာ အရောင်ဆယ့်တစ်ရောင် ပါဝင်နေခြင်းမရှိချေ။ သို့သော်လည်း ၎င်းက ဆယ့်တစ်ရောင်ခြယ်မီးတောက်ဆိုသည်ကို ပိုင်ရှောင်ချန်း ပြောနိုင်လေသည်။

မည်သို့ သူ တပ်အပ်သိနေရကြောင်း ဖော်ပြရန်လည်း မဖြစ်နိုင်ချေ။ ထို့အပြင် ထိုမီးက အဆက်မပြတ် ပြောင်းလဲနေပြီး သူ့စိတ်ဝိညာဥ်ကို အံ့ဩတုန်လှုပ်ဖွယ် အင်အားတစ်ခုနှင့် ဆွဲဆောင်နေတော့သည်။

မီးဝိညာဥ်မြားပေါ်ရှိ ရွှေရောင်အမှတ်အသားကို ပြန်စဥ်းစားမိရင်း ပိုင်ရှောင်ချန်း၏ မျက်လုံးများ တလက်လက် တောက်ပလာပြီး သူ တွေးလိုက်လေသည်။
” အရင်ကတော့ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ဆယ့်တစ်ကြိမ် လုပ်လိုက်ရင် ဘယ်လိုမျိုး အံသြစရာကောင်းတဲ့ ပြောင်းလဲခြင်းတွေဖြစ်လိမ့်မလဲဆိုပြီး ငါ ခန့်မှန်းနေခဲ့ရတာ… “

Comment

Leave a Reply

Options

not work with dark mode
Reset