အပိုင်း(၁၆၅၁):

ရန်စခြင်း

ကောင်းကင်အာဏာစက်ပြည်ထောင်အရှင်၏အသံသည် လေထုတစ်ခုလုံးကို ပျံ့လွင့်သွား၏။ ချက်ချင်းပင် ကောင်းကင်အာဏာစက်ပြည်ထောင်မှ လူများအပါအဝင် များစွာသောလူတို့သည် အံ့အားသင့်သွားကြ၏။

နတ်ဆင်ကျင့်ကြံသူများသည် ဦးဆုံး ရီဖူရှင်းတို့ဘေးကို ရောက်လာသူများဖြစ်ကြ၏။

“သွားကြည့်ကြမယ်” နဂါးနတ်ဘုရားမျိုးနွယ်ဝင်များကလည်း ပြောသည်။

ထို့နောက်တွင် ကောင်းကင်မိစ္ဆာအစည်းအရုံး၊ နတ်တောင်ကုန်း ၁၀၀၀၀ နှင့် တခြားသော အင်အားစုများလည်း ရောက်လာကြသည်။

မြန်ဆန်စွာပင် များစွာသော ကျင့်ကြံသူများသည် ရီဖူရှင်း ရှိနေရာသို့ ပြေးလာကြ၏။ ချက်ချင်းပင် ထိုကိစ္စက ထိပ်သီးတန်ခိုးရှင်များ၏အာရုံကို ဖမ်းစားလိုက်၏။

“ရီဖူရှင်း…” နတ်ဘုရားအပျက်အစီးနယ်မြေမှ ထွက်လာသူများသည် ရီဖူရှင်း၏နာမည်ကို ကြားလျှင် ရေရွက်မိကြ၏။ သူတို့ကလည်း ပြောသည် “ငါတို့လည်း သွားကြည့်ရအောင်…”

သည်လူကား နတ်ဘုရားအကြွင်းအကျန်နယ်မြေသို့ မဝင်ရောက်မှီက အမည်မသိသောလူဖြစ်သည်။ သို့သော်လည်း သူကား နတ်ဘုရားအကြွင်းအကျန်နယ်မြေတွင် မုန်တိုင်းထန်စေခဲ့သည်။ ရီဖူရှင်းနှင့် နှိုင်းယှဉ်ပါက ထျန်ရှန်းကျောင်းတော်၊ ရှန်ကလန်တို့သည် အနည်းငယ်မျှသာ လှုပ်ရှားမှု ရှိ၏။ အကြောင်းအရင်းကား မည်သူမှ သူတို့နှင့် ရင်မဆိုင်ရဲကြသောကြောင့်ပင်။

နတ်ဘုရားအကြွင်းအကျန်နယ်မြေတွင် မည်သူသည် အလှုပ်ရှားဆုံးဟု မေးပါလျှင် အဖြေမှာ ရီဖူရှင်း ဖြစ်ပေသည်။

ထိုနေရာတွင် စုဝေးလာသူများထဲတွင် ရီဖူရှင်းနှင့် ပြဿနာတက်ခဲ့သူများလည်း ပါဝင်ပေသည်။ သူကား နတ်ဘုရားအကြွင်းအကျန်နယ်မြေတွင် အင်အားစုအများအပြားနှင့် ရန်ဖြစ်ခဲ့၏။

တချို့မှာ ရန်စကြီးပြီး တချို့မှာ ရန်စသေး၏။

မှန်သည်… ရီဖူရှင်း၏နာမည်က ဆွဲဆောင်မှုအားကောင်းနေခြင်းမှာလည်း သူနှင့်ယူချင်းတို့တွင် နတ်ဘုရားလက်နက်နှစ်ခုရှိ၍ ဖြစ်သည်။ နတ်ဘုရားလက်နက်နှစ်ခုကို ရီဖူရှင်းတို့အုပ်စုသာ ပိုင်ဆိုင်သည်။

“ဘာဖြစ်နေတာလဲ…” အရှင်ထိုက်ရွှမ်၏တန်ခိုးအဆင့်ကား မြင့်မား၏။ သူက ပျက်စီးခြင်းမြို့တွင် တစ်ခုခု မူမမှန်သည်ကို ချက်ချင်း သတိပြုမိ၏။ အင်အားစုအများအပြား သူတို့ရှိရာအရပ်သို့ အဘယ်ကြောင့် ဦးတည်လာနေကြသနည်း။

သူက ရှေ့မှ ရီဖူရှင်းကို ကြည့်လိုက်သည်။ သည်ကောင်လေးက နတ်ဘုရားအပျက်အစီးနယ်မြေမှာ ဘာတွေ လုပ်ခဲ့သနည်း။

အင်ပါယာရှားနှင့် ဥဒေါင်းအင်ပါယာတို့လည်း ရောက်လာကြ၏။ သူတို့၏ကျင့်ကြံခြင်းအဆင့်က အနည်းငယ်နိမ့်ရာ နောက်ကျမှ ရောက်လာသည်။ ရီဖူရှင်း၊ လီဟန်ဓားသမား၊ ရှားရှင်းယွန်နှင့် တခြားလူများ၏အပြောင်းအလဲကို တွေ့မြင်လျှင် သူတို့အားလုံး အံ့အားသင့်ကြရသည်။

သူတို့ ရန်ဟောင် ဖြစ်နေကြလေပြီ။ လီဟန်ဓားသမားကား သူ၏လမ်းစဉ်ကို သက်သေပြပြီးဖြစ်၏။

သို့သော်လည်း လက်ရှိတွင် သူတို့သည် စကားစမြည်ပြောရန် အခြေအနေဟုတ်ပုံမရပေ။

ရီဖူရှင်းက ခေါင်းမော့ကာ ရွှေရောင်နတ်ပြည်ထောင်မှ ဗိုလ်ချုပ်နှင့် ကောင်းကင်အာဏာစက်ပြည်ထောင်အရှင်တို့အား လှမ်းကြည့်ကာ မေးသည် “လူကြီးမင်းတို့က ဘာကိစ္စရှိလို့ပါလဲ”

ရန်ဟောင်ဖြစ်လာခြင်းက သူ့အား ပိုမိုရင့်ကျက်စေဟန်တူသည်။ သူ့ထံမှ ထည်ဝါခန့်ညားသော ဟန်ပင်အငွေ့အသက်များပင် ထွက်ပေါ်နေ၏။

ဟူး…

ရွှေရောင်အလင်းများ ဖြန့်ကျက်လာခဲ့သည်။ ရွှေရောင်နတ်ပြည်ထောင်မှ သတ်ဖြတ်ခြင်းအငွေ့အသက်များမှာ ပြင်းထန်သည်။ ထိုဗိုလ်ချုပ်က ကိုယ်တိုင်လိုက်ပါပို့ဆောင်ရသော ကိုက်ရှီကား ရွှေရောင်နတ်ပြည်ထောင်မှ အတော်ဆုံးသော မျိုးဆက်သစ်ဖြစ်၏။ ယခု ကိုက်ရှီ သေသွားလေပြီ။

“ဒါက ဘာသဘောလဲ…” ထျန်းဟယ်အကြီးအကဲထံမှ ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်လာခဲ့၏။

အရှင်ထိုက်ရွှမ်ကလည်း မျက်မှောင်ကြုတ်ကာ လေထဲမှ ပုံရိပ်များကို လှမ်းကြည့်သည်။

“ဘာဖြစ်ခဲ့တာလဲ” အင်အားစုများမှ တန်ခိုးရှင်များသည် နတ်ဘုရားအပျက်အစီးနယ်မြေမှ ထွက်လာကြသော သူတို့၏လူငယ်မျိုးဆက်များကို မေးမြန်းကြသည်။

“ရွှေရောင်နတ်ပြည်ထောင်ကလူတွေက နတ်ဘုရားအပျက်အစီးနယ်မြေမှာ ရီဖူရှင်းကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ မင်းသားကိုက်ရှီပဲ အသတ်ခံလိုက်ရတယ်။ ကောင်းကင်အာဏာစက်ပြည်ထောင်ကလည်း ရီဖူရှင်းတို့နဲ့ တိုက်ခိုက်ပြီးတော့ လူအများအပြား အသတ်ခံလိုက်ရတယ်။ ရိထျန်းယွီဟာ ရီဖူရှင်းဆီမှာ လှံချက် တစ်ချက်တည်းနဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့တယ်” လူအများအပြားက ဖြစ်ပျက်ခဲ့သည်များအား အတိုရှုံ့ ပြောပြလိုက်ကြသည်။

သည်အကောင်က နတ်ဘုရားအပျက်အစီးနယ်မြေမှာ ဒီလို ကြီးကြီးမားမားတွေ လုပ်ခဲ့တာလား။

ကောင်းကင်အာဏာစက်ပြည်ထောင်၏မင်းသား ရိထျန်းယွီသည် မွေးကတည်းက ရွှေဇွန်းကိုက်မွေးလာသူဖြစ်သည်။ ပြည်ထောင်အရှင်သည် သူ့အား များစွာ မျှော်လင့်ထား၏။ ယခု သူသည် ရီဖူရှင်းထံတွင် လှံတစ်ချက်တည်းနှင့် ရှုံးနိမ့်ခဲ့၏။

အခြေအနေကို သုံ့သရပါလျှင် လူငယ်မျိုးဆက်အကြား ယှဉ်ပြိုင်မှုမှာ အဖြေပေါ်နေခဲ့ပြီဖြစ်သည်။

ကောင်းကင်အာဏာစက်ဘုံတွင် အမြင့်ဆုံးဟူသော ပါရမီအား ပိုင်ဆိုင်သော ရိထျန်းယွီသည် လှံတစ်ချက်တည်းဖြင့် ရှုံးနိမ့်ခဲ့၏။

“အရှင်ထိုက်ရွှမ်… ရီဖူရှင်းဟာ ရွှေရောင်နတ်ပြည်ထောင်က မင်းသားကို သတ်ဖြတ်ခဲ့တယ်။ ကျုပ်က ရီဖူရှင်းကို ခေါ်သွားမှ ဖြစ်မယ်” ရွှေရောင်နတ်ပြည်ထောင်မှ ဗိုလ်ချုပ်က အေးစက်စွာ ပြောသည်။

အရှင်ထိုက်ရွှမ်က ရီဖူရှင်းကို ကြည့်သည်။ ရီဖူရျင်းက ပြန်လည်၍ သရော်သံဖြင့် ပြောသည် “ရွှေရောင်နတ်ပြည်ထောင်က လူကြီးမင်း… ခင်ဗျားက ဟာသပဲ။ နောက်ဆုံးအကြိမ် နတ်ဘုရားနန်းတော်အပြင်ဘက်မှာ ကိုက်ရှီက ကျုပ်ကို သတ်ဖို့ ကြိုးစားခဲ့တယ်။ အဲဒီတုန်းက ကျုပ် သူ့ကို လွှတ်ပေးခဲ့တယ်။ နတ်ဘုရားအကြွင်းအကျန်နယ်မြေမှာလည်း ခင်ဗျားတို့လူတွေက ရန်ဟောင်တစ်ပါးအားကိုးနဲ့ ကျုပ်ကို သတ်ဖို့ ကြိုးစားခဲ့ပြန်တယ်။ ကျုပ်က သူတို့သတ်တာကို ဒီအတိုင်း ငြိမ်ခံနေရမတဲ့လား”

“ကောင်းကင်အာဏာစက်ပြည်ထောင်လား… သူတို့က ပိုပြီး ရယ်စရာကောင်းတယ်။ ခင်ဗျားတို့က အရမ်းတော်ပါတယ် ထက်ပါတယ်လို့ သတ်မှတ်ထားတဲ့ မင်းသားရိထျန်းယွီက ကျုပ်ရဲ့လှံတစ်ချက်ကိုတောင် မခံနိုင်ဘဲ ရှုံးနိမ့်ခဲ့တယ်။ ပြည်ထောင်အရှင်ရဲ့ အရှက်ရမယ့် အခြေအနေကို ထောက်ထားပြီး ကျုပ်က သူ့ကို မသတ်ဘဲ အသက်ချမ်းသာပေးခဲ့တာကိုပဲ ကျေးဇူးတင်သင့်တယ်”

“မင်းက သူ့ကို လှံတစ်ချက်တည်းနဲ့ အနိုင်ယူခဲ့တယ်… ဟုတ်လား…” ပြည်ထောင်အရှင်၏နှလုံး တုန်ခါသွားသည်။ ရိထျန်းယွီ မည်သို့သော စိတ်ဒဏ်ရာ ရရှိခဲ့သည်ကို သူနားလည်လိုက်၏။ သူ၏မျက်လုံးများသည် သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်လျှံနေ၏။ ယခင်က သူသည် ရီဖူရှင်းအား ချက်ချင်း သတ်ဖြတ်လိုခဲ့၏။ ရီဖူရှင်းသည် ဤမျှ မြန်ဆန်စွာ တိုးတက်လာခဲ့မည်ဟု မထင်ထား။

ရီဖူရှင်းကား ရိထျန်းယွီ၏အသည်းနှလုံးထဲမှ ဆူးတစ်ချောင်း ဖြစ်နေလေပြီ။

ပြည်ထောင်အရှင်ကား ရိထျန်းယွီကို များစွာ မျှော်လင့်ထားပေသည်။ ရိထျန်းယွီ ငယ်စဉ်ကတည်းက သူ့အား နတ်နန်းတော်သို့ သွားရောက်ကျင့်ကြံစေခဲ့သည်။ သူ၏သားသည် မြင့်မြတ်ခြင်းများဖြင့် မွေးဖွားလာသည်ဟု သတ်မှတ်ထား၏။ သူသည် ဘုံကိုးဘုံကို မစိုးမိုးနိုင်လျှင်ပင် ကောင်းကင်အာဏာစက်ဘုံ၌ ပြိုင်ဘက်ကင်းနိုင်မည်ဟု ယုံကြည်ခဲ့သည်။

သို့သော်လည်း ဂူတုံးလျှိုကဲ့သို့သော ထူးကဲပါရမီရှင်တစ်ဦး ပေါ်လာခဲ့၏။ ယခု ရီဖူရှင်းသည်လည်း နောက်ထပ် ထူးကဲပါရမီရှင်တစ်ဦးဖြစ်နေသည်။

ခရမ်းရင့်နန်းတော်သည်လည်း ထိုနေရာသို့ ရောက်လာသည်။ သူတို့ကလည်း နတ်ဘုရားအကြွင်းအကျန်နယ်မြေ၌ ဖြစ်ပျက်ခဲ့သည်များအား ကြားသိရ၏။ ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများသည် နတ်ဘုရားအကြွင်းအကျန်နယ်မြေတွင် ဆုံးရှုံးမှု ကြီးမားခဲ့ကာ ဘေးဖယ်ခဲ့ရသည်။

“အရှင်ထိုက်ရွှမ်… ကောင်းကင်အာဏာစက်ပြည်ထောင်က ဒီလူငယ်နဲ့ ရန်စရှိတယ်။ ခင်ဗျား ဝင်မစွက်ဖက်စေချင်ဘူး” ပြည်ထောင်အရှင်က အရှင်ထိုက်ရွှမ်အား ကြည့်သည်။ အရှင်ထိုက်ရွှမ် အဆင့်တက်သွားကတည်းက ပြည်ထောင်အရှင်သည် သူ့အား သတိထားရန် လိုလာခဲ့သည်။ သူကား ယခင်နေ့ရက်များမှ ဂူထျန်းရှင်းကဲ့သို့သောသူ ဖြစ်နေပြီ မဟုတ်ပါလား။

“ရိထျန်းယွီဟာ ရွှေဇွန်းကိုက်ပြီး မွေးလာတဲ့ ပါရမီရှင်တစ်ဦးပဲ။ အခု သူဟာ ကြွက်စုတ်တစ်ကောင်လို သနားစရာ ကောင်းလှတယ်” ရီဖူရှင်းက ဆက်ပြောသည် “ကောင်းကင်အာဏာက်စက်ပြည်ထောင်က ဆုတ်ယုတ်သွားတာ မထူးဆန်းဘူး။ ခင်ဗျားတို့က သည်းခံနိုင်စွမ်း ကင်းမဲ့တယ်။ ခရမ်းရွှေကြွက်ကလန်တောင်မှ ခင်ဗျားတို့နဲ့ မဟာမိတ်ဖွဲ့ထားတာကို စွန့်ခွာခဲ့ပြီ”

ခရမ်းရွှေကြွက်ကလန်…။

ကောင်းကင်အာဏာစက်ပြည်ထောင်မှ လူများသည် ထိုစကားကို ကြားသည်နှင့် မျက်နှာ ပျက်သွားကြ၏။

“ဒီ သစ္စာဖောက်တွေ…” ကောင်းကင်အာဏာစက်ပြည်ထောင်အရှင်က ခရမ်းရွှေကြွက်များဘက်သို့ ကြည့်ကာ အေးစက်စွာ ပြောသည်။ တိုက်ဆိုင်စွာပင် ခရမ်းရွှေကြွက်အင်ပါယာကိုယ်တိုင် ထိုနေရာ၌ ရှိနေ၏။ သူကား ဘာဖြစ်နေသည်ကိုပင် နားမလည်နိုင်ဘဲ ဖြစ်နေသည်။

“မင်းငါ့ကို ရှင်းပြရမယ်” ပြည်ထောင်အရှင်က ခရမ်းရွှေကြွက်အင်ပါယာကို ကြည့်ကာ ပြောသည်။

ခရမ်းရွှေကြွက်အင်ပါယာက ရှုဟွမ်စွန်းအား ကြည့်သည်။

“ဘာတွေ ဖြစ်ခဲ့တာလ” သူက မေး၏။

“အဘိုး… ရိထျန်းယွီဟာ ရီဖူရှင်းနဲ့ယှဉ်ရင် တကယ်ပဲ အားနည်းလွန်းလှတယ်။ ကျွန်တော်တို့က ဘာလို့ ကောင်းကင်အာဏာစက်ပြည်ထောင်နဲ့ ပူးပေါင်းရမှာလဲ။” ရှုဟွမ်စွန်းက ဆက်ပြောသည် “ဒီတစ်ခေါက် ကျွန်တော်က ရီဖူရှင်းနဲ့ ပူးပေါင်းခဲ့ပြီးတော့ အကျိုးအမြတ် အများကြီး ရခဲ့တယ်။ ကျွန်တော်တို့ကလန် အရည်အသွေးမြင့် နတ်လက်နက်တွေ ရခဲ့တယ်”

“အရမ်းကောင်းတယ်…” ရှုဟွမ်စွန်း၏စကားကို ကြားလျှင် ပြည်ထောင်အရှင်က ဒေါသတကြီး အော်လိုက်သည် “အရမ်းကောင်းတယ်… အခု ဒါကို မင်းဘယ်လိုထင်လဲ”

ခရမ်းရွှေကြွက်အင်ပါယာ၏မျက်နှာက ဒေါသကြောင့် နီမြန်းသွားသည်။ သည်ကောင်စုတ်က အမှန်ပင် ရီဖူရှင်းနှင့် ပူးပေါင်းခဲ့၏။ ယခု ရှုဟွမ်စွန်း၏မဆင်မခြင် လုပ်ရပ်က သူ့အား ခက်ခဲသော အခြေအနေသို့ ရောက်စေသည်။

ယခု ရှုဟွမ်စွန်းအား အပြစ်ပေးရန်မှတပါး တခြားနည်းလမ်း သူ စဉ်းစားမရပေ။

သို့သော်လည်း သူ၏မြေးသည် ရတနာလက်နက်အချို့ ရရှိခဲ့၏။

“ခရမ်းရွှေကြွက်ကလန်ဟာ အမှောင်ကနေ အလင်းသို့ ခိုလှုံလာပြီဆိုတော့လည်း ကျုပ်က အားလုံးကို ကြေအေးပေးရမှာပပေါ့။ အနာဂတ်မှာ ကျုပ်တို့က ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်ကြတာပေါ့” ရီဖူရှင်းက ကျယ်လောင်စွာ ပြောသည်။ ပြည်ထောင်အရှင်၏အရှိန်အဝါက ပိုမိုရုန့်ရမ်းကြမ်းတမ်းလာခဲ့သည်။

ခရမ်းရွှေကြွက်ကလန်က ကောင်းကင်အာဏာစက်ပြည်ထောင်ကို သစ္စာဖောက်ရန် ကြံစည်နေသည်လား။

“သိဒ္ဓိဝင်လက်နက်တွေက ဘယ်အဆင့်လဲ။ ဘယ်နှစ်ခုလဲ” ခရမ်းရွှေကြွက်အင်ပါယာက ရှုဟွမ်စွန်းအား စိတ်ဖြင့် လှမ်းမေးသည်။

“သုံးခု… အားလုံးက ထိပ်တန်းအရည်အသွေးတွေပဲ။ အဲဒါတွေက အဘိုးကို ပိုပြီး သန်မာစေလိမ့်မယ်။ ကျွန်တော်က အဘိုးအတွက် သီးသန့်ရွေးခဲ့တာ” ရှုဟွမ်စွန်းက ပြန်ပြောသည်။ သူကား အလွန်ကျိုးနွံနေသည်။

ခရမ်းရွှေကြွက်အင်ပါယာက ခေါင်းညိတ်သည်။ ထိုလက်နက်များဖြင့် ဆိုပါက သူသည် ကောင်းကင်အာဏာစက်ပြည်ထောင်အား ရင်ဆိုင်နိုင်လောက်၏။

အခြေအနေက ဤသို့ဖြစ်လာမှတော့ ရှင်းပြရန် နောက်ကျနေပြီဖြစ်သည်။ ခရမ်းရွှေကြွက်အင်ပါယာသည် ဖြစ်ပေါ်လာသော အခြေအနေအတိုင်းသာ လုပ်ဆောင်ရပေတော့မည်။

“အစ်ကိုရိ… ကျုပ်စိတ်မကောင်းပါဘူး” ခရမ်းရွှေကြွက်အင်ပါယာက ပြောသည်။ သိသာစွာပင် သူက ဆုံးဖြတ်ချက်ချပြီးဖြစ်ကာ ကောင်းကင်အာဏာစက်ပြည်ထောင်အား ရှင်းပြချက်ပေးမည် မဟုတ်‌တော့ပေ။

ဆိုလိုသည်က သူတို့၏မဟာမိတ်သည် ပြိုကွဲခဲ့ပြီဖြစ်သည်။

အမှန်တရားကား မဟာမိတ်ပြိုကွဲခြင်းထက် ပို၏။ ကောင်းကင်အာဏာစက်ပြည်ထောင်သည် တစ်ဘက်အဖွဲ့၏သစ္စာဖောက်မှုကို သည်းခံမည်မဟုတ်ပေ။ သူတို့သည် ခရမ်းရွှေကြွက်ကလန်အား တိုက်ခိုက်ဖျက်ဆီးရန် အခြေအနေပင် ရှိ၏။

“ကောင်းပြီ…” ပြည်ထောင်အရှင်က ပြောသည်။ သူက ခရမ်းရွှေကြွက်အင်ပါယာကို ထပ်မကြည့်တော့။

သူသည် ဤရန်ကြွေးအား မှတ်သားထားပေမည်။ သူတို့၏ဘုံကို ပြန်ရောက်သောအခါမှ သူတို့အား ပြန်လည်၍ လက်စားချေမည်။ ယခုကား အချိန်မတန်သေး။

ရီဖူရှင်းသည် အရာအားလုံးကို တိတ်ဆိတ်စွာ ကြည့်နေသည်။ အာကာသခန်းမဆောင်းမှ ရတနာများအား ရရှိပြီးနောက် သူက ခရမ်းရွှေကြွက်ကလန်အား အကျိုးအမြတ် များစွာ ပေးခဲ့၏။ ထိုသို့လုပ်ဆောင်ခဲ့ခြင်းက ဤအခိုက်အတန့်အတွက် ပြင်ဆင်ထားခဲ့ခြင်းပင် ဖြစ်သည်။

သူက ခရမ်းရွှေကြွက်များအား ပိုမိုသန်မာအောင် ကူညီပေးမည်ဖြစ်သည်။ ဤနည်းဖြင့် ကောင်းကင်အာဏာစက်ပြည်ထောင်နှင့် ခရမ်းရွှေကြွက်ကလန်တို့ တိုက်ခိုက်ကြပေလိမ့်မည်။ ဤကား သူ၏ပြည့်စုံသော အစီအစဉ်ဖြစ်၏။

အင်ပါယာရှားနှင့် ဥဒေါင်းအင်ပါယာတို့သည် ရီဖူရှင်းအား စိတ်ဝင်စားစွာ ကြည့်ကြသည်။ သူတို့က ရီဖူရှင်း၏လှည့်ကွက်အား နားလည်ကြ၏။ သည်အကောင်ကား ကောင်းကင်အာဏာစက်ဘုံမှ ထိပ်သီးအင်အားစုနှစ်ခုကို ရန်တိုက်နေခြင်းပင်။

“အရှင်ထိုက်ရွှမ်…” ရွှေရောင်နတ်ပြည်ထောင်မှ ဗိုလ်ချုပ်က အရှင်ထိုက်ရွှမ်အား ကြည့်သည်။

ရွှေရောင်နတ်ပြည်ထောင်မှ ဗိုလ်ချုပ်ဖြစ်စေ၊ ကောင်းကင်အာဏာစက်ပြည်ထောင်အရှင်ဖြစ်စေ၊ သူတို့သည် အရှင်ထိုက်ရွှမ်၏ပြိုင်ဘက်မဟုတ်ပေ။

ထို့ကြောင့် အရာအားလုံးသည် အရှင်ထိုက်ရွှမ်၏ဆုံးဖြတ်ချက်အပေါ်တွင် မူတည်သည်။

“အဖြစ်အပျက်က ရှင်းလင်းနေပြီပဲ။ သူတို့က နတ်ဘုရားအကြွင်းအကျန်နယ်မြေထဲရှိတုန်းက ရီဖူရှင်းကို တိုက်ခိုက်ခဲ့ကြတယ်။ သူတို့က ရီဖူရှင်းထက် အားနည်းလို့ သူတို့ ပြန်ထိခိုက်ခဲ့ရတယ်။ ဒါကြောင့် ထပ်ပြီး ပြောဆိုနေစရာ အကြောင်းမရှိဘူး။ စီနီယာတွေက ဒါကို ဝင်စွက်ဖက်စရာ အကြောင်းမရှိဘူး” အရှင်ထိုက်ရွှမ်က ပြောသည် “နတ်ဘုရားအကြွင်းအကျန်နယ်မြေမှာ ဖြစ်ခဲ့တာတွေက ဂျူနီယာတွေရဲ့ကိစ္စပဲ။ ဖြစ်ပြီးသွားတာတွေကို ပြန်ပြောနေစရာမလိုဘူး”

ထိပ်သီးအင်အားစုနှစ်ခုမှ ကျင့်ကြံသူများ တိတ်ဆိတ်သွားသည်။ ကြည့်ရသည်မှာ အရှင်ထိုက်ရွှမ်က သည်ကိစ္စအား ဝင်စွက်ဖက်ရန် ရှိနေသည်။

“အရှင်ထိုက်ရွှမ်က နောက်တစ်ဆင့်ကို တက်သွားခဲ့ပြီ။ ဒါပေမဲ့လည်း ရွှေရောင်နတ်ပြည်ထောင်ဟာ နှစ်ပေါင်းများစွာ အထက်ကောင်းကင်ဘုံမှာ ရပ်တည်နေခဲ့တယ်။ ကျုပ်တို့ အင်အားက ထိုက်ရွှမ်တောင် ယှဉ်နိုင်တဲ့အရာမဟုတ်ဘူး။ အရှင်ထိုက်ရွှမ်က မသက်ဆိုင်တဲ့လူတစ်ယောက်ကို ကာကွယ်ပေးမလို့လား” ရွှေရောင်နတ်ပြည်ထောင်ဗိုလ်ချုပ်က ပြောသည်။

“ရီဖူရှင်းက ဒီမတိုင်ခင် ထိုက်ရွှမ်တောင်မှာ လေ့ကျင့်ခဲ့တယ်။ သူ့ကို တပည့်အဖြစ် လက်မခံခဲ့ပေမယ့် တပည့်တစ်ယောက်လို့လည်း ဆိုနိုင်တယ်။ အခု သူက ကျုပ်မိတ်ဆွေရင်းချာဆီမှာ လေ့ကျင့်နေတယ်။ သူက ကျုပ်နဲ့ မသက်ဆိုင်ဘူးလား” အရှင်ထိုက်ရွှမ်က အလေးမထားဟန်ဖြင့် ပြောသည် “ခင်ဗျားက လူငယ်နှစ်ယောက်အကြား ပြဿနာကို လူကြီးတွေအကြားပြဿနာအဖြစ် အသွင်ပြောင်းချင်ရင်လည်း သဘောပဲ”

ရွှေရောင်နတ်ပြည်ထောင်ဗိုလ်ချုပ်က ရွှေရောင်နတ်ပြည်ထောင်၏အင်အားဖြင့် သူ့ကို ဖိအားပေးလိုနေသည်လား။

“ဒကာတော်ရီဟာ နတ်ဘုရားအကြွင်းအကျန်နယ်မြေကို အေးအေးဆေးဆေး စူးစမ်းဖွေရှာနိုင်ခဲ့တယ်။ သူက မရေမတွက်နိုင်တဲ့ ထိပ်သီးရတနာလက်နက်တွေရှိတဲ့ ခန်းမဆောင်တစ်ခုကိုလည်း ပိုင်ဆိုင်ခဲ့တယ်။ လက်နက်အများအပြားကို သူက ခွဲဝေပေးခဲ့ပေမယ့် သူ့ဆီမှာ ရတနာခန်းမတစ်ခုလုံး ရှိနေတုန်းပဲ။ ပြီးတော့ သူဟာ မဟာအင်ပါယာတစ်ပါးရဲ့ နတ်လက်နက်ကိုလည်း ပိုင်ဆိုင်ခဲ့တယ်။ သူ့မှာ ဒီလို ပါရမီကို ပိုင်ဆိုင်တယ်။ လူကြီးမင်းက သူ့ကို ဒီလို အလွယ်ခေါ်သွားဖို့ မဖြစ်နိုင်ပါဘူး” ကြားဖြတ်အသံတစ်သံ ပေါ်လာသည်။ ထိုအသံကို ကြားလျှင် ထိပ်သီးပုဂ္ဂိုလ်များအားလုံး မျက်လုံးများ ကျဉ်းမြောင်းသွား၏။

ရီဖူရှင်းသည် ရတနာခန်းမတစ်ခုအား ပိုင်ဆိုင်ထား၏။

***


Comment

Leave a Reply


Options

not work with dark mode
Reset