ပျက်စီးခြင်းမြို့တော်တွင် နေရာတိုင်း၌ လေဟာနယ်တံခါးများ ဖြစ်ပေါ်လာသည်။ များစွာသော ပုံရိပ်များသည် ထိုနေရာများမှ ထွက်ပေါ်လာခဲ့ကြပြီးနောက် သက်ပြင်းကြီးများချကာ ပြန်ကြည့်ကြ၏။ ထင်မှတ်ထားသည့်အတိုင်း သူတို့ ခံစားခဲ့ရသော အာရုံသည် နတ်ဘုရားအပျက်အစီးနယ်မြေနှင့်ယှဉ်ပါက ပိုမိုအားနည်းပေသည်။ နေရာနှစ်ခုမှ အသိကား နှိုင်းယှဉ်ရန်ပင် မဖြစ်နိုင်။ သို့သော်လည်း သူတို့တစ်ခု သေချာသည်ကား နောင်တွင် သူတို့သည် အပျက်အစီးနယ်မြေသို့ မည်သည့်အခါတွင်မှ ဝင်ရောက်နိုင်တော့မည် မဟုတ်တော့ပေ။
သူတို့အနေဖြင့် တန်ခိုးမဆင့် မတက်ဘဲ နေခဲ့လျှင်တော့ ဖြစ်နိုင်သော်လည်း ထိုသို့သော ကိစ္စကို မည်သူမှ မလိုလားပေ။ နှစ်၅၀ ကာလအတွင်း သူတို့သည် ရန်ဟောင်အဆင့်သို့ မတက်ရောက်နိုင်ပါက သူတို့၏ကျင့်ကြံခြင်းခရီးစဉ်မှာ အဆုံးသတ်သွားပေလိမ့်မည်။
သိသာစွာပင် အားလုံးသည် ကောင်းမွန်သော အနာဂတ်အား မျှော်လင့်နေကြပေသည်။
လေဟာနယ်တံခါးပေါက်များမှ ပိုမိုများပြားသော လူများ ထွက်ပေါ်လာသည်။ သူတို့သည် အုပ်စုငယ်များအဖြစ်သို့ ကွဲပြားသွား၏။ တူညီသော အင်အားစုများမှ လူများသည် တံခါးတစ်ခုတည်းမှ ထွက်လာကာ မူလနေရာသို့ ပြန်ရောက်လာကြ၏။
ရီဖူရှင်းတို့အုပ်စုသည်လည်း နတ်ဘုရားအပျက်အစီးနယ်မြေမှ ထွက်ပေါ်လာကြ၏။ သူတို့အားလုံး အတူတူထွက်လာခြင်းဖြစ်သည်။ သူ့ဘေးမှ ပေါ်လာသော သောကျောက်အား ကြည့်ကာ ရီဖူရှင်းက မေးသည် “မင်း မိုးမခပင်ကို ဝှက်ယူလာခဲ့တယ်မလား”
သောကျောက်၏မျက်လုံများတွင် ရှက်ရွံ့သော အမူအရာများ ဖြစ်ပေါ်လာ၏။ သို့သော်လည်း သူက မချိပြုံးပြုံးကာ ပြောသည် “မင်းလည်း နတ်ဘုရားအပျက်အစီးနယ်မြေက ရတနာတွေ အများကြီးရခဲ့တာပဲ”
မိုးမခပင်သည်လည်း ရတနာတစ်ခုဖြစ်သည်။ သူတို့အားလုံးက သိပ်မခြားနားပေ။
“မင်း မှန်တယ်” ရီဖူရှင်းက တွေးတောဟန်ဖြင့် ပြောသည်။
သောကျောက်၏အမူအရာ ပုံမှန်ဖြစ်လာ၏။ ရတနာများနှင့်ပတ်သက်၍ ပြောရမည်ဆိုပါက နတ်ဘုရားအပျက်အစီးနယ်မြေသို့ ဝင်ရောက်သူများထဲတွင် ရီဖူရှင်းသည်သာ အများဆုံး အကျိုးအမြတ်ရသူ ဖြစ်ပေလိမ့်မည်။ သည်အကောင်ကား ရတနာအများ ကြွယ်ဝစွာ ရှိနေသော လေဟာနယ် ခန်းမဆောင်တစ်ခုလုံးအား အပိုင်ရခဲ့၏။ သူနှင့် ယှဉ်ပါက သောကျောက်ကား သစ်ပင်တစ်ပင်ကိုသာ နှုတ်ယူလာခြင်းဖြစ်သည်။ ခြားနားမှုကို တွေးမိလျှင် သောကျောက် စိတ်ပျက်အားငယ်၏။
သို့သော်လည်း သောကျောက်က ရီဖူရှင်းအား စိတ်အားထက်သန်စွာ ပြောသည် “ရီဖူရှင်း.. ငါတို့အတူတကွ သေအတူရှင်မကွာ တိုက်ပွဲဝင်ခဲ့ကြတယ်။ အခုကစပြီး မင်းက ငါ့ရဲ့သွေးသောက်အစ်ကိုပဲ။ ငါက တိုက်ခိုက်ရေးနတ်ဘုရားရဲ့အနွယ်တော်ပဲ။ ပြီးတော့ ငါက မြဲမြံတဲ့သစ္စာတရားကို လက်ကိုင်ထားတယ်။ ငါက လူတစ်ယောက်ရဲ့ကိုယ်ကျင့်တရားကိုပဲ ကြည့်ပြီးတော့ မိတ်ဆွေဖွဲ့တယ်။ သူ့ရဲ့နောက်ခံကို ဂရုမစိုက်ဘူး”
“ မင်းက သစ္စာတရားကို လက်ကိုင်ထားတယ် ဟုတ်လား…” ရီဖူရှင်း စိတ်ဝင်စားစွာ ပြောသည်။
“မင်း မှန်တယ်” သောကျောက်က ဆက်ပြောသည် “အနာဂတ်မှာ မင်းက ငါ့ကို ဘာကိစ္စမဆို ပြောဆိုနိုင်တယ်။ ငါ့ဥစ္စာပစ္စည်းတွေဟာလည်း မင်းဟာပဲ”
ရီဖူရှင်း မျက်လုံး ပြူးသွားသည်။ နေပါဦး … သူ့ဥစ္စာပစ္စည်းတွေက မိမိ၏အပိုင်ဆိုသည်က…။
ဤသို့ဆိုလျှင် သောကျောက်သည် မိမိ၏ဥစ္စာများကိုလည်း ရယူနိုင်သည်ဆိုသည့်သဘောမဟုတ်ပါလား။
ရီဖူရှင်းက တစ်စုံတစ်ခု လွဲမှားနေသလို ထင်မှတ်ရ၏။
သူက သောကျောက်အား ထူးဆန်းသော အကြည့်ဖြင့် ကြည့်သည်။
“မင်းဘာကို ကြည့်နေတာလဲ” သောကျောက်က ရီဖူရှင်း၏အကြည့်ကို ခံစားမိသည်။ ဒါ ဘယ်လိုအကြည့်မျိုးလဲ…။ သူက စိတ်ရင်းဖြင့် ပြောနေခြင်းကို…။
“သွေးသောက်လုပ်ဖို့က နည်းနည်း စောနေသေးသလားလို့…။ ငါတို့ မိတ်ဆွေအနေနဲ့ပဲ အစပျိုးကြရအောင်” ရီဖူရှင်းက ခေတ္တမျှ တွေးတောပြီး ပြောသည်။
“မင်း…” သောကျောက်က ရီဖူရှင်းအား မင်တက်စွာဖြင့် လက်ညိုးထိုးသည်။ သည်အကောင်က ဤသို့သော စရိုက်မျိုးရှိမည်ဟု သူမထင်ထားပေ။ မိမိသည် တိုက်ခိုက်ရေးနတ်ဘုရား၏အနွယ်တော်ဖြစ်၏။
“ကောင်းပြီ… မင်းက ငါ့ကို သွေးသောက်ညီအစ်ကိုအဖြစ် မသတ်မှတ်ရင်လည်း ငါက သတ်မှတ်တယ်” သောကျောက်က အခိုင်အမာဆိုသည်။ သူ့စကားများကြောင့် သူ၏မှန်ကန်သော စိတ်နေသဘောထားက ထင်ရှားသွားစေ၏။ ရီဖူရှင်းက သောကျောက်၏မိတ်ဆွေဖွဲ့မှုကို မည်သို့ဖြစ်စေ လက်ခံရမည်။
“ဒီအကောင်က ငါ့ထက် အရှက်မရှိတာပဲ” ဘေးနားမှ သိမ်းငှက်လေးသည် သောကျောက်အား မျက်လုံးများပြူးလျှက် ကြည့်ကာ တွေးသည်။ ဒီအကောင်က သူ့သခင်၏သွေးသောက်အစ်ကိုဖြစ်လိုသည်လား။
ဤသို့ဆိုလျှင် သောကျောက်၏အဆင့်သည် သူ့ထက် မြင့်သွားနိုင်ပေမည် မဟုတ်ပေလော။
ဒါ မဖြစ်နိုင်ဘူး။ သောကျောက်က သူ့နောက်မှသာ ဖြစ်ရမည်။
ရီဖူရှင်းအနီးမှ လူများကလည်း သောကျောက်အား ထူးဆန်းစွာ ကြည့်ကြ၏။ သူတို့အားလုံး အထင်ကြီးလေးစားသွားရသည်။
သို့သော်လည်း သောမျိုးနွယ်၏ ဆက်ခံသူသည် အရှက်မဲ့သော်လည်း စိတ်ဝင်စားစရာတော့ အတော်ကောင်း၏။
တစ်ယောက်ပြီးတစ်ယောက် နတ်ဘုရားအပျက်အစီးနယ်မြေမှ ထွက်ပေါ်လာကြ၏။ များစွာသော အစွမ်းထက် အသိများသည် ထိုနေရာအား ဖုံးလွှမ်းလာ၏။ သည်မတိုင်ခင် နတ်ဘုရားအပျက်အစီးနယ်မြေဖွင့်လှစ်သောအခါ ထိပ်သီးပုဂ္ဂိုလ်များ အများအပြား ထွက်သွားခဲ့ကြ၏။ ထို့နောက်တွင် အချိန်ကြာမြင့်သွားပြီးနောက် များစွာသော ထိပ်သီးပုဂ္ဂိုလ်များသည် သူတို့၏မျိုးဆက်များ ထွက်အလာကို လာရောက်စောင့်ဆိုင်းကြ၏။
မည်သို့ဆိုစေ နတ်ဘုရားအပျက်အစီးနယ်မြေသို့ ဝင်ရောက်ကြကုန်သော လူငယ်များထဲတွင် အချို့မှာ ခိုင်မာသော မိသားစု နောက်ခံများ ရှိကြပေသည်။ ဥပမာအားဖြင့် နန်လော့ရှန်းသည် အင်ပါယာနန်နှင့် ဧကရီလော့တို့၏တစ်ဦးတစ်တည်းသော သမီးဖြစ်သည်။ နန်ထျန်းနတ်ပြည်ထောင်က သူမအား မည်သို့ ဂရုမစိုက်ဘဲ နေနိုင်မည်နည်း။
လူတိုင်း နတ်ဘုရားအပျက်အစီးနယ်မြေမှ ထွက်လာပြီးနောက်ပိုင်းတွင် လောဟာနယ်တံခါးများသည်လည်း ပျောက်ကွယ်သွားတော့၏။ အရာအားလုံးက မည်သို့မှ မဖြစ်ပျက်ခဲ့သလိုမျိုး နဂိုမူလအခြေအနေသို့ ရောက်သွား၏။
အလင်းရောင်များ တောက်ပသွား၏။ အပေါ်တွင် ရထားလုံးတစ်စီးသည် ကောင်းကင်ကို ဖြတ်သန်းကာ ပျက်စီးခြင်းမြို့သို့ ဝင်လာ၏။
များစွာသော စိတ်အသိများ ပတ်ဝန်းကျင်ကို ပျံ့လွင့်နေသည်အား ရီဖူရှင်း ခံစားမိသည်။ ထိုစိတ်အသိများသည် သူ့အား ဦးတည်နေခြင်းမဟုတ်ပေ။ ထိပ်သီးအင်အားစုများက သူတို့၏လူငယ်မျိုးဆက်များအား လိုက်လံရှာဖွေနေခြင်းသာဖြစ်သည်။
“သောကျောက်…” အသံတစ်သံကို ကြားရသည်။
သောကျောက်က နောက်လှည့်ကြည့်လျှင် လူတစ်စု လျှောက်လာသည်ကို မြင်၏။ ခေါင်းဆောင်လာသူကား သန်မာထွားကျိုင်းကာ ပြင်းထန်သော အရှိန်အဝါရှိ၏။ သူကား သောမိသားစုမှ ထိပ်သီးတန်ခိုးရှင်တစ်ဦးဖြစ်သည်။
“ဦးလေး၂” သောကျောက်က ထိုလူအား မြင်လျှင် ပြန်ခေါ်သည်။
“ဘယ်လိုလဲ…မင်း တစ်ခုခု ရခဲ့လား” သောကျောက်၏ဦးလေး၂က မေးသည်။ သူ၏အသံသည် ထည်ဝါကာ မိုးကြိုးခဲ့သို့ ပြင်းထန်အားကောင်း၏။
“ကျွန်တော်က ရန်ဟောင်တော့ မဖြစ်ခဲ့ဘူး။ ဒါပေမဲ့ အဲဒါ သိပ်အရေးမကြီးဘူး။ နတ်ဘုရားအပျက်အစီးနယ်မြေမှ ကျွန်တော်က အကျိုးကျေးဇူးအများဆုံးပဲ” သောကျောက်က ပြန်ပြောသည်။
“အိုး…” သောမိသားစုထိပ်သီးပုဂ္ဂိုလ်က စိတ်ဝင်စားစွာဖြင့် မေးသည် “မင်းက ဘယ်လိုအကျိုးကျေးဇူးရခဲ့တာလဲ”
“ကျွန်တော် အစ်ကိုတစ်ယောက် ရခဲ့တယ်” သောကျောက်က လေးနက်သော လေသံဖြင့် ပြောသည်။ သူက ရီဖူရှင်းအား လက်ညိုးထိုးကာ ပြောသည် “ဒါက ကျွန်တော်ပြောတဲ့ သွေးသောက်အစ်ကိုပဲ… သူ့နာမည် ရီဖူရှင်း”
“…”
ရီဖူရှင်း၏မျက်နှာ နက်မှောင်သွား၏။ သည်အကောင်က သူ့အား အတင်းသွေးသောက်တော်ခိုင်းနေသည်လား။
သောကျောက်၏ဦးလေးက ရီဖူရှင်းအား ကြည့်လိုက်သည်။
“ကျွန်တော့နာမည် ရီဖူရှင်းပါ” ရီဖူရှင်းက ပြန်နှုတ်ဆက်သည်။
“မဆိုးဘူး…” သောကျောက်၏ဦးလေး၂က တွေးတွေးဆဆပြောသည်။ သူ၏တန်ခိုးအဆင့်ဖြင့် ရီဖူရှင်းသည် သာမန်မဟုတ်ကြောင်း ပြောနိုင်၏။ သူက ပြောသည် “သောကျောက်က မာနကြီးတဲ့သူပဲ။ အခု သူက မင်းကို သွေးသောက်မိတ်ဆွေဖွဲ့တယ်ဆိုမှတော့ မင်းဟာ သာမန်မဟုတ်တဲ့သူပဲ ဖြစ်ရမယ်။ နောက်ပိုင်း အားခဲ့ရင် သောမျိုးနွယ်စုဆီကို လာလည်ပါ”
မာနကြီးတဲ့သူလား…။ ရီဖူရှင်းက သောကျောက်အား ကြည့်လိုက်သည်။ သူတော့ မထင်ပေ။
“ကျေးဇူးပါ စီနီယာ…ကျွန်တော အခွင့်အရေးရှိခဲ့ရင် သေချာပေါက် လာလည်ပါ့မယ်” ရီဖူရှင်းက ခေါင်းညိတ်သည်။
“ဖူရှင်း…” အသံတစ်သံအား ကြားရသည်။
အရှင်ထိုက်ရွှမ်နှင့် ထျန်းဟယ်မဟာအကြီးအကဲတို့လည်း အတူ လျှောက်လာခဲ့ကြ၏။ သူတို့ကား ထိုနေရာတွင် အမြဲတမ်းအားဖြင့် စောင့်ကြည့်နေခဲ့ကြ၏။ ယခု နတ်ဘုရားအကြွးအကျန်နယ်မြေတံခါး ဖွင့်လှစ်သည်ကို မြင်လျှင် သူတို့လည်း အပြေးလာခဲ့ကြခြင်းဖြစ်သည်။
“အရှင်ထိုက်ရွှမ်… ဆရာ…” ရီဖူရှင်းက အဝေးမှပင် နှုတ်ဆက်၏။
“မင်းက ရန်ဟောင်တစ်ပါး ဖြစ်လာခဲ့ပြီပဲ” သူတို့နှစ်ဦးက ရီဖူရှင်းအား လှမ်းကြည့်ကြသည်။ အရှင်ထိုက်ရွှမ်ကလည်း ပြုံး၏။
“အင်း…” ရီဖူရှင်းက ခေါင်းညိတ်၏။
သူတို့ဘေးမှ သောကျောက်၏ဦးလေး၂သည် အရှင်ထိုက်ရွှမ်အား သိ၏။ ထိုလူကား အထက်ကောင်းကင်ဘုံမှ တန်ခိုးအဆင့်တက်သွားသူ ဖြစ်ရပေမည်။
တစ်ချက်ကြည့်ရုံမျှဖြင့် ရီဖူရှင်းနှင့် အရှင်ထိုက်ရွှမ်တို့၏ဆက်ဆံရေးမှာ သာမန်မဟုတ်ကြောင်း သိနိုင်၏။
အရှင်ထိုက်ရွှမ်နှင့် ထျန်းဟယ်အကြီးအကဲတို့က လီဟန်ဓားသမားအား ကြည့်လိုက်ကြသည်။ သူကား သည်မတိုင်ခင်က သာမန်ပုံစံဖြင့်သာ ရှိ၏။ ယခု သူ့ထံမှ ထူးခြားသော အငွေ့အသက်များကို ခံစားကြရသည်။ သူကား ရန်ဟောင်အဆင့်ကို တက်လှမ်းခဲ့ပေသည်။ ရှားရှင်းယွန်၊ ရာရာနှင့် ယူချင်းတို့သည်လည်း ပိုမိုကောင်းမွန်သော ကိုယ်ရောင်ကိုယ်ဝါများ ရှိလာခဲ့ကြသည်။
ကြည့်ရသည်မှာ သည်ခရီးတွင် သူတို့သည် အကျိုးအမြတ်များစွာ ရရှိခဲ့ကြဟန်ရှိသည်။
လေထဲတွင် ထိပ်သီးအင်အားစုများမှ တန်ခိုးရှင်များလည်း ရောက်လာခဲ့ကြ၏။ ကောင်းကင်တစ်နေရာတွင် ဖီးနစ်ဆွဲရထားလုံးတစ်စီးသည် တိမ်များကြားမှ ထိုးထွက်လာ၏။ ရထားလုံးထဲမှ လူနှစ်ယောက် ဆင်းလာသည်။ အမျိုးသားဖြစ်သူကား ခန့်ညားကာ အမျိုးသမီးဖြစ်သူမှာ မှက်တက်ငေးမောဖွယ်ကောင်းအောင် ချောမောလှပ၏။
“အင်ပါယာနန်…ဧကရီလော့” လူအများအပြားက သူတို့နှစ်ဦးအား အနည်းငယ် ဦးညွတ်ကြသည်။
အင်ပါယာနန်ကား နန်ထျန်းနတ်ပြည်ထောင်၏အုပ်စိုးသူဖြစ်သည်။ ဧကရီလော့ကား ဘုရင်မဖြစ်သည်။ သူတို့နှစ်ဦးလုံး ကိုယ်တိုင် ရောက်လာကြ၏။ တခြားအင်အားစုများမှ အရေးပါအရာရောက်သူများပင် သူတို့နှစ်ဦးကို မြင်လျှင် ခါးကိုင်းကာ နှုတ်ဆက်ကြရ၏။
အင်ပါယာနန်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။ သူ၏အကြည့်က နန်လော့ရှန်းထံ ချက်ချင်း ရောက်ရှိသွား၏။ နန်လော့ရှန်းသည် ရန်ဟောင်တစ်ပါးဖြစ်လာသော်လည်း သူ၏သမီးပင် မဟုတ်ပါလား။ သူမ၏ကျင့်ကြံခြင်းက မည်သို့ အဆင့်တက်ပါစေ အဖေနှင့်သမီးဆက်စပ်မှုသည် မပြောင်းလဲပေ။
“သမီးက ရန်ဟောင်တောင် ဖြစ်လာပြီပဲ။ ကြည့်ရတာ ငါတို့မင်းသမီးလေးက ကံကြမ္မာကောင်းတွေနဲ့ တွေ့ခဲ့တဲ့ပုံပဲ” အင်ပါယာနန်က ပြုံးလျှက်ပြောသည်။
“အဖေက ဘာလို့ ကိုယ်တိုင် ရောက်လာတာလဲ” နန်လော့ရှန်းက မေးသည်။ တခြားလူများက သူမအား အားကျစွာ ကြည့်ကြသည်။ သို့သော်လည်း သူမကိုယ်တိုင်ကား သဘောကျဟန်မတူ။ သူမသည် တိတ်တဆိတ်ပင် သက်ပြင်းချ၏။ သူမသည် ရန်ဟောင်တစ်ပါးဖြစ်လာသည့်တိုင် သူမ၏မိဘများသည် သူမအတွက် စိုးရိန်ပူပန်နေကြဆဲ…။
“ငါတို့က ဒီအနားက ဖြတ်သွားရုံပါပဲ။ ဒါကြောင့် ဒီကို တစ်ခါ လာကြည့်ကြတာ” အင်ပါယာနန်ကား ဘုံသုံးထောင်တွင် ထိပ်သီးပုဂ္ဂိုလ်တစ်ဦးဖြစ်သော်လည်း နန်လော့ရှန်းရှေ့တွင် အထက်စီးဆန်သော ဟန်ပန်အမူအရာမရှိပေ။ သူကား သူမကို လာကြိုခြင်းမှာ သိသာသော်လည်း သူက ဖြတ်သွားရုံဟုသာ ပြောခဲ့သည်။ မည်သို့ဆိုစေ သူတို့တွင်ကား သည်သမီးတစ်ဦးတည်းသာ ရှိ၏။ နတ်ဘုရားအကြွင်းအကျန်နယ်မြေသည် များစွာသော လူငယ်ပါရမီရှင်များ စုစည်းရာနေရာဖြစ်ရာ သူတို့က မည်သို့ မစိုးရိမ်ဘဲ နေမည်နည်း။
အချို့သောလူများသည် မရေမတွက်နိုင်သောလူများထက် မြင့်မားသော နေရာမှ စတင်ကြရ၏။ ထိုမြင်ကွင်းကို မြင်သူတိုင်းမှာ အားကျကြရသည်။ အထူးသဖြင့် ထိပ်သီးအင်အားစုများမှ သာမန်အဖွဲ့ဝင်များဖြစ်သည်။ သတို့သည်လည်း နတ်ဘုရားအကြွင်းအကျန်နယ်မြေကို ဝင်ရောက်ခဲ့ကြသော်လည်း အရံအဖြစ်ဖြင့်သာ ပါဝင်ခဲ့ကြရပေသည်။
တခြားလူများကား နန်လော့ရှန်း၏နောက်ခံအသိုင်းအဝိုင်းကို အားကျရုံမျှသာ တတ်နိုင်သည်။
အင်ပါယာနန်ကား ဘုံသုံးထောင်တွင် ထိပ်သီးတစ်ဦးဖြစ်၏။ သူ့အား သာမန်နေ့ရက်များတွင် တွေ့ရန် အလွန်ခက်ခဲ၏။ ယခု သူ့သမီးအတွက် သူသည် ကိုယ်တိုင် လာရောက်ကြိုဆိုသည်။
“ကျွန်တော့နာမည် ရှန်ဟောက်ပါ။ အင်ပါယာနန်နဲ့ ဧကရီလော့တို့ကို နှုတ်ဆက်ပါတယ်” အင်ပါယာနန်ရှေ့ကို လူငယ်တစ်ဦး ရောက်လာသည်။
အင်ပါယာနန်က ရှန်ဟောက်ကို ကြည့်သည်။ သူက အသိအမှတ်ပြုဟန်ဖြင့် ပြောသည် “မင်းက ရှန်ကလန်က လူငယ်မျိုးဆက်လား”
“ဟုတ်ပါတယ်” ရှန်ဟောက်က ခေါင်းညိတ်သည်။
“မဆိုးဘူး” အင်ပါယာနန်က အနည်းငယ် ခေါင်းညိတ်ကာ ဘာမှ မပြောတော့။ သူ့လိုလူတစ်ယောက်က ရှန်ကလန်၏လူငယ်တစ်ဦးကို သည်မျှ ပြန်ပြောခြင်းသည်ပင် အလွန်အမင်း အသိအမှတ်ပြုရာ ရောက်နေလေပြီ။
“ကျွန်တော် သွားလိုက်ပါဦးမယ်” ရှန်ဟောက်ကလည်း ဘာမှ သိပ်မပြောတော့။ သူက နန်လော့ရှန်းကို တစ်ချက်လှမ်းကြည့်ကာ နောက်လှည့်သွားသည်။
ဘုံသုံးထောင်တွင် များစွာသော ကောင်းကင်ဂုဏ်ဆောင်သားတော်များ ရှိကြပေသည်။ တူညီစွာပင် အမျိုးသမီးများလည်း ရှိကြ၏။ သို့သော်လည်း သူတို့မျိုးဆက်တွင် နန်လော့ရှန်းကဲ့သို့ အဆင့်အတန်းနှင့်ပါရမီတို့ပိုင်ဆိုင်သော အမျိုးသမီးမှာ ရှားပါးပေသည်။
ရှန်ကလန်မှ စီနီယာများသည်လည်း ရှန်ဟောက်၏အပြုအမူကို မြင်ကြသည်။ သို့သော်လည်း ဘာမှ မပြောကြ။ ရှန်ဟောက်က နန်လော့ရှန်းနှင့် ကောင်းမွန်သော ဆက်ဆံရေးအား တည်ဆောက်နိုင်ပါက ကောင်းသော ကိစ္စဖြစ်ပေသည်။
တချိန်တည်းမှာပင် ပျက်စီးခြင်းမြို့တော်၏နေရာအနှံ့မှ ကြောက်မက်ဖွယ်ရာ အငွေ့အသက်များ ပျံ့လွင့်လာခဲ့သည်။ သတ်ဖြတ်ခြင်းအငွေ့အသက်များသည် ၄◌င်းအငွေ့အသက်များကြားတွင် ပုန်းအောင်းနေ၏။
နတ်ဘုရားအကြွင်းအကျန်နယ်မြေမှ များစွာသော တန်ခိုးရှင်များသည် ကံကောင်းခြင်းများစွာကို သယ်ဆောင်လျှက် ထွက်လာခဲ့ကြ၏။
သို့သော်လည်း နတ်ဘုရားအကြွင်းအကျန်နယ်မြေမှာ ကျန်ရစ်ခဲ့ရသူများလည်း ရှိသည်။ သူတို့ကား သူတို့၏အသက်ကို ထိုနေရာ၌ ချိန်လှပ်ထားခဲ့ကြရ၏။
ထိုအထဲမှ တစ်ဦးမှာ ရွှေရောင်နတ်ပြည်ထောင်မှ ကိုက်ရှီဖြစ်ပေသည်။
လက်ရှိတွင် ရွှေရောင်နတ်ပြည်ထောင်မှ အဖွဲ့သည် လေထုကို ခွင်းလျှက် ပျံသန်းလာကြသည်။ သူတို့က ကောင်းကင်ထက်တွင်ပင် ရုတ်တရက် ရပ်လိုက်ကြသည်။ သူတို့ထံမှ သတ်ဖြတ်ခြင်းအငွေ့အသက်များ ပြင်းထန်စွာ ထွက်ပေါ်နေသည်။
သူတို့အောက်တွင်ကား ရီဖူရှင်းတို့အဖွဲ့ ရှိနေ၏။
ရီဖူရှင်းက ခေါင်းမော့ကြည့်လိုက်၏။ သူကား ဤသို့သော အခြေအနေကို ခန့်မှန်းမိပြီးဖြစ်သည်။
သို့သော်လည်း သူ့အနေဖြင့် ကိုက်ရှီကို အသက်ရှင်ခွင့်ပေးရန် မဖြစ်နိုင်ပေ။ တစ်ဘက်လူက သူ့အား သတ်ဖြတ်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့၏။
အနှေးနှင့်အမြန် သူတို့သည် မဟာရန်သူတော်များ ဖြစ်လာပေလိမ့်မည်။
အရှင်ထိုက်ရွှမ်က ကောင်းကင်ကို ကြည့်ကာ မျက်မှောင်ကြုတ်သည်။ တစ်ဘက်အုပ်စု၏ခေါင်းဆောင်ကား ကိုက်ရှီကို ထိုက်ရွှမ်တောင်သို့ လိုက်ပါပို့ဆောင်ခဲ့သူဖြစ်သည်။
“ရီဖူရှင်း…” နောက်ထပ် အေးစက်သော အသံတစ်သံကို ကြားရသည်။ ကောင်းကင်အာဏာစက်ပြည်ထောင်အရှင်၏အရှိန်အဝါကား ကြောက်မက်ဖွယ်ကောင်း၏။ ထိုလှိုင်းများသည် ရီဖူရှင်းထံသို့ ရိုက်ခတ်လာခဲ့သည်။
ကောင်းကင်အာဏာစက်ပြည်ထောင်မှ နတ်ဘုရားအကြွင်းအကျန်နယ်မြေသို့ ဝင်ရောက်ခဲ့သူများထဲမှ တစ်ဝက်ခန့်သည် အမှန်တကယ် အသတ်ခံခဲ့ရ၏။ သူတို့ ကြီးများစွာ ဆုံးရှုံး နစ်နာခဲ့သည်။
ရိထျန်းယွီသည်ပင် ကြီးမားစွာ စိတ်ဒဏ်ရာ၊လူဒဏ်ရာ ရရှိခဲ့၏။ သူ၏စိတ်အခြေအနေမှာ ပုံမှန်ပင် မဟုတ်တော့။
***