ကုန်းစွန်းဝမ်အာက သူ့ကိုခိုင်းသည့်အတိုင်း လုပ်ရန် ပိုင်ရှောင်ချန်းမှာ လုံးဝ စိတ်ကူးမရှိပေ။ သူ၏ အတွေးထဲတွင် အရူးတစ်ယောက်ကသာ သူမ ပြန်လာမည်ကို ထိုင်စောင့်နေမည်ဟု ယူဆထားသည်။
” ငါ့ကို ငမိုက်သားများ မှတ်နေလား။ ထိုင်စောင့်နေမယ်များ ထင်နေလား။ ”
သူက ပျံသန်းနေစဥ် သူမခိုင်းသည့်အတိုင်း လုပ်မည်ဟု သူဝန်ခံခဲ့သည်ကို ချက်ချင်းပင် ယုံစားသွားသည့် သူမအကြောင်းကို ပြန်တွေးနေမိတော့သည်။
” အချစ်နဲ့ စစ်မှာ မတရားတာမှ မရှိပဲ။ ထားပါတော့ကွာ။ နောက်ဘာဆက်ဖြစ်မလဲဆိုတာကို ငါက ထိုင်စောင့်နေမှာမှ မဟုတ်တာပဲ။ ”
ဖြစ်ပျက်နေသည်များနှင့် ထိုကလေးမလေး တွေးတောနေသည်များကို သူက နားမလည်သော်လည်း တတ်နိုင်သမျှ အမြန်ဆုံး ထွက်ပြေးနေဆဲပင်။ ပုံမှန်အတိုင်းပင် လမ်း၏ ညာဘက်ကိုသာ အမြဲတမ်းရွေးသည့် ရိုးရှင်းသောနည်းလမ်းကိုသုံးပြီး ထွက်ပေါက်ကိုရှာနေဆဲ။
ရက်အနည်းငယ် ကုန်ဆုံးသွားသည့်တိုင် သူက တစ်ဦးတစ်ယောက်နှင့်မျှ မဆုံခဲ့သလို အခြားထူးခြားသော ဖြစ်ရပ်များနှင့်လည်း ရင်မဆိုင်ခဲ့ရပေ။ ထို့ကြောင့် သူက အရှိန်ပိုတင်လိုက်ပြီး အဆုံးတွင် ကျောက်စိမ်းပေလွှာထဲရှိ သူ၏ရွေ့လျားမှုလမ်းကြောင်းမှာ ပို၍ သိသာထင်ရှားလာတော့သည်။ အဆုံးတွင် သူက ထိုမြေပုံနှင့်တူသော ပေလွှာကို ကြည့်လိုက်တော့သည်။
ထို့နောက် သူ၏ ဘေးပတ်ဝန်းကျင်ကို တစ်ခဏမျှ လှည့်ပတ်ကြည့်လိုက်သည်။ သူက အသေအချာမပြောနိုင်ပါသော်လည်း ကျောက်စိမ်းပေလွှာကို စစ်ဆေးပြီးသွားသောအခါ ဤနေရာသို့ ယခင်ကဖြတ်သန်းဖူးသည်ဖြစ်ကြောင်း အနည်းငယ်မျှ သေချာသွားတော့သည်။
” ဒါဆိုရင် ဒီနေရာက စက်ဝိုင်းအကြီးကြီးတစ်ခုပဲ… အချင်းချင်း ချိတ်ဆက်နေတဲ့ ဗဟိုတူ ဧရာမစက်ဝိုင်းတွေကိုသုံးပြီး ဒီဝင်္ကပါကို ဖန်တီးထားတာပဲ ဖြစ်ရမယ် ”
” ညာဘက်က နံရံဆိုပြီး ငါယူဆထားတဲ့နံရံတွေက တခြားနေရာတွေမှာဆိုရင် ဘယ်ဘက်က နံရံဖြစ်နေမှာပဲ။ နံရံကတော့ တစ်ခုထဲပဲ။ ”
” အဲဒါဆိုရင် ဖြစ်နိုင်ချေ နှစ်ခုရှိတယ်။ ပထမတစ်ခုက ဝင်္ကပါထဲမှာရှိတဲ့ စက်ဝိုင်းတွေအားလုံးက အဆုံးမရှိတဲ့ လမ်းတွေဖြစ်နေပြီးတော့ စက်ဝိုင်းတစ်ခုထဲမှာပဲ ထွက်ပေါက်ရှိရမယ်။ ”
” နောက်တစ်ခုက ဘယ်စက်ဝိုင်းမှာမှ ထွက်ပေါက်မရှိပဲနဲ့ အဲဒီထွက်ပေါက်က တခြားနေရာ ရောက်နေမှာ။ ”
ပိုင်ရှောင်ချန်းက သူ၏နဖူးကိုပွတ်ကာ သက်ပြင်းချလိုက်သည်။ ဤဝင်္ကပါထဲတွင် သူရောက်နေသည်မှာ ကြာပြီဖြစ်သော်လည်း ထွက်ပေါက်ကို ရှာတွေ့သွားသည့်လူ ရှိ၊မရှိကို သူက မသိပေ။ ထိုဝင်္ကပါကြီးမှာ ကြီးမားပြီး ရှုပ်ထွေးသော နေရာကြီးတစ်ခုဖြစ်သော်လည်း ကျင့်ကြံသူများထဲတွင် ဥာဏ်ကောင်းသူများစွာ ပါဝင်သည်ဖြစ်ရာ ပဟေဠိအဖြေကို သူမရှာနိုင်သေးရုံနှင့် အခြားသူများလည်း ရှာတွေ့နိုင်မည်မဟုတ်ဟု ယူဆ၍ မရနိုင်ပေ။
သူက တစ်ကိုယ်ထဲ ရေရွတ်နေပြီး ကျောက်စိမ်းပေလွှာကို ထပ်၍ကြည့်လိုက်ပြီး ဘယ်ဖက်သို့ ဦးတည်သော လမ်းကိုရွေးကာ သူ၏ လမ်းကြောင်းများကို ဆက်၍သတ်မှတ်နေတော့သည်။ သူယခင်က ဖြတ်သန်းခဲ့ပြီးဖြစ်သည်ဟု ယူဆရသော နေရာများဆီသို့ရောက်တိုင်း သူက အခြားလမ်းကို ရွေးလိုက်သည်။ သို့သော် တချိန်လုံးတွင် သူသည် အမြဲလိုလို ညာဘက်သို့သာ သွားနေသည်။
” ဒီစက်ဝိုင်းကို အခြားစက်ဝိုင်းနဲ့ ဆက်သွယ်ထားတဲ့နေရာကို ရှာရမယ်… ဒီနေရာတစ်ဝိုက်မှာပဲရှိမှာပါ ”
သူက အံကိုကြိတ်ရင်း ဆက်လက်ရှာဖွေနေတော့သည်။
” ဒီနည်းလမ်းနဲ့ ထွက်ပေါက်ကိုတွေ့ဖို့က အာမခံချက်အပြည့်တော့မရှိဘူး။ ဒါပေမဲ့ ငါ့ကို လမ်းပျောက်အောင် နှောင့်ယှက်တဲ့လူတွေ မရှိသရွေ့ ငါ့မှာ အောင်မြင်ဖို့ရာခိုင်နှုန်း အများကြီးရှိတယ်။ ”
လတစ်ဝက်ကြာသောအခါ ပိုင်ရှောင်ချန်းမှာ မျက်တွင်းများကျနေပြီဖြစ်သည်။ သို့သော် သူသည် နောက်ထပ်စက်ဝိုင်းတစ်ခုထဲသို့ သွားရန် လမ်းကိုရှာတွေ့ခဲ့သည်ဖြစ်ပြီး အဆုံးမရှိသော လမ်းကြီးတစ်ခုဖြစ်နေသည်ဆိုသည့် အချက်ကိုလည်း သေချာသွားပြီဖြစ်သည်။
သို့သော် သူက နောက်ထပ်စက်ဝိုင်းထဲသို့ သွားနိုင်မည့်လမ်းကို ဆက်၍ရှာနေဆဲပင်။
အချိန်များကုန်ဆုံးလာသည်နှင့်အမျှ မကောင်းသော ကံများက အဝေးသို့ရှောင်ကွင်းသွားပြီး ကောင်းသောကံများမှာ အနားသို့ရောက်လာနေပြီဖြစ်သည်။ နောက်ထပ်တစ်လကုန်သွားပြန်သည်။ ဤအချိန်တွင်မူ ပိုင်ရှောင်ချန်း၏ ကျောက်စိမ်းပေလွှာမှာ သူသွားသည့်လမ်းမျိုးစုံ၏ ရှုပ်ထွေးသော အချက်အလက်များနှင့် ပြည့်နေပြီဖြစ်သည်။ သူ၏လမ်းတစ်လျှောက်တွင် သူက တဖြည်းဖြည်း ရုပ်လုံးပေါ်လာနေသည့် မြေပုံကို တစိုက်မက်မက် လေ့လာနေတော့သည်။ အဆုံးတွင် သူက ရပ်တန့်လိုက်ပြီး ခေါင်းမော့ကြည့်လိုက်သောအခါ ရှေ့တည့်တည့်တွင် မြေကွက်လပ်တစ်ခုကို တွေ့လိုက်ရတော့သည်။
ထိုမြေကွက်လပ်တွင် ဖယောင်းတိုင်းများနှင့် သွေးများစိုရွှဲနေသည့် ပေါက်စီများ လုံးဝမရှိပေ။ ၎င်း၏အလယ်တည့်တည့်တွင် ပလ္လင်တစ်ခုရှိပြီး ထိုပလ္လင်ပေါ်တွင် တောက်ပနေသည့် တံခါးတစ်ချပ်ရှိသည်။
သူက ထိုတံခါးကို မြင်လိုက်ရသောအခါ သူ၏နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများ ကြီးစိုးသွားတော့သည်။
” နောက်ဆုံးတော့ ငါရှာတွေ့ခဲ့ပြီပဲ။ ”
အချိန်အနည်းငယ်ကြာသောအခါ ပိုင်ရှောင်ချန်းက ဣန္ဒြေဆယ်လိုက်လေသည်။ ထို့အပြင် သူက မျက်စိစုံမှိတ်ကာ ထိုတံခါးဆီသို့ ပြေးမသွားပေ။ သူ၏ပတ်ဝန်းကျင်ကို တစ်ခဏမျှ လေ့လာအကဲခတ်လိုက်ပြီး အန္တရာယ်ရှိနိုင်သော အရာများကို ရှာမတွေ့သောအခါမှ သူက တဖြည်းဖြည်းနှင့် ရှေ့သို့ တိုးတိုးသွားသည်။ ခဏအကြာတွင် သူသည် လိုဏ်ခေါင်းကြီး၏ အဆုံးတွင်ရောက်နေပြီဖြစ်ပြီး မြေကွက်လပ်နှင့် ထိစပ်နေပြီဖြစ်သည်။ ထိုနေရာတွင် သူက တောက်ပနေသည့်တံခါးကြီးကို မော့ကြည့်ကာ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
” ဘယ်လို ကြောင်တောင်တောင် ဝင်္ကပါမျိုးကြီးလဲကွ။ ပိုင်ရှောင်ချန်းဆိုတဲ့ငါ လက်ဖျောက်လေးတစ်ချက် တီးလိုက်ရုံနဲ့ ဒီနေရာကြီးက ပြာ ဖြစ်သွားရတာပဲ။ ကဲကဲ အခုတော့ တစ်ချက်လေးတွေးလိုက်ရုံနဲ့ ထွက်ပေါက်ကနေ အသာယာထွက်ပြီး ကိစ္စပြတ်အောင် လုပ်လို့ရပြီ။ ”
သူက ပလ္လင်ကြီးနှင့် တောက်ပနေသည့် တံခါးကြီးဆီသို့ ပျံသန်းသွားနေစဥ် သူ့ကိုယ်သူ အလွန်အမင်းဂုဏ်ယူနေတော့သည်။
သူက ထိုအထဲသို့ပျံသန်းဝင်ရောက်ကာ ပျောက်ကွယ်သွားသောအခါ မည်သည့်ထစ်ချုန်းသံမျိုးမှ ထွက်မလာပေ။
သူ၏ အမြင်အာရုံများမှာ ဝေဝါးသွားပြီး ပြန်လည်ကြည်လင်လာသောအချိန် ဘေးသို့လှည့်ပတ်ကြည့်ရှုလိုက်သောအခါ ချက်ချင်းပင် တုန်ရီစပြုလာတော့သည်။ သူက အသက်ရှူ၍ပင် မရချေ။
ထိုနေရာတွင် မြေကြီးရှိသည့်ပုံ မပေါ်ပဲ အခွံလွတ် လေဟာနယ်ကြီးကဲ့သို့ ဖြစ်နေသည်။ အရပ်မျက်နှာအနှံ့တွင် ကြယ်အလင်းတန်းများဖြင့် တောက်ပနေသည့် စက်လုံးပေါင်းတစ်ထောင်ခန့် ပျံ့ကြဲနေသည်။
ထိုစက်လုံးတစ်လုံးထဲစီတွင် လူတစ်ယေက်စီရှိသည်။ ထိုလူများမှာ သာမန်ကျင့်ကြံသူများ၊ ဝိညာဥ်ကျင့်ကြံသူများနှင့် လူ့ဘီလူးကြီးများဖြစ်ကြပြီး သူတို့အားလုံးမှာ တရားမှတ်နေသည့်အလား မျက်လုံးများမှိတ်ထားကြသည်။ သူတို့၏မျက်နှာပေါ်မှ အမူအရာများမှာ ရံခါဖန်ခါပြောင်းလဲနေသည်။ အချို့မှာ အံများကိုကြိတ်ထားကြပြီး အချို့မှာ ကျေနပ်ပျော်ရွှင်နေကြသည်။ မတူညီသော ခံစားချက်အမျိုးအမျိုးကို မြင်နိုင်ပေသည်။
ထိုစက်လုံးထဲရှိလူအများစုမှာ ဝင်္ကပါကြီးအပြင်ဘက်တွင် စုဝေးခဲ့ကြသည့် မဟာတံတိုင်းနှင့် မြေရိုင်းဒေသမှ လူများဖြစ်ကြောင်းကို ပိုင်ရှောင်ချန်းက မှတ်မိပေသည်။
” ကြည့်ရတာ ဝင်္ကပါကြီးရဲ့အဆုံးကို ငါ့ထက်အရင်ရှာတွေ့ခဲ့တဲ့လူက အယောက်တစ်ထောင်ကျော်ရှိနေတာပဲ။ ”
ဘေးဘီဝဲယာကို တစ်ခဏမျှ ဝေ့ဝိုက်ကြည့်လိုက်သောအခါ ချိန်ဟဲ့ထျန်၊ ဇောင်ထျန်ကျောက်နှင့် ချိန်ယွဲ့ရှန်တို့ကို တွေ့လိုက်ရသည်။
မြေရိုင်းဒေသမှ လူများထဲတွင်မူ သူသည် အနီရောင်ဝတ်ရုံရှည်ကြီးတစ်ခုကို ဝတ်ဆင်ထားသည့် မိန်းမပျိုတစ်ယောက်ကို တွေ့လိုက်သည်။ သူမမှာ သခင်မလေးဟုန်ချိန်ဖြစ်သည်။
သခင်မလေးဟုန်ချိန်၏ တောက်ပနေသော စက်လုံးမှာ မျက်စိပသာဒဖြစ်လွန်းလှပြီး တောက်ပသောအလင်းတန်းများကို အရပ်မျက်နှာအနှံ့သို့ ထုတ်လွှတ်နေသဖြင့် အခြားသော စက်လုံးများထက် ပို၍ တောက်ပနေတော့သည်။
အခြားသော စက်လုံးတစ်ရာပေါင်းလျှင်တောင်မှပင် သူမ၏စက်လုံးကို မယှဥ်နိုင်ချေ။
လက်ရှိအခြေအနေကို အသေးစိတ်လေ့လာလိုက်ပြီးနောက် သူ့ကိုလည်း ကြယ်အလင်းတန်းစက်လုံးတစ်ခုက ဝန်းရံထားကြောင်းနှင့် သူသည် ဤကြယ်တွေစုံလင်နေသည့် ကောင်းကင်ကြီးထဲတွင် လွင့်မျောနေသည့် လူအယောင်တစ်ထောင်ကျော်ထဲမှ တစ်ယောက်ဖြစ်နေကြောင်းကို ပိုင်ရှောင်ချန်းက သိလိုက်သည်။
ထိုကြယ်များအားလုံး၏ အလယ်ရှိ အဆုံးမဲ့လေဟာနယ်ကြီးထဲတွင် ဝိညာဥ်များကိုပင် တုန်လှုပ်စေနိုင်သည့် အံ့သြဖွယ် ဧရာမကျောက်တိုင်ကြီးတစ်တိုင်က လွင့်မျောနေသည်။
ထိုကျောက်တိုင်ကြီးမှာ မည်မျှကြီးမားကြောင်းကို ပိုင်ရှောင်ချန်းက အတိအကျပင် မပြောနိုင်ပေ။ ၎င်း၏ မျက်နှာပြင်ပေါ်တွင် ထိုနေရာရှိ နတ်မီးလျှံစမ်းသပ်ပွဲ၏ စည်းမျဥ်းများကို ရေးထိုးထားသည်။ ထို့အပြင် တောက်ပနေသည့်စက်လုံးတစ်လုံးချင်းစီမှာ ထိုကျောက်တိုင်ကြီးကို မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည့် ကြိုးလေးတစ်ချောင်းစီဖြင့် ဆက်သွယ်ထားကြောင်း တွေ့ရသည်။
ဝင်္ကပါအပြင်ဘက်ရှိ ပထမကျောက်တိုင်ကြီးနှင့် ဆင်တူနေသော ဤဒုတိယမြောက်ကျောက်တိုင်ကြီးကိုကြည့်ကာ ပိုင်ရှောင်ချန်းမှာ စိတ်ထဲတွင် တုန်ရီနေတော့သည်။ ထိုကျောက်တုံးပေါ်တွင် ရေးသားထားသည့် အချက်အလက်များအရ နတ်မီးလျှံစမ်းသပ်ပွဲကို အောင်နိုင်မှသာလျှင် ဝင်္ကပါထဲမှ ထွက်ခွာနိုင်မည်ဖြစ်ပြီး ပထမဆုံးထွက်ခွာနိုင်သူမှာ နတ်ဝိညာဥ်တစ်ခုကို ရရှိမည်ဖြစ်သည်။
ဤအချိန်တွင် ပိုင်ရှောင်ချန်းမှာ ဝင်္ကပါ၏အဆုံးသို့ရောက်ရှိပြီး နတ်မီးလျှံစမ်းသပ်ပွဲများ၏ နယ်မြေထဲသို့ ရောက်လာပြီဖြစ်ကြောင်းကို သေချာသွားတော့သည်။
” နတ်ဝိညာဥ်တွေက တန်ဖိုးကြီးတာတော့ ဟုတ်ပါရဲ့။ ဒါပေမဲ့ ငါ့ရဲ့သနားစရာအသက်လေးက ပိုအရေးကြီးတယ်ဟ။ ဒီနေရာကတော့ ဘေးကင်းမဲ့ပုံပါပဲ။ အဲဒီတော့ တစ်ယောက်ယောက် နတ်ဝိညာဥ်ရသွားတာကို စောင့်ပြီးမှ အပြင်ကိုထွက်တာ အကောင်းဆုံးပဲ ”
ထိုသို့တွေးကာ သူကစက်လုံးအပြင်ဘက်သို့ ထွက်၍ရမရ ဆန်းစစ်ရန် လက်နှစ်ဖက်ကိုဆန့်ထုတ်လိုက်ပြီး သူ့ကိုဝန်းရံထားသည့် တောက်ပနေသော စက်လုံးကို တို့ထိလိုက်သည်။ သို့သော်လည်း ထိုစက်လုံးမှာ ချိုးဖျက်၍မရနိုင်လောက်သည့် အကာအရံကြီးတစ်ခုဖြစ်နေသဖြင့် ကျော်ဖြတ်သွားရန် မဖြစ်နိုငိပေ။
ထိုအချက်ကြောင့် သူက အလွန်ပျော်ရွှင်သွားရတော့သည်။
” ကြည့်ရတာ ငါထင်တာမှန်တဲ့ပုံပဲ။ ဒီနေရာက တယ်ကောင်းပါ့လားကွ။ ဟားဟားဟား။ ငါက အပြင် ထွက်လို့မရရင် သူများတွေလည်း အထဲကိုဝင်လာလို့ မရတော့ဘူးပေါ့ကွ။ ငါတို့အားလုံး အေးအေးချမ်းချမ်း ထိုင်နေရုံပဲ။ ”
ဤ နတ်မီးလျှံစမ်းသပ်ပွဲ၏ မျှမျှတတ ဆက်ဆံပုံကို သူက သဘောကျနေတော့သည်။
သူထိုသို့ကျေနပ်နေစဥ် ခပ်လှမ်းလှမ်းတွင် ကြယ်အလင်းတန်း အချို့မှာ တောက်ပသောစက်လုံးတစ်လုံးအဖြစ် ပြောင်းလဲသွားသည်ကို သတိထားမိလိုက်သည်။ ထိုစက်လုံးထဲတွင် လူရိပ်တစ်ခုမှာ လျင်မြန်စွာ ရုပ်လုံးပေါ်လာတော့သည်။
” ကျိုးရီရှင်းပါလား။ ”
ကျိုးရီရှင်းမှာ ထွက်ပေါက်ကို ရှာတွေ့ခဲ့သည့်အတွက် အလွန်စိတ်လှုပ်ရှားနေသည်။ ပိုင်ရှောင်ချန်းလိုပင် သူလည်း ဘေးဘီဝဲယာသို လှည့်ပတ်ကြည့်ရှုလိုက်သောအခါ ချက်ချင်းပင် အံ့သြဖွယ်ကျောက်တိုင်ကြီးကို သတိထားမိလိုက်သည်။ အချိန်အနည်းငယ် ထပ်မံကြာသွားပြီးနောက် သူက ပိုင်ရှောင်ချန်းကို တွေ့သွားတော့သည်။
သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားသောအခါ ကျိုးရီရှင်းမှာ မျက်လုံးပြူးသွားသည်။
ပိုင်ရှောင်ချန်းကမူ အားပါးတရ ရယ်ညမောနေသည်။ ကျိုးရီရင်းမှာ ပိုင်ရှောင်ချန်းအတွက် ကံကောင်းစေသော ကြယ်ကလေးတစ်လုံး ဖြစ်နေသည်မှာ ဧကန်ပင်။ သူသည် သေခြင်းတရားကို ကံကောင်းထောက်မစွာဖြင့် ရှောင်တိမ်းနိုင်ခဲ့ရုံသာမက ထွက်ပေါက်ကိုပါ ရှာတွေ့ခဲ့သည်။ ကျိုးရီရှင်းမှာ မိမိ၏အသံကို ကြားနိုင်သလား သေချာမသိသော်လည်း ပိုင်ရှောင်ချန်းမှာ စိတ်ပါလက်ပါဖြင့် လက်ကိုဝှေ့ယမ်းကာ လှမ်း၍နှုတ်ဆက်လိုက်သည်။
ကျိုးရီရင်းမှာ ရှုံ့မဲ့နေသော မျက်နှာဖြင့် ပိုင်ရှောင်ချန်းကို စိုက်ကြည့်နေတော့သည်။ ထို့နောက် ပိုင်ရှောင်ချန်းကို ဆက်၍ကြည့်နေလျှင် ကံဆိုးမိုးမှောင်ထပ်ကျမည်စိုးသဖြင့် သူကအံကိုကြိတ်ကာ အကြည့်လွှဲလိုက်တော့သည်။
ကျိုးရီရှင်း အကြည့်လွှဲသွားသည်ကို တွေ့လိုက်ရသောအခါ ပိုင်ရှောင်ချန်းက ချောင်းဟန့်လိုက်ပြီး နှာခေါင်းကိုပွတ်ကာ ဟိုကြည့်သည်ကြည့်လုပ်ရင်း ပျင်းရိလာတော့သည်။
” ဒီကောင်တွေကလည်း ကြာလိုက်တာ။ နတ်မီးလျှံစမ်းသပ်ပွဲလေး တစ်ခုပဲကို။ မြန်မြန်လေး ပြီးအောင်လုပ်ကြစမ်းပါ။ ”
သူက သမ်းလိုက်ပြီး မည်သည့်အကြောင်းကြောင့် ကြာနေရသည်ကို သိရှိရန် ကျောက်တိုင်ကြီးကို ပြန်ကြည့်လိုက်ေလတော့သည်။