Switch Mode

အခန်း (၁၈၆)

လက်ထပ်ပြီးရင်တော့

အခန်း (၁၈၆) လက်ထပ်ပြီးရင်တော့

မြူခိုးဝင်္ကပါထက်တွင် ကျန်းလန် ဖြည်းဖြည်းချင်း ပျံသန်းလျှက် ရှိသည်။

တစ်ခါတစ်ရံ သူက သစ်ကိုင်းများထက် ခြေတစ်လှမ်းချင်းလှမ်းပြီး အရှေ့ဆီသို့ ဖြည်းဖြည်းချင်း တိုးသွားနေလေသည်။

ထိုသို့ပြုလုပ်ခြင်းက ပတ်ဝန်းကျင်ကို ပိုပြီး ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်သလို မြေပြင်ထက်မှ သံသယဖြစ်စရာကိစ္စများကိုလည်း သူ ရှာဖွေနိုင်မည် ဖြစ်သည်။

လောလောဆယ် သူ ပစ်မှတ်ထားသည်က လူသားရုပ်သေး (၂)ယောက်၏ နောက်ကွယ်မှ ထိန်းချုပ်နေသူကို ရှာဖွေရန် ဖြစ်၏။

ထိုသူရှိသည့်နေရာသို့ရောက်ရန် သိပ်မလိုတော့ဟု ကျန်းလန် သိလိုက်သည်။

အမှန်တော့ ကျန်းလန် ထိုသူ၏တည်ရှိမှုကို အာရုံမခံနိုင်ခဲ့ဘဲ နောက်ထပ်လူသားရုပ်သေးဖြစ်သည့် ယွိမော်ကိုသာ အာရုံခံနိုင်ခဲ့သည့်အတွက် အနည်းငယ် ဘဝင်မကျ ဖြစ်နေသည်။

“ငါ အတော်ညံ့သေးတာပဲ…”

ကျန်းလန် တွေးလိုက်၏။

သူက အင်မော်တယ်တစ်ပါး ဆိုသော်လည်း အများအမြင်တွင် ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားသူ ဖြစ်သည်။ ထိုသို့ပြုလုပ်ထားရခြင်းက အနည်းငယ်တော့ ဆိုးရွားကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။

အများအမြင်တွင်လည်း သူက ပါရမီရှင်များပမာ အင်မော်တယ်အဆင့်သို့ တက်ရောက်သွားမည် ဖြစ်သည်။ သို့သော်လည်း အင်မော်တယ်ဖြစ်သည့်တိုင် သူက ဝေဖန်ခံနေရဦးမည်ပင်။

သူက ပါရမီရှင်များထက် ပိုမိုလျှင်မြန်ပြီး အင်မော်တယ်ဖြစ်လာမည်ဆိုပါကလည်း မလိုအားအပ်သည့်ပြဿနာများကို ဖိတ်ခေါ်ရာရောက်နိုင်ပြီး အကျိုးမရှိနိုင်ပြန်ပေ။

“ကျန်းလန်က ကျွန်မနဲ့ စေ့စပ်ထားတဲ့သူပဲ… ၊ ရှင့်အနေနဲ့ သူ့ကို နှိမ့်ချပြောဆို အရှက်ခွဲခွင့် မရှိဘူး…” ဆိုသည့် လုန်ယွိပြောသည့် နောက်ဆုံးစကားတစ်ခွန်းကို သူ ကြားခဲ့သည်။

လုန်ယွိ၏စကားသံတွင် ခံစားချက်များစွာ ပါဝင်မနေသည့်တိုင် သူ့ရင်ကို ထိရှစေသည်။

အခြားသူများ မည်သို့ဝေဖန်ပြစ်တင်ကြပါစေ သူက လျစ်လျူရှုထားမည် ဖြစ်သော်လည်း လုန်ယွိ၏ စေတနာကိုတော့ဖြင့် လျစ်လျူမရှုဝံ့ပါပေ။

သူက လုန်ယွိ၏ စေတနာများကို တုံ့ပြန်ရမည်ဖြစ်ပြီး သူမ၏ စေတနာများကို အလကား ဖြစ်စေမည် မဟုတ်ပေ။

“ပါရမီရှင်တစ်ယောက် ပုံမှန်အဆင့်တက်တဲ့ပုံစံနဲ့ဆိုရင် နောက်ထပ် နှစ်ပေါင်း (၄၀၀) ဆိုရင် ငါ အင်မော်တယ်ဖြစ်တော့မယ်… ၊ အဲဒီအချိန်ကျရင် ငါ လက်ထပ်ရတော့မယ်… ၊ လက်ထပ်ရမှာကလည်း ပြဿနာတစ်ခုဆိုပေမယ့် လက်ထပ်ပြီးရင်တော့ အခြေအနေတွေအားလုံး တည်ငြိမ်သွားလောက်တယ်… ၊ အခု ငါ့ကို ပစ်မှတ်ထားနေတဲ့ သူတွေကလည်း လက်ထပ်ပွဲကို ငါ့ဘက်က နော်ဆုတ်အောင် လုပ်နေကြတာပဲ… ၊ အရာထင်မှာလည်း မဟုတ်ကြဘဲနဲ့…”

သို့သော် နောက်ထပ်ပြဿနာတစ်ခုကို ကျန်းလန် စဉ်းစားလိုက်မိသည်။

နတ်လူသားမျိုးနွယ်တွေကို မည်သို့ပြုလုပ်ရမည်လဲ။

“………………”

ထိုကိစ္စကတော့ တကယ့်ကို ခေါင်းခဲစရာပင်။

“နှစ်ပေါင်း (၄၀၀)လောက် အချိန်လိုသေးတာပဲ… ၊ အရမ်းလောစရာမလိုသေးပါဘူးလေ…”

အခြားအကြောင်းများ ကြားဖြတ်ပေါ်လာဦးမည်ဆိုလျှင် သူ အများအမြင်တွင် အင်မော်တယ်အဆင့်တက်ရန် နှစ်ပေါင်း (၅၀၀) ခန့်ပင် ကြာမြင့်နိုင်သည်။

နှစ်ပေါင်း (၅၀၀) အတွင်း သူ၏ ကျင့်ကြံခြင်းအဆင့် အစစ်အမှန်က မည်သို့ရှိမည်ကို တွက်ဆ၍ပင် မရနိုင်ပေ။ မည်သို့ပင်ဖြစ်စေ ခွန်လွန်တောင်တွင် ပြိုင်ဘက်ကင်း ဖြစ်လာရန်ကတော့ အတော်လေး ခက်ခဲပေဦးမည်။

လက်ရှိ သူ့ရည်မှန်းချက်က ဆရာဖြစ်သူ၏ ကျင့်ကြံခြင်းအဆင့်ကို သိရှိရန် ဖြစ်သည်။ ဆရာဖြစ်သူ၏ ကျင့်ကြံခြင်းအဆင့်ကို သိရလျှင် သူက ဆရာဖြစ်သူကို ကျော်တက်နိုင်ရန် ကြိုးစားရမည်။

ဆရာဖြစ်သူကို ကျော်တက်ပြီးလျှင် ခွန်လွန်တောင်ဂိုဏ်းချုပ်ကို ကျော်တက်ရမည် ဖြစ်၏။

ဒီလောက်ဆိုလျှင် တော်ပါပြီလေ။

ကျန်းလန် နောက်ထပ်အတွေးများ ထပ်မတွေးတော့ပေ။ အကြောင်းမှာ ရန်သူရှိရာသို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့် ပင်။

သူက မြေပြင်ထက်သို့ ဆင်းသက်လိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။

မြူခိုးဝင်္ကပါအစီအရင်မှ တန်ခိုးစွမ်းအားများကို ပြုပြင်အသုံးချနေသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုသူက အစီအရင်ပညာ ကျွမ်းကျင်ဟန်ရှိသည်။

ထိုအချိန် မြူခိုးဝင်္ကပါတွင် တန်ခိုးစွမ်းအားအတက်အကျများ ဖြစ်လာသည်ကို ကျန်းလန် သတိထားလိုက်မိသည်။

“ဟမ်…”

ကျန်းလန် သစ်ပင်တစ်ပင်ထက်ခုန်တက်လိုက်ပြီး အနောက်ဘက်သို့ ကြည့်လိုက်သည်။

“အနောက်မှာ ငါလုပ်ခဲ့တဲ့ အစီအရင်တွေ အသက်ဝင်လာပါလား… ၊ လုန်ယွိ ငါ့ဆီလိုက်လတာလား မသိဘူး…”

ကျန်းလန်က သူ့အဖွဲ့ဝင် (၃)ယောက်ကို အန္တရယ်ကင်းစေရန်အတွက် ကောင်းကင်ထက်ပျံသန်းသွားလာရသည့် လမ်းကြောင်းတစ်လျှောက် အစီအရင်များ ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။

ကောင်းကင်ထက်မှလာမည့်သူများကို သိရှိနိုင်သရွေ့ ထို (၃)ယောက်ကို လွယ်လွယ်ကူကူ ကာကွယ်ပေးနိုင်မည် ဖြစ်၏။

ထို့ပြင် မှော်ရုံနယ်မြေသို့ ဝင်ရောက်လာကြသူများထဲတွင် လုန်ယွိမှလွဲပြီး မည်သူမှ မြူခိုးဝင်္ကပါထက်မှ ဖြတ်ကျော်ပျံသန်းနိုင်စွမ်း မရှိကြပေ။

သာမန်ကျင့်ကြံသူများအနေဖြင့် မြူခိုးများကြား ဖြတ်ကျော်ပျံသန်းရန်မှာ မလွယ်ကူပေ။

သို့ရာတွင် လုန်ယွိ သူ့ဆီသို့ ယခုလို အလျှင်အမြန်လိုက်လာမည်ဟု ကျန်းလန် ထင်မထားခဲ့မိပေ။

“ကြည့်ရတာ ဟို ထိန်းချုပ်ခံထားရတဲ့ လူသားရုပ်သေးရုပ်ကြောင့် ငါ့အတွက်စိတ်ပူပြီး လိုက်လာတာ ဖြစ်ရမယ်…”

ရန်သူက လုန်ယွိကို ပစ်မှတ်ထားမည်ဆိုလျှင် သူမနှင့်စေ့စပ်ထားသည့် ကျန်းလန်ကို လည်း သေချာပေါက် ပစ်မှတ်ထားပေလိမ့်မည်။

ကျန်းလန် ရှေ့ဆက်ပျံသန်းလာခဲ့သည်။

ရန်သူကို ရှင်းပစ်ပြီးလျှင် မှော်ရုံနယ်မြေတစ်ခုလုံး အေးချမ်းသွားမည် ဖြစ်သည်။

လုန်ယွိက အစီအရင်ပညာတွင် သူ့လောက်မတော်သော်လည်း သူထားခဲ့သည့်အစီအရင်များကို ဖြတ်ကျော်ရန် သိပ်ပြီး ခက်ခဲမည် မဟုတ်ပေ။

ထို့ကြောင့် အချိန်မဆွဲဘဲ ရန်သူကိုရှင်းလင်းပြီးသည်နှင့် သူ့နေရာသို့ ပြန်ရပေမည်။ မဟုတ်ပါက သူ ပျောက်နေသည့်အတွက် လုန်ယွိ သံသယဝင်သွားနိုင်သည်။

စေ့စပ်ထားသူလေးတစ်ယောက် ရှိနေခြင်းကလည်း တစ်ခါတစ်ရံတွင် ပြဿနာပင် ဖြစ်သည်။ ကျန်းလန် စိတ်ပျက်ခြင်း မဖြစ်မိသည့်တိုင် ထိုအချက်က အမှန်ပင် ဖြစ်၏။

…………………

သစ်ပင်များပတ်လည်ဝန်းရံနေသည့် မြေကွက်လပ်တစ်ခု…

အဝါရောင်မြေမှုံ့များထက်တွင် လူတစ်ယောက် ထိုင်နေလေသည်။ သူက လက်နှစ်ဖက်ဖြင့် ရွှံ့ရုပ်များကို ပြုလုပ်လျှက် ရှိသည်။

ထိုသူသည်ကား လူသားရုပ်သေး (၂)ယောက်ကို နောက်ကွယ်မှ ထိန်းချုပ်နေသည့် မော့ယန်ဆိုသူပင် ဖြစ်သည်။

သူက အရုပ်တစ်ရုပ် ပြုလုပ်ပြီးခါနီးတွင် အဝေးဆီသို့ တစ်ချက်လှမ်းကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

“သူတို့ (၂)ယောက်လုံး သေသွားပြီ… ၊ တစ်ယောက်က ကျန်းလန်ရှိတဲ့နေရာမှာ ရှိနေတာ… ၊ နောက်တစ်ယောက်ကတော့ လုန်ယွိရှိတဲ့နေရာကို သွားတာ… ၊ ကျန်းလန်ဆီသွားတဲ့သူက ဘာလို့ အသတ်ခံလိုက်ရတာလဲ… ၊ ကြည့်ရတာ ကျန်းလန်က တန်ခိုးစွမ်းအားတွေကို ဖုံးကွယ်ထားတာများလား…”

ကျန်းလန်ဘက်ခြမ်းမှ အသတ်ခံလိုက်ရသူအတွက် မော့ယန် အနည်းငယ် သံသယဝင်သွားမိသည်။ သို့သော် လုန်ယွိရှိရာသို့သွားသည့် ယွိမော်တစ်ယောက် အသတ်ခံရခြင်းကိုတော့ အံ့သြခြင်း မဖြစ်မိပေ။

လုန်ယွိသာ တိုက်ခိုက်မည်ဆိုလျှင် မည်သူမဆို သေချာပေါက် အသက်ပျောက်ရမည် ဖြစ်၏။

ထိုစဉ် တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့်နေသည်ဟု ခံစားလိုက်ရသည်။

“ငါ နေရာပြောင်းသင့်သလား… ၊ ဒါပေမဲ့ ဒီနေရာက ခွာဖို့ဆိုတာ ငါ့အတွက် သိပ်မလွယ်လှဘူး။

ဤမှော်ရုံနယ်မြေက မြူခိုးဝင်္ကပါတစ်ခု ဖြစ်သည်။

သူက အစီအရင်မှ စွမ်းအားများကို ပြောင်းလဲအသုံးပြုနေခြင်း ဖြစ်သော်လည်း အပြင်သို့ ထွက်လိုက်သည်နှင့် ဝင်္ကပါထဲတွင် ပိတ်မိနေမည် ဖြစ်သည်။

ထိုသို့ဆိုလျှင် သူ့ဘ၀ မည်သို့အဆုံးသတ်မည်လဲ မသိနိုင်ပေ။

“ဒီနေရာက ထွက်သွားရင်တော့ ငါ ဒုက္ခရောက်မှာပဲ… ၊ ငါ့မှာ ဘာဝှက်ဖဲမှ မကျန်တော့ဘူး…”

ယခု ရောက်ရှိနေသည့်နေရာက သူ ကျွမ်းဝင်သည့်နေရာတစ်ခု ဖြစ်လေရာ အန္တရယ်ရင်ဆိုင်ရလျှင်လည်း တိုက်ခိုက်မှုစွမ်းရည်ကို အမြင့်ဆုံးမြှင့်တင်နိုင်မည် ဖြစ်၏။

လုန်ယွိ ဖြစ်နေလျှင်တောင်မှ သူမကို ဤနေရာတွင် ပိတ်ဆို့ထားခဲ့ပြီး သူက လွတ်မြောက်အောင် ထွက်ပြေးနိုင်ပေသည်။

လုန်ယွိကို သတ်ဖြတ်ရန်က ခက်ခဲလွန်းသည်။ သို့သော် သူက လက်ထပ်ပွဲနှင့်ပတ်သက်သည့် သံသယများ သူမစိတ်ထဲ ထည့်သွင်းပေးရန်သာ ရည်ရွယ်ထားသည်။

မှော်ရုံနယ်မြေခရီးစဉ်တွင် သူက မည်သူ့ကိုမှ သတ်ဖြတ်ရန် ရည်ရွယ်ချက် မရှိသလို မည်သူ့ကိုမှလည်း သတ်ဖြတ်မည် မဟုတ်ပေ။

လုန်ယွိကတော့ တန်ခိုးစွမ်းအားမြင့်မားလွန်းသည့်အတွက် သူ၏ ပြိုင်ဘက်မဟုတ်ပေ။

ကျန်းလန်ကတော့ သူနှင့် အဆင့်တူဖြစ်သည်။ သို့သော် ကျန်းလန်က စတင်မတိုက်ခိုက်သရွေ့ သူကလည်း ကျန်းလန်ကို တိုက်ခိုက်မည် မဟုတ်ပေ။

ထို့ပြင် သူ့ကိုလည်း လုန်ယွိပင်လျှင် ဒုက္ခပေးနိုင်မည်မဟုတ်ရာ အခြားသူများဆိုလျှင်တော့ ပြောနေစရာ မလိုတော့ပေ။

“ကျန်းလန်က ဘာအရည်အချင်းမှ မရှိဘူး… ၊ တန်ခိုးစွမ်းအားကလည်း သာမန်ပဲ… ၊ သူနဲ့ရင်ဆိုင်ရရင်တော့ အသာလေး အနိုင်ယူနိုင်မှာပဲ… ၊ ဒါပေမဲ့ ငါတို့အောင်မြင်ဖို့အတွက် ငရဲတံခါးက အကြီးမားဆုံး လျှို့ဝှက်ချက် ဖြစ်လာနိုင်တယ်…”

မော့ယန် ရေရွတ်လိုက်သည်။

သူ့လက်ထဲတွင် သေးငယ်သည့် ရွှံ့ရုပ်လေးကို ကိုင်ထားပြီး ထိုအရုပ်လေးကို သူက စကားပြောနေခြင်း ဖြစ်သည်။

“မအောင်မြင်ခဲ့ရင်ရော…”

အသံတစ်သံက မော့ယန်ရှေ့မှ ထွက်ပေါ်လာသည်။

ထိုအသံက မည်သည့်နေရာမှ ထွက်ပေါ်လာမှန်း မသိသလို သဲလွန်စလည်း မရှိပေ။

မော့ယန်၏ ရင်ထဲတွင် တင်းကျပ်စွာခံစားလိုက်ရသော်လည်း ချက်ချင်းပင် တည်ငြိမ်အောင်ကြိုးစားလိုက်သည်။ သူ ခေါင်းမော့ကြည့်လိုက်သည့်အခါ သူ့အရှေ့နားတွင် ရပ်နေသည့် လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။

ထိုလူငယ်ကိုတွေ့သည်နှင့် မူလက တည်ငြိမ်နေသည့် သူ့မျက်နှာက ရုတ်တရက် အံ့သြသွားဟန် ပြောင်းလဲသွားပြီး မျက်ဝန်းအိမ်များထဲတွင် ထိတ်လန့်မှုများဖြင့် ပြည့်နက်သွားသည်။

သို့သော် မော့ယန်က ချက်ချင်း ပြုံးလိုက်ရင်း…

“ဂိုဏ်းတူညီလေး… မင်းလည်း ဒီနားရောက်နေတာလား…”

ရောက်လာသူက အခြားသူမဟုတ်။ ကျန်းလန် သာ ဖြစ်၏။

သူက ရန်သူကို လက်သီးတစ်ချက်တည်းဖြင့် အပြတ်ရှင်းပြီး သူ့နေရာသူပြန်ရန် စဉ်းစားနေစဉ် ငရဲတံခါးဆိုသည့်အသံကို ကြားလိုက်ရသည့်အတွက် စိတ်ဝင်စားသွားမိခြင်း ဖြစ်သည်။

ငရဲတံခါးက သူနေထိုင်ရာ နေရာဖြစ်သည်။ သူက ငရဲတံခါးကို စောင့်ရှောက်နေသည်ဟု ပြောလျှင်ပင် အပိုပြောရာ ရောက်မည် မထင်ပေ။

သူက လူသားအင်မော်တယ် နောက်ဆုံးအဆင့် ဖြစ်သောကြောင့် ငရဲတံခါးကို ကာကွယ်ရန် အနည်းနှင့်အများ တန်ခိုးစွမ်းအားလုံလောက်ပြီဟု ဆိုနိုင်သည်။

တစ်စုံတစ်ယောက်က ငရဲတံခါးကို အန္တရယ်ပြုချင်နေခြင်းက သူနေထိုင်သည့်နေရာကို ခြိမ်းခြောက်ခံနေရသည်ဆိုသည့် အဓိပ္ပါယ်သက်ရောက်သည်။

အရင်ဆုံး သူဖြေရှင်းနိုင်မည့် ပြဿနာ ဟုတ် မဟုတ် အရင်ဆုံး စုံစမ်းရမည် ဖြစ်သည်။ သူ မကိုင်တွယ်နိုင်သည့်ကိစ္စဆိုလျှင်တော့ ဝင်မပတ်သက်ဘဲ တစ်ယောက်တည်း ကျင့်ကြံနေခြင်းက ပိုမိုကောင်းမွန်ပေမည်။

လုံလောက်သည့်တန်ခိုးစွမ်းအားရှိလာမှသာ ပြဿနာကို ဖြေရှင်းရမည် ဖြစ်၏။

အချို့ကိစ္စများက အလျင်စလိုပြုလုပ်၍ မဖြစ်လေရာ ရန်သူက ကျန်းလန်ကို တိုက်ရိုက်ဦးတည်ခြင်း မရှိလျှင် သူ့အနေဖြင့် ရှောင်တိမ်းရန် ပြင်ဆင်ရမည် ဖြစ်သည်။

သူ့ဆရာသည်လည်း သူ့နောက်တွင် ရှိလေရာ စိုးရိမ်စရာ မရှိပေ။

သို့သော် ရန်သူဘက်မှ အကြံအစည်ကို သိရှိရလျှင် ပိုကောင်းသည် မဟုတ်ပါလား။ ရန်သူ၏ အကြံအစည်ကို သိရှိမှသာ လုပ်ရမည့်အလုပ်ကို စဉ်းစားနိုင်မည် ဖြစ်၏။

ထို့ကြောင့် ကျန်းလန်က မော့ယန်ကို အသက်နည်းနည်းပိုရှည်ခွင့်ပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

မထင်မှတ်သည့် အဖြစ်အပျက်များ ဖြစ်မလာစေရန် ကျန်းလန်က အနီးပတ်ဝန်းကျင်ကို မှော်ဝင်ပစ္စည်းများနှင့် ထိန်းချုပ်ထားပြီး ရန်သူ ထွက်ပြေးနိုင်ခြင်း မရှိစေရန် သေသေချာချာ ပြုလုပ်ထားသည်။

မူလဝိညာဉ် ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူဆိုသည်က တန်ခိုးစွမ်းအား အလွန်မြင့်မားသည့်အထဲ ပါဝင်သည်။ တစ်ဖက်လူ၏ တန်ခိုးစွမ်းအား မည်မျှမြင့်မားကြောင်း ကျန်းလန် မသိရှိနိုင်ပေ။

ထို့ကြောင့် ရန်သူကို လျှော့မတွက်ဘဲ လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့ခြင် ဖြစ်၏။

ကျန်းလန်က…

“ကျုပ်က ဂိုဏ်းတူအစ်ကိုကို မေးခွန်းလေး နည်းနည်းလောက် မေးချင်လို့ပါ… ၊ အဆင်ပြေမလား မသိဘူး…”

တစ်ဖက်လူက ယဉ်ကျေးနေလေရာ ကျန်းလန်ကလည်း ပြန်လည်ယဉ်ကျေးပြလိုက်သည်။

မော့ယန်က သိမ်မွေ့စွာ ပြုံးလိုက်ရင်း…

“ဂိုဏ်းတူညီလေး… ကျေးဇူးပြုပြီး မေးပါဗျာ… ၊ ဒါပေမဲ့ ကျုပ်မှာလည်း မေးစရာတွေရှိသေးတယ်… ၊ ဂိုဏ်းတူညီလေးက ကျုပ်ကိုကူညီပြီး ပြဿနာတွေ ဖြေရှင်းပေးနိုင်ဖို့ မျှော်လင့်မိတယ်…”

စကားဆုံးသွားသည်နှင့် မော့ယန်က မတ်တတ်ထရပ်လိုက်ပြီး လက်ထဲမှ ရွှံ့ရုပ်ကို အောက်သို့လွှတ်ချလိုက်သည်။

တစ်ချိန်တည်းမှာပင် သူ့လက်ချောင်းများက လျှို့ဝှက်စွာဖြင့် တစ်ချက်လှုပ်ရှားသွားသည်။ ပတ်ဝန်းကျင်မှ အစီအရင်က မည်သူမှ သတိမထားမိချိန်မှာပင် ဖြည်းဖြည်းချင်း အသက်ဝင်လာသည်။

ကျန်းလန်က တိုးတိတ်သည့်လေသံဖြင့်…

“မင်းတို့လူတွေက ငရဲတံခါးကို ဘာလုပ်ဖို့ ရည်ရွယ်ထားလဲဆိုတာ ကျုပ်က ဂိုဏ်းတူအစ်ကိုကို မေးချင်ပါတယ်…”

မော့ယန်၏ မျက်ဝန်းများ လက်ခနဲတောက်ပသွားပြီး…

“ပြောရရင် အရှည်ကြီးပဲကွာ…”

မော့ယန်က ပြုံးနေဆဲ ဖြစ်သည်။

သူ၏မျက်ဝန်းများက အလွန်ပင် နှစ်လိုဖွယ်ကောင်းလှသည်။

ကျန်းလန်က ခပ်အေးအေးလေသံဖြင့်…

“ဒါဖြင့် အတိုချုပ်ပြီး ပြောပြပါလား… ဂိုဏ်းတူအစ်ကို…”

ထိုအချိန် သူပြုလုပ်ထားသည့် အစီအရင်က အပြည့်အ၀ အသက်ဝင်လာပြီ ဖြစ်သောကြောင့် မော့ယန် စိတ်အေးသွားရသည်။

မော့ယန်က…

“အဲ… ဒါတော့ မဖြစ်နိုင်ဘူး…”

ထို့နောက် သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ပျင်းရိပျင်းတွဲဟန်ဖြင့်…

“ကျုပ် လက်နည်းနည်းနာနေတာ… ဂိုဏ်းတူ…”

သူ့စကားမဆုံးမီ ကျန်းလန်က သူ့ရှေ့သို့ ချက်ချင်းရောက်လာပြီး ဆန့်တန်းထားသည့် လက်ကို ဆုပ်ကိုင်လိုက်သည်။

မော့ယန် ထိတ်လန့်တုန်လှုပ်သွားပြီး တိုက်ခိုက်ရန် မစဉ်းစားနိုင်ခင်မှာပင် လက်မှ အရိုးကျိုးသံများထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။

စက္ကန့်ပိုင်းအတွင်းမှာပင် သူ့လက်လိမ်ချိုးခံလိုက်ရပြီး သွေးများသွင်သွင် စီးကျလာသည်။

“ဂိုဏ်းတူအစ်ကို လက်နာနေသေးလား…”

ကျန်းလန်ကတော့ သာမန်စကားပြောနေသည့်အလား မေးမြန်းလိုက်၏။

“အား…”

နာကျင်မှုက မော့ယန်တစ်ကိုယ်လုံးကို ဖြတ်သန်းသွားပြီး စူးဝါးစွာ အော်ဟစ်လိုက်မိတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset