Switch Mode

အပိုင်း(၁၆၄၉)

တိုက်ပွဲနတ်ဘုရား၏ ဂုဏ်ဆောင်မျိုးဆက်

အရှင်ဒွန်ဟောင်က နိုးထလာပြီး ရီဖူရှင်းနှင့် ပေါင်းစပ်သွားကာ သူ၏ ပညာရပ်များကို ရီဖူရှင်းထံ ပေးအပ်ခဲ့သည်လား။ နတ်ဘုရားများက သက်သေပြုပြီး ရီဖူရှင်း၏ အဆင့်တက်ခြင်းကို ကောင်းကင်က သတ်မှတ်ခဲ့သည်လား။

၎င်းက လက်တွေ့ကျသော်လည်း ရန်ဟောင်အဖြစ် အဆင့်တက်ခြင်းဖြင့် သူ၏ လမ်းစဥ်ကို သက်သေပြခြင်းမှာ ဘုံ၏ ထိပ်သီးအင်အားစုမှ လူများအတွက် ရန်ဟောင်အဆင့်သည် အလွန် မြင့်မားသည့် တည်ရှိမှုမျိုး မဟုတ်ခဲ့ပေ။ သူ ရန်ဟောင်အဆင့် တက်ရောက်ခြင်းအား မည်သည့်အတွက်ကြောင့် နတ်ဘုရားများက လာရောက် ကောင်းချီးပေးပါမည်နည်း။

ကောင်းကင်ပြဋ္ဌာန်းချက်လား။ မည်သည့် ပြဋ္ဌာန်းချက်နည်း။

အထက်ကိုးဘုံမှ ထိပ်သီးပုဂ္ဂိုလ်များသည် အလွန် ထူးခြားလှသည့် အစွမ်းထက်ပုဂ္ဂိုလ်များစွာကို မြင်တွေ့ဖူးကြသည်။ သူတို့ကိုယ်တိုင်လည်း ထိုသို့သော သူမျိုး ဖြစ်ကြပေသည်။ သူတို့သည် တစ်စုံတစ်ယောက်က မိမိကိုယ်ကိုယ် ထိုမျှထိ အမွှမ်းတင်သည်ကို မမြင်တွေ့ဖူးခဲ့ကြပေ။ ရီဖူရှင်းက ကမ်းကုန်အောင် အရှက်မဲ့ပေသည်။

သူသာ ကံကြမ္မာ၏ သားတော် ဖြစ်ခဲ့လျှင် ကျန်ချင်းကျူ၊ ရှန်းဟောက်နှင့် နန်လော့ရှန်းတို့က မည်သို့ ဖြစ်မည်နည်း။

မည်သည့်အတွက် သူတစ်ယောက်တည်းသာ နတ်ဘုရားများကို မြင်တွေ့ရသနည်း။

မည်သူကမှ ရီဖူရှင်း၏ ပေါက်ကရစကားကို အယုံအကြည်မရှိကြပေ။ သို့သော် ရီဖူရှင်းက နတ်လက်နက်ပစ္စည်းများ ရသွားခဲ့ခြင်း ရှိမရှိကို သံသယဝင်နေသူ တချို့ ရှိနေဆဲ ဖြစ်၏။

မဟုတ်လျှင် သူက အခြားသူများကဲ့သို့ပင် မည်သည့်အရာကိုမှ မြင်နိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။ ထိုဖိအားအောက်၌ပင် သူက လမ်းစဥ်ကို သက်သေပြပြီး နတ်စွမ်းအားတို့အား သည်းခံ၍ ရန်ဟောင်ဖြစ်လာရန် ရွေးချယ်ခဲ့သည်။

“မင်း တခြားနတ်လက်နက်တွေ ရခဲ့လား မရခဲ့ဘူးလား။” ရှန်းကလန်မှ ရှန်းယွမ်က ရီဖူရှင်းကို စူးစိုက်ကြည့်၍ အေးစက်စွာ မေးလိုက်သည်။ သူသည် ယခင်က ရီဖူရှင်း လက်ထဲတွင် သနားစဖွယ် ရှုံးနိမ့်ခဲ့ရသည်။ ယခု သူသည် ရီဖူရှင်းနှင့် ယူချင်းနှစ်ယောက်လုံး နတ်လက်နက်များ ရရှိခဲ့သည်ကို အသေအချာ မြင်တွေ့ခဲ့ရ၏။ အချို့သော အစီအစဥ်များက သူ့စိတ်ထဲတွင် ဖြစ်ပေါ်နေသည်။

ရီဖူရှင်းသည် ရှန်းယွမ်ကို ကြည့်ကာ ပြောလိုက်သည်။ “မရခဲ့ဘူး။”

“ဒါဆို မင်းက ဘာလို့ အဆင့်တက်ဖို့ကို အခုချိန် ရွေးလိုက်တာလဲ။” ရှန်းယွမ်က သူ့ကို ဆက်လက်၍ စိတ်အနှောက်အယှက် ပေးလိုက်သည်။

ရီဖူရှင်းသည် ရှန်းယွမ်အား သာမန်ကာလျှံကာ ကြည့်လိုက်သည်။ သူ၏ အကြည့်များက အရူးတစ်ကောင်ကို ကြည့်လိုက်သလိုပင် ဖြစ်၏။

ရီဖူရှင်းသည် ထိုမေးခွန်းကို ပြန်မဖြေခဲ့ဘဲ အဝေးသို့ လှည့်ထွက်ကာ လျှောက်သွားခဲ့၏။

သူသည် တစ်ခုခု ရခဲ့ခြင်း ရှိမရှိကို ပြန်ဖြေပေးခဲ့ပြီး ဖြစ်သည်။ သူ့ကို မည်သူကမှ မယုံကြည်ဘဲ တူညီသည့်မေးခွန်းကိုပင် ထပ်ကာ မေးနေခဲ့၏။ သူက ဆန့်ကျင်ဘက်အဖြေကို ပေးသောအခါတွင်လည်း သူတို့က မယုံကြည်ကြပြန်ပေ။

သို့ဆိုလျှင် သူက မည်သည့်အတွက် အဖြေပြန်ပေးရန် လိုအပ်တော့မည်နည်း။

သူက မည်သို့ ပြန်ဖြေသည်ဖြစ်စေ အဓိပ္ပါယ်မရှိ ဖြစ်ရပေတော့မည်။

“မင်းတို့ ယုံယုံ မယုံယုံ ထင်ချင်သလို ထင်လိုက်တော့။” ရီဖူရှင်းက ရှင်းလင်းစွာ ပြောလိုက်သည်။ သူသည် ရှန်းယွမ်ကို ပြန်ဖြေခြင်းမဟုတ်ဘဲ လူအုပ်ကို ပြောလိုက်ခြင်း ဖြစ်၏။

မေးနေခြင်းက အဓိပ္ပါယ်မဲ့ပေသည်။

ပြန်ဖြေခြင်းကလည်း အဓိပ္ပါယ်မရှိပေ။

သူတို့က ယုံကြည်ချင်သည်ကိုသာ ယုံကြည်ကြလိမ့်မည် ဖြစ်၏။

ရှန်းယွမ်က သူ၏ မျက်လုံးများကို ကျဥ်းမြောင်းလိုက်၏။ သူသည် ရီဖူရှင်း မည်သည့်အရာမှ မရခဲ့ခြင်းကို လက်ခံပေသည်။ ထိုအခြေအနေ၌ လူတိုင်းက သူတို့၏ မျက်လုံးများကို မှိတ်ထားကြရသည်။ ကျန်ချင်းကျူက ရီဖူရှင်းအား မေးခွန်းထုတ်ခဲ့သည်ကို ကြည့်လျှင် ထိုအချိန်၌ ကျန်ချင်းကျူပင် မည်သည့်အရာကိုမှ မမြင်တွေ့ခဲ့ကြောင်း သိသာပေသည်။ ထို့ကြောင့် ရှန်းယွမ်သည် ရီဖူရှင်းက ဤနေရာ၌ရှိနေသော အားလုံးထက် ပို၍ ထူးခြားသာလွန်နေမည်ကို ယုံကြည်လိမ့်မည် မဟုတ်ပေ။

သို့သော် ရီဖူရှင်း အဆင့်တက်သွားသည်ဟူသော အချက်က ရှန်းယွမ်၏ အတွေးတို့ကို ရိုင်းစိုင်းလာစေသည်။

သူ၏ ရည်ရွယ်ချက်မှာ ရီဖူရှင်း နောက်ပိုင်းရရှိခဲ့ခြင်း ရှိမရှိကို မဟုတ်ဘဲ ယခင်က ရရှိထားခဲ့သည့် နတ်လက်နက်ပစ္စည်းများကို ရည်ရွယ်ပေသည်။

ရှန်းယွမ်က သူ၏ အကြည့်များကို ရှန်းဟောက်ထံ ပို့ဆောင်လိုက်သည်။ ယခုတွင် ရှန်းယွမ်က အမှန်အမှားကို မဆုံးဖြတ်နိုင်တော့ပေ။

ယခင်က ရှန်းယွမ်သည် ရီဖူရှင်းကို ရှုံးနိမ့်ခဲ့ပြီး ယခု ရီဖူရှင်းသည် သူ၏ လမ်းစဥ်ကိုဖော်ဆောင်ကာ ဖွဲ့စည်းခဲ့သည့် နတ်ဝင်ရိုးက အနည်းဆုံး  ရတနာအဆင့် မဟုတ်လျှင် ချို့ယွင်းချက်ကင်းမဲ့နေနိုင်သည်။ လီဟန်ဓားသမားကိုပါ ထည့်တွက်ပါက ရှန်းဟောက်က တိုက်ခိုက်မှုတွင် ဝင်မပါခဲ့လျှင် ရှန်းကလန်သည် ရီဖူရှင်း၏ အဖွဲ့ကို ရင်ဆိုင်နိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။

ကျန်ချင်းကျူက မည်သည့်မေးခွန်းမှ ထပ်မမေးတော့ပေ။ ကြည့်ရသည်မှာ ကောင်းကင်နန်းတော်ပိတ်သွားခြင်းအတွက် အမှန်ကို ရှင်းလင်းစွာ ရှာနိုင်မည် မဟုတ်ပေ။ ထိုသည်မှာ နတ်ဘုရားအမွေအနှစ်နယ်မြေ ကိုယ်တိုင်ကြောင့်လည်း ဖြစ်နိုင်သည်။ သူတို့ဆယ်ယောက်က နတ်လက်နက်ပစ္စည်းများကို ကိုယ်စီရရှိခဲ့ပြီး ဖြစ်သည်။ ထိုသည်မှာ ကောင်းကင်နန်းတော်၌ နတ်လက်နက်ဆယ်ခုပဲ ရှိသည့်အတွက်လား ပြောရခက်ပေသည်။

နတ်လက်နက်ပစ္စည်းများကို ရရှိခဲ့သည့် အခြားသူများသည်လည်း ထို့ထက်ပို၍ စစ်ဆေးမည် မဟုတ်ပေ။ သူတို့သည် ကိုယ်ပိုင် ကျင့်စဥ်နှင့် လိုက်ဖက်သည့် ရတနာတို့အား ပိုင်ဆိုင်ခဲ့ရပြီး ဖြစ်သည်။ ထိုသည်ကပင် သူတို့အတွက် အလွန် စိတ်ကျေနပ်ဖွယ် ဖြစ်နေပြီ ဖြစ်၏။ ဤခရီးစဥ်က အချဥ်းနှီးမဖြစ်ခဲ့ပေ။ သူတို့ ဤနေရာမှ ထွက်သွားသည့်အခါ သူတို့သည် ရရှိခဲ့သည့် နတ်လက်နက်ပစ္စည်းများကို အသေးစိတ်လေ့လာပြီး သူတို့၏ ကျင့်ကြံမှု၌ ပေါင်းစပ်ကြမည် ဖြစ်သည်။

တစ်ယောက်ချင်းစီတွင် သူတို့၏ ကိုယ်ပိုင် ကံတရားများရှိကြသည်။ သူတို့က ကိုယ်ပိုင်ဝေစုကို ရရှိပြီး ဖြစ်သည့်အတွက် အခြားသူများ၏ ဝေစုကို လုယူချင်သည်မှာ မဖြစ်နိုင်ပေ။ သူတို့အပြင် အခြားကိုးယောက်လည်း ရှိသေးသည်။ သူတို့ကရော နတ်လက်နက်ပစ္စည်းများအားလုံးကို သူတို့အပိုင်အဖြစ် လုယူချင်လိမ့်မည်လား။

သူတို့က တစ်စုံတစ်ယောက်အပေါ်သာ အာရုံစိုက်နေလျှင် အခြားသူများသည်လည်း သူတို့နှင့် တူညီသော အတွေးကို တွေးကာ သူတို့ထံမှ လူယူချင်နေလိမ့်လား။

လူတစ်ယောက်ချင်းစီသည် ကိုယ်ပိုင်ကံတရားအတွက် တိုက်ခိုက်ကြရသည်။ သူတို့သည် ကျင့်ကြံခြင်းလမ်းကြောင်းပေါ်တွင် အနှေးနှင့်အမြန် အချင်းချင်းရင်ဆိုင်ကြရမည်ဖြစ်ကာ မဟာလမ်းစဥ် ဘုံသုံးထောင်၏ ထိပ်သီးများအကြား မည်သူတို့ ထွက်ပေါ်ကျော်ကြားလာမည်ကို မြင်တွေ့နိုင်ပေမည်။

လျှို့ဝှက်ကြံစည်နေသူများ အားလုံးမှာ နတ်လက်နက်ပစ္စည်းများကို မရရှိခဲ့ကြသူတို့ ဖြစ်သည်။ ထိုသည်မှာ ရှန်းကလန်မှ ရှန်းယွမ်နှင့် အခြားအင်အားစုမှ တန်ခိုးရှင်များကဲ့သို့သော သူတို့ဆယ်ယောက်၏ ဘေးမှ လူအုပ်ကြီးလည်း အပါအဝင်ဖြစ်သည်။

သို့သော် ရီဖူရှင်း၏ စွမ်းရည်၊ လီဟန်ဓားသမားနှင့် သူတို့အဖွဲ့မှ အခြားသူများသည် အစွမ်းထက်သည်ဟု ဆုံးဖြတ်နိုင်သည်။ တစ်ယောက်ယောက်က အကြံအစည်တစ်ခုခု ရှိနေလျှင်ပင်  သူတို့ထံမှ နတ်လက်နက်များကို လုယူဖို့ရာ အောင်မြင်နိုင်စွမ်း ရှိမည် မဟုတ်ပေ။ ယခင်ကတိုက်ပွဲအတွင်း၌ ကိစ္စရပ်အများအပြားကို သက်သေပြခဲ့ပြီး ဖြစ်သည်။

“ဘယ်လိုလဲ” ရီဖူရှင်း လျှောက်လာနေသည်ကို မြင်သည့်အခါ လီဟန်ဓားသမားသည် မျှော်လင့်ချက် အပြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။ ရီဖူရှင်း၏ ပါရမီနှင့် မဟာလမ်းစဥ် နတ်ဝင်ရိုးကို ချို့ယွင်းချက်ကင်းမဲ့စွာ ဖွဲ့စည်းနိုင်သင့်ပေသည်။ ရီဖူရှင်းက လီဟန်ဓားသမားကဲ့သို့ သူ၏ မဟာလမ်းစဥ်ကို ဖြိုဖျက်၍ ပြန်တည်ဆောက်ရန် မလိုအပ်ဘဲ ပြီးမြောက်နိုင်သည်။

ရီဖူရှင်းထံမှ အပြုံးကို မြင်သည့်အခါ လီဟန်ဓားသမားသည် သူ၏ ဆိုလိုရင်းကို နားလည်သွားခဲ့သည်။ သူ မျှော်လင့်ထားသည့်အတိုင်းပင် ရီဖူရှင်းက ချို့ယွင်းချက်ကင်းမဲ့သော နတ်ဝင်ရိုးကို ဖွဲ့စည်းနိုင်ခဲ့သည်။

“လီဟန်ဓားသမား.. ကျွန်တော်တို့ ဒီနေရာက ထွက်သွားပြီးရင် အရှင်မင်းကြီးနဲ့ သွားသောက်ကြရအောင်။” ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။

“အမ်…” လီဟန်ဓားသမားက ကြက်သေသေသွားခဲ့သည်။ ထို့နောက်မှ သူက ရီဖူရှင်းကို ပြုံးကြည့်ကာ ပြောလိုက်သည်။ “ကောင်စုတ်လေး…  မင်းက အခု ရန်ဟောင်ဖြစ်သွားရင်တောင် အရှင်မင်းကြီးက အရှင်မင်းကြီးပဲနော်။”

လီဟန်ဓားသမားက ထိုသို့ပြောပြီးနောက် ရှားရှင်းယွန်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူသည် ရီဖူရှင်းနှင့် ရှားရှင်းယွန် အကြားဆက်ဆံရေးက မည်မျှ တိုးတက်နေပြီကို မသိချေ။ ယခင်က ရီဖူရှင်း လီဟန်ကောင်းကင်၃၃လွှာ ကို တက်ခဲ့စဥ်ကပင် မင်းသမီးက ကြည့်ရှုစောင့်ရှောက်ခဲ့သည်။ လီဟန်ဓားသမားသည် သူတို့နှစ်ယောက်အား အမှန်တကယ် အဆင်ပြေစေချင်ပေသည်။

ရှားရှင်းယွန်က ရီဖူရှင်းအား စူးစူးဝါးဝါး ကြည့်လိုက်သည်။ သူပြောခဲ့သည့် သူမအဖေနှင့် သွားသောက်ဦးမည်ဆိုသည်မှာ မည်သည့်အဓိပ္ပါယ်နည်း။

“ကျွန်တော်က အရှင်မင်းကြီးနဲ့ သွားသောက်ချင်ရုံပါပဲ။ တခြားရည်ရွယ်ချက် မရှိပါဘူး။” ရီဖူရှင်းသည် ရှားရှင်းယွန်၏ သတ်ဖြတ်လိုသော အကြည့်တို့ကို မြင်သည့်အခါ ပြုံး၍ ပြောလိုက်သည်။

“အင်း” လီဟန်ဓားသမားက ခေါင်းညိတ်လိုက်သည်။ အရှင်မင်းကြီးက ရန်ဟောင်အဆင့်၌ ရှိနေခဲ့သည်မှာ နှစ်ပေါင်းအတော်ကြာပြီ ဖြစ်၏။ သူက အဆင့်နိမ့်ရန်ဟောင် ဖြစ်သော်လည်း သူ၏ အဆင့်သည် သူတို့ထက် မြင့်မားနေဆဲ ဖြစ်ပေသည်။ သူ၏ နတ်ဝင်ရိုးက အနည်းဆုံး ဒုတိယအဆင့် အထွတ်အထိပ်တွင် ဖြစ်နို​င်ပြီး တတိယအဆင့် နတ်ဝင်ရိုးပင်လျှင် ဖြစ်နိုင်ပေသည်။

သို့သော် အင်ပါယာရှား၏ နတ်ဝင်ရိုးအဆင့်က မြင့်မားခြင်း မရှိပေ။ လီဟန်ဓားသမားသည် ယခင်က အင်ပါယာရှားနှင့် မတိုက်ခိုက်ဖူးသော်လည်း သူသည် ချို့ယွင်းချက်ကင်းမဲ့သည့် နတ်ဝင်ရိုးက အခြားနတ်ဝင်ရိုးများပေါ် သက်ရောက်စေသည်အား သိရှိပေသည်။ ဆိုလိုသည်မှာ သူ့တွင် ပို၍ အစွမ်းထက်သည့် မဟာလမ်းစဥ် စွမ်းအား ရှိပေသည်။ သူက ချို့ယွင်းချက် ရှိနေသည့် နတ်ဝင်ရိုးကို ပိုင်ဆိုင်ထားသည့် တစ်စုံတစ်ယောက်နှင့် ရင်ဆိုင်ပါက သူ၏ ပြိုင်ဘက် အဆင့်က သူ့ထက် မြင့်မားနေလျှင်ပင် သူ့ဘက်က အရေးသာနေဦးမည် ဖြစ်၏။

လီဟန်ဓားသမားသည် ပို၍ သေသေချာချာ သိရှိရန် လိုအပ်နေသေးပေသည်။ သူသည် ယခင်က ရန်ဟောင်များအား သတ်ဖြတ်ခဲ့သော်လည်း ထိုသူတို့အားလုံးသည် နတ်ဘုရားအမွေအနှစ်နယ်မြေသို့ ရောက်မှသာ ရန်ဟောင်အဆင့်သို့ တက်လှမ်းခဲ့ကြသူများ ဖြစ်ကြသည်။

“ရာရာ” ရီဖူရှင်းက သူ့ဘေးမှ ရာရာကို ကြည့်လိုက်သည်။

ရာရာက သူမ၏ ခေါင်းကို အနည်းငယ်မော့၍ သူ့ကို ကြည့်လိုက်သည်။

“ငါ့မှာ မင်းအတွက် လက်ဆောင်ရှိတယ်။” ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။

သူ၏ လမ်းတလျှောက်တွင် သေခြင်းရှင်ခြင်း အခြေအနေများစွာ ရင်ဆိုင်ခဲ့ရပြီး ထိုအချိန်မျိုး၌ ရာရာကသာ သူ့ကို မကာကွယ်ခဲ့လျှင် သူသည် ကြိမ်ဖန်များစွာ သေဆုံးနေခဲ့ပြီး ဖြစ်ပေလိမ့်မည်။ သူသည် ရာရာ့ကို သူ၏ မောင်နှမသားချင်းအဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။  သူက သူမအား နတ်လက်နက်ပစ္စည်းအား ပေးရန် တွေဝေနေမည် ​မဟုတ်ပေ။  သူက ထိုနတ်လက်နက်ပစ္စည်းအား ရရှိသည့် အခိုက်အတန့်တွင် ရာရာ့ကို ချက်ချင်း တွေးမိခဲ့ပေသည်။

“အိုး” ရာရာက တည်ငြိမ်စွာ တုန့်ပြန်လိုက်သည်။ ရီဖူရှင်းက မျက်တောင်ခတ်လိုက်၏။ ‘သူမရဲ့ တုန့်ပြန်မှုက ဒီလောက်ပဲလား။’

သူသည် ကျေနပ်သည့် မည်သည့်ခံစားမှုကိုမှ မခံစားခဲ့ရပေ။

“သွားကြစို့။ ငါတို့မှာ အချိန်ရှိရင် ကျင့်ကြံနိုင်မယ့် နေရာရှာကြမယ်။” ရီဖူရှင်းက ပြောလိုက်ကြသည်။ ဤ အမွေအနှစ်နယ်မြေသည် ထူးခြားပြီး အပြင်ဘက်လောကနှင့် မတူညီပေ။

သူက ပြောလိုက်ပြီး ချက်ချင်းပင် နတ်သစ်ပင်များရှိရာဘက်သို့ ဦးတည်လိုက်သည်။

အခြားသူများက ရီဖူရှင်း ထွက်ခွာသွားသည်ကို မြင်သော်လည်း မည်သူကမှ သူ့နောက်သို့ မလိုက်ကြပေ။

“ငါတို့လည်း သွားပြီး ရှာကြည့်ကြစို့။” တစ်ယောက်က ပြောလိုက်သည်။ ကောင်းကင်နန်းတော်က ပိတ်သွားခဲ့လျှင်ပင် သူတို့၌ အချိန်တချို့ ရှိနေသေးသည်။ သူတို့က ဟိုဟိုဒီဒီ သွားကြည့်ရင်း နတ်ဘုရားအမွေအနှစ်နယ်မြေ၏ အခြားအရပ်များတွင် ကံကောင်းခြင်းများ တွေ့နိုင်မလား ရှာဖွေကြည့်သင့်ပေသည်။ သူတို့သည် ဤနေရာ၌ အချိန်ဖြုန်းနေရန် မလိုအပ်ပေ။

သောကျောက်သည် ရီဖူရှင်း၏ နောက်မှ လိုက်သွားခဲ့သည်။ သူက ရီဖူရှင်း၏ ဘေး၌ လျှို့ဝှက်စွာ လျှောက်လိုက်လာကာ မေးလိုက်သည်။ “ကောင်းကင်နန်းတော် ပိတ်သွားတာ တကယ် မင်းနဲ့ မဆိုင်ဘူးလား။”

“ကျုပ် ပြောပြီးပြီပဲ။ အရှင်ဒွန်ဟောင်က နိုးထလာပြီး သူ့ရဲ့ ပညာရပ်တွေ ကျုပ်ကို လက်ဆင့်ကမ်းသွားတယ်။ ကောင်းကင်ပြဋ္ဌာန်းချက်အရ ကျုပ်ရဲ့ အဆင့်တက်ခြင်းကို နတ်ဘုရားတွေက လာပြီး ကောင်းချီးပေးကြတယ်။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။

သောကျောက်က် နှုတ်ခမ်းထောင့်များက တွန့်သွားရင်း ပြောလိုက်သည်။ “ဒီမှာ ဘယ်သူမှ မရှိတာတောင် မင်းက အမှန်မပြောပြနိုင်ဘူးလား။”

“ကျုပ်က အမှန်ပြောနေတာပဲ။ ဒါပေမယ့် မင်းက မယုံဘူးလေ။” ရီဖူရှင်းက အသေးစိတ်ပြောရန် စိတ်ကူးမရှိပေ။ သူက လိမ်ညာနေခြင်းမဟုတ်ခဲ့ပေ။

ရီဖူရှင်း၏ အမူအရာကို ကြည့်ပြီး သူက လျစ်လျူရှုခံလိုက်ရသည်ကို သောကျောက် သိလိုက်ရပေသည်။ သောကျောက်သည် ရီဖူရှင်းအား မည်သည့်အခါမှ အပြည့်အဝ နားလည်နိုင်မည် မဟုတ်ပေ။

“မင်းက အတိအကျဘယ်သူလဲ။ ဘယ်ကနေ လာခဲ့တာလဲ။” သောကျောက်က ရေရွတ်လိုက်သည်။ ဤလူက အမှန်တကယ်ပင် ထျန်းဟယ်ဘုံ ထျန်းဟယ်နန်းတော်မှ လာခဲ့ခြင်း ဟုတ်ပါရဲ့လား။

သောကျောက်သည် ရီဖူရှင်း၏ ဇစ်မြစ်က တစ်ခုခု သံသယဖြစ်ဖွယ် ကောင်းနေသည်ဟု မည်သည့်အတွက် ခံစားနေရသနည်း။

သူ၏ ပါရမီအရည်အချင်းက သြချရလောက်အောင် မြင့်မားပေသည်။

ရီဖူရှင်းသည် ရာရာ့ကို ကွေကျန်း ကျင့်ကြံခဲ့သည့် မိုးမခပင်အောက်သို့ ခေါ်ဆောင်သွားခဲ့သည်။ ဤမိုးမခပင်အိုကြီးက သာမန်ဟု ထင်ရသော်လည်း ကွေကျန်းက လမ်းစဥ်ကို နားလည်သဘောပေါက်ပြီး ဤနေရာ၌ ဗုဒ္ဓအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။ သေချာပေါက်ပင် ဤနေရာက တရားထိုင်ရန် အထူးသင့်လျော်ပေသည်။

“ရာရာ သစ်ပင်အောက်မှာ ထိုင်လိုက်။” ရီဖူရှင်းက ပြောလိုက်သည်။

ရာရာက နာခံစွာနှင့် မိုးမခပင်အောက်၌ ထိုင်ချလိုက်ပြီး သူမသည် ခေါင်းကို မော့ကာ ရီဖူရှင်းအား ကြည့်လိုက်၏။

ရီဖူရှင်းသည် ရာရာ၏ ဆန့်ကျင်ဘက်တွင် ထိုင်ကာ ပြောလိုက်သည်။ “နတ်လက်နက်ကို ရတဲ့အချိန်တုန်းက အဲဒါကို ငါ့ရဲ့ စွမ်းအားနဲ့ သန့်စင်ခဲ့တယ်။ အဲဒါကြောင့် မင်း အဲဒါကို ထိန်းချုပ်နိုင်ဖို့ ငါ့ရဲ့ လမ်းညွှန်မှုကို လိုအပ်တယ်။”

ရာရာက ခေါင်းညိတ်လိုက်သည်။ ထို့နောက် ရီဖူရှင်း၏ မျက်ခုံးတန်းကြားမှ တောက်ပသည့် ဓားစွမ်းအားများ လင်းလက်လာပြီး ရာရာ၏ စိတ်အတွင်းသို့ သူ၏ စွမ်းအားများနှင့်အတူ ဝင်ရောက်သွားသည်။

“အဲဒါကို သန့်စင်ဖို့ ငါ မင်းကို ကူပေးမယ်။” အသံတစ်ခုက ရာရာ၏ စိတ်အတွင်း ဝင်ရောက်လာသည်။ ချက်ချင်းပင် သူတို့၏ မျက်ခုံးတန်းကြားမှ နေရာသည် တောက်ပသည့် ဓားအလင်းတို့နှင့် ဆက်သွယ်သွားခဲ့သည်။ မိုးမခသစ်ပင်က ယိမ်းနွဲ့နေကာ အော်မြည်လာသည်။ သဏ္ဌာန်မဲ့ ဓားစွမ်းအားများက သူတို့အနီးတွင် မွေးဖွားလာကာ ရာရာ့ထံ တိုးဝင်သွားပေသည်။.

သောကျောက်၏ ပါးစပ်ထောင့်များက တွန့်ရွဲ့သွားတော့သည်။ ထိုသည်မှာ ကောင်းကင်နန်းတော်မှ ရခဲ့သော နတ်လက်နက်ပစ္စည်း ဖြစ်သည်။ ထိုနတ်လက်နက်တွင် အရှင်ဒွန်ဟောင်၏ စွမ်းအားများပင် ပါဝင်နေနိုင်သည်။ ၎င်းကို ရီဖူရှင်းက ထိုမျှ အလွယ်တကူ ပေးပစ်နေသည်လား။

သူက အဘယ့်ကြောင့် ရီဖူရှင်းကို မကြာခင်ကမှ သိခဲ့ရသနည်း။

သူ့အနေနှင့် ယခုမှ ရီဖူရှင်းအား အနီးကပ် ပေါင်းချင်လျှင် အလွန် နောက်ကျနေခဲ့ပြီလား။

ရီဖူရှင်းသည် ဓားမြို့တော်မှ အခွင့်အရေးကို လီဟန်ဓားသမားအား ပေးခဲ့ကာ ချို့ယွင်းချက်မဲ့ နတ်ဝင်ရိုးဖန်တီးနိုင်ရန် ခွင့်ပြုခဲ့သည်။ ထို့နောက် သူက ယူချင်းကို ရုပ်တုမှ စွမ်းအားများ ဆက်ခံစေခဲ့သည်။ ယခု သူသည် ရာရာ့ကို ကောင်းကင်နန်းတော်မှ နတ်လက်နက်အား ပေးနေခဲ့သည်။ ထို့ပြင် သူက ရှားရှင်းယွန်ကိုလည်း ကံတရားကို ပြောင်းလဲစေနိုင်သော တန်ဖိုးကြီးသည့်  လက်ဆောင်တစ်ခုခု ပေးခဲ့သေးပုံပေါ်သည်။

သူက ထိုအရာအားလုံးကို တွေးမိသည့်အခါ…

သောကျောက်က စိတ်ပိုင်းဖြတ်လိုက်သည်။ ယခုချိန်မှ စကာ ရီဖူရှင်းက သူ၏ သွေးသောက်ညီအစ်ကို ဖြစ်လာတော့မည် ဖြစ်၏။ သူသည် မည်သည့်ကိစ္စဖြစ်ပါစေ ရီဖူရှင်းအား ထားခဲ့တော့မည် မဟုတ်ပေ။ သူက တိုက်ပွဲနတ်ဘုရား ဂုဏ်ဆောင် မျိုးဆက်ဖြစ်သည်။ သူသာ ရီဖူရှင်းကို သူ၏ သွေးသောက်ညီအစ်ကိုအဖြစ် သတ်မှတ်လိုက်လျှင် အနာဂတ်၌ သူတို့၏ အရင်းအမြစ်များအား မျှဝေပေလိမ့်မည်။

တခဏအကြာတွင် ရီဖူရှင်းက မျက်လုံးများကို ဖွင့်လိုက်သည်။ ရာရာ၏ ခန္ဓာကိုယ်က တောက်ပနေသည်။ အဆုံးမဲ့ ဓားစွမ်းအားများ ကျဆင်းလာပြီး သူမကို ဝန်းရံကာ ဓားများသည် ပိုးအိမ်ကဲ့သို့ ဖြစ်တည်လာသည်။

မိုးမခသစ်ပင်သည် ယိမ်းနွဲ့အော်မြည်နေသည်။ လေမတိုက်ပါဘဲ သစ်ရွက်များက ရွေ့လျားနေသည်။ တဖြည်းဖြည်းနှင့် ရီဖူရှင်းနှင့် အခြားသူများသည် မိုးမခပင်မှ လာသော ထူးခြားဆန်းကြယ်သည့် အရှိန်အဝါကို ခံစားမိလာပေသည်။

ဤမိုးမခပင်အိုကြီး၌ အဆုံးမဲ့ စွမ်းအားတို့ ရှိနေသည်ဟု ထင်ရပြီး ရုတ်တရက် ဤကျယ်ပြောသော နေရာတစ်ခွင်တွင် မဟာလမ်းစဥ်မုန်တိုင်း ဖြစ်ပေါ်လာစေခဲ့သည်။ ထိုမုန်တိုင်းသည် ရာရာ့ထံ အရူးအမူး တိုးဝင်သွားခဲ့သည်။

“ဒါက ဘာသစ်ပင်လဲ။” သောကျောက်က အထိတ်တလန့် ရေရွတ်လိုက်သည်။ မိုးမခပင်၏ သေးသွယ်သည့် အကိုင်းအခက်များက ကွေးညွှတ်ကျဆင်းလာကာ ရာရာ၏ ခန္ဓာကိုယ်အား ဖုံးလွှမ်းထားလိုက်သည်။ မဟာလမ်းစဥ်စွမ်းအားများက အဆက်မပြတ် စီးဆင်းနေပြီး အချို့သည် ရာရာ၏ ခန္ဓာကိုယ်အတွင်း ပေါင်းစပ်နေသည်။

ရီဖူရှင်းသည် ပုံရိပ်ယောင်တစ်ခုအား မပီဝိုးတဝါး မြင်တွေ့ရပေသည်။ ထိုအရိပ်မှာ အင်ပါယာ၏ပုံရိပ်ဖြစ်ပေသည်။

“အရင်တုန်းက အရှင်ဒွန်ဟောင် ဒီမှာ ကျင့်ကြံခဲ့တာလား။” ဘေးမှာ ရပ်နေသည့် သောကျောက်က ရီဖူရှင်းကို မေးလိုက်သည်။

“အင်း” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။

မျှော်လင့်ထားသလိုပင် ရာရာသည်လည်း လီဟန်ဓားသမားကဲ့သို့ တူညီသည့် ကံတရားကို ကြုံတွေ့ခဲ့ရပေသည်။

အချိန် ကုန်လွန်သွားသည့်အခါ ရာရာသည် မိုးမခသစ်ပင်နှင့် အဆုံးမဲ့ စွမ်းအားတို့က သူ့ကို လုံးဝ လွှမ်းခြုံထားခဲ့ပေသည်။

တစ်ချိန်တည်းမှာပင် မရေတွက်နိုင်သည့် အလင်းတန်းများက နတ်ဘုရားအမွေအနှစ် နယ်မြေအတွင်း ရုတ်တရက် တောက်ပလာသည်။ အမွေအနှစ်နယ်မြေ၏ ထောင့်တိုင်းတွင် လေဟာနယ်တံခါးများ ပေါ်ပေါက်လာ၏။ လေဟာနယ် နတ်ပစ္စည်းများသုံးကာ နတ်ဘုရားအမွေအနှစ်နယ်မြေနှင့် အပြင်ဘက်လောကကို ဆက်သွယ်ပေးထားသည်။

အရှင်ဒွန်ဟောင်သာလျှင် ထိုသို့သော ဖန်တီးနိုင်စွမ်းကို ပိုင်ဆိုင်ထားနိုင်ပုံရလေသည်။

လူတိုင်းက လေဟာနယ်တံခါးများကို မြင်သည့်အခါ ထွက်ခွာသွားရန် အချိန်ကျပြီးဖြစ်ကြောင်း သိလိုက်ကြသည်။

နတ်ဘုရားအမွေအနှစ် နယ်မြေအတွင်း လူအများသည် ပြင်းပြသည့် စိတ်ဆန္ဒတို့ဖြင့် နောက်ဆုံးမိနစ်အထိ အခွင့်အရေးကို ရှာဖွေရန် ကြိုးစားကြသည်။ သို့သော် အဆုံးတွင် သူတို့သည် လေဟာနယ်တံခါးများကို ဖြတ်သန်းကာ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

တစ်ယောက်ပြီး တစ်ယောက် တန်ခိုးရှင်များ ထွက်ခွာသွားကြသည်။ အရင်ဆုံးထွက်ခွာသွားသူတို့မှယ သူတို့၏ ခရီးစဥ်၌ စိတ်ပျက်စရာ ရလဒ်ကို ရရှိခဲ့သူများ ဖြစ်လေသည်။

“သွားဖို့ အချိန်ကျပြီ။” ရီဖူရှင်းက ရာရာကို ကြည့်ကာ ရေရွတ်လိုက်သည်။ သူတို့က ကျင့်ကြံရန် အချိန်နည်းနည်း ပိုပေးနိုင်လျှင် အကောင်းဆုံး ဖြစ်လိမ့်မည်။ ရာရာက နတ်ဘုရားအမွေအနှစ် နယ်မြေအတွင်း လမ်းစဥ်ဖော်ဆောင်ရန် အခွင့်အရေး ရရှိပေလိမ့်မည်။ သို့သော် ကြည့်ရသည်မှာအခု အလွန် နောက်ကျနေပုံရ၏။

ဓားစွမ်းအားများက ပျက်ပြယ်လာသည်။ ရာရာ၏ ပုံရိပ်က ပိုးအိမ်ကဲ့သို့ ဓားများကြားမှ ထွက်ပေါ်လာ၏။ သူမ ထုတ်လွှတ်နေသည့် ဓားစွမ်းအားများက ထက်ရှကာ ပြင်းထန်ပေသည်။ သူမက ရီဖူရှင်းကို ကြည့်လိုက်သည်။

ရာရာ၏ အကြည့်များမှ ရီဖူရှင်း သိလိုက်သည်မှာ သူမက လမ်းသဥ်ကို မဖော်ဆောင်နိုင်သေးသော်လည်း ထိုသို့လုပ်ဆောင်ရန် သိပ်မဝေးကွာတော့ကြောင်းပင် ဖြစ်၏။

“သွားကြမယ်။” ရီဖူရှင်းက ပြောလိုက်သည်။ ထို့နောက် သူ့နောက်မှ လိုက်ပါလာသူတို့ ကောင်းကင်သို့ ပျံသန်းသွားကြလေသည်။

သောကျောက်သည်လည်း အထက်သို့ ခြေလှမ်းလိုက်သည်။ သူက လေထဲသို့ ခြေချလိုက်ပြီးနောက် အောက်သို့ ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူက ပြန်လှည့်ကြည့်ပြီး မိုးမခပင်သို့ လျှောက်လာခဲ့သည်။ သူက မိုးမခပင်အား သူ၏ လက်နှစ်ဖက်နှင့် သိုင်းဖက်လိုက်သည်။ သူ၏ လက်များက ပင်စည် အစိတ်အပိုင်း အနည်းငယ်သာ ဖက်မိပေသည်။ မရည်ရွယ်ဘဲနှင့် သူက ခွန်အားထုတ်သုံးလိုက်ပေသည်။

ပြင်းထန်လှသည့် တုန်ခါသံ ထွက်ပေါ်လာခဲ့သည်။ မိုးမခပင်သည် အန္တရာယ်ကို ခံစားမိသကဲ့သို့ လှုပ်ခါလာသည်။

သို့သော် သောကျောက်က မည်သည့်ဂရုဏာမှ မထားချေ။ သူ၏ ခန္ဓာကိုယ်က နတ်အလင်းများ တောက်ပလာပြီး သူက တိုက်ပွဲနတ်ဘုရား၏ စွမ်းအားကို အသက်သွင်းလိုက်ကာ မိုးမခပင်ကို မြေပြင်မှ ဆွဲနှုတ်လိုက်သည်။

လေထဲမှ ရီဖူရှင်းသည် ပြူးကျယ်နေသော မျက်လုံးများဖြင့် ကြီးမားသော မိုးမခပင်အား အမြစ်မှ နှုတ်ကာ လေထဲသို့ သယ်လာသည့် သောကျောက်ကို ကြည့်လိုက်ပေသည်။

“အထင်ကြီးစရာပဲ။ အထင်ကြီးစရာပဲ။..” ရီဖူရှင်းက သောကျောက်ကို လေးစားစွာကြည့်လိုက်ပေသည်။ တိုက်ပွဲနတ်ဘုရား၏ ဂုဏ်ဆောင်မျိုးဆက်မှာ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်လေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset