အခန်း (၁၈၅) ကျန်းလန်ကိုအရှက်ခွဲခွင့်မရှိဘူး
ထိုစကားများကိုကြားသည်နှင့် သူမရှေ့မှ အနက်ရောင်ဝတ်လူမှာ သေချာပေါက် တစ်ခုခုမှားယွင်းနေကြောင်း လုန်ယွိ သိရှိလိုက်သည်။
သို့သော် ထိုသူကို တိုက်ခိုက်ရန် အကြောင်းပြချက် ရှာမတွေ့သေးပေ။
တစ်ဖက်လူက သူမကို စွပေးသည့်စကားများပြောနေသည့်တိုင် သူမက အကြောင်းမရှိဘဲ မတိုက်ခိုက်နိုင်ပေ။
သို့ရာတွင် သူမ၏လက်ထပ်ပွဲကိစ္စ ဝေဖန်ခံလိုက်ရသောကြောင့် လုန်ယွိ မျက်မှောင်များကြုတ်လိုက်မိသည်။
“ရှင်က ဘာကိုပြောဖို့ ကြိုးစားနေတာလဲ…”
သူမ၏အသံက အေးစက်လျှက် ရှိသည်။
သူမက အစကတည်းက အေးစက်စက်ပင် စကားပြောတတ်သူဖြစ်သည့်တိုင် ယခုတော့ ခါတိုင်းထက်ပိုပြီး အေးစက်လျှက် ရှိသည်။
“ဂိုဏ်းအစ်မများ မင်္ဂလာကိစ္စနဲ့ပတ်သက်ပြီး အရမ်းမကျေမနပ်ဖြစ်နေသလား ကျုပ်က သိချင်တာပါ… ၊ တကယ်တော့ ဂိုဏ်းတူအစ်မသာ ဆန္ဒမရှိဘူးဆိုရင် ဒီမင်္ဂလာကိစ္စကို နောက်ပြန်လှည့်လို့ရပါတယ်…”
အနက်ရောင်ဝတ်လူက လုန်ယွိကို အကဲခတ်ရင်း ဆက်ပြောသည်။
“အနည်းဆုံးတော့ လက်ထပ်မယ့်သူကို အရည်အချင်းရှိတဲ့သူတစ်ယောက်ယောက်နဲ့ ပြောင်းလိုက်လို့ရတာပေါ့… ၊ ဂိုဏ်းတူအစ်မက ကျောက်စိမ်းရေကန်နတ်ဘုရားမဆိုတာ လူတိုင်းသိတာပဲလေ…”
သူက နားပြီးမှ ဆက်ပြောသည်။
“ခွန်လွန်တောင်အတွက် မင်းရဲ့ အရေးပါမှုက သိသာထင်ရှားလွန်းတယ်… ၊ ဒီတော့ နဝမတောင်ထွတ်က တပည့်ကို ယူမယ့်အစား ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်မယ်လို့ ခြိမ်းခြောက်ကြည့်လိုက်စမ်း… ၊ မင်းကို ဘယ်သူမှ ကျန်းလန်နဲ့ လက်ထပ်ခိုင်းမှာ မဟုတ်တော့ဘူး… ၊ မင်းရဲ့အဆင့်အတန်းက အရမ်းမြင့်မားတော့ ခွန်လွန်တောင်က မင်းကို သေခွင့်ပြုမှာတော့ မဟုတ်ဘူး…”
ယွိမော်က လုန်ယွိကို ပြုံးပြီးကြည့်လိုက်ရင်း ဆက်ပြောသည်။
“နဝမတောင်ထွတ်က ကျန်းလန်အကြောင်း ဂိုဏ်းတူအစ်မလည်း အများကြီး ကြားထားပြီးသား ဖြစ်မှာပါ… ၊ ဒီကောင်က သူ့ကို စော်ကားမော်ကား ပြောဆိုနေရင်တောင် ဘာမှ ပြန်မလုပ်ရဲတဲ့ကောင်လေ… ၊ နဝမတောင်ထွတ်မှာ တစ်ချိန်လုံး ပုန်းနေပြီး ဆင်းတောင်မလာရဲဘူး မဟုတ်လား…”
“သူက စိတ်စွမ်းအားကောင်းတယ်ဆိုပေမယ့် သေမှာကြောက်ပြီး သူရဲဘောကြောင်တဲ့ လူတစ်ယောက်ပဲ… ၊ ပြီးတော့ တခြားသူတွေ သူ့ကို ကဲ့ရဲ့လှောင်ပြောင်တာကို အရေးမစိုက်သလို လုပ်နေတာက သူ့ဒေါသကိုတောင် ထုတ်မပြရဲလို့ မျိုသိပ်နေရတာ မဟုတ်လား…”
ယွိမော် စကားဆုံးသွားသည်နှင့် လုန်ယွိက…
“ပြောလို့ပြီးပြီလား…”
ယခုတစ်ကြိမ်တော့ သူမအသံက အေးစက်ခြင်း မရှိတော့ပေ။ ပုံမှန်လေသံဖြင့်သာ ပြောလိုက်ခြင်း ဖြစ်သည်။
ယွိမော်က လုန်ယွိ လေသံပြောင်းသွားသည်ကို အရေးမစိုက်ဘဲ စကားဆက်ပြောသည်။
“ဂိုဏ်းတူအစ်မ… မင်း ဘာလို့ ဒါတွေကို လက်မခံရတာလဲ… ၊ လက်ထပ်တယ်ဆိုတာ ဘဝတစ်ခုလုံးအတွက် အရေးကြီးတယ်နော်… ၊ မင်းက နဂါးမင်းသမီးတစ်ပါးလည်းဖြစ်သလို ကျောက်စိမ်းရေကန်နတ်ဘုရားမလည်း ဖြစ်တယ်… ၊ တကယ်ဆိုရင် မင်းက တောက်ပနေတဲ့ ကြယ်ပွင့်တစ်ပွင့်ပဲ… ၊ ဒါပေမဲ့ ကျန်းလန်ကတော့ နဝမတောင်ထွတ်က ပိုးစုန်းကြူးတစ်ကောင်ပဲ…”
ယွိမော်က ဆက်လက်ပြောဆိုပြန်သည်။
“ဂိုဏ်းတူအစ်မနဲ့ယှဉ်ရင် ကျန်းလန်က အမှိုက်တစ်စပဲ… ၊ ဆိုတော့ ဂိုဏ်းတူအစ်မ အနာဂတ်အတွက် စဉ်းစားပါ… ၊ မင်း အင်မော်တယ်ဖြစ်လာတဲ့အချိန်မှာ မင်းရဲ့ အမျိုးသားက မရှိမှုအာကာသအဆင့်ပဲ ရှိနေဦးမှာနော်…”
“ဒီလိုလူမျိုးက ဂိုဏ်းတူအစ်မနဲ့ တန်ပါရဲ့လား… ၊ ပြီးတော့ နဝမတောင်ထွတ်က ကျန်းလန်က အဆင့်ရှိတဲ့သူလည်း မဟုတ်ဘူး… ၊ ဂိုဏ်းတူအစ်မနဲ့ဆိုရင် အဆင့်အတန်းက မိုးနဲ့မြေလို ကွာခြားတယ်… ၊ ဂိုဏ်းတူအစ်မက သူ့အပေါ် စေတနာထားတယ်ဆိုရင် သူနဲ့လက်ထပ်ဖို့ မသင့်တော်ဘူး…”
ယွိမော်က လုန်ယွိကို အကဲခတ်လိုက်ပြန်ရင်း…
“ကျုပ်ပြောတာ မဟုတ်ဘူးလား ဂိုဏ်းတူအစ်မရယ်… ၊ မင်းတို့ လက်ထပ်မယ်ဆိုရင် သူ့ကိုရော မင်းကိုယ်တိုင်ပါ နာကျင်စေလိမ့်မယ်… ၊ ပါရမီရှင်တစ်ယောက်နဲ့ အမှိုက်ကောင်ဆိုတာ တူတာဘာမှ မရှိဘူး… ၊ နဂါးမင်းသမီးတစ်ပါးအနေနဲ့ မင်းက မြင့်မြတ်တဲ့မျိုးနွယ်က ဆင်းသက်လာသူပါ… ၊ ဒါကို အသုံးမကျတဲ့ကောင်နဲ့ ဘဝတစ်လျှောက်လုံး အိပ်မလို့လား… ၊ ဟက်… ဒါ အရမ်းကို ရယ်စရာကောင်းတဲ့ကိစ္စပဲ… ၊ မင်းထင်တာက…”
“ချွင်…”
ယွိမော်စကားမဆုံးခင် ဓားရောင်တစ်ချက်လင်းလက်သွားပြီး ဓားသွားက ယွိမော်၏ခန္ဓာကိုယ်ထက်သို့ ကျရောက်လာသည်ကို တွေ့လိုက်ရသည်။
“ဝှစ်…”
ယွိမော်၏ လက်တစ်ဖက် ပြတ်တောက်ကာ လွင့်စင်ထွက်သွားပြီး နောက်ထပ်ဓားရောင်တစ်ချက် ထပ်မံလင်းလက်လာပြန်သည်။
“ဟူး…”
နောက်ထပ်လက်တစ်ဖက် ပြတ်တောက်သွားပြန်လေ၏။
ထို့နောက် ဓားရောင်က ယွိမော်၏မျက်နှာထက်ကျရောက်သွားပြီး ခုတ်ဖြတ်လိုက်လေရာ မျက်နှာအရိုးများပင် ငေါထွက်လာသည်ကို တွေ့မြင်လိုက်ရသည်။
ထို့နောက် လုန်ယွိက ဓားကိုဝှေ့ရမ်းရင်း နောက်သို့ ခုန်ဆုတ်လိုက်သည်။
မရေမတွက်မတိုင်နိုင်သည့် ဓားရောင်များ လင်းလက်သွားပြီးနောက် ဓားရောင်က ပြန်လည် ပျောက်ကွယ်သွားသည်။
“ဖူး…”
ဓားချက်ပေါင်းများစွာက ယွိမော်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီး သွေးများ ပန်းထွက်လာသည်။
“အား…”
ယွိမော် မြေပြင်ထက် ဒူးထောက်ကျသွားသည်။
သူက ဒေါသအပြည့် မျက်ဝန်းများဖြင့် လုန်ယွိကို ကြည့်လိုက်သည်။
“ဂိုဏ်းတူအစ်မ… မင်းက ခွန်လွန်တပည့်တစ်ယောက်ကို သတ်ရဲသလား…”
“ရှင်ပြောတော့ ကျွန်မက ကျောက်စိမ်းရေကန် နတ်ဘုရားမဆို… ၊ ကျွန်မက အရမ်းအဆင့်အတန်းမြင့်တယ်ဆို… ၊ ဒီတော့ ရှင့်ကို သတ်တော့ရော ဘာဖြစ်သေးလဲ…”
လုန်ယွိ၏ အေးစက်သည့်အသံက ပဲ့တင်ထပ်ကာ ထွက်ပေါ်လာသည်။
“မင်း… ဟားဟား… ကျောက်စိမ်းရေကန်နတ်ဘုရားမက တကယ့်ကို အထင်ကြီးစရာကောင်းပါပေတယ်…”
ယွိမော်က ခါးသက်စွာဖြင့် ပြောလိုက်သည်။
“ကျောက်စိမ်းရေကန်နတ်ဘုရားမ သိပါသလား… ၊ ကျုပ်နဲ့အတူ အဖော်တွေပါလာသေးတယ်… ၊ သူတို့တွေ ဒီနေရာကို မကြာခင် ရောက်လာကြလိမ့်မယ်… ၊ အဲဒီအချိန်ကျ ကျောက်စိမ်းရေကန်နတ်ဘုရားမက ဂိုဏ်းတူမောင်နှမအချင်းချင်း သတ်ဖြတ်တယ်ဆိုတဲ့သတင်း ပျံ့နှံ့သွားလိမ့်မယ်… ၊ အဲဒီလိုသာဆိုရင် ခွန်တောင်ရဲ့ အဓိကတောင်ထွတ်ကြီး (၉)ခုက တောင်သခင်တွေက မင်းကို ခွင့်လွှတ်မယ်ထင်သလား…”
လုန်ယွိက…
“ရှင်ပဲပြောခဲ့တယ် မဟုတ်ဘူးလား… ၊ ကျွန်မက ကျောက်စိမ်းရေကန်နတ်ဘုရားမလည်းဖြစ်သလို နဂါးမင်းသမီးတစ်ပါးလည်း ဖြစ်တယ်… ၊ ကျွန်မရဲ့ တည်ရှိမှုက ကျောက်စိမ်းရေကန်အတွက် အရမ်းအရေးပါတယ်… ၊ ဆိုတော့… ကျွန်မက သစ္စာဖောက်တစ်ယောက်ကိုသတ်တာ ဘာဖြစ်မှာတဲ့လဲ… ၊ ရှင့်အဖော်တွေ ရောက်လာလည်း ဒီကိစ္စကို လက်ခံကြရုံပဲပေါ့လေ…”
လုန်ယွိ၏ မျက်ဝန်းများထဲတွင် မည်သည့်ခံစားချက်မှ မတွေ့မြင်ရပေ။
“ဟားဟား… တွားသွားကောင်တွေက တကယ့်ကို သွေးအေးတာပဲ…”
ပြီးမှ ယွိမော်က ဆက်ပြောသည်။
“မင်းက နဂါးမျိုးနွယ်တွေဘက်က အသုံးချခံ နယ်ရုပ်အဆင့်ထက် မပိုပါဘူး…”
ထိုသူက သစ္စာဖောက်တစ်ယောက်ဖြစ်သည့်တိုင် ထိုသူကို တိုက်ခိုက်ရန် အကြောင်းပြချက် ရှာမတွေ့နိုင်ခဲ့ပေ။
သို့သော် ထိုသူကို သတ်ဖြတ်ရန်မှာ အကြောင်းပြချက်မလိုအပ်ကြောင်း လုန်ယွိ နားလည်လိုက်သည်။
“ဟားဟားဟား… ကြည့်ရတာ မင်းက အစောကြီးကတည်းက သတိထားမိနေတဲ့ပုံပဲ… ၊ ဒါပေမဲ့ အခုတစ်ကြိမ် ကျုပ်တို့ ဘာတွေကြံစည်နေလဲဆိုတာ ခန့်မှန်းကြည့်လိုက်စမ်း…”
ပြောရင်းဖြင့် ယွိမော် မတ်တတ်ထရပ်လိုက်သည်။
သူ့ခန္ဓာကိုယ်မှ ထွက်နေသည့်သွေးများ ချက်ချင်းရပ်တန့်သွားပြီး သစ်သားရုပ်တစ်ရုပ်က သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်။
ယွိမော်ကို ထိန်းချုပ်ထားသူက သစ်သားရုပ်ကို ဝင်ပူးလိုက်ခြင်း ဖြစ်လေသည်။
ထိုအချိန်မှာပင် ဓားရောင်တစ်ချက် ထွက်ပေါ်လာပြီး သစ်သားရုပ်ကို နှစ်ပိုင်းပိုင်းပစ်လိုက်သည်။
ထိုခဏတွင် ယွိမော်၏ အသက်ဓာတ်စွမ်းအားများ တဖြည်းဖြည်း စတင်ပျောက်ကွယ်သွားသည်။
“အဟက်ဟက်… မင်းက အစိုးရိမ်လွန်နေတာပဲ… ၊ တကယ်တော့ ကျုပ်က မူလဝိညာဉ်အဆင့်ပဲ ရှိသေးတဲ့ ကျင့်ကြံသူတစ်ယောက်ပါ… ၊ ကျုပ်လိုလူတစ်ယောက်က မင်းကို ဒုက္ခပေးမှာကို စိတ်ပူနေတာလား…”
ယွိမော်၏အသံက မြည်ဟည်းထွက်ပေါ်လာသည်။
လုန်ယွိ ထိုစကားများကို အရေးမစိုက်ဘဲ ယွိမော်ကို သတ်ပစ်ချင်စိတ်များသာ ဖုံးလွှမ်းနေသည်။
ယွိမော်က အခြားသူတစ်ယောက် ဝင်ပူးခံထားရသည့် လူသားရုပ်သေးတစ်ရုပ်မျှသာဖြစ်ကြောင်း အစပိုင်းတွင် သူမ သိရှိခဲ့ခြင်း မရှိပေ။
ယခု တိုက်ခိုက်မှုပြုလုပ်လိုက်တော့မှ သိရှိလိုက်ခြင်း ဖြစ်သည်။ မဟုတ်ပါက အစကတည်းက သူမ ထိုသူကို သတ်ဖြတ်ပစ်မည် ဖြစ်သည်။
လုန်ယွိက လက်တစ်ဖက်ကို အသာမြှောက်လိုက်သည်။ သူမ၏ လက်ချောင်းများဆီမှ လျှပ်စီးအလင်းရောင်များ ထွက်ပေါ်လာလေသည်။
လုန်ယွိက…
“ကျွန်မ ရှင့်ကို ပြောစရာရှိတယ်…”
ယွိမော်က သိချင်ဟန်ဖြင့်…
“ဘာများလဲ…”
လုန်ယွိက…
“ကျန်းလန်က ကျွန်မနဲ့ စေ့စပ်ထားတဲ့သူပဲ… ၊ ရှင့်အနေနဲ့ သူ့ကို နှိမ့်ချပြောဆို အရှက်ခွဲခွင့် မရှိဘူး…”
စကားသံအဆုံးသတ်သွားသည်နှင့် သူမလက်ချောင်းထိပ်မှ လျှပ်စီးများတောက်ပလာပြီး နှစ်ခြမ်းကွဲနေသည့် သစ်သားရုပ်ကြီးထံဝင်ပူးထားသည့် ယွိမော်ထံသို့ ဒီရေလှိုင်းများပမာ ဝင်ရောက်သွားလေတော့သည်။
အဖျက်စွမ်းအားများက သစ်သားရုပ်ကို ကွဲကြေသွားစေပြီး ရန်သူ၏ ခန္ဓာကိုယ်ကို နစ်မြုပ်သွားစေသည်။
ယွိမော်က လုန်ယွိ၏ တိုက်ခိုက်မှုကြောင့် အံ့အားသင့်သွားဟန်ဖြင့်…
“နဂါးတွေက မာနကြီးလွန်းတယ်… ၊ ကြည့်ရတာ ကျုပ်စကားတွေက အနာပေါ်တုတ်ကျသွားလို့ မင်း ကျုပ်ကို တိုက်ခိုက်တာ မဟုတ်လား… ၊ မင်းနဲ့ စေ့စပ်ထားသူရဲ့ မကောင်းကြောင်းတွေကို ပြောလိုက်မိပြီး နဂါးမင်းသမီးလေးရဲ့ မာနကို ထိခိုက်စေခဲ့မိပြီထင်တယ်… ၊ ဒါမှမဟုတ် မင်း သူနဲ့တွဲတာများသွားလို့ သူ့ကိုများ ချစ်မိသွားပြီလား…”
ခဏတိတ်ဆိတ်သွားပြီးမှ ယွိမော်၏ အသံက ထပ်မံထွက်ပေါ်လာသည်။
“ဘာပဲဖြစ်ဖြစ် ကျန်းလန်ရဲ့ အသုံးမကျမှုက မင်းတို့ရဲ့ မျိုးဆက်တွေမှာပါ ထင်ကျန်သွားမှာပဲ… ၊ မင်း အဲဒီကောင်နဲ့အချိန်ကြာကြာတွဲဖြစ်လေ အဲဒီကောင် အသုံးမကျတာကို ပိုပြီးနားလည်လာလေ ဖြစ်မှာပါ…”
ထို့နောက် သူက လုန်ယွိ၏ လျှပ်စီးတန်ခိုးစွမ်းအားများကို ကြည့်လိုက်ပြီး ပျက်စီးခြင်းတရားကို တည်တည်ငြိမ်ငြိမ်လက်ခံဟန်ဖြင့် ငြိမ်သက်သွားသည်။
ထို လူသားရုပ်သေးကို နောက်ကွယ်မှ ထိန်းချုပ်နေသည့် အဓိက တရားခံက ရှိနေသေးသည်။ ထိုသူကို မည်သူ ရှာဖွေနိုင်ပါမည်နည်း။
ယွိမော်က သူ သေချာပေါက် ဖျက်စီးခံရတော့မည်ဟု တွေးနေစဉ်မှာပင် ကြီးမားသည့် လက်တစ်ဖက်ထွက်ပေါ်လာပြီး လျှပ်စီးတန်ခိုးစွမ်းအားများကို ဖယ်ရှားပစ်လိုက်သည်။
ထို့နောက် ယွိမော်နံဘေးတွင် မျက်နှာကို မြူခိုးများဖုံးလွှမ်းနေပြီး သေသေချာချာ မတွေ့မြင်ရသည့် လူတစ်ယောက် ထွက်ပေါ်လာသည်။
ထိုသူက ယွိမော်၏ခေါင်းကို လက်ဖြင့်ဆုပ်ကိုင်လိုက်ရင်း…
“လက်စသတ်တော့ မင်းကလည်း နောက်ကွယ်က ထိန်းချုပ်တဲ့သူ မဟုတ်ဘူးပဲ… ၊ ထိန်းချုပ်ခံထားရတဲ့သူ တစ်ယောက်အဆင့်ပဲရှိတယ်… ၊ ဒါပေမဲ့ မင်းကနေတစ်ဆင့်ဆိုရင်တော့ နောက်ကွယ်ကလူကို ရှာနိုင်မှာပဲ… ၊ ကဲ… တစ်ချက်လောက် ကြည့်ရအောင်…”
ခဏကြာပြီးသည့်နောက် ထိုသူက ရယ်မောလိုက်ရင်း…
“ဟဲဟဲ… ကျုပ်မင်းကို တွေ့ပြီ…”
မျက်နှာကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရခြင်း မရှိသည့် ထိုလူသားသည် သူတို့ကို နောက်ကွယ်မှ ထိန်းချုပ်နေသူကို ခြေရာခံနိုင်သွားပြီဖြစ်ကြောင်း ယွိမော် သဘောပေါက်လိုက်သည်။
“မဟုတ်ဘူး… ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…”
ယွိမော် ပါးစပ်ဟပြီး စကားပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ကြီးမားပြင်းထန်သည့် စွမ်းအားကြီးတစ်ခုက သူ့ထံသို့ ဝင်ရောက်လာသည်။
“ဘန်း…”
သူ တစ်စစီကွဲကြေပျက်စီးသွားတော့မည်ဟု ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်မှ သွေးမှုံများ လေထဲတွင်ပျံ့နှံ့သွားသည်။
ယွိမော်၏ ခန္ဓာကိုယ် အပေါ်ပိုင်းတစ်ခုလုံးကို ကျန်းလန်က ခွဲချေပစ်လိုက်သည်။
ဟုတ်ပေ၏။ သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို အသုံးပြုကာ ကျန်းလန် ရောက်ရှိလာခြင်း ဖြစ်သည်။
သူက လူသားရုပ်သေးများကို နောက်ကွယ်မှ ထိန်းချုပ်နေသူကို ခြေရာခံရင်း နောက်ကွယ်မှလူဆီသို့ မရောက်ဘဲ နောက်ထပ် လူသားရုပ်သေးတစ်ခုထံ ရောက်ရှိလာခြင်း ဖြစ်သည်။
ထိုလူသားရုပ်သေးက လုန်ယွိနှင့် တိုက်ခိုက်နေသည်ကို တွေ့ခဲ့ရခြင်း ဖြစ်သည်။
ကျန်းလန် လုန်ယွိ ပြောလိုက်သည့် နောက်ဆုံးစကားတစ်ခွန်းကို ကြားလိုက်ရလေသည်။
သူက ယွိမော်ကို သတ်ဖြတ်ပြီးသည်နှင့် သတိလက်လွတ်ဖြင့်ပင် လုန်ယွိကို လှမ်းကြည့်လိုက်မိသည်။
သတ်ဖြတ်လိုသည့်အငွေ့အသက်များပြည့်ပြည့်နေသည့် ကျန်းလန်က ရုတ်တရက် ကြည့်လာသည့်အခါ လုန်ယွိရင်ထဲ တင်းကျပ်စွာ ခံစားလာရပြီး နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်မိသည်။
သူမ ကြောက်ရွံ့လာသည့်အတွက် ထိုသို့ ပြုလုပ်လိုက်မိခြင်း ဖြစ်သည်။
ထိုသူက အလွန်အမင်း စွမ်းအားကြီးမားပြီး လူတစ်ယောက်ကို မျက်တောင်တစ်ချက်မခတ်ဘဲ သတ်ဖြတ်ပစ်နိုင်စွမ်း ရှိသည်။
ထိုသူကို လုန်ယွိ မှတ်မိလေသည်။
တတိယတောင်ထွတ်တွင် သူမ အန္တရယ်ရင်ဆိုင်နေရချိန် ထွက်ပေါ်လာဖူးသည့်ပုဂ္ဂိုလ်ဖြစ်၏။ ထိုသူသာ သူမကို သတ်ဖြတ်လိုလျှင် သူမ သေချာပေါက် အသက်ပျောက်ရမည် ဖြစ်သည်။
သူမက မရှိမှုအာကာသအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည့်တိုင် ထိုသူ့ရှေ့တွင်တော့ တစ်ချက်ပင် မလှုပ်ရဲအောင် ကြောက်ရွံ့နေမိသည်။
ကျန်းလန်က လုန်ယွိကို ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။
လုန်ယွိပုံစံက အေးစက်သယောင်ဖြစ်သော်လည်း အလွန်တရာချောမောလှပသည်ကတော့ ငြင်း၍မရနိုင်ပေ။
သူမပုံစံက အမှန်တကယ်ပင် အရွယ်ရောက်ပြီးသူတစ်ယောက်ပမာ ဖြစ်သည်။ သူမ၏အလှတရားကလည်း အပြစ်ဆိုစရာမရှိအောင် ပြီးပြည့်စုံလွန်းသည့် အလှတရား ဖြစ်သည်။
သူမ၏သွယ်လျသည့်ခန္ဓာကိုယ်လေးက ကျက်သရေရှိလွန်းလှပြီး မျက်နှာလေးက သူမတူအောင် ပြိုင်ဘက်ကင်းစွာ လှပလေသည်။
ကျန်းလန်က လုန်ယွိကိုအကဲခတ်လိုက်ပြီး သူမ ဒဏ်ရာရထားခြင်း မရှိသည်မှာ သေချာတော့မှ အဝေးသို့ ပျံသန်းထွက်ခွာသွားသည်။ သူက ယွိမော်ကို ထိန်းချုပ်နေသူ ရှိရာနေရာသို့ သွားရောက်ရပေမည်။
ရန်သူက သူထိန်းချုပ်ထားသည့် လူသားရုပ်သေးများအားလုံး သေဆုံးသွာပြီကို သိရှိပေလိမ့်မည်။ ထို့ကြောင့် ကျန်းလန်သာ အနည်းငယ်နောက်ကျသွားပါက ရန်သူ ထွက်ပြေးသွားနိုင်သည် မဟုတ်ပါလား။
လူထူးလူဆန်းထွက်ခွာသွားတော့မှ လုန်ယွိလည်း စိတ်သက်သာရာရသွားလေသည်။
ထိုသူက အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။ သူက ရန်သူများကို သွေးမှုံများဖြစ်သည်အထိ ထုနှက်ရသည်ကို သဘောကျသူ ဖြစ်သည်။
ထိုသူက ထူးဆန်းလွန်းပြီး ပုံပန်းသဏ္ဍန်ကိုလည်း ရှင်းရှင်းလင်းလင်း တွေ့မြင်ရခြင်း မရှိပေ။ သူမက ဂိုဏ်းထဲမှ အကြီးအကဲများကို မေးကြည့်သည့်တိုင် ထိုသူ၏တည်ရှိမှုကို မည်သူမှ မသိရှိကြပေ။
“ဂိုဏ်းတူမောင်လေးကျန်းလန် အဆင်ပြေရဲ့လားမသိဘူး… ၊ တစ်ချက်လောက်သွားကြည့်ရမယ်…”
လုန်ယွိ တွေးလိုက်သည်။
ရန်သူတစ်ယောက်က သူမကို လာရှာသည်ဆိုလျှင် ကျန်းလန်ရှိရာသို့လည်း သေချာပေါက် သွားရောက်ပေလိမ့်မည်။