Switch Mode

အခန်း ( ၅၄၈ )

ရှူးတိုးတိုး...ငါထွက်သွားပေးပါ့မယ်ကွာ

ပိုင်ရှောင်ချန်းမှာ သူ၏ခေါင်းကိုနောက်သို့ ဆတ်ခနဲလှည့်လိုက်တော့သည်။ သို့သော် သူ၏နောက်ကျောတွင် တစ်စုံတစ်ရာမျှ ကပ်နေသည်ကို မမြင်မိပေ။ သူက လက်နှင့်ပင် လိုက်စမ်းကြည့်လိုက်ပြီး မည်သည့်အရာမှ မရှိကြောင်း သေချာသွားသောအခါတွင်သာ စိတ်သက်သာရာရသွားသည့်အလား သက်ပြင်းချလိုက်တော့သည်။

” ဟုတ်ပြီ အဆင်ပြေတယ်။ ငါ့နောက်ကျောပေါ်မှာ ဘာမှမရှိဘူး။ ”
သို့သော်ငြားလည်း သူသည် ထိုအခြေအနေကြီးတစ်ခုလုံးကြောင့် အလွန်စိုးရိမ်နေဆဲပင်။ စောစောက ဝိညာဥ်ကျင့်ကြံသူမှာ သူကြုံဖူးခဲ့သမျှလူများထဲတွင် အသိစိတ်ရှိနေသေးသည့် ပထမဆုံးလူဖြစ်သည်။ သို့သော်လည်း သူ၏နောက်ကျောတွင် စက္ကူလူသားတစ်ယောက်ကပ်နေသည့်အချက်ကြောင့် ပိုင်ရှောင်ချန်းမှာ နားမလည်နိုင်လောက်အောင် ဖြစ်နေရသည်။

ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက် သူက မည်သို့ဆက်လုပ်ရမည်မှန်း မသိတော့ချေ။ အဆုံးတွင် သူက အံကြိတ်ကာ အရပ်မျက်နှာအသစ်တစ်ခုကိုရွေး၍ လျှောက်သွားတော့သည်။

ဤနေရာတစ်ဝိုက်တွင် ကျင့်ကြံသူများ စုဝေးနေသည့်အလား သူက တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်ကြုံတွေ့နေတော့သည်။ ဤအကြောင်းကြောင့် ယခင်က အခြားနေရာများတွင် သူတစ်စုံတစ်ယောက်မှ မတွေ့ခဲ့ရခြင်းဖြစ်မည်။ သို့သော် သူကြုံတွေ့သမျှ လူတိုင်းမှာ အသက်မဲ့နေသည့်အမူအရာများနှင့်ဖြစ်ပြီး သူတို့၏နောက်ကျောတွင် စက္ကူလူသားတစ်ယောက် အမြဲတမ်းရှိနေသည်။

အသိစိတ်အနည်းငယ် ရှိသေးသည့်လူများကမူ လှိုဏ်ခေါင်းများထဲတွင် ကတိုက်ကရိုက် ပြေးလွှားနေကြပြီး အင်္ကျီများပင်ချွတ်ကာ နောက်ကျောများကို စမ်းနေကြသည်။ အချို့ဆိုလျှင် အင်္ကျီများကို ဆုတ်ဖြဲပစ်နေသည်။ သို့သော် စက္ကူလူသားများက သူတို့အား ကပ်နေသည်ကိုမူ မည်သူကမှ မတားဆီးနိုင်ကြပေ။

ဖြစ်ပျက်နေသည့် အရာများကြောင့် ပိုင်ရှောင်ချန်းမှာ သူ၏အရိပ်ကို မြင်လျှင်ပင် ထခုန်နေရပြီး သူ၏နောက်ကျောကိုလည်း ခဏခဏ လှည့်ကြည့်နေသည်။ တစ်ခါတရံ မြေကြီးပေါ်တွင် မှော်အမှတ်အသားများကို တွေ့ရတတ်ပြီး ထိုအမှတ်အသားများအပေါ်တွင် စက္ကူလူသားများမှာ လဲလျောင်း၍ စွမ်းအင်များစုပ်ယူနေကြသည်။

ပိုင်ရှောင်ချန်းမှာ တဖြည်းဖြည်းနှင့် ထိန်းမရအောင် ကြောက်လန့်လာပြီဖြစ်ပြီး ပြေးလွှားနေသည့်အရှိန်ကိုပင် တင်လိုက်သေးသည်။ သူက စက္ကူလူသားများ ရှိသည့်နေရာများကို ရှောင်ကွင်း၍သွားနေရင်း ကျင့်ကြံသူများနှင့် ကြုံသည့်အရေအတွက်မှာ နည်းလာသည်ကို သတိထားမိလိုက်သည်။ သို့သော် မည်သည့်အကြောင်းကြောင့်တော့မသိပေ။ အရာရာတိုင်းမှာ ပို၍ကြောက်မက်ဖွယ်ကောင်းလာပြီး ပို၍အေးစက်လာကြလေရာ သူ့ခန္ဓာကိုယ်မှ ကြက်သီးမွေးညင်းများ ထလာသည်။ အဆုံးတွင် သူသည် ရပ်လိုက်ပြီး ဦးတည်ရာပြောင်းလိုက်တော့သည်။

သို့သော် နောက်တစ်နေ့တွင် ပိုင်ရှောင်ချန်း သတိထားမိလိုက်သည်မှာ သူမည်သည့် အရပ်မျက်နှာသို့ သွားသည်ဖြစ်ပါစေ ကြောက်မက်ဖွယ်အအေးဓာတ်ကြီးမှာ ပို၍စွမ်းအားကြီးမားလာသည်ဆိုသော အချက်ဖြစ်သည်။

” ငါ့နောက်ကို လိုက်မလာနဲ့ ”
သူက မျက်ရည်စက်လက်ဖြင့် တတွတ်တွတ်ရွတ်နေတော့သည်။ စိုးရိမ်မှုများကြီးထွားလာနေသည့်နှလုံးသားကြီးနှင့် သူ၏ ကျင့်ကြံခြင်းအခြေခံကို လည်ပတ်စေလိုက်ပြီး ထိုကြောက်မက်ဖွယ်အအေးဓာတ်ကြီးကို သူနှင့်ဝေးရာသို့ တွန်းထုတ်လိုက်သည်။

သို့သော် အအေးဓာတ်အနည်းငယ်မျှ ကျသွားသော်လည်း လုံးဝပျောက်ကွယ်သွားအောင် မလုပ်နိုင်ပေ။ လှိုဏ်ခေါင်းများထဲ စိုးရိမ်တကြီးနှင့် ပြေးလွှားနေသည့်တစ်ရက်တွင် အလောင်းပုံကြီးတစ်ပုံကို တွေ့လိုက်ရတော့သည်။

ထိုအလောင်းပုံထဲတွင် လူအယောက်တစ်ထောင်ကျော်ရှိပြီး သူတို့အားလုံးတွင် စက္ကူလူသားများ ကပ်နေကြသည်။

ထိုစက္ကူလူသားများအနက် အိပ်သည့်သူကအိပ်နေပြီး အလောင်းများထံမှ စွမ်းအင်စုပ်ယူနေကြသူများက စုပ်ယူနေသည်။ အလောင်းများစွာ၏အပေါ်တွင် စက္ကူလူသားတစ်ယောက်ထက် ပို၍ရှိနေပြီး အချို့ဆိုလျှင် ခုနစ်ယောက်၊ ရှစ်ယောက်လောက်ထိ ရှိနေသည်။

ပိုင်ရှောင်ချန်း၏ မျက်လုံးကိုပြူးသွားစေသည့်အရာမှာကား စက္ကူလူသားဒါဇင်များစွာ ရစ်ပတ်ကာ စွမ်းအင်စုပ်ယူနေကြသည့် ခဲရောင်ဝတ်ရုံနှင့် အောက်လမ်းဆရာတစ်ယောက်ဖြစ်သည်။

ထိုအောက်လမ်းဆရာမှာ အသက်မသေသေးဘဲ ဖြစ်ပျက်နေသည်များကို သိနေသည့်ပုံစံပေါ်သည်။ သို့သော်လည်း သူ၏မျက်ဝန်းများထဲတွင် စိတ်အားငယ်မှုများ ဖုံးလွှမ်းနေပြီဖြစ်သည်။ ပိုင်ရှောင်ချန်းကမူ တုန်တုန်ရီရီဖြင့် ရေရွတ်လိုက်တော့သည်။
” ဒီနေရာက စက္ကူလူသားတွေရဲ့ အိမ်ကြီးနေမှာ။ ”

သူ၏တွက်ချက်မှုအတိုင်းဆိုလျှင် ဤနေရာတွင် စက္ကူလူသား နှစ်ထောင်ကျော် အနည်းဆုံးရှိသည်။

” သူတို့ငါ့ကို မမြင်လောက်ပါဘူး။ သူတို့ငါ့ကိုမမြင်လောက်ပါဘူး….”
သူတို့၏ အာရုံထဲသို့ ရောက်သွားမည်ကိုကြောက်ရွံ့နေပြီး သူတို့၏ ထမင်းစားချိန်ကို နှောင့်ယှက်နေသည့်အလားဖြစ်သွားမည်ကို စိုးသဖြင့် သူက တိတ်တိတ်လေးဖြင့် နောက်သို့ ပြန်ဆုတ်သွားတော့သည်။

သို့သော် ခြေလှမ်းငါးလှမ်းပင် မပြည့်သေးချိန်တွင် အောက်လမ်းဆရာပေါ်ရှိ စက္ကူလာသားဒါဇင်များစွာထဲမှ တစ်ယောက်က အနံ့တစ်ခုခုကို ရလိုက်သည့်အလား ခေါင်းမော့လာတော့သည်။ ထို့နောက် လေထဲတွင် နှာခေါင်းတရှုံ့ရှုံ့လုပ်ရင်း ပိုင်ရှောင်ချန်းကိုမြင်သွားသောအခါ သူ၏မျက်လုံးများမှာ ထူးဆန်းစွာ တောက်ပလာတော့သည်။

ပိုင်ရှောင်ချန်းမှာ သတိလွတ်လုမတတ် ထိတ်လန့်သွားပြီး ရပ်တန့်သွားတော့သည်။ တံတွေးများကို မျိုချရင်း ထိုစက္ကူလူသားကို ပြန်ကြည့်လိုက်ပြီး သူ၏နှုတ်ခမ်းပေါ်သို့ လက်ညှိုးတင်ကာ ‘ ရှူးတိုးတိုး ‘ ဟု ဆိုလိုက်သည်။

ထိုစက္ကူလူသားမှာ ထိုအချင်းအရာကြောင့် အံ့သြသွားပြီး အနည်းငယ်ကြာသောအခါ ခေါင်းပြန်ငုံ့သွားတော့သည်။ ပိုင်ရှောင်ချန်းမှာ စိတ်သက်သာရာ ရသွားသဖြင့် နောက်ပြန်ဆုတ်ရန် ပြင်လိုက်ချိန်မှာပင် နောက်ထပ် စက္ကူလူသား တစ်ယောက်က သူ့ကိုမော့ကြည့်လိုက်ပြန်သည်။

ထိုအခါ ပိုင်ရှောင်ချန်းမှာ မျက်ရည်များဝဲလာပြီး တောင်းပန်လိုက်တော့သည်။
” ငါမင်းတို့ကို နှောင့်ယှက်တာ မဟုတ်ရပါဘူးကွာ။ မင်းတို့ဟာ မင်းတို့စားကြစမ်းပါ..နော်။ ငါ… ငါဒီတိုင်းထွက်သွားပေးလိုက်မယ်လေ။ ရှူး…. ” သို့သော် သူနောက်မဆုတ်နိုင်ခင်မှာပင် သူ့ကိုကြည့်နေသည့် စက္ကူလူသားများက တစ်ယောက်ပြီးတစ်ယောက် ရုတ်တရက် စူးရှစွာ အော်ဟစ်လိုက်တော့သည်။

ထိုအသံကြီးမှာ ဝိညာဥ်ကိုပင် ရိုက်ခတ်နိုင်သည်အထိ ပြင်းထန်ပြီး ဒုတိယမြောက်အော်ဟစ်သံပြီးသွားသောအခါတွင် စက္ကူလူသား အယောက်နှစ်ထောင်လုံးမှာ မော့ကြည့်လိုက်ကြပြီး အများစုမှာ ပိုင်ရှောင်ချန်းထံသို့ ပျံသန်းလာနေကြပြီဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ အသိစိတ် ပျောက်လုမတတ်ပင် ကြောက်ရွံ့နေပြီဖြစ်သည်။ ထို့ကြောင့် သူက ငယ်သံပါအောင်အော်ဟစ်ရင်း အသက်လုကာ ထွက်ပြေးလိုက်တော့သည်။

” မင်းတို့ကောင်တွေက တရားမမျှတဘူးကွာ။ မင်းတို့ရဲ့ မိတ်ဆွေတစ်ယောက်နဲ့ စောစောက တွေ့တုံးက သူငါ့ကို တိတ်တိတ်နေဖို့ ပြောတော့ ငါခိုင်းတဲ့အတိုင်း လုပ်ပေးခဲ့တာလေ ”

ခဏအကြာတွင် ပိုင်ရှောင်ချန်းမှာ အနီးအနားရှိ လှိုင်ခေါင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားပြီး သူ၏နောက်သို့ စက္ကူလူသားနှစ်ထောင်က လိုက်သွားတော့သည်။ ထို့နောက်အရာအားလုံး ဆိတ်ငြိမ်သွားသောအခါ အလောင်းများပုံနေသည့်နေရာကြီးမှာ ရုတ်တရက် အလွန်တရာ တိတ်ဆိတ်သွားပြီး အနည်းငယ်အကြာတွင် မြူခိုးများထလာတော့သည်။

ထိုမြူများမှာ အလောင်းများကို ဖုံးလွှမ်းသွားကာ အလောင်းများ လျင်မြန်စွာ ခြောက်ကပ်သွားကြတော့သည်။ မျက်စိတစ်မှိတ်အတွင်း အလောင်းများမှာ ပြာပုံဘဝသို့ ရောက်သွားရတော့သည်။

သူတို့၏ ထည့်စရာအိတ်များနှင့် မှော်ပစ္စည်းများပင်လျှင် မြူခိုးကြီး၏ ဒဏ်ကိုမခံနိုင်ပဲ ခဏအကြာတွင် ပျက်စီးသွားရတော့သည်။ ထို့နောက် မြူခိုးကြီးမှာ တစ်နေရာထဲတွင် စုဝေးသွားပြီး တွန့်လိမ်ကောက်ကွေးကာ လူတစ်ယောက်၏ ပုံစံကဲ့သို့ ပြောင်းလဲသွားတော့သည်။

ထိုပုံစံကြီးက ရုပ်လုံးပေါ်လာသောအခါ အလွန်ချောမောလှပသော မိန်းမပျိုတစ်ယောက် အဖြစ်ပြောင်းလဲသွား၏။ သူမက ပြုံးနေသော ပါးစပ်ကို လက်တစ်ဖက်ဖြင့် အုပ်ထားသည်။ ထိုအပြုံးကိုသာ တစ်ယောက်ယောက်မြင်လိုက်ပါက အလွန်ကို့ရို့ကားယားနိုင်သဖြင့် ကြောက်လန့်သွားရမည်သာဖြစ်သည်။

သူမတွင် အနက်ရောင်ဆံပင်ရှည်များရှိပြီး ကိုယ်လုံးကိုယ်ပေါက်မှာ တောင့်တင်းလှပလွန်းသဖြင့် သူမ၏ ပင်လယ်ပြာရောင်ဝတ်ရုံပင်လျှင် ကောက်ကြောင်းများကို မဖုံးကွယ်နိုင်ပေ။ သူမမှာ ကုန်းစွန်းဝမ်အာပင် ဖြစ်သည်။

ယခုတွင် သူမ၏ မျက်လုံးတစ်လုံးစီထဲရှိ သူငယ်အိမ်ထဲတွင် ပုံရိပ်တစ်ခုကိုမြင်နေသည်။ ထိုပုံရိပ်မှာ ပြုံးနေသည့် ကလေးမလေးတစ်ယောက်၏ မျက်နှာဖြစ်သည်။

” မကြောက်ပါနဲ့ အချစ်ကလေး၊ သူတို့က တူတူပုန်းတိုင်း ဆော့နေကြတာပါ ”
သူမ၏ အသံမှာ ညင်သာပါသော်လည်း အမူအရာကမူ ရေခဲတမျှ အေးစက်နေသည်ဖြစ်ပြီး ရှေ့သို့တစ်လှမ်း လှမ်းလိုက်သောအခါ မြူခိုးများထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။

အဝေးတစ်နေရာတွင်မူ ပိုင်ရှောင်ချန်းမှာ ချွေးတလုံးလုံးဖြင့် အော်ဟစ်နေရင်း စက္ကူလူသား အယောက်နှစ်ထောင်ကျော်လက်ထဲမှ ထွက်ပြေးနေသည်။ သူမည်မျှပင် မြန်စေကာမူ သူတို့ကို မျက်ခြေမဖြတ်နိုင်ပေ။ သူနှင့် ထိုစက္ကူလူသားများအကြားတွင် ထူးဆန်းသော ဆက်နွယ်မှုတစ်ခုရှိနေသည့်အလား သူတို့မှာ ပိုင်ရှောင်ချန်း၏ အမြန်နှုန်းကို လိုက်မှီနေသည်။

ပိုင်ရှောင်ချန်းမှာ လှိုဏ်ခေါင်းများထဲတွင် ပြေးရင်း ကြောက်လန့်မှုများကြောင့် အကြောဆွဲလုမတတ်ဖြစ်နေပြီး ဝိညာဥ်အရက်ပုလင်းများကို တစ်ပုလင်းပြီးတစ်ပုလင်း သောက်နေရသည်။ သူသည် အချိန်တစ်နာရီခန့်အထိ အရှိန်ကုန်တင်ကာ ထွက်ပြေးနေပါသော်လည်း ထိုမျှကြာသွားသည့်တိုင် စက္ကူလူသားတစ်ယောက်ကိုပင် မျက်ခြေမဖြတ်နိုင်သည့်အတွက် စိတ်ပျက်အားငယ်နေတော့သည်။

သူ၏ နတ်ဘုရားစွမ်းရည်များနှင့် မှော်သိုင်းများမှာလည်း တစ်ခုမှ အသုံးမဝင်ချေ။ သူ၏အေးစိမ့်နယ်မြေမှာ စက္ကူလူသားများအပေါ် သက်ရောက်မှုမရှိပဲ သူ၏ ထာဝရထီးမှာ တစ်ယောက်နှစ်ယောက်ကိုသာ တွန်းထုတ်နိုင်ပြီး သူတို့၏အရေအတွက်မှာ အလွန်များနေသည်။

ထို့အပြင် အကယ်၍သူသာ အရှိန်ကိုလျှော့ချလိုက်ပါက သူတို့မှာ မရပ်မနားပဲ သူ့ထံသို့ပြေးဝင်လာကြမည်သာဖြစ်သည်။

သူ့ကို အရိုးသာ ကျန်တော့သည်အထိ စုပ်ယူရန်ဆန္ဒပြင်းပြနေသော စက္ကူလူသား အယောက်နှစ်ထောင်ကျော်၏အောက်တွင် အရှင်လတ်လတ်ဖိခံလိုက်ရမည့် အတွေးကြီးကြောင့် သူက ထိတ်လန့်ကာ အသားများပင်တုန်နေရတော့သည်။

” ငါမင်းတို့ကို ဘာများ စော်ကားမိလို့လဲ။ ဘာလို့ငါ့နောက်ကို လိုက်နေရတာလဲ။ ”

သူက ရွှယ်ကျဲကော်တုကိုသုံးကာ စက္ကူလူသားအချို့ကို အလဲထိုးနိုင်၊ မထိုးနိုင်ကို စမ်းကြည့်ရန် တွေးလိုက်ပါသော်လည်း စိတ်စွမ်းအင်များစွာ ကုန်မည်ဖြစ်သဖြင့် နောက်ဆုံး အရေးကြီးဆုံးအချိန်တွင်သာ သုံးရန် ဆုံးဖြတ်ထားလိုက်သည်။

ရွှယ်ကျဲကော်တုကို သုံးရန်လိုအပ်သည့် စိတ်စွမ်းအင်ပမာဏမှာ သူ့ကို တစ်ရက်တိတိ အမြန်ဆုံးပြေးနိုင်စေရန်အတွက် လုံလောက်သည် မဟုတ်ပါလော။

” သောက်ကျိုးနည်းဟေ့။ အေးကွာ နောက်ထပ်နှစ်နာရီ ဆက်ပြေးလိုက်မယ်။ အဲဒီအထိမှ ငါ့နောက်ကိုလိုက်နေကြသေးရင်တော့ ငါ့ရဲ့ ရွှယ်ကျဲကော်တုကို စမ်းသုံးကြည့်ရမှာပဲ။ ”
သူကအံကိုကြိတ်ကာ အမြန်ဆုံး ဆက်၍ပြေးနေပြန်တော့သည်။

တစ်နာရီကြာသွားပြီးနောက် ပိုင်ရှောင်ချန်းမှာ မျှော်လင့်ချက်များ ကင်းမဲ့လာတော့သည်။ သူက တခြားလူတစ်ယောက်နှင့်ပင် မကြုံသေးပဲ စက္ကူလူသားများမှာ ပင်ပန်းနေပုံမပေါ်သည်ကိုကြည့်၍ စိတ်ပျက်နေတော့သည်။ သူက ဒေါသများထွက်ကာ ရွှယ်ကျဲကော်တုကို သုံးရန်ဆုံးဖြတ်လိုက်ချိန်တွင် လူငယ်တစ်ယောက်က သူ့ဘက်သို့ပျံသန်းလာသည်ကို သတိထားမိလိုက်သည်။ ထိုလူငယ် အနီးသို့ရောက်လာသောအခါ တုန်ရီနေသည်ကို အထင်အရှားမြင်နိုင်သည်။ ထို့နောက် ပိုင်ရှောင်ချန်း၏ နောက်မှ စက္ကူလူသားအယောင်နှစ်ထောင်ကို မြင်လိုက်ရသောအခါ သူက မှင်တက်သွားပြီး အခြားတစ်ဖက်သို့ထွက်ပြေးရန် လှည့်လိုက်သည်။

သို့သော် ဤလူသစ်မှာ မည်မျှပင်မြန်စေကာမူ ပိုင်ရှောင်ချန်းကသူ၏မျက်နှာကို မြင်လိုက်ရသေးသည်။

အစတွင်သူက အံအားသင့်သွားရသော်လည်း ခဏအကြာတွင် ကျေနပ်အားရစွာဖြင့် လှမ်းအော်လိုက်တော့သည်။

” ကျိုးရီရှင်း “

Comment

Leave a Reply

Options

not work with dark mode
Reset