Switch Mode

အခန်း ( ၅၄၇ )

ရှူး

” အဲဒီ လေး က တကယ်ကောင်းတာပဲ ”
ပိုင်ရှောင်ချန်းက နှုတ်ခမ်းကို သပ်ကာ တွေးလိုက်သည်။ လေးက မည်မျှအံ့ဩဖွယ်ကောင်းကြောင်း တွေးနေမိသည်နှင့်အမျှ ပို၍ စိတ်လှုပ်ရှားလာြပီး တချိန်တည်းမှာပင် သူသရုပ်ဆောင်သည်မှာ အကောင်းလွန်သွားကြောင်း သဘောပေါက်သွားသည်။ သို့မဟုတ်လျှင် သူ၏ ကံကြမ္မာကြယ်လေးမှာ အကြောက်ကြောက်အလန့်လန့်နှင့် ပြေးသွားရမည်မဟုတ်ပေ။

” ငါ သူ့ကို နောက်ဆို ကိုမျောက်ဝံလို့ မခေါ်သင့်တော့ဘူးထင်တယ်။ ဒီဝင်္ကပါက ကြီးလွန်းနေလို့ပေါ့ကွာ။ ငါ သူ့ကို နောက်တစ်ခါ ထပ်မတွေ့လောက်တော့ဘူး။”
သက်ပြင်းချလိုက်ကာ သူသည် ကျိုးရီရှင်းကို လွမ်းနေပြီဖြစ်ကြောင်း သိလိုက်သည်။

ခဏအကြာတွင် ၁၁ကြိမ်တိုင် စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားသော မီးဝိညာဥ်မြားကို ငုံ့ကြည့်လိုက်သည်။ မြားသည် ပုံရိပ်ယောင်နှင့် အစစ်အမှန်ကြားတွင် လှုပ်ခတ်ပြောင်းလဲနေပုံက သူ့ကို ပို၍ အံ့ဩစေသည်။ ကြာကြာကြည့်လိုက်လျှင် သူ၏ ဝိညာဥ် ဆွဲယူခံရသလို ခံစားလာရသည်။

” မြားကပဲ ပုံမှန်ထက်ထူးကဲနေတာလား၊ ဒါမှမဟုတ် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ၁၁ခါလုပ်တာကပဲ မယုံနိုင်လောက်အောင် ကောင်းသွားစေတာလား။ ”
အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ကာ အဏ္ဏဝါခေါ်သံဂိုဏ်းက ၁၀ကြိမ်စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားသော ကောင်းကင်ချိုဓါးအကြောင်းကို ပြန်တွေးမိသွားသည်။ ၁၁ကြိမ်အဆင့်မြှင့်တင်ခြင်း ပြုလုပ်လိုက်လျှင် ထိုဓါးသည် မည်သို့ ပြောင်းလဲသွားမည်နည်း။ အရင်ကထက်ပိုအစွမ်းထက်သွားမည်မှာ သေချာသလောက်ရှိသည်။

” မြားက အင်မတန် ကောင်းလွန်းပါ့လား “
သူ တွေးကာ သူ့အိတ်ထဲသို့ မြားကို အမြန်ပြန်ထည့်လိုက်သည်။ သူ ကျေနပ်စွာဖြင့် အိတ်ကို ပုတ်လိုက်ကာ ဤဝင်္ကပါထဲသို့ လာရသည်မှာ တကယ်အမြတ်ထွက်သဖြင့် သဘောကျနေမိသည်။

” ဟမ့် ဒီဝင်္ကပါထဲက နတ်အဆင့်ကျင့်ကြံသူတောင်မှ ငါ့လောက်မချမ်းသာဘူးဆိုတာ ပြောရဲတယ်။ နတ်အဆင့်ကျင့်ကြံသူတောင် ငါ့အိတ်ထဲက ပစ္စည်းတွေကို တွေ့ရင် အံ့ဩသွားမှာ။”
သူ့ကိုယ်သူ အတော်ဂုဏ်ယူနေသော်လည်း ပြီးခဲ့သည့် ရက်များက ခက်ခက်ခဲခဲ စမ်းသပ်ပွဲများနှင့် ကို့ရို့ကားယားအဖြစ်အပျက်များကို မမေ့နိုင်သေးပေ။ ထိုအကြောင်းများသည် သူ့ကို သတိအနေအထားဖြစ်စေကာ ဂုဏ်ယူနေသော ခံစားချက်များကို ပျောက်သွားစေသည်။ သူသည် သတိမပေါ့စေရန် သူ့ကိုယ်သူ သတိပေးနေရသည်။

“ဘယ်လောက်ပစ္စည်းတွေများများ ငါ့ အသက်ကလေးထက်တော့ အဖိုးမတန်ဘူးကွ ”
သူသည် ခေါင်းကို ယမ်းကာ ရှေ့ဆက်မသွားမီတွင် သတိကြီးစွာထားကာ လှည့်ပတ်ကြည့်လိုက်သည်။

ထိုအချိန် ပိုင်ရှောင်ချန်းနှင့် အလွန်မဝေးလှသည့် ဥမင်လိုဏ်ထဲတွင် ကြယ်ရောင်ဖြာကျလာပြီး ကျိုးရီရှင်းက သွေးများအန်လျက် ထွက်ပေါ်လာသည်။

ဤတစ်ကြိမ်တွင် သူ၏ နဖူးပေါ်မှ ကြယ်သည် သိသာစွာ အက်ရာထင်လာပြီး အချိန်မရွေး ပျက်စီးသွားတော့မည့် ပုံပေါ်နေသည်။ ကျိုးရီရှင်းသည် မျက်ရည်အရွှဲသားဖြင့် တွေးကာ ငိုချင်နေမိသော်လည်း မျက်ရည်က ထွက်မလာပေ။

“ဒါတွေအားလုံး မင်းကြောင့်ပဲ၊ ပိုင်ရှောင်ချန်း”
သူက တုန်ရီဖျော့တော့စွာ ရပ်နေရင်းမှအော်ဟစ်လိုက်သည်။
“မင်း ငါ့ရဲ့ ကိုးရောင်ခြယ်မီးတောက်နဲ့ မီးဝိညာဥ်မြားကို ယူသွားတယ်။ ခွေးမသား ပိုင်ရှောင်ချန်း။ မင်းကြောင့်သာမဟုတ်ရင် ငါ ဒီကို လာခဲ့မှာတောင် မဟုတ်ဘူး။ ဒီ သောက်ကျိုးနည်းဝင်္ကပါရောပဲ။”

ကျိုးရီရှင်းသည် ရူးသွပ်လုနီးပါးဖြစ်နေသည်။ ဤအချိန်တွင် သူသည် သူ၏ ကြယ်အမှတ်အသားမပျက်စီးမီ တည်နေရာရွှေ့ပြောင်းရန် တစ်ကြိမ်သာ ကျန်တော့သည်။

ဝင်္ကပါထဲသို့ မဝင်မီကမူ ဤမျှအထိ အန္တရာယ်များလိမ့်မည်ဟု မထင်ထားခဲ့သောကြောင့် သူ၏ ကြယ်အမှတ်စွမ်းအင်ပေါ်တွင် အကြိမ်များစွာ မှီခိုခဲ့မိသည်။ ယခုမူ သူ၏ ဆုံးဖြတ်ချက်ကို လုံးဝ နောင်တရနေပြီဖြစ်သည်။

“ငါ နောက်ထပ် ကို့ရိုးကားယားအရာတွေနဲ့ မတွေ့မှ ဖြစ်မယ်။ နောက်ပြီး ပိုင်ရှောင်ချန်းကိုလည်း သေချာပေါက်ရှောင်ရမယ်…။ ငါ့ရဲ့ မီးဝိညာဥ်မြားက သူ့ကို မသတ်နိုင်ဘူးဆိုတာ မယုံနိုင်ဘူးကွာ။ သူကတော့ လူကို မဟုတ်ဘူး။ ”
သူသည် သက်ပြင်းချလျက် စိတ်ထဲတွင် ထွက်ပေါက်ရှာကာ ထွက်သွားပြီးလျှင် ဘယ်တော့မှ ပြန်မလာရန်သာ အာရုံစိုက်လျက် ရှေ့ကို ဖြည်းဖြည်းချင်းဆက်သွားနေသည်။ ပိုင်ရှောင်ချန်းအတွက်မူ သူ ဆုံးဖြတ်ချက်ချပြီးသွားပြီဖြစ်သည်။ သူ အိမ်ပြန်ရောက်သည်နှင့် မျိုးနွယ်စုတစ်ခုလုံးအား ပိုင်ရှောင်ချန်း၏နောက်သို့လိုက် သတ်ရန် တောင်းဆိုမည်ဖြစ်သည်။

ကျိုးရီရှင်းသည် ပိုင်ရှောင်ချန်းကို အဘက်ဘက်မှ ရှောင်ရှားရန် ကြိုးပမ်းနေချိန်တွင် ပိုင်ရှောင်ချန်းသည် နံရံအားလုံးမှာ တစ်ပုံစံတည်းဖြစ်နေသောကြောင့် ခေါင်းမူးလာသည်။

“အဲဒီထွက်ပေါက်ဆိုတာက ဘယ်နားမှာများလဲ။”
သူ စိတ်ပူစွာဖြင့် တွေးလိုက်သည်။
” ရူးတော့မှာပဲ။ ငါတော့ လုံးဝကို လည်ထွက်နေပြီ။ ကောင်းပြီလေ။ ဘာပဲဖြစ်ဖြစ် ဒီဆုံမှတ်ကို ငါ့ရဲ့ စမှတ်အနေနဲ့ပဲ ယူလိုက်တော့မယ်။”

အသက်ကို ပြင်းပြင်းရှူလိုက်ကာ ကျောက်စိမ်းပေလွှာကို ထုတ်၍ သူ၏ ထုံးစံအတိုင်း ညာဘက်ကို ကပ်၍သွားလိုက်သည်။ ဤတစ်ကြိမ်တွင်မူ ခြေလှမ်းကို ညီညီလှမ်းကာ အတိုင်းအတာရရန်လည်း ကြိုးပမ်းလိုက်သည်။ တချိန်တည်းမှာပင် သူ၏ လမ်းကြောင်းကို ကျောက်စိမ်းပေလွှာထဲတွင် မှတ်သားလိုက်သည်။ စိတ်ရှည်လက်ရှည်ဖြင့် သည်းခံကာ ဂရုစိုက် မှတ်သားရလေသည်။ ဆုံမှတ်တို့ကိုရောက်တိုင်း ညာဘက်ကိုသာ ရွေးလေသည်။ တဖြည်းဖြည်းနှင့် သူ၏ လမ်းကြောင်းသည် ကျောက်စိမ်းပေလွှာပေါ်တွင် ပုံပေါ်စပြုလာသည်။

ရက်အနည်းငယ်ကုန်ဆုံးသွားသည်။ ဤအချိန်တွင်မူ သူသည် ဝင်္ကပါထဲသို့ ရောက်နေသည်မှာ တစ်လနီးပါးခန့်ရှိသွားပြီဖြစ်သည်။

ကံကောင်းစွာဖြင့် သူ၏ ကျင့်ကြံခြင်းအခြေခံနှင့် အတိုက်အခိုက်စွမ်းရည်တို့ကို လုံလောက်စွာ စွမ်းအင်ဖြည့်ပေးနိုင်သည့် ဝိညာဥ်အရက်များ အများအပြားရှိသေးသည်။ သို့သော် စိတ်စွမ်းအင်ကိုထုတ်သုံးရန်လိုသည့် အခြေအနေများ မကြာခဏ တွေ့ကြုံနေရဆဲဖြစ်သည်။ နောက်ထပ် လအနည်းငယ်ကြာပြီးနောက် သူ၏ ဝိညာဥ်အရက်မှာ တစ်စတစ်စနည်းလာလေသည်။

ပိုင်ရှောင်ချန်း၏ စိုးရိမ်ပူပန်မှုမှာ မြင့်တက်လာပြီး မည်မျှကြာသည်ကိုပင် မသိတော့ပေ။ တစ်ရက်တွင် သူ့ရှေ့ စင်္ကြန်မှ လှုပ်ရှားမှုတစ်ခုကို ရုတ်တရက် တွေ့လိုက်သည်။

“အဲဒါ ဘယ်သူလဲ”
သူ၏ ထာဝရထီးကို ဆွဲထုတ်ကာ အကျယ်ကြီးအော်လိုက်သည်။

သို့သော် သူ့ရှေ့ရှိလူသည် သူ့ကို လုံးဝ လျစ်လျူရှုကာ ရှေ့ဆက်သွားနေသည်။ ရင်တဒိန်းဒိန်းခုန်ကာ ပိုင်ရှောင်ချန်းသည် နောက်သို့ ဆုတ်ရန် ပြင်နေစဥ်မှာပင် သူ့ရှေ့ရှိလူကို ရုတ်တရက် သဲကွဲစွာ မြင်လိုက်ရသောအခါ ပါးစပ်အဟောင်းသားဖြစ်သွားသည်။

ထိုသူမှာ သူမှတ်မိနေသည့် မဟာတံတိုင်းမှ ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သို့သော် ထိတ်လန့်ဖွယ်ကောင်းစွာ ထိုလူ၏ မျက်လုံးများသည် လုံးဝဗလာဖြစ်နေကာ မျက်နှာမှာလည်း အမူအရာကင်းမဲ့နေလေသည်။

သူ၏ ကျင့်ကြံခြင်းအခြေခံမှာ အခြေခိုင်မာခြင်းအဆင့်သို့ ပြန်လျှောကျသွားပုံပေါ်သည်။ ပို၍ ထူးဆန်းသည်မှာ သူသည် အမှန်တကယ် လမ်းလျှောက်နေခြင်းမဟုတ်ပေ။ သူ၏ ခြေထောက်များသည် မြေပြင် တရွတ်တိုက်နေကာ လေထဲတွင် ပျံနေခြင်းမဟုတ်ဘဲ နောက်မှ အတွန်းခံနေရသည့်အလား ဖြစ်နေသည်။

ထိုလူသည် နေရာတွင်ရပ်ကာ မည်သည့်အရာများ ဖြစ်ပျက်နေသနည်းဟု တွေးနေသော ပိုင်ရှောင်ချန်းကို သတိပြုမိပုံမပေါ်ပေ။ သူက စတင်တိုက်ခိုက်ရန် တွေးလိုက်သော်လည်း တွေဝေသွားကာ အမှတ်တမဲ့သွားမထိရန် ဆုံးဖြတ်လိုက်သည်။ ထိုအစား ဘေးသို့ ရှောင်လိုက်ကာ ထိုလူဖြတ်သွားသည်ကို အနီးကပ်ကြည့်နေလိုက်သည်။

တစ်လျှောက်လုံးတွင် ထိုလူသည် ရပ်လည်း မရပ်သလို၊ သူ့ကိုလည်း မကြည့်ချေ။ ထိုလူသည် အသာလေး ဖြတ်လျှောက်သွားသည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏ အကြည့်သည် ထိုလူ၏ နောက်ကျောသို့ ရောက်သွားလျှင် ရုတ်တရက် ကြက်သီးမွေးညင်းများ ထသွားလေသည်။

“ဘ-ဘ…ဘာ…ဘာကြီးလဲ”
နောက်ဆုတ်ကာ ထိုလူ၏ နောက်ကျောတွင် ကပ်နေသည့်အရာကို ကြည့်နေရင်း သူ့မျက်နှာ သွေးဆုတ် ဖြူရော်သွားသည်။ ထိုအရာမှာ…သက်ရှိအရွယ် စက္ကူဖြင့်လုပ်ထားသည့် လူသားပုံစံဖြစ်သည်။

ထိုစက္ကူလူသားတွင် လက်များ၊ ခြေထောက်များနှင့် သက်ရှိမျက်နှာပုံစံ ခေါင်းတစ်လုံးလည်း ရှိလေသည်။ ကျင့်ကြံသူ၏ နောက်ကျောတွင် သူ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့်အလား တွယ်ကပ်နေပြီး အသက်စွမ်းအားနှင့် ကျင့်ကြံခြင်းအခြေခံစွမ်းအားများသည် ကျင့်ကြံသူဆီမှ စက္ကူလူသားဆီသို့ ဆက်တိုက်စီးဆင်းနေကြောင်း ပိုင်ရှောင်ချန်းပြောနိုင်ပေသည်။

စက္ကူလူသား၏ မျက်လုံးများမှာ ပိတ်ထားသော်လည်း သူ၏ အမူအရာနှင့် မျက်နှာ အစိတ်အပိုင်းများသည် တွယ်ကပ်နေသည့် ကျင့်ကြံသူနှင့် တဖြည်းဖြည်းတူလာသည်ကို ပိုင်ရှောင်ချန်း ကွဲပြားစွာ မြင်နေရသည်။

ထူးဆန်းသော မြင်ကွင်းကြောင့် ပိုင်ရှောင်ချန်းသည် ကြောက်ရွံ့ တုန်လှုပ်ကာ ပါးစပ်ကို လက်ဝါးဖြင့် အုပ်ထားမိသည်။ စက္ကူလူသားက သူ့အား အာရုံစိုက်လာမည်ကို စိုးရိမ်ကာ ကျင့်ကြံသူ အဝေးသို့ ရွေ့သွားသည်ကို ကြည့်ရုံသာ ကြည့်နေမိသည်။ ထို့နောက် သက်ပြင်းတစ်ချက်ချလိုက်ကာ ” ဒီနေရာက ဘယ်လိုဟာကြီးတုန်း…” ဟု တွေးလိုက်သည်။

ဦးထုပ်နီများသော်လည်းကောင်း၊ သွေးများနစ်နေသည့် ပေါက်စီများသော်လည်းကောင်း၊ ဤစက္ကူလူသားသော်လည်းကောင်း အားလုံးသည် သူ့ကို ကြောက်ရွံ့တုန်လှုပ်သွားစေသည်။

ထို့ပြင် စက္ကူလူသားသည် ကျင့်ကြံခြင်းအခြေခံကိုသုံးကာ တိုက်ခိုက်ခြင်းမဟုတ်ဘဲ ဝိညာဥ်ကို တိုက်ရိုက် တိုက်ခိုက်ခြင်း ဖြစ်ဟန်တူသည်။

ယခုအချိန်ထိ ဖြစ်ပျက်ပြီးသမျှ အားလုံးတို့ကြောင့် ပိုင်ရှောင်ချန်းသည် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေသည်။ သူ ဦးတည်နေသည့်ဘက်ကို ဆက်မသွားရဲတော့ဘဲ လမ်းအသစ်ရွေးကာ သူ၏ ခရီးကို ရှေ့ဆက်သည်။ သို့သော် သူသတိထားနေသည့်ကြားမှပင် သူ့ရှေ့တွင် လူ၅ယောက်ရှိနေကြောင်း သတိထားမိလိုက်သည်။ ၂ယောက်မှာ မဟာတံတိုင်းကျင့်ကြံသူများဖြစ်ပြီး ၂ယောက်မှာ ဝိညာဥ်ကျင့်ကြံသူများဖြစ်ကာ လူ့ဘီလူးတစ်ကောင်ပင် ပါသေးသည်။ ထို့ပြင် အားလုံးသည် စောစောက သူမြင်လိုက်သည့် ကျင့်ကြံသူအတိုင်း သွားနေကြသည်။

သူ့ကို ကျောခိုင်းကာ သူနှင့် ဝေးရာကို သွားနေကြသောကြောင့် အားလုံး၏ နောက်တွင် စက္ကူလူသားများ ကပ်နေသည်ကို တွေ့ရသည်။

အသက်ကို တိတ်တိတ်လေးရှူကာ နောက်ဆုတ်၍ အခြားတစ်လမ်းရွေးလိုက်သည်။ သို့သော် အံ့ဩစရာကောင်းစွာ မကြာမီမှာပင် ကျင့်ကြံသူ၁၀ယောက်အုပ်စုကို တွေ့ကာ အားလုံး၏ နောက်တွင် စက္ကူလူသားများ ကပ်နေကြလေသည်။

” သောက်ကျိုးနည်း၊ ဘာတွေဖြစ်နေတာတုံး ”
ပိုင်ရှောင်ချန်းသည် စိတ်ပူပန်စွာဖြင့် လမ်းအသစ်တစ်ခုကို ရွေးလိုက်ပြန်သည်။ အနည်းငယ်ကြာသွားပြီးနောက် စက္ကူလူသားများကို မတွေ့ရသဖြင့် နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားသည်။ နောက်တစ်ရက် သူလမ်းလျှောက်နေစဥ် သူ့ရှေ့ရှိလူမှာ သူ့ဆီသို့ အမြန်ဆုံးနှုန်းဖြင့် လာနေကြောင်း သတိထားမိသွားကာ ရုတ်တရက် ရပ်တန့်လိုက်သည်။

ဝိညာဥ်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ထိုလူသည် သူ့ကို မြင်သည်နှင့် အမူအရာမှာ တင်းမာသွားလေသည်။ ပိုင်ရှောင်ချန်း၏ စွမ်းအင်ကို အကဲခတ်ပြီးနောက် နှာမှုတ်ကာ လေဟုန်ခွင်း၍ အမြန်ဆုံးနှုန်းဖြင့် ပျံသွားလေသည်။

အစပိုင်းတွင် ပိုင်ရှောင်ချန်းသည် ထိုလူ၏ အမူအရာမှာ မကြာမီက သူတွေ့ခဲ့သည့် အခြားလူအားလုံးကဲ့သို့ ခံစားချက်ကင်းမဲ့ခြင်းမရှိသည့်အတွက် ပျော်ရွှင်ကာ နှုတ်ဆက်ရန် ပြင်လိုက်သေးသည်။ သို့သော် သူ့ကို ဖြတ်ပျံသွားသည်တွင် ပိုင်ရှောင်ချန်းမှာ မျက်လုံးများ ပြူးသွားလေသည်။

ထိုဝိညာဥ်ကျင့်ကြံသူ၏ နောက်ကျောတွင် စက္ကူလူသားတစ်ယောက်ရှိနေပေသည်။ ထိုလူမှာမူ စက္ကူလူသားကပ်နေသည်ကို လုံးဝ သိပုံမပေါ်သည်မှာ သိသာလှသည်။ ခဏကြာလျှင် ထိုစက္ကူလူသား၏ မျက်လုံးမှာ ပွင့်လာပြီး ပိုင်ရှောင်ချန်းကို ထူးဆန်းသော အပြုံးဖြင့် ကြည့်လေသည်။ ထို့နောက် လက်တစ်ချောင်းကို မြှောက်ကာ နှုတ်ခမ်းပေါ်ကို တင်လိုက်ပြီး ရှူး….ဟု ပြောလိုက်သည့်အလား နှုတ်ခမ်းကို စုလိုက်လေသည်။

၎င်းသည် တူတူပုန်းတမ်းကစားနေသည့်အလား ပိုင်ရှောင်ချန်းကို ထိုအကြောင်း တစ်ခွန်းမျှ မဟရန် ပြောနေခြင်းဖြစ်သည်။

ပိုင်ရှောင်ချန်းသည် ကြောက်လွန်းသဖြင့် မျက်နှာမှာ လုံးဝ ဖြူဆုတ်သွားလေသည်။ ကြက်သီးများ တဖြန်းဖြန်းထကာ ချွေးစေးများပင် ပြန်လာလေသည်။ ထိုစက္ကူလူသားအထင်လွဲသွားမည်စိုးကာ ခေါင်းညိတ်ပြလိုက်ပြီး သူ ထုတ်မပြောသည်ကို သေချာသိစေရန် ရင်ဘတ်ကိုပင် ပုတ်ပြလိုက်သေးသည်။

စက္ကူလူသားသည် နားလည်ပုံပေါ်ကာ ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး မျက်လုံးများ ပြန်မှိတ်သွားလေသည်။

ဝိညာဥ်ကျင့်ကြံသူ အဝေးသို့ ပျောက်ကွယ်သွားပြီးနောက်တွင် ပိုင်ရှောင်ချန်းသည် နဖူးမှ ချွေးများကို သုတ်လိုက်သည်။

“ဒီ စက္ကူလူသားတွေက ကိုယ်တိုင်တောင် မသိလိုက်ခင် အလစ်ဝင်ကပ်နိုင်တာဖြစ်မယ်…။”
သူသည် တုန်လှုပ်စွာဖြင့် သူ့နောက်ကျောကို ရုတ်တရက် လှည့်ကြည့်လိုက်လေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset