နတ်ဘုရားအမွေအနှစ် နယ်မြေသည် ပါရမီရှင် များစွာကို မြှုပ်နှံရာနေရာ ဖြစ်ခဲ့သည်။
ဤတစ်ကြိမ်၌လည်း အတိတ်ကကဲ့သို့ပင် လူအများအပြား ဤနေရာ၌ ကျဆုံးခဲ့ပေသည်။
သို့သော် ကိုက်ရှီ၏ အဆင့်မျိုးမှ လူများ သေဆုံးရသည်ကတော့ အလွန်ရှားပါးသည်။ လူတိုင်းသည် အလွန် အားကောင်းလှပြီး ပြိုင်ဘက်များအချင်းချင်း ထောက်ထားညှာတာမှု ပြုကြသည်။ အဆုံးမှာတော့ သူက ရွှေရောင်နတ်ပြည်ထောင်၏ ဆက်ခံသူ ဖြစ်သည် မဟုတ်ပါလား။ ထိပ်သီးအင်အားစုများမှ အခြားသူများ ကျဆုံးသွားလျှင် ဤနေရာမှ လူများက ဂရုစိုက်ကြလိမ့်မည် မဟုတ်ပေ။ ထိုသည်မှာ သာမန်ဖြစ်ရပ်သာ ဖြစ်သောကြောင့် ဖြစ်၏။
သို့သော် ကိုက်ရှီကဲ့သို့ တစ်စုံတစ်ယောက်က သေဆုံးသွားခဲ့ပါက သေချာပေါက် ဂရုစိုက်ကြပေလိမ့်မည်။
အတိတ်ကာလတွင် သူ့အဆင့်မှ လူများအသတ်ခံရခြင်းသည် သူတို့ထက် ပို၍ အဆင့်မြင့် အစွမ်းထက်သူများက သတ်ဖြတ်ခဲ့သောကြောင့် ဖြစ်သည်။ ဥပမာအနေနှင့် ဗဟိုအင်ပါယာဘုံမှ လူများသည် အလွန် အစွမ်းထက်သည့်အတွက် သူတို့၏ လူများက အခြားထိပ်သီးအင်အားစုများမှ လူများအား သတ်ဖြတ်ခြင်းကို လျစ်လျူရှုနိုင်သည်။
သို့သော် ရီဖူရှင်းက မည်သည့် ကျောထောက်နောက်ခံမှ မရှိသူ ဖြစ်သည်။ သူက သူ့ကိုယ်သူ ထျန်းဟယ်မဟာအကြီးအကဲ၏ တပည့်ဟု ခေါ်ပြီး ကိုက်ရှီကို သတ်ဖြတ်ခဲ့သည်။ ထိုသည်မှာ သာမန်ကိစ္စရပ်မျိုးမဟုတ်ပေ။
သို့သော် လူတိုင်းသည် ထိုတိုက်ပွဲက ရှုပ်ထွေးသည်ကို သိရှိပြီး နက်ရှိုင်းသည့် ရန်ငြိုးတို့ ပါဝင်နေသည့်အခါ ကိစ္စရပ်များက သာမန်အတိုင်း ဖြစ်ပျက်လိမ့်မည် မဟုတ်ပေ။
ရွှေရောင်နတ်ပြည်ထောင်မှ လူများက သူနှင့် ယူချင်းကို တိုက်ခိုက်ခဲ့ကြသည်။ ယူချင်းက လုံလောက်အောင် သန်မာခြင်း မရှိခဲ့လျှင် သူက ရန်ဟောင်၏ လက်ထဲ၌ သေဆုံးရပေလိမ့်မည်။
ရီဖူရှင်းသည် လှံကို ကိုင်ကာ ကောင်းကင်၌ ရပ်နေဆဲ ရှိသေး၏။ သူက ရွှေရောင်နတ်ပြည်ထောင်မှ လူများကို ကြည့်ကာ ပြောလိုက်သည်။ “ဒီနေရာက ထွက်သွား။”
သူက အားလုံးကို မသတ်ခဲ့ဘဲ ကိုက်ရှီနှင့် ရန်ဟောင်ကိုသာ သတ်ဖြတ်ခဲ့သည်။ ဤနေရာသို့ ရောက်လာသူများသည် ရွှေရောင်နတ်ပြည်ထောင်၏ အရေးပါသူများ ဖြစ်ကြသည်။
အခြားသူများ၏ သေခြင်းရှင်ခြင်းကို သူ အမှန်တကယ် ဂရုမစိုက်ပေ။
သူက သူတို့ကို ပြန်ခွင့်ပြုလိုက်လျှင် သူတို့က ရွှေရောင်နတ်ပြည်ထောင်သို့ အစီရင်ခံနိုင်သည်။ သူတို့က မည်သူအရင်ဆုံးတိုက်ခိုက်ခဲ့ကြောင်း ပြောကြပေလိမ့်မည်။
ရွှေရောင်နတ်ပြည်ထောင်မှ လူများက လှည့်ထွက်သွားလေသည်။ သူတို့က ဤနေရာ၌ နေခဲ့ရန် မည်သည့် အကြောင်းရှိတော့မည်နည်း။
သူတို့က နတ်ဘုရားအမွေအနှစ် နယ်မြေခရီးတွင် များများစားစား မရရှိခဲ့ပေ။ သူတို့ရရှိခဲ့သည့် အရာများထဲမှ အများစုမှာ ကိုက်ရှီထံသို့ ရောက်ရှိသွားပေသည်။ သူ၏ သေခြင်းကြောင့် ဤခရီးက အလဟဿဖြစ်သွားရပြီဟု ပြောနိုင်ပေသည်။ ထိုသည်မှာ သူတို့ ပြန်ရောက်သည့်အခါ ရှင်းပြရခက်ခဲလိမ့်မည် ဖြစ်၏။
“မင်း သူတို့ကို သွားခွင့်ပေးလိုက်တာလား။” သောကျောက်က ရေရွတ်လိုက်သည်။ ရီဖူရှင်းက အလွန် အကြင်နာတရား ရှိပေသည်။ အကယ်၍ သူသာဖြစ်လျှင် ထိုသူများကို တစ်ဦးတစ်ယောက်မှ ထွက်သွားခွင့်ပေးလိမ့်မည် မဟုတ်ပေ။ သူက အားလုံးကို သတ်ဖြတ်ပစ်ပေလိမ့်မည်။
“သူတို့အားလုံးကို သတ်စရာအကြောင်း မရှိဘူးလေ။” ရီဖူရှင်းက ရေရွတ်လိုက်သည်။ သူက လှည့်ထွက်ကာ ရုပ်တုများဆီ လျှောက်သွားခဲ့၏။ သူက ရုပ်တုမှ အလင်းများဖြင့် လွှမ်းခြုံထားသော ယူချင်းကို ကြည့်နေသည်။ တောက်ပသည့် အလင်းများက ကောင်းကင်ရှိ နန်းတော်မှ ဖြာကျနေကာ ယူချင်း၏ ခန္ဓာကိုယ်ကို အဆက်အပြတ် ပြောင်းလဲနေစေသည်။ သူ၏ မျက်လုံးများကို ပိတ်ထားပြီး အရာအားလုံးကို တည်ငြိမ်စွာ မှတ်ယူနေပုံရသည်။ မဟာလမ်းစဥ်က သူနှင့်တသားတည်း ဖြစ်နေခဲ့သည်။
ဤနေရာ၌ ချန်ရစ်ခဲ့သော အမွေအနှစ်က ကောင်းမွန်ပေသည်။ ယူချင်းအတွက် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ရန် ခက်ခဲနေဦးမည်ဖြစ်သော်လည်း သူက ထိုအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းအလိုသို့ ရောက်ရှိသွားနိုင်ပေသည်။ ဤသည်က သူ၏ ကျင့်ကြံခြင်းတွင် ကြီးမားသည့် အခွင့်အရေး တစ်ခု ဖြစ်လာပေလိမ့်မည်။
“ငါရော ဘယ်တော့ ဒီလိုအခွင့်အရေး ရမှာလဲ။” သောကျောက်က ယူချင်းကို မနာလိုစွာ ကြည့်လိုက်သည်။ ထိုသူသည် ကျင့်ကြံဆင့် နိမ့်နေသည့် အချိန်၌မှာပင် သူ့ကို တိုက်ခိုက်ရေးနတ်ဘုရား၏ သတ္တမဆင့် စွမ်းအားကို ထုတ်ဖော်အသုံးပြုရန် ဖိအားပေးနိုင်ခဲ့ပြီး ထိုသို့ သုံးသော်လည်း သူက ရှုံးနိမ့်ခဲ့ရသေးသည်။ သူက သောကျောက်ကဲ့သို့ ခန္ဓာလမ်းစဥ်ကို ဖွဲ့စည်းပြီးသွားသည့်အခါ ပို၍ သန်မာလာပေလိမ့်မည်။ ထိုအချိန်တွင် တိုက်ခိုက်ရေးနတ်ဘုရား၏ သတ္တမဆင့် စွမ်းအားသည်ပင် လုံလောက်တော့မည် မဟုတ်ပေ။
“မင်းက တော်တော် ယဥ်ကျေးမှုမရှိတာပဲ။” ရီဖူရှင်းက ပြောလိုက်သည်။
“ငါတို့က မိသားစုတွေ ဖြစ်နေပြီပဲ။ ဘာလို့ ယဥ်ကျေးနေရမှာလဲ။” သောကျောက်က ပျော်ရွှင်စွာ ပြောလိုက်သည်။ သူသည် ဤလူရ လေဟာနယ်ခန်းမမှ များပြားလှသော ရတနာများအား ယူဆောင်သွားသည်အား မမေ့သေးပေ။
“မင်း မှန်ပါတယ်။” ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။ သောကျောက်က သူ၏ ကိုယ်ပိုင် စိတ်နေစိတ်ထားနှင့် လိုက်ဖက်လှပေသည်။
သူ၏ ပြင်းထန်ရက်စက် တိုက်ပွဲစွမ်းရည်မှာ ယူချင်းနှင့် ဆင်တူပေသည်။ သူ၏ ပင်ကိုစရိုက် ထိုမျှထိ ဖြူစင်ပွင့်လင်းနေမည် မဟုတ်ပေ။ သူက အရှက်မရှိ မျက်နှာပြောင်တိုက်နေခြင်းသာ ဖြစ်၏။ သူ့ကို ယူချင်းနှင့် သိမ်းငှက်လေး ပေါင်းစပ်ထားခြင်းဟု ပြောနိုင်ပေသည်။
“မင်းက ငါတို့ မိသားစုတွေလို့ ပြောမှတော့ နောက်တစ်ခါ ငါ လက်နက်လိုခဲ့ရင် ယဥ်ကျေးမနေတော့ဘူးနော်။” သောကျောက်က ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်သည်။ သူက သိသာစွာပင် မှော်လက်နက် လိုချင်သည့် အကြံအစည် ရှိနေဆဲပင် ဖြစ်၏။ သူက မိသားစုအကြီးအကဲများကိုပါ ပေးနိုင်ခဲ့လျှင် သူတို့သည် ကျီဝေးဘုံအတွင်း တိုက်ရိုက်လွှမ်းမိုးလာနိုင်မည် ဖြစ်၏။
သူတို့၏ အဆင့်ကြောင့် လေဟာနယ်ခန်းမမှ လက်နက်များ၏ စွမ်းအားကို အပြည့်အဝ အသုံးချနိုင်ခြင်းမရှိပေ။ ၎င်းတို့၏ အစစ်အမှန် စွမ်းအားကို ရန်ဟောင်အဆင့် ရောက်မှသာ ထုတ်ဖော်နိုင်မည် ဖြစ်သည်။
“တကယ်ကြီးလား။” ရီဖူရှင်းက ရေရွတ်လိုက်သည်။ လက်နက်ငါးခုက မလုံလောက်သေးသည်လား။
မည်သည့်အတွက် ဤအကောင်က စိတ်ခံစားချက်များကို ပျက်စီးအောင် လုပ်နေသည်ဟု ခံစားနေရသနည်း။
ထိုအချိန်တွင် အားလုံးသော တိုက်ခိုက်မှုများ ရပ်တန့်နေကာ ငြိမ်သက်နေခဲ့သည်။ ဆက်ခံသူအားလုံးသည် ရုပ်တုကိုးခုအတွင်း ပေါ်ပေါက်လာပြီး ယူချင်းကို မည်သူကမှ မနှောက်ယှက်ကြပေ။ ရန်ဟောင်နှစ်ယောက်က ကျဆုံးသွားခဲ့ပြီး ဖြစ်၏။ ကောင်းကင်မျှော်စင်ကျောင်းတော် မှ လူများလည်း ထွက်ပြေးသွားကာ ရွှေရောင်နတ်ပြည်ထောင်မှ ရန်ဟောင်က အသတ်ခံခဲ့ရသည်။ မည်သူက ဝင်စွက်ဖက်ရဲတော့ပါမည်နည်း။
အခြားသော တိုက်ပွဲများအနေနှင့် သတ်ဖြတ်ခြင်းလောက မှ ချင်းလင်၏ အမွေအနှစ်က လုယူခံလိုက်ရပြီ ဖြစ်သည်။
သတ်ဖြတ်ခြင်းလောက က အားမနည်းသော်လည်း အခြားသော အင်အားစုများရှေ့၌ ရပ်ရန် အင်အားမလုံလောက်သေးပေ။ သူတို့သည် လက်လျှော့ရုံအပြင် ရွေးစရာမရှိခဲ့ပေ။
“ဖူရှင်း” ထိုအချိန်တွင် လီဟန်ဓားသမားက အောက်ဘက်မှ ပျံသန်းလာကာ ရီဖူရှင်း၏ ဘေး၌ ရပ်လိုက်သည်။ သူက အစွမ်းထက် ဓားစွမ်းအားများကို ရုပ်သိမ်းထားသော်လည်း သူ့ကို ကြည့်ရသည်မှာ ထပ်ရှသည့် ဓားတစ်လက်ကဲ့သို့ပင် ဖြစ်သည်။
ရီဖူရှင်းက သူ့ကို မြင်သည့်အခါ တောက်ပစွာ ပြုံးလိုက်သည်။ သူက ပြီးပြည့်စုံသည့် နတ်ဝင်ရိုးကို ဖန်တီးနိုင်ခဲ့ပြီး ရန်ဟောင်တစ်ပါးကို တစ်ချက်တည်းနှင့် သတ်ဖြတ်နိုင်ခဲ့သည်။ သူက လီဟန်ဓားသမားအတွက် အလွန် ပျော်ရွှင်မိသည်။
သူသည် လီဟန်ဓားသမားနှင့် သူတို့ ပထမဆုံးတွေ့စဥ်က အထင်လွဲမှားခဲ့သည်ကို မှတ်မိနေသေးသည်။ ထိုစဥ်က သူသည် လီဟန်နန်းတော် ၃၃လွှာကို တိုက်ခိုက်ခဲ့ပြီး ဝမ်ချွန်း ကို ရှုံးနိမ့်စေခဲ့သည်။ သို့သော် လီဟန်ဓားသမားက သူ့ကို အပြစ်မတင်ရုံသာမက သူ၏ ဓားကိုပင် ရီဝူချင်းထံ ပေးခဲ့သည်။
ထို့နောက်တွင် သူက ရီဝူချင်းကို ပေးခဲ့သည့် ဓားက နတ္ထိဘုံတိုက်ပွဲတွင် အခရာဖြစ်လာခဲ့သည်။ ထို့ပြင် သူက သွေးနဂါးဘုံတိုက်ပွဲတွင် ပါဝင်ခဲ့သည်။ ထိုအကြောင်းအရာများကို တွေးမိသည့်အခါ ရီဖူရှင်းသည် သူ့ကို ကြိမ်ဖန်များစွာ အကြွေးတင်နေခဲ့ပေသည်။ သူသည် အံ့သြဖွယ်ကောင်းလောက်အောင် တွက်ချက်တတ်သူ ဖြစ်သည်။
မဟုတ်လျှင် သူက ထိုသို့သော အခွင့်အရေးကို ရလျှင်ပင် ပြီးပြည့်စုံသည့် နတ်ဝင်ရိုးကို ဖွဲ့စည်းနိုင်လိမ့်မည် မဟုတ်ပေ။
ယခု နောက်ဆုံး၌ လီဟန်ဓားသမားသည် သူ အချိန်ကြာမြင့်စွာက ရောက်ရှိချင်နေခဲ့သည့် အဆင့်သို့ ရောက်ရှိကာ သူ၏ မျှော်မှန်းချက် အောင်မြင်သွားသည့်အတွက် သူသည်လည်း သူ့မိတ်ဆွေအတွက် ဝမ်းသာမိသည်။
“ခင်ဗျားမှာ ပြီးပြည့်စုံခြင်းဝင်ရိုးရှိတယ်။ ခင်ဗျား လိုက်စားနေတဲ့ လမ်းစဥ်က အမှားကင်းစင်တယ်ဆိုတာကို ပြပါ။ တစ်နေ့မှာ ခင်ဗျားရဲ့ ဓားက မဟာလမ်းစဥ် ဘုံသုံးထောင်ကို လွှမ်းမိုးနိုင်မယ်လို့ မျှော်လင့်ပါတယ်။” ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။
“ငါ့ရဲ့ ဓားက အရမ်းအားကောင်းလာတာကို ခံစားမိတယ်။ အရင်ကဆို အရှင်မင်းကြီးရဲ့ စွမ်းအားကို ခံစားမိတယ်။ အဲဒါကြောင့် သင်ယူဖို့ ရည်ရွယ်ချက်သက်သက်နဲ့ သူ့ကို တမင် စိန်ခေါ်ခဲ့တယ်။ ဒါပေမယ့် အခုတော့ ငါ့ရဲ့ ကိုယ်ပိုင်နတ်ဝင်ရိုးကို ဖွဲ့စည်းပြီးသွားပြီး မတူညီတော့တာကို ခံစားမိတယ်။ အဲဒါက ချို့ယွင်းချက်မရှိတဲ့ ခံစားချက်လား။ ချို့ယွင်းချက်မရှိတဲ့ နတ်ဝင်ရိုးဆိုတာ ဘာကို ခေါ်တာလဲ။” လီဟန်ဓားသမားက မေးလိုက်သည်။ ကြည့်ရသည်မှာ သူက နတ်ဝင်ရိုးများကို နားမလည်သေးပုံရလေသည်။
“ဟုတ်တယ်။” ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။ “ဘုံတစ်ခုလုံးကို အုပ်စိုးနိုင်တဲ့လူတွေဖြစ်တဲ့ အရှင်ထိုက်ရွှမ်လိုလူမျိုးတောင်မှ ပြီးပြည့်စုံတဲ့ နတ်ဝင်ရိုးကို မဖွဲ့စည်းနိုင်ဘူး။ ကျွန်တော်သိသလောက်တော့ နတ်ဘုရားအမွေအနှစ် နယ်မြေက ထူးခြားတဲ့ နေရာတစ်ခုပဲ။ ခင်ဗျားက နတ်ဝင်ရိုးကို ဖွဲ့စည်းတဲ့အခါမှာ ပြီးပြည့်စုံတဲ့ နတ်ဝင်ရိုး ဖြစ်စေခဲ့တယ်။ မဟာလမ်းစဥ်ဘုံသုံးထောင်မှာတောင် အဲဒီလိုလုပ်နိုင်တာ နည်းနည်းပဲ ရှိတယ်။”
သူက နတ်ဘုရားနန်းတော် ဘိုးဘေးနယ်မြေကို ဝင်သည့်အခါတွင် ထူးခြားဆန်းကြယ်သည့် လူက အချို့သော အချက်အလက်များ ပြောပြခဲ့သည်။ ဘိုးဘေးနယ်မြေတွင် ကျင့်ကြံခြင်းသည် ပြီးပြည့်စုံသည့်ဘစက်ဝန်းဖွဲ့စည်းနိုင်သည့် အခွင့်အရေးတစ်ခု ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူက နတ်ဘုရားအမွေအနှစ်နှင့် ဤနေရာ၌ ကျဆုံးခဲ့သော ရှေးဟောင်းရန်ဟောင်က ကွဲပြားလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။ သူသည် ကောင်းကင်မပိက်စီးခင်က ရန်ဟောင်တစ်ပါး ဖြစ်ပေလိမ့်မည်။
လီဟန်ဓားသမားသည် ရီဖူရှင်း၏ စကားကို ကြားသည့်အခါ တုန်လှုပ်သွားခဲ့သည်။ သူ၏ မဟာလမ်းစဥ် စက်ဝန်းက မတူညီသည်ကို ခံစားမိပြီး ယခင်တိုက်ပွဲ၌ သူ၏ စွမ်းအားကို သက်သေပြပြီး ဖြစ်သည်။ သို့သော် သူသည် ၎င်းက ထိုမျှထိ ထူးခြားကြီးကျယ်နေမည်ဟု မထင်မိခဲ့ပေ။
ထိုသို့ဆိုလျှင် သူ့ကဲ့သို့ အင်ပါယာရှားဘုံမှလာသော ဓားသမားတစ်ယောက်က တစ်ချက်တည်းနှင့် မဟာလမ်းစဥ် ဘုံသုံးထောင်၏ ထိပ်တန်းဓားသမားများထဲမှ တစ်ယောက် ဖြစ်လာမည်လား။
သူက အရှင်မင်းကြီးကို ကျော်တက်သွားခဲ့ပြီလား။
ထိုသည်က သူ့ကို အလွန် ထူးဆန်းစွာ ခံစားရစေသည်။ သူသည် အင်ပါယာရှားနောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါခဲ့ပေသည်။
“ကြည့်ရတာ ဒါက ကံကြမ္မာပဲ။” လီဟန်ဓားသမားက အပြုံးနှင့် ပြောလိုက်သည်။ သူက အလွန် စိတ်လှုပ်ရှားမနေပေ။ လီဟန်ဓားသမားသည် ဓားစွမ်းရည်ကိုသာ အာရုံစိုက်ထားခဲ့သည်။ သူတို့က မည်မျှ အားကောင်း၍ မည်မျှ အားနည်းသည်ဖြစ်စေ သူတို့သည် မဆုတ်မနစ် ရှေ့ဆက်လျှောက်နေရန် လိုအပ်ပေသည်။
ထိုသည်မှာ ရှန့်ထိုများနှင့် ရန်ဟောင်များအတွက် အတူတူပင် ဖြစ်သည်။ ယခုနှင့် အတိတ်သည်လည်း အတူတူပင် ဖြစ်သည်။ သူက ကိုယ်ပိုင်ဓားလမ်းစဥ်ကို အဆုံးထိ လိုက်စားရလိမ့်မည် ဖြစ်သည်။
“ဂုဏ်ပြုပါတယ်” အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုသူမှာ ရာရာဖြစ်၏။ သူမနှင့် လီဟန်ဓားသမားတို့က မိတ်ဆွေဟောင်းများ ဖြစ်ကြသည်။ အရင်က အင်ပါယာရှားဘုံတွင် အားအကောင်းဆုံး ဓားသမားနှစ်ယောက် ရှိခဲ့ပြီး လီဟန်ဓားသမားနှင့် မရဏဓားနတ်မယ်တို့က မကြာခဏ အချင်းချင်း ယှဥ်ပြိုင်တတ်ကြသည်။
“ဒီအခွင့်အရေးကို ပေးခဲ့တာ ရီဖူရှင်းပါ။ ငါက ဒီအဆင့်ကို အရင်ဆုံး ရောက်သွားခဲ့တာမို့ ဒီမှာ မင်းကို စောင့်နေပါ့မယ်။” လီဟန်ဓားသမားက ပြောလိုက်သည်။
ရာရာနှင့် ရီဖူရှင်း ကြားမှ ဆက်ဆံရေးအရ သူသည် သူမကို သေချာပေါက် အခွင့်အရေး ပေးလိမ့်မည် ဖြစ်သည်။
“အင်း” ရာရာက ခေါင်းညိတ်လိုက်ပြီး ရီဖူရှင်းကို ကြည့်လိုက်သည်။
“အာ…” ရာရာ၏ အကြည့်က သူ့ထံရောက်လာသည်ကို ခံစားမိသဖြင့် ရီဖူရှင်းသည် သူ့အကြည့်များကို ယူချင်းထံသို့ ရွှေ့လိုက်သည်။ “သူ အချိန်ကြာဦးမယ်ထင်တယ်။”
ရီဖူရှင်းသည် အသက်ရှင်လိုသည့် ဆန္ဒပြင်းပြနေသည်။
လီဟန်ဓားသမားသည် နောက်တစ်ဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် အခွင့်အရေးကို ရှာတွေ့ခဲ့သည်။ သူက ရာရာတစ်ယောက် ပြီးပြည့်စုံခြင်း နတ်ဝင်ရိုးကို ဖွဲ့စည်းနိုင်မည့် အခွင့်အရေး ရလိမ့်မည်ဟု အာမခံချက်မရှိပေ။ သူက ရွေးချယ်စရာမရှိဘဲ သေချင်ယောင်သာ ဆောင်နေတော့၏။
ရာရာက သူ့ကို စိုက်ကြည့်နေသော်လည်း အမှန်တွင် သူမက အများကြီးဂရုစိုက်ခြင်း မရှိပေ။ သူမက ထိုကိစ္စကို ဖိအားပေးလိမ့်မည် မဟုတ်။
သူတို့က စကားပြောနေရင်း တစ်စုံတစ်ယောက်သည် သူ၏ ရုပ်တုအတွင်းမှ ထွက်လာခဲ့သည်။ ထိုသူမှာ ရှန်းဟောက် ဖြစ်၏။
သူ ထွက်လာသည်နှင့် အထက် ကောင်းကင်နန်းတော်မှ ရုပ်တုပေါ် ဖြာကျနေသည့် အလင်းများ ပျောက်ကွယ်သွားလေသည်။
သူက မျက်လုံးများကို ဖွင့်လိုက်ပြီး ၎င်းတို့မှ နတ်အလင်းတန်းတစ်ခုက အလွန် စူးရှစွာ ထိုးထွက်လာသည်။ သူက ပြောင်းလဲသွားပုံရလေသည်။
သူက ရှေ့မှ လူများကို ဝေ့ကြည့်လိုက်ပြီးနောက် သူ့ဘေးမှ လူများကို ကြည့်လိုက်သည်။ ကျန်ချင်းကျူ ၊ နန်လော့ရှန်း နှင့် အခြားသူများလည်း ပြီးစီးသွားပြီ ဖြစ်၏။ သူတို့က ရုပ်တုများထဲမှ တစ်ယောက်ချင်းစီ ထွက်လာကာ သူတို့ ရှိနေခဲ့သည့် ရုပ်တုများက တစ်ခုချင်းစီ အစအနမကျန် ပျောက်ကွယ်သွားသည်မှာ မည်သည့်အခါကမှ မတည်ရှိတော့သကဲ့သို့ ဖြစ်သည်။
သူတို့ ထွက်လာပြီးသည့်အခါ အချို့က ရီဖူရှင်းနှင့် လီဟန်ဓားသမားကို ကြည့်လိုက်ကြသည်။
သူတို့က ရုပ်တုများ၏ စွမ်းအားကို ဆက်ခံနေသော်လည်း အပြင်၌ မည်သည့်အရာများ ဖြစ်ပျက်နေသည်အား သိရှိကြပေသည်။ ဖြစ်ပွားခဲ့သည့် တိုက်ပွဲမှာ အလွန် ခမ်းနားထည်ဝါလှသည်။ ထို့ပြင် ထွက်ပေါ်လာသည့် ထိုဓားသမားက ပြီးပြည့်စုံခြင်း မဟာလမ်းစဥ် နတ်ဝင်ရိုးကို ဖွဲ့စည်းထားနိုင်ခဲ့သည်။
ထို့ပြင် ရီဖူရှင်းက အမွေအနှစ် ဆက်ခံနိုင်မည့် အခွင့်အရေးကို သူ့ သူငယ်ချင်းအား ပေးခဲ့လေသည်။
သူက ရန်ဟောင်အဆင့်သို့ မရောက်သေးခင်မှာပင် သူ၏ အခွင့်အရေးကို အခြားသူထံ ပေးပစ်ခဲ့သည်။ ရီဖူရှင်းက အလွန်အရည်အချင်းရှိပြီး ထူးခြားဆန်းကြယ်သူ တစ်ဦး ဖြစ်ကြောင်း ပြောနေရန် မလိုတော့ပေ။
ယူချင်းသည် ရုပ်တုအတွင်း နောက်ဆုံးမှ ဝင်သူ ဖြစ်သည့်အတွက် သူက နောက်ဆုံးမှ ထွက်လာသူ ဖြစ်ပေသည်။
သူက မျက်လုံးများကို ဖွင့်ကာ ရှေ့သို့ ခြေလှမ်းလိုက်ပြီး မဟာလမ်းစဥ် စွမ်းအားများက သူနှင့် ပေါင်းစပ်နေသည်။ သူက ရီဖူရှင်းကို ကြည့်လိုက်ပြီး ရီဖူရှင်းက သူ့ကို တောက်ပသည့် အပြုံးတို့နှင့် ပြန်ကြည့်နေခဲ့သည်။
ထို့နောက် ရုပ်တုသည် ပုံရိပ်ယောင်ကဲ့သို့ ပျောက်ကွယ်သွားတော့၏။ ထိုအချိန်တွင် ယခင်က ပိတ်လှောင်ခံထားရသော ကောင်းကင်နန်းတော်မှ တောက်ပသည့်် အလင်းတို့က ပေါက်ကွဲထွက်လာကာ ဖြာကျလာသည်။
ဘုန်း…
ပေါက်ကွဲသံက ပြင်းထန်စွာ ထွက်ပေါ်လာပြီး နန်းတော်တစ်ခုလုံးကို တုန်ခါသွားစေသည်။ မမြင်နိုင်သည့် ဖိအားက ကောင်းကင်လှေကားကို ဖုံးလွှမ်းသွားပြီး နန်းတော်ကို ချိတ်ဆက်ထားသည့် လှေကားက ပြိုကျပျက်စီးသွားလေသည်။
မကြာခင်၌ ကောင်းကင်လှေကားက ပျောက်ကွယ်သွားပြီး ကောင်းကင်နန်းတော်သည် မြေပြင်၌ ခြေကုပ်မရှိတော့သကဲ့သို့ ဖြစ်လာပုံရသည်။ ၎င်းမှ
အလွန် တောက်ပသည့် အလင်းတို့ ပေါက်ကွဲထွက်လာကာ အလင်းတန်းတစ်ခုက တိမ်တိုက်များဆီ ထိုးထွက်သွားပြီး ကောင်းကင်နှင့် နန်းတော်ကို တံတားတစ်ခုသဖွယ် ဆက်သွယ်ပေးထားလေသည်။
“ဒါက နောက်ဆုံးအမွေအနှစ် ထွက်ပေါ်လာတာလား။” လူတိုင်းက တုန်ယင်သွားကြသည်။ သူတို့သည် အသက်ကိုပင် ရဲရဲမရှုရဲကြပေ။ ထိုသည်မှာ နတ်ဘုရားအမွေအနှစ် နယ်မြေခရီးတွင် ပထမဆုံးအကြိမ်အဖြစ် ထိုမျှထိ ရရှိဖူးကြခြင်း ဖြစ်သည်။ ဤသည်မှာ သူတို့အတွက် ပထမဆုံးအကြိမ် အဆုံးထိ ရောက်ရှိဖူးကြခြင်း ဖြစ်သည်။
ဤနေရာ၌ မည်သည်ကို မြှုပ်နှံထားသနည်း။
***