Switch Mode

အခန်း( ၅၄၆ )

ရွှေရောင်အမှတ်အသား မြားတစ်ချောင်း

ထာဝရထီး၏ စွမ်းအားအစစ်အမှန်ပေါ်လာသည်တွင် လိုဏ်ခေါင်းထဲ၌ ပေါက်ကွဲသံများသည် ရှေ့ပြန်၊ နောက်ပြန် ပဲ့တင်ထပ်လျက် ရှိသည်။ ဝိညာဥ်မြား ၁၈ချောင်းတို့သည် တစ်ချောင်းမှ ထီးကို မထိခိုက်စေသည့်အပြင် ပိုင်ရှောင်ချန်းသည် ထာဝရထီး၏ ထိပ်မှ မျက်နှာကြီးကို မမြင်ရသော်လည်း ကျိုးရီရှင်းက မြင်နေရသည်။

ကျိုးရီရှင်းအတွက်မူ ပြုံးနေသော မျက်နှာကြီးသည် ကြက်သီးထရလောက်အောင် ကြောက်မက်ဖွယ်ကောင်းလှပြီး ယခင်က အနီရောင်ထီးများကိုပင် သတိရသွားပေသည်။

” ဒီထီးက ဘယ်လိုဟာမျိုးပါလိမ့်။”
သူ၏ ဦးရေပြားများ ထုံကျဥ်လာကာ တွေးနေမိသည်။ ထိုေနရာရှိ အေးစိမ့်ချီမှာ အေးစိမ့်လွန်းလှသဖြင့် သူ့ကိုယ်ထဲမှ တုန်ခါနေသည်ကို ခံစားမိနေသည်။

အသက်အန္တရာယ်က နီးကပ်လာနေပြီး ကျိုးရီရှင်း၏ မျက်လုံးထဲတွင် ရူးသွပ်မှုများ ပေါ်လာကာ နောက်သို့ ဆုတ်လိုက်သည်။ ဤတစ်ကြိမ်တွင် ဝိညာဥ်မြားများကို ဆင့်ခေါ်ခြင်းမပြုဘဲ သူ၏ ထည့်စရာအိတ်ထဲမှ မြားအသစ်တစ်မျိုးကို ထုတ်လိုက်သည်။

ထိုမြားသည် နီရဲတောက်နေကာ ပြင်းထန်လှသော အပူကို ထုတ်လွှတ်နေပြီး ထိုနေရာရှိ အေးစိမ့်ချီကို ပြိုလဲလုဆဲဆဲဖြစ်သွားစေသည်။ ပိုင်ရှောင်ချန်းက ထိုမြားကို တွေ့သောအခါ လှုပ်ရှားသွားလေသည်။

” အဲဒါ ဘာ…ဘာကြီးလဲ။ ဘာလို့ ကိုးရောင်ခြယ်မီးတောက်နဲ့ တူတယ်လို့ ခံစားနေရတာလဲ။ နေပါဦး။ ဆယ်ရောင်ခြယ်မီးတောက်များလား။ အီးယား… ”
ပိုင်ရှောင်ချန်းသည် ကျိုးရီရှင်းထံတွင် ဤသို့သော အဖိုးတန်ပစ္စည်းမျိုး ရှိနေသည့်အတွက် လုံးဝ အံ့ဩသွားသည်။

ပိုင်ရှောင်ချန်းကို ပို၍ စိတ်လှုပ်ရှားစေသည်မှာ စကြည့်စဥ်က မြားတစ်ချောင်းနှင့် တူသော်လည်း ခဏကြာသောအခါ အမှန်တကယ်ပင် မီးတောက်မှ ပြုလုပ်ထားသည်နှင့် တူေနသည်။

အမှန်တကယ်တော့ ဒြပ်ထုနှင့် ပုံရိပ်ယောင်ကြား အခြေအနေတစ်ခုတွင် ရှိနေသည့်အလား ဖြစ်နေသည်။ သာမန်ထက်ပို၍ ထူးကဲသည်မှာ ပိုင်ရှောင်ချန်းသည် မြားမျက်နှာပြင်ပေါ်မှ ရွှေရောင်အမှတ်အသားတစ်ခုကို တွေ့လိုက်ရသောကြောင့်ဖြစ်သည်။

“ရွှေရောင်အမှတ်အသား…”
အစပိုင်းတွင် ရွှေရောင်အမှတ်အသားသည် မည်သည့်အရာမှန်း မသေချာသေးသော်လည်း ခေါင်းများ ချာချာလည်သွားကာ ခဏအတွင်းမှာပင် ကောက်ချက်ချလိုက်နိုင်သည်။

” ဒါက… စိတ်စွမ်းအင် အဆင့်မြှင့်တင်ခြင်း ၁၁ကြိမ်လုပ်ထားတဲ့ အဖိုးတန်ရတနာတစ်ခုပဲ။ ”

စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းဆယ်ကြိမ်သည် ငွေရောင်အမှတ်အသား ဆယ်ခုဖြစ်စေသော်လည်း ၁၁ကြိမ်အဆင့်မြှင့်တင်ခြင်းမှာမူ ရွှေရောင်အမှတ်အသားတစ်ခုကို ဖြစ်စေသည်။

ပိုင်ရှောင်ချန်း၏ သုံးသပ်ချက်မှာ မှန်ခဲ့သည်။ ထိုမြားသည် … စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ၁၁ကြိမ်ပြုလုပ်ထားသော မီးဝိညာဥ်မြားပင် ဖြစ်ပေသည်။

ကျိုးရီရှင်းမှာ သိမ်းထားသည့် သူ၏ ဝှက်ဖဲကို ထုတ်သုံးရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။ ၎င်းသည် သူ၏ မျိုးနွယ်မှ ပေးအပ်ထားသော နောက်ဆုံးအကာအကွယ်ပစ္စည်းအဖြစ် သုံးရန် အထူးပစ္စည်းဖြစ်သည်။

၎င်းသည် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ၁၁ကြိမ်ပြုလုပ်ထားပြီး သူ၏ ကိုးကြိမ်တိုင်စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားသော လေးနှင့်ပေါင်းစပ်လိုက်သောအခါ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများကိုပါ သတ်နိုင်စွမ်းရှိလေသည်။

ဤမြားကိုပါ အသုံးပြုနေခြင်းသည် ကျိုးရီရှင်းက ပိုင်ရှောင်ချန်းကို မည်မျှအထိ သတ်ချင်နေကြောင်း ဖော်ပြနေသည်။

” သေဖို့သာ ပြင်ထား၊ ပိုင်ရှောင်ချန်း ”
သူက အော်ဟစ်ကာ လေးနှင့်မြားကို ချိန်လိုက်သည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းသည် ကြက်သီးများထလာပြီး အသက်အန္တရာယ်ကို ခံစားမိကာ မျက်လုံးအိမ်များလည်း ကျဥ်းမြောင်းလာသည်။

ဤအချိန်တွင်မူ အနှီမြားက သူ့ကို သေချာပေါက်သတ်ဖြတ်နိုင်ကြောင်း သိလိုက်ရသည်။

သူ့အတွက် တွေဝေတုံ့ဆိုင်းနေရန် အချိန်မရှိပေ။ ကျိုးရီရှင်းက လေးကြိုးကို ဆွဲလိုက်သည်နှင့် ပိုင်ရှောင်ချန်းသည် အော်ဟစ်ကာ သူ၏ တတိယမျက်လုံးကို ဖွင့်လိုက်သည်။ ချက်ချင်းပင် ကျိုးရီရှင်းသည် တုန်ခါသွားပြီး လေးကြိုးကို နောက်သို့ဆွဲနေသောလက်မှာ ရုတ်တရက်ရပ်တန့်သွားသောကြောင့် သူ့မျက်နှာတွင် ဝေခွဲမရဖြစ်နေသော အမူအရာများပေါ်လာသည်။

တချိန်တည်းမှာပင် ပိုင်ရှောင်ချန်းသည် အသက်ဝင်တောင်ဂါထာကို သုံးလိုက်ရာ မြည်ဟီးသံများထွက်ပေါ်လာပြီး လက်ကိုလည်း ဆန့်ထုတ်ကာ ရွှယ်ကျဲကော်တုကို ဆင့်ခေါ်လိုက်သည်။

သူ့ဘေးပတ်လည်သည် ရေငွေ့ပြင်ကျယ်ကြီးဖြစ်လာပြီး သူ၏ အေးစိမ့်ချီကိုလည်း ပြန်စုပ်ယူလိုက်ရာ သူ့နားတွင် မုန်တိုင်းထန်သွားတော့သည်။ ထိုမျှနှင့် မပြီးသေးပေ။ ထာဝရအသက်ရှည်နည်း သိုင်းပညာ၏ စွမ်းအားများ ပွင့်ထွက်လာပြီး သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအားကို အဆုံးထိ မြှင့်တင်ပေးလိုက်သည်။

အားလုံးကို ရေးပြရန်မှာ အချိန်ကြာသော်လည်း အမှန်တွင် အချိန်တိုအတွင်း၌ ဖြစ်သွားခဲ့ခြင်းဖြစ်သည်။ ခဏကြာလျှင် ကျိုးရီရှင်း၏ နဖူးပေါ်ရှိ ကြယ်အမှတ်အသားမှ ကြယ်ရောင်များ လင်းလက်လာပြီး ပိုင်ရှောင်ချန်း၏ ထိန်းချုပ်မှုမှ လွတ်မြောက်သွားသည်။ သူ့မျက်နှာတွင် ချွေးများ တဒီးဒီးကျလာပြီး လေးကြိုးကို လွှတ်လိုက်သည်။ ထို့နောက်တွင် မြည်သံထွက်ပေါ်လာပြီး စိတ်စွမ်းအင်၁၁ကြိမ်မြှင့်တင်ထားသော မီးဝိညာဥ်မြားသည် ရှေ့သို့ တဟုန်ထိုးပြေးထွက်သွားသည်။

လေးမှ ခွာသွားသည်နှင့် ကြီးမားကာ အလွန်အသက်ဝင်လှသော မီးနဂါးတစ်ကောင်အသွင်ပြောင်းသွားလေသည်။ နဂါးသည် ပိုင်ရှောင်ချန်းဆီသို့ ပြေးဝင်သွားပြီး အေးစိမ့်ချီမုန်တိုင်းကို တိုက်မိကာ ကွဲကြေသွားသည်။ ထို့နောက် ၎င်းက မြေပြင်မှ မြင့်တက်လာသော ဆူးချွန်ကြီးကို ဝင်တိုက်လိုက်သည့်တိုင် ရှေ့ဆက်သွားလေသည်။

နားကွဲစေလောက်သည့် မြည်ဟည်းသံကြီးတစ်ခု လမ်းတစ်လျှောက်ထွက်ပေါ်လာပြီး ပိုင်ရှောင်ချန်းသည် လေထဲသို့ ခုန်တက်ကာ ကြီးမားလှသော ကျောက်ဘီလူးအသွင်ပြောင်းလိုက်သည်။ ညာလက်ကို ဆန့်ထုတ်၍ တောင်ဖြိုသိုင်းကွက်နှင့် လည်မျိုဖမ်းဆုပ်သိုင်းကွက်ကို ထုတ်ကာ သက်ရှိတောင်တစ်လုံးနှင့် သူ၏ ခန္ဓာကိုယ်စွမ်းအားတို့ကို အားကုန်သုံးကာ တိုက်ခိုက်လိုက်လေသည်။

မည်သို့ပင်ဖြစ်စေ ဤမြားသည် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူကို သတ်နိုင်စွမ်းရှိပြီး ရှောင်ရှားနိုင်ရန် မျှော်လင့်ချက်မရှိပေ။

သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ မြားကို ဖမ်းနိုင်ရန်သာဖြစ်သည်။

သူ၏ ရွှေအမြုတေသည် မြန်ဆန်စွာ လှည့်ပတ်နေပြီး မီးဝိညာဥ်မြားကို ပိတ်ဆို့ရန် လိပ်ခွံဒယ်အိုးကလေးပေါ်လာရာ အနက်ရောင်အလင်းတစ်ခု ရုတ်တရက်ထွက်ပေါ်လာလေသည်။

ထိုအခြင်းအရာနှစ်ခု တိုက်မိသွားပြီး ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုပေါ်လာကာ မီးဝိညာဥ်မြားဆီမှ နာကျင်စွာ အော်ဟစ်သံကဲ့သို့ အသံမျိုးထွက်လာကာ ဖိအားပြင်းလှိုင်းလုံးများ ပျံ့နှံ့သွားလေသည်။ သို့သော် အရာအားလုံးသည် မြန်ဆန်စွာဖြစ်ပျက်သွားပြီး ပိုင်ရှောင်ချန်း၏ လက်ရှိနေရာသည် ကျိုးရီရှင်း၏ မြင်ကွင်းကို ပိတ်ထားသောကြောင့် ဖြစ်ပျက်နေသည်ကို သူ သေချာမမြင်ရပေ။

မီးဝိညာဥ်မြားသည် အပိုင်းပိုင်းအစစဖြစ်သွားတော့မည့်အချိန်တွင် ပိုင်ရှောင်ချန်းသည် သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအားနှင့် အသက်ဝင်တောင်ခွန်အားကို သုံးသည့်အပြင် တောင်ဖြိုသိုင်းကွက်နှင့် လည်မျိုဖမ်းဆုပ်တိုက်ကွက်တို့၏ အားများကို သုံးကာ လက်ဆန့်၍ မီးနဂါး၏ လည်မျိုကို ဖမ်းဆုပ်လိုက်လေသည်။ ထို့နောက် ထာဝရပြုစားခြင်းသိုင်း အစွမ်းကိုသုံးကာ မြားကို ပျက်စီးမသွားအောင် တားလိုက်သည်။

ဥမင်ထဲတွင် မြည်ဟည်းသံများ ပြည့်နှက်နေကာ ပြင်းထန်လှသော ဖိအားလှိုင်းကြောင့် ကျိုးရီရှင်း၏ နှုတ်ခမ်းမှ သွေးများပန်းထွက်လာပြီး ကြိုးပြတ်သွားသော စွန်သဖွယ် နောက်သို့ ယိုင်းယိမ်သွားသည်။ သူ၏ အမူအရာတွင် မယုံကြည်နိုင်မှုနှင့် ထိတ်လန့်မှုတို့ ရောယှက်လျက်ရှိသည်။

ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူကိုပင် သေစေနိုင်သည့် သူ၏ မီးဝိညာဥ်မြားသည် ပိုင်ရှောင်ချန်းလက်ထဲတွင် မိသွားလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ပေ။

ပိုင်ရှောင်ချန်း၏လက်သည် မီးဝိညာဥ်မြားပေါ်သို့ ရောက်သွားသည်နှင့် သူ၏ ရွှယ်ကျဲကော်တု ဆူးချွန်များမှာ ပြိုလဲသွားပြီး အေးစိမ့်ချီမှာလည်း ပျောက်ကွယ်သွားသည်။ သူ၏ ကျောက်ဘီလူးအသွင်မှာလည်း ကွဲကြေသွားပြီး သူသည် သွေးများအန်လျက် ထွက်ပေါ်လာလေသည်။

သူသည် နောက်သို့ ဆောင့်ပစ်ခံလိုက်ရကာ သူ၏ ချပ်ဝတ်တန်ဆာ အထပ်ထပ်မှာလည်း ပြာများအဖြစ် ပျက်စီးသွားကြသည့်တိုင် သူ၏ လက်သည် မြားကို တင်းကြပ်စွာ ဆုပ်ထားလိုက်သည်။ ရုန်းကန်နေသော မီးနဂါးသည် အော်မြည်ကာ တိုက်ခိုက်လိုက်သော်လည်း အဆုံးတွင် မြားတစ်ချောင်းအဖြစ် ပြန်ကျုံ့သွားသည်။

“မဖြစ်နိုင်ဘူး ”
ကျိုးရီရှင်းသည် အော်ဟစ်လိုက်ပြီး မျက်လုံးမှာလည်း အပြင်သို့ ထွက်ကျတော့မည့်အလား ပြူးထွက်နေသည်။ အသက်အန္တရာယ်နီးကပ်လာသည့် ခံစားချက်များ ပြည့်လာပြီး မောဟိုက်ပင်ပန်းကာ အကြောက်တရားအပြည့်ဖြင့် သူ့ရှေ့ရှိ မယုံနိုင်ဖွယ် မြင်ကွင်းကို ကြည့်နေမိသည်။ နောက်ဆုံးတွင် သူ၏ နဖူးပေါ်မှ တည်နေရာရွှေ့ပြောင်းခြင်းအစွမ်းများ ထွက်ပေါ်နေပြီဖြစ်သည့် ကြယ်အမှတ်အသားကို သုံးလိုက်ရလေသည်။

ပိုင်ရှောင်ချန်းသည် တဖြည်းဖြည်းမော့ကြည့်လိုက်ကာ မျက်လုံးများနီရဲလျက် သတ်ချင်စိတ်အပြည့်နှင့် ရှေ့သို့ တစ်လှမ်းတိုးလိုက်လေသည်။
” သေဖို့ အချိန်ကျပြီ၊ကျိုးရီရှင်း ”

ထိုခြေလှမ်းသည် ကျိုးရီရှင်း၏ နှလုံးသားထဲသို့တိုင် တိုက်ရိုက်ရောက်ရှိသွားသည့်အလားဖြစ်သည်။ သူ၏ မီးဝိညာဥ်မြားသည် သူ၏ ပြိုင်ဘက်ကို မသတ်နိုင်လျှင် မည်သည့်အရာက ဖြစ်နိုင်ပါသနည်း။ ခေါင်းများချာချာလည်ကာ ထိုအကြောင်းကို တွေးရန် အချိန်မရှိဘဲ သူ၏ နဖူးကို ဖိချလိုက်ရာ သူ၏ ကြယ်အမှတ်အသားမှ ကြယ်ရောင်များ ပေါက်ကွဲထွက်လာပြီး သူ့ကို ဖုံးလွှမ်းသွားကာ တည်နေရာရွှေ့ပြောင်းသွားလေသည်။

သူသည် ပြေးရန်မှတပါး တစ်ခုမှ မလုပ်ဝံ့ချေ။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းကို တွေးရုံမျှနှင့်ပင် သူကြောက်ဒူးတုန်နေတော့သည်။

ပိုင်ရှောင်ချန်းသည် ကျိုးရီရှင်းက လျင်မြန်စွာ ပျောက်ကွယ်သွားချိန်တွင် သွေးတစ်ပွက်အန်သွားပြီး ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။

” ဒီကောင် ဒီလောက်မြန်မြန်ပြေးနိုင်တာ ငါ ယုံတောင် မယုံနိုင်ဘူး။ ငါ သွေးအန်နေတာတောင် မပြီးသေးဘူးလေကွာ ”
ပိုင်ရှောင်ချန်းသည် ကျိုးရီရှင်း၏ ကြယ်အမှတ်အသားမှ တည်နေရာ တည်နေရာရွှေ့ပြောင်းခြင်းအစွမ်း ထွက်ပေါ်လာသည်ကို ခံစားမိသည်နှင့် ပို၍ အားနည်းသည့်ပုံပေါက်စေရန် တမင်တကာ သွေးများအန်လိုက်ခြင်းဖြစ်သည်။ သူ၏ အစီအစဥ်မှာ ကျိုးရီရှင်းကို ထွက်မသွားစေရန် လှည့်စား၍ အမှန်တကယ်တွင် သူမည်မျှ စွမ်းအားကြီးကြောင်း ကြွားမည်ဖြစ်သည်။

သူ ကျိုးရီရှင်းကို သတ်သည်အထိလည်း ဖြစ်သွားနိုင်သည်။ သို့သော် သူမျှော်လင့်ထားသည်နှင့် ကွဲလွဲစွာ ကျိုးရီရှင်းသည် သူ သွေးအန်ပြီးသည်အထိပင် မစောင့်ဘဲ ပျောက်ကွယ်သွားလေသည်။

သက်ပြင်းချလျက် ပိုင်ရှောင်ချန်းသည် နတ်ဆေးလုံးကို ထုတ်ကာ စားလိုက်လေသည်။ သူသည် ပြန်ကောင်းလာသည်နှင့် လက်ထဲမှ မြားကို ငုံ့ကြည့်လိုက်ကာ ပျော်ရွှင်စွာ ရယ်မောလိုက်သည်။

” ငါ ဒီကျိုးရီရှင်းကို ဘယ်လိုပဲဖြစ်ဖြစ် မသတ်တာကောင်းမယ်ထင်တယ်။ သူနဲ့ တိုက်လိုက်တိုင်း ငါ့ကို အဖိုးတန်ပစ္စည်းတစ်ခုခုပေးသွားတာ။ ကိုးရောင်ခြယ်မီး၊ ၁၁ကြိမ် စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားတဲ့ ဝိညာဥ်မြား၊ ဟားဟားဟား အင်း…သူ့ရဲ့ လေးလည်း ရှိသေးတာပဲ။ ”
ဤအကြောင်းကို သူ တွေးမိသွားသောအခါ ယခု တိုက်ခိုက်ခဲ့သော တိုက်ပွဲကို စိတ်လှုပ်ရှားစွာဖြင့် ပြန်ပြောင်းစဥ်းစားနေမိသည်။

မြားသည် မယုံနိုင်လောက်အောင်ပင် စွမ်းအားကြီးလှသဖြင့် သူ ကြောက်လန့်သွားရသည်။ သူ၏ ကောင်းကင်တံတား ဓမ္မမျက်လုံးကိုသာ မသုံးခဲ့လျှင်၊ လိပ်ခွံဒယ်အိုးလေး၏ အကာအကွယ်ကြောင့်သာမဟုတ်လျှင် သူသည် အဖမ်းခံရလျှင်ခံရ၊ မဟုတ်လျှင် လုံးဝ ပျက်စီးပျောက်ကွယ်သွားမည်သာ ဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset