Switch Mode

အခန်း ( ၅၄၅ )

ငါက ကျိုးရီရှင်းကွ

ပိုင်ရှောင်ချန်းသည် လိုဏ်ခေါင်းတစ်လျှောက် တဟုန်ထိုးပြေးနေသဖြင့် သူ့နောက်ရှိ မြေကွက်လပ်မှာ မည်သို့ဖြစ်ပျက်နေလဲဆိုသည်ကို မသိပေ။ နောက်ဆုံးတွင် သူသည် အတန်ငယ်ဝေးသောနေရာသို့ ရောက်ရှိသွားလေရာ မွှေးပျံ့ချိုအီသော အနံ့ အနည်းမျှပင် မရတော့သည်အချိန်မှ အရှိန်လျှော့ပြီး သူ့ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။

မြေကွက်လပ်မှ အဝေးတစ်နေရာသို့ ရောက်နေဖြစ်ကြောင်း သေချာမှသာလျှင် သူက အသိစိတ်လွတ်နေကြသော ကျောက်လုံနှင့် နတ်ဆရာကို အောက်ချလိုက်လေသည်။ နတ်ဆရာမှာ လောလောဆယ်တွင် သွေးများပေကျံနေသော အသားတစ်တုံးကို ကိုက်စားနေသော ကျောက်လုံနှင့်စာလျှင် ပိုကောင်းသော အခြေအနေတွင်ရှိသည်။

ပိုင်ရှောင်ချန်းက အသားတုံးကို ဖယ်လိုက်ပြီး ကျောက်လုံ၏ ပါးစပ်ထဲသို့ ဆေးလုံးတစ်လုံးထည့်ပေးလိုက်သည်။ နတ်ဆရာကိုလည်း ထိုနည်းတူပင်။ ထို့နောက် သူက သူတို့နှစ်ယောက်လုံး၏ ငယ်ထိပ်ကို ရိုက်ချလိုက်၏။

နှစ်ယောက်လုံးများ တုန်ရီသွားကြပြီးနောက် မျက်လုံးများ တဖြည်းဖြည်း ပွင့်လာတော့သည်။ မျက်နှာဖုံးတပ်ထားသည့် ပိုင်ရှောင်ချန်းကို ဇဝေဇဝါကြည့်ပြီးနောက် သူတို့ရောက်နေသောနေရာကို စူးစမ်းလိုက်သည်။ နောက်ဆုံး၌ ေမြကွက်လပ်ထဲတွင် ဖြစ်ပျက်ခဲ့သောအရာများကို ပြန်မှတ်မိသွားပြီး နှစ်ယောက်လုံး ပျို့တက်သွားကြတော့သည်။ ကျောက်လုံမှာမူ သန္ဓေသားလောင်းပမာ တွန့်လိမ့်ကောက်ကွေးနေလေတော့သည်။

ပြန်လည်သက်သာလာသည်နှင့် နတ်ဆရာက ပိုင်ရှောင်ချန်းကို ကြည်ညိုလေးစားသော အမူအရာတစ်ခုဖြင့် ကြည့်လိုက်လေသည်။ လက်ကိုယှက်ရင်း ခေါင်းငုံ့၍ သူကပြောသည်။
” ခင်ဗျားရဲ့ ကြင်နာသနားမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ် တာအိုရောင်ရင်း ”

ဖြစ်ပျက်ခဲ့သော အခြေအနေကြီးက မည်မျှကြောက်စရာကောင်းကြောင်းစဥ်းစားကြည့်ပါက သူတို့ကို ကယ်မည့်သူမရှိလျှင် သူ့ကိုယ်သူ သေသည်အထိ စားသုံးခြင်းဖြင့်သာ အဆုံးသတ်သွားမည်ဖြစ်ကြောင်း သူကောင်းကောင်းသိလေသည်။

ကြွင်းကျန်နေသော အကြောက်တရားကြောင့် သူ့မှာ တုန်ရီနေဆဲပင်။

အန်ပြီးနောက်တွင် ကျောက်လုံက ပိုင်ရှောင်ချန်းကို ကြည့်ကာ လက်ယှက်ပြီးနောက် လေးလေးနက်နက် ဦးညွှတ်လိုက်လေသည်။ ပိုင်ရှောင်ချန်းသည် ဝိညာဥ်ကျင့်ကြံသူတစ်ယောက်အသွင်ရှိသော်လည်း သူသည် အလွန်လေးနက်စွာ ကျေးဇူးတင်နေဆဲပင်။

” ဒီနေရာက အန္တရာယ်များလွန်းတယ်” ပိုင်ရှောက်ချန်းက ပြောလိုက်သည်။
” မင်းတို့ နှစ်ယောက်ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ”
ယခုတွင် သူသည် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေလေပြီ။ ဝင်္ကပါထဲ ဝင်ခဲ့သည့် အချိန်မှစ၍ သူက ကျင့်ကြံသူများနှင့် တိုက်ခိုက်ရခြင်း သို့မဟုတ် ကြောက်စရာကောင်းသောအရာများမှ ထွက်ပြေးနေခဲ့ခြင်းများ ပြုလုပ်နေခဲ့ရသည်။ ဦးထုပ်နီများဖြစ်စေ သွေးများရွှဲနေသော ပေါက်စီများပင် ဖြစ်စေ ပိုင်ရှောင်ချန်းကို အလွန်တုန်လှုပ်ချောက်ချားသွားစေသည်။ သက်ပြင်းချရင်း နတ်ဆရာနှင့် ကျောက်လုံကို ဆေးလုံးအနည်းငယ်နှင့် အဆောင်လက်ဖွဲ့တချို့ပေးလိုက်ပြီးနောက် ထွက်သွားလေသည်။

သူတို့ကို သူနှင့်အတူ မခေါ်လိုက်ပေ။ အကယ်၍ သူ၏ သရုပ်မှန်သာ ပေါ်သွားခဲ့လျှင် သူတို့အားလုံး အန္တရာယ်တွင်းထဲကျသွားလေမည်။ ထို့အပြင် ဤနေရာကို သူတစ်ယောက်တည်း လှည့်ပတ်သွားခြင်းက ပို၍ဘေးကင်းသည်ဆိုသော ခံစားချက်ရှိသောကြောင့်ပင်။

သူထွက်သွားပြီးနောက် နတ်ဆရာနှင့် ကျောက်လုံသည် တိတ်တဆိတ်အကြည့်ဖလှယ်လိုက်ကြပြီးနောက် သူတို့ကိုပေးခဲ့သည့် ဆေးလုံးများနှင့် အဆောင်လက်ဖွဲ့များအား လေးလေးနက်နက် ငုံ့ကြည့်လိုက်သည်။ ထို့နောက် စကားနည်းနည်းပါးပါးပြောပြီး နှစ်ယောက်ပေါင်းရန် ဆုံးဖြတ်လိုက်တော့သည်။

ရက်အနည်းငယ် ကုန်လွန်သွားပြန်၏။ ပိုင်ရှောင်ချန်းသည် ဝင်္ကပါထဲတွင် ယခင်အတိုင်း သတိကြီးစွာ တရိပ်ရိပ်ပြေးနေလေသည်။ ကံဆိုးစွာပင် သွေးများရွှဲနေသော ပေါက်စီများနှင် မြေကွက်လပ်မှ ထွက်ခွာလာပြီးနောက် ယခင်ကဲ့သို့ လမ်းပျောက်သွားပြန်သည်။

အံတင်းတင်းကြိတ်ရင်း သူမည်သည့်နေရာရောက်နေသည်ကို သေချာ ရှာရန် တူညီသော နည်းလမ်းကိုသာ အသုံးပြုလိုက်သည်။ သို့သော် အချိန်များစွာကုန်လွန်သွားသည်နှင့်အမျှ သူ၏ အကြောက်တရာများ ပိုမို မြင့်တက်လာတော့သည်။ မကြာမီ သူသည် နှစ်ရက်တိတိ မည်သူ့ကိုမှ မမြင်ရသည်အထိ ရောက်သွားတော့သည်။

ဝင်္ကပါကြီးတစ်ခုလုံးတွင် အလောင်းများဖြင့်သာ ပြည့်နေပုံပေါ်လာသဖြင့် သူ၏ နှလုံးသားမှာ တင်းနေသောလေးကြိုးတစ်ခုအလား တင်းကြပ်နာကျင်လာတော့သည်။

” ထူးဆန်းတာ တစ်ခုခုဖြစ်နေပြီ။ လူတစ်သိန်းကျော်လုံး သေသွားပြီလို့ မပြောစမ်းပါနဲ့ ”
ထိုအတွေးက သူကို မွန်းကြပ်သွားစေတော့သည်။ မည်သည့်အရပ်သို့ သူသွားနေသည်ကို မသိတော့ဘဲ ထွက်ပေါက်ကိုလည်း မရှာနိုင်တော့ပေ။ သူရောက်ခဲ့သော လမ်းကြောင်းများကို မှတ်ရန် နံရံများပေါ်တွင် အမှတ်အသားများထား၍မရလေရာ အမှန်တကယ်ဆိုရလျှင် သူသည် တစ်နေရာထဲလည်နေသည့်အလား ခံစားနေရတော့သည်။ ထိုအရာအားလုံးထက် သူက တစ်ယောက်တည်းဖြစ်နေသည်ဟု ခံစားလိုက်လေသည်။ သူက အလွန်အမင်း ကြောက်လန့်တုန်လှုပ်နေ၍ မျက်နှာဖုံးအကြောင်းနှင့် ဟန်ဆောင်ရန်ကိုပင် မတွေးနိုင်တော့ပေ။

နောက်တစ်ရက်ကုန်သွား၏။ သူက အရှိန်တင်ရန် ဆုံးဖြတ်လိုက်သော်လည်း ယခုထက်ထိ မည်သူနှင့်မှ မတွေ့သေးပေ။ သူ၏ အကြောက်တရားများ ကြီးထွားလာတော့သည်။

ထို့နောက် သူက ရှုပ်ထွေးသောအခြေအနေကြီးထဲ တွန်းပို့ပေးသော လူကို တွေးလိုက်မိပြီး အံတင်းတင်းကြိတ်လိုက်လေသည်။
” ခွေးကောင် ချိန်ဟဲ့ထျန်။ ကျုပ် မဟာတံတိုင်းကို ကောင်းကောင်း ပေးဆပ်ခဲ့တယ်။ ဒါက ခင်ဗျား ကျုပ်ကို ပြန်ပေးခဲ့တာပေါ့”

ဒေါသထွက်နေသည့်အခိုက်အတန့်တွင် ပိုင်ရှောင်ချန်းသည် ရုတ်တရက် ဝှီးခနဲလေတိုးသံတစ်ခုကို ကြားလိုက်ရ၏။ ကြည့်ရသရွေ့ လူတစ်ယောက်က သူ့ရှိရာဘက်သို့ အမြင့်ဆုံးအရှိန်ဖြင့် လာနေပုံရသည်။ မည်သူမှ မတွေ့ခဲ့ရသည်မှာ ရက်များစွာ ကြာခဲ့ပြီဖြစ်ကြောင်း စဥ်းစားကြည့်လျှင် သူ အလွန်တရာ ဝမ်းမြောက်သွားတော့သည်။

သို့သော် တချိန်တည်းမှာပင် သူက သတိအပြည့်နှင့် နောက်ဆုတ်၍ ရှေ့ရှိလမ်းဆုံကို စိုက်ကြည့်လိုက်သည်။

တချိန်တည်းမှာပင် လမ်းအကွေ့၏ အခြားတစ်ဖက်ရှိနေသော မည်သည့်အရာဖြစ်ဖြစ် ၄င်းသည်လည်း အခြားလူတစ်ယောက်၏ တည်ရှိမှုကို သတိပြုမိသည့်အလား လေတိုးသံ ရပ်တန့်သွား၏။

ပိုင်ရှောင်ချန်းမှာ ထိုလမ်းအကွေ့တွင် ရှိသည်က လူလား၊သရဲလား မသိပေ။ မည်သို့ပင်ဖြစ်စေ သူတို့သည်လည်း ပိုင်ရှောင်ချန်းနှင့်ပတ်သက်၍ စိတ်ရှုပ်ထွေးသွားပုံရလေသည်။ အချိန်အတန်ကြာ နှစ်ဖက်လုံးက တိတ်ဆိတ်စွာ ရပ်မြဲရပ်နေကြသဖြင့် မည်သို့မှဖြစ်မလာဘဲ စိုးရိမ်မှုများ မြင့်တက်လာတော့သည်။

နောက်ဆုံး၌ ပိုင်ရှောင်ချန်းက တိတ်တဆိတ် အသက်တစ်ချက်ရှူသွင်းကာ ဓားပျံတစ်ချောင်းဆွဲထုတ်လိုက်သည်။ အင်္ကျီလက်ကို ခါရင်း သူ၏ ထိန်းချုပ်စွမ်းအားကို ဆင့်ခေါ်၍ လမ်းဆုံထံ ပျံသွားစေလိုက်၏။ ထိုအချိန်တွင် လမ်းအကွေ့၏ အခြားတစ်ဖက်မှလည်း အနက်ရောင်အလင်းတန်းတစ်ခုထွက်လာသည်။

ထိုအနက်ရောင်အလင်းတန်းထဲတွင် ဝိညာဥ်မြားတစ်ချောင်းပါပြီး ပိုင်ရှောင်ချန်း၏ ဓားပျံကို ထိမှန်ကာ အစိတ်စိတ်အမြွှာမြွာ ကွဲကြေသွားတော့သည်။ တခဏကြာသော် ဝိညာဥ်မြားသည် ပိုင်ရှောင်ချန်း၏ ရှေ့တည့်တည်သို့ရောက်လာလေရာ သူက ဧရာမဒယ်ဇောက်အိုးကြီးတစ်လုံးဆင့်ခေါ်၍ ၄င်းလမ်းကြောင်းကို တားဆီးပိတ်ဆို့လိုက်ရလေသည်။

အုန်းခနဲ အသံကြီးကြောင့် တစ်နေရာလုံး တသိမ့်သိမ့်တုန်ခါသွားချိန်တွင် ပိုင်ရှောင်ချန်းက ရုတ်တရက် ထရယ်လိုက်၏။

ထိုဝိညာဥ်မြားကို မြင်လိုက်သည်နှင့် မြားအမျိုးအစားကို မှတ်မိသွားပြီး ကျိုးရီရှင်း ပစ်လွှတ်လိုက်ကြောင်းသိလိုက်လေသည်။ အမှန်တကယ်တွင် သူက ကျိုးရီရှင်း၏ နာမည်ကို မသိသော်လည်း သူ့နဖူးပေါ်ရှိ ကြယ်အမှတ်အသားကို အသေအချာ မှတ်မိလေသည်။ ‘ကြယ်星’ စကားလုံးသည် ‘ မျောက်ဝံ 猩 ‘ စကားလုံးနှင့် ကာရန်တူလေရာ သူ၏နာမည်ကို သူ့ဘာသာသူပေးလိုက်ခြင်းဖြစ်လေသည်။

” ေဩာ် မင်းပါလား ကိုမျောက်ဝံရေ ”

ယခုတွင် သူရင်ဆိုင်နေရသည်မှာ ထူးဆန်းသောအရာများ မဟုတ်ဘဲ လူတစ်ယောက်ဖြစ်ကြောင်း သေချာသွားလေရာ ချက်ချင်း စိတ်ဓာတ်တက်ကြွလာတော့သည်။ ရှေ့သို့ အပြေးအလွှားသွားရင်း သူက လမ်းဆုံသွားလိုက်သည့် တချိန်တည်းမှာပင် ကျိုးရီရှင်းလည်း ထွက်လာ၏ ။

ကျန်းရီရှင်းသည် ပိုင်ရှောင်ချန်းကို မြင်သောအခါ မျက်စိမျက်နှာပျက်သွားတော့သည်။ သူသည် သူ့ကိုယ်သူပင် လန့်ဖျပ်ကြောက်ရွံနေခဲ့ရသည်။ ဝင်္ကပါထဲရှိ ကို့ရို့ကားယားအရာများမှ လွတ်မြောက်ရန် လုံံးဝမဖြစ်နိုင်သော်လည်း ကြယ်အမှတ်သားမရှိပါက ကျိုးရီရှင်းမှာ အချိန်အတော်ကြာကတည်းက အသတ်ခံနေရလေပြီ။

ယခုအချိန်တွင် သူ၏အခြေအနေက ဆိုးဝါးနေဟန်တူနေသည်။ သူ၏ဆံပင်များမှာ ရှုပ်ပွနေပြီး အိတ်ထဲတွင်လည်း မှော်ပစ္စည်းများ နည်းပါးနေလေပြီ။ အဆိုးဆုံးက သူ၏ကြယ်အမှတ်သားမှာ အကြိမ်များစွာအသုံးပြုထားခြင်းကြောင့် မှေးမှိန်နေတော့သည်။ ၄င်းကုန်ဆုံးသွားသည်နှင့် အသစ်ပြန်ရရန် တစ်ခုတည်းသောနည်းလမ်းမှာ မျိုးနွယ်စုကို ပြန်၍ ဘိုးဘွားဗိမာန်ရှေ့တွင် ၄၉နှစ်ကြာ ဒူးထောက်ရမည်ဖြစ်သည်။

သူ့အတွက် သူ၏ ကြယ်အမှတ်အသားဆုံးရှုံးရတော့မည့် အဓိကအကြောင်းရင်းမှာ ပိုင်ရှောင်ချန်းကြောင့်ဖြစ်သည်။သူနှင့် မတွေ့ခင်က ဝင်္ကပါထဲရှိ အရာအားလုံးမှာ အဆင်ပြေခဲ့သော်လည်း နောက်တွင်တော့ သူ ကံဆိုးမိုးမှောင်ကျသွားတော့သည်။

မည်သူ့ကိုမှ ရက်အတန်ကြာမတွေ့ရပဲ သူပထမဆုံးတိုးသည့်လူမှာ ပိုင်ရှောင်ချန်းဖြစ်လိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။

” မင်းသာ မျောက်ဝံကွ ပိုင်ရှောင်ချန်း ”
သူက ပြန်အော်လိုက်သည်။
” မင်း တစ်မိသားစုလုံး မျောက်ဝံပဲ ”

အမှန်တကယ်ဆိုလျှင် ဤလူက မည်သူဖြစ်ကြောင်း လုံးဝမသေချာသော်လည်း ပိုင်ရှောင်ချန်းဖြစ်မည်ဟု ယုံကြည်လေသည်။ ပိုင်ရှောင်ချန်း အနားရောက်လာချိန်တွင် ကျိုးရီရှင်းက သူ၏ လေးကြီးကို မြှောက်၍ ဝိညာဥ်မြားကိုးချောင်းကို လျင်မြန်စွာ ပစ်လွှတ်လိုက်လေသည်။

ပိုင်ရှောင်ချန်းက တဟားဟား ရယ်မောလိုက်ပြီး သူ၏ ထာဝရထီးကို ဖွင့်ကာ ဝိညာဥ်မြားအားလုံးကို ပိတ်ဆို့လိုက်ပြီးနောက် ကျိုးရီရှင်း၏ အနားကပ်လာတော့သည်။

ကျိုးရီရှင်းက ထာဝရထီးပေါ်ရှိ ငွေရောင်အမှတ်အသားကိုးခုကို ချက်ချင်းသတိပြုမိသွားပြီး ယခင်က ရှစ်ခုသာရှိကြောင်း ပြန်သတိရသွားလေသည်။ သူ၏မျက်လုံးများ နီရဲလာပြီး သူက ဒေါသတကြီးအော်ဟစ်လိုက်တော့သည်။

သူ၏ ကိုးရောင်ခြယ်မီးတောက်မှာ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းပြုလုပ်ရာတွင် အသုံးချခံလိုက်ရကြောင်း သဘောပေါက်သွားလေသည်။ ပထမဆုံးအကြိမ်မှာပင် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း အောင်မြင်သွားခဲ့ပုံမှာ လုံးဝကံကောင်းလွန်းလေရာ ကျိုးရီရှင်းကို ပို၍ ဒေါသထွက်သွားစေတော့သည်။

” ဒေါသထွက်စရာမလိုပါဘူး ကို မျောက်ဝံရယ်။ မင်းနာမည်က ဘာတုံး ပြောပါဦးကွ ”
ထီးကိုပိတ်ရင်း သူက မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်ရာ အေးစိမ့်ချီများသည် ရေခဲဆူးချွန်ဖြစ်သွားကာ မိုးသီးမိုးပေါက်များပမာ ကျိုးရီရှင်းထံ ဦးတည်သွားလေသည်။

အမှန်မှာ ပိုင်ရှောင်ချန်းသည် ကျိုးရီရှင်းနှင့် တွေ့ရသည်ကို အလွန်ပျော်နေပြီး ရက်ပေါင်းများစွာ အထီးကျန်မနေချင်သည့်အတွက် သူ့ကို သတ်လိုစိတ်မရှိပေ။ သူသည် နတ်ဆရာနှင့် ကျောက်လုံအား ထားခဲ့သည်ကိုပင် နောက်တရနေခဲ့ရာ ရင်းနှီးသော မျက်နှာများသည် သူ့ကို ကောင်းချီးပေးနေသည့်အလားပင်။

” ငါက ကျိုးရီရှင်း ကွ ငတုံးရဲ့ ”
သူက ရေခဲဆူးချွန်များကိူ ခုန်ပျံကျော်လွှား ရှောင်တိမ်းရင်း ဟိန်းဟောက်လိုက်ပြီး တစ်ဆက်တည်းမှာပင် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွယ်တစ်ခုဖော်လိုက်ရာ သူ့အထဲမှ အမုန်းဝိညာဥ်များစွာ တဝုန်းဝုန်းထွက်လာတော့သည်။ ဝိညာဥ်များက မှော်သင်္ကတတစ်ခုအသွင် အတူတကွ စုပေါင်းသွားပြီးနောက် ရေခဲဆူးချွန်များကို ရင်ဆိုင်ရန် ရှေ့တိုးသွားကြကာ ဝိညာဥ်မီးများ ပေါက်ကွဲထွက်လာတော့သည်။
.
ထစ်ခြုန်းသံများ မြည်ဟည်းသွားပြီး ရေခဲချွန်များ ကြွေမွသွားကာ တုန်ခါလှိုင်းတစ်ခု ထုတ်လွှတ်လိုက်သဖြင့် ကျိုးရီရှင်းက အခွင့်ကောင်းယူကာ နောက်ဆုတ်လိုက်လေသည်။ တချိန်တည်းမှာပင် သူက ဝိညာဥ်မြားရှစ်စင်းကို တစ်ခါတည်း ပစ်လွှတ်လိုက်၏။

” သေဖို့အချိန်ကျပြီ” သူက အော်ဟစ်လိုက်သည်။

သူ၏ ထာဝရထီးမပါပဲ ပိုင်ရှောင်ချန်းသည် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ကိုးဆပြုလုပ်ထားးသော ကျိုးရီရှင်း၏ လေးကို ရင်ဆိုင်ရန် အခက်ကြုံမည်ဖြစ်သည်။ သို့သော် ယခုတွင် အခြေအနေများ မတူတော့ပေ။

” ကျိုးရီရှင်း။ ရှင်းက မျောက်ဝံလို့ပြောတာလား။ ဒီတော့ မင်းက တကယ်ပဲ မျောက်ဝံပေါ့ကွာ။ ဟားဟားဟား ”
ပိုင်ရှောင်ချန်းက ထာဝရထီးကို ဖျတ်ခနဲ ဖွင့်လိုက်ပြီး နောက်တစ်ဖန် ဝိညာဥ်မြားများကို ခုခံလိုက်လေသည်။ ထို့နောက် သူ၏ အေးစိမ်ချီများကို ထုတ်ကာ ရေခဲချွန်အမြောက် အမြား ပစ်လွှတ်လိုက်၏။

သူ၏အစီအစဥ်မှာ ကျိုးရီရှင်းကိုအသက်ရှင်လျက်ဖမ်းပြီး အောက်လမ်းဆရာများ၏ လျှို့ဝှက်ချက်များကို ညှစ်ထုတ်ရန် ဖြစ်လေသည်။ ပို၍ ကောင်းသည်မှာ သူသာ စွမ်းအားကြီးသော ရန်သူများနှင့် ပက်ပင်းတိုးပါက သူ့ကို ငါးစာ သို့မဟုတ် အမြှောက်စာအဖြစ် ပစ်ပေါက်နိုင်လေသည်။

Comment

  1. Thet Paing Soe Oo says:

    Best

Leave a Reply

Options

not work with dark mode
Reset