အပိုင်း(၁၆၄၃)

ပြီးပြည့်စုံခြင်းအဆင့်

ရီဖူရှင်းက ရှေ့သို့ လျှောက်သွားကာ လက်ထဲ၌ ကိုင်ထားသည့် လှံကို ရွှေရောင်နတ်ပြည်ထောင်မှ လူများဆီ ချိန်ရွယ်လိုက်သည်။

ကိုက်ရှီက ပြဿနာရှာချင်နေသည်ဖြစ်ရာ သူက ရှာတွေ့ရန် ကူညီရပေလိမ့်မည်။

သူတို့နှစ်ယောက်ကြားမှ ရန်ငြိုးသည် အဆုံးသတ်သို့ ရောက်ရှိလုနီးပါး ဖြစ်နေသည်မှာ အသေအချာပင် ဖြစ်သည်။ သူ၏ ပြိုင်ဘက်က သူ့ကို သတ်ဖြတ်ရန် အလွန် စိတ်အားထက်သန်နေပြီး ရွှေရောင်နတ်ပြည်ထောင်မှ ရန်ဟောင်သည်လည်း သူနှင့် ယူချင်းကို သတ်ဖြတ်ရန် ကြိုးစားလာသည်။ ထိုအခြေအနေထိ ဖြစ်လာခဲ့ရာ သူ့တွင် သတ်မလား အသတ်ခံမလားဟူသည့် ရွေးချယ်စရာသာ ရှိတော့ပေသည်။

ဘုန်း…

ထိုအချိန်တွင် မဟာလမ်းစဥ်အစွမ်းထက်စွမ်းအားတို့က သူ့ထံသို့ ထိုးထွက်လာခဲ့သည်။ ရွှေရောင်ဖိုအိုးက သူ့ဆီသို့ ကောင်းကင်မှ ပြုတ်ကျလာသလို ကျဆင်းလာ၏။

ရွှေရောင်နတ်ပြည်ထောင်မှ ရန်ဟောင်က လှုပ်ရှားလာ၏။ သူသည် ယူချင်းကို တိုက်ခိုက်သော်လည်း သူက ရန်ဟောင်တစ်ပါး ဖြစ်နေဆဲပင် ဖြစ်၏။ သူ၏ နတ်ဝင်ရိုးကို သုံးကာ ရီဖူရှင်းအပါအဝင် နေရာတစ်ခုလုံးကို ဖုံးလွှမ်းထားနိုင်သည်။

ရီဖူရှင်းက စွမ်းအားများကို ထုတ်လွှတ်သည်ကို မြင်လိုက်သည့်အတွက် သူသည် ကိုက်ရှီအား တိုက်ခိုက်လာမည်ကို ခွင့်မပြုနိုင်ပေ။ ထိုသည်က အလွန် အန္တရာယ်များလှသည်။

ဘန်း… သူက ရီဖူရှင်းကို ရင်ဆိုင်နေစဥ်တွင် ကျယ်လောင်သည့် အသံနှင့်အတူ ယူချင်း၏ စွမ်းအားများက သူ့ကို ရိုက်ခတ်လာ၏။ ပြင်းထန်သည့် စွမ်းအားတို့က သူ့ကို နောက်သို့ လွင့်စင်သွားစေသည်။ ထိုရန်ဟောင်က နောက်သို့ ဆုတ်ခွာလိုက်ရပြီး သူ၏ နတ်ဝိညာဥ်က တုန်ခါနေသည်။

ရီဖူရှင်းသည် တစ်ချိန်တည်းမှာပင် သူ၏ လှံကို ဆန့်ထုတ်လိုက်ကာ ကျဆင်းလာသည့် ဖိုအိုး နှင့် ပြင်းထန်စွာ ရိုက်ခတ်မိပြီး ကြေမွပျက်စီးသွားစေသည်။

“သတိထား။ မင်းနောက်က တစ်ယောက်ယောက် မင်းနေရာယူဖို့ ကြိုးစားနေတယ်။” တစ်ယောက်က သူ့ကို စိတ်ချင်းဆက်သွယ်ကာ ပြောလာသည်။ ထိုသူမှာ သောကျောက်ဖြစ်၏။ ရီဖူရှင်းသည် သူ့နောက်ကို ပြန်ကြည့်လိုက်လျှင် ရုပ်တုများဆီ ပြေးဝင်လာနေသည့် တန်ခိုးရှင်တစ်ယောက်ကို မြင်တွေ့လိုက်ရသည်။ ထိုသူက အမွေအနှစ်ကို လိုချင်နေပေသည်။

ထို့ပြင် ထိုသူက ရန်ဟောင်တစ်ပါးဖြစ်ပြီး အခြားသော တန်ခိုးရှင်များကလည်း သူ့အနီးတွင် ရှိနေခဲ့သည်။

ရီဖူရှင်း၏ မျက်နှာထက်တွင် မည်းမှောင်သည့်အကြည့်တို့ ဖြစ်ပေါ်လာသည်။ ဤနေရာတွင် တန်ခိုးရှင်များစွာ ရှိနေပြီး အခြေအနေက အလွန် ရှုပ်ထွေးနေအောင် ဖြစ်လာစေသည်။ အရာအားလုံးကို တစ်ကြိမ်တည်းနှင့် ရင်ဆိုင်ရန်မှာ ခက်ခဲလှပေသည်။

“မင်းအတွက် ငါ သူတို့ကို ရင်ဆိုင်ပေးမယ်။” သောကျောက်၏ မျက်ခုံးတန်းကြားတွင် စစ်နတ်ဘုရား၏ တံဆိပ်တစ်ခု ထွက်ပေါ်လာသည်။ သူက ကိုက်ရှီနှင့် အခြားသူများ ရှိနေရာသို့ ရှေ့တိုးသွားခဲ့သည်။ သောမျိုးနွယ်စုမှ တန်ခိုးရှင်များသည်လည်း ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်များကို ဝန်းရံထားကြသည်။ ပြင်းထန်သည့် ဖိအားတစ်ခု ပေါက်ကွဲထွက်လာလေသည်။

ကိုက်ရှီက သောကျောက်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။ “မင်းက ရွှေရောင်နတ်ပြည်ထောင်ရဲ့ ကိစ္စကို ဘာလို့ ဝင်စွက်ဖက်ရတာလဲ။”

ကျီဝေးဘုံ သောမျိုးနွယ်စုသည် အလွန်အစွမ်းထက်သည့် တိုက်ပွဲစွမ်းရည်ကို ပိုင်ဆိုင်ထားသော ရှေးဟောင်းမျိုးနွယ်တစ်ခု ဖြစ်လေသည်။ သူ့တွင် သူတို့အား ရန်စဖို့ရာ စိတ်ကူးမရှိပေ။

“မင်းက အဲဒီမှာ ငြိမ်ငြိမ်လေးနေနေပြီး သူတို့ အခက်တွေ့နေချိန်မှ ထတိုက်တာ တော်တော် အရှက်မရှိရာရောက်တယ်လို့ မခံစားမိဘူးလား။” သောကျောက်က မေးလိုက်သည်။ “ပြီးတော့လည်း မင်းက သူ့ကို တိုက်ခိုက်ဖို့ ထိုက်တန်တယ်လို့ တကယ် ထင်နေတာလား။”

သူသည် အထက်ကိုးဘုံမှ သူ့မျိုးဆက်တူများကြားတွင် သူ့ကို ယှဥ်နိုင်သူမှာ အနည်းငယ်သာ ရှိမည်ဟု ယုံကြည်ချက် ရှိပေသည်။ သူက ကိုက်ရှီနှင့် မရင်းနှီးသော်လည်း သူက ကိုက်ရှီအပေါ်တွင် အထင်သေးမှုပြနေခဲ့သည်။ ထိုသူက ရန်ဟောင်အဆင့် စောစီးစွာ ရောက်ရှိသွားလျှင်ပင် စိတ်ပူစရာ ရှိလိမ့်မည် မဟုတ်ပေ။

ကိုက်ရှီ၏ မျက်နှာထက်တွင် အရုပ်ဆိုးသော အကြည့်တို့ ဖြစ်ပေါ်လာသည်။ သောကျောက်၏ စကားများက သူ၏ ချက်ကောင်းကို ထိမိသွားပုံရလေသည်။ အမှန်တွင်တော့ ရီဖူရှင်းက သူ့ကို အကြိမ်ပေါင်းများစွာ ရိုက်နှက်ခဲ့လေသည်။

“ဒါဆိုလည်း မင်းတို့ သောမျိုးနွယ်စုက ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ ကြည့်ခွင့်ပေးပေါ့။” ကိုက်ရှီက သူ၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီး သူ့အထက် လေထုထဲ၌ နတ်ဘုရားတစ်ပါး၏ ပုံရိပ် ဖြစ်ပေါ်လာသည်။

သောကျောက်က သူ့ကို အထင်အမြင်သေးစွာ ကြည့်လိုက်၏။ ပိုမိုများပြားသော စည်းတံဆိပ်တို့က သူ့မျက်ခုံးတန်းကြား၌ ပေါ်ပေါက်လာသည်။ သူ့ခန္ဓာမှ နတ်အလင်းတို့ ထွက်ပေါ်လာပြီး သူ့ကို ပိုမို အစွမ်းထက်လာစေသည်။ သူ့အရှိန်အဝါက ဆက်လက် မြင့်တက်လာနေပြီး သူ့နောက်တွင် တိုက်ခိုက်ရေးနတ်ဘုရား တစ်ပါး၏ ပုံရိပ် ပေါ်ပေါက်လာ၏။

ဘန်း… သူက ရှေ့သို့ ခြေလှမ်းလိုက်ပြီး ကိုက်ရှီကို စူးစိုက်ကြည့်လိုက်သည်။ သူက လက်သီးကို ဆုပ်ကာ မြှောက်၍ ဆန့်ထုတ်လိုက်သည်။

နတ်ဘုရားတစ်ပါး၏ သက်ပြင်းချသံ ထွက်ပေါ်လာပြီး ကိုက်ရှီက သူ ဆုပ်ကိုင်ထားသည့် လှံကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။

ရွှေရောင်အလင်းများက လေထဲတွင် တိုက်ခိုက်မိသွားပြီး ပြင်းထန်သည့် ဖိအား ထွက်ပေါ်လာစေသည်။ ကိုက်ရှီ​က နောက်သို့ လွင့်ထွက်သွားခဲ့သည်။ သူသာလျှင် မဟုတ်ဘဲ သူ့အနီးရှိ ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်များလည်း ထိုစွမ်းအင်မုန်တိုင်းကြောင့် နောက်သို့ လွင့်ထွက်သွားခဲ့သည်။

“အရမ်းအားနည်းတာပဲ။” သောကျောက်၏ မျက်လုံးများထဲတွင် အထင်အမြင်သေးခြင်းတို့နှင့် ပြည့်နှက်နေသည်။ ထိုသည်မှာ ကိုက်ရှီ၏ မျက်နှာကို ပို၍ မည်းမှောင်လာစေသည်။

တခြားတစ်ဖက်တွင် ရီဖူရှင်းသည်လည်း သူ ယူချင်းအတွက် ချန်ရစ်ထားသော ရုပ်တုမှ အမွေအနှစ်တို့ကို လုယူရန် ကြိုးစားနေသူတို့အား စောင့်ကြည့်နေသည်။ သို့သော် ထိုအချိန်တွင် အားကောင်းသည့် အင်အားတစ်ခုက လှုပ်ရှားလာပြီး လူအုပ်ကို ဖြတ်သန်းတွန်းဖယ်လာသည်။ သူတို့အကြားမှ ရန်ဟောင်အဆင့် ပုဂ္ဂိုလ်တစ်ယောက်က ရုပ်တုဆီသို့ တိုးဝင်လာပေသည်။

ကြည့်ရသည်မှာ သူတို့သည်လည်း အမွေအနှစ်ကို လိုချင်နေပုံရသည်။

သူတို့က အလွန် အားကောင်းပြီး ရင်ဆိုင်ရခက်ခဲမည့်ပုံ ပေါ်သည်။ ယခင်က အခြားသော တန်ခိုးရှင်များ သူတို့ကို တိုက်ခိုက်သော်လည်း ထိုသူတို့က ဘေးထွက်နေခဲ့သည်။

ထိုသူတို့မှာ ဗဟိုအင်ပါယာဘုံ၏ ထိပ်သီးအင်အားစုတစ်ခု ဖြစ်သော ကောင်းကင်မျှော်စင်ကျောင်းတော် မှ ဖြစ်သည်။ ယခင်က သူတို့သည် စူးစမ်းနေရုံမျှသာ ရှိသည်။ သူတို့က ရုပ်တု၏ စွမ်းအားများအတွက် တိုက်ရိုက်မယှဥ်ပြိုင်သော်လည်း ကိုးနေရာမှ တစ်ခု ကျိန်းသေ သူတို့အတွက် ဖြစ်သင့်ပေသည်။

ဗဟိုအင်ပါယာဘုံသည် အထကခကိုးဘုံ၏ အဓိကအချက်အချာ ဖြစ်ကာ အစွမ်းထက် အင်အားစု အများဆုံး တည်ရှိသော်လည်း သူတို့က သုံးနေရာစာသာ အနိုင်ရခဲ့သည်။ ထိုသည်မှာ လုံလောက်ခြင်း မရှိပေ။ ကောင်းကင်မျှော်စင်ကျောင်းတော် မှ လူများမှာ သူတို့၏ မျိုးဆက်တွင် အစွမ်းထက်ဆုံး သူများ မဟုတ်သော်လည်း သူတို့က တစ်နေရာ ရရန် ထိုက်တန်ပေသည်။

ရီဖူရှင်းက လှည့်ကြည့်လိုက်သည့်အခါ ကောင်းကင်မျှော်စင်ကျောင်းတော် မှ ရန်ဟောင်က သူ့ကို ကြည့်ကာ ပြောလိုက်သည်။ “မင်းက ရုပ်တုတွေကို ဖြေရှင်းခဲ့တယ်ဆိုပေမယ့် ဒီမှာ မင်းအတွက် နေရာမရှိဘူး။ တခြားလုပ်စရာ တစ်ခုခု သွားရှာလိုက်။”

ရီဖူရှင်းက မည်မျှ အရည်အချင်း ရှိသည်ဖြစ်စေ လုံလောက်မှု မရှိပေ။ အရည်အချင်းက အရည်အချင်း ဖြစ်ကာ နောက်ခံအင်အားက နောက်ခံအင်အားပင် ဖြစ်သည်။ တစ်ခုခုကို ဆုံးဖြတ်ရာ၌ နောက်ခံအင်အားကိုလည်း ထည့်သွင်းစဥ်းစားရန် လိုပေသည်။

တစ်စုံတစ်ယောက်က မည်မျှ အစွမ်းထက်၍ အရည်အချင်း ရှိနေပါစေ ဗဟိုအင်ပါယာဘုံမှ လူများအတွက် လုံလောက်ခြင်းမရှိပေ။ ပါရမီအရည်အချင်းက အထွတ်အထိပ်၌ ရှိနေလျှင်ပင် မည်သည့်ကိစ္စကို လုပ်ဆောင်နိုင်မည်နည်း။

ရီဖူရှင်းက လှံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး သူ့ထံမှ ရန်ဟောင်အဆင့် တိုက်ခိုက်စွမ်းအားများ ထွက်ပေါ်လာသည်။ သို့သော် ဤနေရာက သူ၏ ဧကရာဇ်စွမ်းအားတို့ကို ထုတ်လွှတ်နိုင်သည့် နေရာမဟုတ်ပေ။ သူ့ရှေ့မှ ရန်ဟောင်သည် သိုင်းနတ်ဘုရားကလန်မှ ဝူမုန့်ထက် ပို၍ အားကောင်းပုံရပေသည်။ သူက ဧကရာဇ်စွမ်းအားကို ထုတ်လွှတ်၍ မရနိုင်လျှင် ထိုသူကို ရင်ဆိုင်ရန် ခက်ခဲပေလိမ့်မည်။

ရီဖူရှင်းက ထိုနေရာ၌ ရပ်နေဆဲဖြစ်သည်ကို ကြည့်ကာ ကောင်းကင်မျှော်စင်ကျောင်းတော် မှ ရန်ဟောင်က မျက်ခုံးပင့်ရင်း မေးလိုက်သည်။ “မင်းက တိုက်ခိုက်ဖို့ စိတ်ကူးမရှိဘူးလား။”

သူက မတိုက်ခိုက်လျှင် မည်သည့်အရာကို လုပ်ဆောင်ချင်နေသနည်း။

အစွမ်းထက်တိုက်ခိုက်ရေး စွမ်းအားများက ရီဖူရှင်းကို ရစ်ပတ်လာကာ ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခုကဲ့သို့ အားကောင်းအးသထက် အားကောင်းလာသည်။

သူ့ထံမှ အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်ကို ခံစားမိသည့်အတွက် ထိုရန်ဟောင်က ရုပ်တုဆီ မသွားသေးဘဲ သူ၏ လက်ကို မြှောက်ကာ လက်ချောင်းများကို လေထဲတွင် ဝှေ့ယမ်းလိုက်သည်။

လျှပ်တပြက်ပင် ကောင်းကင်၌ မွန်းကြပ်ဖွယ် စွမ်းအားတို့ ဖုံးလွှမ်းသွားသည်။ ရီဖူရှင်းက လောကကြီး ပြောင်းလဲသွားသည်ကို ခံစားမိကာ ထိုလက်ချောင်းများက သူ့ကို ဖိနှိပ်ကာ ကျဆင်းလာသကဲ့သို့ပင် ဖြစ်၏။ လက်ချောင်းများက ရွှေရောင်​တောင်တစ်ခုကဲ့သို့ ကောင်းကင်ကို ချေမွရန် ထူထဲသလို လေထုကို ပိုင်းဖြတ်နိုင်လောက်အောင်လ​ည်း ထက်ရှလေသည်။

သူက ၎င်းတို့အတွင်း ပိတ်မိသွားပြီး အသက်ပင်မရှုနိုင်တော့သကဲ့သို့ ခံစားမိပေသည်။

အလွန် တောက်ပသည့် တိုက်ခိုက်ရေး စွမ်းအားများက သူ့ကို ရစ်ပတ်ထားသည်။ သူက ရှေ့သို့ ခြေလှမ်းလိုက်ပြီး ကောင်းကင်က လှုပ်ခတ်သွားကာ ဆင်အော်သံများ ထွက်ပေါ်လာသည်။  နောက်ထပ် သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာပြီး သူက လှံကို ရွှေရောင်လက်ချောင်း ငါးချောင်းသို့ လှံကို တွန်းပို့လိုက်သည်။

ဘန်း…

အားကောင်းလှသည့် အင်အားနှစ်ခု ထိပ်တိုက်တွေ့ဆုံသွားသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ လက်ငါးချောင်းတောင်များ ပေါက်ကွဲသံနှင့်အတူ တစစီကွဲကြေသွားပြီး အပိုင်းအစများက မိုးကဲ့သို့  ကျဆင်းလာသည်။ သို့သော် ရီဖူရှင်းသည် မြေပြင်ကို ပြုတ်ကျ၍ ခြေချမိသည့်တိုင်အောင် လွင့်ထွက်သွားသည်။ လှံကိုင်ထားသည့် လက်ကလည်း တုန်ယင်နေသည်။

ဤသူက ဝူမုန့်ထက် ပို၍ အားကောင်းသည်မှာ သေချာလှပေသည်။

“မင်းတို့က အမွေအနှစ်ကို ကိုင်တွယ်နိုင်စွမ်းမရှိဘူး။” ရီဖူရှင်းက  ကောင်းကင်မျှော်စင်ကျောင်းတော် မှ တန်ခိုးရှင်များကို ပြောလိုက်သည်။

“မင်းသာ နောက်တစ်ဆင့်တက်ပြီးမှ စကားလာပြောလိုက်” ရန်ဟောင်က ပြောလိုက်သည်။ သူ၏ အရှိန်အဝါက အားကောင်းလှသည်။ သူသည် ရီဖူရှင်းက မကြာခင်၌ အတားအဆီးကို ကျော်ဖြတ်ကာ နောက်တစ်ဆင့် ချိုးဖျက်ဝင်ရောက်နိုင်တော့မည်ကို သိရှိပေသည်။ သို့သော် သူက ဂရုမစိုက်ပေ။ သူက နောက်တစ်ဆင့်သို့ ရောက်ရှိသွားလျှင်ပင် မည်သည့်အရေးန​ည်း။ ထိုအချိန်ဆိုလျှင် သူက အမွေအနှစ်ကို ဆက်ခံပြီး ဖြစ်နေပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် အဝေးမှ  အစွမ်းထက် ဓားစွမ်းအားက လွှမ်းခြုံလာကာ ထိုရန်ဟောင်သည် ၎င်းစွမ်းအား အရှိန်အဝါက သူနှင့် အဆင့်တူသည်ကို ခံစားမိပေသည်။ ရန်ဟောင်တစ်ပါး၏ စိတ်စွမ်းအားက သူ့ဆီသို့ တည့်မတ်စွာ ရောက်ရှိလာပေသည်။

သူက လေထဲသို့ မော့ကြည့်လိုက်ပြီး အမူအရာက ပြောင်းလဲသွားသည်။ ကောင်းကင်တွင် တောက်ပသည့် ရွှေရောင်အလင်းတို့ ပေါ်ပေါက်လာသည်။ သူက ပို၍ အစွမ်းထက်သော ဓားစွမ်းအားတို့ကို ခံစားမိပေသည်။

သူက လက်ကို မြှောက်ကာ အဝေးသို့ လက်ဝါးရိပ်တစ်ခု ပစ်လွှတ်လိုက်သည်။ လက်ငါးချောင်းလက်ဝါးရိပ်က လေထဲသို့ ထိုးတက်သွားကာ ကောင်းကင်ကိုပင် ထိုးခွဲသွားပေသည်။ တောက်ပသည့် နတ်ဓားတစ်လက်၏ အလင်းက ကောင်းကင်မှ ကျဆင်းလာပြီး ၎င်းကျဆင်းလာရာတလျှောက်တွင် အမှတ်အသား ချန်ရစ်ခဲ့ပေသည်။

ဝုန်း…

အစွမ်းထက် အရှိန်အဝါတစ်ခုက ဓားနှင့်အတူ ကျဆင်းလာပြီး လက်ဝါးရိပ်ကို ဖျက်ဆီးလိုက်ကာ အစအနပင်မကျန် ပျောက်ကွယ်သွားစေသည်။ ဓားတွင် အရှိန်အဟုန်တချို့ ပျောက်ဆုံးသွားပြီး အော်မြည်၍ လေထဲတွင် ရပ်တန့်သွားကာ နောက်သို့ လွင့်စင်သွားလေ၏။

အဝေးတွင် ပုံရိပ်တစ်ခုက လေထဲမှ ဖြတ်ကာ ရှေ့သို့တိုးလာနေခဲ့သည်။ ဓားက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။ ထိုဓားမှာ သူ၏ ဓားဖြစ်ကြောင်း ရှင်းလင်းလှသည်။

“မင်း ဘယ်သူလဲ။” ကောင်းကင်မျှော်စင်ကျောင်းတော် မှာ ရန်ဟောင်က မေးလိုက်သည်။ သူသည် ထိုစွမ်းအားက အလွန် စွမ်းအားပြည့်ဝကာ ခြိမ်းခြောက်နိုင်စွမ်းရှိသည်ကို ခံစားမိပေသည်။ သူ၏ မျက်လုံးများကို ကျဥ်းမြောင်းကာ အဝေးမှ ပုံရိပ်ကို ကြည့်လိုက်သည်။

ရီဖူရှင်းသည်လည်း ဆင်းသက်လာသည့် ပုံရိပ်ကို ကြည့်လိုက်ပြီးနောက် သူ့မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။

“အဲဒီတော့ သူက နောက်တစ်ဆင့် တက်နိုင်သွားပြီပေါ့” ရီဖူရှင်းက တွေးလိုက်သည်။ သူ့မျက်လုံးရှေ့မှ သူက လီဟန်ဓားသမားပင် ဖြစ်သည်။ သူက ယခု ရန်ဟောင်တစ်ပါး ဖြစ်လာခဲ့ပြီ ဖြစ်၏။

သူက အချိန်ကြာမြင့်စွာ ကျင့်ကြံပြီးနောက် ဤနေရာသို့ အပြေးအလွှား လာခဲ့ခြင်း ဖြစ်သည်။ သူက နောက်ဆုံး၌ သူ အမြဲရောက်ချင်နေခဲ့သည့် ဒဏ္ဍာရီအဆင့်ကို ရောက်ခဲ့ပြီ ဖြစ်သည်။ ထိုအချင်းအရာက ကျိန်းသေ လီဟန်ဓားသမားအတွက် စိတ်လှုပ်ရှားမှုကို ဖြစ်ပေါ်စေပေသည်။

ယခု လီဟန်ဓားသမား၏ အရှိန်အဝါက ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ မဟာလမ်းစဥ်သည် သူနှင့် တသားတည်း ဖြစ်နေခဲ့သည်။ သူက ကောင်းကင်ထက်တွင် ဓားတစ်လက်ကဲ့သို့ မားမားမတ်မတ် ရပ်နေခဲ့သည်။

“ဂုဏ်ပြုပါတယ်” ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။

လီဟန်ဓားသမားက ရီဖူရှင်းကို ကြည့်ကာ ပြုံး၍ ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ သူ အချိန်ကြာမြင့်စွာကပင် မက်ခဲ့ရသည့်အိပ်မက်ဖြစ်ပြီး နောက်ဆုံး၌ သူက အောင်မြင်ခဲ့ပြီ ဖြစ်သည်။ သူက ရန်ဟောင်အဆင့်သို့ ရောက်ရှိသွားသည်သာမက သူ၏ အရာအားလုံးသည်လည်း ပြောင်းလဲသွားခဲ့သည်။ ဓားမြို့တော်မှ အဆုံးမဲ့ ဓားစွမ်းအားများက သူ့ကို ကောင်းချီးပေးခဲ့သည်။

ရီဖူရှင်းက သူ့ကို ဤအခွင့်အရေး ပေးခဲ့ခြင်း ဖြစ်သည်။ ထိုသည်က လက်ဆောင်တစ်ခုထက် ပိုပေသည်။

သူက ယခု သူ၏ အရှင်အင်ပါယာရှားထက်ပင် ပို၍ အားကောင်းနေမည်လား သိချင်နေပေသည်။

သူက ကောင်းကင်မျော်စင်ကျောင်းတော်မှ ရန်ဟောင်ထံ ဝေ့ဝဲကြည့်လိုက်ပြီးနောက် ယူချင်း၏ တိုက်ပွဲသို့ ကြည့်လိုက်သည်။ ယူချင်းက ရန်ဟောင်တစ်ယောက်နှင့် ရင်ဆိုင်နေရပေသည်။

“ငါတို့ ဒါကို ဘယ်လိုဖြေရှင်းကြမလဲ။” သူက မေးလိုက်သည်။

“တိုက်” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ ထိုသည်မှာ အလွန် ရိုးရှင်းသော စကားတစ်ခွန်း ဖြစ်ပေသည်။

လီဟန်ဓားသမားက မည်သည့်စကားမှ မဆိုတော့ပေ။ အလွန် တောက်ပသည့် နတ်အလင်းများက လေထဲတွင် တောက်ပလာကာ ကောင်းကင်ကို လွှမ်းမိုးသွားသည်။ သူ့အောက်မှ ယူချင်းနှင့် ရွှေရောင်နတ်ပြည်ထောင်မှ ရန်ဟောင်တို့သည် သူတို့၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာသည့် ခံစားမှုကို ခံစားလိုက်ကြရပေသည်။ သူတို့နှစ်ယောက်လုံးက အထိတ်တလန့် ကြည့်လိုက်ကြ၏။

သူတို့သည် ရုတ်တရက် မော့ကြည့်လိုက်လျှင် အလွန် တောက်ပသည့် နတ်ဓားများ ကောင်းကင်မှ ကျဆင်းလာသည်ကို မြင်လိုက်ရသည်။

ရန်ဟောင်၏ မဟာလမ်းစဥ် နတ်ဝင်ရိုးမှ စွမ်းအားများ ထွက်ပေါ်လာကာ ကောင်းကင်ပေါ်မှ  ဖိုအိုးများ များ ပိုမို ကျဆင်းလာစေရန် လုပ်ဆောင်လိုက်သည်။

ခရက်…

ဓားအလင်းက ကောင်းကင်ကို ဖြတ်သန်းကာ မြေပြင်သို့ ကျဆင်းလာသည်။

နောက်တခဏ၌ ရွှေရောင်နတ်ပြည်ထောင်မှ ရန်ဟောင်က နေရာ၌ အေးခဲသွားတော့သည်။

“မဖြစ်နိုင်ဘူး။” သူက အော်ဟစ်လိုက်သည်။ သူက ထိုသို့ ပြောပြီးသည်နှင့် ခန္ဓာကိုယ်က နှစ်ခြမ်းကွဲသွားခဲ့သည်။

“မဟုတ်ဘူး…” ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်များက ထိုမြင်ကွင်းကို ထိတ်လန့်စွာ ကြည့်လိုက်ကြပေသည်။ သူတို့အားလုံးသည် ကြောက်ရွံ့မှုကို စတင်ခံစားလာကြရသည်။

သူတို့၏ ရန်ဟောင်က အသတ်ခံလိုက်ရပြီ ဖြစ်သည်။ ထို့ပြင် သူက ဓားတစ်ချက်တည်းနှင့် အသတ်ခံလိုက်ရခြင်းဖြစ်သည်။

“စီနီယာက ပြီးပြည့်စုံခြင်းအဆင့်လား” ရီဖူရှင်း၏ မျက်လုံးထဲတွင် ပျော်ရွှင်မှုတို့ဖြင့် လီဟန်ဓားသမားကို မေးလိုက်သည်။

ကြည့်ရသည်မှာ လီဟန်ဓားသမား၏ စွန့်စားခြင်းက မှန်ကန်ပုံရလေသည်။ သူက သူ၏ ကိုယ်ပိုင်လမ်းစဥ်ကို ဖျက်ဆီး၍ ဓားမြို့တော်မှ ဓားစွမ်းအားတို့ကို အသုံးပြုပြီး သူ၏ ဓားကို ပြန်လည်ဖွဲ့စည်းကာ ခန္ဓာနှင့် ဝိညာဥ်ကို ပြုပြင်ခဲ့သည့်အတွက်ကြောင့် မဟာလမ်းစဥ် နတ်ဝင်ရိုးကို ဖွဲ့စည်းနိုင်ခဲ့ပေသည်။

သူက ပြီးပြည့်စုံသည့် မဟာလမ်းစဥ် စက်ဝန်းကို ဖန်တီးနိုင်မည့် အခွင့်အရေးရရှိခဲ့သည်။ ဤသည်မှာ ယခင်က ဖြစ်နိုင်သည့် အရာမျိုးမဟုတ်ခဲ့ပေ။

***


Comment

Leave a Reply


Options

not work with dark mode
Reset