အခန်း (၁၈၃)

စေ့စပ်ပွဲနောက်ကွယ်မှကြံစည်မှု

အခန်း (၁၈၃) စေ့စပ်ပွဲနောက်ကွယ်မှကြံစည်မှု

ကျိုးစူးက အူကြောင်ကြောင်ပုံစံဖြင့်…

“ဘယ်လို ရင်းနှီးတာမျိုးလဲ… ကျုပ်တော့ အရင်က သူ့ကို တွေ့ဖူးတယ်… ၊ သူက တောင်ခြေသေရည်ဆိုင်က စားပွဲထိုး မဟုတ်ဘူးလား…”

ကျင်းယွီအနည်းငယ် အံ့အားသင့်သွားဟန်ဖြင့်…

“တောင်ခြေသေရည်ဆိုင်က စားပွဲထိုး… ဟုတ်လား…”

သူသည်လည်း ကျန်းရှီကဲ့သို့ပင် ကျန်းလန်ကို မြင်ဖူးနေသလို ခံစားနေရသည်။

သူက…

“အေး… ကျုပ်လည်း သူ့ကိုရင်းနှီးနေသလိုပဲ… ဘယ်နေရာမှာ မြင်ဖူးတာလဲ မသိဘူး…”

ကျန်းရှီက စိတ်လှုပ်ရှားစွာဖြင့်…

“သေရည်ဆိုင်… ဟုတ်လား… ၊ ငါ မှတ်မိသွားပြီ… ငါမှတ်မိသွားပြီ… ၊ အဲဒီဂိုဏ်းတူအစ်ကိုကြီးက နဝမတောင်ထွတ်ကပဲ…”

သူမက ဆက်ပြောလိုက်သည်။

“သူက နဝမတောင်ထွတ်က ငါတို့ရဲ့ဂိုဏ်းတူအစ်ကိုကြီးပဲ…၊ တောင်ခြေသေရည်ဆိုင်မှာ ကူပေးမယ့်လူလိုလို့ လူရွေးပွဲလုပ်တုန်းက ငါ သူနဲ့တစ်ခါဆုံဖူးတယ်… ၊ အမလေး…. အဲဒီတုန်းက လူရွေးပွဲသွားတဲ့ ငါတို့ (၈) ယောက်လုံး အရှက်တွေ ဗြန်းဗြန်းကွဲတာဆိုတာ… ၊ အဲဒီ ဂိုဏ်းတူအစ်ကိုကြီးတစ်ယောက်ပဲ သေရည်ဆိုင်ရှင်အဘိုးအိုစစ်ဆေးတဲ့ စာမေးပွဲကို အောင်တာ… ၊ ကျန်တဲ့သူတွေအကုန် ကျပဲ…”

ကျင်းယွီကလည်း…

“ဟုတ်ပြီ… ကျုပ်လည်း သူ့ကို ဘယ်မှာတွ့ဖူးတာလဲဆိုတာ မှတ်မိသွားပြီ…”

ခဏနားပြီးမှ သူက ဆက်ပြောသည်။

“ကျောက်စိမ်းရေကန်နတ်ဘုရားမရဲ့စေ့စပ်ပွဲကျင်းပတဲ့နေ့ကလေ… ကံကောင်းချင်တော့ ကျုပ်က ရှေ့ဆုံးတန်းမှာ ကြည့်ခွင့်ရတာ… ၊ အဲဒီအစ်ကိုကြီးက ကျောက်စိမ်းရေကန်နတ်ဘုရားမနဲ့ ရင်ပြင်ပေါ်မှာ အတူတူမတ်တတ်ရပ်နေတာ… ၊ သူက ကျောက်စိမ်းရေကန်နတ်ဘုရားမနဲ့လက်ထပ်မယ့် သတို့သားလောင်းပဲ…”

“…………………”

စကားများကို နားထောင်ပြီး ကျိုးစူးဆွံ့အသွားတော့၏။

သူက အလွဲများကို ဆက်တိုက်ပြုလုပ်ခဲ့သည်ပင်။

ယခုတော့ သူတို့အဖွဲ့ခေါင်းဆောင်က ကျောက်စိမ်းရေကန်နတ်ဘုရားမနှင့် လက်ဆက်မည့်သူ… တဲ့။

ထိုသို့ဆိုလျှင် ကျန်းလန်၏ဂုဏ်ပုဒ်က အခြားဂိုဏ်းတူအစ်ကိုများနှင့် မတူညီပေ။ ဤဂိုဏ်းတူအစ်ကိုကြီးက အခြားသူများ၏ ပြစ်တင်ဝေဖန်မှုများကို ခံရသော်ငြားလည်း အခြားဂိုဏ်းတူအစ်ကိုများထက် အဆင့်အတန်းမြင့်မားသူ ဖြစ်သည်။

သူလုပ်ခဲ့သည့်အလွဲများကြောင့် အခြေအနေများက အတော်လေး ရှုတ်ထွေးကုန်ရပေပြီ။

ကျိုးစူး နောင်တရနေမိသည်။

သူသာ ဤဂိုဏ်းတူအစ်ကိုကြီးကို နှိမ့်ချမဆက်ဆံခဲ့လျှင် ယနေ့ ဒီလိုအဖြစ်မျိုး ကြုံတွေ့ရမည် မဟုတ်ပေ။

…………………

မြူခိုးပယ်လယ်ကြီး၏ အလယ်ဗဟိုချက်တွင် အလွန်ကြီးမားသည့် ဧရာမသစ်ပင်ကြီးတစ်ပင် ရှိနေလေသည်။

ထိုသစ်ပင်ကြီး၏ ကြီးမားသောသစ်ကိုင်းကြီးတစ်ခုထက်ဝယ် လုန်ယွိ မတ်တတ်ရပ်လျှက် ရှိသည်။

ယခုတော့ သူမက ရှောင်ယွိကဲ့သို့ ရှောင်ယွိကဲ့သို့ မိန်းမငယ်လေးတစ်ယောက်ပုံစံ မဟုတ်တော့ဘဲ အရွယ်ရောက်ပြီး မိန်းမပျိုတစ်ယောက်အဖြစ် အသွင်သဏ္ဍန်ပြောင်းလဲဖန်ဆင်းထားသည်။ ဤသည်က ပုံမှန်အတိုင်း လုန်ယွိ ပုံစံပင် ဖြစ်သည်။

သူမအသွင်သဏ္ဍန်က ပြီးပြည့်စုံသည့်အလှဧကရီတစ်ပါးပမာဖြစ်ပြီး ခါးထက်ဆီသို့ ဝဲကျနေသည့် ရှည်လျားနက်မှောင်သော ဆံနွယ်များက သူမကို ကျက်သရေနှင့်ပြည့်စုံစေသည်။

လေပြေအေးက တိုက်ခတ်လာသည့်အခါ သူမဝတ်ဆင်ထားသည့် အဖြူရောင်နှင့်အပြာရောင်ပေါင်းစပ်ထားသည့်ဝတ်စုံသည် လေထဲတွင် တင့်တယ်စွာပင် လွင့်ပျံလျှက် ရှိတော့သည်။

သူမက မြူခိုးများအတွင်းသို့ စူးစိုက်ကြည့်နေပြီး မျက်မှောင်များကို ကြုတ်ထား၏။

“မှော်ရုံနယ်မြေဝင်ပေါက်က ပြန်ပိတ်သွားပြီ… ၊ အခုအချိန်ကစပြီး ပုံမှန်မဟုတ်တာတွေ ဖြစ်လာနိုင်ခြေရှိတယ်…”

အတွေးနှင့်အတူ လုန်ယွိ ပတ်ဝန်းကျင်ကို အကဲခတ်လေ့လာလိုက်သည်။

အခြေအနေများက တည်ငြိမ်နေသော်လည်း တစ်စုံတစ်ခု မူမမှန်ကြောင်း သူမ ခံစာလိုက်မိသည်။ သို့သော် မည်သည်က မူမမှန်ကြောင်း အတိအကျပြောရန် ခက်ခဲနေသည်။

အတန်ကြာမှ သူမ သိရှိသွားသည်။

“အစီအရင်မှာ ပြဿနာ ဖြစ်နေတာပဲ… ၊ တစ်ယောက်ယောက်က မြူခိုးအစီအရင်ကို နှောက်ယှက်ဖို့ တစ်ခုခု လုပ်နေတယ်… ဒါက…”

လုန်ယွိ တွေးလိုက်မိသည်။

သို့တိုင် ရန်သူများ၏လှုပ်ရှားမှုကို သူမ သိမြင်နိုင်ခြင်း မရှိသေးပေ။

ရန်သူက သူမ၏ ကျင့်ကြံခြင်းအဆင့်ကို အစီအရင်ပညာအသုံးပြုပြီး စမ်းသပ်လိုခြင်းလည်း ဖြစ်နိုင်သည်။ သို့သော် ရန်သူက မသမာမှုများ ပြုလုပ်မည်ဆိုလျှင်တော့ သူမ သေချာပေါက် တားဆီးရမည် ဖြစ်သည်။

ထို့နောက် လုန်ယွိက ကျန်းလန်နှင့်အဖွဲ့ဝင်များရှိရာသို့ တစ်ချက်အကဲခတ်လိုက်သည်။

“ဂိုဏ်းတူမောင်လေးတို့အဖွဲ့က နောက်ဆုံးမှ ဝင်လာတာပဲ… ၊ သူတို့ရှိတဲ့နေရာမှာတော့ အပြောင်းအလဲတွေ သိပ်မဖြစ်သေးဘူး… ၊ ဂိုဏ်းတူမောင်လေး… ရှင် အန္တရယ်ကင်းနေမယ် ထင်ပါတယ်လေ…”

မှော်ရုံနယ်မြေအတွင်းသို့ နောက်ဆုံးမှ ဝင်လာသည့်အဖွဲ့မှာ ကျန်းလန်ဦးဆောင်သည့်အဖွဲ့ဖြစ်သည်။

မှော်ရုံနယ်မြေ၏ မြူခိုးအစီအရင်ကို ဝင်ရောက်နှောက်ယှက်နေသူများတွင်လည်း ကိုယ့်ပိုင်အကြံအစီများ ရှိပေလိမ့်မည်။ သူမကတော့ ရန်သူများပစ်မှတ်ထားခံရသူ ဖြစ်နိုင်ခြေရှိသည်။

ထို့ပြင် သူမနှင့် စေ့စပ်ထားသည့် ကျန်းလန်သည်လည်း ပစ်မှတ်ထားခံရသူ ဖြစ်နိုင်ခြေများသည်ပင်။

“ဂိုဏ်းတူမောင်လေးက အစီအရင်ပညာ ကျွမ်းကျင်တဲ့သူပဲ… ၊ အမှောင်ထဲကရန်သူက သူ့ကို အစီအရင်ပညာနဲ့တော့ တိုက်ခိုက်လို့ရနိုင်မယ် မထင်ဘူး… ၊ ဒါပေမဲ့ အဲဒီရန်သူက တန်ခိုးစွမ်းအားမြင့်မားတဲ့သူတစ်ယောက်ဖြစ်နေရင်တော့ ကျန်းလန်ကို ငါ ကာကွယ်ပေးရလိမ့်မယ်…”

ထိုသို့တွေးပြီးသည်နှင့် အနည်းငယ်မူမမှန်ဖြစ်နေသည့် သူမနှင့်အနီးဆုံး နေရာတစ်ခုဆီသို့ လုန်ယွိ ပျံသန်းထွက်ခွာသွားလေသည်။

နေရာ (၃)နေရာတွင် မူမမှန်မှု (၃)ခု ဖြစ်နေသည်ကို လုန်ယွိ ရိပ်မိခဲ့သည်။ မူမမှန်မှုများက သိသာထင်ရှားခြင်း မရှိသော်လည်း တစ်ခုနှင့်တစ်ခု မတူညီဘဲ ကွဲပြားသည်။

သူမ အချိန်မီ သွားရောက်စစ်ဆေးခြင်း မရှိလျှင် ထိုမူမမှန်မှုများက ကြီးမားသည့် ချောင်းမြောင်းလုပ်ကြံမှုများ ဖြစ်လာနိုင်ဖွယ်ရှိ၏။

ပဉ္စမတောင်ထွတ် ၊ မှော်ရုံနယ်မြေသို့ ဝင်ရောက်သည့် ခရီးစဉ်တွင် သူမက အဖွဲ့တစ်ဖွဲ့လုံး၏ ခေါင်းဆောင်ဖြစ်သည်။ ထို့ကြောင့် အခြေအနေတစ်ခုလုံးကို ခြုံငုံသိမြင်ရန် သူမတွင် တာဝန်ရှိသည်။

နောက်တစ်ချက်မှာ ရန်သူက တစ်စုံတစ်ခု မူမမှန်အောင် ပြုလုပ်လိုက်ခြင်းမှာ သူမကိုထောင်ဖမ်းရန် အကောင်းဆုံး နည်းလမ်းဖြစ်သည်။

မူမမှန်မှုက သေးငယ်လေ ထောင်ချောက်ဖြစ်နိုင်ခြေ နည်းပါးလေ ဖြစ်သည့်တိုင် သူမကတော့ အစဉ်အမြဲ သတိထားနေရမည် ဖြစ်လေသည်။

………………

ကျန်းလန်ကတော့ မြူခိုးများထဲတွင် လမ်းလျှောက်နေဆဲဖြစ်ပြီး သိပ်ဝေးဝေးသို့ မရောက်သေးပေ။ သူက လမ်းလျှောက်ရင်း ပတ်ဝန်းကျင်ကိုလည်း အဆက်မပြတ်အကဲခတ်လျှက် ရှိသည်။

ကျိုးစူးတို့ (၃)ယောက် ရှိနေသည့်နေရာကိုလည်း သူ အကြမ်းဖျင်း အာရုံခံနိုင်ခဲ့သည်။

သူတို့ (၃)ယောက် ပြဿနာအနည်းငယ်နှင့် ရင်ဆိုင်ခဲ့ရသော်လည်း မည်သည့်ထိခိုက်မှုမှ မရှိခဲ့ကြပေ။ သူတို့ကလည်း အတော်လေး သတိထားသူများ ဖြစ်ကြသည်။

ကျန်းလန် ခပ်ဖြည်းဖြည်းပင် လမ်းလျှောက်လာသည်။

အမှန်တော့ ကျိုးစူးတို့ (၃)ယောက် အထင်လွဲနေသလို ကျန်းလန်က သူတို့ကို ဒုက္ခပေးမည်မဟုတ်ပေ။ သို့သော် ကူညီစရာမလိုသည့်အချိန်မျိုးတွင်တော့ သွားရောက်ကူညီမည် မဟုတ်ပေ။

အန္တရယ်အသေးအဖွဲများကို သူတို့ကိုယ်တိုင်ရင်ဆိုင်သည်က အတွေ့အကြုံရရှိနိုင်သည်။ မှော်ဝင်ပစ္စည်းများ ရယူနိုင်ခြင်း ရှိ မရှိကတော့ သူတို့အရည်အချင်းပေါ်တွင်သာမူတည်ပြီး ကျန်းလန် ကူညီပေးနိုင်သည့်ကိစ္စ မဟုတ်ပေ။

“အစီအရင်ကို နှောက်ယှက်နေတာတွေက ပိုပြီးပြင်းထန်လာပါလား…”

ကျန်းလန်က ပတ်ဝန်းကျင်မှ အစီအရင်ကို တစ်ချက်ကြည့်လိုက်ပြီး တစ်စုံတစ်ယောက်က အစီအရင်ကို ပြင်ပမှ ထိန်းချုပ်နေကြောင်း နားလည်လိုက်သည်။

သက်ရောက်မှုက မကြီးမားသည့်တိုင် အခန့်မသင့်ပါက တပည့်ပေါင်းများစွာကို ဒုက္ခရောက်စေမည် ဖြစ်သည်။

“ဝှစ်…”

ရုတ်တရက် သစ်ကိုင်းတစ်ချောင်းက ကျန်းလန်ကို ဝင်ရောက်တိုက်ခိုက်လာသည်။

“ဘန်း…”

ကျန်းလန်က လက်ချောင်းနှစ်ချောင်းဖြင့်ထိကာ ခုခံလိုက်သည်နှင့် သစ်ကိုင်းက ချက်ချင်းကျိုးကြေသွားသည်။

“သိပ်တော့ အန္တရယ် မရှိပါဘူး…”

တိုက်ခိုက်မှုနှင့် အန္တရယ်ဖြစ်နိုင်ခြေကို ကျန်းလန် တိုင်းတာကြည့်လိုက်သည်။

ဤသည်က ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူများအတွက် အန္တရယ်မရှိသည့် တိုက်ခိုက်မှုမျိုး ဖြစ်သည်။ သေသေချာချာ ဂရုစိုက်မည်ဆိုလျှင် အန္တရယ်ကင်းနိုင်သည်။

သို့ပေသိ ကိုယ့်အိမ်နောက်ဖေးတွင် လမ်းလျှောက်ရသလောက်တော့ အန္တရယ်ကင်းမည် မဆိုနိုင်ပေ။

နေ့လည်ခင်းအချိန်ရောက်သည့်အခါ…

မြူခိုးများကြားထဲတွင် သဲဘီလူးများ တစ်ယောက်ပြီးတစ်ယောက် စတင်ထွက်ပေါ်လာသည်ကို ကျန်းလန် သတိပြုလိုက်မိသည်။

ထိုသဲဘီလူးများက သူ့အဖွဲ့ဝင် (၃)ယောက် ရှိသည့်နေရာသို့ ဦးတည်သွားနေကြ၏။

“ဒီကောင်တွေ ဘယ်ကရောက်လာကြတာလဲ…”

အတွေးနှင့်အတူ ကျန်းလန် ဓားကိုဝှေ့ရမ်းလိုက်ပြီး သဲဘီလူးများကို စတင်တိုက်ခိုက်လိုက်သည်။

“ဝှစ်…”

“ဘုန်း…”

သဲများ နေရာအနှံ့ပျံ့ကျဲသွားပြီး မြေပြင်ထက် ပေါင်းစပ်သွားကြသည်။

သဲဘီလူးတစ်ကောင်ကို သတ်ဖြတ်ရန် သိပ်ပြီး အချိန်ပေးစရာမလိုပေ။

ကျန်းလန် မျက်မှောင်ကြုတ်လိုက်ရင်း…

“ဒီကောင်တွေမှာ ရွှေပြဒါးအမြုတေအဆင့် တန်ခိုးစွမ်းအားတွေ ရှိနေတာပဲ… ၊ ဒီ သဲဘီလူးတွေ ငါ့လူတွေဆီကို ရောက်သွားလို့ မဖြစ်ဘူး…”

သဲဘီလူးများသာ သူ့အဖွဲ့ဝင်များဆီ ရောက်သွားလျှင် ထို (၃)ကောင် သေချာပေါက် ဒုက္ခရောက်မည်ပင်။

ထို (၃)ကောင်က ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူများဖြစ်သော်လည်း အနည်းငယ် အားနည်းကြလေရာ သဲဘီလူးများကို ရင်ဆိုင်နိုင်စွမ်းရှိမည် မဟုတ်ပေ။

ကျန်းလန်အတွက်တော့ သူ့အဖွဲ့ဝင်များ အန္တရယ်ကင်းဖို့ လိုလေသည်။ သို့မှသာ နောက်ဆက်တွဲလုပ်ရမည့်အလုပ်များကို စိတ်အေးလက်အေးပြုလုပ်နိုင်မည် ဖြစ်၏။

ကျန်းလန် တုံ့ဆိုင်းမနေဘဲ ကောင်းကင်မိုးကြိုးလျှပ်စီးတန်ခိုးစွမ်းအားကို ထုတ်ဖော်အသုံးပြုလိုက်သည်။

“ဘုန်း…”

“ဘုန်း…”

လမ်းတစ်လျှောက် မိုးကြိုးလျှပ်စီးများ ဖုံးလွှမ်းသွားပြီး ချက်ချင်းပင် သဲဘီလူးများ တစ်စစီကွဲကြေသွားကြသည်။

သဲဘီလူးအုပ်စုကို ရှင်းလင်းပြီးနောက်ကျန်းလန်က လမ်း၏အခြားတစ်ဖက်သို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင်လည်း သဲဘီလူးများစွာ ရှိနေကြောင်း အာရုံခံလိုက်မိသည်။

“ဒီကောင်တွေက အစီအရင်ကို နှောက်ယှက်ခံလိုက်ရပြီး ထွက်ပေါ်လာတာတွေလား… ၊ တခြား ဘာအကြောင်းနဲ့ ထွက်ပေါ်လာရတာလဲ… ၊ အကြောင်းရင်းသိရအောင် ရှာမှဖြစ်မယ်…”

ကျန်းလန်တွေးလိုက်သည်။

သဲဘီလူးများ၏ ဇာစ်မြစ်ကို မရှာဖွေဘဲ ဒီအတိုင်းသတ်ဖြတ်နေခြင်းက နည်းလမ်းမကျပေ။ သဲဘီလူးများ ထွက်ပေါ်လာခြင်းက သတိထားရမည့်ကိစ္စ ဖြစ်သည်။

ထိုသို့ဖြင့် ညအချိန်သို့ ရောက်ရှိသွားလေသည်။

ကျန်းလန်မှာ ဓားတစ်လက်ဖြင့် သဲဘီလူးများကို ထိုးခုတ်သတ်ဖြတ်နေဆဲ ဖြစ်ပြီးသဲမှုံများက လေထဲတွင် လွင့်ပျံလျှက် ရှိသည်။

နောက်ဆုံးတော့ သဲဘီလူးများအားလုံး ပျောက်ကွယ်သွားပြီး ကျန်းလန်သာလျှင် သဲပြင်ထက် မတ်တတ်ရပ်လျှက် ကျန်ရစ်သည်။

ဤသည်မှာ သူ သုတ်သင်ရှင်းလင်းပစ်ခဲ့သည့် သဲဘီလူးပထမလှိုင်း ဖြစ်၏။ ကံကောင်းသည်မှာ သဲဘီလူးများနှင့်တိုက်ခိုက်ရင်း သဲဘီလူးများထွက်ပေါ်လာရာ ရင်းမြစ်ကို ခြေရာခံနိုင်သည်။

ထိုသဲဘီလူးများက ဘာမှမရှိသည့် သဲကန္တာရကြီးတစ်ခုမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

သဲပြင်ထက်တွင် အနက်ရောင်ဝတ်ဆင်ထားသည့် လူတစ်ယောက်ထိုင်နေပြီး ထိုသူက သဲဘီလူးများကို ဖန်တီးပြုလုပ်လျှက် ရှိသည်။

သို့သော် ယခုလက်ရှိ သူပြုလုပ်နေသည့် သဲဘီလူးများက စောစောက ကျန်းလန်တိုက်ခိုက်ခဲ့သည့် သဲဘီလူးများနှင့် တူညီခြင်း မရှိပေ။

သူ ယခု ပြုလုပ်နေသည်က မူလဝိညာဉ် ၊ ကနဦးအဆင့် သဲဘီူလးများ ဖြစ်ကြသည်။ သဲဘီလူး (၁၀) ရုပ်ကျော်ကျော်ပင် ပြုလုပ်ပြီးနေပြီ ဖြစ်၏။

ကျန်းလန်က အနက်ရောင်ဝတ်လူကို တိတ်တဆိတ်ချောင်းမြောင်းကြည့်နေရင်း ဓားကို ပြန်လည် သိမ်းဆည်းလိုက်သည်။ ထိုသူကို တိုက်ခိုက်ရန် ဓားမလိုအပ်တော့ပေ။

ထို့ပြင် သူ စနစ်တွင်လည်း မှတ်ပုံတင်ရခြင်း မရှိသေးပေ။ မြူခိုးအစီအရင်၏ ဗဟိုချက်သို့ သွားရောက်မှတ်ပုံတင်ရန် ဆုံးဖြတ်ထားသည်။

ယခု သူ ရောက်ရှိနေသည့်နေရာက မြူခိုးဗဟိုချက်နှင့် နီးကပ်နေပြီဖြစ်ကြောင်း ကျန်းလန် ရိပ်မိသည်။

စနစ်တွင် မှတ်ပုံတင်ရန်က အရေးကြီးသည့်တိုင် ရန်သူကို အရင်ဦးစွာ စာရင်းရှင်းရမည် ဖြစ်သည်။

“အထင်ကြီးလောက်စရာပဲ…”

ကျန်းလန်၏အသံထွက်ပေါ်လာသည်နှင့် အနက်ရောင်ဝတ်ဆင်ထားသူက သူပြုလုပ်ထားသည့် သဲဘီလူးရုပ်တစ်ခုကို နောက်သို့ ချက်ချင်းဝှက်ထားလိုက်သည်။

“ဘယ်သူများလဲလို့… မင်းကိုး… ၊ မင်းက ဒီနေရာကို တစ်ယောက်တည်း လာရဲသလား… ၊ ကောလဟလတွေများ မှားနေသလားကွာ… ၊ ကြည့်ရတာ နဝမမတေင်ထွတ်ကတပည့်က ပြောသလောက်လည်း မညံ့ဘူးထင်ပါ့…”

ကျန်းလန်ကိုကြည့်ပြီး အနက်ရောင်ဝတ်ဆင်ထားသူက ပြောလိုက်သည်။

ထိုသူ၏အသံက ထူးဆန်းပြီး ယောကျ်ားလေးလား ၊ မိန်းကလေးလား ခွဲခြားရန် ခက်ခဲသည်။

သို့ရာတွင် အင်မော်တယ်မဖြစ်သေးသူတစ်ယောက် မည်မျှပင် ဟန်ဆောင်ရန် ကြိုးစားပါစေ ကျန်းလန်ရှေ့တွင်တော့ မည်သည့်အရာကိုမှ ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။

အနက်ရောင်ဝတ်စုံရှင်သည် ဖြူဖပ်ဖြူလျော်ဖြစ်နေသည့် လူငယ်တစ်ယောက်သာ ဖြစ်သည်။

ဝင်ပူးခံထားရသည့် လူသားရုပ်သေးတစ်ခုလား။

ထိုသူ၏ ကျင့်ကြံခြင်းအဆင့်ကို သိလိုက်သည်နှင့် တစ်ခုခုမှားနေကြောင်း ကျန်းလန် ခံစားလိုက်ရသည်။ ထိုသူက မူလဝိညာဉ် ၊ အလယ်ဆင့် မျှသာရှိသေးသည်။

ကျန်းလန်က ချက်ချင်းမလှုပ်ရှားသေးဘဲ အခြေအနေကို အကဲခတ်ကြည့်နေ၏။

ဤသူက ထိန်းချုပ်ခံထားရခြင်း ဖြစ်ဟန်တူသည်။ တစ်စုံတစ်ယောက်က သူ့ကို အတင်းအဓမ္မထိန်းချုပ်ထားခြင်းလား ၊ သို့တည်းမဟုတ် သူကိုယ်တိုင်က ထိန်းချုပ်ခံရန် လိုလိုလားသဘောတူခြင်းလား မပြောတတ်ပေ။

ကျန်းလန်အနေဖြင့် နောက်ကွယ်မှ ထိန်းချုပ်နေသူကို ရှာဖွေရမည် ဖြစ်သည်။ နောက်ကွယ်မှလူကို ခြေရာခံနိုင်ရန် အစီအရင်တစ်ခု ပြုလုပ်ရမည်ဖြစ်၏။

ကျန်းလန် လက်တစ်ဖက်ကို နောက်သို့ ပစ်လိုက်ပြီး လက်ထဲတွင် အင်းသင်္ကေတတစ်ခု ဖန်ဆင်းလိုက်သည်။

သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို အသုံးပြုထားသောကြောင့် ရန်သူက ကျန်းလန် ပြုလုပ်နေသည့် အင်းသင်္ကေတကို တွေ့မြင်နိုင်ခြင်း မရှိပေ။

အနက်ရောင်ဝတ်လူက…

“ဂိုဏ်းတူညီလေး… ခွန်လွန်တောင်က မင်းကို ကျောက်စိမ်းရေကန်နတ်ဘုရားမနဲ့ လက်ဆက်ပေးဖို့ ဘာလို့ ရွေးခြယ်လိုက်ကြသလဲ သိလား…”

သူ့အသံက နက်ရှိုင်းလျှက်ရှိပြီး အနည်းငယ် ရယ်သံစွက်နေသည်။

“ဂိုဏ်းတူညီလေး… ဒီစေ့စပ်ပွဲကိစ္စနောက်ကွယ်က ပူးပေါင်းကြံစည်မှုကြီးအကြောင်း မင်း စဉ်းစားမိရဲ့လား… ၊ မင်းက တန်ခိုးစွမ်းအားလည်း အားနည်းတယ် ၊ နောက်ခံအင်အားလည်း မရှိသလို ပါရမီရှင်တစ်ယောက်လည်း မဟုတ်ဘူး… ၊ မင်းအရည်အချင်းနဲ့ဆိုင် ကျောက်စိမ်းရေကန်နတ်ဘုရားမကို ဘယ်လိုလုပ်လက်ထပ်နိုင်မှာလဲ… ဟုတ်တယ်မလား…”

အနက်ရောင်ဝတ်လူက ခဏနားပြီးမှ ဆက်ပြောသည်။

“မင်းစဉ်းစားကြည့်လေ… မုန့်တစ်ချပ် ကောင်းကင်ပေါ်က အလိုလိုပြုတ်ကျလာတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား… ၊ လောကမှာ အလကားရတာ ဘာမှမရှိဘူးကွ… ၊ အင်း… အလကားရတာ ရှိကောင်းရှိနိုင်ပါတယ်… ၊ ဒါပေမဲ့ အလကားရတိုင်း ယူမိရင်တော့ အသက်ပေးဆပ်ရတဲ့အထိ ဖြစ်သွားနိုင်တယ်… ၊ မင်းက အလိုလိုနေရင်း ကံကောင်းနေတယ်လို့ ယူဆနေတာတော့ မဟုတ်လောက်ပါဘူးနော်…”

ကျန်းလန်က သိမ်မွေ့သည့်လေသံဖြင့်…

“ဆက်ပြောပါဦး…”

ထိုသူပြောနေသည့် အကြောင်းအရာများက အလွန်စိတ်ဝင်စားဖွယ်ဖြစ်နေလေရာ ကျန်းလန် နားထောင်သင့်သည် မဟုတ်လား။

ပြီးတော့ သူ့လက်ထဲတွင် ပြုလုပ်နေသည့် အင်းသင်္ကေတမှာလည်း ပြီးဆုံးလုနီးနေပြီ ဖြစ်လေသည်။

ထိုသူ လေကြောရှည်နေချိန်တွင် သူပြုလုပ်နေည့် အင်းသင်္ကေတ အဆုံးသတ်သွားမည် ဖြစ်၏။


Comment

Leave a Reply


Options

not work with dark mode
Reset