အပိုင်း(၁၆၃၉):

ကိုယ်စားပြုကိုးယောက်

မဟာလမ်းစဥ် စွမ်းအားများအောက်တွင် ရှေးဟောင်းလမ်းမက သုသာန်မြေကဲ့သို့ တိတ်ဆိတ်သွားသည်။

မရေတွက်နိုင်သည့် အကြည့်များက ရှန်းယွမ်နှင့် ဆံပင်အဖြူရောင် ပုံရိပ်ထံတွင် ကျရောက်နေသည်။ ပုံရိပ်တစ်ခုက မြေပေါ်တွင် ဒူးတစ်ဖက်ထောက် ရှိနေစဥ်၌ သူ၏ ပြိုင်ဘက်က ဆန့်ကျင်ဘက်တွင် ရပ်နေခဲ့ကာ ထူးမခြားနားစွာ ကြည့်နေခဲ့သည်။ ယခုအခြေအနေသည် တိုက်ပွဲမစခင်နှင့် ယှဥ်ရလျှင် ပြောင်းပြန်ပင် ဖြစ်သည်။

တိုက်ပွဲမတိုင်ခင် ရှန်းယွမ်က အလွန် စိတ်ကြီးဝင်လှသည်။ နှိုင်းယှဥ်ရလျှင် ရီဖူရှင်းက တလျှောက်လုံး တည်ငြိမ်နေခဲ့၏။

သို့သော် ယခုတွင် ယခင်က မောက်မာနေခဲ့သည့် ရှန်းယွမ်က မြေပြင်တွင် ဒူးထောက်ကျနေခဲ့သည်။

ရီဖူရှင်း၏ ဓားမှ တိုက်ခိုက်မှုတစ်ခုကို ရှန်းယွမ်က ခံနိုင်ရည်မရှိသည်လား။

ရှန်းယွမ်သည် ရှန်းကလန်၏ ပါရမီရှင်တစ်ဦး ဖြစ်သော်လည်း ရီဖူရှင်း၏ တိုက်ခိုက်မှုတစ်ခုကို ခံနိုင်ရည်မရှိခဲ့ပေ။

ဤရလဒ်က လူအမျာကြီး၏ အမူအရာကို ထူးဆန်းသွားစေသည်။ ရီဖူရှင်းက တွန်းချရလွယ်ကူသည်ဟု သူတို့ တွေးခဲ့ကြသည်လား။

ရှန်းကလန်မှ ပါရမီရှင်တစ်ဦးကို တစ်ချက်တည်းနှင့် ရှုံးနိမ့်စေနိုင်ခြင်းမှာ အထက်ကိုးဘုံရှိ တန်ခိုးရှင် မည်မျှများများက လုပ်ဆောင်နိုင်မည်နည်း။

သက်ဆိုင်ရာဘုံများ၏ ထိပ်သီးပါရမီရှင် အနည်းငယ်မှလွဲလျှင် ထိုသို့လုပ်ဆောင်နိုင်သူ များများစားစား ရှိမည်မဟုတ်ပေ။

ယခု မောက်မာနေခဲ့သော ရှန်းယွမ်က တိုက်ပွဲ၌ မျက်နှာပျက် အရှက်ရခဲ့သည်။

ရှန်းဟောက်၏ အဝတ်စများက လေမတိုက်ပါဘဲ တဖျတ်ဖျတ် လွင့်လာခဲ့သည်။ သူ့ခန္ဓာကိုယ်မှ အရှိန်အဝါဖျော့ဖျော့ ထွက်ပေါ်လာ၏။ သူ၏ အကြည့်များက တိုက်ပွဲမြေပြင်သို့သာ စူးစိုက်ကြည့်နေခဲ့သည်။ သေချာပေါက် သူက ဤတိုက်ပွဲ၏ အဆုံးသတ်ရလဒ်ကို လက်မခံလိုခဲ့ပေ။

ရီဖူရှင်းသည် ထျန်းဟယ်မဟာအကြီးအကဲ၏ ဆက်ခံသူဖြစ်သည်။ ထျန်းဟယ်မဟာအကြီးအကဲက သူ့ကို နတ်ဘုရားအမွေအနှစ်နယ်မြေသို့ ပို့ခဲ့သည်။

ကြည့်ရသည်မှာ ရှန်းယွမ်က ထျန်းဟယ်မဟာအကြီးအကဲ၏ တပည့်ကို အထင်သေးခဲ့ပုံရသည်။

ရီဖူရှင်းက ကောင်းကင်အာဏာစက်ဘုံကို ကိုယ်စားပြုခဲ့သည်။ သူတို့၏ တိုက်ပွဲကို ကြည့်ပြီး သူ့ကို ကိုယ်စားပြုဖြစ်ရန် ကန့်ကွက်ချက် မည်သူမှ မရှိတော့ဟု ထင်မှတ်ရသည်။ ရီဖူရှင်းသည် ကောင်းကင်အာဏာစက်ဘုံ၌ အတော်လေး ဂုဏ်သတင်းကျော်ဇောပုံရလေသည်။

ရှောင်းကလန်မှ ရှောင်းမုယွီသည် ထိုနေရာသို့ စူးစိုက်ကြည့်နေခဲ့သည်။ ရှန်းယွမ်က ရှုံးနိမ့်သွားသည်လား။

သူမက ရီဖူရှင်းအလွန်အားကောင်းသည်ကို သိနေသော်လည်း ထိုမျှ အစွမ်းထက်မည်ဟု ထင်မှတ်မထားခဲ့ပေ။

သူသည် အလွန် စွမ်းအားပြည့်ဝစွာဖြင့် အနိုင်ရယူခဲ့သည်။

“ပညာရှိကျမ်း” ထျန်းရှန်ကျောင်းတော်မှ ကျန်ချင်းကျူက ရေရွတ်လိုက်သည်။ ထျန်းဟယ်မဟာအကြီးအကဲ၏ ဆက်ခံသူအနေနှင့် ရှန်းကလန်မှ ရှန်းယွမ်က စိန်ခေါ်သည့်အခါ ရီဖူရှင်းသည် ရည်ရွယ်ချက်ရှိရှိဖြင့် ပညာရှိကျမ်းကို ထုတ်ဖော်အသုံးပြုခဲ့ခြင်း ဖြစ်ရပေမည်။

သူသည် ထိုသို့လုပ်ဆောင်ခဲ့ တစ်ခုခုကို သက်သေပြချင်ပုံရသည်။

သို့သော် တိုက်ပွဲအဆုံးသတ်ရလဒ်က မျှော်မှန်းချက်နှင့် ကွာခြားပေသည်။ ရီဖူရှင်းသည် ကျန်ချင်းကျူနှင့် တန်းတူပင် ဖြစ်သည်။ သူတို့နှစ်ယောက်က အမွေအနှစ် တံခါးကို ဖွင့်နိုင်ခဲ့သည်။

ရှန်းယွမ်ကိုယ်တိုင်သည်လည်း ရီဖူရှင်းက မည်သည့်အတွက် ပညာရှိကျမ်းစွမ်းအားများ သုံးခဲ့သည်ကို နားလည်ပေသည်။ ထိုသည်မှာ ရှန်းကလန်၏ ပါရမီရှင်တစ်ဦးဖြစ်သည့် ရှန်းယွမ်က ထျန်းဟယ်မဟာအကြီးအကဲ၏ ဆက်ခံသူအား ရှုံးနိမ့်ခဲ့သည်ဟု သတိပေးခြင်း ဖြစ်ပေသည်။

“ကျုပ် ဓားကို နောက်တစ်ခါ ထပ်စမ်းကြည့်ချင်သေးလား။” ရီဖူရှင်းက ဒူးတစ်ဖက်ထောက်လျက်ရှိနေဆဲ ရှန်းယွမ်ကို မေးလိုက်သည်။

ရီဖူရှင်း၏ အသံက လူအများ၏ အမူအရာကို ကို့ယို့ကားယား ဖြစ်သွားစေသည်။ ဤလူက အမှန်ပင် လွန်လွန်းလှသည်။ သူက ရှန်းယွမ်အား အရှက်မရဘဲ မနေစေချင်ပုံရသည်။

သို့သော် ထိုသည်မှာ ပုံမှန်ပင် ဖြစ်သည်။ အကယ်၍ ရှန်းယွမ်က ရီဖူရှင်းကို စိန်ခေါ်ပြီး အနိုင်ရသူ ဖြစ်ခဲ့ပါလျှင်လည်း သူ၏ သဘောထားက အလွန် မောက်မာနေပေမည်။ ယခု ရီဖူရှင်းက သူ့ကို အရှက်မရစေရန် မည်သည့်အတွက် ထောက်ထားရမည်နည်း။

ရှန်းယွမ်သည် ရီဖူရှင်း၏ စကားကို ကြားသည့်အခါ တုန်ယင်သွားပေသည်။ သူသည် တဖြည်းဖြည်း ထရပ်ပြီး သူနှင့် ဆန့်ကျင်ဘက်မှ ပုံရိပ်ကို ကြည့်လိုက်သည်။

သူက နောက်ထပ် ရီဖူရှင်း၏ ဓားချက်ကို စမ်းကြည့်ချင်နေဆဲလား။

‘သူ စမ်းကြည့်သင့်လား။ မစမ်းကြည့်ဘဲ နေသင့်လား။’

သူက ဓားနှင့် ထိပ်တိုက်ရင်ဆိုင်ရန် ကြိုးစားလျှင် နောက်ဆုံးရလဒ်က မည်သို့ ဖြစ်လာမည်နည်း။

သူက ရီဖူရှင်း၏ ဓားကို ထိပ်တိုက်ရင်ဆိုင်ရန် ကြိုးစားမကြည့်ပါလျှင် အရှက်ရဖွယ် ဖြစ်ပေလိမ့်မည်။

သူ့ခန္ဓာကိုယ်မှ နတ်အလင်းတို့ တောက်ပလာသည်။ သူ၏ မျက်လုံးများမှာ အလိုမကျခြင်းတို့ ဖြစ်ပေါ်နေသည်။ ထိုမျက်လုံးများမှ ကြောက်မက်ဖွယ် အလင်းတို့ ထိုးထွက်လာ၏။

နောက်ထပ် ဓားချက်တစ်ချက်ကို ထပ်မံခံယူကြည့်ပါလျှင် သူက မည်သို့ ဖြစ်လာနိုင်မည်နည်း။

သူက ထိုဓားအတွက် ပြင်ဆင်ထားခြင်း မရှိခဲ့ပေ။ သူက တူညီသော အမှားကို နှစ်ခါပြုလုပ်လိမ့်မည် မဟုတ်ပေ။

“ရှန်းယွမ်” ထိုအချိန်တွင် အသံတစ်ခု ထွက်ပေါ်လာသည်။ ရှန်းယွမ်က ရှန်းကလန်ဘက်သို့ လှည့်ကြည့်လိုက်လျှင် ရှန်းဟောက်က ပြောလိုက်သည်။ “မင်း ရှုံးသွားပြီဆိုမှတော့ ဆင်းလာခဲ့တော့”

ရှန်းယွမ်၏ မျက်လုံးများတွင် မကျေနပ်မှုတို့ အပြည့်ဖြစ်နေသည်။ သူ ရှုံးနိမ့်ရမည်ဟု မည်သည့်အခါကမှ မတွေးမိခဲ့ဖူးပေ။ သူက ခြေထောက်ကို ဒရွတ်တိုက်ဆွဲကာ ရှန်းကလန်ရှိရာသို့ ပြန်သွားခဲ့သည်။ နောက်ကျောမှ သူ့ပုံရိပ်က ညို့မှိုင်းနေပုံရသည်။

ရီဖူရှင်းက ရှန်းကလန်ဘက်သို့ ကြည့်လိုက်လျှင် သူ့ထံသို့ကြည့်နေသည့် ရှန်းဟောက်၏ အကြည့်များကို မြင်လိုက်ရသည်။ ဤတစ်ကြိမ်၌ ထျန်းဟယ်မဟာအကြီးအကဲသည် ထူးချွန်လှသည့် ဆက်ခံသူကို တွေ့ရှိခဲ့သည်။ ရီဖူရှင်းက ထျန်းဟယ်မဟာအကြီးအကဲ၏ ဆည်းဆာချိန်များအတွက် မျှော်လင့်ချက် ဖြစ်ခဲ့သည်လား။

ထိုသည်မှာ မည်သည့်အရာကိုမှ မပြောင်းလဲနိုင်ပေ။

ရီဖူရှင်းသည် ရှန်းဟောက်၏ အကြည်တို့ကို နားလည်ပေသည်။ ရီဖူရှင်းက ပြုံးလိုက်၏။ မဟာလမ်းစဥ်ဘုံထောင်၏ အထွတ်အထိပ်တွင် ရပ်တည်ခဲ့ပြီး မော်ကြွားလှသည့် ရှန်းကလန်တွင် ကလန်ထဲ၌ အစွမ်းထက်တန်ခိုးရှင်များစွာ ရှိသည်။ သူတို့သည် ရှန်းယွမ်နှင့် အခြားသူများထက် ပို၍ အရည်အချင်းရှိသည်။ ယခုလက်ရှိတွင် လူငယ်မျိုးဆက်များ၏ ခွန်အားသာလျှင် ရှိသည်။ ရှန်းကလန်၏ ပင်မကျောရိုးမှာ အထွတ်အထိပ်သို့ ရောက်နေပြီး ဖြစ်သော ရန်ဟောင်များ ဖြစ်လေသည်။

ရှန့်ထိုအဆင့်မှ ရီဖူရှင်းက ထိုရန်ဟောင်များကို မည်သို့ ယှဥ်နိုင်ပါမည်နည်း။ ယခင်နေ့ရက်များတွင် ထျန်းဟယ်မဟာအကြီးအကဲနှင့် တပည့်သုံးထောင်က ရှန်းကလန်း စကားတစ်ခွန်းတည်းဖြင့် ချေမှုန်းခံခဲ့ရသည်။ ရှန်းကလန်၏ ရှာဖွေတွေ့ရှိထားသော နတ်လက်နက်များနှင့် သူတို့သည် ဘုံတစ်ခုလုံးကိုပင် ဖျက်ဆီးပစ်နိုင်ပေသည်။

ရီဖူရှင်းက မည်သို့ လုပ်နိုင်မည်နည်း။

သူ၏ အရည်အချင်းက ထူးခြားသာလွန်နေလျှင်ပင် သူတစ်ယောက်သာ ဖြစ်သည်။ ရှန်းကလန်က သူ့အကြောင်း ဂရုစိုက်နေရန် မည်သည့်အကြောင်းရှိသနည်း။ အထူးသဖြင့် ရှန်းကလန်၏ ဆက်ခံသူအဖြစ် လျာထားခံရသော ရှန်းဟောက် ဖြစ်သည်။

သူက ရှန်းကလန်၏ ခေါင်းဆောင်ဖြစ်လာသည့် အခါတွင် မဟာလမ်းစဥ်ဘုံထောင်၏ အဓိကတည်ရှိမှု ဖြစ်နေပေလိမ့်မည်။ အတွေးတစ်ချက်နှင့်ပင် လူများစွာ၏ သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်ပေမည်။

ရီဖူရှင်းက ရှေးဟောင်းလမ်းမမှ လျှောက်လာခဲ့ပြီး သူ့နေရာသို့ ပြန်သွားခဲ့သည်။ တိုက်ပွဲကို မြင်တွေ့ခဲ့ရပြီးနောက် သူ့နေရာကို လိုချင်သူများက လက်လျှော့သွားခဲ့သည်။ ရှန်းယွမ်ကို ရှုံးနိမ့်စေခဲ့ခြင်းကို သူ့ကို ပြဿနာများစွာမှ ကယ်တင်ပေးခဲ့သည်။

မျှော်လင့်ထားသလိုပင် မည်သူကမှ ရီဖူရှင်းကို မရှာကြတော့ပေ။ ထို့အစား အခြားသူများက အသင်္ချေဘုံ၏ ထိပ်သီးအင်အားစုမှ ချင်းလင်ကို စိန်ခေါ်ကြသည်။

သို့သော် ချင်းလင်၏ လက်တွင် စိန်ခေါ်သူအချို့ ဆက်တိုက်ကျရှုံးခဲ့ရသည်။ သူ၏ သတ်ဖြတ်ခြင်းနှလုံးသားက အလွန် ကြောက်မက်ဖွယ် ကောင်းပေသည်။ ၎င်းသည် သတ်ဖြတ်ခြင်းလမ်းစဥ်၏ အကန့်အသတ်ကို နှိုးဆွပေးသည်။ သတ်ဖြတ်ခြင်းနတ်ဝင်္ကပါက အလွန် ကြောက်မက်ဖွယ် ကောင်းသည်။ ချင်းလင်က နေရာ၌ပင် ချက်ချင်း သတ်ဖြတ်ပစ်လိုက်သူတစ်ဦး ဖြစ်သည်။

ဤသည်မှာ ကျန်ရှိနေသည့် ကိုယ်စားပြုသူကိုးယောက်က ထိရန်ခက်ခဲသည့် ပစ်မှတ်များဖြစ်ကြောင်း သတိပြုမိစေသည်။ သတ်ဖြတ်ခြင်းလောကမှ ချင်းလင်သည် အသင်္ချေဘုံတွင် ထူးချွန်သည့်သူတစ်ဦး ဖြစ်သည်။ သူ၏ တိုက်ပွဲစွမ်းရည်က ဗဟိုအင်ပါယာဘုံ၏ ထိပ်သီးများအတွက်သာ ခြွင်းချက်ဖြစ်သည်။

သူရိန်ဘုံမှ တိဝူနှင့် ယိုယွဲ့နတ်နန်းတော်မှ ချန်ရှီးကို စိန်ခေါ်ကြသူများလည်း တူညီစွာပင် ရှုံးနိမ့်ခဲ့ကြသည်။

သူရိန်ဘုံနှင့် သဏ္ဌာန်မဲ့ဘုံမှ ထိပခသီးအင်အားစုများ၏ ကိုယ်စားပြုနှစ်ယောက်သည် လူအများ၏ မျှော်လင့်ချက်နှင့်အတူ ရှင်သန်နိုင်သည်။ သူတို့က အလွန် အစွမ်းထက်လှသည်။

တိုက်ပွဲများပြီးသည့်နောက် အစကတည်းက ရှန်းဟောက်နှင့် နန်လော့ရှန်းမှလွဲ၍ မည်သူကမှ နောက်တစ်နေရာ ရယူရန် ကြိုးစားခဲ့ခြင်း မရှိပေ။

ယခုမှ နောက်တစ်နေရာလိုချင်လျှင် အလွန် ခက်ခဲပေလိမ့်မည်။

အဆုံးတွင် နောက်ဆုံး တိုက်ပွဲပြီးသည့်နောက် မည်သူမှ မလှုပ်ရှားတော့ပေ။

ထို့ကြောင့် ကိုယ်စားပြုကိုးယောက်က တူညီစွာပင် ကျန်ရစ်လေသည်။

ကျန်ချင်းကျူက ထိုအချင်းအရာကို မြင်သည့်အခါ ပြောလိုက်သည်။ “အခု ကျုပ်တို့ ကိုယ်စားပြုကိုးယောက် ရွေးပြီးပြီဆိုတော့ ရှေးဟောင်းလမ်းမ ရုပ်တုတွေကို တပြိုင်တည်း ဖြိုခွဲဖို့ လုပ်ကြတာပေါ့။ ယှဥ်ပြိုင်တာကို ဒီမှာပဲ ရပ်လိုက်ကြမယ်။ နတ်ဘုရားအမွေအနှစ်နယ်မြေတံခါးက ဘယ်အချိန် ပိတ်မှာလဲဆိုတာကို ဘယ်သူမှ မသိကြဘူးလေ။ အဲဒါကြောင့် အရေးမပါတာတွေနဲ့ အချိန်ဖြုန်းမနေစေချင်ဘူး။”

လူအုပ်က မည်သည့်စကားမှ ထပ်မပြောကြတော့ပေ။ သူတို့သည် သူ၏ စကားလုံးများမှ နေရာကို လုယူရန် မည်မျှခက်ခဲသည်ကို သိရှိလိုက်ကြပြီး ကိုယ်စားပြု ကိုးယောက် ရုပ်တုဖြိုခွဲမည်ကို နောက်၌ ထိုင်စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။

ကိုယ်စားပြုကိုးယောက်က အောင်မြင်ခဲ့လျှင် မည်သို့ဖြစ်လာမည်ကို မည်သူမှ မသိကြပေ။

မည်သူကမှ ကန့်ကွက်ခြင်းမရှိသည့်အတွက် ကျန်ချင်းကျူက လူအများကို ဝေ့ကြည့်ရင်း ပြောလိုက်သည်။ “ဒီလိုဆိုရင် စလိုက်ကြတာပေါ့။”

သူက ပြောပြီးသည်နှင့် ရှေ့သို့ လျှောက်သွားခဲ့သည်။ အခြားကိုယ်စားပြုရှစ်ယောက်သည်လည်း ရှေးဟောင်းလမ်းမသို့ ဦးတည်လိုက်ကြ၏။

မကြာခင်၌ ရှေးဟောင်းလမ်းမထက်တွင် တစ်ချိန်တည်း ပုံရိပ်ကိုးခု ပေါ်ပေါက်လာသည်။ ၎င်းတို့ကို ကြည့်ရသည်မှာ ခမ်းနားထည်ဝါလှသည်။

ရှန်းကလန်မှ ရှန်းဟောက်သည်  ဝရိန်ခုနစ်ပါး ကလန်မှ သတ္တမဝရိန် ၏ နေရာကို ရယူခဲ့ပြီး နန်ထျန်းနတ်ပြည်ထောင်မှ နန်လော့ရှန်းသည်လည်း နတ်တစ္ဆေကလန်မှ လျန့်ကျိုယိုး၏ နေရာကို ရယူခဲ့သည်။ သူတို့မှလွဲ၍ ကျန်သည့် တန်ခိုးရှင်များမှာ မူလကအတိုင်းပင် ဖြစ်သည်။

“တစ်ယောက်ကို ရုပ်တုတစ်ခု ယူကြမယ်။ ကျုပ်တို့ အောင်မြင်ရမယ်။” ကျန်ချင်းကျူက ပြောလိုက်သည်။ သူက ပြောပြီးနောက် ဦးဆောင်ကာ အလယ်မှ ရုပ်တုဆီ သွားလိုက်၏။

ရှေးဟောင်းလမ်းမတွင် ကောင်းကင်နန်းတော်မှ စွမ်းအားများ လွှမ်းမိုးနေပြီး ကိုယ်စားပြုသူများကို ဖုံးလွှမ်းထားသည်။ သူတို့သည် ပစ်မှတ်များသို့ စူးစိုက်ကြည့်ရင်း ချဥ်းကပ်လာကြ၏။

ကိုယ်စားပြုကိုးယောက်သည် နတ်ဘုရားအမွေအနှစ် နယ်မြေအတွင် အစွမ်းထက်ဆုံးများ ဖြစ်ကြသည်။ သူတို့ကသာ ရုပ်တုများကို မဖြေရှင်းနိုင်လျှင် အခြားသူများ လုပ်ဆောင်နိုင်ရန် အခွင့်အလမ်းက ပိုနည်းလေသည်။

ရီဖူရှင်းသည် ရှေးဟောင်းလမ်းမသို့ လျှောက်သွားခဲ့သည်။

တိုက်ဆိုင်သည်လား ရည်ရွယ်ချက်ရှိရှိလား မသိသော်လည်း ရှန်းဟောက်က သူ၏ ဘေးတွင် နေရာယူလာသည်။

သူတို့သည် တစ်ယောက်နှင်တစ်ယောက် မကြည့်ကြဘဲ တစ်လှမ်းချင်း ရှေ့သို့ တိုးလာကြသည်။ ကောင်းကင်နန်းတော်မှ ထွက်ပေါ်လာသည့် မဟာလမ်းစဥ်စွမ်းအားများသည် အားကောင်းလာသည်။ ရုပ်တုများသည် မတူညီသည့် နေရာများတွင် တည်ရှိနေပြီး အချို့မှာ  ရုပ်တုဆီရောက်ရှိနေပြီဖြစ်ကာ အချို့ကာ ဆက်သွားနေရဆဲ ဖြစ်သည်။

မည်သူကမှ ထိုရုပ်တုကိုးခု၏ စွမ်းအားကို မသိတာကြောင့် အဆောတလျင် မလှုပ်ရှားရဲကြပေ။

ရီဖူရှင်းက သူ့အနီးရှိ ရုပ်တုကို ချဥ်းကပ်လာသည့်အခါ ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက သူ့ကို လွှမ်းခြုံလာသည်။ မဟာလမ်းစဥ်စွမ်းအားများက မြင့်တက်လာပြီး လေဟာနယ်အတွင်း မျောလွင့်နေသည်။

ချက်ချင်းပင် သူက မဟာလမ်းစဥ်ပုံရိပ်ယောင်အတွင်း ဆွဲချခံလိုက်ရသည်။

ရီဖူရှင်းသာလျှင် မဟုတ်ဘဲ အခြားကိုယ်စားပြုရှစ်ယောက်သည်လည်း တူညီသည့် အခြေအနေတွင် ရောက်နေသည်။ ကိုယ်စားပြုကိုး​ယောက်သည် ရုပ်တုများနှင့် မျက်နှာချင်းဆိုင် ရှိနေခဲ့သည်။ သူတို့အားလုံးကို အန္တရာယ်ရှိသော မဟာလမ်းစဥ်စွမ်းအားများ လွှမ်းခြုံထားသည်။ ထို့ပြင် သူတို့ တွေ့ကြုံရသည့် ပုံရိပ်ယောင်များက ကွဲပြားပေသည်။

ရီဖူရှင်း ရောက်နေသည့် နေရာမှာ ကမ္ဘာဦးစစ်မြေပြင်တစ်ခု ဖြစ်နေပုံရသည်။ သူသည် ရုပ်တုရှေ့တွင်ရပ်နေခြင်းမဟုတ်တော့ဘဲ ကမ္ဘာဦးစစ်မြေပြင်သို့ ရောက်နေကြောင်း တွေ့လိုက်ရသည်။

သူ၏ အကြည့်များက အလွန် ထက်ရှနေသည်။ သူသည် ပုံရိပ်ယာင်များကို ဖြတ်ကာ မြင်ကြည့်ရန် ကြိုးစားနေသည်။ သို့သော် သူသည် ဤလေဟာနယ်အတွင်း ပိတ်မိနေဆဲဖြစ်ကာ ဖောက်ထွက်၍မရနိုင်ပေ။

သိသာစွာပင် ဤပုံစံဖြင့် ရုပ်တု၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ရန် မဖြစ်နိုင်ပေ။

ထိုမျှ အားကောင်းလှသည့်စွမ်းအား။

ရီဖူရှင်းက စိတ်ထဲမှ ကြိတ်၍ မှတ်ချက်ချလိုက်သည်။ သူ့မျက်လုံးရှေ့မှ အရာအားလုံးက အစစ်အမှန်အတိုင်းပင် ဖြစ်၏။ သူသည် အခြားနယ်မြေတစ်ခုသို့ ရောက်လာနေသကဲသို့ပင် ဖြစ်သည်။

တိုက်ပွဲတွင် ကောင်းကင်နန်းတော်ကို စောင့်​ကြပ်နေသည့် ချပ်ဝတ်စစ်သည်များ ပေါ်ပေါက်လာသည်။ သူတို့သည် တောက်ပသည့် ငွေရောင်ချပ်ဝတ်များကို ဝတ်ဆင်ထားကာ ပြင်းထန်သည့်သတ်ဖြတ်ခြင်း အရှိန်အဝါတို့ကို ထုတ်လွှတ်နေသည်။ သူတို့က ရီဖူရှင်းထံသို့ တိုးဝင်လာကြ၏။

ရီဖူရှင်းသည် အလွန် သတိထားနေရသည်။ ရုပ်တုများ၏ အရှင်သခင်က လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ကျဆုံးသွားပြီဖြစ်သော်လည်း သူ၏ စွမ်းအားအကြွင်းအကျန်များက ရှိနေဆဲ ဖြစ်သည်။ သူ၏ စွမ်းအား အကြွင်းအကျန်ကပင် အစစ်အမှန်ကဲ့သို့ ခံစားမိစေသည်။

ရီဖူရှင်း၏ အဆင့်က မည်မျှ မြင့်မားနေပါစေ သူက ထိုစွမ်းအားများ၏ သက်ရောက်မှုကို ခံနေရဆဲ ဖြစ်သည်။

တုန်ခါသံထွက်ပေါ်လာပြီး ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် အလင်းတို့ ပေါက်ကွဲထွက်လာသည်။ မဟာလမ်းစဥ်စွမ်းအားများက အော်မြည်နေသည်။

ချပ်ဝတ်စစ်သည်အရိပ်များက သူ့ခန္ဓာကိုယ်ကို တိုက်ရိုက်ဖြတ်သန်းသွား၏။ ၎င်းတို့က အစစ်အမှန် တည်ရှိမှုများ မဟုတ်ကြပေ။ သို့သော် ၎င်းတို့တွင် နက်နဲသိမ်မွေ့သည့် စွမ်းအားတို့ ပါဝင်နေပြီး ရီဖူရှင်းကို မွန်းကြပ်ဖွယ် ရှေးဟောင်းစွမ်းအား၏ ဖိအားကို ခံစားမိစေသည်။

လူအများ ယခင်က ကြိုးစားကြည့်ကြသော်လည်း သူတို့က ဖိအားဒဏ်ကို မခံနိုင်ဘဲ ပျက်စီးဆုံးရှုံးရသည်။

ဤနန်းတော်အတွင်း အောင်မြင်မှုသည် တစ်စုံတစ်ယောက်၏ အဆင့်နှင့် မသက်ဆိုင်ပေ။

ရန်ဟောင်အဆင့်မှ တန်ခိုးရှင်များသည်လည်း ​ပြင်းထန်သည့် စွမ်းအား၏ သက်ရောက်မှုကို ခံနေရသည်။

ရီဖူရှင်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ အခြားသော ချပ်ဝတ်စစ်သည်အရိပ်တို့က သူ့ထံပြေးဝင်လာသည်။ အလွန် စစ်မှန်သည့် သတ်ဖြတ်ခြင်း တိုက်ခိုက်ရေးစွမ်းအားများက ပြင်းထန်စွာ ထွက်ပေါ်လာနေ၏။ ယင်းက သူ၏ ခန္ဓာကိုယ်ကို ကျူးကျော်လာပြီး သူ့ကို သတ်ဖြတ်ချင်နေသည်။

သူက တိုက်ခိုက်မှု စွမ်းအားအရှိန်အဝါတို့ကို တားဆီးနေရန် ကြိုးစားနေသော်လည်း သူ၏ ကြိုးစားမှုက အချည်းနှီးသာ ဖြစ်သည်။ သတ်ဖြတ်ခြင်းစွမ်းအားများက သူ့ကို ထိုးဖောက်လာနေဆဲ ဖြစ်သည်။

ရီဖူရှင်းသည် ထိုသို့ မည်သည့်အခါကမှ မခံစားဖူးခဲ့ပေ။ သူက ရှေ့သို့ ကြည့်လိုက်၏။ သူသည် ရုပ်တုများက အသက်ရှိနေသည်ဟု ခံစားရပေသည်။ သူက ထိုရုပ်တု လှုပ်ရှားနေသည်ကို အမှန်တကယ်ခံစားမိကာ မျက်လုံးတစ်စုံက သူ့ကို စူးစိုက်ကြည့်နေပေသည်။

ထိုမျက်လုံးတစ်စုံ၏ အကြည့်တစ်ချက်နှင့် စစ်တပ်တစ်ခု၏ ခမ်းနားထည်ဝါသည့် စွမ်းအားတို့က သူ့ကို လွှမ်းခြုံလာသည်ဟု ထင်မှတ်ရသည်။

တစ်ချိန်တည်းတွင် စစ်ဗုံခရာသံများ ထွက်ပေါ်လာသည်။ ဗုံတီးသံက လေဟာနယ်အတွင်း ပဲ့တင်ထပ်လာ၏။

ဒေါင်…

ကျယ်လောင်သည့် ရိုက်ခတ်သံနှင့် ရီဖူရှင်းသည် သူ၏ စိတ်ဝိညာဥ်က ရုတ်တရ​က် တုန်ခါသွားသည်ဟု ခံစားလိုက်ရသည်။ သူ၏ နှလုံးသားက အလွန် လျင်မြန်စွာ ခုန်ပေါက်နေပြီး သူ၏ အသက်ရှုမှုက ရပ်တန့်သွားသလိုပင် ဖြစ်၏။ သူက အလွန်အမင်း နာကျင်မှုကို ခံစားရပေသည်။

သူက ခေါင်းကို မော့ပြီး ကြည့်လိုက်သည်။ လူတိုင်း ဤတာဝန်ကို ကျရှုံးခဲ့ခြင်းက အဆန်းမဟုတ်ပေ။ သူတို့ထက် ပို၍ အရည်အချင်းရှိသော လူများ ကြိုးစားလျှင်လည်း ကျရှုံးမည် ဖြစ်သည်။ ထို့ကြောင့် ကျန်ချင်းကျူက ကိုယ်စားပြုများ ရွေးချယ်၍ တပြိုင်တည်း တိုက်ခိုက်မည့် အကြံကို ထုတ်ဖော်ခဲ့ခြင်း ဖြစ်ပေသည်။

ယခု သူတို့အပြင် အထက်ကိုးဘုံမှ မရေတွက်နိုင်သော တန်ခိုးရှင်များက တိုက်ပွဲကို ကြည့်ရှုနေကြသည်။ သူတို့သည် နေရာအနှံ့၌ ပုံရိပ်ယောင်များကို မြင်နေရသည်။ ထိပ်သီးပါရမီရှင် ကိုးယောက်က မတူညီသည့် ပတ်ဝန်းကျင်တွင် တည်ရှိနေကြသော််လးည သူတို့အားလုံး ပြင်းထန်သည့် ဖိအားကို ခံစားနေကြရသည်။ ကျန်ချင်းကျူ၊ ရှန်းဟောက်နှင့် နန်လော့ရှန်းကဲ့သို့ ထိပ်တန်းပုဂ္ဂိုလ်များပင် ခြွင်းချက်မရှိပေ။

***


Comment

Leave a Reply


Options

not work with dark mode
Reset