အပိုင်း(၁၆၃၀):

ဥယျာဥ်ထဲမှာ လမ်းစဥ်ရှာဖွေခြင်း

လူအုပ်ထဲမှ လူတစ်ယောက်က သူ့ကို မည်သူမှ မဟန့်တားနိုင်ခင် စတင်၍ မျောလွင့်နန်းတော်ဆီ စတင် လျှောက်သွားခဲ့သည်။

ဤသည်မှာ နတ်ဘုရားအမွေအနှစ် နယ်မြေတွင် သူတို့၏ ပန်းတိုင်ဖြစ်သည်။ ထို့အပြင် ကျန်ချင်းကျူ နှင့် ရီဖူရှင်းတို့တွင် အရပ်လေးမျက်နှာကို ခွဲထွက်သွားလျှင်ပင် နောက်ဆုံး၌ တစ်နေရာတည်း၌သာ အဆုံးသတ်မည်ဟူသည့် တူညီသော အကြံဉာဏ်ရှိကြသည်။ ဆိုလိုသည်မှာ ဤနေရာက အစစ်အမှန် ‘နတ်ဘုရားအမွေအနှစ်’ ဟူ၍ပင် ဖြစ်သည်။

သူတို့တွင် ထူးခြားသည့် စိတ်အခြေအနေ ရှိနေကြသော်လည်း သူတို့သည် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရန် ခက်ခဲတာကြောင့် ဤလူက ရှေ့သို့ တစ်ဟုန်ထိုး သွားခဲ့ခြင်း ဖြစ်သည်။

မမြင်နိုင်သည့် ဧကရာဇ်အရှိန်အဝါက နန်းတော်ထက် ကောင်းကင်တွင် လွှမ်းခြုံနေပြီး  တစ်ဟုန်ထိုး ရှေ့ဆက်သွားသည့် ပုံရိပ်က နောက်သို့ လွင့်ထွက်သွားခဲ့သည်။ သူက ဒူးထောက်လျက် ပြန်ကျလာခဲ့၏။

သူသည် နန်းတော်သို့ မော့ကြည့်လိုက်သည်။ နတ်ဘုရားတို့ထံမှ လာသည့် ဤစွမ်းအားကို လူသာမန်က မည်သို့ ခံနိုင်ရည်ရှိပါမည်နည်း။

နန်းတော်ရှေ့မှ နေရာသည် အပြီးတိုင် ပိတ်ဆို့တားဆီးခံထားရသည်။ လေထဲမှ နန်းတော်သို့ ဝင်ရန် လမ်းမရှိသည်မှာ ကျိန်းသေပေသည်။ မဟာလမ်းစဥ် လမ်းမကို သွား၍ နတ်လှေကားကို ခြေချရန်မှာ နန်းတော်သို့ သွားရန် တစ်ခုတည်းသော လမ်းဖြစ်သည်။

သူက နောက်သို့ ပြန်ဆုတ်ခွာရန် ဖိအားပေးခံရသော်လည်း သူသည် နန်းတော်မှ လာသည့် အစွမ်းထက် စွမ်းအားကို ခံစားမိနိုင်ပေသည်။ သူ့ပေါ်သို့ ကျရောက်လာသည့် ဖိအားက အလွန် အားကောင်းနေပြီး သူ့ကို တောင်တစ်လုံးနှင့် ဖိနှိပ်ထားသကဲ့သို့ ခံစားရပေသည်။ သူ့အတွင်းမှ မဟာလမ်းစဥ်သည် အော်မြည်နေခဲ့သည်။ သူသည် ထလိုက်ကာ မားမားမတ်မတ် ရပ်၍ စိတ်ပိုင်းဖြတ်ထားသည့် ခြေလှမ်းတို့နှင့် လမ်းမ ဆီသို့ လျှောက်သွားခဲ့သည်။

ဘုန်း…

လမ်းမဆီမှ အသံတိုးတိုး ထွက်ပေါ်လာသည်။ သူက တည်ငြိမ်စွာ ​စောင့်ကြည့်နေသည့် လူတိုင်း၏ ရှေ့မှ နန်းတော်သို့ လျှောက်သွားခဲ့သည်။ သူတို့သည် သူတို့ကိုယ်သူတို့ ထိန်းချုပ်ရန် ခက်ခဲလာသည်ကို တွေ့ရှိရပြီး ဤနန်းတော်သို့ ဝင်ရန် လွယ်ကူလိမ့်မည် မဟုတ်သည့် အခြေအနေကို နားလည်လာကြသည်။

သူတို့ ယခင်က ကြုံတွေ့ဖူးခဲ့သည်များထက် ပို၍ ခက်ခဲပေလိမ့်မည်။

လှေကားရှေ့တွင် စောင့်ကြပ်ရန် မတ်တပ်ရပ်နေသော ရှေးဟောင်းနတ်စစ်သည်တို့နှင့် တူသည့် ရုပ်တုများစွာ ရှိသည်။  ထိုနေရာသို့ လူတစ်ယောက် ရောက်ရှိလာသည့်အခါ ရုပ်တုများထဲမှ တစ်ခုက တောက်ပသည့် အလင်းတို့ လင်းလက်လာသည်။ ကြောက်မက်ဖွယ် စွမ်းအားက ပေါက်ကွဲထွက်လာပြီး ပုံရိပ်ယောင်များ ပေါ်ပေါက်လာသည်။ ကြည့်ရသည်မှာ တိုက်ပွဲမြေပြင်တစ်ခု ဖြစ်ပေလိမ့်မည်။

ဘန်း…

ကျယ်လောင်သည့် အသံနှင့်အတူ ထိုသူသည် နောက်သို့ လွင့်စင်သွားခဲ့သည်။ သူက မြေပြင်နှင့် ရိုက်မိသွားပြီး သူ့ပါးစပ်မှ သွေးများ စီးကျလာသည်။ သူ့ပေါ်သို့ မဟာလမ်းစဥ် စွမ်းအားတို့က ကျဆင်းလာပြီး သူ့ကို မတ်တပ်ရပ်ရန်ပင် ခက်ခဲလာစေသည်။ သူ၏ ဝတ်ရုံတွင် စွေးစွေးနီသည့် သွေးတို့ စွန်းထင်းနေခဲ့၏။

ထိုမြင်ကွင်းကို မြင်သည့်အခါ အားလုံးသော တန်ခိုးရှင်များက မျက်မှောင်ကြုတ်လိုက်ကြသည်။ ထိုသည်မှာ သူတို့ ခန့်မှန်းထားသကဲ့သို့ပင် ဖြစ်သည်။  ထိုတန်ခိုးရှင်များသည် ထိပ်သီးအင်အားစုများမှ တစ်ယောက် ဖြစ်သည်။ သို့သော် သူသည်ပင် အပြင်၌ တားဆီးခံရပေသည်။

ရီဖူရှင်းသည်လည်း ရှေ့သို့ စူးစိုက်ကြည့်နေခဲ့သည်။ သူ၏ စိတ်အာရုံမှ အစွမ်းထက် စွမ်းအားတို့ ထွက်ပေါ်လာဟန်တူသည်။ ရုပ်တုများအဖြစ် နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့လျှင်ပင် သူတို့တွင် စွမ်းအားတို့ ပိုင်ဆိုင်ထားသေးသည်။

ထို့အပြင် ထိုနေရာ၌ ရုပ်တုအများအပြား ရှိနေသည်။ ၎င်းတို့ကို ဖြတ်ကျော်ရန် လွယ်ကူမည် မဟုတ်ပေ။ သူသည်ပင် လုပ်နိုင်မည်ဟု သေချာမှုမရှိပေ။

ကျန်ချင်းကျူသည်လည်း ရီဖူရှင်းကဲ့သို့ပင် ဖြစ်သည်။ ထျန်းရှန်ကျောင်းတော်၏ လူငယ်မျိုးဆက်မှ နာမည်ကျော် ပါရမီရှင်ကလည်း လှုပ်ရှားခြင်း မရှိပေ။ သူသည် ကောင်းကင်နန်းတော်ကို ကြည့်ကာ ယင်းကို ညွှန်ပြ၍ ပြောလိုက်သည်။ “ဒီနန်းတော်ကို နတ်ဘုရားတွေက ချန်ရစ်ခဲ့တာ။ အဲဒါကြောင့် တခြား အရပ်မျက်နှာနှစ်ခုက ဝင်ပေါက်တွေကလည်း ဒီအနီးအနားမှာပဲ ရှိရမယ်။ ကျုပ်တို့ အထဲကနေ ဖွင့်လို့ရမလား သွားကြည့်ကြည့်ရအောင်။”

“အဲဒါကို ဖွင့်မလို့လား” သူ့အနီးမှ လူများက အံ့သြစွာကြည့်လိုက်ကြသည်။ သူ ယှဥ်ပြိုင်ရန် လူအရေအတွက် လျော့နည်းလာသည့် အခြေအနေမျိုးတွင် ကျန်ချင်းကျူက အထက်ကိုးဘုံမှ တန်ခိုးရှင်အားလုံးကို ဤနေရာသို့ ရောက်လာစေရန် လုပ်ဆောင်နေသည်လား။

“ဟုတ်တယ်။” ကျန်ချင်းကျူက ခေါင်းညိတ်လိုက်သည်။ “နတ်ဘုရားအမွေအနှစ် နယ်မြေမှာ အခွင့်အရေး တစ်ခုပဲရှိတယ်။ နတ်ဘုရားခန်းမက လူတွေ ဒီကို ရောက်လာပြီဆိုတော့ အဲဒီမှာ ဘာမှ ရှိတော့မှာ မဟုတ်ဘူး။ ဒါပေမယ့် တခြားနေရာက လူတွေ မရောက်သေးဘူးဆိုတော့ ကျုပ်တို့ သွားကြည့်ကြမယ်။”

သူက စာအုပ်များစုဆောင်းထားရာ နေရာသို့ လာရန် ရွေးချယ်ခဲ့သည်မှာ စာအုပ်များက သူ အကျွမ်းကျင်ဆုံးအရာများ ဖြစ်၍ ဖြစ်သော်လည်း ထိုသည်မှာ သူသည် အခြား အရပ်မျက်နှာသုံးခု၌ ရှိနေသည်များကို မမြင်တွေ့လိုဟု ဆိုလိုခြင်း မရှိပေ။ နတ်ဘုရားအမွေအနှစ် နယ်မြေမှ အရာအားလုံးက ထူးခြားဆန်းကြယ်လှသည်။

ယခု သူ့တွင် အခွင့်အရေးတစ်ခု ရှိလျှင် သူသည် တစ်ခုခုများ ရနိုင်မလားဟု သွားကြည့်ချင်မိပေသည်။ သူက စာအုပ်များ သိမ်းဆည်းထားရာ နေရာမှ ရလာသကဲ့သို့ အများကြီး မရနိုင်လျှင်ပင် ၎င်းက အဖိုးတန်နေဦးမည် ဖြစ်သည်။

သူ့အနီးရှိ ထျန်းရှန်ကျောင်းတော်မှ လူများသည်လည်း သူ့ကို တအံ့တသြ ကြည့်လိုက်ကြသည်။ ဤနေရာကို အရင်ဆုံးရောက်လာသည့် မည်သူမဆို အကျိုးအမြတ်ရနိုင်လျှင် သူတို့သည် ကျန်ချင်းကျူကဲ့သို့ နတ်ဘုရားအမွေအနှစ် နယ်မြေ၏ အခြားအပိုင်းများ လမ်းကြောင်းကို ဖွင့်လှစ်ရန် တွေးတောလိမ့်မည် ဖြစ်သည်။

သူ၏ အတွေးအခေါ်က အခြားသူများနှင့် အမှန်ပင် မတူညီပေ။

သို့သော် မတူညီသည့် ရှုထောင့်မှ ကြည့်ရလျှင် ဤသည်မှာ ကျန်ချင်းကျူက သူ့ကိုယ်သူ အကြွင်းမဲ့ ယုံကြည်ချက်ရှိသည်ကို ပြသနေသည်။ ကြည့်ရသည်မှာ နတ်ဘုရားအမွေအနှစ် နယ်မြေတွင် လူမည်မျှ များများ ပြဿနာမရှိဘဲ နောက်ဆုံး၌ သူသာလျှင် ရပ်တည်နိုင်မည်ဟု ယုံကြည်ထားပုံရလေသည်။

သူက ၎င်းကို မရယူနိုင်လျှင် မည်သူကမှ ရနိုင်မည် မဟုတ်ပေ။

“ကောင်းပြီ” တစ်ယောက်က ခေါင်းညိတ်ပြီး လှည့်ထွက်သွားသည်။ ဤလူက နတ်ဘုရားအမွေအနှစ် အတွက် တပ်မက်စိတ်မရှိပေ။ ဤသည်မှာ ကျန်ချင်းကျူ၏ ရည်မှန်းချက် ဖြစ်သည်။ အခြားသော ထိပ်သီးအင်အားစုများမှ အနည်းငယ်ကလွဲလျှင် ထျန်းရှန်ကျောင်းတော်တွင် မည်သူကမှ သူနှင့် ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။

“အထဲကနေ တံခါးကို ဖွင့်လို့ရခဲ့ရင် မင်းနဲ့ ဥယျာဥ်ဘက်ကို ခဏသွားကြမယ်။” ရီဖူရှင်းက ရှားရှင်းယွန်ကို ပြောလိုက်သည်။

“ဥယျာဥ်လား” ရှားရှင်းယွန်၏ မျက်နှာထက်တွင် ဇဝေဇဝါ အကြည့်တစ်ခု ဖြစ်ပေါ်လာသည်။ သူမက သူ့ကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။

“ဟုတ်တယ်။ ဥယျာဥ်” ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။ “ကျုပ်တို့အတွက်နဲ့ အထက်ကိုးဘုံအတွက်ကတော့ ဒါက နတ်ဘုရားတစ်ပါး ချန်ရစ်ခဲ့တဲ့ အမွေအနှစ်တွေပေါ့။ အဲဒါကြောင့်ပဲ ဒီနေရာကို နတ်ဘုရားအမွေအနှစ် နယ်မြေလို့ ခေါ်တာ။ ဒါပေမယ့် သူ့အတွက်ကတော့ ဒါက သူ့ရဲ့အိမ်ပဲ။ အခု ကျန်ရစ်နေတဲ့ နတ်ဆိုးသားရဲ အရိုးတွေနဲ့ ရတနာတွေက သူ မွေးမြူထားတဲ့ နတ်ဆိုးသားရဲတွေနဲ့ သူစုဆောင်းထားတဲ့ ရတနာတွေ ဖြစ်လိမ့်မယ်။ ပြီးတော့ တခြားအရပ်မျက်နှာတစ်ခုက နတ်ဘုရား tree နဲ့ ရတနာ plants တွေက သူ့ရဲ့ ဥယျာဥ် ဖြစ်လိမ့်မယ်။”

“…” ရှားရှင်းယွန်သည် ရီဖူရှင်း၏ စကားများကို နားထောင်ရင်း ဆွံ့အသွားသည်။ ကြည့်ရသည်မှာ သူက တစ်ခုခုကို ခံစားမိပုံရသည်။

လောကမှ လူများအတွက် ဤနေရာက နတ်ဘုရားအမွေအနှစ် နယ်မြေ ဖြစ်သော်လည်း ထိုနတ်ဘုရားအတွက်တော့ ဤနေရာသည် သူ၏ ကျင့်ကြံရာ နေရာ ဖြစ်ပေသည်။

ရီဖူရှင်း ဆိုလိုသည်မှာ ဤနေရာက အလွန် အစွမ်းထက်သောသူ တစ်ယောက်၏ အိမ် ဖြစ်ပေလိမ့်မည်။

“ဘာလို့ ဥယျာဥ်ကို သွားချင်ရတာလဲ။” ရှားရှင်းယွန်က သိလိုစိတ်ဖြင့် မေးလိုက်သည်။

“မင်းရဲ့ သက်စောင့်ဝိညာဥ်က ကြာပန်း မဟုတ်ဘူးလား။ ကျုပ်တို့ ဥယျာဥ်ကို သွားချင်တာက မင်းအတွက် အသုံးဝင်မယ့်ဟာ တစ်ခုခု ရှိမလားလို့လေ။” ရီဖူရှင်းက ပြောလိုက်သည်။ ခရမ်းရွှေကြွက်များသည် မည်သူ့ကိုမှ မတိုက်ခိုက်ဘဲ ပုန်းကွယ်နေခဲ့သည့်အတွက် မည်သူကမှ သူတို့ကို အာရုံမစိုက်ကြပေ။ ထို့ကြောင့် သူက ထိုနေရာ၌ မည်သည်တို့ ဖြစ်နေသည်အား အနည်းနှင့်အများ သိရှိပေသည်။

ရှားရှင်းယွန်က သူ့ကို စိုက်ကြည့်လိုက်သည်။ သူက သူမအား ဂရုစိုက်သည်ဟု ပြသနေသည်လား။

သူမက သူ့ကို ထိုသို့ ကြည့်နေသည်အား မြင်သည့်အခါ ရီဖူရှင်းက ပြုံး၍ ပြောလိုက်သည်။ “မင်းရဲ့ စရိုက်က သိပ်မကောင်းဘူးဆိုပေမယ့် ကျွန်တော်က မင်းကို အာဃာတမထားပါဘူး မင်းသမီး”

“…”အခုလေးတင် ရှားရှင်းယွန်၏ နှလုံးသားအတွင်း မွေးဖွားလာသည့် ခံစားချက်က ချက်ချင်း ပျက်စီးသွားလေသည်။ သူမက ရီဖူရှင်းကို အေးစက်စွာ ကြည့်လိုက်၏။

‘ဒီအကောင်စုတ်ကတော့ တကယ့်ကို အရှက်မရှိတာပဲ…’

‘သူမရဲ့ စရိုက်က ဘာဖြစ်နေလို့လဲ’

ထိုအချိန်တွင် အဝေးမှ အသံတစ်ခု ထွက်ပေါ်လာသည်။ အခြားသော အစွမ်းထက် အရှိန်အဝါက သူတို့ဆီသို့ ဖြန့်ကျက်လာကာ ရီဖူရှင်း၏ မျက်နှာထက်တွင် အံ့အားသင့်သည့် အကြည့်တို့ ဖြစ်ပေါ်လာသည်။

‘ပွင့်သွားပြီလား’

‘တကယ်ပဲ အဲဒီလောက်ထိ ရိုးရှင်းတာလား’

အပြင်မှ ဖွင့်ရန် ခက်ခဲသော်လည်း အထဲမှ ဖွင့်ရန်မှာ လွယ်ကူပုံ ရလေသည်။ ဤသည်မှာ တစ်စုံတစ်ယောက်၏ အိမ်ဖြစ်နေသည် မဟုတ်ပါလား။

ဘုန်း…

သူတို့ဆီသို့ ပို၍ တောက်ပသော အလင်းတို့ ရောက်ရှိလာပြီး ပို၍ အစွမ်းထက်သော အရှိန်အဝါတို့ ပျံ့နှံ့လာသည်။ ရန်ဟောင်အဆင့် တန်ခိုးရှင်များ ရောက်ရှိလာလေသည်။

ရီဖူရှင်းက မော့ကြည့်လိုက်လျှင် ရင်းနှီးနေသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။

ထိုသူမှာ ရှန့်ရှောင်းနတ်နန်းတော်မှ အစွမ်းထက်ဆူံး လူငယ်မျိုးဆက် ဟွမ်ကျုံး ဖြစ်ပြီး သူက ရန်ဟောင်အဆင့် တန်ခိုးရှင် ဖြစ်နေသည်။

သူ နတ်ဘုရားနန်းတော်၌ ကျင့်ကြံရန် သွားခဲ့စဥ်က ဟွမ်ကျုံးသည် ရန်ဟောင်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ သူသည် မဟာလမ်းစဥ် ပြီးပြည့်စုံခြင်း ဝင်ရိုးကို ဖွဲ့စည်းချင်နေခဲ့သည်။ ယခု နတ်ဘုရားအမွေအနှစ် နယ်မြေသို့ရောက်သည့်အခါ သူက ထိုသို့ လုပ်ရန် အခွင့်အရေး ရသွားခဲ့ပြီဟု ထင်ရပေသည်။ သူသည် သူလိုချင်သည့် မဟာလမ်းစဥ် ဝင်ရိုးကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့သည်။

သူက နတ်ဘုရားနန်းတော်အတွင်းတွင် နံပါတ်တစ်ဟု ပြောခဲ့သည်။

“သွားစို့” ရီဖူရှင်းက ရှားရှင်းယွန်ကို ပြောလိုက်၏။”တခြားလူတွေ သူတို့ ကြိုက်သလို လုပ်ပါစေ”

ထိုသို့ ပြောပြီးနောက် သူတို့ထွက်ခွာသွားခဲ့သည်။ မည်သူကမှ နတ်ဘုရားအမွေအနှစ်ကို တခဏအတွင်း ဆက်ခံနိုင်မည် မဟုတ်ရာ သူက အခြားနေရာများသို့ သွားရောက် ကြည့်ချင်နေပေသည်။ နတ်ဘုရားနန်းတော်တွင် ကျင့်ကြံစဥ်က ရရှိခဲ့သည့် လမ်းစဥ်သစ်သီးသည် အကန့်အသတ်ရှိပြီး သူက ၎င်းတို့ကို လျင်မြန်စွာ အသုံးပြုနေခဲ့သည်။

ယူချင်းက သူနှင့်အတူ မသွားခဲ့ပေ။ သူက ဤနေရာ၌ မည်သည်တို့ ဖြစ်မည်ကို ကြည့်ချင်နေသည်။

မကြာခင်၌ ပို၍ များပြားသော လူများ ရောက်ရှိလာသည်။ အထက်ကိုးဘုံမှ လူများအားလုံး ဤနေရာ၌ စုစည်းလာကြပြီ ဖြစ်၏။

ထိုအချိန်တွင် ရီဖူရှင်းက တောင်ဘက်တံခါးကို ရောက်နေခဲ့ပြီ ဖြစ်သည်။ သူက ရှေ့သို့ ခြေလှမ်းနေပြီး အနောက်၌ ဖြစ်နေသည့် အရာအားလုံးမှာ သူနှင့်မဆိုင်သကဲ့သို့ပင် ဖြစ်သည်။

သူက ခြေလှမ်းလိုက်သည့်အခါ သူသည် ဘေး၌ မိုးမခပင်တစ်ပင်ကို မြင်တွေ့လိုက်ရသည်။ ၎င်းက သက်တမ်းရင့်နေသည်မှလွဲ၍ အလွန်ပင် သာမန်ဆန်လှပြီး ကြီးမားလှသည်။ မရေတွက်နိုင်သည့် အကိုင်းအခက်များက ၎င်းမှ ဖြာကျနေပြီး ၎င်း၏ အောက်တွင် စံအိမ်တစ်အိမ် ရှိနေသည်။

ထိုအချိန်တွင် စံအိမ်အတွင်း၌ ဘုန်းကြီးတစ်ပါး ရှိနေပြီး သူသည် တည်ငြိမ်ခန့်ညားကာ သိက္ခာသမာဓိ ရှိပုံပေါ်သည်။ သူ၏ မျက်လုံးများက မှိတ်ထားပြီး ဇွဲနပဲကြီးကြီး ကျင့်ကြံနေသည်။ သူသည် သစ်ပင်အောက်မှ တစ်စုံတစ်ခုကို သတိပြုမိလာပုံရသည်။

“စီနီယာ” ရီဖူရှင်းက ဘုန်းကြီးကို ပြောလိုက်သည်။ သူက ထိုဘုန်းကြီးတွင် ထူးခြားသည့် အရှိန်အဝါတစ်ခု ဖြစ်နေသည်ကို ခံစားရပြီး ထိုနေရာတစ်ဝိုက်တွင် ဖိအားစက်ကွင်းတစ်ခု ဖြစ်ပေါ်နေသည်။

သူသည် တောင်တန်းဘုံရှိ ထိပ်သီးအင်အားစုတစ်ခုမှ တန်ခိုးရှင်တစ်ဦး ဖြစ်လိမ့်မည်ဟု ရီဖူရှင်းက တွေးလိုက်သည်။ သူသည် သစ်ပင်အောက်၌ ထိုင်နေသည့် တစ်ဦးတည်းသောသူ ဖြစ်သည်။

“ဘာကို ကြည့်နေတာများလဲ” အသံတစ်ခု ထွက်ပေါ်လာသည်။ သူ့ဘေးမှ ရှားရှင်းယွန်သည်လည်း ကြားလိုက်ရသည်။ ထို့ကြောင့် ထိုစကားက စိတ်ချင်းဆက်သွယ်ပြောခြင်း မဟုတ်ပေ။ သို့သော် ဘုန်းကြီး၏ ပါးစပ်က လှုပ်ရှားခြင်းမရှိပေ။

“ဒီမှာ နတ်ဘုရားသစ်ပင်တွေနဲ့  ရတနာဆေးပင်တွေ အများကြီး ရှိတယ်။ ဘာလို့ ဒီသက်တမ်းရင့်နေတဲ့ မိုးမခပင် အောက်မှာ ကျင့်ကြံနေတာလဲ။” ရီဖူရှင်းက မေးလိုက်သည်။

“ဖြစ်နိုင်တာက မင်းမျက်လုံးထဲမှာ ဒီမိုးမခသစ်ပင်က သာမန်ပဲဆိုပေမယ့် ကျုပ်ရဲ့ မျက်လုံးထဲမှာတော့ ဒါက နတ်ဘုရား ပါပဲ။” ဘုန်းကြီးက ပြောလိုက်သည်။ “ကျုပ် တောင်တွေကို ကြည့်တဲ့အခါမှာ အဲဒါတွေက တောင်မဟုတ်ဘူး။ ရေကန်တွေကို ကြည့်တော့လည်း ရေကန် မဟုတ်ပြန်ဘူး။”

သူက စျာန်ဝင်စားခြင်း အဆင့်သုံးဆင့် အကြောင်း ပြောနေသည်။ ပထမဆုံးအဆင့်တွင် တစ်စုံတစ်ယောက်က တောင်များကို ကြည့်သည့်အခါ တောင်ကိုသာ မြင်ပြီး ရေကန်ကို ကြည့်သည့်အခါ ရေကန်များသာ ဖြစ်သည်။ ဒုတိယအဆင့်တွင် တောင်ကို ကြည့်သည့်အခါ တောင်မဟုတ်တော့သလို ရေကန်ကို ကြည့်သည့်အခါလည်း ရေကန်ဟု မမြင်တော့ချေ။ တတိယအဆင့်တွင် တောင်များက တစ်ဖန် တောင်ပြန်ဖြစ်လာပြီး ရေကန်များက တစ်ဖန် ရေကန်ဖြစ်လာသည်။

“စီနီယာက ဒုတိယအဆင့်ကို ကျော်လွန်သွားပြီး တတိယအဆင့်ကို ရောက်နေပြီလို့ ကျွန်တော် တွေးမိပါတယ်။ စီနီယာက တောင်တွေ ကန်တွေကို မြင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။” ရီဖူရှင်းက ပြောလိုက်သည်။

“ကျုပ်ရဲ့ ခန္ဓာကိုယ်က ဗောဓိသစ်ပင်၊ ကျုပ်ရဲ့ စိတ်က မှန်တစ်ချပ်လိုပဲ။” ဘုန်းကြီး က ရီဖူရှင်းကို အပြုံးနှင့် ပြောလိုက်သည်။ သူက မျက်လုံးများကို မဖွင့်ထားသော်လည်း သူ့ကို ကြည့်နေသည်ဟု ရီဖူရှင်း ခံစားရပေသည်။

“စီနီယာ ကျင့်ကြံနေတာကို ကျွန်တော် မနှောက်ယှက်တော့ပါဘူး။” ရီဖူရှင်းက ပြောလိုက်သည်။ သူနှင့် ရှားရှင်းယွန်က အဝေးသို့ စတင် လျှောက်သွားကြသည်။

“ရှင်တို့နှစ်ယောက် ဘာလို့ ပဟေဠိတွေ ဖွက်ပြီး ပြောနေကြတာလဲ။” ရှားရှင်းယွန်က ဇဝေဇဝါနှင့် ကြည့်ကာ မေးလိုက်သည်။

သူတို့က မည်သည့်အ​ကြောင်း ပြောနေကြသနည်း။

“သူက နတ်ဘုရား သစ်ပင် နဲ့ ရတနာဆေးပင်တွေ အားလုံးကို စွန့်လွှတ်ပြီး သာမန်မိုးမခပင်အောက်မှာ ကျင့်ကြံနေတယ်။ သူ့စိတ်က မှန်လိုပဲ ကြည်လင်နေတာကြောင့် အဲဒီသစ်ပင်ရဲ့ အမှန်ကို ထွင်းဖောက်မြင်နိုင်စွမ်းရှိတယ်တဲ့။” ရီဖူရှင်းက ပြောလိုက်သည်။ “ကြည့်ရတာ မိုးမခပင်က သာမန် မဟုတ်တဲ့ပုံပဲ။”

သူက ထိုသို့ ပြောလိုက်ပြီးနောက် သူ၏ အနောက်မှ အစွမ်းထက် အရှိန်အဝါတို့ ပေါက်ကွဲထွက်လာသည်ကို ခံစားမိလိုက်သည်။ သူက ရပ်တန့်ကာ လှည့်ကြည့်လိုက်၏။ ရှားရှင်းယွန်ကလည်း သမင်လည်ပြန် ပြန်လှည့်ကြည့်လိုက်သည်။ သူတို့သည် သစ်ပင်အောက်မှ တောက်ပသည့် အလင်းတို့ ထွက်ပေါ်လာကာ တိမ်တိုက်များဆီ ထိုးတက်သွားသည်ကို မြင်တွေ့လိုက်ရသည်။ သူတို့သည် ထိုနေရာ၌ ကြီးမားသော ရွှေရောင်ဗုဒ္ဓပုံသဏ္ဌာန်မှ နတ်ဝင်ရိုးအဖြစ် ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရသည်။ မိုးမခပင်သည်လည်း ရွှေရောင်လွှမ်းလာပြီး မရပ်တန့်နိုင်အောင် ယိမ်းနွဲ့နေသည်။ ထိုအချိန်တွင် မရေတွက်နိုင်သည့် မိုးမခသစ်ရွက်များသည် လေထဲတွင် စတင် ရစ်ဖွဲ့လာကာ နတ်အလင်းများကို ထုတ်လွှတ်နေ၍ ဘုန်းကြီး အပေါ်သို့ ကျဆင်းလာသည်။

ဘုန်းကြီး ၏ ခန္ဓာကိုယ်က ရွှေရောင်အဖြစ် ပြောင်းလဲသွားပြီး သူသည် လေထဲသို့ တဖြည်းဖြည်း မြင့်တက်သွားသည်။

သူသည် လမ်းစဥ်သို့ ဝင်ရောက်သွားပြီး ဗုဒ္ဓတစ်ဆူ ဖြစ်လာသကဲ့သို့ ဖြစ်၏။

ဤသည်က ရန်ဟောင်အဆင့်ပင် ဖြစ်တော့သည်။

“သူက ပြီးပြည့်စုံခြင်းအဆင့် မဟာလမ်းစဥ် နတ်ဝင်ရိုးကို ဖွဲ့စည်းခဲ့တယ်။” ရီဖူရှင်းက ရေရွတ်လိုက်သည်။ ရှားရှင်းယွန်သည် အလွန်တရာ လင်းလက်တောက်ပနေသော သစ်ပင်ကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်သည်။ ထို့နောက် သူမ ဘေးမှ ရီဖူရှင်းကို ကြည့်ကာ မေးလိုက်၏။ “အဲဒီသစ်ပင်က ဘာကြီးလဲ။”

“မသိဘူး။ ဖြစ်နိုင်တာက အဲဒီနတ်ဘုရား အသက်ရှိစဥ်မှာ ဒီသစ်ပင်အောက် ကျင့်ကြံခဲ့တဲ့ပုံပဲ။” ရီဖူရှင်းက ပြုံးကာ ပြောလိုက်သည်။ “သွားစို့။ မင်း ရန်ဟောင် ဖြစ်လာဖို့အတွက် အခွင့်အရေး သွားရှာကြမယ်။”

***


Comment

Leave a Reply


Options

not work with dark mode
Reset