အခန်း ( ၅၄၀ )

ကိုးရောင်ခြယ်မီးတောက်

ဝိညာဥ်ကျင့်ကြံသူသုံးယောက်အနက် နှစ်ယောက်က မန္တန်လက်ကွက်များဖော်လိုက်ကာ ဓားပျံနှစ်လက်ကို အမြန်ဆုံးအရှိန်ဖြင့် လေကိုခွင်း၍ ပိုင်ရှောင်ချန်းထံ ပစ်လွှတ်လိုက်လေသည်။

ဓားနှစ်ချောင်းလုံးတွင် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ခြောက်ဆရှိသောကြောင့် ပိုင်ရှောင်ချန်းသည် ထိုဓားများ မည်မျှအန္တရာယ်များကြောင်း ကောင်းကောင်းသတိပြုမိလေသည်။

တချိန်တည်းမှာပင် ယင်ယန်ဝိညာဥ်ကျင့်ကြံသူအတုက စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းဂါထာကို ရွတ်ဆိုလိုက်လေရာ သူ့အပေါ်ရှိ ပုလဲကြီးတွင် အနက်ရောင်မြူများ ပြည့်နှက်လာတော့သည်။ ထို့နောက် မကောင်းဆိုးဝါးသရဲတစ်ကောင်ပုံပေါ်လာပြီး လက်ကြီးများ ဖြန့်ကား၍ ပိုင်ရှောင်ချန်းထံ တဟုန်ထိုးပြေးဝင်လာ၏။

သူတို့ဆီသို့ ပိုင်ရှောင်ချန်း ချည်းကပ်လာနိုင်မည့် ဖြစ်နိုင်သော လမ်းကြောင်းအားလုံးအား အလျင်အမြန်ပိတ်ဆို့လိုက်သည်ကို ထည့်တွက်လိုက်ပါက ဤအဖွဲ့သည် ယခင်က အတူတကွ အလုပ်လုပ်ခဲ့ကြောင်း သိသာသည်။ သူတို့က ရှေ့တက်ရန်ပြင်လိုက်ဆဲဆဲမှာပင် ပိုင်ရှောင်ချန်းက အေးစက်စက်နှာမှုတ်လိုက်၏။

” မင်းတို့ကောင်တွေမှာ စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားတဲ့ ရတနာတွေရှိတယ်ပေါ့။ ကဲ.. ငါ့မှာလဲ ရှိတယ်ကွ”
သူက ဟန်ပါပါဖြင့် အိတ်ထဲမှ ထီးနက်ကို ဆွဲထုတ်လိုက်လေသည်။

ယခင်က ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံအရ ထီးနက်၏အစွမ်းအနည်းငယ်ကိုသာ အသုံးပြုနိုင်ခဲ့သည်။ သို့သော် ယခုတွင် သူသည် ရွှေအမြုတေအဆင့်၏ မဟာစက်ဝန်းတွင်ဖြစ်ပြီး ၄င်း၏ အစွမ်းအပြည့်ကို မထုတ်နိုင်​သေးသော်လည်း ယခင်ကကဲဲ့သို့ အသုံးပြုရမခက်တော့ပေ။

ထီးကို ထုတ်လိုက်သည့် တချိန်တည်းမှာပင် ပိုင်ရှောင်ချန်းက ၄င်းကို သူ့ရှေ့တွင် ချလိုက်ပြီး လက်ကိုင်ဘုပေါ်တွင် လက်ညှိုးကို ဖိချလိုက်၏။ ထို့နောက် ဓားပျံများနှင့် မြူသရဲကြီးကို ရင်ဆိုင်ရန် ဖောက်ခနဲ ထီးပွင့်သွားတော့သည်။

ဓားပျံနှစ်ချောင်းသည် အကာအကွယ်ထီးကို ဝုန်းခနဲ ရိုက်ခတ်သွားပြီး ဘေးသို့ လည်ထွက်သွားတော့သည်။ မြူသရဲကြီးမှာမူ စူးစူးဝါးဝါးအော် လိုက်ပြီး နောက်ဆုတ်ရန် ပြင်လိုက်သည်။ ထိုအချိန်တွင် ထီးမျက်နှာပြင်ပေါ်၌ ကြောက်မက်ဖွယ် မျက်နှာကြီးတစ်ခုပေါ်လာတော့သည်။ ထိုမျက်နှာကြီးက ရှူသွင်းလိုက်ရာ သရဲကြီးမှာ စုပ်ယူခံလိုက်ရသဖြင့် မချိတင်ကဲအော်လိုက်တော့သည်။ ထိုအရာအားလုံးကို ဖော်ပြရန် အချိန်အနည်းငယ်ကြာသွားသော်လည်း မီးတစ်ခတ်အချိန်မှာ ဖြစ်ပျက်သွားခြင်း ဖြစ်လေသည်။

တခဏကြာသော် ဝိညာဥ်ကျင့်ကြံသူသုံးဦးသည် လုံးဝအံ့အားသင့်တုန်လှုပ်နေသော အမူအရာများဖြင့် ပိုင်ရှောင်ချန်းကို ကြည့်နေကြပြီး ယင်ယန်ဝိညာဥ် ကျင့်ကြံသူအတုမှာ ဦးခေါင်းခွံမှ မျက်လုံးများ ကျွတ်ကျတော့မည့်အလား အလွန်အံ့သြနေတော့သည်။ ထာဝရထီးမျက်နှာပြင်ပေါ်ရှိ ငွေရောင်အမှတ်အသားရှစ်ခု မြင်ကွင်းကြောင့် တုန်လှုပ်ခြင်းများဖြင့် ရင်ခုန်သံ မြန်သွားကြရလေသည်။ သို့သော် တခဏသာကြာသေးသည်။ သူ၏မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်မှုများ ဝင်းလက်လာပြီး သူ့ပြိုင်ဘက်နှစ်ယောက်၏ အံ့သြမှင်သက်နေခြင်းကို အခွင့်ကောင်းယူကာ ရုတ်တရက် လှမ်းတွန်းလိုက်လေသည်။

ဝိညာဥ်ကျင့်ကြံသူနှစ်ယောက်၏ မျက်နှာများ ပျက်သွားတော့သည်။ သူတို့၏ ခေါင်းဆောင်က အကြင်နာမဲ့စွာ ပြုမူလိမ့်မည်ဟု တစ်ခါမှ မထင်ခဲ့ပေ။ သို့သော် သူတို့၏ ခန္ဓာကိုယ်များကို လုံးဝထိန်းချုပ်မရတော့ဘဲ ပိုင်ရှောင်ချန်းထံ လွင့်ထွက်သွားလေသည်။ တစ်ဆက်တည်းမှာပင် ယင်ယန်ဝိညာဥ်ကျင့်ကြံသူအတုက မြန်နိုင်သမျှ မြန်မြန် နောက်ဆုတ်လိုက်သည်။

ဤသက်လတ်ပိုင်းအရွယ် ကျင့်ကြံသူမှာ စွမ်းအားကြီးသောအပြင်အားခန္ဓာကိုယ် ရှိသည်သာမက နက်ရှိုင်းသော ကျင့်ကြံခြင်းအခြေခံနှင့် အံ့မခန်း မှော်ပစ္စည်းများလည်း ရှိနေကြောင်း သူသိလိုက်သည်။ ထိုလူက တစ်ယောက်ထဲ လှုပ်ရှားခြင်းကို လုံးဝယုံကြည်ချက်ရှိကာ ကျင်လည်ကျက်စားနေသည့် မြေခွေးတစ်ကောင်အလား။ လူများက သူ့ကို ချုံခိုတိုက်ချုက်မည်ကို မကြောက်သည်သာမဟုတ် အာရုံစိုက်ခံရရန် ရည်ရွယ်ချက်ရှိရှိနှင့် လူမြင်ကွင်းမှာ နေတတ်လေသည်။

ဝိညာဥ်ကျင့်ကြံသူသုံးယောက် ပရမ်းပတာ ပစ်ပေါက်ခံလိုက်ရစဥ် ပိုင်ရှောင်ချန်းက ထီးကို လှည့် ပြီး ရှေ့တစ်လှမ်းတိုးရာ မျက်စိကျိန်းမတတ် အမြန်နှုန်းနှင့် ပုံရိပ်များ ကျန်ရစ်ခဲ့ကာ အင်အားလျော့နည်းနေသော ရန်သူများရှေ့တွင် ပေါ်လာလေသည်။ ထို့နောက် သူက ညာလက်ဖြင့် တစ်ယောက်စီ၏ ရင်ဘတ်ပေါ်သို့ အလျင်အမြန် ထိထိမိမိ နှစ်ချက်ရိုက်ချလိုက်လေသည်။

မချိတင်ကဲအော်ဟစ်သံများထွက်ပေါ်သွားပြီး ဝိညာဥ်ကျင့်ကြံသူနှစ်ယောက်၏ ပါးစပ်များမှ သွေးများပန်းထွက်သွားကာ ကြိုးပြတ်သွားသော စွန်များအလား နောက်သို့ ကျွမ်းထိုးမှောက်ခုံကျသွားတော့သည်။ ထင်မှတ်ထားခြင်းမရှိဘဲ သူတို့၏ သက်စောင့်အားများက မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ ထွက်လာကာာ အဖြူရောင်မြူများအသွင် ပြောင်းသွားပြီး ထာဝရထီးထံ ဦးတည်သွားကြလေရာ သူတို့မှာ ပိန်ချုံးလာတော့သည်။

ပိုင်ရှောင်ချန်းသည် ထာဝရထီးက သက်စောင့်အားများကို စားသုံးခြင်းနှင့် အသားကျနေပြီဖြစ်ပြီး ယခုတွင် ၄င်းသည် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ရှစ်ဆရရှိထားပြီးဖြစ်ရာ ယခင်ထက်ပို၍ပင် အစွမ်းထက်လာလေသည်။ သို့သော်အဝေးမှ လုပ်နိုင်သောအချက်မှာ သူ့အတွက် အသစ်အဆန်းဖြစ်၏။ အမှန်တကယ်တော့ ယခုအချိန်သည် ထိုတိုးတက်မှုအသစ်ကို စဥ်းစားနေရန် အချိန်မဟုတ်ပေ။ ယင်ယန်ဝိညာဥ်ကျင့်ကြံသူအတု ထွက်ပြေးရန် ကြိုးစားနေသည်ကို မြင်ရသောအခါ သူက ချက်ချင်းပင် ပြေးလိုက်တော့သည်။

ယင်ယန်ဝိညာဥ်ကျင့်ကြံသူအတုမှာ သူ၏ သွေးသောက်ရောင်ရင်းများ၏ အော်ဟစ်သံများကြားလိုက်သဖြင့် ခေါင်းလှည့်ကြည့်လိုက်ရာ သူတို့၏ သက်စောင့်အားများ နုတ်ယူခံနေသည်ကို မြင်လိုက်ရလေသည်။ သူသည် ခေါင်းတစ်ခုလုံးချာချာလည်မူးသွားပြီး အော်ဟစ်လိုက်သည်။
” မင်းးက ဝိညာဥ်ကျင့်ကြံသူမဟုတ်ဘူး။ အောက်လမ်းဆရာတစ်ယောက်ပဲ ”

ပိုင်ရှောင်ချန်းမှာ အတန်ငယ်အံ့သြသွားသော်လည်း ထိုအမူအရာကို သူ့မျက်နှာမှာ မပေါ်လွင်စေပေ။ သူက အေးစက်စက်နှာမှုတ်ရင်း ရှေ့သို့ တဟုန်ထိုး ပြေးသွားေလရာ အချိန်တိုအတွင်းမှာပင် သူ့ကို မှီသွားတော့သည်။ ယင်ယန်ဝိညာဥ်ကျင့်ကြံသူအတုမှာ စိတ်ထဲတွင် ကျိန်ဆဲလိုက်လေသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံက ပိုင်ရှောင်ချန်း၏ အတိုက်အခိုက်စွမ်းရည်ကို မည်သည့်နည်းနှင့်မျှ ယှဥ်နိုင်မည် မဟုတ်ကြောင်း သိလိုက်လေသည်။ နောက်ဆုံး၌ သူက အော်လိုက်၏။
” ကြီးကျယ်မြင့်မြတ်တဲ့ သခင်၊ ခဏစောင့်ပါဦး။ ကျုပ် သခင့်ရဲ့ နောက်လိုက်ဖြစ်ချင်လို့ပါ။ ဝင်္ကပါထဲမှာ တစ်ယောက်တည်းနေတာထက် နောက်လိုက်တွေရှိတာက ပိုကောင်းပါတယ် သခင် ”

ထိုလူ၏ပြောစကားမှာ အမှန်တကယ် ကျိုးကြောင်းဆီလျော်ကြောင်း သဘောပေါက်လိုက်သဖြင့် ပိုင်ရှောင်ချန်း၏ အမူအရာပြောင်းသွားတော့သည်။ သူတစ်ယောက်တည်းရှိနေသရွေ့ ပို၍များပြားသော ချုံခိုတိုက်ခိုက်ခြင်းများဖြင့် ထိပ်တိုက်တွေ့မည်မှာ သေချာနေပြီး သူပိုမို တိုက်ခိုက်လာသည်နှင့်အမျှ သူ၏ နတ်ဘုရားစွမ်းရည်များနှင့် မှော်ပစ္စည်းများကြောင့် သူ၏ သရုပ်မှန်ကို ပေါ်သွားနိုင်လိမ့်မည်။

တခြားသူများနှင့်ဝင်္ကပါကို ဖြတ်ရလျှင် ပျင်းရမည်မဟုတ်ပေ။ သူ၏အတွေးရထားကြီးသည် ထိုဘူတာကိုဆိုက်သည်နှင့် သူက ညာလက်ကို ဝှေ့ယမ်း၍ အားပြင်းသော စွမ်းအင်တစ်ခုကို ယင်ယန်ဝိညာဥ်ကျင့်ကြံသူအတုထံ ပို့လွှတ်လိုက်၏။

ထိုလူ၏ ပါးစပ်ထောင့်မှ သွေးများစီးကျလာပြီး မျက်လုံးများတွင် ဒေါသရိပ်များထင်ဟပ်လာတော့သည်။ သို့သော် သူက အံသာကြိတ်လိုက်ပြီး ထွက်ပြေးနေသည်ကို ရပ်လိုက်သည်။ထို့နောက် လေးစားမှုအပြည့်နှင့် လက်ယှက်၍ ပိုင်ရှောင်ချန်းကို ဦးညွှတ်လိုက်လေသည်။

” ကျုပ် ချိန်ကျွဲက သခင့် နောက်ကို လိုက်ဖို့ အဆင်သင့်ပါပဲ ”

ပိုင်ရှောင်ချန်းက မည်သို့မျှ ပြန်မပြောပေ။ ချိန်ကျွဲကို ခေါင်းအစခြေအဆုံး အကြိမ်ရေအနည်းငယ်ခန့် ကြည့်ပြီးနောက် ထိုလူ၏ နဖူးကို လက်ညှိုးထိုးကာ အေးစိမ့်ချီစီးကြောင်းတစ်ခုပို့လွှတ်လိုက်ရာ သူ့နှလုံးသားတွင် ကိန်းအောင်းသွားလေသည်။

ယခုတွင် သူ တစ်ချက်ကလေးတွေးလိုက်ရုံနှင့် အေးစိမ့်ချီများ ထွက်ပေါ်လာပြီး ထိုလူ၏နှလုံးကို ဖျက်စီးပစ်လိုက်မည် ဖြစ်သည်။

ချိန်ကျွဲမှာ တုန်ရီသွားသော်လည်း အေးစိမ့်ချီများကို မရှောင်ဝံ့ပေ။ ပိုင်ရှောင်ချန်း၏ ပိတ်လှောင်မန္တန်ကို လက်ခံပြီးနောက် သူက သူ့အသက်ကို ထိန်းသိမ်းနိုင်လိုက်သဖြင့် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်တော့သည်။

” သွားကြမယ် ”
ပိုင်ရှောင်ချန်းက ရှေ့သို့ဆက်သွားရင်း အသံဩဩကြီးနှင့် ပြောလိုက်၏။

” ဟုတ်ကဲ့ဆရာ ”
ချိန်ကျွဲက အသက်ပြင်းပြင်းရှူရင်း အန္တရာယ်ရှိ၊ မရှိစစ်ဆေးရန် ရှေ့ဆက်တိုးကာ ပြောလိုက်လေသည်။ သူက ဤအောက်လမ်းဆရာအနား တွယ်ကပ်နေမှသာ အသက်ရှင်နေနိုင်မည်ဖြစ်ကြောင်းသိပြီး အရာအားလုံးပြီးဆုံးသွားလျှင် သူလွတ်မြောက်နိုင်ပါစေကြောင်း ဆုတောင်းနေမိတော့သည်။

ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်တွင် မည်သည့်အမူအရာမှ မမြင်ရသော်လည်း ချိန်ကျွဲကို တိတ်တဆိတ်စောင့်ကြည့်နေပြီး သူမည်မျှတော်ကြောင်း တွေးကာ အလွန်ကျေနပ်နေမိတော့သည်။ မည်သည့်နေရာသို့ သူသွားသည်ဖြစ်ပါစေ သူ့နောက်လိုက်ဖြစ်ရန် လူများစွာသည် ဦးညွှတ်၍ ပြားပြားဝပ်တွားကာ မျက်ရည်ပေါက်ကြီးငယ်ကျ၍ တောင်းဆိုကြရပေသည်။ ယခုအခါ ထိုလူသာ ပိုင်ရှောင်ချန်း၏ နောက်လိုက်တစ်ယောက်လုပ်နေရကြောင်း သိသွားပါက မည်သို့တုံပြန့်မည်ကို အလွန်သိချင်သော်လည်း သူ့အနေဖြင့် ထိုလူ၏ တောင်းဆိုချက်ကို လက်ခံရုံမှတစ်ပါး အခြားမရှိပေ။

” ဒီလူ ချိန်ကျွဲရဲ့ စကားတွေက တကယ်ကို ဟုတ်တာပဲ။ ငါ့နောက်လိုက်တဲ့ ဝိညာဥ်ကျင့်ကြံသူတွေများလာတော့ ငါ ပိုပြီး ဘေးကင်းမှာေပါ့ ”
ထိုအကြောင်းကို ဆက်တွေးကာ သူသည် ချိန်ကျွဲနှင့်အတူ တရိပ်ရိပ်ပြေးနေတော့သည်။

ဝင်္ကပါရှိ လိုဏ်ခေါင်းများ၏ အချိုးအကွေ့တိုင်းသည် တူညီနေပုံရပြီး နံရံပေါ်တွင် အမှတ်အသားများ ချန်ခဲ့ရန်မှာလဲ မဖြစ်နိုင်သလောက်ပင်။ ပိုင်ရှောင်ချန်းမှာ သူရောက်နေသော လမ်းကြောင်းကို ကြိုးစားမှတ်ရင်း ခေါင်းတစ်ခုလုံး ချာချာလည်ကာ မူးနောက်နေတော့သည်။ နောက်ဆုံး၌ ညာဖက်ကိုသာသွားရန် သူ ဆုံးဖြတ်လိုက်သည်။ ဖြောင့်တန်းစွာ သွားနေရသော အချိန်တွင် သူက လိုဏ်ခေါင်း၏ ညာဖက်နံရံကို ကပ်သွားမည်ဖြစ်ပြီး ရံဖန်ရံခါ လမ်းဆုံများကို ရောက်သောအခါ ညာဖက်လမ်းကိုသာ အမြဲရွေးချယ်မည်ဖြစ်သည်။

ပိုင်ရှောင်ချန်းနှင့် ချိန်ကျွဲတို့သည် မဟာတံတိုင်းကျင့်ကြံသူများ၊ မြေရိုင်းသားများနှင့် သွားရင်းလာရင်း တွေ့ဆုံကြရင်းဖြင့် သုံးရက်တာကုန်လွန်သွားခဲ့၏။ မကြာမီ ပိုင်ရှောင်ချန်းသည် အခြားလူများစွာသည်လည်း သူ့အတိုင်း ဦးတည်ရာတစ်ခုတည်းသာ တသမတ်တည်းထား၍ ခရီးဆက်နေကြကြောင်း သိလိုက်လေသည်။

အခြေအနေအများစုတွင် လူတိုင်း တစ်ယောက်နှင့်တစ်ယောက် ရှောင်သွားကြသည်။ မြေရိုင်းဒေသ ဝိညာဥ်ကျင့်ကြံသူအဖွဲ့ကြီးကြီးမားမားနှင့် ထိပ်တိုက်တွေ့သောအချိန်တွင် ချိန်ကျွဲက ပိုင်ရှောင်ချန်းအား ဆက်ဆံပုံကို မြင်ပြီး ငွေအမှတ်အသားရှစ်ခုနှင့် ထာဝရထီးကို တွေ့သောအခါ ချက်ချင်းပင် သူက အောက်လမ်းဆရာတစ်ယောက်ဖြစ်သည်ဟု ယူဆလိုက်ကြပြီး ရန်မစဝံ့ကြတော့ပေ။

ထို့ကြောင့်ပင် ထိုသုံးရက်တာအတွင်း အန္တရာယ်များသော အခြေအနေတစ်ခုနှင့်မှ မကြုံခဲ့ရပေ။ လေးရက်မြောက်နေ့ တစ်နေရာတွင် သူက တောက်ပနေသော မျက်ဝန်းများဖြင့် ရုတ်တရက် တုန့်ခနဲရပ်လိုက်လေသည်။

” ရှေ့မှာ ထူးဆန်းတာတစ်ခုရှိတယ်”
သူက အသံဩကြီးနှင့် ချိန်ကျွဲကို ပြောလိုက်သည်။ အံသြသွားသော ချိန်ကျွဲသည် ရှေ့ရှိ လိုဏ်ခေါင်းကို လှမ်းကြည့်လိုက်သော်လည်း ထူးခြားသော အရာတစ်ခုမှ မတွေ့ပေ။

ပိုင်ရှောင်ချန်းသည်လည်း တိတိကျကျ အာရုံံမခံနိုင်ပေ။ သို့သော် ယခင် လောချိန်တောင်တန်းရှိ တိုက်ပွဲမှစ၍ သူ၏အန္တရာယ်ကို တုံ့ပြန့်နိုင်စွမ်းသည် အဆက်မပြတ် တိုးတက်လာခဲ့လေသည်။ အကျိုးဆက်အနေနှင့် သူသည် အခြေအနေကို ခန့်မှန်းရာတွင် တစ်ခါမှ မမှားခဲ့ပေ။

အရှေ့ရှိ နေရာသည် ပုံမှန်မဟုတ်သော်လည်း ထိုနေရာတွင် သတ်ဖြတ်လိုစိတ်များ ပုန်းကွယ်နေကြောင်း အာရုံရလိုက်သည်။ တုံ့ဆိုင်းမနေပဲ ပိုင်ရှောင်ချန်းက နောက်ဆုတ်လိုက်သည်။ ချိန်ကျွဲမှာမူ မည်သို့ဖြစ်နေလဲဆိုသည်ကို သေသေချာချာမသိသော်ငြား ပိုင်ရှောင်ချန်းကို အာမခံရဲလေရာ နောက်သို့ ဆုတ်လိုက်လေသည်။

တချိန်တည်းမှာပင် အေးစက်စက်ရယ်သံကြီးတစ်ခု ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လှိုင်းဂယက်များသည် ရေပြင်ပေါ်ရှိ လှိုင်းလုံးများအလား လေကိုခွင်း၍ ပျံ့နှံ့လာပြီး မရေမတွက်နိုင်သော အရိပ်များ ဘွားခနဲပေါ်လာတော့သည်။

တုန်လှုပ်ဖွယ်ကောင်းစွာ ယခုအခါ လိုဏ်ခေါင်းထဲ၌ လူတစ်ဒါဇင်ကျော် ရှိနေလေပြီ။

သူတို့အားလုံး၌ နက်ရှိုင်းသောကျင့်ကြံခြင်းအခြေခံများရှိပြီး ပိုင်ရှောင်ချန်းထံ အားလုံး ချီတက်လာနေကြ၏။

ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ သတ်ဖြတ်လိုစိတ်များဖြင့် တောက်လောင်လာပြီး သူက လှည့်၍ ထာဝရထီးကို မြှောက်လိုက်လေသည်။ ငွေရောင်အမှတ်အသားရှစ်ခုသည် မျက်စိကျိန်းစဖွယ်အလင်းများဖြင့် ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် မျက်နှာကြီး တစ်ဖန်ပြန်ပေါ်လာ၏။ ထိုတိုက်ပွဲကြီး ဖြစ်ပေါ်ခါနီးဆဲဆဲတွင် လေထဲရှိ လှိုင်းဂယက်များမှ အေးစက်စက်အသံကြီးတစ်သံ လွင့်မျောလာ၏။

” သိပ်မလေးမစားမလုပ်နဲ့ ”

ချက်ချင်းပင် ပိုင်ရှောင်ချန်းထံ ချီတက်လာကြသော ဝိညာဥ်ကျင့်ကြံသူများသည် တုန့်ခနဲရပ်သွားကြတော့သည်။

တချိန်တည်းမှာပင် တင်းမာခက်ထန်သော အမူအရာဖြင့် လူငယ်တစ်ယောက်သည် လှိုင်းဂယက်များထဲမှ ထွက်လာ၏။ သူက တန်ဖိုးကြီးသောဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး နဖူးပေါ်တွင် ကြယ်သဏ္ဍာန်အမှတ်အသားရှိလေသည်။ သူသည် ကျိုးရီရှင်းကလွဲ၍ တခြားသူမဟုတ်ပေ။

သူ့ခန္ဓာကိုယ်မှ အခြား ဝိညာဥ်ကျင့်ကြံသူများနှင့် ကွဲပြားသော ဝိညာဥ်စွမ်းအား၏ ပြင်းထန်သော အငွေ့အသက်များ တလိပ်လိပ်ထွက်ပေါ်နေလေသည်။ပို၍ တုန်လှုပ်ဖွယ်ကောင်းသည်မှာ သူ၏လက်ဝါးထဲတွင် ဝိညာဥ်လောကမီးညွန့်တစ်ခု တဖျတ်ဖျတ် လှုပ်ယမ်းနေလေသည်။

မီးတောက်မှာ အရောင်များစွာရှိ၏။ အမှန်တွင် အနီးကပ်ကြည့်လိုက်ပါက အရောင်ကွဲကိုးမျိုးကို မြင်ရမည်ဖြစ်သည်။ ၄င်းကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ ဝိုင်းစက်ပြူးကျယ်သွားပြီး ချာချာလည် မူးနောက်သွားတော့သည်။ ထိုမီးသည်ကား……

ကိုးရောင်ခြယ်မီးတောက်….။


Comment

Leave a Reply


Options

not work with dark mode
Reset