အပိုင်း(၁၆၂၆):

အကြွင်းမဲ့အနိုင်ရခြင်း

ရီဖူရှင်းနှင့် ရိထျန်းယွီကြားမှ ရန်ငြိုးရန်စများကြောင့် သူ့ကို မသတ်ရန် အကြောင်းပြချက် မရှိပေ။ သူတို့မှာ မဟာရန်သူများဖြစ်၏။

ထို့ကြောင့် သူ့ကို မသတ်ခြင်းသည် အလွန်အမင်း ရွံရှာနေခြင်းကို ဖော်ပြရာရောက်၏။ တစ်ချိန်က ပြိုင်ဘက်ကင်း ပါရမီရှင်ဟု ခေါ်တွင်ခဲ့သည့် ရိထျန်းယွီအတွက် ဤကဲ့သို့သော ဆက်ဆံခံရခြင်းသည် မျှော်မှန်း၍ မရနိုင်လောက်သော စော်ကားခံရမှုပင် ဖြစ်၏။

သို့သော် ထိုရက်စက်မှုက အမှန်တရားပင် ဖြစ်၏။ ထို့အပြင် အနိုင်ရသူများကသာ သမိုင်းတွင် မှတ်တမ်းတင်ခံရသည်။

သူသည် လှံတစ်ချက်ကိုပင် ခံနိုင်ရည်စွမ်း မရှိခဲ့ပေ။

ဤတိုက်ပွဲတွင် ကောင်းကင်အာဏာစက်ဘုံ ကောင်းကင်အာဏာစက်ပြည်ထောင်မှလွဲ၍ အခြားသော အင်အားစုများ အားလုံးသည် ရီဖူရှင်း၏ ဘက်တွင် နေခဲ့ကြ၏။ လှံက တိုးဝင်လာသည်ကို မြင်သည့်အခါ သူတို့သည် ကွဲပြားသည့် ခံစားချက်များစွာကို ခံစားနေကြရသည်။

ထိုလှံက ပစ်မှတ်ကို ထွင်းဖောက်သွားပြီးနောက်တွင် ကောင်းကင်အာဏာစက်ဘုံတွင် မည်သူမှ မယှဥ်ပြိုင်နိုင်သည့် နံပါတ်တစ်ဂျူနီယာလေးတစ်ယောက် ရှိလာသည်မှာ အမှန်တကယ်ပင် ဖြစ်တော့သည်။

ရိထျန်းယွီသာ ထိုလှံတစ်ချက်ကို ခံနိုင်ရည်စွမ်း မရှိပါလျှင် မည်သူက သူ့ကို ယှဥ်ပြိုင်နိုင်စွမ်း ရှိလိမ့်မည်နည်း။

သခင်လေးသာ ကျဆုံးသွားပါလျှင် သိုင်းနတ်ဘုရားကလန်မှ ရန်ဟောင်သည်လည်း မည်သည့်အခါမှ ပြန်နိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။

ဂူထျန်းရှင်း ကျဆုံးသွားပြီးနောက် ကောင်းကင်အာဏာစက်ဘုံသည် အခြားသော ဘုံများထက် နောက်ကောက်ကျနေခဲ့ကာ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်များအကြားတွင် မည်သူမှ ရပ်တည်နိုင်ခြင်း မရှိခဲ့ကြပေ။ သို့သော် ယခုတွင် လူငယ်မျိုးဆက်အတွင်း ရီဖူရှင်းသည် ထိပ်ဆုံး၌ ရပ်တည်နိုင်သည့် အလားအလာရှိပေသည်။

ဤသည်က ကောင်းကင်အာဏာစက်ဘုံတစ်ခုလုံးကို သက်ရောက်စေလိမ့်မည်လား။

နတ်ဆိုးကလန်များသည် ယခင်နှစ်များက မှော်ဝိဇ္ဇာ ပြောခဲ့သည်ကို ပြန်တွေးလိုက်ကြသည်။ ထိုအကြောင်းက ရီဖူရှင်းနှင့် သက်ဆိုင်နေသည်လား။

ရီဖူရှင်းသည် သူ၏ အကြည့်များကို ယဲ့မန်ထံသို့ ဝေ့ကြည့်ပြီးနောက် ပြောလိုက်သည်။ “နတ်ဘုရားနန်းတော်ကို မျက်နှာသာပေးတဲ့ အနေနဲ့ မင်းကို မတိုက်ခိုက်တော့ဘူး။ ဒီနေရာက ထွက်သွား”

“ဒီနေရာက ထွက်သွားတဲ့လား….”

ယဲ့မန်က ဖြူဖျော့သွားခဲ့သည်။ ရှန့်ရှောင်းနတ်နန်းတော်သို့ စေလွှတ်ခံရသည့် နှင်းနတ်ပြည်ထောင်မှ မင်းသမီးတစ်ပါးအနေနှင့် သူမသည် ထိုသို့သော စော်ကားခံရမှုကို မည်သည့်အခါကမှ မခံစားခဲ့ရဖူးပေ။ သူမသည် မျိုးဆက်တူများထဲမှ မည်သူကမှ သူမကို ကြည့်ကာ ထွက်သွားစမ်းဟု ပြောသည်အား မကြားဖူးခဲ့ပေ။

အနာကျင်ရဆုံးကိစ္စမှာ သူမသည် ကန့်ကွက်ရန် အခွင့်အရေးပင် မရှိခြင်း ဖြစ်လေသည်။

သူမအား မသတ်ဘဲ သွားခွင့်ပြုခြင်းကပင် သက်ညှာပေးခြင်း ဖြစ်နေခဲ့ပြီ ဖြစ်၏။ သူမက ငြင်းဆန်ရဲပါမည်လား။

သူမက အသက်ကို ဂုဏ်သိက္ခာအတွက် စွန့်လွှတ်ရဲပါမည်လား။

သူမ မလုပ်နိုင်ပေ။ ထို့ကြောင့် သူမသည် မည်မျှ ခက်ခဲပါစေ ပါးစပ်ကို တင်းတင်းစေ့ပိတ်ထားခဲ့သည်။

ရိထျန်းယွီကို ကြည့်လိုက်ပြီး သူမသည် နာကျင်မှုအနည်းငယ် ခံစားလိုက်ရသည်။ သူမနှင့် သူသည် နတ်ဘုရားနန်းတော်၏ လူစွမ်းကောင်းများ ဖြစ်ကာ မရေတွက်နိုင်သည့်လူများ၏ မနာလိုအားကျခြင်းကို ခံခဲ့ရသည်။ သို့သော် ယခုတွင် သူတို့က ယခုကဲ့သို့ ကြေကွဲဖွယ် အဆုံးသတ်ကို ရရှိလာခဲ့ရသည်။ ထိုသည်မှာ အမှန်တကယ် ခါးသက်ဖွယ်ကောင်းလှသည်။

“သွားစို့” ရိထျန်းယွီ၏ မျက်နှာထက်တွင် မည်သည့် ခံစားချက်မှ ရှိမနေပေ။ သူသည် အဝေးသို့ လျှောက်သွားခဲ့သည်။ လူတိုင်းသည် ပြန်ဆုတ်ခွာသွားသည့် ပုံရိပ်ကို ကြည့်ရင်း သူ၏ ဝမ်းနည်းနေမှုကို ခံစားမိနိုင်ကြပေသည်။ ယဲ့မန်သည်လည်း သူထွက်ခွာသွားသည်ကို စောင့်ကြည့်နေခဲ့သည်။ လှံတစ်ချက်က သူ့ကို ဆိုးဆိုးဝါးဝါး နာကျင်စေခဲ့သည်။

သူမက ခေါင်းကို ငုံ့ကာ သူထွက်သွားသည့်နောက်သို့ လိုက်ပါသွားလေသည်။

ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် နှင်းနတ်ပြည်ထောင်မှ ထွက်ခွာသွားသူမှာ သိပ်မများလှပေ။ အများစုက ဒဏ်ရာရထားကြသေးသည်။ သူတို့က တိုက်ခိုက်ရန် စွမ်းအားမရှိကြတော့ပေ။ သူတို့သည် ဆက်လက်ပါဝင်ရန် အခွင့်အရေးမရှိတော့သည့်အတွက် ပျက်စီးဆုံးရှုံးထားသော အမူအရာများဖြင့် တိုက်ပွဲမြေပြင်မှ ထွက်ခွာသွားကြပေသည်။ ရီဖူရှင်းသည် သူတို့ကို ခွင့်လွှတ်ကာ အသက်ရှင်ခွင့်ပေးခဲ့သည်။

သူတို့ ထွက်သွားပြီးနောက် ရီဖူရှင်းသည် အခြားတိုက်ခိုက်နေသူများကို ကြည့်လိုက်သည်။ အခြားတိုက်ပွဲများသည် အလှမ်းဝေးနေသော်လည်း လူတိုင်းသည် သူ လုပ်ခဲ့သည်များကို ခံစားမိကြပေသည်။ အားလုံး၏ မျက်လုံးများက သူ့ပေါ်တွင် ကျရောက်​နေပြီး လူတိုင်းသည် သူ့အပေါ်တွင် အာရုံစိုက်ထားကြသည်။

သိုင်းနတ်ဘုရားကလန်မှ ရန်ဟောင်သည်တော့ ပြန်သွားနိုင်လိမ့်မည် မဟုတ်သည်မှာ အသေအချာပင် ဖြစ်သည်။

ရီဖူရှင်းနှင့် ယူချင်း ပူးပေါင်းလိုက်သည့်အခါ သူတို့သည် ရန်ဟောင်တစ်ပါးကို ဖြုတ်ချပစ်နိုင်သည်လား။

သူတို့ မည်သို့ လုပ်ဆောင်ခဲ့သနည်း။

သိုင်းနတ်ဘုရားကလန်သည် ဆက်လက်တိုက်ခိုက်လိုခြင်း မရှိတော့ပေ။ ယူချင်းသည် သိုးအုပ်ထဲ ရောက်နေသည့် ကျားတစ်ကောင်ကဲ့သို့ သူတို့ကြားကို ဖြတ်ကာ သူ၏ လမ်းကြောင်းကို ရှင်းနေသည်။ သူ ရောက်သွားသည့် နေရာမှ လူတိုင်းသည် မတ်တပ်ရပ်၍ ကျန်ရစ်ခဲ့သူ မည်သူမှ မရှိပေ။ တန်ခိုးရှင်များ တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့ ပြုတ်ကျကာ မသန်မစွမ်း ဖြစ်သွားကြလေသည်။ ယူချင်း သူတို့ကို မသတ်ရသည့် အကြောင်းရင်းမှာ ရီဖူရှင်းက သူ၏ လုပ်ရပ်ကို အရမ်းလွန်မသွားစေလို၍ သူတို့ကို မသတ်ဖြတ်ရန် ​ပြောထားခဲ့ခြင်း ဖြစ်သည်။

သူတို့ ထွက်သွားနိုင်သည်မှာ သူက သူတို့ကို သက်ညှာခွင့်ပေးခဲ့ခြင်းကြောင့် ဖြစ်လေသည်။

ရီဖူရှင်း၏ ပုံရိပ်က လှစ်ခနဲ လှုပ်ရှားသွားပြန်သည်။ သူတို့က သူ့ကို စောင့်ကြည့်နေသည်။ သူက မည်သူ့ထံ ဦးတည်သွားနေသနည်း။

ရွှေရောင်အလင်းက ကောင်းကင်မှ လင်းလက်လာပြီး လှံမှ အလွန်တရာ အစွမ်းထက်လှသည့် တိုက်ခိုက်မှုတစ်ခု ထွက်ပေါ်လာပြန်သည်။ ပုံရိပ်တစ်ခုက နောက်သို့ လွင့်စင်သွားခဲ့သည်။ ထိုသူမှာ သိုင်းနတ်ဘုရားကလန်၏ ခေါင်းဆောင် ဝူကျန်း ဖြစ်သည်။

သူ၏ ခန္ဓာကိုယ်က သူ့နောက်မှ တောင်နှင့် ရိုက်မိပြီး တုန်ခါသွားစေသည်။ သူ၏ ရင်ဘတ်က ဒဏ်ရာမှ သွေးမှာ စီးကျလာကာ ပါးစပ်မှလည်း သွေးတို့ အန်ထွက်လာသည်။ သူ၏ မျက်နှာက ဖြူဖျော့သွားပြီး သူသည် အတွင်းကလီစာများ အပိုင်းပိုင်း ပြတ်ထွက်ကုန်ပြီဟု ခံစားလိုက်ရသည်။

သူက မော့ကြည့်လိုက်လျှင် ရီဖူရှင်းက ယွမ်ဟုန်၏ အရှေ့၌ ရပ်နေသည်ကို မြင်တွေ့လေသည်။ သူ၏ လှံက ယွမ်ဟုန်ကို ချိန်ရွယ်ထားပြီး မေးလိုက်သည်။ “ဒီနတ်လက်နက်ကို မင်း လိုချင်သေးလား။”

ဝူကျန်းက သူ့ကို ကြည့်လိုက်ပြီးနောက် တည်ကြည်စွာ ပြောလိုက်သည်။ “ကျုပ် ရှုံးသွားပြီ။ အဲဒါကြောင့် အရှုံးကို ဝန်ခံတယ်။ ကျုပ်လူတွေကို ခေါ်ပြီး ထွက်သွားပေးမယ်။”

ဆက်လက်တိုက်ခိုက်ရန် ဖြစ်နိုင်စရာ အကြောင်း မရှိတော့ပေ။ အကယ်၍ ဤသည်က သေသည်ထိ တိုက်ခိုက်ရမည်ဆိုလျှင် သူ့အသက်ကို အစောကြီးကတည်းက ဆုံးရှုံးခဲ့ရပြီး ဖြစ်ပေမည်။ ရီဖူရှင်း၏ လှံက သူ့ကို သတ်ဖြတ်နိုင်စွမ်း ရှိပေလိမ့်မည်။

ရီဖူရှင်းသည် သူ၏ လှံကို ပြန်ယူပြီးနောက် ပြောလိုက်သည်။ “သွားပြီး တခြားအမွေအနှစ်ကို သွားရှာလိုက်။ မင်း ဒီနေရာကို ပြန်လာစရာမလိုဘူး။”

ဝူကျန်းက ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ။” ယခုတွင် သူက ရီဖူရှင်း ပြောသမျှ လုပ်ပေးလိမ့်မည် ဖြစ်သည်။

ဤနေရာမှ ဖြစ်ပျက်သမျှက သူတို့နှင့် မဆိုင်တော့ပေ။

တိုက်ခိုက်မှု အားလုံးက ရပ်တန့်သွားသည်။ အားလုံးသော တန်ခိုးရှင်များက တကွဲတပြား ဖြစ်သွားကြသည်။

ရီဖူရှင်းက ငုံ့ကြည့်ကာ သူ့လူများကို ပြောလိုက်သည်။ “တကယ်လို့ မင်းတို့ ဆက်တိုက်ချင်တယ်ဆိုရင် ဆက်တိုက်လို့ရတယ်။ ကျုပ် ကူညီပေးမယ်။ မတိုက်ချင်ဘူးဆိုရင်တော့ ဒီမှာပဲ ရပ်လိုက်ရအောင်။”

သူက ဤနေရာ၌ ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းကို လုပ်ဆောင်နိုင်သော်လည်း ထိုသို့ လုပ်လိုက်ပါက များပြားလှသည့် အကျိုးဆက်များ ဖြစ်ပေါ်လာလိမ့်မည်။ သူသည် လူတစ်ယောက်တည်းသာ ဖြစ်သည်။ သူထွက်ခွာသွားပြီးနောက် အခြားသူများသည် ဤကိစ္စကို ဆင်ခြေအဖြစ်သုံးကာ သူ၏ ရန်သူများ ဖြစ်ချင်နေလျှင် သူသည် သူတို့အား လွယ်လွယ်ကူကူ လွှတ်ပေးတော့မည် မဟုတ်ပေ။

မည်သူကမှ စကားမပြောကြပေ။ အမှန်တွင် ရီဖူရှင်း၏ လူများက အသာစီးရနေခဲ့သည်။ သူတို့အားလုံးက ရန်သူများကို တိုက်ခိုက်ချေမှုန်းခဲ့လျှင် အကျအဆုံး အနည်းငယ်သာ ရှိနိုင်သည်။ သူတို့၏ ရန်သူများက ပို၍ အသေအပျောက် အကျအဆုံး များပေလိမ့်မည်။  သူတို့၏ တိုက်ခိုက်မှုကို ရပ်တန့်လိုက်လျှင် သူတို့သည် ဆုံးရှုံးမှုများကို ဤနေရာ၌ အဆုံးသတ်လိုက်နိုင်ပြီး သူတို့ဘက်မှ  ​အခြေအနေတစ်ခုလုံးကို အထိအခိုက်နည်း သွားစေပေလိမ့်မည်။

ဆန့်ကျင်ဘက်အနေနှင့် သူတို့သည် ရန်သူများကို ပို၍ အသေအပျောက်များပြီး ဒဏ်ရာရသူ များစေခဲ့ပါက သူတို့က တိုက်ခိုက်မှုကို ရပ်တန့်နိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။ သို့သော် သူတို့သည် စတင်တိုက်ခိုက်စဥ်ကပင် အသာစီးရနေခဲ့ပေသည်။

သိုင်းနတ်ဘုရားကလန်၏ မဟာမိတ်များက မည်သည့်စကားမှ မပြောနိုင်ကြပေ။ အမှန်တွင် သူတို့၌ ရွေးချယ်ရန် အခွင့်အရေး မရှိပေ။ သူတို့က အရှုံးသမားများ ဖြစ်ပြီး သူတို့၏ ကံကြမ္မာက ပြိုင်ဘက်များ၏ လက်ထဲ၌ ရှိလေသည်။ သူတို့၏ ပြိုင်ဘက်များက ရပ်တန့်ရန် ဆန္ဒရှိခဲ့လျှင်ပင် သူတို့က အရှုံးနှင့် ထွက်ခွာသွားသည်မှလွဲ၍ မည်သည်ကို လုပ်နိုင်ကြမည်နည်း။

လူအများသည် တိုက်ပွဲမှ လှည့်ထွက်သွားကြသည်။ အချို့သော သူများသည် စိတ်ဓာတ်ကျစွာနှင့် လေဟာနယ်ခန်းမကို ကြည့်လိုက်ကြသည်။

“နေဦး…” ရီဖူရှင်းက ပြောလိုက်သည်။ သူတို့အားလုံးက ရပ်တန့်လိုက်၏။

“မင်းတို့ အရင်က လေဟာနယ်ခန်းမကနေ ရထားတဲ့ ရတနာတွေအားလုံး ထားခဲ့။ မင်းတို့ လွတ်လွတ်လပ်လပ် သွားလို့ရပေမယ့် တိုက်ပွဲဖြစ်စေခဲ့တဲ့ အရာတွေကိုတော့ ထားသွားရမှာပေါ့။” သူက အပြုံးနှင့် ပြောလိုက်သည်။ သိုင်းနတ်ဘုရားကလန် အပါအဝင် အင်အားစုကြီးများမှ လူများအားလုံး ခေါင်းငိုက်စိုက်ကျသွားကြသည်။

“ဒါတွေက ကျုပ်တို့ တိုက်ပွဲမတိုက်ခင် ရထားတာတွေပဲ။ ဘာလို့ ထားသွားရမှာလဲ။” ဝူကျန်းက ရီဖူရှင်းကို စိုက်ကြည့်လိုက်သည်။

ရီဖူရှင်းက သူ့ကို ကြည့်လိုက်ပြီး သူ့မျက်နှာထက်တွင် ထူးဆန်းသည့် အကြည့်တစ်ခု ပေါ်ပေါက်လာသည်။ “ချိပ်စည်းကို ချိုးဖျက်ထားတဲ့သူက ကျုပ်ပဲ။” သူက ပြောလိုက်သည်။ “ကျုပ်ရဲ့ အပိုင်ဖြစ်ဖို့ အခွင့်အရေး အပြည့်ရှိတဲ့ဟာကို မင်းက ဘာလို့ ခိုးချင်ရတာလဲ။”

သူက အမှန်တကယ် ထိုသို့ မေးလိုက်သည်လား။

သူက ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွားခဲ့ပေမယ့် ထိုလက်နက်များကို မည်သည့်အတွက် ထားသွားရမည်နည်းဟု မေးနေခဲ့သည်လား။

ဝူကျန်းက ရီဖူရှင်းကို စိုက်ကြည့်လိုက်သည်။ ရီဖူရှင်း၏ မျက်လုံးများက လှုပ်ခတ်သွားပြီး သူ၏ မျက်ခုံးတန်းကြားမှ အေးစက်သည့် သတ်ဖြတ်ခြင်း စွမ်းအားလှိုင်းတို့ ထွက်ပေါ်လာသည်။ ထိုသည်ကို မြင်သည့်အခါ ဝူကျန်းက တုန်ယင်သွားသည်။ သူက အံကြိတ်ကာ မှော်လက်နက်နှစ်ခုကို ဆွဲထုတ်လိုက်သည်။ ထို့နောက် ၎င်းတို့အား ရီဖူရှင်းထံသို့ ပစ်ပေးလိုက်၏။

ထို့နောက် ပိုမိုများပြားသည့် နတ်လက်နတ်များ သူ့လက်ထဲသို့ ကျရောက်လာသည်။

“ကျေးဇူးရှင်ရီ” ရှန်ရှင်းကလန်မှ ဘုန်းကြီးက ပြုံး၍ ပြောလိုက်သည်။ “ကျုပ်တို့လည်း ဒီတလျှောက် အတော်အသင့် ရခဲ့ပါတယ်။ ခင်ဗျား တောင်တန်းဘုံကို ရောက်ခဲ့ရင် ရှန်ရှင်းကလန်ကို လာလည်လှည့်ပါ။”

ရီဖူရှင်းက မျှော်လင့် လက်ကို ဖြန့်လိုက်သည်။ “ခင်ဗျား တစ်ခုခု မေ့နေတယ်လို့ ကျုပ်ထင်တယ်။”

သူ ချိပ်စည်းဖွင့်ခဲ့သည့် နတ်လက်နက်နှစ်ခုကို ယူထားခဲ့သူတို့ ရှိသည်။ သူတို့ထဲမှ တစ်ဦးမှာ ရှန်ရှင်းကလန်မှ ဖြစ်လေသည်။

ထိုသူက ပြန်ပင် မပေးသော်လည်း မိတ်ဖြစ်ဆွေဖြစ်စကား လာ၍ ပြောနေသည်လား။

သူတို့က မည်သို့ မိတ်ဆွေ ဖြစ်နိုင်သနည်း။

“ကျေးဇူးရှင်ရီ၊ ကျုပ်တို့မှာ ရန်ဟောင်တစ်ပါး ရှိနေသေးတယ်။ တကယ်လို့ ဒီလိုသာ ပြဿနာဖြစ်လာမယ်ဆိုရင် ကောင်းကောင်း ဖြေရှင်းပြီးသွားမှာမဟုတ်တာ စိုးမိတယ်။” ဘုန်းကြီးက ပြုံးလိုက်သည်။ သူ့ဘေးမှ ရန်ဟောင်က မကြာသေးခင်က ကောင်းကင်နတ်ဆိုးနန်းတော်မှ နတ်ဆိုးအင်ပါယာနှင့် တိုက်ခိုက်ခဲ့သူ ဖြစ်သည်။

“သိုင်းနတ်ဘုရားကလန်မှာလည်း ရန်ဟောင်ရှိခဲ့တယ်။ ဒါပေမယ့် သူ သေသွားတယ်။” ရီဖူရှင်း မရိုးမသားပြုံးလိုက်သည်။

ဘုန်းကြီး၏ ပါးစပ်က တွန့်သွားပြီး သူ၏ အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ “မင်း အဲဒီအခြေအနေထိ သွားပြီး ဒီပစ္စည်းတွေကို ယူချင်တာ သေချာလား။”

“ခင်ဗျားကို နောက်တစ်ခါ ထပ်မေးမယ်။ ထားသွားမှာလား မသွားဘူးလား။” ရီဖူရှင်းက အပြုံးနှင့် မေးလိုက်သည်။ ရှန်ရှင်းကလန်မှ ဘုန်းကြီးသည် တခဏမျှ တိတ်ဆိတ်သွားပြီးနောက် နတ်လက်နက်ကို ဆွဲထုတ်ကာ ရီဖူရှင်းထံသို့ ပစ်ပေးလိုက်သည်။

ရီဖူရှင်းက ဖမ်းလိုက်ပြီးနောက် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ “ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပေါ့ ဆရာတော်”

“ကျုပ်ကို စောင့်ကြည့်စရာမလိုဘူး။” ဘုန်းကြီးက ရီဖူရှင်းဘေးမှ ထွက်ခွာသွားပြီး အခြားတန်ခိုးရှင်များက သူ့နောက်သို့ လိုက်သွားခဲ့သည်။ မကြာခင်၌ သူတို့သည် အဝေးသို့ ပျောက်ကွယ်သွားကြလေ၏။

“ရှန်ရှင်းကလန်က ဘုန်းကြီးက ပုန်းလျှိုးကွယ်လျှိုးနဲ့ ကောက်ကျစ်တယ်လို့ ပြောကြတယ်။ သူက အခု လက်လျှော့သွားပြီလို့ ထင်ရပေမယ့် နောက်ပိုင်းမှာ ပြဿနာဖြစ်နိုင်တယ်။” ယွမ်ယန်ကလန်မှ ယွမ်ဟုန်က ရီဖူရှင်းကို ပြောလိုက်သည်။ ရှန်ရှင်းကလန်မှ အသေအပျောက် အတော်များခဲ့သော်လည်း သူတို့တွင် ရန်ဟောင်တစ်ပါး ရှိနေခဲ့သေးသည်။ သူတို့၏ ယခင်သဘောထားကို ဆုံးဖြတ်ရလျှင် သူတို့သည်  ရည်မှန်းချက်ရှိနေဆဲ ဖြစ်ကာ ထိုပစ္စည်းအား ပြန်ပေးလိုက်ရသည့်အတွက် မကျေမနပ်ဖြစ်နေမည်မှာ အသေအချာပင် ဖြစ်သည်။

“ဒီတိုက်ခိုက်မှုမှာ အင်အားစုတွေ အများကြီး ပါဝင်ခဲ့တယ်။ အဲဒါက သတ်ဖြတ်မှုတွေနဲ့ အဆုံးသတ်သွားနိုင်တယ်။ ယွမ်ယန်ကလန်က ကျုပ်တို့ကြားက မိတ်ဆွေဆက်ဆံရေးအတွက် ကျုပ်ကို ကာကွယ်ဖို့ ဆန္ဒရှိပါရဲ့လား။” ရီဖူရှင်းက ယွမ်ဟုန်ကို မေးလိုက်သည်။

ယွမ်ဟုန်က ခေါင်းယမ်းလိုက်၏။ “အဲဒီလိုမလုပ်နိုင်ဘူး။”

“အဲဒါပဲလေ” ရီဖူရှင်းက ပြုံးကာ ထပ်မပြောတော့ပေ။ အားလုံးသော အင်အားစုများက အကျိုးအမြတ်အတွက် မဟာမိတ်ဖွဲ့ခဲ့ကြခြင်း ဖြစ်သည်။ ကောင်းကင်အာဏာစက်ဘုံမှ တန်ခိုးရှင်အချို့က သူ၏ မိတ်ဆွေများ ဖြစ်နေလျှင်ပင် သူတို့က သူတို့ကလန်များ၏ ဆက်ခံသူများပင် ဖြစ်ကြသည်။ သူက အမှန်တကယ် အခြားသော အင်အားစုကြီးများနှင့် တိုက်ခိုက်ချင်ခဲ့ပါလျှင် သူတို့ပါ ပါဝင်ပတ်သတ်ရန် ခက်ခဲပေလိမ့်မည်။

သူက ဤနေရာ၌ လူအများအပြား သတ်ဖြတ်ခဲ့ပါက သူ ထွက်သွားသည့်အချိန်၌ လူအများက သူ့ကို လက်စားချေရန် လာရှာကြမည် ဖြစ်သည်။ အရှင်ထိုက်ရွှမ်က ရီဖူရှင်းအား မထိခိုက်စေရန် သူတို့အားလုံးကို တားဆီးရန် ကူညီလျှင်ပင် အရှင်ထိုက်ရွှမ်တစ်ဦးတည်းနှင့် လုံလောက်ပါမည်လား။

ယွမ်ဟုန်က ထပ်မပြောတော့ပေ။ ထိုတန်ခိုးရှင်များကို အများအပြား သတ်ဖြတ်ခဲ့လျှင် ရီဖူရှင်းကို မဆိုထားနှင့် ယွမ်ယန်ကလန်သည်ပင် အခြားသောအင်အားစုများ၏ ဒေါသကို ခံနိုင်ရည်စွမ်း မရှိမည်ကို နားလည်ပေသည်။

“ဒါပေမယ့် ဘုန်းကြီးတွေက နောက်တစ်ကြိမ် ကျုပ်ကို ရန်စချင်တယ်ဆိုရင် သူတို့က ဒီလောက် ယဥ်ယဥ်ကျေးကျေး ပြောနေမှာမဟုတ်ဘူး။” ရီဖူရှင်းက ပြောလိုက်သည်။ သူက တိုက်ပွဲမြေပြင်ကို ငုံ့ကြည့်လိုက်သည်။ သူတို့၏ မဟာမိတ်အဖွဲ့က အပြတ်အသတ် အနိုင်ရခဲ့ပေသည်။

ထို့ကြောင့် လေဟာနယ်ခန်းမအတွင်းရှိ ရတနာများကို လုံခြုံစွာ ထုတ်ယူနိုင်ပြီ ဖြစ်၏။

နောက်တစ်ဆင့်မှာ ရတနာများကို ခွဲဝေရန် ဖြစ်ပေသည်။

သူ့ဘေးရှိ အခြားအင်အားစုမှ လူများသည် ဆာလောင်နေသည့် အကြည့်တို့ဖြင့် ငုံ့ကြည့်လိုက်ကြသည်။ သူတို့အားလုံးတွင် ကိုယ်ပိုင်မျှော်လင့်ချက်များ ရှိကြသည်။ ခန်းမတစ်ခုလုံးတွင် ရတနာများဖြင့် ပြည့်နေခဲ့သည်။ ရီဖူရှင်းက တွန့်တိုတတ်သူ ဖြစ်လျှင်ပင် သူသည် အင်အားစုတစ်ခုစီကို ရတနာအမြောက်အမြား ပေးနိုင်စွမ်း ရှိနေသေးပေသည်။

သူတို့သည် ချိပ်စည်းကို ကိုယ်တိုင် ချိုးဖျက်နိုင်ရလောက်အောင် အားမကောင်းကြပေ။ ထို့အပြင် သူတို့သည် ဤတိုက်ပွဲ၌ အဆုံးအရှုံး သိပ်မရှိခဲ့ကြပေ။

***


Comment

Leave a Reply


Options

not work with dark mode
Reset