အခန်း ( ၅၃၅ )

လူစာရင်း

ပိုင်လင်း၏ မျက်နှာပေါ်တွင် ပိုင်ရှောင်ချန်း၏ စကားကို ထောက်ခံသော အမူအရာဖြစ်သည့် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ပေါ်လာသည်။ ပိုင်လင်းက သူကိုယ်တိုင် တည့်တိုးပြောရန် မသင့်တော်သည့် အရာများ ရှိသေးသည် မဟုတ်ပါလော။ စစ်ဦးစီးမှူး များကိုကြည့််ကာ သူက ခေါင်းညိတ်ပြလိုက်သည်။

” မင်းတို့အားလုံး အဲဒီအလင်းတန်းတွေကို မြင်ပြီးသားဖြစ်မှာပါ။ ” သူက ဆိုလိုက်သည်။
” အဲဒီအလင်းတန်းတွေဘက်မှာ ရှိနေတဲ့ သင်္ချိုင်းဂူကြီးနဲ့ပတ်သတ်လို့ ထူးဆန်းတာတွေဖြစ်နေတယ်ဆိုတာကို မင်းတို့သိထားမယ်လို့ ငါထင်တယ်။ ”

” အခု အဲဒီ သင်္ချိုင်းဂူကြီးက လုံးဝ ပြိုကျသွားပြီး ကြောက်စရာကောင်းတဲ့ ဝင်္ကပါတစ်ခုထဲကို ဝင်နိုင်တဲ့ လမ်းတစ်ခု ပေါ်လာတာ။ ”

” အဲဒီ ဝင်ပေါက်ရဲ့ အပြင်ဘက်မှာ ရှိတဲ့ ကျောက်တိုင်တစ်တိုင်ပေါ်မှာ နတ်ဝိညာဥ်တစ်ကောင် ရှိတယ်ဆိုပြီး အတိအကျ ဖော်ပြထားတာကွ။ ”

မည်သူမှ စကားတစ်ခွန်းပင် မပြောကြချေ။ ပိုင်ရှောင်ချန်းမှာမူ နှလုံးခုန်နှုန်းပင် တစ်ခဏမျှ ရပ်တန့်သွားရသည်။ မကြာသေးမီက သူသည် စိတ်အေးလက်အေးဖြစ်သွားရပါသော်လည်း ယခုတွင်မူ တင်းကြပ်အောင်ဆွဲထားသည့် လေးကြိုးတစ်ချောင်းအလား ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားရတော့သည်။ ထို နတ်ဝိညာဥ်မှာ သင်္ချိုင်းဂူကြီးနှင့် ဆက်စပ်နေနိုင်မည်ဟု သူကတွေးထားပါသော်လည်း ထိုသို့ မဖြစ်စေရန် ဆုတောင်းနေခဲ့သည်။ ဤဖြစ်ရပ်တစ်ခုလုံးမှာ သူ တွင်းနက်ကြီး ထဲရှိ ဝိညာဥ်များကို စုဆောင်းရာမှ စတင်ဖြစ်ပေါ်ခဲ့ရသည်ဟု တွေးမိရင်း အလွန်စိုးရိမ်လာတော့သည်။

” ခေါင်းဆောင် ချိန်ဟဲ့ထျန်က အမိန့်တွေ ချပြီးသွားပြီ။ မနက်ဖန် ညနေခင်းအချိန်မှာ သူကိုယ်တိုင်ဦးဆောင်တဲ့ စစ်သည်အင်အား သုံးသောင်းရှိတဲ့ တပ်ဖွဲ့ကြီးတစ်ခုက အဲဒီ ဝင်္ကပါကြီးဆီကို သွားရမှာ။ မဟာတံတိုင်းရဲ့ လုံခြုံမှုက အဓိကဖြစ်လို့ ထွက်ခွာရမဲ့လူတွေကို ခေါင်းဆောင် ချိန်ကိုယ်တိုင်က သေချာဂရုတစိုက် ရွေးပြီး ဒီနေ့ညကြေငြာမှာ။ ”

” ငါလည်း လိုက်သွားရမှာ။ ဒါပေမဲ့ ဝင်္ကပါထဲကိုတော့ မဝင်ရဘူး။ ငါနဲ့ တခြားစစ်သေနာပတိချုပ်တွေက အဲဒီနေရာရောက်အောင် တပ်ဖွဲ့တွေကို ဦးဆောင်သွားပြီး အဲဒီတစ်ဝိုက်မှာ စခန်းချပြီးတော့ မြေရိုင်းဒေသတပ်ဖွဲ့တွေ ချောင်းမြောင်းတိုက်ခိုက်ခဲ့ရင် ကာကွယ်ပေးရမှာ။ စေတီတော်ကြီးဆီက သန့်ရှင်းသော ဝိညာဥ်ကြီးတောင် ပါလာမှာ။ ”

” မင်းတို့အားလုံးလည်း မင်းတို့ရဲ့ တပ်ရင်းတွေဆီကို ပြန်ပြီးတော့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားကြ။ ငါ့အတွက် အဲဒီ နတ်ဝိညာဥ်ကို ပြန်ယူလာနိုင်တဲ့ အရေခွံဆုတ်တပ်သား ဘယ်သူဖြစ်ဖြစ်၊ သူတို့ တပ်ရင်းရဲ့ စစ်ဦးစီးမှူး ကို ငါကောင်းကောင်း ဆုချမယ်။ ”

ပိုင်ရှောင်ချန်းမှာမူ ရင်တဒိန်းဒိန်း ခုန်နေရသည်။ သူက နတ်ဝိညာဥ်ကို လုံးဝ ဂရုမစိုက်ပေ။ သူဂရုစိုက်သည်မှာ သူ၏ သနားစဖွယ် အသက်ကလေးသာ ဖြစ်သည်။

ဝင်္ကပါထဲသို့ သွားရန် လူပေါင်းများစွာကို ရွေးချယ်နေသည့်အချက်ကြောင့် သူ၏စိုးရိမ်စိတ်များမှာ ကြီးထွားလာရသည်။ ထို မိစ္ဆာဝိညာဥ်ကြီး၏ ကြောက်မက်ဖွယ်ကောင်းပုံကြီးနှင့် မြေရိုင်းဒေသက သူ၏ ဦးခေါင်းအတွက် ဆုကြေးအကြီးကြီး ထုတ်ထားသည့်အချက်တို့ကို သူတွေးမိလိုက်တိုင်း အရွေးချယ်ခံရသည့် စာရင်းထဲပါသွားမည်ကို သူက ကြောက်လန့်နေရတော့သည်။

” ဒီ ကိစ္စကြီးက တော်တော်အရေးကြီးပြီး ငါ့ရဲ ကျင့်ကြံခြင်းအခြေခံက တော်တော်နိမ့်တော့ သူတို့ငါ့ကို မသွားခိုင်းလောက်ပါဘူး။ ”
သူက ကိုယ့်ကိုယ်ကိုယ် ပြန်လည်နှစ်သိမ့်နေတော့သည်။

သူက တည်ကြည်သောလေသံကို အတတ်နိုင်ဆုံးဖမ်းကာ ပိုင်လင်းကိုကြည့်လိုက်ပြီး ဆိုလိုက်သည်။
” စစ်သေနာပတိချုပ်ကြီး။ ဒီကိစ္စတစ်ခုလုံးက တော်တော် ထူးဆန်းနေတာ။ နတ်ဝိညာဥ် ရှိပါတယ်လို့ တည့်တိုးကြီးပြောထားတဲ့ ကျောက်တိုင်ရှိတဲ့ ဝင်္ကပါတစ်ခု ဟုတ်လား။ ကျွန်တော့်အမြင်တော့ ဒါမြေရိုင်းဒေသက ထောင်ချောက်ဆင်ထားတာလို့ ထင်တာပဲ။ ”

ပိုင်ရှောင်ချန်း စကားဆုံးသွားသောအခါ အခြား စစ်ဦးစီးမှူး တစ်ယောက်ကလည်း ထပြောလိုက်သည်။
” ဆရာရေ။ ကျွန်တော်လည်း အဲဒီလိုမျိုးတွေးနေတာ။ ပြီးတော့ ကျွန်တော်တို့ အရေခွံဆုတ်တပ်ထဲက တစ်ယောက်က အဲဒီနတ်ဝိညာဥ်ကို ရအောင်ယူနိုင်ခဲ့ပြီပဲ ထားဦး။ ခေါင်းဆောင်ချိန်က ယူချင်တယ်ဆို ဘယ်လိုလုပ်မလဲ။ ပြီးတော့ နောက်တစ်ချက်က ဒီသတင်းကို တကယ်ယုံလို့ ရ၊ မရ ဆိုတာပဲ ။”

ထိုအခါ ပိုင်လင်းက အသာအယာပြုံးလိုက်သည်။
” ငါတို့စစ်သေနာပတိချုပ်ကြီးတွေ အားလုံး ဒီကိစ္စတွေကို ခေါင်းဆောင် ချိန်နဲ့ ဆွေးနွေးပြီးသွားပြီ။ သူကိုယ်တိုင် အဲဒီ ဝင်္ကပါဆီကိုသွားပြီး ထောင်ချောက်ဆင်ထားတာ မဟုတ်ကြောင်းကို သေချာစစ်ဆေးခဲ့တာ။ တခြား ကိစ္စတွေနဲ့ပတ်သတ်လို့လည်း စစ်သေနာပတိချုပ်ကြီးတွေအားလုံးက သူနဲ့ ညှိနှိုင်းပြီးသွားပြီ။ အဲဒီတော့ မင်းတို့ပြောနေတဲ့ အရာမျိုး ဖြစ်လာမှာ မဟုတ်ဘူး။ ”

” ငါတို့က ဝင်္ကပါထဲသွားရမဲ့ လူအယောက်သုံးသောင်းကို သူ့ကိုရွေးချယ်ခွင့်ပေးဖို့ သဘောတူခဲ့တာ။ သူကလည်း အဲဒီ နတ်ဝိညာဥ်ကို အရင်ဆုံးရအောင်ယူနိုင်တဲ့လူကို သူကိုယ်တိုင်အကာအကွယ်ပေးပြီး ထောက်ခံချက်အပြည့်ပေးမယ်ဆိုပြီး သဘောတူထားတာ ”

” ဒီသတင်းအချက်အလက်ကို ယုံရ၊ မယုံဆိုတာနဲ့ပတ်သတ်လို့ ခေါင်းဆောင်ချိန်က အမှန်တရားကို အစည်းအဝေးပွဲမှာ ငါတို့ကို ပြောပြီးသွားပြီ။ ”

” ဒီသတင်းက သူ့ရဲ့ တပည့် ဇောင်ထျန်ကျောက်နဲ့ သူ့သမီး ချိန်ယွဲ့ရှန်တို့ဆီက တိုက်ရိုက်လာတာ။ သူတို့က မြေရိုင်းဒေသထဲမှာ တာဝန်ထမ်းဆောင်ပြီးလို့ ပြန်လာနေတုံး ပထမဆုံးအလင်းတန်း ပေါ်လာတာ။ အဲဒီအချိန်မှာ သူက အဲဒီနေရာကို စုံစမ်းရအောင်ဆိုပြီး သူတို့နှစ်ယောက်ကို အဲဒီ သင်္ချိုင်းဂူကြီးဆီ စေလွှတ်လိုက်တာ။ ”

” ဒါပေမဲ့ ကံဆိုးတာက သူတို့ရဲ့လက်ရှိ အခြေအနေကို မသိရသေးဘူး။ သူတို့ အသက်ရှင်နေသေးလားဆိုတာကိုတောင် ငါတို့သိတာမဟုတ်ဘူး။ ကြည့်ရတာ သူတို့နှစ်ယောက်က ဝင်္ကပါထဲက တစ်နေရာရာမှာ ပိတ်မိနေပြီး အဆက်အသွယ်ပြန်မလုပ်နိုင်တာနေမှာ။ အဲဒီ ဝင်္ကပါကြီးက ကြီးလွန်းလို့ ဘယ်သူကမှ ပိုက်စိတ်တိုက် မရှာနိုင်တဲ့အထိပဲ။ ခေါင်းဆောင်ချိန်က သူနဲ့အတူ လူအယောက်သုံးသောင်းကို ခေါ်သွားရတာ အကြောင်းအရင်းရှိတယ်။ အဲဒီနတ်ဝိညာဥ် အပြင် အခြားအရေးကြီးတဲ့ တာဝန်တစ်ခုလည်း ရှိသေးတယ်။ အဲဒါက ဇောင်ထျန်ကျောက်နဲ့ ချိန်ယွဲ့ရှန်တို့ကိုရှာပြီး ဘေးကင်းရာကို ခေါ်ဆောင်ပေးဖို့ပဲ။ ”
ပိုင်ရှောင်ချန်းက ထိုစကားများကို ကြားလိုက်ရသောအခါ သူ၏နှလုံးသားမှာ ချက်ချင်းပင် တုန်ရီသွားရတော့သည်။

” ဂိုဏ်းတူအစ်ကို ဇောင် ”
ပိုင်ရှောင်ချန်းမှာ ဧရာမ မိစ္ဆာဝိညာဥ်ကြီး၏ ကြောက်မက်ဖွယ်ကောင်းပုံများကို တွေးမိလိုက်ပြီး ဇောင်ထျန်ကျောက်နှင့် ချိန်ယွဲ့ရှန်တို့ ပျောက်ဆုံးနေသည့် အကြောင်းကိုလည်း ပြန်အမှတ်ရသွားတော့သည်။ ထို့နောက် သူက စိုးရိမ်စိတ်များကြီးထွားလာပြီး အသက်ရှူသံများ မြန်လာတော့သည်။

ခဏအကြာတွင် စစ်ဦးစီးမှူး များ၏ အစည်းအဝေးပွဲမှာ ပြီးဆုံးသွားပြီး ပိုင်လင်းက သူတို့ကို ထွက်ခွာခွင့် ပေးလိုက်သည်။ ပိုင်ရှောင်ချန်းကမူ အလွန်စိတ်ပူနေတော့သည်။ တစ်ဖက်တွင် ဇောင်ထျန်ကျောက်မှာ အန္တရာယ်နှင့် ကြုံတွေ့နေနိုင်သည်ဖြစ်ပြီး အခြားတစ်ဖက်တွင်လည်း သူသည် ဝင်္ကပါထဲသို့ လိုက်သွားရမည့် လူစာရင်းထဲတွင် ရွေးချယ်ခံရမည်ကို ထိတ်လန့်နေသည်။

” အစ်ကိုဇောင်နဲ့ အစ်မချိန်ကို သွားရှာမဲ့လူတွေ အများကြီးဆိုတော့ အဆင်ပြေမှာပါ။ အဲဒီတော့ ငါ့ကိုမရွေးပါစေနဲ့ ဆုတောင်းရမှာပဲ။ ”
မြို့စောင့်တပ်သို့ ပြန်ရာလမ်းတွင် တစ်လမ်းလုံး သက်ပြင်းချလာပြီး သူ၏ခြံဝန်းထဲတွင် တွေးမှိုင်နေတော့သည်။

” ငါ့ကို ဝင်္ကပါထဲလိုက်ဖို့ မရွေးပါစေနဲ့ ဆုတောင်းတယ်။ မြေရိုင်းသားတွေ ငါ့ကိုမြင်တာနဲ့ ဒေါသတကြီးဖြစ်ကုန်ကြမှာ အသေအချာပဲ။ ပြီးတော့ အဲဒီနေရာက မဟာတံတိုင်းနဲ့ အဝေးကြီးဆိုတော့ ဒီစစ်တပ်ငါးတပ်ထဲမှာတောင် ငါ့ခေါင်းပေါ်က ဆုကြေးကိုလိုချင်တဲ့လူတွေ ရှိရင်ရှိနေမှာ။ ”
သခင်မ ဟုန်ချိန် က သူ၏ဦးခေါင်းအတွက် သတ်မှတ်ထားသည့် မက်လောက်စရာကောင်းသော ဆုကြေးပမာဏကြီးနှင့် ထိုသို့စတင်သတ်မှတ်ခဲ့စဥ်က စစ်တပ်ငါးတပ်မှ ကျင့်ကြံသူများ၏ ဝိုင်းကြည့်ခဲ့ကြသည့် အကြည့်များကို တွေးမိလိုက်တိုင်း သူ၏စိတ်နှလုံးမှာ ကြောက်လန့်မှုများနှင့် ဖုံးလွှမ်းကာ အေးစက်သွားရသည်အထိပင်။ သို့သော် သူက ဇောင်ထျန်ကျောက်နှင့် ချိန်ယွဲ့ရှန်တို့မှာ သူလုပ်ခဲ့သည့် လုပ်ရပ်ကြောင့် ဒုက္ခရောက်နေရသည်ကို တွေးမိလိုက်တိုင်း သူက ပို၍စိုးရိမ်လာရသည်သာဖြစ်သည်။

မကြာမီ အာရုဏ်ဦး ရောင်ခြည်တန်းလေးများ ကောင်းကင်ယံမှ ဖြာကျလာသည်။ သို့သော် ပိုင်ရှောင်ချန်းမှာ အပြင်ထွက်ကာ လှုပ်လှုပ်ရှားရှား လုပ်ရန် ဆန္ဒမရှိသဖြင့် အတွင်းထဲတွင်နေကာ လူစာရင်းကိစ္စနှင့်ပတ်သတ်၍ ဆုတောင်းနေတော့သည်။

ထိုစဥ်တွင် ချိန်ဟဲ့ထျန်မှာ ဧရာမမျက်လုံးကြီး၏ အောက်ရှိ စေတီထဲတွင် တင်းမာသောမျက်နှာထားဖြင့် ထိုင်နေသည်။ သူ၏အမူအရာမှာ စိုးရိမ်မှုများနှင့် နောင်တများ ရောယှက်နေသည်။ အကယ်၍ သူသာ သူ၏ တပည့်နှင့် သမီးကိုသာ ထို သင်္ချိုင်းဂူထဲသို့ မစေလွှတ်ခဲ့ပါက ယခုကဲ့သို့ အခြေအနေများနှင့် ကြုံတွေ့ရမည် မဟုတ်ပေ။

သူ၏သမီးနှင့် တပည့်တို့မှာ မြေရိုင်းဒေသထဲတွင် အန္တရာယ်များသော တာဝန်တစ်ခုထမ်းဆောင်ပြီး ဘေးမသီရန်မခ ပြန်လာခဲ့သည်ဖြစ်သော်လည်း သူက အန္တရာယ်ထဲသို့ ထပ်၍ တွန်းပို့ခဲ့သည်။ ထိုအကြောင်းကို တွေးမိလိုက်ရုံဖြင့် သူ၏နှလုံးသားမှာ တဆတ်ဆတ် နာကျင်နေရဆဲပင်။ ကံကောင်းသည်မှာ သူ့သမီး၏ အသက်အန္တရာယ်အခြေအနေကို ပြသော ပေလွှာမှာ အကောင်းအတိုင်းရှိနေသေးသည်။ ထို့အပြင် သူမအား သူမကိုယ်သူမ ကာကွယ်နိုင်ရန် တန်ဖိုးကြီးရတနာများစွာကိုလည်း သူကပေးအပ်ထားခဲ့သည်။ ထို့ကြောင့် သူက စိုးရိမ်မှုများကြောင့် အိပ်မပျော်စားမဝင် ရသည့်အခြေအနေထိတော့ မဖြစ်သေးပေ။

သူက သေသေချာချာ စဥ်းစားတွေးတော ချင့်ချိန်ပြီးမှသာ ထိုနှစ်ယောက်ကို မြေရိုင်းဒေသထဲသို့ သွားခွင့်ပြုခဲ့သည်။ သူသည် သူတို့အတွက် တချိန်လုံး စိတ်ပူနေခဲ့ရပြီး သူတို့ဘေးမသီရန်မခ ပြန်လာနေသည်ဆိုသော သတင်းကိုကြားသိခဲ့ရသည့် အခါမှသာ အနည်းငယ် စိတ်အေးနိုင်ခဲ့သည်။

အဖြစ်အပျက်များမှာ ဤသို့ပြောင်းလဲသွားလိမ့်မည်ဟု သူက လုံးဝ မထင်မှတ်ထားခဲ့ပေ။

သူက အမှန်တရားတစ်ခုလုံးကို ပိုင်လင်းနှင့် အခြားစစ်သေနာပတိချုပ်ကြီးများကို မရှင်းပြထားပေ။ ဇောင်ထျန်ကျောက်နှင့် ချိန်ယွဲ့ရှန်တို့မှာ မြေရိုင်းဒေသ၏ ကျင့်ကြံသူများ လိုက်ဖမ်းနေရာမှ ထွက်ပြေးနေစဥ် အချုပ်အနှောင် မန္တန်တစ်ခုကို အမှတ်တမဲ့ ဝင်တိုက်မိသဖြင့် ထိုအလင်းတန်းရှစ်တန်းမှာ ထပ်မံထွက်လာရသည်။ ထိုအခါမှသာ တောင်များပြိုလဲကာ မြေပြင်ကြီးမှာတုန်ခါပြီး ဝင်္ကပါထဲသို့ ဝင်ပေါက်မှာ ပေါ်ထွက်လာရသည်။

ထို့အပြင် ဆွဲငင်အားကြီးတစ်ခုလည်း ပေါ်ထွက်လာပြီး လူတိုင်းကို အတွင်းသို့ စုပ်ယူသွားခဲ့သည်။ ဇောင်ထျန်ကျောက်မှာ အဆက်အသွယ် မပြတ်ခင်လေးတွင် အကြောက်တရားများနှင့် သတိပေးသံများပါဝင်နေသည့် သတင်းအတိုလေးတစ်ခု ပေးပို့နိုင်ခဲ့သည်။ ထိုသတင်းမှာ ” ဝင်္ကပါကြီးက ဝိညာဥ်တွေရဲ့ နယ်မြေကြီးတစ်ခု။ ညနေအချိန်မှာဖွင့်ပြီး မနက်အချိန်မှာ ပိတ်တယ်….” ဟူ၍ဖြစ်သည်။

” ဝင်္ကပါကြီးက ဝိညာဥ်တွေရဲ့ နယ်မြေကြီးဆိုပါလား…. ”
ချိန်ဟဲ့ထျန်က ရေရွတ်နေတော့သည်။ မြေရိုင်းဒေသ၏တပ်ဖွဲ့များ ဆုတ်ခွာသွားခဲ့ပြီးနောက် သူ အချိန်အနည်းငယ်ကြာမျှ ပျောက်ကွယ်သွားရသည်မှာ သူကိုယ်တိုင် ထိုဝင်္ကပါကြီး၏ နေရာကို သွား၍ရှာနေခဲ့ခြင်းဖြစ်သည်။

သူသည် ထိုထဲသို့ အစမ်းဝင်ခဲ့ကြည့်သေးသည်။ သို့သော် အတွင်းသို့ ရောက်သောအခါ ထိုနေရာကြီးမှာ ကြီးမားနေရုံသာမက သူ၏နတ်ဘုရားအာရုံကို ချုပ်တည်းထားသည့် အရာတစ်ခုလည်း ရှိနေသည်။ သူ၏တပည့်နှင့် သမီးကို သူတစ်ယောက်ထဲ ရှာတွေ့ရန်မှာ လုံးဝမဖြစ်နိုင်ပေ။

ထို့အပြင် အတွင်းသို့ သူရောက်ရှိသွားခဲ့သည့် တစ်ခဏတွင် မြင်ခဲ့ရသည့်အရာများကြောင့် သူ၏နှလုံးသားထဲတွင် အကြောက်တရားများ စိုးမိုးသွားခဲ့ရသည်။ သို့သော် သူ၏သမီးနှင့် တပည့်မှာ အချိန်မရွေးအသတ်ခံရနိုင်သည်ဆိုသော အသိစိတ်ကြောင့် ချိန်ဟဲ့ထျန်မှာ စိုးရိမ်တကြီးဖြစ်နေရတော့သည်။

ထို့ကြောင့် သူက ပိုင်လင်းနှင့် အခြားစစ်သေနာပတိချုပ်ကြီးများတို့ဖြင့် သဘောတူညီမှုတစ်ခု ရယူခဲ့ခြင်းဖြစ်သည်။ ချိန်ဟဲ့ထျန်၏ ကျင့်ကြံခြင်းအခြေခံမှာ မြင့်မားနေသည့်အတွက် သူက နတ်ဝိညာဥ်တစ်ခုကို ဂရုမစိုက်ပေ။ ထို့ကြောင့် သူ၏သမီးနှင့် တပည့် အတွက် စစ်တပ်များ၏ အကူအညီကိုရယူကာ ဝင်္ကပါကြီးကို ရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။

သူသည် မဟာတံတိုင်းတွင်မဟုတ်ပဲ ရှင်းကုံကျစ်တာအိုဂိုဏ်းတွင်ဆိုပါက ကျင့်ကြံသူ အယောက်သုံးသန်းလောက်ကို အလွယ်တကူ စုစည်းနိုင်မည်ဖြစ်သည်။ သို့သော် ယခုတွင်မူ သူသည် နတ်ဘုရားတစ်ပိုင်းအဆင့် ခေါင်းဆောင်ကြီး၏ အမိန့်ကိုသာ နာခံသော စတီးသွေးကြော ခန်းမ၏ စစ်တပ်ငါးတပ်ကို ကိုင်တွယ်နေရသည်။ မဟာတံတိုင်း၏ လုံခြုံမှုအတွက်ဆိုလျှင် ကျင့်ကြံသူ အယောက်သုံးသောင်းမှာ သေးငယ်သော ပမာဏမဟုတ်ပေ။ သို့သော် မဟာတံတိုင်းကို သူတို့မရှိလျှင်လည်း စောင့်ရှောက်နိုင်သေးသဖြင့် ထိုသဘောတူညီချက် ရလိုက်သည်။

လက်ရှိတွင် ချိန်ဟဲ့ထျန်သည် စစ်တပ်ငါးတပ်၏ ကျင့်ကြံသူအားလုံးအကြောင်းပါသည့် ကျောက်စိမ်းပေလွှာတစ်ခုကို ကိုင်ထားသည်။ ထိုထဲတွင် ကျင့်ကြံသူတစ်ယောက်ချင်းစီ၏ ကျင့်ကြံခြင်းအခြေခံအဆင့်များနှင့် သူတို့ကျွမ်းကျင်စွာသုံးနိုင်သည့် စွမ်းရည်များပါဝင်သည်။

ချိန်ဟဲ့ထျန်မှာ ထိုမှတ်တမ်းများကို ဖတ်ရင်း တာဝန်ထဲတွင်ပါဝင်ရန် ကျင့်ကြံသူ တစ်ယောက်ပြီးတစ်ယောက် ရွေးချယ်နေသည်။

သူရွေးချယ်သည့် ကျင့်ကြံသူအများစုမှာ အမြုတေ အဆင့်တွင်ရှိကြပြီး နတ်ဘုရားအာရုံများ အသုံးချရာတွင် ကျွမ်းကျင်ကာ လျင်မြန်ကြသူများဖြစ်သည်။

ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူ အနည်းငယ်ကိုလည်းသူကရွေးချယ်နေသေးသည်။ သို့သော် ထိုသို့ရွေးချယ်နိုင်သည့် ပမာဏမှာ အတိုင်းအတာတစ်ခုထိသာ ရှိသဖြင့် သူက ဂရုတစိုက်ရွေးနေသည်။

မကြာမီတွင် အယောက်သုံးသောင်းဟူသည့် စာရင်းမှာ ပြီးစီးလုနီးပါးဖြစ်သွားသည့်အခါ ချိန်ဟဲ့ထျန်၏ နတ်ဘုရားအာရုံမှာ နာမည်တစ်ခုပေါ်သို့ ကျရောက်သွားတော့သည်။

” ပိုင်ရှောင်ချန်း ”
သူက ရေရွတ်လိုက်သည်။ ပိုင်ရှောင်ချန်းမှာ ကံြကမ္မာအရ အရေခွံဆုတ်တပ်ထဲသို့ ဝင်လာခဲ့သည်ဖြစ်ပြီး အဖွဲ့ဝင်ဖြစ်သည်မှာ နှစ်အနည်းငယ်မျှသာ ရှိသေးသည်။ ကျင့်ကြံသူများအတွက် ထိုအချိန်ပမာဏမှာ တိုတောင်းပါသော်လည်း သူကမူ အောင်မြင်မှုများစွာရယူပြီးထားခဲ့သည်။ ထိုထဲမှအများစုမှာ သူ မမျှော်လင့်ပဲ စစ်မြေပြင်ထဲသို့ ဆွဲစုပ်ယူခံခဲ့ရစဥ်က ဖြစ်သည်။

သူသည် သူ၏လျင်မြန်လှသော အမြန်နှုန်းကြောင့် လူသိများသူတစ်ယောက်ဖြစ်နေသည်။


Comment

Leave a Reply


Options

not work with dark mode
Reset