အခန်း ( ၅၃၂ )

တရားမမျှတလိုက်တာကွာ

ထူးဆန်းစွာပင် မြေရိုင်းဒေသ၏ တိုက်ကွက်များ မည်မျှအားကြီးစေကာမူ ပိုင်လင်းနှင့် အခြားသော စစ်သေနာပတိချုပ်များသည် တန်ပြန်တိုက်ခိုက်ရန် သူတို့၏ တပ်သားများကို အမိန့်တစ်စုံတစ်ရာ မပေးပေ။ ထိုအစား သူတို့က ဒိုင်းအကာကွယ်၏နောက်ကွယ်တွင်သာ နေရန် အမိန့်ပေးထားကြ၏။

အမှန်တွင် ဒိုင်းအကာအကွယ်က နောက်သို့ ရောက်လာသောကြောင့် သူတို့လည်း ဆုတ်လာခြင်းဖြစ်လေသည်။

ဒိုင်းအကာအကွယ်ကို ထိုးဖောက်ဝင်ရောက်လာနိုင်သည့် အောက်လမ်းဆရာများနှင့်သာ တိုက်ပွဲဆက်ဖြစ်လေသည်။

ယခုအခိုက်အတန့်တွင် တိုက်ပွဲမှာ တစ်ဖက်သတ်ဖြစ်နေပုံရသည်။ မရေမတွက်နိုင်သော လူ့ဘီလူးကြီးများသည် အကာအကွယ်ကို တိုက်ခိုက်ရန် ရှေ့သို့ ဟိန်းဟောက် ချီတက်လာကြလေရာ ဒိုင်းအကာအကွယ်မှာ စစ်မြေပြင်မှ နောက်သို့ တဖြည်းဖြည်း ဆုတ်ခွာလာရလေသည်။

စပ်တပ်ငါးဖွဲ့၏ ကျင့်ကြံသူများမှာ တံတိုင်းကြီး၏ အရိပ်ထဲရောက်သည်အထိ ဆုတ်လာရလေသည်။ တပ်သားများကြားတွင် စိုးရိမ်သောကများမြင့်တက်လာသည့်တိုင် ပိုင်လင်းနှင့် အခြားစစ်သေနာပတိချုပ်များမှာ တန်ပြန်တိုက်စစ်အတွက် အမိန့်ပေးရန် အချိန်ကောင်းကို စောင့်နေကြသည့်အလား မျက်လုံးများမှာ တလက်လက် တောက်ပလာတော့သည်။

” အင်း၊ ဒီလိုလုပ်သင့်တာ…”
တချိန်တည်းမှာပင် ပိုင်လင်းက စိတ်အားထက်သန်နေဟန်ဖြင့် ရေရွတ်လိုက်လေသည်။

ကျင့်ကြံသူများ နောက်သို့ဆုတ်လာနေရချိန်တွင် မြို့လည်ခေါင်ရှိ စေတီကြီးထိပ်မှ မျက်လုံးကြီးသည် ရုတ်တရက် လင်းနို့တစ်ကောင်ပုံပေါ်လာကာ အသက်ဝင်လာတော့သည်။

ချက်ချင်းပင် သွေးအေးကျောချမ်းဖွယ် ရယ်သံတစ်ခုက ရှိသမျှလူတိုင်း၏ နားထဲ ထိုးဖောက်ဝင်ရောက်လာကာ လင်းနို့ကြီးက ပါးစပ်ကြီးဖွင့်ပြီးနောက် အမုန်းဝိညာဥ်စီးကြောင်းတစ်ခုအား ထွေးထုတ်လိုက်လေသည်။

ဝိညာဥ် တစ်ကောင် ၊ ဝိညာဥ် ဆယ်ကောင်၊ ဝိညာဥ် တစ်ထောင်၊ ဝိညာဥ် တစ်သောင်း။ မကြာမီ လင်းနို့ကြီး၏ ပါးစပ်မှ ဝိညာဥ်များ မည်မျှများပြားစွာ တဝေါဝေါထွက်လာနေသည်ကို ရေတွက်၍ပင် မရတော့ချေ။ လင်းနို့ကြီးသည် တွင်းနက်ကြီးတစ်ခုအလားဖြစ်နေတော့သည်။ မျက်စိတစ်မှိတ်တွင်းမှာပင် ဝိညာဥ် သန်းတစ်ရာကျော်သည် မဟာတံတိုင်းမြို့တော်အပြင်ဘက်ထွက်ကာ ဒိုင်းကို ဖြတ်၍ လူ့ဘီလူးစစ်တပ်ကြီးထံ ပျံသန်းသွားသည်ကို မြင်လိုက်ရလေသည်။

ဤမျှနှင့် မပြီးသေး။ ဝိညာဥ်များ ဆက်လက်ထွက်လာနေ၏။ သန်းတစ်ရာ ၊သန်းနှစ်ရာ ၊ သန်း သုံးရာ။ အချိန်အနည်းငယ်လေးအတွင်းမှာပင် သန်းငါးရာ အပြည့်ဖြစ်သွားလေပြီ။

စစ်တပ်ငါးဖွဲ့၏ ကျင့်ကြံသူများသည် မယုံကြည်နိုင်မှုများဖြင့် မျက်လုံးများ ပြူးကျယ်၍ ကြည့်နေမိကြလေသည်။ မြေရိုင်းသားများမှာ ပို၍ပင် ယုံရခက်နေတော့သည်။

လူ့ဘီလူးကြီးများ၊ ဝိညာဥ်ကျင့်ကြံသူများ နှင့် အောက်လမ်းဆရာများမှာ လုံးဝတုန်လှုပ်သွားကြတော့သည်။

“ဒ….ဒါ… ဒါက…. ”

” မဖြစ်နိုင်တာ”

” ဘုရား ဘုရား ။ ဒီလောက် အမုန်းဝိညာဥ်တွေများတာ ယုံတောင် မယုံနိုင်ဘူး။ ငါတို့ကပဲ ဝိညာဥ်တွေ့နဲ့ အတူတူတိုက်ခိုက်တဲ့လူတွေ မဟုတ်ဘူးလား။ ဘယ်လိုလုပ် မဟာတံတိုင်းမှာ ဒီလောက်အများကြီး ရှိနေတာတုံး ”

” သူတို့ အကြာကြီး စုထားရင်တောင်မှ ဒီလောက်အများကြီးရဖို့ အင်မတန် ခက်ခဲမှာ ”

မိုးကောင်းကင်တွင် တဂျိန်းဂျိန်းမြည်သံကြီးများ ထစ်ခြုန်းမြည်ဟည်းလာလေရာ မြေရိုင်းသားများမှာ မယုံကြည်နိုင်မှုများဖြင့် မော့ကြည့်လိုက်ကြလေသည်။ ဖြစ်ပျက်နေသော အရာများကြောင့် သူတို့၏ ကမ္ဘာကြီးဇောက်ထိုးမိုးမျှော်ဖြစ်သွားသည့်အလားပင် ခံစားလိုက်ရတော့သည်။ များသောအားဖြင့် သူတို့သည်သာ မဟာတံတိုင်းကြီးကို တိုက်ခိုက်ရာတွင် အမုန်း ဝိညာဥ်များအား ခိုင်းစေမောင်းနှင်သူများမဟုတ်ပါလော။

သို့သော် ယခုတွင် အရာရာတိုင်းက ကပြောင်းကပြန်။ မဟာတံတိုင်းကြီးက သူတို့ကို တန်ပြန်တိုက်ခိုက်ရန် အမုန်းဝိညာဥ်များအား စေလွှတ်နေတော့သည်။

ပို၍လက်ခံနိုင်ဖွယ်မရှိသည်မှာ အမုန်းဝိညာဥ်သန်း ငါးရာကြောင့်ပင်။ ယခင်တိုက်ပွဲကြီးများတွင် မြေရိုင်းဒေသအသုံးပြုခဲ့သည်ထက်ပင် ပို၍ များပြားနေလေသည်။ အဆုံးမရှိသော အမုန်းဝိညာဥ်အုပ်လိုက်ကြီး သူတို့ထံ တဟုန်ထိုးပြေးဝင်လာနေသော မြင်ကွင်းကြောင့် မြေရိုင်းဒေသ လူ့ဘီလူးများမှာ ထိတ်လန့်ချောက်ခြားခြင်းများဖြင့် တုန်ရီနေတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဝိညာဥ် သန်းငါးရာသည် လူ့ဘီလူးကြီးများပေါ် ကျလာကာ ထိုးဖောက်သွားသဖြင့် သူတို့မှာ မချိတင်ကဲအော်ဟစ်လိုက်ကြရပြီး ခန္ဓာကိုယ်ကြီးများ ပေါက်ကွဲထွက်သွားတော့သည်။

ထိုသို့သော ပေါက်ကွဲမှုများသည် ဟိုနေရာတစ်ကွက်၊ သည်နေရာတစ်ကွက်ဖြစ်နေသည်သာ မဟုတ်ပေ။ အသက်ရှူချိန်အနည်းလေးအတွင်းမှာပင် ဘီလူးကြီး တစ်သောင်းပြီးတစ်သောင်း ပေါက်ကွဲကုန်ကာ စစ်မြေပြင်တစ်ခွင်လုံး သွေးမြူမှုန်များ ပျံနှံ့နေတော့သည်။

ဝိညာဥ်တပ်ကြီး ရှေ့သို့ချီတက်လာသဖြင့် ဧရာမ လူ့ဘီလူးတပ်ကြီး ပြိုကွဲလာပြီး စောစောက တစ်ဖက်စောင်းနင်း အခြေအနေ ပြောင်းလဲသွားတော့သည်။

ချက်ချင်းပင် ရုန့်ရင်းဆန်ခတ်ဖြစ်ကုန်ပြီး ဝိညာဥ်ကျင့်ကြံသူများမှာ သူတို့၏လူ့ဘီလူးကြီးများကို ထိန်းချုပ်ရန် မည်မျှပင် ကြိုးစားသည်ဖြစ်ပါစေ၊ မည်သို့မျှ အလုပ်မလုပ်တော့ပေ။ အောက်လမ်းဆရာများမှာ ကိုယ်ပိုင်အစွမ်းများကို ဆင့်ခေါ်၍ ဝိညာဥ်များကို ထိန်းချုပ်ရန် ကြိုးစားနေကြသဖြင့် မျက်လုံးများပင် ရဲရဲနီနေတော့သည် ။ သို့သော် ဝိညာဥ်များမှာ အလွန်များလွန်းလှသဖြင့် ထိုအားထုတ်မှုများမှာ လုံးဝအချည်းနှီးသာဖြစ်သွားလေသည်။

အရေးအကြီးဆုံးမှာ မျက်လုံးတွင်းရှိ ဧရာမလင်းနို့ကြီးက ဝိညာဥ်များဆက်လက်ထွေးထုတ်နေရာ ဖန်ခွက်ကို ကျောက်တုံးကြီးတစ်တုံးနှင့် ထုချေလိုက်သည့်အလား လမ်းတစ်လျှောက်ရှိအရာအားလုံးကို တိုက်စားသွားသည့် လှိုင်းလုံးကြီးတစ်လုံးအား ဖန်တီးလိုက်တော့သည်။

စစ်တပ်ငါးဖွဲ့၏ ကျင့်ကြံသူများမှာ အလွန်အမင်း စိတ်လှုပ်ရှားကုန်ကြပြီး သွေးများ ပွက်ပွက်ဆူကာ အဆုတ်ကွဲလုတ်မတတ် အော်ဟစ် ကြွေးကြော်လိုက်ကြတော့သည်။

” ဒါတွေက ပိုင်ရှောင်ချန်းလက်လွှဲပေးလိုက်တဲ့ ဝိညာဥ်တွေပဲ”

“ငါ သိပြီ။ ဒါက စစ်ဦးစီးမှူး ရဲ့ ဝိညာဥ်တွေဟေ့”

“ဟားဟားဟား ကြားတောင် မကြားဖူးဘူးကွာ။ မဟာတံတိုင်းကြီးရဲ့စစ်တပ်ကြီးက မြေရိုင်းဒေသကို တိုက်ဖို့ အမုန်း ဝိညာဥ် တွေလွှတ်လိုက်တာ ဒါ ပထမဆုံးအကြိမ်ပဲဟေ့ ”

တချိန်တည်းမှာပင် ပိုင်လင်းနှင့် အခြားစစ်သေနာပတိချုပ်များအားလုံး ခေါင်းများနောက်လှန်၍ အားပါးတရ ရယ်လိုက်ကြ၏။ ဤအခိုက်အတန့်ကို သူတို့စောင့်နေခြင်းဖြစ်လေသည်။

” အရေခွံစုတ်တပ် ” ပိုင်လင်းက ဟိန်းဟောက်လိုက်သည်။
” တိုက်ပွဲထဲ ငါ့နောက်လိုက်ခဲ့ဟေ့”
သူက တဟားဟားရယ်မောလိုက်ရင်း အရေခွံစုတ်တပ်နှင့်အတူ စစ်မြေပြင်ကို ဖြတ်၍ ရှေ့တို့တိုက်စစ်ဆင်လိုက်တော့သည်။

အခြားစစ်တပ်လေးဖွဲ့သည်လည်း တူညီစွာ တိုက်ပွဲထဲ ချီတက်လိုက်ကြပြီး အချိန်အနည်းငယ်အတွင်းမှာပင် စစ်တပ်ငါးဖွဲ့သည် စူးရှချွန်ထက်နေသော ဓားသွားများအလား ရန်သူများကို ဖောက်ထွက်သွားတော့သည်။ လူ့ဘီလူးကြီးများ ပရမ်းပတာဖြစ်ကုန်၍ သူတို့ပ အကာအကွယ်ပေးထားသောဝိညာဥ်များဖြင့် အပြတ်အသတ်အနိုင်ယူ သတ်ဖြတ်ရန် ဒိုင်းအကာအကွယ်နောက်ကွယ်မှ ထွက်ပေါ်လာတော့သည်။

မန္တန်အစီအရင်အကာအကွယ်မှာမူ တောက်ပသောအလင်းများဖြင့် တလက်လက်ဖြစ်လာပြီးနောက် နောက်သို့ဆုတ်မည့်အစား ထိန်းမနိုင်သိမ်းမရ ရှေ့သို့ ထိုးတက်လာတော့သည်။

” ပိုင်ရှောင်ချန်း ”
သတ် ဖြတ်လိုမှုများနှင့် မုန်းတီးခြင်းများ ပြည့်ဝနေသော လေသံဖြင့် လူတစ်ယောက်က အော်ဟစ်လိုက်လေသည်။ ထိုလူမှာ ချိန်ဟဲ့ထျန်နှင့် ရှေ့တိုးနောက်ဆုတ်တိုက်ခိုက်နေဆဲဖြစ်သော သခင်မလေးဟုန်ချိန် က လွဲ၍ တခြားလူမဟုတ်ပေ။

သူမသာလျှင် အကြောင်းစုံသဘောပေါက်သွားသူမဟုတ်ပေ။ ရှေ့တန်းတွင် လူ့ဘီလူးကြီးများ ထပ်ကာ ထပ်ကာ အရေးနိမ့်နေချိန်တွင် သူတို့သည် စစ်တပ်ငါးဖွဲ့ ၏ ကြွေးကြော်သံများကြားလိုက်ရပြီး မကြာမီ မိစ္ဆာပိုင်ကို အပြစ်တင်ရမည်မှန်းသဘောပေါက်သွားကြတော့သည်။ ထို့နောက် မြောက်မြားစွာသော ဒေါသတကြီးဟိန်းဟောက်သံများနှင့် ဆဲဆိုသံများကို ကြားလာရတော့သည်။

” မိစ္ဆာပိုင်အသတ်မခံရမချင်း မြေရိုင်းဒေသ အရှက်ခွဲခံနေရတာ ဘယ်တော့မှ ပြီးဆုံးမှာ မဟုတ်ဘူး”

” မိစ္ဆာပိုင်။ မင်းမသေမချင်း ငါတို့ ဘယ်တော့မှ အနားယူမှာမဟုတ်ဘူးဟေ့ ”

” ငါ့လက်ထဲသာ မင်းရောက်လာလို့ကတော့ ပိုင်ရှောင်ချန်း မင်းကို နှစ်ပေါင်းတစ်ထောင်အထိ ဝေဒနာခံစားသွားရအောင် လုပ်မယ်”

ထိုစကားသံများ စစ်မြေပြင်တစ်ဝှမ်းပဲ့တင်ထပ်လာချိန်တွင် ပိုင်ရှောင်ချန်းနှင့် သူ၏တပ်ဖွဲ့သည် တံတိုင်းပေါ်တွင် ခြေချလိုက်ကြ၏။ ချက်ချင်းပင် ပိုင်ရှောင်ချန်းမှာ ပါးစပ်အဟောင်းသားဖြစ်သွားရတော့သည်။

” ဒီတစ်ခါ ငါ ဘာလုပ်လို့တုံး”
ထို့နောက် သူက မရေမတွက်နိုင်သော အမုန်းဝိညာဥ်များ မြေရိုင်းတပ်ထဲ ထိုးဖောက်ဝင်ရောက်နေသည်ကို တွေ့လိုက်ရ၍ ထင်ယောင်ထင်မှားဖြစ်မနေကြောင်း သေချာစေရန် မျက်လုံးများပွတ်ပြီးမှ ထပ်ကြည့်လိုက်သည်။

သူဦးဆောင်သော ကျင့်ကြံသူ ငါးထောင်သည် စစ်မြေပြင်ကို လှမ်းကြည့်ပြီးနောက် မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာများဖြင့် ပိုင်ရှောင်ချန်းကို ပြန်ကြည့်လိုက်ကြသည်။ နတ်ဆရာမှာ လုံးဝတုန်လှုပ်သွားပြီး မည်သို့ဖြစ်ပျက်လဲဆိုသည်ကို သေချာမသိသော်လည်း လူ့ဘီလူကြီးများ အော်ဟစ်နေသောအကြောင်းများကို ကြားရလေသည်။ ပိုင်ရှောင်ချန်းကို လှမ်းကြည့်ရင်း အံ့သြတုန်လှုပ်မှုကြောင့် သူ၏ခေါင်းခွံပင်စပ်ဖျဥ်းဖျဥ်းဖြစ်လာကာ သူ့ကိုယ်ထဲတွင် မြင့်တက်လာသော ချစ်ကြောက်ရိုသေခြင်း ခံစားချက်များကြောင့် တဆတ်ဆတ် တုန်ရီသွားတော့သည်။

” ခေါင်းဆောင်လေးက သာမန်ထက် ထူးခြားတာ လုံးဝသေချာတယ်။ စစ်ဦးစီးမှူး တစ်ယောက် ဖြစ်လာရုံတင်မကဘူး၊ မြေရိုင်းဒေသကိုလည်း ရိုးတွင်းချင်ဆီအထိ နာကျည်းမုန်းတီးသွားအောင် လုပ်နိုင်တယ်”

ဟီရတစ်မှာ ကိုယ်ထိလက်ရောက် ရိုက်ခံလိုက်ရသည့်အလား မှင်သက်၍ ဆွံ့အသွားတော့သည်။

ပိုင်ရှောင်ချန်းမှာ ဖြစ်ပျက်နေသော မခန့်မှန်းထားသည့် ဖြစ်ရပ်များကြောင့် အတော်လေး စိုးရိမ်သောကရောက်သွားလေသည်။ သူက ခေါင်းလှည့်၍ ဧရာမမျက်လုံးကြီးကို မော့ကြည့်လိုက်ပြီးနောက် သူ့ကို စိုက်ကြည့်နေကြသည့် စစ်တလင်းပေါ်ရှိ မျက်လုံးများအားလုံးအား တဖန် ပြန်ကြည့်လိုက်သည်။ ရုတ်တရက် ဤအခြေအနေမှာ နည်းနည်းပါးပါး ကြွားလုံးထုတ်ရန် အကောင်းဆုံးဖြစ်ကြောင်း ဖျတ်ခနဲ သိလိုက်၏။ သူက ရင်ကို ကော့၍ စစ်မြေပြင်ကို အထင်သေးစွာ ကြည့်လိုက်သည်။

ထို့နောက် လက်နှစ်ဖက်ကို နောက်ပစ်ကာ တည်ငြိမ်အေးဆေးစွာ ပြောလိုက်၏။
” မလောက်လေးမလောက်စား လူ့ဘီလူးတွေ ငါက စစ်မြေပြင်ပေါ်ကိုတောင် ခြေမချပဲ မင်းတို့ကောင်တွေကို ပြာချပစ်လို့ရတယ်ကွ ”

အကျိုးဆက်အနေနှင့် လူ့ဘီလူးများက ဆဲရေးတိုင်းထွာလိုက်ကြပြီး စစ်တပ်ငါးဖွဲ့က အားပေးကြွေးကြော်လိုက်ကြသည်။ ဤအခိုက်အတန့်တွင် ပိုင်ရှောင်ချန်းသည် ကောင်းကင် သို့မဟုတ် မြေပြင်ထက်ပင် ပို၍ အရေးပါသည်ဟုပင် ခံစားလိုက်ရတော့သည်။

သို့သော် ထိုအချိန်တွင် သခင်မလေးဟုန်ချိန်က သူ့ကို အံတင်းတင်းကြိတ်ကာ ဝါးစားလုမတတ်ကြည့်လိုက်လေသည်။ နောက်ဆုံးအကြိမ်က တိုက်ပွဲကြီးသည် ပိုင်ရှောင်ချန်းကြောင့် မြေရိုင်းဒေသမှာ အရှုံးကြီး ရှုံးသွားခဲ့ရပြီး ယခု ဤတိုက်ပွဲတွင်လည်း ထိုနည်းတူပင်။ သခင်မလေးဟုန်ချိန်၏ ပိုင်ရှောင်ချန်းကို သတ်လိုစိတ်မှာ ယခင်ထက်ပို၍ အားကောင်းလာတော့သည်။

သို့သော် သူမ၏လမ်းကို ပိတ်နေသော ချိန်ဟဲ့ထျန်ကြောင့် ပိုင်ရှောင်ချန်းကို မည်သို့မျှ မလုပ်နိုင်ပေ။

ထို့ကြောင့် သူမက အသံမြှင့်၍ ပြောလိုက်သည်။
” မြေရိုင်းသားတို့။ ငါ့စကားနားထောင်ကြမယ် ။ သခင်မဟုန်ချိန်အနေနဲ့ ငါရဲ့လုပ်ပိုင်ခွင့်အာဏာကို သုံးပြီး ပိုင်ရှောင်ချန်းကို သေမိန့်ကျစာရင်းပေါ်မှာ နံပါတ် ၁ ထားလိုက်။ ပြီးတော့ သူ့ခေါင်းအတွက် ဆုကြေးကိုလဲ ထပ်တိုးလိုက်ကြ ”

” အခု ဆုကြေးက နတ်သားရဲဝိညာဥ် ငါးခု၊ တစ်စုံပဲ။ ဆုကြေးက သက်ရှိသက်မဲ့အရာအားလုံးအတွက် အကျုံးဝင်တယ်။ ငါတို့ အဖွဲ့သားတွေ နဲ့ မဟာတံတိုင်းက ကျင့်ကြံသူတွေ နှစ်ဖက်လုံး ရနိုင်တယ်။ အဓိကအရေးကြီးတာက ပိုင်ရှောင်ချန်းကို သတ်ဖို့ပဲ။ ငါ သခင်မဟုန်ချိန် ကျင့်ကြံခြင်းအခြေခံကို တိုင်တည်ပြီး ကျိန်ဆိုတယ်။ ငါ့စကားကို နည်းနည်းလေးမှ မချိုးဖျက်ဘူးလို့ ကတိပေးတယ်။ ဒါ့အပြင် သူ့ကို သတ်တဲ့လူကိုလည်း ဖော်ထုတ်မှာ မဟုတ်ဘူး။ ဒါမှမဟုတ် သူတို့နဲ့ ပတ်သက်ပြီး သတင်းစကားတစ်စုံတရာလဲ မပေါက်ကြားစေရဘူး။ ဒီ ကတိသစ္စာကို ဖောက်ဖျက်ခဲ့ရင် ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံပျက်စီးသွားပြီး ခန္ဓာကော ဝိညာဥ်ပါ ပျက်စီးသွားပါစေ”
သခင်မလေးဟုန်ချိန်၏ နားကွဲလုမတတ် စကားလုံးများ ထွက်ပေါ်လာသည်နှင့် သူမ၏ ကတိစကားကို သက်သေတည်သည့်အလား ကောင်းကင်ကြီးမှာ တဂျိန်းဂျိန်းမြည်ဟည်းသွား၏။ ၄င်းသည် သခင်မ ဟုန်ချိန်က တာအိုကျမ်းသစ္စာကျိန်လိုက်ကြောင်း ညွှန်ပြနေတော့သည်။

တာအိုကျမ်းသစ္စာဆိုလျှင် ၄င်းကို ချိုးဖောက်၍မရပေ။

သူမ၏ စကားသံများ နေရာအနှံ့ပဲ့တင်ထပ်သွားစဥ် စစ်မြေပြင်တစ်ခုလုံးမှာ အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်သွားပြီး မျက်လုံးပေါင်းများစွာက ပိုင်ရှောင်ချန်း အပေါ် ကျရောက်လာတော့သည်။

ထိုအကြည့်များမှာ မြေရိုင်းစစ်တပ်မှသာ မဟုတ်။ စစ်တပ်ငါးဖွဲ့၏ ကျင့်ကြံသူများထံမှလည်း လာနေလေသည်။

ယခု ကြေညာလိုက်သည့် ဆုကြေးက ရှင်းလင်းစွာပင် အလွန်အံ့သြဖွယ်ကောင်းလွန်းသည်။ နတ်အဆင့်သားရဲဝိညာဥ် ဓာတ်ကြီးငါးပါး တစ်စုံသည် နတ်အဆင့်ဝိညာဥ်နှင့် ညီပြီး သူတို့၏ တန်ဖိုးသည် ယင်ယန်ဝိညာဥ်အဆင့် တက်လှမ်းလိုသော လူတစ်ယောက်အတွက် ဖော်ပြနိုင်သည်ထက် ကျော်လွန်နေတော့သည်။

ထိုမျှသာမက သခင်မဟုန်ချိန်သည် ပိုင်ရှောင်ချန်းကို သတ်သော လူ၏ သတင်းတစ်ခုမှ မပေါက်ကြားစေရန် ကတိပေးခဲ့လေသည်။ ထိုအကြောင်းကြောင့်ပင် နှလုံးသားများစွာမှာ စိတ်လှုပ်ရှားမှုများဖြင့် ဒုန်းဆိုင်းခုန်လာတော့သည်။

သူ့အပေါ်ကျရောက်နေသည့် သတ်ဖြတ်လိုပြီး လောဘများပြည့်နေသော အကြည့်များစွာကို ပိုင်ရှောင်ချန်း မြင်သောအခါ မျက်စိမျက်နှာပျက်သွားပြီး တုန်ရီလာတော့သည်။ သူက သတိမထားမိလိုက်ဘဲ အိတ်ကို ပုတ်လိုက်ရာ သူ့ဘေးပတ်လည်တွင် သံချပ်ကာ အထပ်ထပ်ဖြစ်တည်လာတော့သည်။ ရုတ်တရက် သူ၏ရင်ထဲတွင် ကြွားလိုစိတ်များပင် ကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်ပြီး ထိုအစား အလွန်ဆိုးဝါးသော ခံစားချက်များရလာတော့သည်။

“ဟေး.. ဒါ ငါ့အမှားမဟုတ်ဘူးလေ ”
သူက အလွန်မှားသွားပြီဟု ခံစားလိုက်ရရင်း ရေရွတ်လိုက်လေသည်။
” လင်းနို့ကြီးက ဒီဝိညာဥ်တွေအားလုံးကို ထွေးထုတ်လိမ့်မယ်လို့ ဘယ်သူက သိမှာတုံး ” မထင်မှတ်ထားသော ဒုက္ခကြီးကြောင့် အလွန်စိုးရိမ်သောကရောက်လာရုံသာမက နောင်တများနှင့်လည်း ပြည့်နှက်လာတော့သည်။ ရုတ်တရက် သူ၏ သနားစရာကောင်းသော အသက်ကလေးမှာ ခြိမ်းခြောက်ခံနေပြီဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် ကျောချမ်းလာသည်ဟု ခံစားလိုက်ရလေတော့သည်။

” တရားမမျှတလိုက်တာကွာ “


Comment

Leave a Reply


Options

not work with dark mode
Reset