Switch Mode

အခန်း ( ၅၃၀ )

အကွက်သစ်

မြို့တော်တရားသူကြီးက သူသိထားသမျှ သတင်းအချက်အလက်ကို တအံ့တသြဖြင့် ပြန်လည်ပြောပြနေသည်။
” ညီလေးရေ။ ဒီနေရာကို မင်း ရောက်လာရုံပဲရှိသေးတယ်၊ အံ့သြဖွယ်အရာကြီးတစ်ခု တန်းဖြစ်တော့တာပဲ။ ဒီနယ်မြေက အရာရှိတစ်ယောက် လာဘ်စားနေတာကြာပြီ။ စစ်အသုံးစရိတ်တွေကိုပါ ကြားထဲက ဖြတ်စားနေတာ။ ဒါပေမဲ့ မင်းကိုကြောက်လို့ သူက အပြစ်လာဝန်ခံပြီး သူ့အသက်ကိုချမ်းသာပေးဖို့ သူပိုင်ဆိုင်ထားသမျှ ပစ္စည်းတွေအကုန်လုံးကိုပါ လက်လွှတ်လိုက်ပြီလေ။ ငါကိုယ်တိုင် သူပိုင်တဲ့ပစ္စည်းတွေကို သွားစစ်လိုက်တော့၊ ဘုရားရေ အဲ့ကောင်က တော်တော်ကို ချမ်းသာတာကွ။ ”

” အံ့သြစရာအကောင်းဆုံးက နှစ်ပေါင်းကိုးထောင်ကျော် သက်တမ်းရှိတဲ့ ဂျင်ဆင်းမြစ်တစ်ခုရှိနေတာပဲ။ မင်းအဲဒီလိုမျိုး တစ်ခါမှမမြင်ဖူးလောက်ဘူး။ အဲဒီဂျင်ဆင်းရဲ့ အမြစ်တွေက သလင်းကျောက်တွေနီးပါး ကြည်လင်နေပြီး အညွန့်အတက်တွေကလည်း စိတ်စွမ်းအင် ပုလဲလုံးတွေ ကြနေတာပဲ။ အဲ့တစ်ပင်က တန်းကြေးမဖြတ်နိုင်လောက်အောင် အဖိုးတန်ပြီး အခြားသူ့ရဲ့ ပစ္စည်းအားလုံးထက်ကို ပိုပြီး တန်ကြေးရှိနေတာ။ ”

” နှစ်ပေါင်း ကိုးထောင်ကျော် သက်တမ်းရှိတာ ဟုတ်လား ”
ပိုင်ရှောင်ချန်းမှာ မျက်လုံးပြူးကြီးများဖြင့် တအံ့တသြ ရေရွတ်လိုက်သည်။
” ခင်ဗျားပြောတာမှန်တယ်။ ကျုပ်အဲဒီလိုမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ ”

ထိုဂျင်ဆင်းအမြစ်ကိုသာ ဆေးဖော်စပ်ရာတွင် အသုံးပြုပါက ရရှိနိုင်မည့် သက်စောင့်အား ပမာဏမှာ ဖော်ပြ၍မရနိုင်လောက်အောင် ကြီးမားနေမည်ဖြစ်ပြီး သူ၏ ထာဝရအသက်ရှင်နည်းသိုင်း ကျင့်ကြံရာတွင် များစွာ အထောက်အကူပြုမည်ဖြစ်သည်။

” မပူပါနဲ့ ညီလေး ”
မြို့တော် တရားသူကြီးက အခြေအနေကို ရိပ်စားမိသည့် အပြုံးဖြင့် ဆိုလိုက်သည်။ ထို့နောက် သူ၏အသံကိုတိုးကာ ဆက်ပြောလိုက်သည်။
” အဲဒီ ဂျင်ဆင်းအမြစ်ကို ငါ ကျောက်လုံဆီကို တိတ်တိတ်လေး ပို့ထားပြီးပြီ။ ခဏနေ ငါထွက်သွားရင် မင်းရှုစားနိုင်ဖို့ သူလာပေးလိမ့်မယ်။ ”

” တခြား ပစ္စည်းတွေကိုတော့ မင်း တံတိုင်းကြီးဆီကို ပြန်ယူသွားပြီး တခြား ဗိုလ်ချုပ်တွေနဲ့ သင့်တော်သလို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ငါ အသေအချာစီစဥ်ပြီးသွားပြီ။ ”

ပိုင်ရှောင်ချန်းမှာ မြို့တော်တရားသူကြီးကို မျက်လုံးမှေးကြီးများဖြင့် ကြည့်နေလိုက်သည်။ ရုတ်တရက် သူ့အတွက် ကမ္ဘာလောကသစ်တစ်ခုဆီသို့ လမ်းပွင့်သွားသည့်အလား ခံစားလိုက်ရပြီး ဤတရားသူကြီးမှာ ဥာဏ်ကြီးရှင်တစ်ယောက်ဖြစ်ကြောင်း တွေးနေတော့သည်။

ဤအချိန်တွင် အရာအားလုံးမှာ ရှင်းလင်းသွားပြီဖြစ်သဖြင့် ပိုင်ရှောင်ချန်း၏ ဘဝလမ်းကြောင်းကို နားလည်ပုံမှာ ပြောင်းလဲသွားတော့သည်။

” အဲဒါဆို ဒီလူလည်း အဂတိလိုက်စားထားပြီး ငါ ဒီကိုလာရတဲ့အကြောင်းအရင်းကို မသိဘူးနေမှာ။ စစ်အသုံးစရိတ်တွေကို စာရင်းလာစစ်တယ်ထင်ပြီး သူ့ဘက်က လက်ဦးမှုယူလိုက်တာပဲ။ သိမ်းဆည်းထားတဲ့ ပစ္စည်းတွေကို ငါ့ဆီပေးရုံတင်မကပဲ ငါ့ရဲ့ဒေါသကို လျှော့ချဖို့ လက်ဆောင်အကြီးကြီးတစ်ခုပါ ငါ့ကို ပေးလိုက်တာပဲ။ ကောင်းလှပါလား။ ဒါ့အပြင် နောက်ပိုင်းပြဿနာတက်မှာစိုးလို့ အဲဒီလက်ဆောင်ကို တိုက်ရိုက်ကြီးပေးတာ မဟုတ်ဘူး။ ဥာဏ်ပြေးလှပါလား။ ”
ရုတ်တရက် ဤတရားသူကြီးထံမှ အကွက်အသစ်တစ်ခုကို လေ့လာမိလိုက်ပြီဟုတွေးနေရင်း စကားဆက်ပြောရန် ပြင်လိုက်စဥ်မှာပင် သူ၏အမူအရာမှာ ပြောင်းလဲသွားသည်။

သူ၏ ထည့်စရာအိတ်ထဲရှိ အမှတ်အသား ဆွဲပြားမှာ တောက်ပစွာလင်းလက်နေသည်။ ထိုဆွဲပြားကို ထုတ်ပြီး နတ်ဘုရားအာရုံအချို့ကို ထည့်သွင်းကြည့်လိုက်သောအခါ ပိုင်လင်း၏ ခက်ထန်သော လေသံကို ကြားလိုက်ရသည်။

” စစ်ဦးစီးမှူး ပိုင်ရှောင်ချန်း။ မြေရိုင်းဒေသက အင်အားအလုံးအရင်းနဲ့ တိုက်စစ်ဆင်နေပြီ။ မဟာတံတိုင်းဆီကို အမြန်ဆုံး ပြန်လာခဲ့ပါ။ ”

ပိုင်ရှောင်ချန်းမှာ မျက်နှာပျက်သွားပြီး တရားသူကြီးမှာ တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားသည်။ သူက ဖြစ်ပျက်နေသည်များကို မေးရန်ပြင်လိုက်စဥ်မှာပင် ပိုင်ရှောင်ချန်းက ရုတ်တရက် ကျယ်လောင်စွာအော်ခေါ်လိုက်တော့သည်။
” ကျောက်လုံရေ။ ”

တံခါးပေါက်တွင် စောင့်နေသော ကျောက်လုံက ချက်ချင်းပင် ပြေးဝင်လာပြီး လက်ယှက်ကာ အရိုအသေးပေးလိုက်သည်။

” အခုချက်ချင်း အမိန့်တွေသတ်မှတ်လိုက်တော့။ အနားယူချိန် ပြီးပြီ။ အမွှေးတိုင်တစ်ဝက် လောင်ကျွမ်းစာအချိန်အတွင်းမှာ တပ်ရင်းအမှတ်သုံးက တံတိုင်းကြီးဆီကို ပြန်သွားမယ်။ ”

ထိုအခါ ကျောက်လုံမှာတုန်ရီသွားပြီး အမိန့်နာခံကြောင်း ဆိုလိုက်ကာ အမိန့်များချမှတ်ရန် ထွက်ခွာသွားတော့သည်။

တရားသူကြီးမှာ အနည်းငယ်စိုးရိမ်နေသည့် လေသံဖြင့် မေးလိုက်သည်။
” ညီလေးပိုင်… ဘာတွေ…”

ပိုင်ရှောင်ချန်းမှာ အားပါးတရ ရယ်မောကာ စကားဖြတ်ပြောလိုက်သည်။
” ရေးကြီးခွင်ကျယ် မဟုတ်ပါဘူး။ မြေရိုင်းဒေသက လာတိုက်လို့ပါ။ အခုလောလောဆယ်တော့ ကျုပ် ပြန်မှရမယ် အစ်ကိုရေ။ ရေစက်ရှိရင် အနာဂတ်မှာ ပြန်ဆုံချင်ပါသေးတယ်။ ”

ထို့နောက် သူကလက်ယှက်ကာ တရားသူကြီးကို မည်သည်မှ ဆက်မပြောတော့ပဲ ထွက်ခွာရန်ပြင်လိုက်တော့သည်။

တရားသူကြီးမှာ ပိုင်ရှောင်ချန်းထွက်ခွာတော့မည်ဖြစ်ကြောင်းကို သိလိုက်ရသောအခါ ကျေနပ်အားရသွားပြီး သူ့ကို လိုက်ပို့လိုက်လေသည်။

အမွှေးတိုင်တစ်ဝက် လောင်ကျွမ်းစာအချိန်လောက် ကုန်ဆုံးသွားပြီးနောက် တပ်ရင်းအမှတ်သုံး၏ ကျင့်ကြံသူ အယောက်ငါးထောင်နီးပါးမှာ စုဝေးပြီးသွားကြပြီ ဖြစ်သည်။ ပိုင်ရှောင်ချန်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါ တစ်ဖွဲ့လုံးမှာ ကမ္ဘာမြို့တော် ၏ အထက်ရှိ လေထုထဲသို့ ပျံတက်သွားကြပြီး မဟာတံတိုင်းဆီသို့ ထွက်ခွာသွားကြတော့သည်။

သို့သော် သူတို့မှာ မြို့တော်၏ နံရံများကို ကျော်ဖြတ်လိုက်စဥ်မှာပင် ခပ်လှမ်းလှမ်းတစ်နေရာတွင် အလင်းတန်းနှစ်တန်းက ရုတ်တရက် ပေါ်ထွက်လာသည်။ ထိုအလင်းတန်းနှစ်ခုမှာ တစ်ယောက်ကလိုက်ဖမ်းကာ တစ်ယောက်က ထွက်ပြေးနေခြင်းဖြစ်သည်။

ထွက်ပြေးနေရသည့်တစ်ယောက်၏ ဆံပင်များမှာ ရှုတ်ပွနေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း ဒဏ်ရာများနှင့် ပြည့်နှက်နေသည်။ သူသည် စိတ်စွမ်းအင်ကုန်ခမ်းနေပြီဖြစ်ပြီး သူ၏ခေါင်းမာသော ကြိုးစားမှုကြောင့်သာ မဟုတ်လျှင် အသက်ငဲ့ညှာပေးရန် တောင်းဆိုနေမည်ဖြစ်သည်။

” ဟေး နတ်ဆရာ။ အဲဒီဝိညာဥ်ကို ငါပိုင်တာကွ။ မင်းမလို့ ခိုးရဲတယ်။ အခုမင်းကို ဘယ်သူမှ မကယ်နိုင်တော့ဘူးကွ။ ”
လိုက်ဖမ်းနေသည့် လူငယ်၏ အမူအရာမှာ အေးစက်လွန်းလှသဖြင့် ရေခဲများနှင့်တည်ဆောက်ထားသည့်အလား ဖြစ်နေတော့သည်။ သူ၏ မျက်ဝန်းများထဲတွင် ဒေါသမီးများ လောင်မြိုက်နေပြီး သူ၏သားကောင်ကိုလိုက်ဖမ်းဖို့ သူ၏စိတ်စွမ်းအင်များကို မတွန့်မဆုတ် အသုံးချနေသည်။

” အနိုင်မကျင့်စမ်းနဲ့ ဟီရတစ် ရာ။ အဲဒီဝိညာဥ်ကို ငါအရင်မြင်တာကွ။ မင်းကမှ ငါ့ဆီက လုယူဖို့ကြိုးစားနေတာ။ ”
ထိုကျင့်ကြံသူနှစ်ယောက်မှာ နတ်ဆရာနှင့် ဟီရတစ် တို့ပင်ဖြစ်သည်။ နတ်ဆရာ က အော်ဟစ်နေရင်း သူ၏လက်ကျန် စိတ်စွမ်းအင်အနည်းငယ်ကို သုံးကာ အလံငယ်လေးတစ်ခုကို ထုတ်ယူလိုက်ပြီးဝှေ့ယမ်းလိုက်သောအခါ သူ၏ အမြန်နှုန်းမှာ ထိုးတက်သွားသည်။ သူသည် ဝှီးခနဲ လေထဲတွင် ပျံသန်းသွားပြီး ကမ္ဘာမြို့တော် ဆီသို့ ဦးတည်သွားသောအခါ လေပေါ်တွင်ပျံဝဲနေသည့် ကျင့်ကြံသူအယောက်ငါးထောင်ကျော်ကို မြင်တွေ့လိုက်ရတော့သည်။

ချက်ချင်းပင် သူ၏မျက်ဝန်းများထဲတွင် ကျေနပ်မှုများ ဖုံးလွှမ်းသွားတော့သည်။ ဤ ကျင့်ကြံသူအဖွဲ့ကြီးကြောင့်သာ သူဇွဲမလျှော့ပဲ ဆက်ပြေးနေရသည် မဟုတ်ပါလော။ ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း သူကလုံးဝ အခြေအနေမကောင်းခဲ့ပေ။ တချိန်ကဆိုလျှင် သူ၏ ထည့်စရာအိတ်မှာ ပေါက်သွားရသည်အထိပင်။ သူ၏မှော်ပစ္စည်းများ၊ အမှတ်အသားတံဆိပ်နှင့် သတင်းလွှင့်သည့် ကျောက်စိမ်းပေလွှာများ အပါအဝင် သူ၏ ပစ္စည်းများအားလုံးမှာ ပျောက်ဆုံးလျှင်ပျောက်ဆုံး၊ မပျောက်ဆုံးလျှင် ဖျက်စီးခံလိုက်သည်။ သူသည် သေခါနီးအခြေအနေအထိ ရောက်သွားခဲ့ရသည်။ သို့သော် လက်ဗလာတော့မဟုတ်ပဲ စွမ်းအားကြီးမှော်ရတနာတစ်ခုဖြစ်သော သူ၏အမြန်နှုန်းကို တိုးမြှင့်ပေးနိုင်သည့် အလံငယ်လေးတစ်ခုကို ပြန်လည်ရရှိခဲ့သည်။

အသက်ရှင်ရန် ကျားကုတ်ကျားခဲကြိုးစားနေရင်း သူ၏လက်ကျန် စိတ်စွမ်းအင်အချို့ကို သုံး၍ ဗေဒင်ဖတ်လိုက်သောအခါ ကမ္ဘာမြို့တော် တွင် သူ့ဘဝ၏ ကြီးမားသောပြောင်းလဲမှုတစ်ခုကို ကြုံတွေ့ရမည်ဖြစ်ကြောင်း သိခဲ့ရသည်။ သူက ထိုဘက်သို့ အလျင်အမြန် သွားရင်း ပိုင်ရှောင်ချန်းမှာ စစ်ဦးစီးမှူး တစ်ယောက်ဖြစ်လာခဲ့သည် ဆိုသော သတင်းကို မထင်မှတ်ပဲ ကြားသိခဲ့ရသည်။

ထိုသတင်းကြောင့် သူက အလွန်အမင်း တုန်လှုပ်သွားရပြီး တချိန်ထဲမှာပင် အတိုင်းမသိ ပျော်ရွှင်သွားခဲ့ရသည်။ တောက်ပနေသည့် မျက်ဝန်းများဖြင့် သူက ပိုင်ရှောင်ချန်းထံတွင် ခိုလှုံရန် ဆုံးဖြတ်ခဲ့လေသည်။

သို့သော် လမ်းတစ်ဝက်တွင် သူသည် ယင်ယန်ဝိညာဥ်အဆင့်တွင်ရှိသော ဝိညာဥ်တစ်ခုနှင့် ကြုံခဲ့သဖြင့် ထိုဝိညာဥ်ကို ရယူခါနီးတွင်ပင် ဟီရတစ် က ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ မည်သူက ထိုဝိညာဥ်ကို အရင်ဆုံးမြင်ခဲ့သည်ကို အတိအကျ ပြောရန် ခက်သော်လည်း သူတို့နှစ်ယောက်မှာ ချက်ချင်းပင် ထိုဝိညာဥ်ကို လုယူနေခဲ့ကြသည်။ ထို့နောက် နတ်ဆရာမှာ ထိုဝိညာဥ်ကို ရရှိသွားခဲ့သည်။ ထို့ကြောင့် သူက အပျော်လွန်နေပြီး သူ၏အလံငယ်လေးကိုသုံးကာ ဟီရတစ် ဖမ်းမမိနိုင်အောင် တစ်လမ်းလုံး ပြေးလာခဲ့ခြင်း ဖြစ်သည်။

ယခုတွင်မူ ကမ္ဘာမြို့တော် နားရှိ ကျင့်ကြံသူ အယောက်ငါးထောင်ကို မြင်လိုက်ရသောအခါ သူက အသံကုန်အော်ဟစ်လိုက်တော့သည်။
” ကျွန်တော့်ကို ကယ်ပါဦး ခေါင်းဆောင်လေး။ ဟီရတစ် က ကျွန်တော့်ကို သတ်ဖို့ကြိုးစားနေပါတယ်ဗျို့။ ”

ထိုအခါ ဟီရတစ် ၏ မျက်ဝန်းများမှာ တောက်ပစွာ လင်းလက်သွားသည်။ ထိုကျင့်ကြံသူ အုပ်စုကြီးကြောင့် သူက အံ့အားသင့်နေရပါသော်လည်း သူတို့မှာ မဟာတံတိုင်းမှလာကြောင်းကို သူက သိထားေလသည်။ ထို့အပြင် သူသည် ဘာသိဘာသာ နေတတ်သည့် အကျင့်ရှိသဖြင့် ပိုင်ရှောင်ချန်းနှင့်ပတ်သတ်သော သတင်းများကိုလည်း မကြားထားပေ။ ထိုကျင့်ကြံသူ အုပ်စုကြီးကိုမြင်လိုက်ရသောအခါ သူ၏ရင်ထဲတွင် မကောင်းသောခံစားချက်ကြီးတစ်ခု ဖုံးလွှမ်းသွားပြီး တစ်ခဏမျှ ရပ်တန့်သွားတော့သည်။ သို့သော် ခဏအကြာတွင် သတ်ဖြတ်လိုသော စိတ်များက သူ၏မျက်ဝန်းများထဲတွင် တောက်ပလာပြီး နတ်ဆရာကို သူ၏ပန်းတိုင်သို့ ရောက်ခွင့်မပေးနိုင်ကြောင်း ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူက အံကိုကြိတ်ရင်း ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်တော့သည်။ ချက်ချင်းပင် သူ၏ရှေ့တွင် လက်တစ်ချောင်း၏ ဧရာမပုံရိပ်ကြီးတစ်ခု ပေါ်ထွက်လာပြီး သူ၏မျက်နှာမှာ နီမြန်းလာတော့သည်။

” ဘယ်သူမှမင်းကို မကယ်နိုင်တော့ဘူးကွ။ ”

ထိုလက်ကြီးမှာ နတ်ဆရာဆီသို့ ဦးတည်သွားသောအခါ လေထုထဲတွင် ကျယ်လောင်သော ထစ်ချုန်းသံကြီးများ ပေါ်ထွက်လာတော့သည်။ ဤတိုက်ကွက်မှာ ဟီရတစ် ၏ ဝှက်ဖဲတစ်ချပ်ဖြစ်ပြီး စိတ်စွမ်းအင်များစွာ အသုံးပြုရသည်။ ထို့ကြောင့် သူက အလွယ်တကူ အသုံးပြုလေ့မရှိသော်လည်း လက်ရှိအခြေအနေမှာ အရေးကြီးလွန်းနေသဖြင့် သူက အသုံးပြု လိုက်ရခြင်းဖြစ်သည်။

နတ်ဆရာမှာ မျက်နှာပျက်သွားပြီး အသက်န္တရာယ်ကြီးနှင့် ကြုံတွေ့နေရသည့်အလား ခံစားလိုက်ရသည်။ ထိုလက်ဖဝါးကြီးကိုရှောင်တိမ်းရန် လိုအပ်သည့် အမြန်နှုန်းကို သူ၏ အလံငယ်လေးကပင် မပေးနိုင်တော့သည်ကို သူကသိလိုက်သဖြင့် သူ၏မျက်နှာမှာ ဖြူဆုတ်သွားရတော့သည်။

မကြာသေးမီက ပိုင်ရှောင်ချန်းသည် ဖြစ်ပျက်နေသည်များကို ကြည့်နေရင်း နတ်ဆရာကို မြင်တွေ့လိုက်သည်။ ထို့နောက် သူက နတ်ဆရာ၏ အော်ဟစ်သံကိုကြားလိုက်ရပြီး ဧရာမ လက်ဖဝါးကြီး၏ ပုံရိပ်တစ်ခုကိုလည်း မြင်လိုက်ရသည်။

ပိုင်ရှောင်ချန်းမှာ မျက်ဝန်းအိမ် ကျဥ်းမြောင်းသွားသည်။ ဆက်လက်တွေးတောနေရန် အချိန်မရှိတော့သဖြင့် သူက ရှေ့သို့တစ်လှမ်း လှမ်းလိုက်သောအခါ သူ၏ဘေးနားရှိ အရာအားလုံးမှာ နှေးကွေးသွားရတော့သည်။ ထို့နောက် သူက နတ်ဆရာနှင့် ဧရာမလက်ဖဝါးကြီး၏ ကြားတွင် ရောက်သွားတော့သည်။

ထိုနေရာတွင် သူက သူ့ထံသို့ပြေးလာနေသည့် လက်ဖဝါးကြီးကို သူ၏ညာလက်အား မြှောက်ကာ ရင်ဆိုင်လိုက်သည်။ ထိုအခါ အုန်းခနဲအသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး ပိုင်ရှောင်ချန်း၏ အမြင်အာရုံမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတော့သည်။ တိုက်ကွက်ကြီး၏ စွမ်းအင်များမှာ ပြိုကွဲသွားပြီး တုန်ခါနေသည့် အငွေ့အသက်များသာ ကျန်ခဲ့တော့သည်။

အဖြစ်အပျက်များက မြန်ဆန်လွန်းသဖြင့် ပိုင်ရှောင်ချန်း၏ တပ်သား အယောက်ငါးထောင်မှာ မည်သို့ဖြစ်ပျက်သွားမှန်း သေချာမသိလိုက်ပေ။ ဟီရတစ် နှင့် နတ်ဆရာတို့ပင် ထိုဖြစ်ရပ်များကို သေချာမမြင်လိုက်ရချေ။ ဟီရတစ် မြင်လိုက်ရသည်မှာ သူ၏ ဧရာမလက်ဖဝါးပုံရိပ်ကြီးမှာ ရုတ်တရက် ပြိုလဲသွားရသည့် မြင်ကွင်းသာ ဖြစ်သည်။

သို့သော် စွမ်းအင်များ ပျောက်ကွယ်သွားသောအခါ နတ်ဆရာရှေ့တွင် လက်မြှောက်နေသည့် ပိန်ပိန်ပါးပါး လူငယ်တစ်ယောက်ကို မြင်လိုက်ရသည်။

ဟီရတစ် မှာ မျက်လုံးများပြူးသွားပြီး အသက်ပင်မရှူနိုင်တော့ပဲ သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများက ဖုံးလွှမ်းသွားရတော့သည်။ သူက ပိုင်ရှောင်ချန်းကို ချက်ချင်းပင် မှတ်မိလိုက်ပြီး တည်နေရာရွှေ့ပြောင်းခြင်းနီးပါး လျင်မြန်သော အမြန်နှုန်းကို ပိုင်ရှောင်ချန်းက သုံးကာ သူ၏ဝှက်ဖဲသိုင်းကွက်ဖြစ်သော လက်ဝါးကြီးရှေ့တွင် ပေါ်ပေါက်လာပြီး ဖျက်စီးသွားသည်ကို သူက သိသွားတော့သည်။

ပို၍ အံ့အားသင့်စရာကောင်းသည်မှာ ထိုဝှက်ဖဲသိုင်းကွက်ကြီးကို ဖျက်စီးပြီးသွားသောအခါတွင် ပိုင်ရှောင်ချန်းမှာ အနည်းငယ်မျှ ဒဏ်ရာမရသည့်အပြင် မူးဝေသွားသည့် ပုံစံပင် မပြပေ။

ဟီရတစ် ၏နှလုံးသားမှာ တဒိန်းဒိန်းခုန်နေပြီး တပ်ရင်းအမှတ်သုံးထဲရှိ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများပင်လျှင် ပိုင်ရှောင်ချန်းကို လေးနက်စွာကြည့်နေကြသည်။ စောစောက သူထုတ်သုံးခဲ့သည့် အမြန်နှုန်းကြောင့် သူတို့အားလုံးမှာ ကြက်သေသေနေရသည်။

ထိုသို့အမြန်နှုန်းမျိုးနှင့်ဆို ပိုင်ရှောင်ချန်းသည် ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို လျှပ်တစ်ပြက်အတွင်း ဇီဝိန်ခြွေနိုင်သည့် သိုင်းကွက်မျိုးကိုပင် ထုတ်ဖော်နိုင်သည်။

နတ်ဆရာမှာ သေမင်းခံတွင်းဝမှ လွတ်မြောက်လာသည့်အလား ခံစားမိလိုက်ပြီး သူ၏ရှေ့တွင် ပျံဝဲနေသည့် ပိုင်ရှောင်ချန်းကို စိတ်လှုပ်ရှားစွာ ကြည့်နေတော့သည်။

” ကျွန်တော့်ကိုကယ်ပါဦး ခေါင်းဆောင်လေး။ ဟီရတစ် က ကျွန်တော့်ကိုသတ်ဖို့ လုပ်နေတာဗျ။ “

Comment

Leave a Reply

Options

not work with dark mode
Reset