” နောက်တစ်ဆင့်က ဖောက်ထွက်ဖို့နည်းလမ်းတစ်ခုခု ရှာဖို့ပဲ။ ”
ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူလိုက်ပြီး သက်စောင့်အားများကို စုပ်ယူလိုက်သောအခါ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အနက်ရောင်အလင်းတန်းများဖြင့် တောက်ပလာတော့သည်။
တချိန်ထဲမှာပင် ပြင်းထန်သော အပြင်ခန္ဓာကိုယ်စွမ်းအားတစ်ခုက သူ၏ကိုယ်အတွင်း စီးဆင်းသွားသဖြင့် သူက လက်သီးများကို ဆုပ်လိုက်သောအခါ အက်ကွဲသံများ ပေါ်ထွက်လာသည်။
အံ့အားသင့်ဖွယ် အကောင်းဆုံးမှာ သူ၏ တိုးတက်လာသော အမြန်နှုန်းပင်ဖြစ်သည်။ တဖျတ်ဖျတ် လက်နေသည့် မျက်ဝန်းများဖြင့် သူက လက်ကိုဝှေ့ယမ်းကာ တံခါးပိတ်ကျင့်ကြံရာအခန်း၏ အပေါက်ကိုဖွင့်လိုက်ပြီး အပြင်သို့တစ်လှမ်း လှမ်းလိုက်သည်။
သူ၏ ခြေဖဝါးမှာ မြေပြင်ပေါ်သို့ ကျသွားသောအခါတွင် သူက ကွယ်ပျောက်သွားတော့သည်။ တည်နေရာရွှေ့ပြောင်းခြင်းတစ်ခုနှင့်ပင် ဆင်တူနေသော်လည်း ထိုသို့မဟုတ်ပေ။ အံ့သြဖွယ် အမြန်နှုန်းကြီးကြောင့် သူသည် ချက်ချင်းပင့ အခန်းအပြင်ဘက်သို့ရောက်ကာ အထက်ရှိ လေပေါ်သို့ရောက်သွားသည်။
အမှတ်သုံး တပ်ရင်း၏ မြို့စောင့်တပ် အပေါ်ရှိ လေထုထဲတွင် သူက ပျံဝဲနေစဥ် သူ၏ရှေ့မှ ငှက်တစ်ကောင်ဖြတ်ပျံသွားသည်ကို မြင်လိုက်ရသည်။ ထိုငှက်၏တောင်ပံများမှာ ဖြည်းညင်းစွာ ခတ်ေနပြီး ၎င်း၏မျက်နှာပေါ်တွင် အံ့အားသင့်နေသည့် အမူအရာတစ်ခု ပေါ်လာသည်။ ထို့နောက် သူက ဘေးဘီဝဲယာကိုကြည့်လိုက်သောအခါမှ သူ၏ဘေးနားတစ်ဝိုက်ရှိ အရာအားလုံးမှာ ဖြည်း ညင်းစွာရွေ့လျားနေသည်ကို သူက ရိပ်မိလိုက်တော့သည်။
ထိုခံစားချက်ကြီးမှာ အံ့အားသင့်ဖွယ်ကောင်းလွန်းလှသဖြင့် ယခု သူပိုင်ဆိုင်ထားသည့် အမြန်နှုန်းမှာ တည်နေရာရွှေ့ပြောင်းခြင်းတစ်ခုကဲ့သို့ပင် မြန်ဆန်နေသည်ကို ချက်ချင်း သတိထားမိလိုက်တော့သည်။
” ကိုယ်က မြန်လာတာနဲ့ တခြားအရာ အားလုံးက နှေးသွားရတာလား ”
သူက ရေရွတ်လိုက်သည်။ ယခုအခါ သူသည် ရွေ့လျားနေသည်မဟုတ်ပဲ လေပေါ်ရှိ တစ်နေရာထဲတွင်သာ ရစ်ဝဲနေသဖြင့် အရာရာတိုင်းမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတော့သည်။
ထိုအချိန်တွင် ကျောက်လုံက စုန့်ချွဲနှင့် သူ၏အဖော်နှစ်ယောက်အား မြို့စောင့်တပ်၏ ပင်မဂိတ်ဝကိုဖြတ်၍ ခေါ်ဆောင်လာနေသည်။ ထိုအချိန်တွင် အရပ်မြင့်မြင့်နှင့် ပိန်ပါးပါးလူငယ်တစ်ယောက်က သူတို့၏အထက်ရှိ လေထုထဲတွင် ရစ်ဝဲနေပြီး မိစ္တာနတ်ဘုရားတစ်ပါးအလား ကြောက်မက်ဖွယ်စွမ်းအင်များအား ထုတ်လွှတ်နေသည်ကို သူတို့ မြင်သွားကြသည်။
သူတို့မှာ ထိုနတ်ဘုရားကဲ့သို့ လူငယ်ကို မော့ကြည့်နေကြစဥ် ပိုင်ရှောင်ချန်းကလည်း ငုံ့ကြည့်လိုက်သဖြင့် စုန့်ချွဲကို တွေ့သွားတော့သည်။
ချက်ချင်းပင် သူတို့မှာ အကြည့်ချင်းဆုံသွားကြတော့သည်။
စုန့်ချွဲမှာ မျက်လုံးများပြူးသွားရပြီး ပင့်သက်များရှိုက်ကာ အလျင်အမြန်ပင် အောက်သို့ငုံ့လိုက်တော့သည်။ သူ၏မျက်လုံးများကို မှိတ်လိုက်ပြီး သူက ပိုင်ရှောင်ချန်းကို အနိုင်ယူရန် ဆန္ဒပြင်းပြနေသောကြောင့်သာ ဤသို့သောမြင်ကွင်းကြီးကို မြင်လိုက်ရသည်ဖြစ်ကြောင်း သူ့ကိုယ်သူ ပြန်နှစ်သိမ့်နေတော့သည်။
” အဲဒီလိုပဲဖြစ်မှာပါ။ ငါအမြင်မှားနေတာပဲနေမှာ။ ” သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
သို့သော် သူက ဣန္ဒြေဆည်ရန် ပြင်နေစဥ်မှာပင် ပိုင်ရှောင်ချန်းက အားတက်သရော အော်ခေါ်လိုက်သည်။
” ချွဲအာ ရေ။ ”
ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်ရှားလွန်းလှသဖြင့် အသားများပင် တဆတ်ဆတ်တုန်ရီနေပြီး သူ၏မျက်ဝန်းမှာလည်း မီးတောက်မီးလျှံများအလား စူးရှတောက်ပနေသည်။
စုန့်ချွဲမှာ ချွဲအာဆိုသည့်အသံကို ကြားလိုက်ရသောအခါ အသိစိတ်များပင် ပျောက်သွားရတော့သည်။ အမြင်မှားနေခြင်းဖြစ်သည်ဟု သူ့ကိုယ်သူအားတင်းထားမှုများမှာ အနည်းငယ်ပင်မကျန်တော့သည့်အလား ပျောက်ကွယ်သွားတော့သည်။
သူက မတုန်ရီစေရန် ထိန်းနေသဖြင့် သူ၏ခန္ဓာကိုယ်ကြီးမှာ တောင့်တောင့်ကြီးဖြစ်နေပြီး အသက်မပါသော မျက်နှာထားကြီးဖြင့် မတ်မတ်ကြီးရပ်ကာ မိုးကြိုး အချက်ပေါင်းများစွာ ပစ်ခံလိုက်ရသည့်အလား ခံစားနေရတော့သည်။
ပိုင်ရှောင်ချန်းကမူ အားပါးတရ ရယ်မောကာ မြေကြီးပေါ်သို့ပြန်ဆင်းလာပြီး စုန့်ချွဲနှင့် သူ၏အဖော်နှစ်ယောက်ထံသို့ ပြေးလာတော့သည်။
ထိုအချိန်မှသာ အမှတ်သုံးတပ်ရင်းမှ အခြားကျင့်ကြံသူများက သူတို့၏ စစ်ဦးစီးမှူး မှာ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီဖြစ်ကြောင်းကို သိလိုက်ကြတော့သည်။ ချက်ချင်းပင် သူ၏ ကိုယ်ရံတော်များဖြစ်သော ကျင့်ကြံသူများကအလင်းတန်းများအသွင်ဖြင့် ပျံသန်းလာကြတော့သည်။
သူ့ထံသို့ ပထမဆုံးရောက်ရှိလာကြသူများဖြစ်သည့် ချောမောလှပသော လျှိုလီနှင့် သူ၏ တခြား ကိုယ်ရံတော်များမှာ သူ၏ဘေးတွင်ဝန်းရံကာ တလေးတစားဖြင့် အရိုအသေပြုလိုက်ကြသည်။
” တရားထိုင်ရာကနေ ထွက်လာတာ ဂုဏ်ယူပါတယ်၊ ခေါင်းဆောင်ကြီးခင်ဗျာ ”
ကျောက်လုံက တည်ကြည်သောအမူအရာဖြင့် စုန့်ချွဲထံမှ ခြေလှမ်းအနည်းငယ်မျှ လျှောက်လှမ်းလာပြီး လက်ယှက်ကာ ရိုသေစွာ ဦးညွှတ်လိုက်သည်။
” တရားထိုင်ရာကနေ ထွက်လာတာ ဂုဏ်ယူပါတယ်၊ ခေါင်းဆောင်ကြီးခင်ဗျာ ”
သူ့ကိုယ်ရံတော်များ၏ ချီးကျူးစကားများကြောင့် ကျေနပ်အားရနေသည့် ပိုင်ရှောင်ချန်းမှာ စုန့်ချွဲထံသို့ ပြေးသွားလိုက်သည်။
ထိုစဥ် မြို့စောင့်တပ်ထဲရှိ အခြားကျင့်ကြံသူများမှာ ပိုင်ရှောင်ချန်းသည် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီဖြစ်ကြောင်းကို သိလိုက်ကြသဖြင့် အလင်းတန်းပေါင်းဒါဇင်များစွာမှာ သူရှိရာဘက်သို့ ပျံသန်းလာကြတော့သည်။
အလင်းတန်းဆယ်တန်းထဲမှ အမြုတေမဟာစက်ဝန်းအဆင့်ရှိ အငွေ့အသက်များပေါ်ထွက်နေပြီး မြင့်မားသော အရှိန်အဝါများကိုပါ ထုတ်လွှတ်နေသည်။ ထိုသူများမှာ သူတို့ရောက်သည့်နေရာတိုင်းကို မည်သည့်အချိန်တွင်ပင်ဖြစ်စေ လွှမ်းမိုးချုပ်ကိုင်နိုင်သည့် လူများဖြစ်သည်။
သူတို့မှာ လီဟုန်မင်အပါအဝင် အမှတ်သုံးတပ်ရင်း၏ တပ်မှူးကြီး များဖြစ်ကြသည်။ သူတို့အားလုံးမှာ ပိုင်ရှောင်ချန်းနားသို့ ချဥ်းကပ်လာကြပြီး တရိုတသေ နှုတ်ဆက်လိုက်ကြသည်။
” မင်္ဂလာပါ စစ်ဦးစီးမှူး။ ”
လူများစွာ ထပ်၍ရောက်လာပြီး တရိုတသေနှုတ်ဆက်ကာ ချီးမွမ်းနေကြစဥ်တွင် ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်ရှားမှုများကြောင့် တောက်ပနေသော မျက်ဝန်းများဖြင့် စုန့်ချွဲအရှေ့တွင် ရပ်နေပြီဖြစ်သည်။ ထိုနေရာတစ်ဝိုက်ရှိ လူတိုင်းမှာ သူအလွန်ပျော်နေသည်ကို မြင်တွေ့နိုင်ပေသည်။
” တကယ်ပဲမင်းကိုး ချွဲအာရဲ့။ တကယ်ပဲမင်းကိုး။ ဘာလို့များ ဒီလောက်အခြေအနေဆိုးသွားရတာလဲ ချွဲအာရယ်။ ငါပြောတာက ငါလည်းအဖြစ်ဆိုးတွေနဲ့ ကြုံခဲ့တာပါပဲ။ ဒါပေမဲ့ မင်းကငါ့ထက်ကို ပိုဆိုးနေတာကွ။ ”
” ငါတို့ထွက်လာခဲ့တုံးက မင်းရဲ့အဒေါ်က မင်းကို ငါ့လက်ထဲအပ်ခဲ့တာ။ ဝါရင့်ဂိုဏ်းဝင်တစ်ယောက်အနေနဲ့ မင်းကို စောင့်ရှောက်ရမှာက ငါ့ရဲ့တာဝန်ပဲ။ အရင်တုံးက မင်းကငါ့ကို သနားငဲ့ညှာမှုမရှိပဲ စွန့်ပစ်ခဲ့ပေမဲ့ မင်းရဲ့ဦးလေးဖြစ်တဲ့ငါက မလိုအပ်ပဲ အငြိုးအတေးမထားတတ်ပါဘူးကွ။ ဒီလိုလုပ်ကွာ။ အပြင်တွေထွက်ပြီး တာဝန်ထမ်းဆောင်မနေနဲ့တော့။ ငါနဲ့ပဲတူတူနေ။ ငါကအခု စစ်ဦးစီးမှူး တစ်ယောက်ဖြစ်နေပြီဆိုတော့ မင်းကငါ့ရဲ့ ကိုယ်ရံတော်လုပ်ပေါ့ကွာ။ ”
ပိုင်ရှောင်ချန်းမှာ မိတ်ဆွေဟောင်းတစ်ယောက်နှင့် ပြန်လည်ဆုံတွေ့လိုက်ရသည့်အတွက် အလွန် စိတ်လှုပ်ရှားနေသည်။ အမှန်တကယ်တော့ လမ်းခွဲသွားခဲ့စဥ်က စုန့်ချွဲသည် မာနကြီးသော အမူအရာဖြင့် ပြုမူသွားခဲ့သည့်အတွက် ပို၍ပင် စိတ်လှုပ်ရှားနေသည်။
ထို့အပြင် ပိုင်ရှောင်ချန်းမှာ စစ်ဦးစီးမှူး တစ်ယောက်ဖြစ်ရသည့်အတွက် အလွန်ပျော်ရွှင်နေပါသော်လည်း အဏ္ဏဝါခေါ်သံဂိုဏ်းကို ချက်ချင်းမပြန်နိုင်သေးသဖြင့် သူ၏ ဂုဏ်အရှိန်အဝါကို မျှဝေခံစားပေးမည့် မိတ်ဆွေဟောင်းများ မဲ့နေရသည်။ ထို့ကြောင့် သူက ယခုတွင် ပေါက်ကွဲလုမတတ် စိတ်လှုပ်ရှားနေရသည်။ ထိုခံစားချက်ကြီးမှာ ကမ္ဘာပေါ်ရှိ အခြားမည်သည့်ခံစားချက်နှင့်မျှ နှိုင်းယှဥ်၍မရနိုင်ပေ။
စုန့်ချွဲ၏အဖော်နှစ်ယောက်မှာလည်း ပိုင်ရှောင်ချန်းကိုကြည့်ကာ အံ့အားသင့်နေကြသည်။ သူဝတ်စားထားသည့် အဆင်အယင်မှာ ရိုးရှင်းလှပါသော်လည်း သူသည် အံ့သြဖွယ်ကောင်းနေဆဲပင်။ သူသည် မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည့် ကြယ်ကလေးများ ဝန်းရံနေသည့် လမင်းကြီးတစ်လုံးနှင့် တူနေတော့သည်။ သူ့တွင် မွေးရာပါ သာလွန်နေသည့်အချက်တစ်ချက်လည်း ရှိသေးသည်။ သူသည် ယင်ယန်ဝိညာဥ်အဆင့်သို့ မရောက်သေးသော်လည်း ထိုအဆင့်ထက်ပင် ပို၍ကြောက်မက်ဖွယ်ကောင်းနေသည်။
ထို့နောက် လူတိုင်းက သူ့ကို စစ်ဦးစီးမှူး ဟု ခေါ်နေကြသဖြင့် သူတို့၏ရှေ့တည့်တည့်တွင် ရပ်နေသည့်လူမှာ အမှတ်သုံးတပ်ရင်း၏ စစ်ဦးစီးမှူး ဖြစ်ကြောင်းကို သိလိုက်ရသောအခါ သူတို့၏ အတွေးများမှာ ဂယောင်ခြောက်ခြားဖြစ်ကုန်ကြတော့သည်။ ရှုပ်ထွေးပွေလှီကာ ဖော်ပြ၍မရနိုင်လောက်သော ခံစားချက်ပေါင်းစုံမှာ သူတို့ကို ဝါးမျိုသွားတော့သည်။
ထို့အပြင် သူတို့က ပိုင်ရှောင်ချန်းဖြစ်ကြောင်းကိုလည်း ချက်ချင်း သိသွားကြသည်။ သူတို့အားလုံးမှာ ရှင်းကုန်ကျစ်တာအိုဂိုဏ်း၏ ထိပ်တန်းကြယ်ပွင့် များထဲမှ လက်ရွေးစင်များ ဖြစ်ကြ၍ ပိုင်ရှောင်ချန်းမှာလည်း သူတို့နည်းတူဖြစ်နေသည် မဟုတ်ပါလော။ သူတို့၏ မျက်လုံးရှေ့တွင် မြင်နေရသည့်မြင်ကွင်းကြီးကို ကြည့်ကာ လုံးဝမယုံကြည်နိုင်လောက်အောင် ဖြစ်နေကြပြီး မှင်တက်နေရုံမှတပါး အခြားမတက်နိုင်ချေ။ ထို့အပြင် စုန့်ချွဲ၏ နောက်ခံမှာ အလွန်အံ့အားသင့်ဖွယ်ကောင်းကြောင်းကိုလည်း ပထမဆုံးအကြိမ်အဖြစ် သိလိုက်ရ၍ သူတို့မှာ ပို၍ တုန်လှုပ်နေရတော့သည်။ သူ၏ဦးလေးမှာ စစ်ဦးစီးမှူး တစ်ယောက်ဖြစ်နေသည် မဟုတ်ပါလော။
သူတို့မှာ တုန်တုန်ရီရီဖြင့် ချက်ချင်းပင် အလိုအလျောက် ဦးညွှတ်လိုက်ပြီး လက်များယှက်ကာ နှုတ်ဆက်လိုက်ကြတော့သည်။
” မင်္ဂလာပါ စစ်ဦးစီးမှူး ။ မင်္ဂလာပါ။ ”
စုန့်ချွဲ၏ မျက်ဝန်းမှာ အသက်မဲ့နေတော့သည်။ အဖြစ်အပျက်များက မြန်ဆန်လွန်းနေသဖြင့် သူက ဤသို့သော အပြောင်းအလဲများကြောင့် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရသည်။ မကြာသေးမီကပင် သူသည် သူ့ကိုယ်သူအလွန်အံ့သြဖွယ်ကောင်းနေသည့်အလား မှတ်ယူထားပြီး ပိုင်ရှောင်ချန်းကို အနိုင်ကျင့်နိုင်မည့် နည်းလမ်းများကို တွေးတောကာ ကျေနပ်နေခဲ့သည်။ သို့သော် ယခုတွင်မူ ပိုင်ရှောင်ချန်းမှာ စစ်ဦးစီးမှူး တစ်ယောက်အဖြစ် သူ၏ရှေ့တွင် ရပ်နေပြီဖြစ်သည်။
စုန့်ချွဲက ဖြူဆုတ်နေသည့် မျက်နှာဖြင့် အထစ်ထစ် အငေါ့ငေါ့ မေးလိုက်သည်။
” ပိုင်ရှောင်ချန်း…ဒါဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ မင်း…မင်းက တကယ်ပဲ စစ်ဦးစီးမှူး ဖြစ်သွားတာလား။ ”
ထိုအချင်းအရာမှာ မှန်ကန်ကြောင်းကို သူက မယုံကြည်နိုင်သေးပေ။ သူ၏ ဘဝကြီးမှာ ဟာသပြဇာတ်တစ်ပုဒ် ကနေသည့် ဇာတ်ခုံကြီးတစ်ခုအလား ခံစားနေရတော့သည်။
သို့သော် သူ၏ ပါးစပ်မှ ထိုစကားသံများ ထွက်လာသောအခါ ပိုင်ရှောင်ချန်း၏ ကိုယ်ရံတော်များမှာ မျက်မှောင်ကြုတ်သွားကြပြီး မကျေနပ်ကြတော့ပေ။ လျှိုလီပင်လျှင် အေးစက်စက် ချောင်းဟန့်လိုက်လေသည်။ သူတို့မှာ နာမည်ကြီးအရာရှိတစ်ယောက်၏ လက်အောက်တွင် အမှုထမ်းနေကြသည့် သူရသတ္တိပြည့်စုံကြသော တပ်သားများဖြစ်သဖြင့် သူတို့၏ သတ်ဖြတ်လိုသော အခိုးအငွေ့များမှာ ချက်ချင်းပင် ထွက်ပေါ်လာပြီး စုန့်ချွဲနှင့် သူ၏ အဖော်များပေါ်သို့ ကျရောက်သွားတော့သည်။
” မင်းမလို့ စစ်ဦးစီးမှူး ရဲ့ နာမည်အရင်းကိုသုံးရဲတယ်။ ” ကျောက်လုံက အော်ဟစ်လိုက်သည်။
“ စစ်ဦးစီးမှူးရဲ့ နာမည်ကို မင်းခေါ်ချင်တိုင်း ခေါ်ခွင့်မရှိဘူးကွ။ “
သူက စုန့်ချွဲ၏ အစွမ်းအစကိုသဘောကျပါသော်လည် သူ၏ အရာရှိကို ဤသို့မေးခွန်းပြန်ထုတ်သည့် ပုံစံကြောင့် ချက်ချင်းပင် ဒေါသထွက်သွားရသည်။
လီဟုန်မင်နှင့်အခြားတပ်မှူးကြီးများမှာလည်း မကျေမနပ် မျက်မှောင်ကြုတ်နေကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ပေါ်ထွက်လာကြတော့သည်။ မြို့စောင့်တပ်တစ်ခုလုံးမှာ မာန်ဖီနေသည့် သားရဲကြီးတစ်ကောင်ကဲ့သို့ဖြစ်လာပြီး လူသစ်သုံးယောက်ကို ဝါးမျိုတော့မည့်အလား စိုက်ကြည့်နေကြသည်။
သူတို့ကို စိုက်ကြည့်နေသည့် အကြည့်ပေါင်းများစွာကြောင့် စုန့်ချွဲနှင့် သူ့အဖော်နှစ်ယောက်တို့၏နှလုံးသားများမှာ ပေါက်ထွက်လုမတတ် အခုန်မြန်လာကြတော့သည်။ မိန်းမပျိုမှာ ချက်ချင်းပင် မြေကြီးပေါ်သို့ ဝပ်ကာ ဒူးထောက်လိုက်ပြီး သူ၏နောက်ရှိ သက်လတ်ပိုင်းအရွယ်လူကြီးမှာလည်း ထိုနည်းတူလိုက်လုပ်လိုက်တော့သည်။ သူတို့၏ပတ်ပတ်လည်ရှိ သတ်ဖြတ်လိုသော အခိုးအငွေ့များအရ ထိုသို့သာမလုပ်လိုက်ပါက ချက်ချင်းပင် ဇီဝိန်ခြွေခံလိုက်ရမည်ကို သိသည်။
စုန့်ချွဲမှာလည်း တုန်ရီနေပြီး မျက်နှာမှာ ဖြူဆုတ်နေတော့သည်။ အခြားနှစ်ယောက်နည်းတူ ထိုသတ်ဖြတ်လိုသော အခိုးအငွေ့များကို ခံစားမိသော်လည်း သူက မကြောက်ရွံ့ပေ။ သူက ပိုင်ရှောင်ချန်းကို စိုက်ကြည့်ကာ သူ၏ခေါင်းထဲရှိ အခြားအတွေးများအားလုံးကို ပူဆွေးသောကများနှင့် မခံမရပ်နိုင်မှုများက ဖုံးလွှမ်းသွားတော့သည်။ သူ၏ စိတ်ပျက်မှုများကလည်း တစ်ကိုယ်လုံးကို ဒီရေများအလား လွှမ်းမိုးသွားလေသည်။
” မဖြစ်နိုင်ဘူး။ ဘယ်လိုမှ မဖြစ်နိုင်ဘူး “