ဝိညာဥ်စက်လုံး တစ်ထောင် ပျံထွက်လာသည့် မြင်ကွင်းသည် နေရာအနှံ့တွင် ပါးစပ်အဟောင်းသားဖြစ်သွားစေတော့သည်။ ကျီဖုန်းမှာ အလွန်အံ့သြတုန်လှုပ်သွားရာ မြင်နေရသည်အား ယုံနိုင်ရန်ပင် မသေချာတော့ပေ။ စေတီကြီးပတ်ပတ်လည်ရှိ ပတ်ဝန်းကျင်မှာ သုဿန်တစပြင်ပမာ တိတ်ဆိတ်သွားတော့သည်။
စေတီကြီးပေါ်တွင် ပျံသန်းနေဆဲ ကျင့်ကြံသူများမှာမူ အနားရောက်လာပြီး ဝိညာဥ်စက်လုံး တစ်ထောင်ကို မြင်သောအခါ မျက်လုံးများ ပြူးကျယ်သွားတော့သည်။
” တစ်… တစ်ထောင် ”
” ဘုရားရေ။ တကယ်ကြီးအမုန်းဝိညာဥ် ဆယ်သန်းရှိတယ်လို့ မပြောစမ်းပါနဲ့။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”
” အဲဒီ ဝိညာဥ်စက်လုံးတစ်လုံးစီမှာ ဝိညာဥ်တစ်သောင်း ဘယ်လိုမှ မရှိနိုင်ဘူး။ ဟုတ်တယ်မလား ”
လူတိုင်းမှာ အံ့သြတုန်လှုပ်မှုများဖြင့် ချာချာလည်နေပြီး ကျီဖုန်းမှာ ပြင်းထန်သော မအီမသာခံစားချက်ကို တွန်းလှန်နေရလေသည်။ ဝိညာဥ်စက်လုံး တစ်ထောင်ရှိ တစ်လုံးစီ၏ အတွင်းမှာ ဝိညာဥ်မည်မျှရှိကြောင်း အသေအချာပြောရန် မဖြစ်နိုင်သော်လည်း သူသည် စိတ်မလှုပ်ရှားပဲ မနေနိုင်တော့ပေ။ ပါးစပ်ဟ၍ တစ်ခုခုပြောရန် ပြင်လိုက်စဥ်မှာပင် လုံလောက်စွာ ကြွားဝါပြီးပြီဟု ခံစားနေရဟန်မတူသော ပိုင်ရှောင်ချန်းသည် နှုတ်ခမ်းသပ်ပြီးပြော၏။
“ မင်းရဲ့ ဝိညာဥ် နှစ်သန်းကို နင်းခြေပစ်ဖို့ ဝိညာဥ်စက်လုံးတစ်ထောင်လောက်သုံးရတာ နည်းနည်းတော့ ပျင်းဖို့ကောင်းတယ်။ ဒါကို ထပ်ကြည့်လိုက် ”
ယခုကဲ့သို့ လုံးဝကြွားလုံးထုတ်ရသော အခြေအနေမျိုးနှင့် ကြုံရသော အချိန်တိုင်း သူ အလွန်အမင်းစိတ်လှုပ်ရှားလာရသည်။ သူက ကျယ်လောင်စွာ ချောင်းဟန့်လိုက်ပြီး သူ၏လက်ကို စက်ဝိုင်းပုံသဏ္ဍာန်ဝှေ့ယမ်းလိုက်ရာ နောက်ထပ် ဝိညာဥ်စက်လုံးတစ်ထောင် ပျံထွက်လာ၏။ သို့သော်လည်း ဤမျှနှင့် မပြီးသေး….
နောက်ထပ် တစ်ထောင် ထွက်လာ၏။ ထို့နောက် နောက်ထပ်.. နောက်ထပ်….
မျက်စိတစ်မှိတ်အတွင်းမှာပင် ဝေဟင်ပြင်ဝယ် စုစုပေါင်း ဝိညာဥ်စက်လုံး တစ်သောင်း ပျံဝဲနေလေသည်။
လူတိုင်းမှာ ခေါင်းများချာချာလည်နေသည့်အလား ခံစားလိုက်ရကာ အံသြတုန်လှုပ်မှုများဖြင့် ပင့်သက်ရှိုက်လိုက်ကြတော့သည်။ သူတို့စိုက်ကြည့်နေကြစဥ် ဝိညာဥ်မည်မျှ ရှိနိုင်သည်ကို စိတ်ဖြင့် တွက်ကြည့်လိုက်ပြီးနောက် မယုံကြည်နိုင်မှုများမှာ ယခင်ထက်ပို၍ ပြည့်နှက်လာတော့သည်။ အမှန်တွင် အများစုမှာ သူတို့၏ ကိုယ်ပိုင်တွက်ချက်မှုများ မှန်သည်ဟု မယုံနိုင်ကြတော့ချေ။
” မဖြစ်နိုင်တာ ”
” တစ်သောင်း..။ အင်း.. သဘောတရားအရ ဖြစ်နိုင်တယ်။ ဝိညာဥ်စက်လုံးတစ်လုံးစီထဲမှာ ဝိညာဥ်နည်းနည်းလေး ရှိနိုင်တာပဲ ”
လူတိုင်းမှာ မသေချာမရေရာမှုများဖြင့် စိတ်လှုပ်ရှားကာ စောင့်နေကြချိန်တွင် ကျီဖုန်းမှာ ပါးစပ်ကို ပိတ်မထားနိုင်တော့ချေ။
” မင်း မလှိမ့်တပတ်လုပ်လို့ရမယ် ထင်နေလား ပိုင်ရှောင်ချန်း ”
သူက အော်ကြီးဟစ်ကျယ် ပြောလိုက်သည်။
” အဲဒီ ဝိညာဥ်စက်လုံးတစ်လုံးစီထဲမှာ ဝိညာဥ်တစ်သောင်း ပိတ်လှောင်ထားတယ်ဆိုတာ ငါ ဘယ်လိုမှ မယုံဘူး။ ဟာသပဲ။ ဝိညာဥ်တစ်သောင်းစီနဲ့ ဝိညာဥ်စက်လုံးတစ်သောင်းတဲ့လား။ မင်းလိုကောင်က ဝိညာဥ် သန်းတစ်ရာကျော် စုဆောင်းနိုင်မယ်လို့ တကယ်ထင်နေတာလား ”
ကျီဖုန်း၏ မျက်လုံးမည်မျှ ရဲရဲနီနေသည်ဆိုလျှင် ပိုင်ရှောင်ချန်းမှာ ဝိညာဥ် သန်းတစ်ရာရှိကြောင်း မယုံနိုင်မှန်း လုံးဝသိသာနေသည်။
ထိုမျှများပြားသော ဝိညာဥ်ပမာဏမှာ တိုက်ပွဲကြီးကြီးမားမားများတွင်သာ မြင်ရမည်မဟုတ်ပါလော။ ထိုမျှသာမက သူတို့အားလုံးကို တစ်ခါတည်း လွှတ်ပေးလိုက်လျှင် မိုးကောင်းကင်တစ်ခုလုံးကို လုံးဝဖုံးလွှမ်းသွားလိမ့်မည်သာမက မြေပြင်များကိုလည်း ပြင်းထန်စွာ လှုပ်ခါသွားစေလိမ့်မည်။
” မယုံဘူးလား။ ကဲ တစ်ချက်ကြည့်လိုက်ပေါ့ကွာ ”
မေးကို အတန်ငယ်မော့လိုက်ရင်း ပိုင်ရှောင်ချန်းက ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီးနောက် ဝိညာဥ်စက်လုံးများထံ သူ၏လက်ကို ဝှေ့ယမ်းလိုက်လေသည်။
” ပွင့်စမ်း ”
ဝုန်းးးးး
ဝိညာဥ်စက်လုံးတစ်သောင်း ပေါက်ကွဲသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဝိညာဥ်များ ရုတ်ခြည်း တဝေါဝေါထွက်လာကာ မီတာ သုံးသောင်းနေရာတစ်ပြင်လုံး ပြည့်သွားပြီးနောက် လျင်မြန်စွာပင် မီတာ သုံးသိန်းအကျယ်အဝန်းကြီးတစ်ခုလုံးပြည့်သွားတော့သည်။
သို့သော် ဤမျှနှင့် မပြီးချေ။ အသက်တစ် ချက်ရှူချိန်လေးမှာပင် ထိုပမဏကြီးသည် မီတာ သုံးသန်းထိ နယ်ပယ်ချဲ့ထွင်သွားတော့သည်။
အမှန်တော့ ပိုင်ရှောင်ချန်းက ရည်ရွယ်ချက်ရှိရှိ လုပ်နေခြင်းဖြစ်သည်။ သူသာ စိတ်ရှိခဲ့လျှင် ဤသို့ ခမ်းနားကြီးကျယ်သော ပြကွက်ကြီးကို မပြပဲနေနိုင်လေသည်။ သို့သော် ယခုတွင် သူ့ပတ်လည်ရှိ မီတာ သုံးသန်းနေရာကြီးသည် အမုန်းဝိညာဥ်များဖြင့် ပြည့်နေလေပြီ။ ထိုနေရာကြီးသည် မဟာတံတိုင်းမြို့တော်၏နယ်နိမိတ်ထက်ပင် ကျော်လွန်နေ၍ မြို့တော် တစ်ခုလုံးမှာ အမှောင်ထု ကြီးစိုးသွားတော့သည်။ ကောင်းကင်တုန်ခါ၍ မြေပြင်တို့ တုန်လှုပ်သွားရာ မြို့တော်ရှိ စစ်တပ်ငါးဖွဲ့၏ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် တအံ့တသြ အပေါ်သို့ မော့ကြည့်လိုက်ကြ၏။
” မြေရိုင်းသားတွေ လာတိုက်နေတာလား”
” မန္တန်အစီအရင်ကြီး ပျက်စီးသွားတာလား ”
” ဘာ….ဘာတွေ ဖြစ်နေတာတုံး ”
အံသြရေရွတ်သံပေါင်းများစွာ ပွက်လာရိုက်သွားစဥ် စေတီကြီးအနီးရှိ ကျင့်ကြံသူများမှာ အသိစိတ်ကင်းမဲ့သွားသည့်အလား ဆွံ့အ တုန်ရီနေကြလေသည်။
စစ်တပ်ငါးဖွဲ့၏ စစ်သေနာပတိချုပ်များပင် တုန်လှုပ်သွားကြ၏။ ပိုင်လင်းက ထွက်လာပြီး ကောင်းကင်ကို တအံ့တသြမော့ကြည့်လိုက်သည်။ အခြားစစ်သေနာပတိချုပ်များသည်လည်း ပိုင်လင်းနည်းတူ ပြုမူလိုက်ကြ၏။
“အဲဒါ.. ဝိညာဥ်….ဘ…ဘယ်လောက်တောင်တုံး ”
စေတီကြီးထံ အလင်းတန်းပေါင်းများစွာ လေကိုခွင်း၍ ပျံသန်းလာကြပြီး စစ်တပ်ငါးဖွဲ့၏ ကျင့်ကြံသူများအားလုံးနီးပါး ဖြစ်ပျက်နေသည်များကို ကြည့်ရန် တစ်ယောက်နှင့် တစ်ယောက် တွန်းလိုက် တိုက်လိုက် ဖြစ်နေကြလေသည်။
ပွက်လောက်ရိုက်နေမှုများကြောင် ချိန်ဟဲ့ထျန်ပင် စေတီကြီးထဲမှ ထွက်လာကာ မယုံကြည်နိုင်မှုများဖြင့် လှည့်ပတ်ကြည့်လိုက်လေသည်။ ထိုအချိန်တွင် စေတီကြီးထိပ်ရှိ ဧရာမမျက်လုံးကြီးက စိတ်လှုပ်ရှားပုံရသည့် တစ်ခါမှမကြုံဖူးသော အလင်းများဖြင့် တောက်ပလာလေသည်။ မျက်လုံးမှာ ဝိညာဥ်ရှိနေပြီး ထိုဝိညာဥ်မှာ ပျော်ရွှင်မြူးထူးနေသည့်အလား ဖြစ်နေတော့သည်။
ဆွဲအားကြီးတစ်ခု ပျံ့နှံ့လာကာ လေပြင်းများ တဝေါဝေါတိုက်ခတ်လာပြီး ရေဝဲကြီးတစ်ခု ဖြစ်ပေါ်လာ၏။ မကြာမီ ကြောက်လန့်ဖွယ်ဝိညာဥ်ပင်လယ်ကြီး စုပ်ယူခံလိုက်ရသဖြင့် ဝိညာဥ်များ တဖြည်းဖြည်းနည်းပါးလာသည်။ ထိုဖြစ်စဥ်မှာ တစ်နာရီတိတိကြာလေ၏။
ပိုင်ရှောင်ချန်းအပေါ် အလင်းများသက်ရောက်လာသဖြင့် သူက မယုံကြည်နိုင်ဖွယ် အဆင့်အထိ ကျေနပ်သွားလေသည်။ ထို့ပြင် သူ၏ တိုက်ပွဲစွမ်းဆောင်မှုရမှတ် များလည်း တဟုန်ထိုးမြင့်တက်လာ၏။
ဝိညာဥ်ပင်လယ်ကြီး တဖြည်းဖြည်း ပျောက်ကွယ်လာစဥ် ပိုင်ရှောင်ချန်းက မေးကိုမော့၍ ငြိမ်သက်အေးဆေးသော အမူအရာဖြင့် လေထဲတွင် ရပ်နေသော်လည်း သူ့နှလုံးသားမှာ စိတ်လှုပ်ရှားမှုများဖြင့် ဒုန်းစိုင်းနေတော့သည်။ အမှန်တွင် သူ၏တည်ငြိမ်အေးချမ်းမှုကို ထိန်းထားရန် လိုကြောင်း သူ့ကိုယ်သူ ထပ်ကာထပ်ကာ သတိပေးနေရချေ၏။
ထိုနေရာရှိ ကျင့်ကြံသူများမှာ အံသြတုန်လှုပ်နေကြပြီး ပိုင်ရှောင်ချန်းကို နတ်ဘုရားတစ်ပါးအလား သဘာဝလွန်လူသားတစ်ယောက်ပမာ ကြည်ရှုနေကြတော့သည်။
ကျီဖုန်းသည် ပိုင်ရှောင်ချန်းက သူ့ပါးများကို တဖြန်းဖြန်း ရိုက်ချနေသည့်အလား ပြင်းထန်စွာ တုန်ရီနေလေသည်။ သူ့ အသိစိတ်ကင်းမဲ့သွားပြီး သူ၏ ကမ္ဘာကြီးတစ်ခုလုံးက ရုတ်တရက် ဇောက်ထိုးမိုးမျှော်ဖြစ်သွားဟန်တူလေသည်။ သိသာထင်ရှားစွာပင် ဤအရာသည် သူ့ဘဝတစ်လျှောက်လုံးတွင် ဘယ်တော့မှ မေ့နိုင်မည်မဟုတ်သော ဖြစ်ရပ်တစ်ခု ဖြစ်တော့သည်။
လူတိုင်းက ကျီဖုန်းကို သနားကရုဏာသက်သော အမူအရာများဖြင့် လှမ်းကြည့်လိုက်ကြသည်။ စောစောက သူ့ကို ပေးလိုက်သည့် ထိုးနှက်ချက်က ရက်စက်လွန်းလှသည်။ သူ၏ ပြိုင်ဘက်က သူ၏ မဆိုစလောက်ဝိညာဥ် နှစ်သန်းကို ဝိညာဥ်သန်းတစ်ရာဖြင့် နင်းချေပစ်လိုက်သည် မဟုတ်ပါလော။
ပိုင်လင်းနှင့် အခြား စစ်သေနာပတိချုပ်များပင်လျှင် သူ့ကို ကရုဏာသက်စွာ လှမ်းကြည့်လိုက်ကြ၏။ မျက်လုံးသုံးလုံး ချိန်ဟဲ့ထျန်လည်း ထိုနည်းတူပင်။ အလွန်တရာဂုဏ်ယူရသော ထိုအခိုက်အတန့်တွင် ပိုင်ရှောင်ချန်းက ကျယ်လောင်စွာ လည်ချောင်းကိုရှင်း၍ ပြောလိုက်သည်။
” အားလုံး နဲနဲလောက် နောက်ဆုတ်ပေးပါ။ နောက်တစ်ဖွဲ့က အခုထက်တောင် ပိုများပါသေးတယ် ”
မည်သူမျှ မတုံပြန်နိုင်ခင်မှာပင် စေတီကြီးထိပ်ရှိ ဧရာမမျက်လုံးကြီးသည် ပိုင်ရှောင်ချန်း၏အလိုကို ဖြည့်ပေးသည့်အလား မျက်စိကျိန်းစေသည့် အလင်းတန်းများ ထုတ်လွှတ်လိုက်ကာ မယုံကြည်နိုင်ဖွယ် ဖိအားတစ်ခုကို ဖန်တီး၍ ဝန်းရံနေသော ကျင့်ကြံသူများအားလုံးကို တွန်းထုတ်လိုက်လေသည်။
ပိုင်လင်းနှင့် အခြားစစ်သေနာပတိချုပ်များပင် မလွတ်ပေ။ များမကြာမီ အဖြစ်အပျက်များကို မျက်လုံးပြူးကြီးဖြင့် စိုက်ကြည့်နေသော ချိန်ဟဲ့ထျန်တစ်ယောက်သာ ရပ်ကျန်ခဲ့လေသည်။ မျက်လုံးကြီးအတွင်းရှိ သန့်ရှင်းသောဝိညာဥ်က ဤသို့သောအရာမျိုးကို လုပ်နိုင်ကြောင်း သူ တစ်ခါမှ မမြင်ခဲ့ဖူးပေ။ ၄င်းက ပိုင်ရှောင်ချန်း၏ အမိန့်များကို လိုက်နာနေသည့်အလားပင်။
သူ့နဖူးထက်တွင် ချွေးသီးချွေးပေါက်များ စို့လာပြီး ရေရွတ်မိလိုက်လေသည်။
” ဒါက…ဒါက… ”
ထိုစဥ် ပိုင်ရှောင်ချန်းက သူ့အိတ်ကိုရိုက်လိုက်သဖြင့် ဝိညာဥ်စက်လုံးအမြောက်အမြားထွက်လာေလသည်။ တစ်ထောင်၊ သုံးထောင်၊ ငါးထောင်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် ဝိညာဥ်စက်လုံးတစ်သောင်း ထွက်လာခဲ့လေပြီ။
ပင့်သက်ရှိုက်သံများ ထွက်လာချိန်တွင် ပိုမိုများပြားသောဝိညာဥ်စက်လုံးများ ပျံထွက်လာပြန်သည်။ တစ်သောင်းခွဲ၊ နှစ်သောင်း၊ သုံးသောင်း၊ လေးသောင်း။
တစ်မြို့လုံးရှိ ကျင့်ကြံသူတစ်ဦးချင်းစီသည် အဆုံးစွန်ထိ အံ့သြတုန်လှုပ်သွားကြတော့သည်။ နောက်ဆုံး၌ ဝိညာဥ်စက်လုံးအရေအတွက် ခြောက်သောင်း ရောက်သွားသောအခါ လူတိုင်းမှာ မိုးခြိမ်းသံလား ဆူဆူညံညံအသံများဖြင့် ပေါက်ကွဲထွက်ကုန်တော့သည်။
“မဖြစ်နိုင်တာ”
” ဒီလူ ပိုင်ရှောင်ချန်းက မြေအောက်ကမ္ဘာမြစ် ဒါမှမဟုတ် တစ်ခုခုထဲကနေ ဖောက်ထွင်းလာတာများလား”
” ဝိညာဥ်တွေ တစ်ပုံကြီးပဲ….. ဘုရားဘုရား ။ တကယ်ကြီး.. ဝိ..ဝိညာဥ်တွေလား”
“ကြားတောင်မကြားဖူးဘူး။ ဒါမျိုး ကြားတောင်မကြားဖူးဘူးဟေ့ ”
ပိုင်လင်းနှင့် အခြားသော စစ်သေနာပတိချုပ်များမှာ ဆွံအသွားပြီး ချိန်ဟဲ့ထျန်မှာ အံ့အားသင့်သွားပြီး စကားပင် မပြောနိုင်တော့ပေ။
သို့သော် အားလုံးအထဲ ဝမ်းအသာဆုံးမှာ မျက်လုံးကြီးပင်။ ၄င်းက လုံးဝ စိတ်လှုပ်ရှားနေပုံရပြီး ပျော်ရွှင်ဝမ်းမြောက်မှုများဖြင့် တုန်ရီနေတော့သည်။
မကြာမီ ဝိညာဥ်စက်လုံး ရှစ်သောင်းကျော်ကို မြင်လာရပြီးနောက် မျက်လုံးကြီး၏ စိတ်လှုပ်ရှားမှုများသည် မဟာတံတိုင်း၏ မန္တန်အစီအရင်ကို သက်ရောက်လာတော့သည်။ မန္တန်အစီအရင်အကာအကွယ်သည် လှိုင်းဂယက်များထရင်းတွန့်လိမ်ရှုံ့တွနေရာ ဝိုင်းကြည့်နေကြသူများ၏ နှလုံးများတွင် တုန်လှုပ်ခြင်း အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။
အပြင်ဘက် မြေရိုင်းဒေသတွင် လူအများမှာ မန္တန်အစီအရင်ပေါ်တွင် တွန့်လိမ်ရှုံ့တွနေမှုများကို မြင်ကြရပြီး မည်သို့ဖြစ်ပျက်နေလဲဆိုသည်ကို မသိသော်လည်း အလွန်အရေးကြီးသော တစ်စုံတစ်ခုဖြစ်ပွားနေကြောင်း သိလိုက်လေသည်။ နောက်ဆုံး၌ သခင်မလေးဟုန်ချိန်သည် သိချင်စိတ်ပြင်းပြစွာဖြင့် မဟာတံတိုင်းထံ နတ်ဘုရားစွမ်းရည်တချို့ထုတ်လွှတ်၍ မည်သည့်အရာများဖြစ်ပျက်နေသည်ကို လှမ်းကြည့်လိုက်လေသည်။
ထိုအချိန်သည် အပြင်ဘက်သို့ ဝိညာဥ်စက်လုံး ကိုးသောင်း ထွက်လာသည့် အချိန်ဖြစ်သည်။ ထို့နောက် မျက်လုံးကြီးက သွေးရူးသွေးတန်း ဝမ်းမြောက်ပျော်ရွှင်မှုများဖြင့် အော်သံတစ်ခုထုတ်လွှတ်လိုက်ရာ ကောင်းကင်နှင့် မြေကြီးရှိ အရာအားလုံး တုန်ခါသွားလေတော့သည်။
၄င်း၏ အသံက သခင်မလေးဟုန်ချိန်၏ နတ်ဘုရားအာရုံကို ချက်ချင်းပင် ကွဲကြေသွားစေလေသည်။ မြေရိုင်းဒေသရှိ သူမ၏ ရွက်ဖျင်တဲထဲတွင် မျက်လုံးများ ဖျတ်ခနဲပွင့်သွားပြီး သူမကသွေးတစ်ပွက်အန်လိုက်လေသည်။
” မဖြစ်နိုင်ဘူး ”
သူမက အံအားသင့်စွာ ပြောလိုက်သည်။
” ကောင်းကင်ဧကရာဇ်နဲ့ သဘောတူညီချက်ကို စဥ်းစားကြည့်ရင် အဲဒီမျက်လုံးကြီးထဲက သန့်ရှင်းသောဝိညာဥ်က ဘာကြောင့် မဟာတံတိုင်းကို ကာကွယ်ချင်နေတာလဲ နားလည်ပေးလို့ရတယ်။ ဒါပေမယ့် ငါ့ကို ဒဏ်ရာရစေပြီး နှင်ထုတ်ဖို့လေးနဲ့ ဘာလို့ သန့်ရှင်းဝိညာဥ်အသံလှိုင်းကို သုံးလိုက်ရတာတုန်း “