Switch Mode

အခန်း ( ၅၂၁ )

အမုန်းဝိညာဥ်များ လဲလှယ်ခြင်း

စစ်ဦးစီးမှူး တစ်ယောက်ဖြစ်လာလျှင် အလွန် အံ့သြဖွယ်ကောင်းကာ ဂုဏ်ကျက်သရေနှင့် တင့်တယ်နေမည်ဖြစ်ကြောင်းကို တွေးမိလိုက်သောအခါ သူ၏ စိတ်လှုပ်ရှားမှုများမှာ ကြီးထွားလာရတော့သည်။ ထို့ကြောင့် သူက ဋ္ဌာနချုပ်ထဲသို့ သွားလိုက်သောအခါတွင် ကျောက်လုံနှင့်အခြားလူများက တရိုတသေ လက်ယှက်ကာ နှုတ်ဆက်ကြလေသည်။

သူက လက်ကို ခမ်းနားထည်ဝါစွာ ဝှေ့ယမ်းကာ သူရဲကောင်းဆန်ဆန် လေသံဖမ်းလိုက်ပြီး ဆိုလိုက်သည်။
” လာကြ ညီအစ်ကိုတို့။ ငါ စစ်ဦးစီးမှူး တစ်ယောက်အဖြစ် ရာထူးတိုးတာကို ကြည့်ဖို့ ငါနဲ့အတူ စေတီတော်ဆီကို လိုက်ခဲ့ကြ။ ”

ထိုစကားကြောင့် ကျောက်လုံမှာ မျက်လုံးပြူးသွားသော်လည်း ချက်ချင်းပင် သတင်းများပို့လိုက်ပြီး လူတိုင်းကို ဆင့်ခေါ်လိုက်သည်။ မကြာမီတွင် ပိုင်ရှောင်ချန်း၏ တပ်ရင်းမှ အဖွဲ့ဝင် တစ်သောင်းစလုံးမှာ ထိုကိစ္စကိုသိသွားကြပြီး ပြေးလာကြတော့သည်။

” ညီအစ်ကိုတို့ ” သူက ကျယ်လောင်စွာဖြင့်
” ငါ စစ်ဦးစီးမှူး ဖြစ်တာနဲ့ ငါတို့ဆီမှာ စားစရာ အသားတွေ၊ သောက်စရာ ဝိညာဥ်အရက်တွေ ပိုပေါကြွယ်ဝလာတော့မှာကွ။ ”
ထို့နောက် သူက စေတီတော်ကြီးဆီသို့ ဦးတည်ကာ ပျံသန်းသွားတော့သည်။

တပ်ရင်းထဲရှိ ကျင့်ကြံသူအားလုံးမှာ အလွန်စိတ်လှုပ်ရှားနေကြပြီး တစ်ယောက်တစ်လေမှ ပိုင်ရှောင်ချန်း၏ စကားများကို မေးခွန်းပြန်မထုတ်ကြချေ။ သူ စစ်ဦးစီးမှူး တစ်ယောက်အဖြစ် ရာထူးတိုးတော့မည်ဟု ဆိုထားသည်ဖြစ်၍ သေချာပေါက် တိုးမည်ဖြစ်ကြောင်းကို သူတို့က ယုံကြည်ထားသည်။

သူ စေတီတော်သို့ ပျံသန်းသွားသည့် တစ်လျှောက် သူတို့က ဘေးနားမှနေ၍ ထပ်ကြပ်မကွာ လိုက်လာနေကြသည့် မြင်ကွင်းကြီးမှာ ခမ်းနားလွန်းလှပေသည်။

မဟာတံတိုင်းမြို့တော်ကြီးတစ်လျှောက် အလင်းတန်းပေါင်းတစ်ထောင်ကျော် ဖြတ်၍ပျံသန်းနေသည့် မြင်ကွင်းကြီးကို ကျင့်ကြံသူအနည်းငယ်က သတိထားမိသွားသည်။ သို့သော် တပ်သားအများစု၏ မျက်နှာများပေါ်တွင်မူ လှောင်ပြောင်သည့် အမူအရာများသာ ထင်ဟပ်နေသည်။ ပိုင်ရှောင်ချန်း မြို့တော်ကိုဖြတ်၍ စစ်ရေးပြသည်မှာ ထူးဆန်းသည့်ကိစ္စတစ်ခု မဟုတ်တော့သည် မဟုတ်ပါလော။ ထိုသို့ နောက်ဆုံးအကြိမ်လုပ်ခဲ့သည့် အချိန်နှင့် ယခုအကြိမ်တို့ကြားတွင် အချိန်များစွာ ခြားနေပြီဖြစ်၍သာ သူတို့က အံ့သြနေကြသည်။

အများစုမှာ သူတို့ကို တစ်ချက်ထက် ပိုမကြည့်ပေ။ မကြာမီတွင် ပိုင်ရှောင်ချန်းနှင့် သူ၏လူများမှာ စေတီတော်ကြီး၏ အပြင်ဘက်သို့ ရောက်ရှိသွားပြီဖြစ်သည်။ ထိုအချိန်တွင် အခြားကျင့်ကြံသူ အနည်းငယ်မှာ ပစ္စည်းများဝယ်ယူကာ ဝိညာဥ်များကို အပ်နှံနေကြသည်။

ပိုင်ရှောင်ချန်းနှင့် သူ၏လူများ၏ ရောက်လာမှုကြောင့် လှုပ်လှုပ်ခတ်ခတ် မဖြစ်သွားကြပဲ လူအများစုမှာ လုပ်စရာရှိသည်များကိုသာ ဆက်လုပ်နေကြဆဲဖြစ်သည်။

ပိုင်ရှောင်ချန်းက ထိုလူများကို လျစ်လျူရှုကာ စေတီတော်ဆီသို့ လျှောက်သွားပြီး အသက်ပြင်းပြင်းရှူကာ ဝိညာဥ်များကို အပ်နှံရာတွင် အခြားလက်ရွေးစင်များ လုပ်နေကြအတိုင်း လေပေါ်သို့ပျံတက်သွားလိုက်သည်။ လေပါ်သို့ရောက်သောအခါ သူက အင်္ကျီလက်ကိုဝှေ့ယမ်းလိုက်ပြီး ဝိညာဥ်စက်လုံးတစ်လုံးကိုထုတ်ကာ ချက်ချင်းပင် ချေမွလိုက်သည်။

ထိုအခါ အုန်းခနဲမြည်သံတစ်သံ ပေါ်ထွက်လာပြီး ဝိညာဥ်များမှာ ကြေမွသွားသည့် ဝိညာဥ်စက်လုံးထဲမှ ပျံထွက်လာကြတော့သည်။ ဝိညာဥ်များစွာထွက်ပေါ်လာသည့် မြင်ကွင်းကြောင့် ထိုနေရာတွင်ရှိသည့် ကျင့်ကြံသူအချို့မှာ အားကျသွားကြပါသော်လည်း အများစုမှာ ဂရုမစိုက်ကြပေ။

” သြော် ပိုင်ရှောင်ချန်းပါလား။ ”

ဝိညာဥ်အကောင်ရေ တစ်သောင်းကျော် ပေါ်ထွက်ပေါ်လာသည်နှင့် စေတီထိပ်ရှိမျက်လုံးကြီးက ၎င်းတို့ကို စုပ်ယူသွားတော့သည်။

သူ့ကိုယ်သူ ကျေနပ်အားရနေသဖြင့် ပိုင်ရှောင်ချန်းမှာ သူ၏ထည့်စရာအိတ်ကို ပုတ်လိုက်ပြီး နောက်ထပ် ဝိညာဥ်စက်လုံးတစ်လုံးကို ထပ်၍ထုတ်ယူလိုက်သည်။ ၎င်းကိုချေမွလိုက်သောအခါ နောက်ထပ် ဝိညာဥ်အကောင် တစ်သောင်းကျော်ပေါ်ထွက်လာပြီး မျက်လုံးကြီးက ထပ်မံ စုပ်ယူသွားသည်။ ထို့နောက် သူက တတိယမြောက် စက်လုံးတစ်လုံးကို ထပ်ထုတ်လိုက်သဖြင့် အောက်ဘက်ရှိ လူအနည်းငယ်မှာ စပ်စုလိုသော အကြည့်များဖြင့် မော့ကြည့်လိုက်ကြတော့သည်။

သူက တတိယစက်လုံးကို ချေမွရန် ပြင်လိုက်ချိန်တွင် သွေးရောင်အလင်းတန်းတစ်ခုက ခပ်လှမ်းလှမ်းတွင် ပေါ်ထွက်လာသဖြင့် ထိုနေရာတစ်ဝိုက်တွင် သတ်ဖြတ်လိုသော အခိုးအငွေ့ကြီးတစ်ခု ဖုံးလွှမ်းသွားတော့သည်။

” အဲတာ… ကျီဖုန်းမလား။ ”

” တပ်မှူးကြီး ကျီဖုန်းပဲ။ ပိုင်ရှောင်ချန်း နာမည်မကြီးခင်တုံးက အမြုတေအဆင့်မှာ စစ်ဦးစီးမှူး ဖြစ်နိုင်ခြေအများဆုံးရှိတဲ့ ကျင့်ကြံသူက သူလေ။ သူတို့နှစ်ယောက်ထဲက ဘယ်သူကများ အရင် ဖြစ်မတုံး မသိဘူး။ ”

လူအုပ်ကြီးမှာ အုန်းအုန်းကျက်ကျက်ဖြစ်လာပြီး အလန်းတန်းကြီး ကွယ်ပျောက်သွားကာ ရှည်လျားသော ဆံပင်ကိုပိုင်ဆိုင်ထားသည့် သွေးရောင် ချပ်ဝတ်တန်ဆာကိုဝတ်ဆင်ထားသော လူငယ်တစ်ယောက် ပေါ်ထွက်လာသည်။

ထိုလူငယ်မှာ ကျီဖုန်းပင်ဖြစ်သည်။

သူက စေတီကြီး တခြားဘက်ရှိ လေပေါ်တွင်ပျံဝဲနေပြီး ပိုင်ရှောင်ချန်း၏ မျက်လုံးထဲကို စိုက်ကြည့်လိုက်လေသည်။ ထို့နောက် သူ၏မျက်နှာပေါ်တွင် အထင်သေးသည့် အမူအရာတစ်ခု ပေါ်ပေါက်လာသည်။

‘ မလောက်လေး မလောက်စား သမားတော်ပါလား။ ” သူက စိတ်ထဲတွင်တွေးလိုက်သည်။
“ မင်းမှာ အဆင့်မြင့်တဲ့ ကျင့်ကြံခြင်းအခြေခံကလွဲပြီး တခြားဘာရှိလဲ။ ကျီဖုန်းဆိုတဲ့ငါ့မှာ တိုက်ပွဲစွမ်းဆောင်မှုရမှတ်တွေ မရေမတွက်နိုင်လောက်အောင် ပေါများနေတာကွ။ ငါနဲ့လာပြိုင်ရအောင် မင်းကိုယ်မင်း ဘာကောင်ထင်နေလဲ။ ”

ကျီဖုန်းက ပိုင်ရှောင်ချန်းကိုသာမက သူ၏ ဝိညာဥ်စုစည်းဆေးလုံးများကိုပါ ရွံရှာစက်ဆုပ်နေသည်။ သူ၏ အတွေးထဲတွင် ပိုင်ရှောင်ချန်းမှာ ကလေးကလား လှည့်ကွက်အချို့ကိုအသုံးပြုကာ ရာထူးတစ်နေရာရရှိလာသော သမားတော်တစ်ယောက်ထက် မပိုပေ။ သူနှင့် နှိုင်းယှဥ်ရန် မသင့်တော်သည့် လူတစ်ယောက်ဟုပင် မှတ်ယူထားသည်။

ယနေ့တွင် သူက ဝိညာဥ်များကို အပ်ရန်အကြံအစည်မရှိသော်လည်း ပိုင်ရှောင်ချန်း ရောက်လာသဖြင့် သင်ခန်းစာ ပေးရန် ဆုံးဖြတ်လိုက်သည်။

ပိုင်ရှောင်ချန်းက ကျီဖုန်းကို မှတ်မိသည်။ ယခုမှာ သူတို့၏ ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုဖြစ်သည်။ ပထမဦးဆုံးအကြိမ်မှာ သူ မဟာတံတိုင်းကြီးသို့ စရောက်ခဲ့ချိန် ပစ္စည်းများဝယ်ယူရန် လိုအပ်သော တိုက်ပွဲစွမ်းဆောင်မှုရမှတ်များကို လာကြည့်ခဲ့စဥ်က ဖြစ်သည်။ ထိုအချိန်က ကျီဖုန်းမှာ စေတီတော်ကြီးဆီသို့ ဝိညာဥ်အကောင်ရေ တစ်သောင်းကျော် အပ်နှံခဲ့သဖြင့် အုန်းအုန်းကျက်ကျက် ဖြစ်သွားခဲ့ရသည်။ ထိုစဥ်က ဝိညာဥ်စုစည်းဆေးလုံး မရှိသေးသဖြင့် ဝိညာဥ်တစ်သောင်းကျော်ကို တစ်နေရာထဲတွင် စုစည်းထားနိုင်ခြင်းမှာ အလွန်ခက်ခဲသော အလုပ်တစ်ခုဖြစ်သည်။

ပိုင်ရှောင်ချန်းက ကျီဖုန်း၏မျက်လုံးထဲရှိ အထင်သေးနေသော အကြည့်များကို တွေ့လိုက်ရသောအခါ အနည်းငယ်အံ့အားသင့်သွားရသည်။
” ငါ မင်းကို ဘယ်တုံးကများ စိတ်ကသိကအောက် ဖြစ်အောင် လုပ်ခဲ့ဖူးလို့တုံး ”
သူ့ စိတ်ထဲတွင် ထူးဆန်းနေတော့သည်။

သို့သော် တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် ဖြစ်ပျက်နေသည်များကို ရိပ်မိသွားသောအခါ သူက ကျီဖုန်းကို ပြန်၍စိုက်ကြည့်လိုက်သည်။

ကျီဖုန်းကလည်း သူ့ကို အေးစက်စက်ပြန်ကြည့်နေသဖြင့် ခဏအကြာတွင် ထိုနှစ်ယောက်၏ ပြိုင်ဆိုင်မှုကြီးမှာ သိသာလာတော့သည်။

အောက်ဘက်ရှိ ကျင့်ကြံသူများက ထိုအခြင်းအရာကို မြင်လိုက်ရသောအခါ စိတ်ဓာတ်များတက်ကြွလာကြပြီး သေသေချာချာ ကြည့်ရှူနေကြတော့သည်။

” သူတို့နှစ်ယောက် အပြိုင်ကျဲတော့မှာ ”

” ငါကတော့ တပ်မှူးကြီး ကျီဖုန်းကို ပိုသဘောကျတယ်။ သူရဲ့ တိုက်ပွဲစွမ်းဆောင်မှုရမှတ်တွေက တောင်လိုပုံနေတဲ့ အလောင်းတွေကိုကျော်ဖြတ်၊ သွေးပင်လယ်တွေကို ကူးခတ်ပြီးတော့မှ ရခဲ့တာကွ။ ”

” တပ်မှူးကြီး ပိုင်ရှောင်ချန်းလည်း အဲဒီလိုပဲလေကွာ။ ဝိညာဥ်စုစည်း ဆေးလုံးတွေကို ခဏလောက် ထည့်မထွက်သေးနဲ့ဦး။ သူတိုက်ပွဲတုံးက ကယ်တင်ခဲ့တဲ့ လူအရေအတွက်ကို မင်းသိလား။ ”

လူများစွာမှာ ထိုကိစ္စကို ငြင်းခုံနေကြပြီး အချို့မှာ လောင်းကြေးများပင်ထပ်နေကြစဥ် ကျီဖုန်းက အေးစက်စက် ရယ်မောလိုက်ပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါ သူ၏ ထည့်စရာအိတ်ထဲမှ ဝိညာဥ်အကောင်ရေ တစ်သိန်းကျော် ပျံထွက်လာတော့သည်။ ထိုဝိညာဥ်များမှာ အသက်မဲ့နေသည့်ပုံပေါ်ပြီး အရောင်များမှေးမှိန်နေကြပါသော်လည်း မျက်လုံးကြီးကမူ စုပ်ယူသွားသည်သာ ဖြစ်သည်။

” ဝိညာဥ် အကောင်ရေ တစ်သိန်းပါလား ”

” တပ်မှူးကြီး ကျီဖုန်းက စစ်တပ်ငါးတပ်ထဲက ထိပ်သီးလက်ရွေးစင်ဆိုတဲ့ နာမည်ဂုဏ်ထူးနဲ့ ထိုက်တန်ပါပေတယ်။ သူက ဝိညာဥ်စုစည်းဆေးလုံးတွေကိုတောင် မသုံးပဲ အကောင် တစ်သိန်းလောက်ကို စုစည်းနိုင်ခဲ့တာပဲ။ ”

ထို အကောင်ရေ တစ်သိန်းကို ထုတ်လိုက်ပြီးနောက် ကျီဖုန်းက ပိုင်ရှောင်ချန်းကို အေးစက်စက်မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်သည်။ သူ၏ အကြည့်ထဲမှ အဓိပ္ပါယ်မှာ ထင်ရှားပေသည်။
” မင်းမှာ ဝိညာဥ်တွေ ရှိတယ်မလား။ အေး ဘယ်ကောင်က ပိုများလဲဆိုတာ ပြိုင်ကြတာပေါ့။ ” ဟူသည့် အကြည့်မျိုးဖြစ်ပေသည်။

ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ရုတ်တရက်ပေါ်ထွက်လာတော့သည်။ ယခုအခါမှ ဝိညာဥ်များကို သူတစ်ယောက်ထဲ အပ်နှံနေရသည်မှာ ပျင်းစရာကောင်းကြောင်း တွေးမိသွားတော့သည်။ သို့သော် ကျီဖုန်းမှာ ရုတ်တရက် ရောက်လာပြီး သူနှင့်ပြိုင်ဆိုင်မည်ဟု မည်သူကတွေးမိမည်နည်း။ ပိုင်ရှောင်ချန်းမှာ ရန်သူများကို ဤသို့ အနိုင်ယူရသည်ကို အလွန်နှစ်ခြိုက်သည်။ ထို့ကြောင့် သူကသက်ပြင်းချကာ ဝိညာဥ်စက်လုံး အလုံးနှစ်ဆယ်ကို ထုတ်ယူလိုက်သည်။

ထိုစက်လုံးများ ကွဲအက်သွားသောအခါ အုန်းခနဲအသံကြီးတစ်သံ ပေါ်ထွက်လာပြီး ဝိညာဥ်အကောင် နှစ်သိန်းကျော်မှာ တိမ်တိုက်ကြီးသဖွယ် ထွက်ပေါ်လာသည်။ ထိုကြောက်မက်ဖွယ် မြင်ကွင်းကြီး ပေါ်လာသည်နှင့် စေတီထိပ်ရှိ မျက်လုံးကြီးက တောက်ပစွာလင်းလက်လာပြီး အလျင်အမြန်ပင် စုပ်ယူလိုက်လေသည်။

ထို့နောက် ပိုင်ရှောင်ချန်းမှာ ရန်စသည့်အကြည့်မျိုးဖြင့် ကျီဖုန်းကို လှမ်းကြည့်လိုက်တော့သည်။

ထိုအခါ ကျီဖုန်း၏ အမူအရာမှာ တင်းမာသွားပြီး အထင်သေးသည့်လေသံဖြင့် ရယ်မောလိုက်ပြန်သည်။ သူ၏ လက်ကိုထပ်၍ ဝှေ့ယမ်းလိုက်ပြီး သူ၏ထည့်စရာအိတ်ထဲမှ ဝိညာဥ်ပေါင်း သောင်းဂဏန်းများစွာကို ထုတ်ယူလိုက်သည်။ သို့သော် ထိုမျှနှင့် ရပ်မသွားချေ။ သူ၏ထည့်စရာအိတ်တစ်လုံး ကုန်ခန်းသွားသောအခါ နောက်ထပ်တစ်အိတ်ထပ်ထုတ်လိုက်ပြီး ဖွင့်လိုက်သဖြင့် နောက်ထပ် ဝိညာဥ်ပေါင်း သောင်းဂဏန်းများစွာမှာ မျက်လုံးကြီး၏ စုပ်ယူခြင်းကို ခံလိုက်ရတော့သည်။

ထိုမြင်ကွင်းကြောင့် ဘေးနားတစ်ဝိုက်ရှိ ကျင့်ကြံသူများထံမှ အလန့်တကြား အော်ဟစ်သံများ ထွက်လာရတော့သည်။

” ဘုရားရေ တပ်မှူးကြီး ကျီဖုန်းဆီမှာ ဝိညာဥ်တွေ ဘယ်လောက်များရှိနေတာတုံး။ ”

” သူဘယ်လိုများ အဲဒီလောက်အများကြီး ရခဲ့ပါလိမ့်။ ”

လူတိုင်းမှာ အံ့အားသင့်နေသော်လည်း ပိုင်ရှောင်ချန်းမှာ စိတ်မရှည်တော့ပေ။

” ကောင်းပြီ။ မင်းဆီမှာ ဝိညာဥ်ဘယ်လောက်ရှိလဲပြောကွာ ”
သူက ခပ်ကျယ်ကျယ်မေးလိုက်သည်။
” အရေအတွက်သာ ပြောကွာ။ မင်းအိတ်တွေဖွင့်နေတာကို ထိုင်စောင့်ရတာ ပျင်းဖို့ကောင်းတယ်။ ဒီလိုလုပ်။ မင်းမှာရှိတဲ့ အရေအတွက်ကိုပြော။ မင်းပြောသလောက် ငါမထုတ်နိုင်ရင် ငါအရှုံးပေးတယ်။ ”

ထိုစကားများကို သူ ဆိုလိုက်သည့် လေသံမှာ မာနကြီးကာဝင့်ဝါသော အရိပ်အယောင်များ ပါနေသဖြင့် ထိုနေရာတစ်ဝိုက်မှာ တိတ်ဆိတ်သွားရတော့သည်။

” မင်းကိုယ်မင်း တော်လှတတ်လှချည်ရဲ့လို့ ထင်နေတယ် ဟုတ်လား။ ”
ကျီဖုန်းက ပြန်ပြောလိုက်သည်။
” ကောင်းပြီလေ။ မင်းကမှ အရှက်ကွဲချင်နေမှတော့ ငါက ဖြည့်ဆီးပေးရတာပေါ့။ ”
ထို့နောက် သူသည် ကိုးအိတ်ကုန်သွားသည်အထိ တစ်အိတ်ပြီးတစ်အိတ် ဆက်တိုက်ဖွင့်နေတော့သဖြင့် သူ၏ လက်များမှာ လျင်မြန်စွာ လှုပ်ရှားနေတော့သည်။ ” မင်းရဲ့မျက်လုံးနဲ့ ဝိညာဥ်အကောင်ရေ နှစ်ဆယ့်ခုနှစ်သိန်းကို ကြည့်ရှုခံစားလိုက်စမ်း။ ”

ကျီဖုန်းသည် တည်ကြည်အေးစက်စွာ ထိုစကားများကို ဆိုလိုက်သည်ဖြစ်သော်လည်း သူ၏အရိုးထဲထိ စိမ့်ဝင်နေသော ကြွားဝါမှုများကိုမူ မဖုံးကွယ်နိုင်ပေ။

ကျီဖုန်း၏ စကားများနှင့် လုပ်ရပ်များကြောင့် လူတိုင်းမှာ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။ အသက်ရှူကြိမ် အနည်းငယ်ကြာပြီးနောက် ပိုင်ရှောင်ချန်း၏ လက်အောက်ငယ်သားများမှလွဲ၍ အခြားလူအားလုံးမှာ အုပ်အော်သောင်းနင်း ဖြစ်ကုန်ကြတော့သည်။

” နှစ်ဆယ့် ခုနှစ်သိန်းဟုတ်လား။ ဘုရားရေ။ ”

” ထက်မြက်လှတဲ့ တပ်မှူးကြီး ကျီဖုန်းက ဒီလောက်ဝိညာဥ်တွေအများကြီးထုတ်နိုင်တာ ငါ့ဖြင့် မယုံနိုင်ဘူး။ ဒီ…ဒီပမာဏက မဟာတံတိုင်းကြီးရဲ့ အပြင်ဘက်မှာတိုက်တဲ့ အသေးစားတိုက်ပွဲတစ်ခုမှာ ပါတဲ့ ဝိညာဥ်အရေအတွက်လောက်ကို ရှိတာပဲ။ ”
အလန့်တကြား အော်ဟစ်သံများအပြင် ကျင့်ကြံသူများစွာမှာ သူတို့၏မိတ်ဆွေများဆီသို့ သတင်းများပို့ကာ ဖြစ်ပျက်နေသည်များကို လာကြည့်ရန် လှမ်းခေါ်နေကြသည်။

” မြန်မြန်လာ။ တပ်မှူးကြီး ကျီဖုန်းက ဝိညာဥ် အကောင်အရေအတွက် နှစ်ဆယ့်ခုနှစ်သိန်းကို အပ်နှံနေတာ။ ဒီလိုမျိုး တစ်ခါမှမဖြစ်ဖူးဘူး။ တော်တော် အံ့သြဖို့ကောင်းတာပဲ။ ”

” စေတီကြီးဆီကို မြန်မြန်လာကြဟေ့။ ”

ထိုစဥ်တွင် ကျီဖုန်းက ပိုင်ရှောင်ကို စိတ်မဝင်စားသည့်ပုံစံ ဟန်ဆောင်ကာ လှမ်းကြည့်လိုက်သည်။ သူ၏မျက်နှာပေါ်တွင်မူ သူအနိုင်ရရှိသွားကြောင်း သေချာသွားပြီဟု ယူဆလိုက်သဖြင့် အပြုံးတစ်ပွင့် ခပ်ရေးရေးပေါ်လာတော့သည်။

” ငါ့မှာ အများကြီးမရှိပါဘူး။ ” သူက ဖြေလိုက်သည်။
” သိန်းနှစ်ဆယ်လောက်ပါပဲ။ မင်းမှာရော ပိုင်ရှောင်ချန်း ”

ပိုင်ရှောင်ချန်းမှာ မေးငေါ့ကာ ပြန်ဖြေလိုက်သည်။
” သိပ်မှန်တာပေါ့ မင်းမှာ အများကြီးမရှိဘူး။ သိန်းနှစ်ဆယ်ထဲမလား။ နည်းနည်းလေးပါကွာ။ ”

ပိုင်ရှောင်ချန်းမှာ ကလေးပေါက်စလေးနှင့် တိုက်ခိုက်နေရသည့် ထိပ်တန်းအဆင့်သိုင်းဆရာကြီးတစ်ယောက်အလား ခံစားနေရတော့သည်။ ထိုခံစားချက်ကြီးမှာ အံ့သြဖွယ်ကောင်းလှပေသည်။ သူက ရယ်မောရင်း လက်ကိုဝှေ့ယမ်းလိုက်တော့သည်။

ထိုအခါ စက်လုံးပေါင်း သုံးရာကျော်ပေါ်ထွက်လာသည်။ သို့သော် ထိုမျှနှင့် ရပ်မသွားပေ။ နောက်ထပ် အလုံးသုံးရာ…ထို့နောက် အလုံးလေးရာ ထွက်လာတော့သည်။ ၎င်းမှာ စုစုပေါင်း အလုံးတစ်ထောင်တိတိ ရှိနေပြီဖြစ်ပြီး လေပေါ်တွင်ပျံဝဲနေကာ လူတိုင်းမြင်နေရတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset