Switch Mode

အခန်း (၁၈၁)

ကျန်းလန်ပြုလုပ်ထားသည့်အစီအရင်များကိုမော့ကျန်းသုန့်ကဖျက်စီးမည်

အခန်း (၁၈၁) ကျန်းလန်ပြုလုပ်ထားသည့်အစီအရင်များကိုမော့ကျန်းသုန့်ကဖျက်စီးမည်

ဆဋ္ဌမတောင်ထွတ်…

ဆဋ္ဌမတောင်ထွတ်တွင် ဝါးရုံတောတစ်ခု ရှိလေသည်။

ဝါးရုံတောလေးထဲတွင် တောင်မြင့်ကြီးများအကြား ပုန်းကွယ်နေသည့် ဝါးအိမ်လေးတစ်လုံး ရှိနေလေသည်။ ဝါးအိမ်လေးနံဘေးတွင် စမ်းချောင်းလေးတစ်စင်းက ကွေ့ပတ်စီးဆင်းလျှက် ရှိသည်။

လှပသည့်ရောင်စုံပန်းများကလည်း နေရာအနှံ့တွင် ပွင့်လန်းလျှက် ရလှေိသည်။

ထိုစဉ်မှာပင်…

စမ်းချောင်းလေးနံဘေးတွင် လူ (၂)ယောက် ပေါ်လာသည်။

တစ်ယောက်က မျက်နှာကို ပုဝါပါးတစ်ခုဖြင့် ဖုံးအုပ်ထားပြီး ချောမောလှပကာ ကျက်သရေနှင့် ပြည့်စုံလှသူ ဖြစ်သည်။ သူမ၏အလှတရားက မြင်သူတကာကို အသက်ရှူမှားလောက်စေသည်။

သူမသည်ကား ပဉ္စမတောင်ထွတ်၏ တောင်သခင်မ မြောင်ယွဲ့ပင် ဖြစ်၏။

သူမနံဘေးတွင်တော့ ထက်မြက်သည့်ဟန်ပန်နှင့် ယောကျ်ားလေးတစ်ယောက်ပမာ ဝတ်ဆင်ထားသည့် မိန်းမပျိုတစ်ယောက်ရှိနေလေသည်။

သူမ၏ဆံပင်များက မိန်းကလေးများကဲ့သို့ ခါးထိရှည်လျားခြင်း မရှိဘဲ ယောကျ်ားလေးများကဲ့သို့ ပခုံးကျော်ကျော်အထိသာရှိ၏။

သူမကိုကြည့်ရသည်မှာ ယောကျ်ားပီသခန့်ညားသည့် စာပေပညာရှင်လူငယ်တစ်ယောက်ပမာထင်မှတ်ရသော်လည်း တကယ်တမ်းတွင် အလွန်ချောမောလှပသည့် မိန်းမပျိုတစ်ယောက် ဖြစ်လေသည်။

မြောင်ယွဲ့က နူးညံ့သည့်လေသံဖြင့်…

“ဂိုဏ်းတူအစ်မ… ကျွန်မတို့ စ လိုက်ကြမလား…”

ဆံပင်ခပ်တိုတိုနှင့် မိန်းမပျိုက မြောင်ယွဲ့ကို ကြည့်လိုက်ပြီး…

“မင်း ငါ့ကို ဂိုဏ်းတူအစ်ကိုလို့ ခေါ်လို့မရဘူးလား…”

မြောင်ယွဲ့က…

“ဂိုဏ်းတူအစ်ကို… ကျွန်မတို့ စ လိုက်ကြမလား…”

ဆံပင်တိုတိုနှင့် မိန်းမပျိုက သက်ပြင်းတစ်ချက်ချလိုက်ရင်း…

“ထားလိုက်တော့… ဂိုဏ်းတူအစ်မပဲ ခေါ်တော့…”

“………………”

သူမသည်ကား ဆဋ္ဌမတောင်ထွတ်၏ တောင်သခင် ချန်ရှီ ဖြစ်၏။

သူမ ဝတ်ဆင်ထားသည့် အပေါ်ရုံအင်္ကျီတွင် နေ ၊ လ နှင့် ကြယ်တာရာ ပုံစံများ ပါရှိလေသည်။

ထိုစဉ်မှာပင်…

ဝတ်ရုံမှ နေ ၊ လနှင့် ကြယ်စင်များက ခပ်မှိန်မှိန်အလင်းရောင်များ တောက်ပလာလေရာ ချန်ရှီမှာ ကြယ်စင်ကောင်းကင်အလယ်တွင် မတ်တတ်ရပ်နေသူတစ်ယောက်ပမာ ဖြစ်လေတော့သည်။

သူမပုံစံကက စွဲဆောင်မှု ရှိလွန်းလှသည်။

မြောင်ယွဲ့က…

“အခုတလော ငရဲတံခါးရဲ့ အခြေအနေက မတည်မငြိမ်ဖြစ်လာနေတယ်… ၊ ကြည့်ရတာ ပစ်မှတ်ထားပြီး တိုက်ခိုက်ခံနေရတဲ့ပုံစံမျိုးပဲ… ၊ နောက်တစ်ကြိမ် မရဏအငွေ့အသက်တွေ ပေါက်ကွဲထွက်တဲ့အချိန်ကျရင် သေချာပေါက် ကြီးကြီးမားမား ကိစ္စတစ်ခု ဖြစ်လာနိုင်တယ်…”

ခဏနားပြီးမှ မြောင်ယွဲ့က ဆက်ပြောလိုက်သည်။

“ဂိုဏ်းတူအစ်မ… ရှင့်ရဲ့နက္ခတ်ပညာကို အများကြီး သုံးစရာမလိုပါဘူး… ၊ အကြမ်းဖျင်း အခြေအနေခန့်မှန်းကြည့်ပေးရင် ရပါပြီ… ၊ ဒါမှ ကျွန်မတို့ ရှေ့ဆက်ဘာလုပ်ရမလဲ နည်းနည်းပါးပါး ခန့်မှန်းနိုင်မှာလေ…”

မြောင်ယွဲ့က ချန်ရှီ၏နံဘေးတွင် ကျက်သရေရှိစွာ မတ်တတ်ရပ်နေရင်း ပြောလိုက်သည်။

သူမ၏ ဂိုဏ်းတူအစ်မ ချန်ရှီက မည်သည့်အရာကိုမှ အရေးစိုက်တတ်သူ မဟုတ်ပေ။ ဆဋ္ဌမတောင်ထွတ်၏ ကိစ္စများကိုပင် အရေးမစိုက်သောကြောင့် အခြားသူများက ကိုယ်စားကိုင်တွယ်ပေးရလေသည်။

သူမကတော့ ဤနေရာတွင်သာ တစ်ချိန်လုံး ပုန်းအောင်းနေပြီး သူမကို မည်သူမှ တွေ့မြင်နိုင်ခြင်း မရှိပေ။

ခွန်လွန်တောင်တွင် မြောင်ယွဲ့နှင့် ကျူးချင်သာ သူမထံသို့ ဝင်ရထွက်ရ လွယ်ကူလေသည်။ အခြားသူများဆိုလျှင် အခက်အခဲမရှိသည့်တိုင် သူမနှင့်တွေ့ဆုံရန် မလွယ်ကူလှပေ။

ချန်ရှီက…

“ခုတလော ပျက်သုဉ်းတစ်စပြင်လောကကြီးက သိပ်မငြိမ်းချမ်းဘူး… ၊ ကြည့်ရတာ တစ်ခုခု ဖြစ်တော့မယ် ထင်တယ်…”

သူမက ထပ်ပြောလိုက်သည်။

“တစ်ခါတစ်လေ… လောကမှာ ဖြစ်လာမယ့် အရှိန်အဟုန်ကို ရှောင်လွှဲလို့ မရနိုင်ဘူး…”

မြောင်ယွဲ့က သိချင်စိတ်ဖြင့်…

“ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဂိုဏ်းတူအစ်မက ဘယ်လိုမျိုး ကောက်ချက်ချသလဲ…”

ချန်ရှီက မကြည်မသာဟန်ဖြင့်…

“ငါသာ နက္ခတ်ပညာနဲ့ တစ်စုံတစ်ခု ကောက်ချက်ချနိုင်ခဲ့ရင်… မင်းကို မပြောဘဲ နေပါ့မလား…”

မြောင်ယွဲ့က ရယ်မောလိုက်ရင်း…

“ဂိုဏ်းတူအစ်မ… အစ်မက တကယ်ပဲ ဂိုဏ်းတူအစ်ကိုတွေကို သဘောကျဖို့ မကြိုးစားချင်ဘူးလား… ၊ မဟုတ်ရင်လည်း ပြင်ပလောကက တော်တဲ့သူတွေနဲ့ ဘာလို့ တွေ့မကြည့်ရတာလဲ…”

ချန်ရှီက ခေါင်းခါရမ်းလိုက်ရင်း…

“ကဲ…ကဲ… အဲဒါတွေထားလိုက်… ၊ မရဏဂူအခြေအနေကို နက္ခတ်ပညာနဲ့ အရင်ဆုံးကြည့်လိုက်ကြရအောင်…”

ထိုစဉ်မှာပင်…

ချန်ရှီ၏ အဝတ်အစားများက အနက်ရောင်ပြောင်းလဲသွားလေသည်။ သူမ၏ဝတ်ရုံပေါ်မှ နေ ၊ လနှင့် ကြယ်တာရာများက တောက်ပလင်းလက်လာသည်။

ကြည့်ရသည်မှာ လျှို့ဝှက်ဆန်းကျယ်မှုတစ်ခုဖြင့် ကြုံတွေ့လိုက်ရဟန် ရှိသည်။

“အာ…”

ချန်ရှီ မျက်ခုံးတစ်ချက် ပင့်လိုက်သည်။

မြောင်ယွဲ့က…

“ဂိုဏ်းတူအစ်မ… တစ်ခုခုများ ဖြစ်လို့လား…”

နဂါးမျိုးနွယ်များ ခွန်လွန်တောင်သို့ လာရောက်ကြတော့မည် ဖြစ်သည်။

ထိုအချိန်တွင် ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်သည်နှင့် တိုက်ဆိုင်နေလျှင် သူမတို့အနေဖြင့် ပြဿနာတက်မည် ဖြစ်သည်။

ခဏအကြာတွင် ချန်ရှီက သူမ၏ နက္ခတ်ပညာကို ရုပ်သိမ်းလိုက်သည်။ သို့သော် သူမဝတ်ဆင်ထားသည့်အဝတ်အစားများကတော့ အနက်ရောင်ဖြစ်နေဆဲပင်။

ချန်ရှီက မြောင်ယွဲ့ကို ကြည့်လိုက်ပြီး…

“ငါ ဘာမှ မခန့်မှန်းနိုင်ခဲ့ဘူး…”

သူမက ဆက်ပြောသည်။

“ဂိုဏ်းတူညီမလေး… ငါက ဆဋ္ဌမတောင်ထွတ်ရဲ့ တောင်သခင်အနေနဲ့ ခွန်လွန်တောင်ရဲ့ အရေးကြီးကိစ္စတွေမှာ တစ်ခါမှ မပါဝင်ခဲ့ဖူးလို့ တမင်သက်သက် ဒုက္ခလာပေးတာလား…”

မြောင်ယွဲ့က စိတ်ရှုတ်ထွေးစွာဖြင့် ချန်ရှီကို ကြည့်လိုက်ပြီး…

“ဂိုဏ်းတူအစ်မ… ဘာလို့ ဒီလိုပြောရတာလဲ…”

ချန်ရှီက မြောင်ယွဲ့ကို ကြည့်လိုက်ရင်း…

“တစ်ယောက်ယောက်က မရဏဂူတစ်ခုလုံးကို မိုးကောင်းကင်ကနေ ဖုံးကွယ်ထားတဲ့ အစီအရင်တစ်ခု ပြုလုပ်ထားတယ်… ၊ သာမန်နက္ခတ်ပညာနဲ့ ဘယ်လိုမှ မကြည့်မြင်နိုင်ဘူး…”

ချန်ရှီ ပြောသည့်စကားအဓိပ္ပါယ်ကို မြောင်ယွဲ့ ချက်ချင်း သဘောပေါက်သွားသည်။

သူမက အစီအရင်ပညာကျွမ်းကျင်သူဖြစ်သောကြောင့် ချန်ရှီက သူမ လှည့်စားနေသည်ဟု သံသယဝင်သွားခြင်း ဖြစ်ဟန်တူသည်။

မြောင်ယွဲ့က…

“ကျန်းလန် လုပ်ထားတာ ဖြစ်ရမယ်…”

နဝမတောင်ထွတ်မှ သူမ၏ဂိုဏ်းတူအစ်ကို မော့ကျန်းသုန့်ကတော့ အစီအရင်ပညာတွင် သာမန်မျှသာ ရှိသည်။ ထို့ကြောင့် ယခုအစီအရင်ကို လက်စွမ်းပြသူမှာ ကျန်းလန်သာ ဖြစ်ရပေမည်။

ချန်ရှီက မယုံကြည်ဟန်ဖြင့်…

“တပည့်အငယ်တစ်ယောက်ကလား…”

သူမ မရဏဂူနှင့် ငရဲတံခါးကို လုံး၀ အာရုံခံနိုင်ခဲ့ခြင်း မရှိပေ။ ဤသည်က တပည့်တစ်ယောက် ပြုလုပ်ထားသည့် အစီအရင်တဲ့လား။

မြောင်ယွဲ့က…

“ဂိုဏ်းတူအစ်မ မယုံဘူးဆိုရင် သွားကြည့်ကြမယ်လေ… ၊ ပြီးတော့ မရဏဂူအနားမှာဆိုရင် နက္ခတ်ပညာနဲ့ ခန့်မှန်းတွက်ချက်မှုလည်း ပိုပြီး လုပ်လို့ကောင်းတာပေါ့…”

ချန်ရှီက ခေါင်းညိတ်လိုက်ရင်း…

“ကောင်းပြီ…”

သူမ ချက်ချင်းပင် သဘောတူလိုက်သောကြောင်း မြောင်ယွဲ့ အနည်းငယ် အံ့အားသင့်သွားမိသည်။

သူမ၏ ဂိုဏ်းတူအစ်မ အပြင်မထွက်သည်မှာ အချိန်အလွန်ကြာမြင့်ပြီ ဖြစ်လေရာ ယနေ့တော့ အပြင်ထွက်မည်တဲ့လား။

အချိန်ခဏအတွင်းမှာပင် သူတို့ နဝမတောင်ထွတ်သို့ ရောက်ရှိလာကြသည်။

ထိုအချိန်…

မော့ကျန်းသုန့်က နဝမတောင်ထွတ်အစွန်းတွင် တင်ပျဉ်ခွေထိုင်ရင်း ကျင့်ကြံနေသည့်အချိန် ဖြစ်သည်။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် တန်ခိုးစွမ်းအားလှိုင်းလုံးများ အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်နေသည်။

သို့သော် ထိုတန်ခိုးစွမ်းအားများ ရုတ်ချည်းပျောက်ကွယ်သွားပြီး ရုတ်တရက် ရောက်လာသူ (၂)ယောက်ကို မော့ကျန်းသုန့် မော့ကြည့်လိုက်သည်။

“ဂိုဏ်းတူညီမ… အဲ… မင်းတို့ (၂)ယောက်… ဘာကိစ္စများ ရှိလို့လဲ…”

မြောင်ယွဲ့က ရယ်မောလိုက်ရင်း…

“ခွန်လွန်တောင်လုံခြုံရေးအတွက် ဂိုဏ်းတူအစ်မချန်ရှီက မရဏဂူထဲမှာ နက္ခတ်ပညာအသုံးပြုပြီး ကြည့်ရှုပေးမလို့ပါ…”

မော့ကျန်းသုန့်က ချန်ရှီကို ဂိုဏ်းတူညီမဟု ခေါ်မည်ဟန်ပြင်ပြီးမှ ပါးစပ်ပြန်ပိတ်သွားသည်ကို သိလိုက်သည့်အတွက် မြောင်ယွဲ့က ရယ်မောလိုက်ခြင်း ဖြစ်သည်။

ယခင်ကဆိုလျှင် ဆဋ္ဌမတောင်ထွတ်မှ ချန်ရှီကို အားလုံး ဂိုဏ်းတူညီလေးတစ်ယောက်လို ပြောဆိုဆက်ဆံလေ့ရှိကြသည် မဟုတ်ပါလား။

ချန်ရှီက…

“ကဲ… ဂိုဏ်းတူအစ်ကို လမ်းပြပေးပါ…”

မော့ကျန်းသုန့် မည်သည့်စကားမှ မပြောတော့ဘဲ မရဏဂူရှိရာသို့ သူတို့ (၂)ယောက်ကို ခေါ်သွားလေသည်။

ခဏအတွင်း မရဏဂူနှင့် သိပ်မဝေးသည့်တစ်နေရာတွင် မော့ကျန်းသုန့် ၊ ချန်ရှီနှင့် မြောင်ယွဲ့တို့ ပေါ်လာကြသည်။

သို့သော် သူတို့ မရဏဂူရှိရာသို့ လမ်းလျှောက်သွားသည့်တိုင် မရဏဂူအနားသို့ မရောက်နိုင်ဖြစ်နေကြသည်။ ထိုအရာက အစီအရင်တစ်ခု ဖြစ်ကြောင်း သူတို့အားလုံး သိလိုက်ကြသည်။

ချန်ရှီက အနည်းငယ်မကျေမနပ်ဖြစ်သည့် မျက်နှာအမူအရာဖြင့်…

“ဂိုဏ်းတူအစ်ကို.. ဒီနေရာမှာ အစီအရင်တွေလုပ်ထားတာ မင်းက မသိဘူးလား…”

“………………”

မော့ကျန်းသုန့် တိတ်ဆိတ်သွားသည်။

သာမန်အခြေအနေဆိုလျှင် ကျန်းလန်က အစီအရင်များကို ပိတ်ထားလေ့ရှိပြီး အသက်သွင်းမထားတတ်ပေ။ ယခု အဘယ့်ကြောင့် အစီအရင်များကို ထုတ်ဖော်ခဲ့ရပါသနည်း။

မော့ကျန်းသုန့်က…

“ကျန်းလန်က ဒီလိုပဲ လျှောက်လုပ်နေတာလေ… အဲဒါနဲ့ ကျုပ်လည်း လွှတ်ထားလိုက်တာ…”

ပြီးမှ…

“ကဲ…ကဲ… ကျန်းလန်လုပ်ထားတဲ့ အစီအရင်တွေကို ကျုပ် ဖျက်စီးလိုက်ပါ့မယ်…”

………………

ပဉ္စမတောင်ထွတ်…

ကျန်းလန်က မှော်ရုံနယ်မြေဝင်ပေါက်နားတွင် ရပ်စောင့်နေလေသည်။

ပဉ္စမတောင်ထွတ်၏ မှော်ရုံနယ်မြေက တတိယတောင်ထွတ်၏ မှော်ရုံနယ်မြေနှင့် အတူတူပင် ဖြစ်သည်။ ကျောက်သားကလာဘ်တစ်ခု ရှိနေပြီး ထိုကလာဘ်ပေါ်တွင် ထူးဆန်းသည့် အလင်းရောင်များ တောက်ပလျှက် ရှိသည်။

ဝင်ပေါက်ပတ်ဝန်းကျင်တွင် လူ (၁၀)ယောက်ခန့် ရပ်စောင့်နေကြသည်။

အဖွဲ့ခေါင်းဆောင်များက မူလဝိညာဉ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသော်လည်း ကျန်းလန်က တစ်ယောက်ကိုမှ သိရှိခြင်း မရှိပေ။

ကျန်းလန် ရောက်လာသည်ကိုလည်း မည်သူမှ အရေးမစိုက်ကြပေ။

ကျန်းလန်က ထောင့်တစ်နေရာတွင်ရပ်နေပြီး အခြေအနေများကို စောင့်ကြည့်နေလေသည်။

ကျိုးစူး ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ သူတို့၏အဖွဲ့ခေါင်းဆောင်က မည်သူမှန်း မသိရှိသေးပေ။

ပုံမှန်ဆိုလျှင် အဖွဲ့ခေါင်းဆောင်က သူတို့ကို လူစုရန် ပြောရမည် ဖြစ်သည်။ အဖွဲ့ခေါင်းဆောင်က ရောက်မလာသေးခြင်းလည်း ဖြစ်နိုင်သည်။

ထိုစဉ်…

ကျိုးစူးက သူနှင့်တစ်ဖွဲ့တည်းဖြစ်သည့် တပည့် (၂)ယောက်ကို တွေ့သည့်အခါ လက်ဝှေ့ရမ်းပြလိုက်သည်။

“ဂိုဏ်းတူအစ်ကိုကျင်းယွီ ၊ ဂိုဏ်းတူညီမလေး ကျန်းရှီ…”

တစ်ဖွဲ့တည်းပါဝင်သည်များ ဆုံတွေ့သွားကြပြီ ဖြစ်သည်။ အဆင်ပြေသွားပြီဟု ဆိုနိုင်၏။

“ဂိုဏ်းတူညီလေး ကျိုးစူး…”

“ဂိုဏ်းတူအစ်ကို ကျိုးစူး…”

ကျင်းယွီနှင့် ကျန်းရှီတို့ ကျိုးစူးအနားရောက်လာသည့်အခါ ကျန်းလန်က သူတို့ကို တစ်ချက်လှမ်းကြည့်လိုက်သည်။

ကျင်းယွီက ကြမ်းကြမ်းတမ်းတမ်းလူငယ်တစ်ယောက်ပုံစံမျိုးဖြစ်ပြီး ရွှေပြဒါးအမြုတေအဆင့် ၊ အလယ်ဆင့် ကျင့်ကြံသူ ဖြစ်သည်။

သူ့ခန္ဓာကိုယ်မှ စွမ်းအားများထွက်ပေါ်နေပြီး ရုပ်ခန္ဓာကျင့်စဉ်တစ်ခုခုကို ကျင့်ကြံထားဟန် ရှိသည်။

ကျန်းရှီကတော့ အနည်းငယ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဟန် ဖြစ်နေသည့် ရွှေပြဒါးအမြုတေ ကနဦးအဆင့် ကျင့်ကြံသူဖြစ်သည်။

သို့သော် သူမ၏ ကျင့်ကြံခြင်းက အခြေခိုင်ခြင်း မရှိပေ။ သူမကို ကြည့်ရသည်မှာ ရွှေပြဒါးအမြုတေအဆင့်ကိုပင် အတော်လေးကြိုးစားပြီးမှ အဆင့်တက်လာရဟန် ရှိသည်။

သူမ ဝတ်ဆင်ထားသည့် ဝတ်စုံက ကျိုးစူးနှင့်အတူတူပင် ဖြစ်သည်။

သူတို့က လွန်ခဲ့သည့် နှစ်ပေါင်း (၅၀)ကျော်ခန့်က ခွန်လွန်တောင်သို့ ရောက်ရှိလာခဲ့ကြသူများ ဖြစ်ကြ၏။

ကျင်းယွီနှင့် ကျန်းရှီက ကျန်းလန်ကိုတွေ့သည့်အခါ မည်သူမှန်း မမှတ်မိဘဲ ခေါင်းညိတ်နှုတ်ဆက်လိုက်ကြသည်။ ကျန်းလန်ကလည်း သူတို့ကို ပြန်လည် ခေါင်းညိတ်နှုတ်ဆက်လိုက်၏။

ကျန်းရှီက…

“ဂိုဏ်းတူအစ်ကိုကျိုးစူး… အဲဒီ ဂိုဏ်းတူအစ်ကိုက ရှင့် သူငယ်ချင်းလား…”

သူမ၏ မေးခွန်းကြောင့် ကျိုးစူး စိတ်သက်သာရာရသွားသည်။

သူက ကျန်းလန်ကို အဖွဲ့ခေါင်းဆောင်ဖြစ်မည်ဟု အစကတည်းက ထင်မထားခဲ့ပေ။

အဖွဲ့ခေါင်းဆောင်ဆိုသည်က မတ်တတ်ရပ်နေရုံဖြင့် ကြီးမားသည့် တန်ခိုးစွမ်းအားများကို ခံစားရမည်ဖြစ်လေသည်။ သို့သော် ကျန်းလန်ပတ်ဝန်းကျင်ရှိ လေထုကတော့ အတော်လေး သက်သောင့်သက်သာ ရှိလှသည်။

ကျိုးစူးက ရှက်ကိုးရှက်ကန်းအမူအရာဖြင့်…

“အင်း… အဲဒီလိုပြောလို့ ရပါတယ်…”

ထို့နောက် သူက ချက်ချင်းပင် စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“မင်းတို့တွေ အဖွဲ့ခေါင်းဆောင်အတွက် လက်ဆောင်ရော ယူလာကြသလား…”

သူ့စကားကြောင့် ကျင်းယွီနှင့် ကျန်းရှီတို့ စိတ်ရှုတ်ထွေးသွားကြသည်။

“ဘာလို့ အဖွဲ့ခေါင်းဆောင်ကို လက်ဆောင်ပေးရမှာလဲ…”

သူတို့ (၂)ယောက် အနည်းငယ် နားမလည်ဖြစ်သွားကြသည်။

ကျန်းလန် ခေါင်းတစ်ချက်ဆတ်လိုက်မိသည်။ ကြည့်ရသည်မှာ ကျိုးစူးက လက်ဆောင်ပေးသူအနည်းငယ်ထဲမှ တစ်ယော် ဖြစ်နိုင်သည်။

ကျိုးစူး၏ လုပ်ရပ်က မှားနေသည်လား။

တကယ်တော့ မမှားပေ။

အဖွဲ့ခေါင်းဆောင်ကို လက်ဆောင်ပေးခြင်းဖြင့် အခြားသူများနှင့်ယှဉ်လျှင် ပိုပြီး အန္တရယ်ကင်းစေမည် ဖြစ်သည်။

သို့သော် ကျန်းလန်နှင့် လမ်းတွင် ဆုံတွေ့ခဲ့ရခြင်းက ကျိုးစူးအတွက် ကံမကောင်း ဖြစ်သွားစေသည်။

သို့ရာတွင် ကျန်းလန်က ထိုကိစ္စများကို စိတ်ထဲမထားပေ။ သူက မှော်ရုံနယ်မြေဖွင့်မည့်အချိန်ကိုသာ စောင့်နေလေသည်။

ခဏအကြာတွင် ပတ်ဝန်းကျင်တွင် လူမျာတစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။

စုစုပေါင်း လူ (၂၀) ဖြစ်၏။

ထိုစဉ်…

ကျောက်သားကလာဘ်ပေါ်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

“ရောက်နေသူများအားလုံး… မှော်ရုံနယ်မြေထဲကို ဝင်လို့ရပါပြီ…”

ထိုခဏမှာပင် သူတို့အားလုံး စကားပြောဆိုနေခြင်းကို ရပ်တန့်လိုက်ပြီး မှော်ရုနယ်မြေဝင်ပေါက်သို့ ကြည့်လိုက်ကြသည်။

“သွားကြစို့…”

ကျိုးစူးတို့ (၃)ယောက်၏ နားထဲသို့ ကျန်းလန်၏ အသံက ဝင်ရောက်လာသည်။

ထို့နောက် ကျန်းလန်က ရှေ့သို့ ခြေလှမ်းလှမ်းကာ ထွက်ခွာသွားသည်။

ထိုခဏမှာပင် ကျိုးစူးတို့ (၃)ယောက်မှာ ချက်ချင်း အံ့သြမှင်တက်သွာကြတော့၏။

ပတ်ဝန်းကျင်သို့ ကြည့်လိုက်သည့်အခါ အားလုံးက (၄)ယောက်တစ်ဖွဲ့စုစည်းထားကြသည်ကို တွေ့လိုက်ရသည်။

ဒါဖြင့်…

ကျိုးစူးတို့ (၃)ယောက် ကျန်းလန်ကို လှမ်းကြည့်လိုက်ကြသည်။

ထိုအခိုက်အတန့်တွင်…

သူတို့အားလုံး အကြပ်ခံလိုက်ရပြီဖြစ်ကြောင်း သိရှိလိုက်ကြလေတော့၏။

Comment

Leave a Reply

Options

not work with dark mode
Reset