Switch Mode

အခန်း (၁၈၀)

မရဏဂူမှအစီအရင်များ

အခန်း (၁၈၀) မရဏဂူမှအစီအရင်များ

ပဉ္စမတောင်ထွတ် ၊ မှော်ရုံနယ်မြေသို့သွားရာလမ်းပေါ်တွင် ကျန်းလန် လမ်းလျှောက်လျှက် ရှိသည်။

ယနေ့က မှော်ရုံနယ်မြေဖွင့်လှစ်မည့်နေ့ ဖြစ်၏။

ကျန်းလန်က ရှောင်ယွိနှင့်အတူမလာဘဲ တစ်ယောက်တည်း ထွက်လာခြင်းမှာ သူ့ကို လူအများက အာရုံစိုက်မည်ကို စိုးရိမ်သောကြောင့် မဟုတ်ပေ။

ရှောင်ယွိကိုယ်တိုင်က သူမတစ်ယောက်တည်း သွားချင်သည်ဟု ပြောလာသောကြောင့် ဖြစ်သည်။

ဤသည်လည်း ကောင်းသည့်အချက်ပင် ဖြစ်သည်။ သူတို့ (၂)ယောက် တစ်ယောက်ချင်းစီ လာရောက်ခြင်းက အခြားသူများ အာရုံစိုက်မိမည် မဟုတ်တော့ပေ။

လဝက်ခန့်အချိန်အတွင်း ကျန်းလန်က နာမ်ဝိညာဉ်ရောင်ပြန်ပညာအကြောင်း သုတေသနများထပ်မံပြုလုပ်ခဲ့ပြီး ထိုပညာကို ပိုမိုနားလည်လာခဲ့သည်။

သူက ထိုပညာကိုအသုံးပြုကာ နဝမတောင်ထွတ်မှ အစီအရင်များကိုပင် ထပ်မံအဆင့်မြှင့်တင်ထားသည်။

ထိုပညာဖြင့် နာမ်ဝိညာဉ်သေရည်ဆိုင်တစ်ဆိုင် တည်ဆောက်ရန်ထက် အစီအရင်များတွင် ထည့်သွင်းအသုံးပြုရန်က ပိုမိုလွယ်ကူလေသည်။

ယခုဆိုလျှင် နဝမမတောင်ထွတ်တွင် သူ ပြုလုပ်ထားသည့် အစီအရင်များက ယခင်ကနှင့် နှိုင်းယှဉ်မရတော့လောက်အောင် အဆင့်မြင့်မားနေပြီ ဖြစ်သည်။

သို့သော် အစီအရင်များကို ပြန်လည်ပြုပြင်ထားသည်မှာ မကြာသေးလေရာ ဖုံးကွယ်ထားရန် မဖြစ်နိုင်သေးပေ။ ဆရာဖြစ်သူသာ အမှတ်တမဲ့ဖြင့် သူပြုလုပ်ထားသည့်အစီအရင်များကို ခလုတ်ဝင်မတိုက်မိစေရန် မျှော်လင့်မိသည်။

မဟုတ်ပါက အစီအရင်ထဲတွင် ပိတ်မိနေပြီး ပြင်းထန်သည့် တန်ခိုးစွမ်းအားကိုအသုံးမပြုဘဲ ပြန်ထွက်လာနိုင်မည် မဟုတ်ပေ။

သို့သော် ဆရာဖြစ်သူက အလွန်တရာ တန်ခိုးစွမ်းအားမြင့်မားသူ ဖြစ်ကြောင်း ကျန်းလန် သိရှိသည်။

သူက လူသားအင်မော်တယ်အဆင့် ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ပြင် သူပိုင်ဆိုင်ထားသည့် အမှန်တရားမျက်လုံးတန်ခိုးစွမ်းအားက အစစ်အမှန်အင်မော်တယ်အဆင့်အထိ သိမြင်နိုင်စွမ်း ရှိလေသည်။

သို့ရာတွင် ဆရာဖြစ်သူကိုတော့ ကျန်းလန် သိမြင်နိုင်စွမ်း မရှိပေ။

ထို့ကြောင့် သူ့ဆရာက အစစ်အမှန်အင်မော်တယ် မဖြစ်နိုင်ဘဲ ထို့ထက်အဆင့်မြင့်သူတစ်ယောက် ဖြစ်ရပေမည်။ မိုးကောင်းကင်အင်မော်တယ်တစ်ပါးလားဆိုသည်ကတော့ ပြောရခက်သည်။

မိုးကောင်းကင်အင်မော်တယ်အဆင့်၏အထက်တွင် အဆင့် (၂)ဆင့်ခန့် ရှိနိုင်သေးသည်။ နဝမတောင်ထွတ်တွင်တော့ အသေးစိတ်မှတ်တမ်းများ ရေးသားထားခြင်း မရှိပေ။

“အချိန်ရမှ ခွန်လွန်တောင်စာကြည့်တိုက်မှာ သွားလေ့လာရမယ်… ၊ ဒါမှမဟုတ် စာအုပ်တွေ မိတ္တူကူးလာရမယ်…”

စာအုပ်များကို မိတ္တူကူးရေးရန် စဉ်းစားမိပြီးမှ တကယ်တမ်းတွင် မဖြစ်နိုင်ကြောင်း ကျန်းလန် နားလည်လိုက်သည်။

မိတ္တူကူးရေးရန်မှာ သူ့ကို စာကူးပေးသည့် လူတစ်ယောက်ရှိမှ ဖြစ်ပေလိမ့်မည်။

လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က ကျန်းလန် ပုံမှန်အတိုင်း ကျင့်ကြံခြင်းကို စတင်ပြုလုပ်ခဲ့သည်။ သို့သော် သူ၏ တိုးတက်မှုက နှေးကွေးခြင်း မရှိပေ။

“ငါတော့ နှစ်ပေါင်း (၁၀၀)အတွင်း အစစ်အမှန်အင်မော်တယ်အဆင့်ကို သေချာပေါက် အဆင့်တက်နိုင်မှာပဲ… ၊ အဲဒီထက်တောင် စောရင်စောဦးမယ်…”

ကျန်းလန် တွေးလိုက်သည်။

လူသားအင်မော်တယ်အဆင့်က အလှည့်အပြောင်းတစ်ခုမျှသာ ဖြစ်သည်။

ကျန်းလန်က သွေးနီရောင်နဂါးသေခြင်းတရား စမ်းသပ်ခံရခြင်းကို ကျော်ဖြတ်နိုင်ခဲ့သည့်အတွက် လူသားအင်မော်တယ်အဆင့်တွင် သိပ်ပြီးကြန့်ကြာမနေဘဲ တန်းပြီး အဆင့်တက်သွားခြင်း ဖြစ်၏။

နောက်တစ်ချက်မှာ လူသားအင်မော်တယ်အဆင့်သို့ တက်ရောက်ပြီးနောက်ပိုင်း ပါရမီရှင်တစ်ယောက်ဖြစ်ရန် မလိုအပ်တော့ပေ။

ဤသည်က သူ့ကို များစွာပိုမိုပြီး စိတ်သက်သာရာရစေသည်။

ကျန်းလန် အတွေးများကို ရပ်တန့်လိုက်ပြီး မှော်ရုံနယ်မြေသို့သွားရာ လမ်းပေါ်တွင် ဆက်လက်လမ်းလျှောက်လာသည်။ သူက ပုံမှန်အတိုင်း လမ်းလျှောက်လာခြင်းဖြစ်ပြီး နှေးလည်းမနှေးသလို မြန်လည်းမမြန်ပေ။

“ပဉ္စမတောင်ထွတ်ရဲ့ မှော်ရုံနယ်မြေမှာ စနစ်မှတ်ပုံတင်ရင် ထူးခြားတာတစ်ခုခု ရနိုင်မလား မသိဘူး…”

ကျန်းလန်တွေးလိုက်၏။

တတိယတောင်ထွတ်၏ မှော်ရုံနယ်မြေသို့ ဝင်ရောက်စဉ်က မိုးနဲ့မြေကိုဖန်ဆင်းခြင်း ဆေးလုံး ရရှိခဲ့သည်။

နဝမတောင်ထွတ်၏ ငရဲတံခါးတွင် ပထမဆုံး စနစ်မှတ်ပုံတင်စဉ်က မိုးနဲ့မြေကိုဖန်ဆင်းခြင်း တာအိုကျမ်းစာကို ရရှိခဲ့သည်။

ထိုအရာများအားလုံးက “မိုးနဲ့မြေကိုဖန်ဆင်းခြင်း” နာမည်များ ဖြစ်ကြသည်။

ထို့ကြောင့် ယခု ပဉ္စမတောင်ထွတ်၏ မှော်ရုံနယ်မြေတွင် စနစ်မှတ်ပုံတင်လျှင် “မိုးနှင့်မြေကိုဖန်ဆင်းခြင်း” အမည်ဖြင့် တစ်စုံတစ်ခုရရှိရန် အခွင့်အရေးရှိလေသည်။

ထိုသို့ဆိုလျှင် သူ၏ ကျင့်ကြံခြင်းအတွက် များစွာ အထောက်အကူပြုမည် ဖြစ်သည်။

“ဒါပေမဲ့ အရင်က တတိယတောင်ထွတ်က မှော်ရုံနယ်မြေထဲမှာ ဂိုဏ်းတူအစ်မလုန်ယွိ တိုက်ခိုက်ခံခဲ့ရတယ်… ၊ အခုရော အဲဒီလိုမျိုး ဖြစ်လာဦးမလား မသိဘူး… ၊ ဖြစ်လာနိုင်ချေတော့ မရှိဘူးထင်တာပဲ…”

ကျန်းလန် ခေါင်းခါရမ်းလိုက်သည်။

ထိုစဉ်က လုန်ယွိမှာ ရွှေပြဒါးအမြုတေအဆင့်သာ ရှိသေးပြီး ယခုဆိုလျှင် မရှိမှုအာကာသအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။

မရှိမှုအာကာသအဆင့် ကျင့်ကြံသူတစ်ယောက်ကို ဝိုင်းဝန်းလုပ်ကြံရန်မှာ မလွယ်ကူလှပေ။ မရှိမှုအာကာသအဆင့် ကျင့်ကြံသူများစွာ ရှိနေမှ လုပ်ကြံမှု အောင်မြင်မည် ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်း (၅၀)ခန့်က ဒုတိယတောင်ထွတ်မှ ဦးဆောင်ပြီး ခွန်လွန်တောင်တွင်ရှိနေသည့် သူလျှိုအများအပြားကို သတ်ဖြတ်ပစ်ခဲ့သည်။

ထို့ကြောင့် နှစ်ပေါင်း (၅၀)အတွင်း မရှိမှုအာကာသအဆင့်သို့ ရောက်ရှိနေသည့် သူလျှိုများ အများအပြားရှိနေမည် မဟုတ်ပေ။ သို့သော် မူလဝိညာဉ်အဆင့် ကျင့်ကြံသူများကတော့ များစွာရှိနိုင်လေသည်။

မူလဝိညာဉ်အဆင့်…။

ကျန်းလန်က အများအမြင်တွင် မူလဝိညာဉ်အဆင့် ဖြစ်လေသည်။

အတွေးတစ်ခု ကျန်းလန်ခေါင်းထဲ ဝင်ရောက်လာသည်။

“သူတို့တွေ ငါ့ကိုတော့ ပစ်မှတ်မထားလောက်ဘူး မဟုတ်လား…”

သူက ခွန်လွန်တောင်အတွက် အလွန်အရေးပါသူ တစ်ယောက်ဖြစ်သည်။

တကယ်တမ်း အရေးမပါလှဘူးဆိုလျှင်တောင်မှ အပေါ်ယံလောက်တော့ အရေးပါသူ ဖြစ်သည်။

ခွန်လွန်တောင်နှင့် နဂါးမျိုးနွယ်ကြား ပြဿနာ ဖြစ်စေလိုလျှင် သူ့ကိုသတ်လိုက်ခြင်းက အကောင်းဆုံးဖြစ်သည်။

“……………….”

ထိုသို့တွေးမိသည့်အခါ ပိုပြီး သတိရှိရန် ကျန်းလန် ဆုံးဖြတ်လိုက်သည်။

ထို့နောက် ကျန်းလန် အတွေးများကို ရပ်တန့်လိုက်ပြီး သတိကြီးစွာဖြင့်ပင် ပဉ္စမတောင်ထွတ် ၊ မှော်ရုံနယ်မြေသို့ ဆက်လက်လမ်းလျှောက်လာခဲ့လေသည်။

ထိုစဉ်…

“ရပ်လိုက်….”

ကျန်းလန် အသံတစ်သံ ကြားလိုက်ရသည်။

ကျန်းလန် ချက်ချင်းပင် ခြေလှမ်းများ တုန့်ဆိုင်းသွားပြီး ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်သည်။

ပတ်ဝန်းကျင်တွင် မည်သူ့ကိုမှ မတွေ့ရသဖြင့် ကျန်းလန် နောက်သို့ လှည့်ကြည့်လိုက်သည်။

ထိုအခါ သူ့ထံပြေးလာသည့် ရွှေပြဒါးအမြုတေအဆင့် လူငယ်ကျင့်ကြံသူတစ်ယောက်ကို တွေ့လိုက်ရလေ၏။

သူ ထိုလူငယ်နှင့် ဆုံဖူးလေသည်။ တောင်ခြေသေရည်ဆိုင်တွင် တစ်ခါတွေ့ဖူးသလို ၊ ကောင်းကင်ပြာမြို့တော်တွင်လည်း တစ်ခါတွေ့ဖူးသည်။

လွန်ခဲ့သည့်နှစ် ကောင်းကင်ပြာမြို့တော်တွင် တွေ့ဆုံစဉ်က သူ့ကို ရွှေစ ငွေစများနှင့် သိညာဉ်ကျောက်တုံး လဲပေးခဲ့သည့် လူငယ်လေး ဖြစ်သည်။

ထိုလူငယ်လေးထံမှ လဲလာသည့် ငွေကြေးများကို ကျန်းလန်က ရှောင်ယွိအတွက် တုတ်ထိုးသကြားလုံး (၂)ချောင်းဝယ်ပြီးနောက် ပိုသည့်ပိုက်ဆံများကို သိမ်းဆည်းထားခဲ့သည်။

နောက်ထပ်တစ်ကြိမ် ပြင်ပလောကသို့ထွက်ရန် မရည်ရွယ်သော်လည်း ဆရာဖြစ်သူက စေခိုင်းလျှင် သို့မဟုတ် ခွန်လွန်တောင်မှ တာဝန်ပေးအပ်ခြင်းခံရလျှင် အသုံးပြုနိုင်ရန်အတွက် သိမ်းဆည်းထားခြင်း ဖြစ်၏။

ထိုသို့ ပိုငွေအချို့ကို သိမ်းဆည်းထားသည်မှာ မှားယွင်းသည့်အလုပ်မှ မဟုတ်ပေပဲ။

သို့သော် ဤလူငယ်က သူ့ကို အဘယ့်ကြောင့် တားဆီးရပါသနည်း။

လူငယ်…

“အဲဒီအတိုင်း ရပ်နေစမ်း…”

ထို့နောက် ကျိုးစူးက ဝိညာဉ်ကျောက်တုံးတစ်ထုပ်ကို ထုတ်ယူလိုက်ပြီး ကျန်းလန်ရှိရာသို့ ဆက်လက်ပြေးလွှားလာသည်။

သူ့ကိုကြည့်ရသည်မှာ အတော်လေး စိတ်ရှုတ်ထွေးနေဟန်ရှိပြီး သူ့ရှေ့မှ စားပွဲထိုးကောင် ထွက်ပြေးသွားမည်ကို စိတ်ပူနေမိ၏။

ကျန်းလန်က…

“ဘာများဖြစ်လို့လဲ…”

ကျိုးစူး သူ့အနားသို့ ရောက်ရှိလာသည်။

သူတို့အနေအထားက အလွန်နီးကပ်နေသည့်အတွက် ကျန်းလန်က ချက်ချင်းပင် သတိအနေအထား ပြင်ဆင်ထားလိုက်သည်။

ကျိုးစူးက ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လေသည်။

သို့သော် ကျိုးစူးက သူ၏ကျင့်ကြံခြင်းအဆင့်ကို ကျန်းလန်မသိမြင်နိုင်အောင် ဖုံးကွယ်ထားပါက မည်သို့ ရှိမည်နည်း။ ရန်သူကို လျှော့တွက်မိလျှင် သေလောက်သည့်အန္တရယ်ကို ရင်ဆိုင်ရနိုင်ပေသည်။

သို့သော် သူက အများအမြင်တွင် မူလဝိညာဉ် ၊ ကနဦးအဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း တကယ်တမ်းတွင် လူသားအင်မော်တယ် နောက်ဆုံးအဆင့် ဖြစ်လေသည်။

ထို့ကြောင့် ကျိုးစူးအန္တရယ်ပြုလာလျှင်လည်း ရင်ဆိုင်နိုင်မည် ဖြစ်သည်။

“ဒီမှာ မင်းရဲ့ဝိညာဉ်ကျောက်တုံးတွေ…”

ကျိုးစူးက ကျန်းလန်အနားရောက်သည်နှင့် လက်ထဲတွင်ကိုင်ထားသည့် အိတ်ထဲမှ ဝိညာဉ်ကျောက်တုံး (၁၀)တုံး ထုတ်ယူပြီး ကျန်းလန်ကို ပေးလိုက်သည်။

ကျန်းလန်က အနည်းငယ်စိတ်ရှုတ်ထွေးသွားဟန်ဖြင့် ကျိုးစူးကို ကြည့်လိုက်ရင်း…

“ကျုပ်ရဲ့ ဝိညာဉ်ကျောက်တုံးတွေ… ဟုတ်လား…”

ကျိုးစူး၏ အပြုအမူများက အနည်းငယ် ထူးဆန်းနေသည်။

“အရင်တစ်ခေါက်က မင်း ကျုပ်ကို ဝိညာဉ်ကျောက်တုံးတွေ ပေးသွားတာလေ… ၊ အဲဒါ ကျုပ် စော်ကားခံလိုက်ရတယ်လို့ပဲ ခံစားနေရတယ်… အဲ… နေပါဦး… ဒါနဲ့… ဒါနဲ့ မင်းက ခွန်လွန်တောင်က တပည့်လား…”

ကျိုးစူးက စကားပြောနေရင်း ကျန်းလန် ဝတ်ဆင်ထားသည့်အဝတ်အစားများကို သတိပြုလိုက်မိသည်။

ကျန်းလန်က ခွန်လွန်တောင်မှတပည့်များ ဝတ်ဆင်လေ့ရှိသည့် အဝတ်အစားများကို ဝတ်ဆင်ထားသည် မဟုတ်ပါလား။

ထို့ပြင် ကျန်းလန်ဝတ်ဆင်ထားသည့်အဝတ်အစားများက ခွန်လွန်တောင်သို့ နှစ်ပေါင်း (၁၀၀) ကျော်ခန့်က ရောက်ရှိနေသည့် တပည့်တစ်ယောက် ဝတ်ဆင်လေ့ရှိသည့် အဝတ်အစားများ ဖြစ်လေသည်။

ဤသူက သူ၏ ဂိုဏ်းတူအစ်ကိုတစ်ယောက်များလား။

ကျိုးစူးအနည်းငယ် စိတ်ရှုတ်ထွေးသွားသည်။ သူက ဤဂိုဏ်းတူအစ်ကိုအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ဖူးခြင်း မရှိပေ။

ထို့ကြောင့် ချက်ချင်း လေသံကို လျှော့ပြောရန် ဆုံးဖြတ်လိုက်သည်။

သို့ရာတွင် အဖြစ်အပျက်များကိုတော့ သူ လက်ခံနိုင်ခြင်း မရှိသေးပေ။ သေရည်ဆိုင်က စားပွဲထိုးက အဘယ့်ကြောင့် သူ၏ ဂိုဏ်းတူအစ်ကို ဖြစ်နေရပါသနည်း။

“ဟုတ်တယ်လေ…”

ကျန်းလန်က အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။ သူ့တွင် အခြားအတွေး မရှိပေ။

ကျိုးစူး ချက်ချင်းလေသံ ပြောင်းသွားသည်။

“အဟဲ… စောစောက ဂိုဏ်းတူအစ်ကိုများ ဝိညာဉ်ကျောက်တုံးတွေ ကျကျန်ခဲ့သလားလို့ပါ…”

စာပွဲထိုးပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဂိုဏ်းတူအစ်ကိုက ဂိုဏ်းတူအစ်ကိုသာ ဖြစ်သည်။

ထို့ပြင် တစ်ဖက်လူက သူ့ထက်တန်ခိုးစွမ်းအား မြင့်မားကြောင်းကို ကျိုးစူး ရိပ်မိလိုက်သည်။ ရွှေပြဒါးအမြုတေ နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်သည်။

မည်သို့ပင်ဖြစ်စေ ဤဂိုဏ်းတူအစ်ကိုကို တစ်စုံတစ်ခု ပြန်ပေးခြင်းဖြင့် မျက်နှာလု်သည်က ပိုကောင်းသည်ဟု သူ တွေးလိုက်သည်။

“ဟို… အဲ… တကယ်တော့… ဂိုဏ်းတူအစ်ကို စောစောက လမ်းမှာ ဒီဝိညာဉ်ကျောက်တုံးတွေ ပြုတ်ကျကျန်ခဲ့တာ…”

ကျိုးစူးက အိတ်ထဲမှ ဝိညာဉ်ကျောက်တုံးများကို ထပ်မံထုတ်ယူလိုက်ရင်း ပြောလိုက်သည်။

သူပေးသည့်ဝိညာဉ်ကျောက်တုံးများကို ကျန်းလန် လက်ခံရန် မျှော်လင့်မိသည်။

ကျန်းလန်က….

“ဒါတွေက ကျုပ်ရဲ့ ဝိညာဉ်ကျောက်တုံးတွေ မဟုတ်ပါဘူး… ၊ ဒါနဲ့… တခြား ဘာကိစ္စများရှိသေးလဲ…”

ဤဂိုဏ်းတူညီလေး ဘာတွေတွေးနေသည်ကို ကျန်းလန် သဘောပေါက်သွားပြီ ဖြစ်သည်။

သို့သော် သူက အခြားသူများနှင့် ပတ်သက်လိုခြင်း မရှိသောကြောင့် လှည့်ပတ်မနေဘဲ တိုက်ရိုက်ပင် ငြင်းဆန်လိုက်သည်။

“မရှိပါဘူးဗျာ…”

ကျိုးစူးက ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းရင်း ပြန်ပြောလိုက်သည်။ ကျန်းလန်က ဝိညာဉ်ကျောက်တုံးများကို လက်မခံသောကြောင့် သူလည်း ဘာမှမတတ်နိုင်တော့ပေ။

ကျန်းလန်က ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး ရှေ့ဆက် လျှောက်သွား၏။

မှော်ရုံနယ်မြေဝင်ပေါက်က ဖွင့်တော့မည် ဖြစ်လေသည်။

“ဂိုဏ်းတူအစ်ကိုလည်း မှော်ရုံနယ်မြေကို ဝင်မှာလားဗျ… ၊ ဘယ်အဖွဲ့ဝင်တွေနဲ့အတူ သွားရမှာလဲဟင်…”

ကျိုးစူး ရဲဆေးတင်ကာ ကျန်းလန်နောက်လိုက်သွားပြီး မေးလိုက်သည်။

“ဂိုဏ်းတူအစ်ကို… ကျွန်တော့်နာမည်က ကျိုးစူးပါ… ၊ ကျွန်တော့်အဖွဲ့ဝင်တွေက ပဉ္စမတောင်ထွတ်က ကျင်းယွီနဲ့ ကျန်းရှီပါ…”

ထိုစကားကိုကြားတော့ ကျန်းလန် ကျိုးစူးကို လှည့်ကြည့်လိုက်ရင်း…

“ဟိုရောက်ရင် သိမှာပေါ့ကွာ…”

ကျန်းလန်က ခပ်အေးအေးနှင့် သိမ်သိမ်မွေ့မွေ့ပင် ပြန်ပြောလိုက်၏။

ကျိုးစူးက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး မည်သူမှ အနားတွင်မရှိသည်မှာ သေချာတော့မှ လေသံတိုးတိုးဖြင့်…

“ဂိုဏ်းတူအစ်ကိုရော… လက်ဆောင်ပြင်ဆင်မလာဘူးလား…”

ကျန်းလန်က…

“ဘာလက်ဆောင် ပြင်ဆင်ရမှာလဲ…”

ကျိုးစူးက…

“အဖွဲ့ခေါင်းဆောင်အတွက် လက်ဆောင်လေ…”

ထို့နောက် ကျိုးစူးက ထူးထူးဆန်းဆန်းစကားများဖြင့် ဆက်ရှင်းပြလေတော့၏။

“ပဉ္စမတောင်ထွတ်ရဲ့ မှော်ရုံနယ်မြေက အရမ်းအန္တရယ်များတယ်တဲ့… ၊ အဖွဲ့ခေါင်းဆောင်တွေကသာ အန္တရယ်က ကာကွယ်ပေးနိုင်မှာ… ၊ ဒါပေမဲ့ အဖွဲ့ခေါင်းဆောင်တွေက ဒုက္ခပေးရင်တော့ ပြောစရာမလိုတော့ဘူး… ၊ သေတောင်သေသွားနိုင်တယ်…”

ခဏနားပြီးမှ ကျိုးစူးက ဆက်ပြောသည်။

“ဒါကြောင့် အဖွဲ့ဝင်တစ်ယောက်နဲ့ အဖွဲ့ခေါင်းဆောင်ရဲ့ ဆက်ဆံရေးက အရမ်းအရေးကြီးတယ်လေ… ၊ မှော်ရုံနယ်မြေထဲရောက်သွားရင် ဂိုဏ်းတူအစ်ကိုရဲ့အသက်က အဖွဲ့ခေါင်းဆောင်လက်ထဲ ရောက်သွားပြီ… ၊ ဒီတော့ နည်းသည်များသည် မဟုတ်ပေမယ့် အဖွဲ့ခေါင်းဆောင်ကို လက်ဆောင်လေးဘာလေး ပေးမှဖြစ်မှာပေါ့… ၊ ဘာမှတော့ အရေးစိုက်နေစရာ မလိုပါဘူး… ၊ ဒါပေမဲ့ အဖွဲ့ခေါင်းဆောင်က ဂိုဏ်းတူအစ်ကိုကို ဒုက္ခမပေးတော့ဘူးပေါ့…”

ကျန်းလန် ကျိုးစူးပြောသည့်စကားများကို အဆုံးထိ နားထောင်နေ၏။

ထို့နောက် သူ တတိယတောင်ထွတ်ရှိ မှော်ရုံနယ်မြေအတွင်းသို့ ဝင်စဉ်က အဖွဲ့ခေါင်းဆောင်ဖြစ်သည့် လုန်ယွိကို မည်သူက လက်ဆောင်ပေးခဲ့သနည်းဟု ပြန်စဉ်းစားကြည့်လိုက်သည်။

လုန်ယွိ၏ အေးစက်လွန်းသည့် အမူအရာကြောင့် လက်ဆောင်ပေးဖို့မပြောနှင့် အနားပင် မကပ်ရဲကြပေ။ သို့သော် လုန်ယွိက သူ့တာဝန်သူကျေပြီး ဂိုဏ်းတူမောင်ငယ် ၊ ညီမငယ်များကို ကာကွယ်ပေးသွားသည်ပဲ ဖြစ်သည်။

သို့ပေသိ သူမက ဂိုဏ်းတူမောင်ငယ် ၊ ညီမငယ်မျး၏ ကိစ္စများကိုတော့ ဝင်ရောက်စွက်ဖက်တတ်သည်။

ဒါဖြင့် ကျန်းလန်ကရော…။

ထိုစဉ်က ကြည်ပြာရောင် ဆောင်းဝိညာဉ်ဓားကို ဆွဲထုတ်ပြီး ရှင်းကျောက်ကို ထိုးချိန်ကာ စကားပြောဆင်ခြင်ရန် ပြောဆိုခဲ့သည့် လုန်ယွိက သူနှင့်တော့ သိပ်ပြီး မတူညီကြောင်း ကျန်းလန် ခံစားရသည်။

သူကတော့ တာဝန်နှင့်ပတ်သက်သည့် လိုအပ်သည်များအားလုံးကို ပြုလုပ်သွားမည်ဖြစ်ပြီး အခြားကိစ္စများကို ဝင်ပါမည် မဟုတ်ပေ။

ကျန်းလန်က…

“အဖွဲ့ခေါင်းဆောင်က မင်းပေးတဲ့ လက်ဆောင်ကို လက်မခံမှာ မစိုးရိမ်ဘူးလား…”

ကျိုးစူးက ခပ်တိုးတိုးလေသံဖြင့်…

“သိပ်ပြီးတန်ဖိုးမကြီးလွန်းတာလေးတွေ ပေးရမှာပေါ့ဗျာ… ၊ ဒါဆိုရင် အဖွဲ့ခေါင်းဆောင်အနေနဲ့လည်း လက်ခံရတာ မကောင်းမဖြစ်တော့ဘူးပေါ့… ၊ ပြီးတော့ ရည်ရွယ်ချက်ကောင်းနဲ့ ပေးတဲ့လက်ဆောင်ဆိုတာကို အဖွဲ့ခေါင်းဆောင်က နားလည်မှာပဲ မဟုတ်လား… ၊ တခြားအငြိုးအာဃာတတွေ မရှိဘူးဆိုရင် အန္တရယ်ကင်းပြီပေါ့…”

ပြီးမှ ကျိုးစူးက ထပ်မေးလိုက်ပြန်သည်။

“ဂိုဏ်းတူအစ်ကိုရော ဘာလက်ဆောင် ပြင်ဆင်လာလဲ…”

ကျန်းလန် တိတ်ဆိတ်သွားသည်။

သူ့အထက်မှ ခေါင်းဆောင်က လုန်ယွိ ဖြစ်နေသည် မဟုတ်ပါလား။

လုန်ယွိကို သူက လက်ဆောင်ပေးနေရဦးမှာလား။ သူက လက်ဆောင်ပေးလျှင်ရော လုန်ယွိက လက်ခံမှာတဲ့လား။

လက်ခံကောင်းလက်ခံပေလိမ့်မည်။ သူပေးသည့် တုတ်ထိုးသကြားလုံးများကို သူမက သဘောကျသည် မဟုတ်လား။

ထိုသို့ဖြင့် ပဉ္စမတောင်ထွတ်မှော်ရုံနယ်မြေဝင်ပေါက်သို့ သူတို့ ရောက်ရှိလာကြသည်။

ကျန်းလန်က…

“ရောက်ပြီ…”

ထိုနေရာတွင် လူအချို့ စုရုံးမတ်တတ်ရပ်နေကြပြီး သူတို့အားလုံးက မူလဝိညာဉ်အဆင့် ကျင့်ကြံသူများနှင့် ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူများ ဖြစ်ကြလေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset