အခန်း (၁၇၉)

အစီအရင်များအစွမ်းမြင့်တက်သွားစေရန်

အခန်း (၁၇၉) အစီအရင်များအစွမ်းမြင့်တက်သွားစေရန်

ကျန်းလန်က…

“ဂိုဏ်းတူအစ်မလည်း အဖွဲ့ခေါင်းဆောင်လုပ်ရမှာလား…”

“အင်းလေ… ဘာဖြစ်လို့လဲ…”

ရှောင်ယွိက ကျန်းလန်ဘက် ခေါင်းလေးအသာစောင်းကြည့်ရင်း မေးလိုက်သည်။

ကျန်းလန်က မျက်ခုံးများကို တွန့်ချိုးထားပြီး အနည်းငယ် ချီတုံချတုံ ဖြစ်နေပြီးမှ သိမ်မွေ့သည့် လေသံဖြင့် မေးလိုက်သည်။

“ဒါပေမဲ့ ဂိုဏ်းတူအစ်မက ကျင့်ကြံခြင်းအဆင့်တက်ဖို့ပဲ အာရုံစိုက်နေတာမဟုတ်လား… ၊ အစီအရင်ပညာကျတော့…”

ရှောင်ယွိက မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ရင်း…

“ဂိုဏ်းတူမောင်လေးက ကျွန်မရဲ့ အစီအရင်ပညာကို အားနည်းတယ်လို့ ပြောမလို့ မဟုတ်လား…”

ကျန်းလန်က တိုက်ရိုက်မပြောဘဲ စကားကို သွယ်ဝိုက်ပြောလိုက်သည်။

“ကျွန်တော်က သိချင်တာပါ…”

ကျန်းလန်က နာမ်ဝိညာဉ်ရောင်ပြန်ပညာ ကျမ်းစာအုပ်ကို လက်ထဲတွင်ကိုင်ထားရင်း ငြိမ်သက်လျှက် ရှိလေသည်။

ရှောင်ယွိက…

“ရှင့်လောက်တော့ မတော်ဘူးပေါ့… ဂိုဏ်းတူမောင်လေးရယ်… ၊ ဒါပေမဲ့ ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတွေထက်တော့ ကျွန်မက အများကြီးသာတာပေါ့… ၊ ပြီးတော့…”

ရှောင်ယွိက စကားကို ဆက်မပြောဘဲ ကျန်းလန်ကို ပြုံးပြီး ကြည့်လိုက်သည်။

“မှော်ရုံနယ်မြေထဲရောက်လို့ ကျွန်မ အခက်အခဲကြုံရလည်း ဂိုဏ်းတူမောင်လေးဆီ အကူအညီတောင်းလို့ရတာပဲလေ… ၊ မဟုတ်ဘူးလား… ၊ ပြောပါဦး… ဂိုဏ်းတူမောင်လေးက ကျွန်မကို ကူညီမယ်မဟုတ်လားဟင်…”

ကျန်းလန်ကတော့ အစီအရင်ပညာကို အတော်လေး နက်နက်နဲနဲ နားလည်သူဖြစ်သည်။

ထိုအကြောင်းကို အခြားသူများ မသိခင်ကတည်းက ရှောင်ယွိက သိရှိခဲ့ခြင်း ဖြစ်၏။

တတိယတောင်ထွတ်၏ မှော်ရုံနယ်မြေထဲတွင် ကျန်းလန်၏ မြူခိုးများကိုလွင့်ပြယ်စေသည့် အစီအရင်ကြောင့်သာ သူမ အသက်ရှင်သန်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က ကျန်းလန်၏ အစီအရင်ကိုသာ အသုံးပြုခဲ့ခြင်း မရှိလျှင် အမည်မသိ အကြီးအကဲတစ်ယောက်က ရန်သူများကို လာရောက်ချေမှုန်းပေးသည့်တိုင် သူမ အသက်ရှင်သန်နိုင်မည် မဟုတ်ပေ။

နောက်ပိုင်း မူလဝိညာဉ်အဆင့် တက်ရောက်နိုင်ရန်အတွက် မရဏဂူအဝင်ဝတွင် လာရောက်ကျင့်ကြံသည့်အချိန်တွင် ကျန်းလန်၏ လမ်းညွှန်ပေးမှုဖြင့် နတ်ဘုရားရောင်ဝါ အစီအရင်ကို သူတို့ ပြုပြင်နိုင်ခဲ့ကြသည်။

သူမ ကျောက်စိမ်းရေကန်သို့ ဝင်ရောက်နိုင်သည်မှာလည်း ကျန်းလန်နှင့်အတူတူ ပူးပေါင်း လုပ်ဆောင်ခဲ့သောကြောင့် ဖြစ်သည်။

ရှောင်ယွိက…

“တကယ်တော့ ကျွန်မ ကံကောင်းခဲ့တယ်ဆိုတာလည်း ဂိုဏ်းတူမောင်လေးကြောင့်ပါပဲ…”

ကျန်းလန်က သူ့လက်ထဲမှ စာအုပ်ကို တဖျတ်ဖျတ်လှန်နေရင်း…

“ဒါဖြင့် ဂိုဏ်းတူအစ်မနဲ့ ကျွန်တော့်ကြားမှာ မျှမျှတတရှိတယ် ဆိုပါတော့…”

နောက်ပိုင်းကိစ္စများတွင် သူတို့ (၂)ယောက်အတွက် မျှတမှု ရှိချင်မှ ရှိကြပေတော့မည်။

သူတို့ (၂)ယောက်လုံး မျှတမှုကို စိတ်မဝင်စားကြတော့သည့်အချိန်သို့လည်း ရောက်ရှိလာနိုင်သည်။

“ရော့…”

ရှောင်ယွိက ကျန်းလန်ကို စာရွက်အပိုင်းအစလေးတစ်ခု ပေးလိုက်သည်။

“ဒီတစ်ခေါက် မှော်ရုံနယ်မြေထဲကိုဝင်မယ့်တပည့်တွေကို ပုံသေသတ်မှတ်ထားတယ်… ၊ ဒါက ဂိုဏ်းတူမောင်လေး ဦးဆောင်ရမယ့် အဖွဲ့ဝင်တွေစာရင်း… ကျွန်မ ဆရာ့ဆီက တောင်းလာတာ…”

“ဟမ်… ဆရာက ဘာလို့ ကျွန်တော့်ကို မပေးရတာလဲ မသိဘူး…”

ကျန်းလန်ရေရွတ်လိုက်ရင်း ရှောင်ယွိပေးသည့် စာရွက်လေးကို လှမ်းယူလိုက်သည်။

သူဦးဆောင်ရမည့်အဖွဲ့ထဲတွင် မည်သူပါဝင်သည်က အရေးကြီးသည့်အချက်မဟုတ်ဟု ဆရာဖြစ်သူက ယူဆဟန်ရှိသည်။

တကယ်လည်း ထိုအချက်က ကိစ္စသိပ်မရှိပေ။

“ကျေးဇူးအများကြီးတင်ပါတယ်…. ဂိုဏ်းတူအစ်မ…”

ကျန်းလန်က နာမည်စာရင်းကို ယူလိုက်ပြီး ရှောင်ယွိကို သိမ်မွေ့စွာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

ထို့နောက် ကျန်းလန်က စာရွက်လေးထက်မှ နာမည် (၃)ခုကို ဖတ်ကြည့်လိုက်သည်။

ကျိုးစူး ၊ ကျင်းယွီ ၊ ကျန်းရှီ။

အရင်က ထိုနာမည်များကို ကြားဖူးသလိုလိုတော့ရှိသည်ဟု ကျန်းလန်တွေးလိုက်သည်။ သို့သော် အမှတ်တမဲ့မျှသာ ဖြစ်သည်။

ကျန်းလန်က…

“ဂိုဏ်းတူအစ်မရဲ့ အဖွဲ့ထဲမှာလည်း လူ (၃)ယောက်ပဲလား…”

ကျန်းလန်က စာရွက်မှ အကြည့်ကို လွှဲဖယ်လိုက်ပြီး လုန်ယွိကို လှမ်းကြည့်လိုက်သည်။

“ဟင့်အင်း…”

ရှောင်ယွိက သူမ၏ သစ်သားဓားလေးကို ထုတ်ယူလိုက်ရင်း…

“ကျွန်မက အဖွဲ့ကြီးတစ်ခုလုံးကို ဦးဆောင်ရမှာ…”

“…………………”

ရှောင်ယွိစကားကြောင့် ကျန်းလန် ဆွံ့အသွား၏။

သို့ရာတွင် ရှောင်ယွိက မရှိမှုအာကာသအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း ကျန်းလန် ချက်ချင်း သတိရသွားသည်။

သူက မူလဝိညာဉ်အဆင့်မျှသာရှိသေးရာ ရှောင်ယွိနှင့် မည်သို့ အဆင့်တူညီနိုင်ပါမည်နည်း။

ထို့နောက် သူတို့ စကားဆက်မပြောဖြစ်ကြတော့ပေ။

ရှောင်ယွိက ရင်ပြင်ထက်တွင်ထိုင်ရင်း သူမ၏သစ်သားဓားအတွင်းမှ နဂါးသုတ်သင်ဓားဝိညာဉ်ကို စတင်လေ့လာနေသည်။

ကျန်းလန်ကတော့ နာမ်ဝိညာဉ်ရောင်ပြန်ပညာ ကျမ်းစာအုပ်ကို ဖွင့်လိုက်ပြီး စတင်စစ်ဆေးကြည့်နေ၏။

စာအုပ်ထဲတွင် စာလုံးများ မရှိပေ။ သို့သော် စာလုံးများမရှိသောကြောင့် ပညာရပ်ကို နားမလည်နိုင်ဟု မဆိုလိုပေ။

ကျန်းလန် စိတ်တည်ငြိမ်သည့် အဆင့်တစ်ခုသို့ ရောက်ရှိသွားသည့်အခါ စာအုပ်က အလိုလိုပွင့်လာလေသည်။

စာလုံးများရေးသားထားခြင်းမရှိသည့် စာအုပ်ပွင့်လာသည်ကို တွေ့လိုက်သည်နှင့် ကျန်းလန် မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။

ခဏအကြာတွင်တော့ ကျန်းလန်၏ စိတ်အာရုံထဲတွင် စာအုပ်တစ်အုပ်ပေါ်လာလေသည်။ ထိုစာအုပ်က ရှေးဟောင်းကျမ်းစာအုပ်တစ်အုပ် ဖြစ်၏။

ကျမ်းစာအုပ်အဖုံးတွင်ရေးသားထားသည့်စာလုံးများမှာ “နာမ်ဝိညာဉ်ရောင်ပြန်ပညာ” ဟူ၍ပင် ဖြစ်သည်။ သို့သော် စကားလုံးများက ရေများစီးဆင်းနေသည့်ပမာ သက်ဝင်လှုပ်ရှားနေသကဲ့သို့ ဖြစ်သည်။

ကျန်းလန် အနီးကပ်ကြည့်ရှုလိုက်သည့်အခါ စကားလုံးများက လှုပ်ရှားနေခြင်း မရှိပြန်ပေ။

“ငါ့စိတ်အာရုံထဲက စာအုပ်တွေလိုပဲ…”

ကျန်းလန်၏စိတ်က တည်ငြိမ်နေသည့်တိုင် စာအုပ်တစ်အုပ်ကို ဤသို့နှယ် ပြုလုပ်ထားနိုင်သည့် သေရည်ဆိုင်ပိုင်ရှင်အဘိုးအိုကိုတော့ မလေးစားဘဲ မနေနိုင်ပေ။

ကျန်းလန် သူ၏ စိတ်အာရုံထဲမှ စာအုပ်ကို ဖွင့်လိုက်သည်။

ပထမဆုံးရေးသားထားသည့် စာကြောင်းမှာ…

“အတုအယောင်က အစစ်အမှန်ဖြစ်သလို အစစ်အမှန်သည်လည်း အတုအယောင် ဖြစ်သည်။ အစစ်အမှန်နှင့်အတုအယောင်ကြား ခြားနားမှုကို သိရှိရန် ခက်ခဲလှသည်”

ကျန်းလန် စာအုပ်ကို ဆက်ဖတ်လိုက်၏။

သူနားလည်သွားသည်မှာ ဤကျမ်းစာအုပ်က သူ့ကို ပညာရပ်တစ်ခုအကြောင်း သင်ပေးခြင်းမဟုတ်ဘဲ လောကတစ်ခု မည်သို့တည်ဆောက်ရမည်ကို သင်ပြပေးနေခြင်း ဖြစ်သည်။

အစီအရင်ပညာနှင့်ဆင်တူသော်လည်း အလုံးစုံတော့ တူညီခြင်း မရှိပေ။ ထို့ပြင် လောကတစ်ခု တည်ဆောက်ရန်အတွက် အင်မော်တယ်မန္တန်အချို့လည်း လိုအပ်သည်။

ဤသည်က နာမ်ဝိညာဉ်သေရည်ဆိုင်ကို တည်ဆောက်ရန်အတွက် အခြေခံဖြစ်သည်။

ကျန်းလန် စာအုပ်ကို ဆက်ဖတ်လိုက်ပြီး ချိတ်ဆက်တည်ဆောက်ခြင်း ပညာအကြောင်း ဆက်လက်လေ့လာလိုက်သည်။ လူတစ်ယောက်၏ စိတ်အာရုံ သို့မဟုတ် တန်ခိုးစွမ်းအားကို ချိတ်ဆက်မှုဆုံမှတ်အဖြစ် အသုံးပြုသည့် ပညာရပ် ဖြစ်သည်။

ကျမ်းစာအုပ်ကိုဖတ်ရင်း နာမ်ဝိညာဉ်ရောင်ပြန်ပညာမှာ သာမန်ပညာတစ်ခုမဟုတ်ကြောင်း ခံစားလိုက်ရသည်။

နာမ်ဝိညာဉ်သေရည်ဆိုင် ဆောက်လုပ်ခြင်းက ထိုပညာကို အသုံးပြုနည်းများထဲမှ တစ်ခုသာ ဖြစ်သည်။ ထို့ပြင် ထိုပညာကို အစီအရင်ပညာဖြင့် ပေါင်းစပ်အသုံးပြုလိုက်လျှင် မယုံကြည်နိုင်စရာ အစွမ်းထက်လာမည် ဖြစ်သည်။

ကျန်းလန်တွင် လုံလောက်သည့်တန်ခိုးစွမ်းအားရှိပြီး ပညာရပ်ကို အပြည့်အဝနားလည်သွားမည်ဆိုလျှင် မှော်ရုံနယ်မြေတစ်ခုကိုပင် တည်ဆောက်နိုင်မည် ဖြစ်သည်။

သေရည်ဆိုင်ပိုင်ရှင်အဘိုးအိုက သူ့ထံမှ တန်ရာတန်ကြေးမတောင်းဘဲ ဆရာဖြစ်သူထံမှ တန်ရာတန်ကြေးတောင်းယူသည်ကို ကျန်းလန် မအံ့သြတော့ပေ။

ဤစာအုပ်နှင့် ညီမျှသည့် တန်ရာတန်ကြေးကို ကျန်းလန်လည်း တတ်နိုင်မည် မဟုတ်ပေ။ သူ မတတ်နိုင်လေ သူ့ဆရာက သူ့အတွက် အနစ်နာခံရလေပင် ဖြစ်သည်။

အချိန်အတန်ကြာပြီးနောက် ကျန်းလန် ကျမ်းစာအုပ်တစ်ခုလုံးကို အကြမ်းဖျင်း ဖတ်ရှုပြီးသွားလေသည်။

မှော်ရုံနယ်မြေတစ်ခုတည်ဆောက်ရန်အထိ မတွေးရဲသေးသော်လည်း နာမ်ဝိညာဉ်သေရည်ဆိုင်တစ်ခုလောက် တည်ဆောက်ခြင်းက ကြီးမားသည့်ပြဿနာ မဟုတ်တော့ပေ။

လူသားအင်မော်တယ် တန်ခိုးစွမ်းအားဖြင့်ဆိုလျှင် နာမ်ဝိညာဉ်သေရည်ဆိုင်တစ်ခု သေချာပေါက် တည်ဆောက်နိုင်မည် ဖြစ်သည်။

သို့သော် အများအမြင်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်က မူလဝိညာဉ် ၊ အလယ်ဆင့်ဖြစ်လေရာ ထိုအဆင့်ဖြင့်ဆိုလျှင်တော့ နာမ်ဝိညာဉ်သေရည်ဆိုင်တစ်ခု တည်ဆောက်ရန် အနည်းငယ် ခက်ခဲဦးမည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ကြိုးစားကြည့်ရန် ကျန်းလန် ဆုံးဖြတ်လိုက်သည်။

ထို့နောက် ကျန်းလန် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။

သူ မျက်လုံးဖွင့်ချင်းချင်း မြင်တွေ့လိုက်ရသူက ရှောင်ယွိ ဖြစ်လေသည်။

သူမက တောက်ပသည့် နေရောင်ခြည်အောက်တွင် ဓားသိုင်းလေ့ကျင့်လျှက် ရှိသည်။ ဖိနပ်မပါသည့် သူမ၏ ခြေထောက်လေးများက လှပပြီး ကျသရေရှိစွာ ရွေ့လျားလျှက် ရှိ၏။

ဓားချက်တိုင်းတွင် နဂါးသုတ်သင်ဓားဝိညာဉ်ထွက်ပေါ်နေသည်ကို တွေ့မြင်ရသည်။

ရှောင်ယွိသာ ရုတ်တရက်လဲကျသွားပြီး သူမ၏ဓားဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်ထိုးမိလျှင် မည်သို့ရှိမည်နည်းဟု ကျန်းလန်တွေးလိုက်သည်။

နဂါးသုတ်သင်ဓားဝိညာဉ်နှင့် ထိုးစိုက်မိပြီး သူမကိုယ်သူမ သတ်သေသလိုများ ဖြစ်သွားလေမည်လား။

သို့သော် ရှောင်ယွိက မရှိမှုအာကာသအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်လေရာ ထိုသို့သော အမှားမျိုးကို ပြုလုပ်မည့်သူ မဟုတ်ပါပေ။

………………

ထိုသို့ဖြင့်…

လဝက်ခန့် အချိန်ကြာသွားခဲ့လေသည်။

ကျိုးစူး ခွန်လွန်တောင်သို့ အလောတကြီးဖြင့် ပြန်ရောက်လာပြီး ပဉ္စမတောင်ထွတ်ရှိရာသို့ တန်းပြီးရောက်လာလေသည်။ သူ့နံဘေးတွင်လည်း ထုံးစံအတိုင်း မိန်းကလေးလုချန် ပါလာ၏။

“အချိန်မီလို့ တော်ပါသေးရဲ့… ၊ ပဉ္စမတောင်ထွတ် မှော်ရုံနယ်မြေကိုဝင်ဖို့ အခွင့်အရေး လက်လွှတ်လိုက်ရတော့မယ် ထင်နေတာ…”

ကျိုးစူး၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နက်လျှက် ရှိသည်။

သူက…

“ဒီတစ်ခေါက် တစ်ဖွဲ့လုံးကို ဦးဆောင်မှာ ကျောက်စိမ်းရေကန်နတ်ဘုရားမတဲ့… ၊ နောက်ဆုံးတော့ ကျုပ် သူ့ကို တွေ့ခွင့်ရတော့မယ်…”

ကျောက်စိမ်းရေကန်နတ်ဘုရားမက အလွန်တရာချောမောလှပရုံသာမက ကျောက်စိမ်းရေကန်ကို ကိုယ်စားပြုသူလည်း ဖြစ်သည်။

ခွန်လွန်တောင်မှ တပည့်တိုင်းက သူမနှင့်တွေ့ဆုံရန် စိတ်ကူးယဉ်ကြစမြဲ ဖြစ်သည်။

သူတို့ကဲ့သို့ သာမန်တပည့်များမှာ ကျောက်စိမ်းရေကန်နတ်ဘုရားမကို တွေ့ဆုံရန် တစ်သက်မှာတစ်ခါ အခွင့်အရေး ရခဲလှသည်။

တပည့်ရင်းများပင်လျှင် ကျောက်စိမ်းရေကန်နတ်ဘုရားမကို တွေ့ချင်တိုင်း တွေ့ခွင့်မရနိုင်ကြပေ။

ထို့ကြောင့် နတ်ဘုရားမကို တစ်ကြိမ်မျှ မြင်ခွင့်ရခြင်းက သူတို့အတွက် အလွန်ရှားပါးအခွင့်အရေးဖြစ်ပြီး စိတ်လှုပ်ရှားစေလေသည်။

လုချန်က…

“ကျောက်စိမ်းရေကန်နတ်ဘုရားမကိုသာ တွေ့ခွင့်ရမယ်ဆိုရင် အဝေးကနေတွေ့ရလည်း ကျွန်မ ကျေနပ်ပါတယ်…”

ကျောက်စိမ်းရေကန်နတ်ဘုရားမက မိန်းကလေးတစ်ယောက် ဖြစ်သည်။ သူမသည်လည်း မိန်းကလေးတစ်ယောက် ဖြစ်သည်။

သို့သော် ကျောက်စိမ်းရေကန်နတ်ဘုရားမက မည်သည့်အရာနှင့်မှ အစားထိုးမရသူ ဖြစ်သည်။ သူမ၏ အဆင့်အတန်းက ခွန်လွန်တောင်တွင် အခြားတပည့်များအားလုံးထက် သာလွန်လေသည်။

ထို့ကြောင့် သူမက ကျောက်စိမ်းရေကန်နတ်ဘုရားမကို လေးစားအားကျခြင်း ဖြစ်သည်။

ကျိုးစူးက…

“မင်းလည်းတွေ့ခွင့်ရနိုင်ပါတယ်… ၊ ကျုပ်တို့ မှော်ရုံနယ်မြေကိုဝင်တာနဲ့ ကျောက်စိမ်းရေကန်နတ်ဘုရားမလည်း ရောက်လာမှာပဲလေ…”

လုချန်က ရွှေပြဒါးအမြုတေအဆင့်မဟုတ်သောကြောင့် မှော်ရုံနယ်မြေသို့ ဝင်ခွင့်မရလေရာ ကျောက်စိမ်းရေကန်နတ်ဘုရားမကို တွေ့မြင်ရန် သိပ်မသေချာလှပေ။

လုချန်က…

“စကားမစပ်… ရှင်တို့အဖွဲ့ခေါင်းဆောင်က ဘယ်သူလဲ…”

ကျိုးစူးက…

“မသိဘူး… အတည်မပြုရသေးဘူးထင်တယ်… ၊ ဒါပေမဲ့ အတည်ပြုပြီးသားကို အကြောင်းမကြားတာလည်း ဖြစ်နိုင်တယ်… ၊ ကျုပ်ကို သဘောမကျမဖြစ်ပါစေနဲ့လို့ မျှော်လင့်ပါတယ်…”

မှော်ရုံနယ်မြေသို့ ဝင်ရောက်သည့်ခရီးစဉ်တွင် အဖွဲ့ခေါင်းဆောင်က သဘောမကျလျှင် အန္တရယ်ရှိနိုင်လေသည်။

သဘောမကျသောကြောင့် အခြားအဖွဲ့သို့ ပြောင်းပေးလိုက်လျှင် ကိစ္စ မရှိပေ။

မှော်ရုံနယ်မြေထဲတွင် အန္တရယ်ကြုံရသည့်အခါ အဖွဲ့ခေါင်းဆောင်က အမြင်ကပ်ပုဒ်မဖြင့် လာရောက်မကူညီခြင်းက ဆိုးရွားသည့်ကိစ္စတစ်ခု ဖြစ်သည်။

ထိုသို့သာဆိုလျှင်…

ထိုအကြောင်းကို ကျိုးစူး ဆက်မတွေးရဲတော့ပေ။

“ရော့… အဖွဲ့ခေါင်းဆောင်ကို လက်ဆောင်ပေးဖို့ ဒါလေးယူသွား…”

လုချန်က ကျိုးစူး၏လက်ထဲသို့ မီးတောက်ပမာ နီရဲတောက်ပနေသည့် ပုလဲလုံးလေးတစ်လုံးကို ထည့်ပေးလိုက်သည်။

သူမက…

“ဒါက သာမန်ပုလဲတစ်လုံးပါပဲ… ၊ ဒါပေမဲ့ ပုလဲထဲမှာ မီးတောက်လေးတွေရှိနေတာကတော့ ရှားပါးတယ်လေ…”

ကျိုးစူးက…

“မင်းပေးတာကို ကျုပ် မယူတော့ဘူး… ၊ တော်ကြာ အဖွဲ့ခေါင်းဆောင်က သဘောမကျရင် ဘယ်လိုလုပ်မလဲ ၊ ပြီးတော့ ကျုပ်လည်း အဖွဲ့ခေါင်းဆောင်ကိုပေးဖို့ လက်ဆောင်ပစ္စည်းတစ်ခု ပြင်ဆင်ထားသေးတယ်…”

စကားဆုံးသွားသည်နှင့် ကျိုးစူးက အပြာရောင်ပုလဲတစ်လုံးကို ထုတ်ယူလိုက်သည်။

ပုလဲလုံးမှ အေးစက်သည့် အငွေ့အသက်များ ထွက်ပေါ်နေပြီး ပုလဲအတွင်းတွင် ရေများစီးဆင်းနေသည့်အလား ရေစက်လေးများကို တွေ့မြင်ရသည်။

ထိုရေစက်လေးများမှ အေးစိမ့်သည့်အငွေ့အသက်များ ထွက်ပေါ်နေခြင်း ဖြစ်သည်။ ထိုပုလဲက ရေခဲတန်ခိုးစွမ်းအားပါဝင်သည့် မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်လေသည်။

လုချန်က ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ ပုလဲလုံးလေးကို ပြန်လည်သိမ်းဆည်းလိုက်သည်။ ကျိုးစူး ပြင်ဆင်ထားသည့် လက်ဆောင်က လုံလောက်သည်ဟု သူမ ခံစားရသည်။

ထို့နောက် လုချန် အပြင်ဘက်တွင် ကျန်ရစ်ခဲ့ပြီး ကျိုးစူးက မှော်ရုံနယ်မြေသို့ သွားရာလမ်းအတိုင်း ဆက်လက်ထွက်ခွာသွားလေသည်။

လုချန်ကတော့ ကျောက်စိမ်းရေကန်နတ်ဘုရားမကို မြင်ရလိုမြင်ရငြား အထဲသို့ လှမ်းမျှော်ငေးကြည့်လျှက် ရှိလေသည်။

ကျောက်စိမ်းရေကန်နတ်ဘုရားမက သူမ၏ စံပြပုဂ္ဂိုလ်ဖြစ်သည်။

သူတို့အဆင့်အတန်းက အလွန်တရာ ကွာခြားလွန်းလေရာ လုချန်က ကျောက်စိမ်းရေကန်နတ်ဘုရားမကို မနာလို မဖြစ်မိပေ။

ကျိုးစူးက ပဉ္စမတောင်ထွတ်၏ မှော်ရုံနယ်မြေသို့ သွားရာလမ်းအတိုင်း ထွက်ခွာသွားလေသည်။

ဤလမ်းက မှော်ရုံနယ်မြေသွားရာ သီးသန့်လမ်းဖြစ်၏။ မှော်ရုံနယ်မြေသို့ ဝင်ရောက်ရန် ဖိတ်ကြားသည့် ဖိတ်စာမပါဘဲ လမ်းကို ဖြတ်သန်းခွင့် မရှိပေ။

သို့ရာတွင်…

ကျိုးစူး လမ်းတစ်ဝက်သို့ ရောက်သည့်အခါတွင်တော့ သူ့ရှေ့တွင် လမ်းလျှောက်နေသည့် လူတစ်ယောက်ကို တွေ့မြင်လိုက်ရလေသည်။

ထိုသူ၏ ပုံပန်းသဏ္ဍန်က မြင်ဖူးနေသယောင် ခံစားလိုက်ရသည်။

ထို့နောက် ထိုသူ၏ မျက်နှာကို ဘေးတိုက်အနေအထား တွေ့မြင်လိုက်ရချိန်မှာတော့ ထိုသူမှာ တောင်ခြေသေရည်ဆိုင်မှ စားပွဲထိုးဖြစ်ကြောင်း ကျိုးစူး ချက်ချင်းပင် မှတ်မိလိုက်လေတော့၏။


Comment

Leave a Reply


Options

not work with dark mode
Reset